ငါးမြှားချိတ်? အဝတ်အစား?
ယဲ့ဖန်အပြောကြောင့် အဘိုးအို၊ ပိုင်ယီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးတို့ ကြက်သေသေသွားသည်။ အချိန်အနည်းငယ် ကြာသွားပြီးနောက်မှသာ ငါးမြှားချိတ်က ယဲ့ဖန်၏ အင်္ကျီတွင် ချိတ်လျက်ရှိနေပြီး အပေါက်ရာတစ်ခုတောင် ဖြစ်နေသေးသည်ကို သူတို့တွေ့လိုက်ရသည်။
……..
အံ့သြဖွယ်ကောင်းလှသော ခွန်အားနှင့် သူစိမ်းတစ်ယောက်သည် လမ်းဘေးဆိုင်တိုင်းတွင် ဝယ်ယူနိုင်သော သူ့အဝတ်အစားကို ဂရုစိုက်နေမည်ဟု သုံးယောက်လုံး မထင်ထားခဲ့ပေ။
“သူ…သူက ရန်သူမဟုတ်ဘူးလား”
အဘိုးအိုက အနည်းငယ် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်မိသည်။ ထို့နောက် သူက လက်ကို ဆုပ်၍ ယဲ့ဖန်ကို ပြုံးပြလိုက်သည်။
“မိတ်ဆွေလေး…ခုနက ကိစ္စအတွက် ငါ စိတ်မကောင်းပါဘူး…ကျုပ်ရဲ့ ငါးမြှားချိတ်ကြောင့် မင်းအင်္ကျီ ပြဲသွားတာဆိုတော့ ငါ ပြန်လျော်ပေးပါ့မယ်”
အဘိုးအိုက တောင်းပန်စကားပြောလိုက်ပြီးပြီးချင်းမှာပဲ သူ၏ black card ကို ထုတ်လိုက်ပြီး ယဲ့ဖန်ကို ပေးလိုက်သည်။ ထို့နောက် သူက
“မိတ်ဆွေလေး…ငါ့ရဲ့တောင်းပန်မှုကို လက်ခံတဲ့အနေနဲ့ ဒီကဒ်ကလေးကို လက်ခံပေးပါလား”
ထိုသို့ပြောပြီး အဘိုးအိုက ယဲ့ဖန်ကို ကြည့်နေသည်။ ယဲ့ဖန် ကဒ်ကို လက်ခံလိုက်မှသာ သူ စိတ်သက်သာရာရသွားသည်။
ဒီလူစိမ်းက ရန်သူမဟုတ်မှန်း သူ သိသည်။
သို့သော် ဒီလူငယ်လေးက သတ်လတ်ပိုင်းအရွယ် လူကြီးကို လက်သီးတစ်ချက်ထဲနှင့် လွင့်ထွက်သွားအောင် လုပ်ခဲ့သည်ကို ပြန်သတိရလိုက်မိပြီးနောက် အဘိုးအို ရင်တစ်ချက်တုန်သွားကာ ပြုံး၍မေးလိုက်သည်။
“မိတ်ဆွေလေး…မင်းရဲ့နာမည်ကို ငါ သိလို့ရမလား…မင်း ငါနဲ့ မိတ်ဆွေဖြစ်ချင်လား”
အဘိုးအိုက ယဲ့ဖန်ကို အခွင့်ထူးတစ်ခု ပေးလိုက်သောကြောင့် ပိုင်ယီကော သတ်လတ်ပိုင်းအရွယ် လူကြီးပါ တော်တော်လေး အံ့အားသင့်သွားသည်။
ကျန်းရှီမြို့၏ မြို့တော်ဝန်ပင် ဤကဲ့သို့ အခွင့်အရေးမရသည်ကို ပိုင်ယီကော သတ်လတ်ပိုင်းအရွယ် လူကြီးပါ သိကြ၏။
သို့ပင်မယ့်လည်း ဒီအဘိုးအိုက ၁၈နှစ်အရွယ် လူငယ်လေးနှင့် မိတ်ဆွေဖြစ်ချင်သည်တဲ့လား။
ဤအဖြစ်အပျက်ကို ကျန်းရှီမြို့၏ လူကုံထံအသိုင်းအဝိုင်းကသာ သိသွားခဲ့မည်ဆိုလျင် သူတို့အားလုံး မှင်တက်မိသွားမှာ အသေအချာပင်ဖြစ်သည်။
သို့သော် ယဲ့ဖန် ပြန်ပြောလိုက်သော စကားကြောင့် ပိုင်ယီကော သတ်လတ်ပိုင်းအရွယ် လူကြီးပါ ဆို့နင့်သွားရသည်။
“ကျုပ်မျိုးရိုးနာမည်က ယဲ့ပါ…မိတ်ဆွေ လုပ်ဖို့ဆိုရင်တော့….”
ယဲ့ဖန် သာသာလေး ပခုံးတွန့်လိုက်ပြီး ပြောလိုက်သည်က “ခင်ဗျားက အဆင့်မမှီဘူး”
ထိုကဲ့သို့ ပြောပြီးနောက် ယဲ့ဖန်သည် တင်ပါးကို ပုတ်၍ အဘိုးအို၊ ပိုင်ယီနှင့် သတ်လတ်ပိုင်းအရွယ် လူကြီးတို့နှင့် ဝေးရာသို့ ထွက်သွားလေသည်။
“ခင်ဗျား … ခင်ဗျားက အဆင့်မမှီဘူး…”
ထို ရိုးရှင်းသောစကားလေးက လူသုံးယောက်အား တန်ပေါင်း ၁၀၀၀၀ အလေးချိန် ရှိသည့် အရာနှင့် ပစ်ပေါက်ခံလိုက်ရသလို ခံစားရစေသည်။
ကျန်းရှီတစ်မြို့လုံး၏ လူကုံထံအားလုံးနီးပါးက ဒီအဘိုးကြီးအား ကပ်ဖားရပ်ဖားလုပ်လိုကြသည်။ အဘိုးအိုထံမှ ဒီစကားကိုသာ သူတို့ကြားရမည်ဆိုလျင် ဝမ်းသာပီတိ ဂွမ်းဆီထိသလို ဖြစ်နေပေလိမ့်မည်။
ဤကျန်းရှီမြို့၏ လူ၁သန်းတွင် ၅ယောက်သာ အဘိုးအိုနှင့် မိတ်ဆွေဖြစ်ခွင့်ရကြ၏။ ဒါကိုပင် ဒီလူငယ်လေးက အဘိုးအိုသည် သူနှင့် သူငယ်ချင်းဖြစ်ရန် အဆင့်မမှီဘူးဟု ပြောရဲသေးသည်။
*ဘုရားရေ…မင်းကတော့ တကယ့်ကို အေးစက်စက်နိုင်တာပဲ*
သုံးယောက်လုံး ကြက်သေသေနေစဉ် ယဲ့ဖန် လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး နောက်သို့ ပြန်လှည့်လာသည်။ သူ နောက်ပြန်လှည့်လာသည်ကို မြင်ပြီး သုံးယောက်လုံး ပျော်မြူးသွားသည်။
*ဒီကောင်လေး နောင်တရသွားတာလား…အဘိုးက သာမန်လူမဟုတ်တာကို သတိထားမိပြီး သူ မိတ်ဆွေဖြစ်ဖို့ သဘောတူတော့မှာလား*
*ဟွန့် …. အဲ့လိုပဲ ဖြစ်နေရမယ်လေ…*
အဘိုးအိုသာမက ပိုင်ယီပါ အနည်းငယ် လှောင်ပြုံးပြုံးလိုက်မိပြီး မာနကြီးသောမျက်နှာထားမျိုး ဖြစ်သွားသည်။ လူတိုင်းက အဘိုးအိုနှင့် မိတ်ဆွေဖြစ်ဖို့ စိတ်ကူးယဉ်ကြတာပဲလေ။
သူတို့က ထိုသို့ တွေးထင်ထားသော်လည်း ယဲ့ဖန်က နောက်သို့ပြန်လျှောက်လာရာမှ ရပ်ကာ အဘိုးအိုအား သေချာစိုက်ကြည့်၍ ပြောလိုက်သည်က
“ခင်ဗျား မျက်နှာက သွေးရောင်သမ်းပြီး အားအပြည့်နဲ့ တက်တက်ကြွကြွရှိပုံရတယ်၊ ခင်ဗျားက သိက္ခာရှိတဲ့ လူချမ်းသာတစ်ယောက် ဖြစ်ရမယ်”
ယဲ့ဖန် ထိုသို့ပြောလိုက်ပြီးနောက် သူတို့သုံးယောက်လုံး ပျော်ရွှင်သွားသည်။ ယဲ့ဖန်က အဘိုးကြီးက မျက်နှာလိုမျက်နှာရ ပြောသည်ဟု တစ်ထစ်ချ ထင်လိုက်ကြသည်။
သို့သော် နောက်ဆက်တွဲ ကြားလိုက်ရသည့် စကားကြောင့် သူတို့ နားကြားများ လွဲလေသလားဟု တွေးလိုက်မိကြသည်။
“သနားစရာပဲ…ခင်ဗျားက မကြာခင် သေတော့မှာ”
….
ယဲ့ဖန် ပြောလိုက်သည့်စကားကြောင့် အဘိုးအိုနှင့် ပိုင်ယီတို့ မြေကြီးပေါ် လဲကျမတတ်ဖြစ်သွားရသည်။
သုံးယောက်လုံး ကြက်သေ သေသွားကြသည်။
ဒီလူငယ်လေးက အဘိုးအိုကို မျက်နှာလိုမျက်နှာရပြောပြီး သေရန် ကျိန်ဆဲလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။ သူတို့ အသိပြန်ဝင်လာသောအခါ ပိုင်ယီကော သတ်လတ်ပိုင်းအရွယ် လူကြီးပါ ဒေါသထွက်သွားကြသည်။
သူတို့ ယဲ့ဖန်ကို ခုန်အုပ်၍ ရိုက်နှက်ချင်စိတ်ပင် ပေါက်သွားသည်။ သို့သော် သူတို့ကို အဘိုးအိုက တားမြစ်လိုက်သည်။ ထို့ပြင် အဘိုးအို၏ မျက်နှာက အလေးအနက်ဖြစ်နေသည်။ ဘယ်လောက်ပင် ပညာတတ်သောသူ ဖြစ်လင့်ကစား ကျိန်ဆဲခံရသည့်အတွက် ဒေါသထွက်မည်ပင်။
သူတို့ ဒေါသထွက်နေသည်ကို ယဲ့ဖန် သတိမိသည်။ ထို့ကြောင့်ပင် သရော်ပြုံးပြုံး၍ ပခုံးတွန့်လိုက်သည်။
“ယုံတာ၊မယုံတာက ခင်ဗျားတို့ သဘောပါ…သေမှာက ခင်ဗျားလေ…ကျုပ်ကိစ္စမှ မဟုတ်တာ”
ထိုသို့ ပြောပြီးနောက် ယဲ့ဖန်သည် သူတို့ကို ယောင်လို့တောင် မကြည့်တော့ဘဲ မြစ်၏တစ်ဘက်သို့ ထွက်သွားသည်။
ယဲ့ဖန် ထွက်သွားပြီးနောက် ပိုင်ယီက ဖြူဖျော့နေသော မျက်နှာနှင့် စောဒကတက်နေသေးသည်။
“အဘိုး ဘာလို့ သူ့ကို သမီး အော်ခွင့်မပေးတာလဲ၊ အဲ့ကောင်က ခွေးသူတောင်းစား၊ သူက အဘိုးကို မိတ်ဆွေဖြစ်ဖို့ အဆင့်မမှီဘူးလို့ ပြောတဲ့အပြင် အဘိုးကို သေမယ်လို့တောင် ကျိန်ဆဲနေသေးတယ်၊ သူက အဘိုးနဲ့ ပိုင်ကလန်တစ်ခုလုံးကို အရှက်ခွဲနေတာ”
ပိုင်ယီ၏ လှပသောမျက်ဝန်းလေးက မီးဝင်းဝင်းတောက်နေသည်။ ဒီလို ပေါ့ပျက်ပျက်နိုင်သည့်သူမျိုးကို သူမ ပထမဆုံးအကြိမ် မြင်ဖူးချင်ပေ။
အဘိုးအိုက မျက်မှောင်ကြုတ်လျက် ဖြည်းညှင်းစွာ ခေါင်းခါလိုက်သည်။
“စိတ်ကိုငြိမ်ငြိမ်ထား…သူက နည်းနည်းပေါ့ပျက်ပျက်နိုင်ပုံပေါက်ပင်မယ့် သိပ်ကို ခွန်အားကြီးတယ်၊ မင်းရဲ့ အန်ကယ်လ်ကျုံးကို လက်သီးတစ်ချက်တည်းနဲ့ လွင့်သွားအောင် လုပ်နိုင်မှတော့ သူက သာမန်လူ မဟုတ်လောက်ဘူး”
ဤကဲ့သို့ပြောပြီး အဘိုးအိုက ယဲ့ဖန်ထွက်သွားရာဘက်သို့ အလွန်လေးနက်သောအကြည့်ဖြင့် ကြည့်နေသည်။
“အထူးသဖြင့် ခုနက သူ ငါ့နား ကပ်လာတုန်းက ရှေးခေတ်သားရဲတိရိစ္ဆာန်တစ်ကောင်နဲ့ ရင်ဆိုင်နေရသလိုမျိုး ခံစားနေရတယ်၊ ငါ့ကို လက်တစ်ချောင်းတည်းနဲ့ သတ်နိုင်တယ်လို့တောင် ထင်မိတယ်”
“ဘာ?”
အဘိုးအိုပြောလိုက်သည့် စကားကြောင့် ပိုင်ယီကော သတ်လတ်ပိုင်းအရွယ် လူကြီးပါ အကြီးအကျယ် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
သူတို့နှစ်ယောက်လုံး အဘိုးအို၏ တိုက်ရည်ခိုက်ရည်ကို နားလည်သည်။ အထူးသဖြင့် သူ၏ အန္တရာယ်ကို ခံစားမိမှုအပေါ် ပို၍ပင် နားလည်သေးသည်။
*အဲ့လူငယ်လေးက ဒီလောက်တောင် အန္တရာယ်များသလား*
ပိုင်ယီကော သတ်လတ်ပိုင်းအရွယ် လူကြီးပါ ငြိမ်ကြသွားသည်။ အဘိုးအိုက ငေးငိုင်ကာ ကြောက်ရွံ့နေသော မျက်နှာနှင့် ထပ်ပြောလိုက်သည်က
“ဒီလိုခံစားမှုမျိုးကို အထူးတပ်ဖွဲ့က နာမည်ကြီးလူတွေနဲ့ ဆုံတုန်းကပဲ ခံစားရဖူးတာ”
*အထူးတပ်ဖွဲ့က နာမည်ကြီးလူတွေနဲ့ပဲ*
သတ်လတ်ပိုင်းအရွယ် လူကြီးသည် အလန့်တကြားဖြစ်သွားပြီး မေးလိုက်သည်။
“သခင်ကြီး…ခင်..ခင်ဗျား ပြောတာ စစ်နတ်ဘုရား သွေးဆာနေသော ဝံပုလွေကို ပြောတာလား၊ မ..မဖြစ်နိုင်ဘူး၊ သွေးဆာနေသော ဝံပုလွေက အထူးတပ်ဖွဲ့ရဲ့ ဒဏ္ဍာရီတစ်ခုပဲ၊ သူ ပျောက်နေတာ နှစ်တွေကြာနေပင်မယ့်လည်း သူ့ရဲ့စွမ်းရည်ကို အထူးတပ်ဖွဲ့တွေမှာ နံပါတ်တစ်အဖြစ် လက်ခံထားကြပြီးသား၊ ဒီကောင်လေးက ငယ်လွန်းတယ်၊ သူ့ကို စစ်နတ်ဘုရား သွေးဆာနေသော ဝံပုလွေနဲ့ မနှိုင်းကောင်းပါဘူး”
အလွတ်နပန်းပြိုင်ပွဲ၏ ချန်ပီယံဖြစ်သည့် သတ်လတ်ပိုင်းအရွယ် လူကြီးသည် စစ်နတ်ဘုရား သွေးဆာနေသော ဝံပုလွေအား သူ၏ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့်ပင် အဘိုးအိုက ထိုပေါ့ပျက်ပျက်နိုင်သောလူငယ်လေးအား သူ၏ စံပြပုဂ္ဂိုလ်နှင့် နှိုင်းလိုက်သောကြောင့် သူ မကျေမနပ်ဖြစ်မိသည်။
စိတ်လှုပ်ရှားနေသော သတ်လတ်ပိုင်းအရွယ် လူကြီးအား ကြည့်ရင်း အဘိုးအို ခေါင်းခါလိုက်သည်။ သူလည်းပဲ ယဲ့ဖန်အား စစ်နတ်ဘုရား သွေးဆာနေသော ဝံပုလွေနှင့် မနှိုင်းယှဉ်သင့်ဟု ထင်လိုက်မိသည်။
ထိုစဉ် ပိုင်ယီသည် မယုံနိုင်စရာမြင်ကွင်းကို မြင်လိုက်ရသည့်အလား စိတ်လှုပ်ရှားစွာ ထအော်လိုက်သည်။
“အဘိုး…အန်ကယ်လ်ကျုံး…မြစ်ထဲကို ကြည့်ပါဦး”
ပိုင်ယီ၏စကားကြောင့် အဘိုးအိုနှင့် အန်ကယ်လ်ကျုံးတို့ ဘေးကို အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် နှစ်ယောက်လုံး ထိတ်လန့်သွားသည်။ ကြည်လင်နေသော ရေမျက်နှာပြင်ပေါ်၌ ငါးနှင့် မြွေ အသေကောင် များစွာ ပေါလောပေါ်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ရေမျက်နှာပြင်တစ်ခုလုံး ရေနေသတ္တဝါအသေကောင်များစွာနှင့် ပြည့်နှက်လို့သွားသည်။ တိရိစ္ဆာန်အားလုံး အသတ်ခံလိုက်ရသည့်ပုံပင်။ ထိုမြင်ကွင်းကြောင့် သုံးယောက်လုံး ကြယ်သီးမွှေးညှင်းထသွားသည်။
“သေကုန်ပြီ…အကုန် သေကုန်ပြီ”
အန်ကယ်လ်ကျုံးတစ်ယောက် မှင်တက်မိသွားသည်။ မြစ်ရေပြင်တစ်ခုလုံး တိရိစ္ဆာန်အသေကောင်များနှင့် ပြည့်နှက်နေသည်။ မြစ်ထဲတွင် အကောင်ဘယ်လောက်ရှိသည်ဆိုတာကို သူတို့ မသိသော်ငြား မြစ်ထဲရှိ အကောင်များအားလုံး သေနေကြသည်ကိုတော့ သူတို့ အတပ်ပြောနိုင်သည်။
အဘိုးအို၏ မျက်နှာသည် အလွန်လေးနက်လာပြီး ဆောင့်ကြောင်ထိုင်ချလိုက်ကာ ငါးသေတစ်ကောင်ကို ကောက်၍ဆယ်ယူကြည့်လိုက်သည်။ သူ ကောက်ကိုင်လိုက်သည်နှင့် ထိုငါးသေသည် ရွှံ့စေးသဖွယ် လက်ထဲမှ ချော၍ ထွက်သွားသည်။ ထိုအဖြစ်ကြောင့် အဘိုးအို အနည်းငယ် တုန်လှုပ်သွားသည်။
“ဒီတိရိစ္ဆာန်တွေရဲ့စိတ်ဝိညာဉ်ကို ထူးဆန်းတဲ့အရာတစ်ခုက စုပ်ယူသွားတာပဲ…ထူးဆန်းလိုက်တာ”
သူမအဘိုး၏စကားကြောင့် ပိုင်ယီ၏မျက်နှာလေး ပို၍ပင် ဖြူစွတ်သွားသည်။ အစောပိုင်းတုန်းက ထူးဆန်းသောသူစိမ်းက ရေထဲမှတက်လာခဲ့သည်ကို သူမ ရုတ်တရက် ပြန်၍ သတိရသွားသည်။ သူမ ချက်ချင်း တုန်လှုပ်သွားသည်။
“အဘိုး …. သမီး မှတ်မိတာကတော့ ခုနတုန်းက သူ ရေထဲက တက်လာခဲ့တယ်ဆိုတာပဲ”
*ဘာ*
ပိုင်ယီ့စကားကြောင့် အဘိုးအိုနှင့် အန်ကယ်လ်ကျုံးတို့ ခုနက အဖြစ်အပျက်ကို ပြန်သတိရသွားပြီး အကြီးအကျယ် မျက်နှာပျက်သွားသည်။
လူငယ်လေးနှင့် ဤအဖြစ်အပျက်တို့၏ ဆက်စပ်ပုံကို တွေးမိပြီး ယောကျ်ားရင့်မာကြီးနှစ်ယောက် ရင်တွေတုန်လာသည်။ အဘိုးအိုနှင့် သက်လတ်ပိုင်းအရွယ် လူကြီးတို့ တစ်ကိုယ်လုံး ကြယ်သီးမွှေးညှင်းထကာ ဆံပင်မွှေးပင် ထောင်လာသလို ခံစားလိုက်ရသည်။
“ဒီကိစ္စက တကယ်ပဲ အဲ့ဒီလူငယ်လေးနဲ့ ပတ်သက်နေမယ်ဆိုရင် ဒီလူကို ဘယ်တော့မှ မစော်ကားသင့်ဘူး…ဒါကို မှတ်ထားကြ …”
စက္ကန့်ပိုင်းအတွင်းမှာပဲ အဘိုးအိုသည် အဆုံးမရှိသော ကြောက်ရွံ့မှုတို့နှင့်အတူ အသက်ပါ ထပ်ကြီးသွားသလိုမျိုး ခံစားလိုက်ရသည်။
Good