အပိုင်း(၁၃၀၃)

သတ်ဖြတ်ရန်ရည်ရွယ်ခြင်း

ရှင်းခိုင်၏ မျက်လုံးများက နက်ရှိုင်း၍ ကြောက်မက်ဖွယ် ဖြစ်လာသည်။ သူသည်လည်း အနည်းငယ် အံ့အားသင့် နေပုံရ၏။

ရှင်းခိုင်ရှေ့မှ လူသည် အလွန်မြင့်မားသော ကျင့်ကြံရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး မဟုတ်ဘဲ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်မျှသာ ဖြစ်ပေသည်။

ထိုသို့သော သူက ရှင်းခိုင်၏ ခန္ဓာကိုယ်ထဲ၌ ထည့်ထားခဲ့သော သက်စောင့် အမှတ်အသားကို အသက်ဝင် လာစေရန် စွမ်းဆောင်နိုင်ခဲ့သည်။

ရှင်းချိုးသည် အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့သောကြောင့်သာ အသက်ကယ် အမှတ်အသားက အသက်ဝင်လာခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ ရှင်းခိုင်သည်လည်း ထိုသို့ အတွေ့အကြုံကို ရရှိသည့် နောက်တစ်ယောက် ဖြစ်လာလေသည်။

ညီအစ်ကို နှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်ခဲ့သည်။ ထို့အပြင် ယခင်တိုက်ပွဲ၌ ရှင်းချိုးကို ရှုံးနိမ့်စေခဲ့သူလည်း တိုက်ပွဲတွင် ရှိနေခဲ့သည်။ ရှင်းခိုင်က သူ၏ ညီလေးအတွက် ကလဲ့စားချေရန် ကြိုးစားသော်လည်း မမျှော်လင့်ဘဲ သူပါ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်လေသည်။

ထိုမျက်လုံးများ နောက်ကွယ်မှ လူသည် ညီအစ်ကိုနှစ်ယောက်ကို ကြီးပြင်းလာအောင် စောင့်ရှောက် ပေးခဲ့သည်မို့ သူတို့ဘာကို လုပ်နိုင်စွမ်း ရှိသည်ကို သိရှိပေသည်။

သို့သော် သူတို့နှစ်ယောက်လုံးသည် ရှင်းခိုင်ရှေ့၌ ရပ်နေသည့် သူနှစ်ယောက်ကြောင့် တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်ခဲ့ရလေသည်။

ယခင်တိုက်ပွဲ ဖြစ်ပွားပြီးနောက် သူ ကြားသည်မှာ ငယ်ရွယ်သော ချန်ယဲ့မြို့စား ရီဖူရှင်းသည် အင်ပါယာခွာ၏ အပျက်အစီး နယ်မြေကို ဖွင့်လှစ် နိုင်ခဲ့သည်ဟူ၍ ဖြစ်သည်။ ထိုလူငယ်လေးသည် အနောက်ဘက်ဒေသရှိ မျိုးနွယ်စု ကိုးခုကို ပျောက်ကွယ် သွားစေပြီး ထိုမျိုးနွယ်စု ကိုးခုအား တစ်ဦးတစ်ယောက်၏ အုပ်ချုပ်မှု အောက်သို့ တစ်ဖန် ရောက်ရှိစေရန် စီမံနိုင်ခဲ့သည်။

နဝမအစေခံသည် ရှင်းချိုးနှင့် ရှင်းခိုင်က စစ်မှန်သော ပြိုင်ဘက်နှင့် တွေ့ရှိခဲ့သည်ကို သဘောပေါက်သည်။

သို့သော်လည်း နဝမအစေခံသည် အတော်လေး အံ့သြမိ၏။ သူ အသက်ရှင် လာခဲ့သည့် ကာလတစ်လျှောက်တွင် သူသည် ရန်ဟောင်များ အကြားက တိုက်ပွဲများကို မျက်မြင် တွေ့ခဲ့ရပြီး ဘုံသုံးထောင်ကို ဖြတ်ကာ ကျော်ကြားသည့် ဒဏ္ဍာရီပုဂ္ဂိုလ်များမှာ မည်မျှ များပြားသည်ကို သိရှိထားခဲ့သည်။ ရှင်းခိုင်ကဲ့သို့ ထူးချွန်သည့် ပါရမီ လက်ဆောင်မျိုးနှင့် ဆိုလျှင် သူ့ ကျင့်ကြံခြင်း လမ်းစဉ်တွင် သူသည် အချို့သော ဒဏ္ဍာရီပုဂ္ဂိုလ်များ အတွင်း စာရင်း ဝင်နိုင်သည်။

ထို့အပြင် သွေးနဂါးဘုံတွင် မကြာသေးခင်က မက်မွန်ပွဲတော်ဟု ခေါ်သည့် ပွဲတော်တစ်ခုကို ကျင်းပခဲ့သည်။

မက်မွန်ပွဲတော်သည် သွေးနဂါးဘုံအတွင်း အထူးချွန်ဆုံး သူများကို တက်ရောက်စေခဲ့သည့် အတွက် ရှင်းခိုင်သည် သူ၏ ပြိုင်ဘက်နှင့် တွေ့ဆုံခဲ့သည်မှာ သဘာဝပင် ဖြစ်၏။

သို့သော်လည်း ကိစ္စရပ်များကို ကြည့်မည်ဆိုလျှင် ရှင်းခိုင်သည် ပြဿနာတွင်း ကျရောက်၍ သူသည် ထိုခြိမ်းခြောက်မှုကို အပြတ်ရှင်းရန် ကြိုးစားခဲ့ပုံ ရလေသည်။

နဝမအစေခံ ယုံကြည်သည်မှာ ချန်ယဲ့မြို့မှ လူများသည် ယခင်က ရှင်းချိုးကို မဆန့်ကျင်ရဲ ခဲ့သည်ကြောင့် ဤတစ်ကြိမ်၌လည်း ထိုသို့လုပ်ရဲမည် မဟုတ်ဟုပင်။ ထို့အပြင် ကိုင်ဟွမ်လည်း လိုက်ပါသွားသည့် အတွက် ရှင်းခိုင်သည် သူလုပ်လိုရာ လုပ်နိုင်သည့် အင်အားရှိသည်ဟု ဆိုနိုင်သည်။

အလွန်ပြင်းထန်သော ဖိအားများက ရီဖူရှင်းကို လွှမ်းခြုံထားသည်။ နဝမအစေခံ၏ စွမ်းအားသည် ပြီးပြည့်စုံလောက် သည်ထိ သန်မာလေသည်။ သွေးနဂါးမြို့ အပြင်ဘက်မြို့များမှ နံပါတ်တစ်မြို့၏ မြို့စားဖြစ်ပြီး ပြန်လည် မွေးဖွားခြင်းအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေသော လူတစ်ယောက် အနေနှင့် သူသည် တောင်များကဲ့သို့သော ဖိအားကို ရီဖူရှင်း ခံစားရစေရန် လုပ်ဆောင်နိုင်ပေသည်။ ရီဖူရှင်း၏ ရတနာလှံသည် ရှေ့သို့ ရွေ့လျား၍ မရနိုင်တော့ပေ။

လူတိုင်းသည် ရီဖူရှင်းကို လှည့်ကြည့်လိုက်ကြပြီး သူတို့ အားလုံးသည် ရှင်းခိုင်ထံမှ ထွက်ပေါ်လာနေသည့် အရှိန်အဝါကို ခံစားမိကြသည်။ သူတို့အားလုံးသည် ထိုသည်က နဝမအစေခံ၏ စွမ်းအားများ ဖြစ်ကြောင်း သိရှိလိုက်ကြပေသည်။ ရီဖူရှင်း၏ ရှေ့၌ ရှိနေသော သူမှာ ရှင်းခိုင် မဟုတ်တော့ပေ။

ရှင်းခိုင်၊ ရီဖူရှင်းနှင့် ယူချင်းတို့ ကြားမှ တိုက်ပွဲသည် ရလဒ် ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။ ရှင်းခိုင်သည် ကြီးမားသည့် ရှုံးနိမ့်ခြင်းကို ခံစားခဲ့ရသည်။

အခြေအနေသည် အလွန် ပြင်းထန်ခဲ့ပြီး သူ့ အသက် အန္တရာယ်ပင် ရှိလာခဲ့သောကြောင့် နဝမအစေခံက သူ့ခန္ဓာကိုယ်ထဲ ထားထားခဲ့သည့် သက်စောင့် အမှတ်အသားက အသက်ဝင်လာခြင်း ဖြစ်သည်။ နဝမအစေခံသည် စစ်နတ်ဘုရား၏ မုဒြာဟူသော အထူးကျင့်စဉ်ကို ကျင့်ကြံခဲ့သည်။

ထိုသည်ကပင် ရှင်းချိုးအား ယူချင်းက သတ်မည့်အချိန်တွင် သူက ထိုနေရာသို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

ကြည့်ရှုနေသူများသည် အဖြစ်မှန်ကို သိရှိရန် မခက်ခဲခဲ့ပေ။ ရှင်းချိုးထံ၌ ထိုအသက်ကယ် အမှတ်အသား ရှိနေလျှင် ရှင်းခိုင်ထံတွင်လည်း ထိုအမှတ်အသား ရှိနေမည်မှာ သဘာဝပင် ဖြစ်၏။

သို့သော်လည်း ရှင်းခိုင်သည် ထိုအမှတ်အသား အသက်ဝင် ရလောက်သည်ထိ အသက် အန္တရာယ် ရှိလောက်အောင် ရှုံးနိမ့်မှုကို ခံစားရလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ကြပေ။

ရှင်းခိုင်၏ စိတ်အခြေအနေက ဤကဲ့သို့သော ရလဒ်မျိုး ဖြစ်လာသည်ထိ တွန်းအား ပေးခဲ့သည်လား လူအများက သိလိုနေကြ၏။

ယခင်တိုက်ပွဲများ၌ ရှုံးနိမ့်ခြင်းကို ခံစားခဲ့ရပြီးနောက် သူ၏ စိတ်အခြေအနေကို သက်ရောက်မှု ရှိလိမ့်မည် ဖြစ်သည်။ ထိုသည်မှာ ပြင်းထန်သည့် ကံဆိုး မိုးမှောင်ကျခြင်းပင် ဖြစ်လိမ့်မည်။

ထို့နောက်တွင် သူသည် အသက်ရှင်ရန် အတွက် နဝမအစေခံ၏ စွမ်းအားအပေါ်တွင် မှီခိုရန် လိုအပ်လာသည်။ ရှင်းခိုင်ကဲ့သို့ ဂုဏ်သိက္ခာ ကြီးမားသူအတွက် ထိုအဖြစ်သည် စော်ကားခံရခြင်းနှင့် မခြားနားပေ။

သူသည် သူ၏ စိတ်ဓာတ်ခိုင်မာမှုကို သက်သေပြရန် အတွက် ရီဖူရှင်းကို သတ်ဖို့ရာ ရည်ရွယ်ခဲ့သည်။ သို့သော်လည်း  ကြည့်ရသည်မှာ ထိုသည်က သူ၏ ဂုဏ်သိက္ခာကို သက်သေပြရန် လုံလောက်သောမှု မရှိခဲ့ဘဲ ရလဒ်သည် သူ့အတွက် စိတ်ဒဏ်ရာ ဖြစ်လာကာ ပို၍ပင် ခက်ခဲစေခဲ့လေသည်။

ရီဖူရှင်း တောင့်ခံနေရသည့် ဖိအားသည် ပို၍ ပြင်းထန်လာ၏။ သူသည် လွှမ်းမိုးနေသည့် စွမ်းအားအသိကြောင့် ချေမွဖျက်ဆီး ခံရတော့မလို ဖြစ်နေသည်။

“စီနီယာ” ထိုအချိန်၌ အသံတစ်ခု ထွက်ပေါ်လာသည်။ ရှင်းခိုင်သည် သူ့မျက်လုံးများကို အသံလာရာသို့ ပို့ဆောင်သည်။ ထိုသူမှာ အခြားမဟုတ်ဘဲ ထွက်ခွာ သွားပြီးနောက်မှ ပြန်ရောက်လာသည့် အင်ပါယာတုန်း နန်းတော်က သွမ့်ဝူကျီ ဖြစ်လေသည်။

သူသည် ရှင်းခိုင်ကို ပြုံးကာ ကြည့်ရင်း ပြောသည်။ “ကြည့်ရတာ စီနီယာက ရှေးဟောင်းတော်ဝင်မြို့ရဲ့ မြို့စား ဖြစ်မယ်ထင်တယ်။ ဒီပြဿနာမှာ တိုက်ခိုက်ဖို့ကို အရင်ရွေးချယ်ခဲ့တာက ရှင်းခိုင်ပါ။ ဒါပေမဲ့ ရှုံးနိမ့်သွားတော့မှ စီနီယာက မကျေနပ်လို့ အင်အားနဲ့ ဖိနှိပ်တာကတော့ မကောင်းဘူးလို့ ကျွန်တော် ထင်မိတာပဲ။ မဟုတ်ဘူးလား”

နဝမအစေခံသည် နံပါတ်တစ် မြို့၏ မြို့စားအဖြစ် ထင်ရှားလေသည်။ သွေးနဂါးဘုံ၏ ရန်ဟောင်အပြင် သူ့ကို ရင်ဆိုင်နိုင်စွမ်း ရှိသူမှာ ဒေသနန်းတော် အဆင့် သတ်မှတ်ချက်ရှိ ထိပ်ဆုံးမှ အဆင့် အနည်းငယ်ကလွဲ၍ အခြားသူ ရှိလိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူတို့အားလုံးသည် သွေးနဂါးမြို့မှ ကြိုဆိုမှုကို ခံထားရပေသည်။

ထို မကောင်းဆိုးဝါးဆန်ဆန် ကြောက်မက်ဖွယ် အစွမ်းထက်သည့် လူအိုကြီးများမှာ တော်ဝင်နန်းတော်မှ ဖြစ်ကြသည်။

ထို့ကြောင့်ပင် နဝမအစေခံသည် သွေးနဂါးမြို့၏ အပြင်ဘက် မြို့များတွင် ပြိုင်ဘက်ကင်းအဖြစ် ကျော်ကြားခြင်း ဖြစ်၏။ အနည်းငယ်မျှသော သူများသာလျှင် သူ၏ စွမ်းအားကို ရင်ဆိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

သို့သော်လည်း လူအချို့သည်တော့ ထိုသည်ကို ဂရုစိုက်ရန် မလိုအပ်ပေ။ ဒေသဘုရင် အဆင့်သတ်မှတ်ချက် ဝင်သည့် ကျင့်ကြံသူ အချို့အပြင် အင်ပါယာတုန်း နန်းတော်တွင် ကျင့်ကြံနေသည့် သွမ့်ဝူကျီသည်လည်း ထိုသည်ကို ဂရုထားရန် မလိုသည့် သူများတွင် ပါဝင်သည်။ သူသည် သွေးနဂါးဘုံ၏ ဒေသခံဖြစ်သော ရန်ဟောင်တစ်ပါးမှ ဆင်းသက်လာသည့် မျိုးဆက်ဖြစ်ပေသည်။

နဝမအစေခံက မည်မျှ အစွမ်းထက်နေပါစေ သူသည် ရန်ဟောင်ကိုတော့ဖြင့် မယှဉ်နိုင်ပေ။ ထို့အပြင် တစ်ဖက်က အပြင်ဘုံမှ လာသူဖြစ်သော်လည်း တစ်ဖက်သည်တော့ သွေးနဂါးဘုံမှ နယ်မြေခံ ဖြစ်ပေ၏။

နဝမအစေခံသည် အင်ပါယာတုန်း နန်းတော်မှ သွမ့်ဝူကျီကို ကြည့်ကာ ပြောသည်။ “ရှေးဟောင်းတော်ဝင်မြို့နဲ့ ချန်ယဲ့မြို့ကြား ရန်ငြိုးက အင်ပါယာတုန်း နန်းတော်နဲ့ မဆိုင်ဘူး”

“သေချာပေါက် အင်ပါယာတုန်း နန်းတော်နဲ့တော့ မဆိုင်ဘူးပေါ့။ ဒါပေမဲ့ ဒါက သွေးနဂါးမြို့လေ။ ရှင်းခိုင်က မက်မွန်ပွဲတော်မှာ ရီဖူရှင်းကို ရှုံးခဲ့တာကြောင့် ထပ်ပြိုင်တာက အဆင်ပြေတယ်။ ဒါပေမဲ့ ကျွန်တော် ထင်တာတော့ စီနီယာလို ရှေးဟောင်း တော်ဝင်မြို့ရဲ့ မြို့စားတစ်ပါး အနေနဲ့ သွေးနဂါးမြို့မှာ ရီဖူရှင်းကို သတ်မှာတော့ မဟုတ်ဘူးမလား” သွမ့်ဝူကျီက ပြုံးကာ ထပ်ပြောသည်။ “အဲဒီလိုသာ လုပ်မယ်ဆိုရင် တော်ဝင်နန်းတော်ကို ရှင်းပြရ ခက်တော့မှာပေါ့ မဟုတ်ဘူးလား”

နဝမအစေခံသည် မျက်မှောင်ကြုတ်လိုက်၏။

“စီနီယာ ဒီတိုက်ပွဲက တကယ်ပဲ ရှင်းခိုင် စတင်ခဲ့တာပါ။ စီနီယာက ဂျူနီယာလေးကို အနိုင်ကျင့်တာ တော်ဝင်နန်းတော်က မျက်စိမှိတ် ပေးထားခဲ့မယ် ဆိုရင်တောင် ချန်ယဲ့မြို့စားက အင်ပါယာရှားဘုံက လူဖြစ်နေတုန်းပဲ။ အင်ပါယာရှား ကိုယ်တိုင် လှုပ်ရှား လာခဲ့မယ်ဆိုရင် တော်ဝင်နန်းတော်က ဖြေရှင်းပေးဖို့ ခက်ခဲ သွားပါလိမ့်မယ်” နောက်ထပ် အသံတစ်ခု ကြားလိုက်ရသည်။ ထိုသူမှာ ရှင်းခိုင်ကဲ့သို့ပင် ဒေသနန်းတော်၌ ကျင့်ကြံနေသည့် ဖေမင် ဖြစ်သည်။

သူသည် ရှင်းခိုင်၊ ယူချင်းနှင့် အခြားလူများ ကဲ့သို့ ဒေသနန်းတော်တွင် ကျင့်ကြံနေသော်လည်း ဖေမင်သည် အခြား မည်သူနှင့်မှ မတိုက်ခိုက်ဖူးသလို မည်သူနှင့်မှလည်း ရင်းရင်းနှီးနှီး မရှိပေ။ ထို့ကြောင့် သူသည် မည်သူနှင့်မှလည်း အာဃာတရန်ငြိုး မရှိပေ။

ထို့ကြောင့် သူသည် ထိုကဲ့သို့ အခြေအနေတွင် ဝင်ရောက် ပြောဆိုရန် မလိုအပ်ပေ။

သို့သော်လည်း သူသည် အမှားအမှန်ကို ဝင်ရောက် ပြောဆိုခဲ့သေးပေသည်။

ရီဖူရှင်းနှင့် ယူချင်းသည် မက်မွန်ပွဲတော်၌ ပြိုင်ဘက်ကင်းပြီး လေးစားဖွယ် ကောင်းသည့် စွမ်းဆောင်ရည်ကို ပြသကာ ရှင်းခိုင်ကို လွှမ်းမိုးနိုင်ခဲ့သည်။ ထို့နောက် ရှင်းခိုင်သည် လက်ရည်စမ်းရန် မေးခဲ့ပြီး ရီဖူရှင်းကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ ထိုသည်မှာ သူတို့၏ ပုဂ္ဂိုလ်ရေး ဖြစ်ပေသည်။

သို့သော်လည်း သူသည် လှုပ်ရှားမှု ပြုလုပ်ခဲ့လျှင် ထွက်လာသည့် ရလဒ်က မည်သို့ပင် ဖြစ်စေ လက်ခံနိုင်ရပေမည်။

သို့ရာတွင် သူ၏ ပြိုင်ဘက်ကို ရှုံးနိမ့်သွားသည်နှင့် သူ့ဘက်မှ နောက်ခံအင်အား ထွက်ပေါ်လာသည် မှာတော့ အတော်လေး ကျက်သရေ မရှိသည့် လုပ်ရပ်ဖြစ်ပေသည်။

အကယ်၍ ရှင်းခိုင်က ထိုသည်ကို သဘောတူခဲ့မည် ဆိုလျှင် ဖေမင်သည် ထိုဒေသနန်းတော်၌ ကျင့်ကြံနေသည့် ထိပ်သီးပုဂ္ဂိုလ် ဟူသည့် ပါရမီရှင်ကို အထင်သေး မိပေလိမ့်မည်။ ရှင်းခိုင်က သူ၏ အမြင်နှင့် ပတ်သက်ပြီး သဘောမကျလျှင်ပင် သူက ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

ရှားရှင်းယွန်သည် ကောင်းကင်သို့ တက်လာခဲ့သည်။ သူမ၏ မျက်လုံးများက အေးစက်နေ၏။ ထိုသည်မှာ နဝမအစေခံ ဒုတိယအကြိမ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သွေးနဂါးမြို့ အပြင်ဘက်မှ ထိုနံပါတ်တစ် ပုဂ္ဂိုလ်သည် မည်သူမှ ခြိမ်းခြောက်နိုင်သည့် သူမျိုးမဟုတ်ပေ။

ဖြစ်နိုင်သည်မှာ နဝမအစေခံ၏ တည်ရှိမှုကြောင့် ရှင်းခိုင်နှင့် ရှင်းချိုးက ထိုမျှထိ မျက်နှာပြောင်တိုက် ပြုမူရဲခြင်း ဖြစ်ပေလိမ့်မည်။

မည်မျှ တော်သည့် ပါရမီရှင်ပင် ဖြစ်ပါစေ မည်မျှ ဂုဏ်သိက္ခာ ကြီးမားသူများ ဖြစ်နေပါစေ ကြီးမားသည့် နောက်ခံမရှိဘဲနှင့် ထိုသို့ စရိုက်မျိုး ဖြစ်နေလျှင် အကြိမ်များစွာ သေပြီးလောက်ပေမည်။

နဝမအစေခံသည် ဖေမင်ကို လှည့်ကြည့်သည်။ ရှုံးနိမ့်ခြင်းသည် ရှင်းခိုင်ကို ထိုမျှထိ လူမုန်းများ သွားစေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထိုအရာအားလုံးသည် ရှင်းခိုင်၏ ဂုဏ်သိက္ခာကို ပြင်းထန်စွာ ထိခိုက်စေလိမ့်မည်။

ရီဖူရှင်းနှင့် ယူချင်းကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးများသည် ခက်ထန်နေခဲ့သည်။ သူသည် ရှင်းခိုင်က မည်သည့်အတွက် ထိုသို့ ရွေးချယ်သည်ကို နားလည်နိုင်စွမ်း ရှိသည်။ ချန်ယဲ့မြို့မှ ထိုနှစ်ယောက်သည် ရှင်းခိုင်၏ အတွင်းစိတ်ရိုင်းများ ဖြစ်လာ စေနိုင်တာကြောင့် သူက သူတို့ကို ရှင်းလင်း ဖယ်ရှားလိုခဲ့ခြင်း ဖြစ်သည်။ ရှင်းခိုင်သည် သူတို့ကို လွှတ်ထားလိုက်လျှင် သူ၏ ကျင့်ကြံခြင်း လမ်းစဉ်သည် ထိုနှစ်ယောက်၏ လောင်းရိပ်အောက်၌ ကျရောက်သွားလိမ့်မည် ဖြစ်သည်။

သူသည် ထိုကဲ့သို့ အလှည့်အပြောင်းမျိုးကို လက်မခံနိုင်သည့် အတွက် သူတို့ကို ထိုနေရာတွင်ပင် အပြီးသတ်ပစ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ရှင်းခိုင်သည် ထိုရလဒ်မျိုးကို မျိုသိပ်ထားရန် ခက်ခဲသည် မှန်လျှင်ပင် သူသည် အချိန်အခါကောင်းကို ရွေးချယ်နိုင်စွမ်း ရှိရပေလိမ့်မည်။

သူသည် ထိုအတွက် ဆုံးဖြတ်ချက်ချရန် အချိန်တစ်ခု လိုအပ်ပေသည်။ ထိုသို့ မလုပ်နိုင်ခဲ့သည့် အတွက်ကြောင့် သူ့ကိုယ်သူ ပြဿနာတောထဲ ကျရောက်စေခဲ့ပေသည်။

ထိုသို့ တွေးလိုက်မိလျှင် နဝမအစေခံ၏ မျက်လုံးများသည် သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ပြည့်နှက်လာကာ ယင်းသည် သူ၏ စွမ်းအားများကို အားဖြည့်ပေးလေသည်။ ၎င်းစွမ်းအားများသည် ရီဖူရှင်းပေါ်သို့ ဖိနှိပ်လာသည်။

ရီဖူရှင်းသည် ထိုစွမ်းအားများ အတွင်းမှ သတ်ဖြတ်လိုမှုများကို ခံစားမိသည်။

“ပြန်ကြမယ်”

သတ်ဖြတ်လိုသည့် အငွေ့အသက်များက တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။ ရီဖူရှင်းအပြင် အခြားမည်သူမဆို ယင်းကို ခံစားနိုင်စွမ်း ရှိပေသည်။

ထို့အပြင် နဝမအစေခံသည် သွမ့်ဝူကျီနှင့် ဖေမင်တို့၏ စကားကို အရေးတယူ ပြုကာ ပြန်ရန် အသင့် ဖြစ်နေပြီဟု ထင်မှတ်ရသည်။ သူသည် ရီဖူရှင်းကို ဆန့်ကျင်ရန် မည်သည့် ရည်ရွယ်ချက်မှ မရှိတော့ဟု ထင်ရပေသည်။

ထို အခိုက်အတန့်တွင် ရီဖူရှင်း သတိပြုမိသည်မှာ နဝမအစေခံသည် အရာရာကို ထိုကဲ့သို့ လျှော့ချသွားရန် ရည်ရွယ်ချက် မရှိဟု သတိပြုမိခဲ့သည်။

ရှင်းလင်းစွာပင် သူသည် သွေးနဂါးမြို့တွင် ရုတ်ရုတ်သဲသဲ ဖြစ်မည်ကို မလိုချင်ရုံသာ ဖြစ်ပြီး သွေးနဂါး အင်ပါယာနှင့် တော်ဝင်နန်းတော်ကို ဆန့်ကျင်မိမည်ကို ရှောင်ရှားလိုခြင်းသာ ဖြစ်ပေသည်။

သူသည် သွေးနဂါးမြို့ အပြင်ဘက်မှာဆိုလျှင် ရပ်တန့်လိမ့်မည် မဟုတ်ပေ။

“ဆွေးနွေးတာက မပြီးသေးဘူးလေ။ ပြန်တော့မလို့လား”

အသံနက်နက်ကို ကြားလိုက်ရပြီး လူတိုင်းသည် မှင်တက်သွားကာ အသံလာရာဆီ ကြည့်လိုက်ကြသည်။ သူတို့သည် အသံရှင်ကို ရှာလိုက်ရာ ရီဖူရှင်း ဖြစ်နေသည်ကို တွေ့လိုက်ကြရသည်။

ထိုအချိန်၌ ရီဖူရှင်း၏ ခန္ဓာကိုယ်တွင် ပညာရှိကျမ်း၏ အလင်းများက အဆုံးစွန်ထိ ပေါက်ကွဲထွက်နေသည်။ ကြောက်မက်ဖွယ် အင်အားများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏ ဖြစ်တည်မှု တစ်ခုလုံးကို လွှမ်းခြုံထားသည်။

ပြန်မယ်တဲ့လား။ ရီဖူရှင်းသည် မယုံသင်္ကာ တွေးတောနေသည်။

နဝမအစေခံသည် ထွက်ခွာရန် အသင့်ဖြစ်နေပြီ ဖြစ်သော်လည်း ရီဖူရှင်းက ထိုသို့ အဆုံးသတ်သွားမည်ကို ခွင့်မပြုချေ။

ခင်ဗျားက ရောက်လာပြီး သတ်ဖြတ်ဖို့ ခြိမ်းခြောက်ပြီးမှ သတ်ဖို့ မဖြစ်နိုင်တဲ့အခါ ဒီအတိုင်း ထွက်သွားနိုင်မယ်လို့ ထင်တယ်လား။

ခင်ဗျားက ကျုပ်တို့ သွေးနဂါးဘုံက ထွက်သွားတော့မှ တစ်ခါထပ် ရင်ဆိုင်မယ်လို့ တွေးနေတာလား။

“ဘာလဲဟ …” လူအများသည် ရီဖူရှင်းကို ကြည့်လိုက်ပြီး သူ ဘာလုပ်ရန် ကြိုးစားနေသည်ကို သိလိုနေကြ၏။

လူအများသည် သူက ရှင်းခိုင်ကို ဤနေရာတွင်ပင် ချက်ချင်း သတ်ပစ် လိုနေသည်လားဟု အံ့အားသင့်နေကြသည်။ ထိုသို့ ဖြစ်မည်ဆိုလျှင် နဝမအစေခံသည် ထိုကိစ္စကို လျှော့ချသွားလိမ့်မည် မဟုတ်တော့ပေ။

သွေးနဂါးဘုံမှ လူတိုင်း သိကြသည်မှာ နဝမအစေခံ၏ အဓိက ဘဝရည်မှန်းချက်မှာ ရှင်းညီအစ်ကိုပင် ဖြစ်သည်။ သူသည် ရှင်းခိုင်ကို မည်သူ တစ်ဦးတစ်ယောက်ကမှ ဒုက္ခပေးခွင့်ပြုလိမ့်မည် မဟုတ်ဘဲ ဤလူငယ်လေးက သတ်ဖြတ်မည်ကိုလည်း ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ပေါက်ကွဲ ထွက်လာသည့် ပညာရှိကျမ်းမှ အလင်းများသည် သန့်စင်သော မီးတောက်များကဲ့သို့ လောင်ကျွမ်းနေသည်။ ရာသီဥတုသည် ပြောင်းလဲသွားပြီး ရီဖူရှင်း၏ မျက်လုံးများသည် မီးလျှံများ ဖြစ်လာသည်ဟု ထင်မှတ်ရသည်။ ကြောက်မက်ဖွယ် စွမ်းအားများသည် သူ့မျက်လုံးများမှ ထိုးထွက်လာသည်။

သူ့အပိုင် မဟုတ်သည့် စွမ်းအားများက သူ့ခန္ဓာမှ ပေါက်ကွဲထွက်လာသည်။

“သူက ခုထိ အင်ပါယာခွာရဲ့ စွမ်းအားတွေကို ထုတ်သုံးနိုင်စွမ်း ရှိသေးတာလား” လူအများ၏ နှလုံးသားများက ခုန်ပေါက်နေသည်။ သူတို့ အားလုံး တွေးထင်ခဲ့ကြသည်မှာ ပြီးခဲ့သော တိုက်ပွဲ၌ ရီဖူရှင်းသည် တန်ပြန် သက်ရောက်မှုကို ပေးဆပ်ခဲ့ရသည်ဟူ၍ ဖြစ်သည်။

လူအများသည် ရီဖူရှင်းက ထိုသို့ထပ်၍ မတိုက်ခိုက်နိုင်တော့ဟု တွေးထင်ခဲ့ကြသည်။ စွမ်းအား တန်ပြန်သက်ရောက်မှုသည် ပြင်းထန်လှပြီး ယင်းသည် သူ့အသက်ကိုပင် အဆုံးသတ်ရန် ဖြစ်ခဲ့ရလိမ့်မည်။

လူအများသည် ထိုတိုက်ပွဲ၌ ရီဖူရှင်းက စွမ်းအား တန်ပြန်သက်ရောက်မှုကြောင့် သေဆုံးသွားလိမ့်မည်ဟု ယူဆခဲ့ကြသည်။ သို့သော်လည်း သူသည် လူတိုင်းရှေ့၌ တစ်ဖန်ပြန်လည် ရပ်တည်နိုင်ခဲ့၏။

တစ်ဖန်ထပ်ကာ ယခုတိုက်ပွဲ၌လည်း သူက ထိုစွမ်းအားများကို ထုတ်သုံးရန် ကြိုးစား နေပြန်ပြီလားဟု လူအများက ထိတ်လန့်အ့သြနေကြ၏။

ရီဖူရှင်း၏ ခန္ဓာကိုယ်က အော်မြည်သံများ ထွက်ပေါ်လာပြီး သူ့ခန္ဓာအတွင်းမှ လမ်းစဉ်မီးတောက်များက အလွန်ပူပြင်းလာသည်။ သူ၏ သက်စောင့်ဟော်နန်း အတွင်းမှ မီးဝိညာဉ်လုံးသည် ယင်း၏ စွမ်းအားကို ထုတ်လွှတ်သည်နှင့် ကောင်းကင်သည် ချက်ချင်း နီရဲလာကာ မီးလျှံကမ္ဘာကြီးနှင့် တူအောင် ပြုလုပ်နေသည်။

သို့သော်လည်း ရီဖူရှင်းသည် ၎င်းကို အကောင်းဆုံး ထိန်းချုပ်နေပေသည်။ ထွက်ပေါ်လာသည့် စွမ်းအင်များက သူလွယ်ကူစွာ တောင့်ခံနိုင်သည့် အရာမဟုတ်သည့် အတွက် သူက ထိုစွမ်းအားကို သူတတ်နိုင်သမျှ ကန့်သတ်ထားရန် လုပ်ဆောင်ခဲ့သည်။

နဝမအစေခံက ဤနေရာတွင် ရောက်ရှိနေပြီ ဖြစ်သော်လည်း ယင်းသည် စစ်နတ်ဘုရား၏ မုဒြာအတွင်းရှိ ရှင်းခိုင်ကိုသာ သက်ရောက် စေပေလိမ့်မည်။ နဝမအစေခံသည် ကိုယ်တိုင်လာရောက်ခြင်း မဟုတ်သည့်အတွက် ဖြစ်ပေသည်။

သူသည် ထိုအမှတ်အသားက နဝမအစေခံ၏ စွမ်းအားကို မည်မျှထိ ထုတ်သုံးနိုင်လိမ့်မည်ကို သိလိုပေသည်။

သူ၏ ရတနာလှံက ရှင်းခိုင်ထံသို့ တည့်တည့် တိုးဝင်သွားသည်။ ထိုလက်နက်တွင် ကြောက်မက်ဖွယ် မီးလျှံများ၏ အလင်းတို့ ပေါင်းစပ် ပါဝင်နေပေ၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset