Switch Mode

အပိုင်း(၁၃၀၂)

ပိုမိုနိမ့်ကျသူ

ဘုန်း …

ကျယ်လောင်သည့် အသံကို ကြားလိုက်ရပြီး ရှင်းခိုင်၏ ကြီးမားသော ခန္ဓာကိုယ်သည် နောက်သို့ လွင့်ပျံ ထွက်သွားသည်။ အနီးဝန်းကျင်ရှိ တန်ခိုးရှင်များသည် သူတို့ ရှေ့မှ မြင်ကွင်းကို မျက်တောင်မခတ် စူးစိုက်ကြည့်နေကြ၏။

ရှင်းခိုင်သည် ရီဖူရှင်းတို့ နှစ်ဦး၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်ခြင်း မရှိခဲ့ပေ။

“နေဦး … ဒါက …” သူတို့ တွေးလိုက်ကြသည်။

ရီဖူရှင်းသည် ထိုအချိန်၌ နတ်ဘုရား အလင်းများဖြင့် တောက်ပနေသည်။ ပညာရှိကျမ်း၏ စွမ်းအားများသည် အဆုံးစွန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ရှေးဟောင်းစာလုံး သင်္ကေတများက သူ့ကို ဝန်းရံထားပြီး မဟာလမ်းစဉ်နှင့် ပျော်ဝင်နေသည်။ သူ၏ ခန္ဓာကိုယ်သည် မဟာလမ်းစဉ်၏ သရုပ်ဧကန်ဟု ထင်မှတ်ရ၏။ သူလှမ်းသမျှ ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းသည် မဟာလမ်းစဉ် ဖြစ်လာသည်ဟု ထင်မှတ်ရသည်။

ဘုန်း …

သူသည် ကြယ်များကို ခြံရံလျက် လျှောက်လှမ်း နေသကဲ့သို့ ထင်မှတ်ရ၏။ ကြယ်စင်စွမ်းအားများသည် ရတနာလှံ အထက်ရှိ အလွန်တောက်ပသည့် အလင်းများနှင့် တစ်နေရာတည်းသို့ ပေါင်းစုံသွားပြီး တစ်ချိန်တည်းမှာပင် လေဟာနယ်၏ ဖျက်ဆီးခြင်း စွမ်းအားများနှင့် ပေါင်းစည်း သွားခဲ့သည်။ လှံချက်တိုင်းက တဖြည်းဖြည်း အားကောင်းလာ၏။ သူ၏ ဝိညာဉ်စွမ်းအား ဖြစ်စေ၊ မဟာလမ်းစဉ်၏ စွမ်းအားဖြစ်စေ အရာရာကို ခြွင်းချက်မရှိ ချဲ့ထွင် တိုးပွား လာစေသည်ဟု ထင်မှတ်ရသည်။

ရှင်းခိုင်က ခပ်တိုးတိုး အော်သံတစ်ခု နှင့်အတူ ဖျက်ဆီးခြင်း ခြေလှမ်းတစ်လှမ်းကို ခက်ခဲစွာ လှမ်းသည်။ ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားသည် သူ၏ သက်စောင့်ဟော်နန်းတွင် လှည့်ပတ်နေပြီး သူ၏ စစ်နတ်ဘုရား သဏ္ဌာန်ကို လွှမ်းခြုံလာသည်။ သူ့မျက်လုံးများသည် ရေခဲတမျှ အေးစက်နေပြီး သူ၏ သတ်ဖြတ်ချင်စိတ်များမှာ မိုးထိတိုင် ထိုးတက်လာကာ ရီဖူရှင်းကို ရီဖူရှင်းနှင့် ယူချင်းကို စူးစူရဲရဲ ကြည့်သည်။

သူကား အမှန်တကယ် နောက်ဆုတ်ခဲ့ရ၏။

ဤသည်မှာ အစစ်အမှန် တိုက်ပွဲဖြစ်သည်။ သူတို့ထဲမှ မည်သူမှ မဟာလမ်းစဉ် စွမ်းအားများကို ဖိနှိပ် မထားခဲ့ကြပေ။ ထိုတိုက်ပွဲတွင် သူတို့အားလုံးသည် မက်မွန်ပွဲတော်ထက် ပိုမိုသော စွမ်းအားများကို ထုတ်ဖော်ခဲ့ကြ၏။

ရှင်းခိုင်သည် သူ့ထက် အဆင့်နိမ့်သော ထိုနှစ်ယောက်ကို ချွေးတစ်စက်ပင် မထွက်ဘဲ အနိုင်ယူ နိုင်သင့်ပေ၏။ စွမ်းအား ကွာခြားမှုက အလွန်ကြီးမားလှသည့် အတွက် သူသည် သူတို့နှစ်ယောက်ကို အချိန်တိုအတွင်း အနိုင်ယူနိုင်စွမ်း ရှိမည်ဟု ထင်မှတ်ကာ မူလက ရီဖူရှင်းကို အရူးသဖွယ် ဆော့ကစား လိုနေသည်။

သို့သော်လည်း တိုက်ပွဲစတင်သည့် အခါ၌ ယူချင်းနှင့် ရီဖူရှင်း နှစ်ယောက်လုံးသည် တိုက်ခိုက်သည့် အချိန်ပိုလာလေ ပို၍ အစွမ်းထက်လာလေ ဖြစ်သည်။ ထိုနှစ်ဦး၏ တိုက်ခိုက်မှုအောက်တွင် သူသည် အနည်းငယ်မျှပင် အနားယူရန် မဖြစ်နိုင်ခဲ့ပေ။

အော်မြည်သံများ ကြားလိုက်ရပြီး ကြောက်မက်ဖွယ် နတ်ဆိုးဖိအားများက သူတို့ထံမှ ထွက်ပေါ်လာသည်။ ယူချင်းသည် တစ်ဖန်ထပ်ကာ ပြင်းထန်သည့် တိုက်ခိုက်မှုကို ပထမဆုံး ထုတ်ဖော်လိုက်သူ ဖြစ်သည်။

ရီဖူရှင်းနှင့် ယူချင်းသည် တိုက်ခိုက်ရာ၌ တစ်စိတ်တစ်ဝမ်းတည်း အပေးအယူမျှကာ ယူချင်းက ပြိုင်ဘက်ကို ထိုးနှက်နေစဉ်တွင် ရီဖူရှင်းသည် သတ်ဖြတ်ခြင်း တိုက်ကွက်ကို ဖော်ထုတ်သည်။

ဝုန်း …

အလွန်တောက်ပသည့် အလင်းရောင်စဉ်များသည် ရှင်းခိုင်၏ ကြီးမားသော ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ သူ၏ ဝိညာဉ်စွမ်းအားများသည် အကန့်အသတ်ကို ချိုးဖျက် သွားခဲ့သည်။ သူ့ထံမှ စစ်နတ်ဘုရား၏ အခြားသော အရိပ်တစ်ခုပြီး တစ်ခု ဖြစ်တည်လာပြီး မကြာခင် အမြောက်အမြား ဖြစ်လာသည်။

ထို့အပြင် များပြားလှသည့် အရိပ်အလွှာများသည် တစ်ချိန်တည်းတွင် လှိုင်းများ ထလာသည်။ အရိပ် တစ်ခုချင်းစီတိုင်းသည် သူ၏ ကိုယ်ပွားများသဖွယ် ဖြစ်သည်။ အရိပ် တစ်ခုတိုင်းတွင် ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများ ပေါင်းစပ် ပါဝင်နေသည်။ ထို့နောက် သူသည် စည်းတံဆိပ်များကို ထပ်ကာ ပုံဖော်သည်။

“ဒါက … …”

လူအများသည် သူတို့ ရှေ့တွင် မြင်တွေ့ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ် သွားကြသည်။ တစ်ချိန်တည်းမှာပင် ထောင်ချီသော စစ်နတ်ဘုရားများ ပေါ်ပေါက်လာပြီး သူတို့သည် စစ်နတ်ဘုရား၏ မုဒြာသဖွယ် လက်များကို ပုံဖော်သည်။ သူ့၏ ဘေးပတ်ဝန်းကျင်သည် တုန်ခါသွားသည်။ သူ့အနီးရှိ လေဟာနယ်သည် ပြိုကျပျက်စီး သွားတော့မယောင် ဖြစ်လာ၏။

“ထောင်ချီနတ်ဘုရား ချိပ်တံဆိပ်”

ဒေသနန်းတော်မှ တန်ခိုးရှင်များသည် သူ၏လှုပ်ရှားမှုကို မြင်တွေ့ရသောအခါ အတော်လေး တုန်လှုပ်သွားကြသည်။ သူတို့သည် ရှင်းခိုင်က သူ၏ ပြိုင်ဘက်များကို တိုက်ခိုက်ရန် စစ်နတ်ဘုရား၏ အဆုံးစွန် တိုက်ကွက်ဖြစ်သော ထောင်ချီနတ်ဘုရား ချိပ်တံဆိပ်ကို ထုတ်ဖော်ရန် လိုအပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

ထိုကဲ့သို့သော နတ်ဘုရားများ တိုက်ခိုက်မှုကို တစ်ချိန်တည်း ဖော်ထုတ်ရန် ရှင်းခိုင်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအား အကန့်အသတ်ကို ချိုးဖျက်ရန် လိုအပ်ပေလိမ့်မည်။ မဟုတ်လျှင် ထောင်ချီနတ်ဘုရား ချိပ်တံဆိပ် အသုံးပြုနိုင်မည့် အခြား နည်းလမ်း ရှိလိမ့်မည်မဟုတ်ပေ။

ထိုတိုက်ခိုက်မှုသည် ရီဖူရှင်းနှင့် ယူချင်းကို သတ်ဖြတ်နိုင်စွမ်း မရှိလျှင်ပင် အနည်းဆုံးတော့ ဒဏ်ရာအပြင်းအထန် ရရှိသွားစေမည် ဖြစ်သလို ရှင်းခိုင်သည်လည်း အန္တရာယ်တောထဲ ကျရောက်မည်သာ ဖြစ်သည်။ သူ၏ အကန့်အသတ်ကို ချိုးဖျက်သည် ဆိုလျှင်ပင် မည်မျှ ချဲ့ထွင်နိုင်စွမ်း ရှိလိမ့်မည်နည်း။ ထို့ကဲ့သို့သော တိုက်ခိုက်မှု အဆင့်မျိုးသည် သူ ဂရုမစိုက်ဘဲ ထုတ်ဖော်အသုံးပြု၍ ရနိုင်သည့် အရာမျိုး မဟုတ်ပေ။

ထောင်ချီနတ်ဘုရား ချိပ်တံဆိပ်သည် အသက် ဝင်လာခဲ့သည်။ ယင်းသည် လောကကြီးအတွင်းရှိ မဟာလမ်းစဉ် အားလုံး၏ ချိပ်စည်းများနှင့် တူပေကာ ဖျက်ဆီး၍ မရနိုင်ဘဲ ပြိုင်ဘက်ကင်းလုနီးပါး ရှိသည်။ ထိုတိုက်ခိုက်မှုသည် လျင်မြန်စွာ နီးကပ်လာနေသည့် ယူချင်းထံသို့ တိုးဝင်သွားသည်။ ထိုချိပ်စည်းများသည် သူ့ပေါ်သို့ ကျရောက်လာပြီး သူ့အနီးဝန်းကျင်ကို ချက်ချင်းပင် လွှမ်းခြုံသွားသည်။

ယူချင်းသည် ထိုတိုက်ခိုက်မှု အတွင်း ပါဝင်သည့် အတုမဲ့ဖိအားများကို ခံစားမိသည်။ သူမျက်လုံးများသည် ကြောက်မက်ဖွယ် နတ်ဆိုးအလင်းများ လက်ဖြာသွား၏။ လွှမ်းမိုးနိုင်သော နတ်ဆိုးစွမ်းအားများ ထွက်ပေါ်လာသည်။ ရှင်းခိုင်ကဲ့သို့ပင် ယူချင်းသည်လည်း လောကကြီးအတွင်းရှိ နတ်ဆိုးများအားလုံး ဝန်းရံနေသည်နှင့် တူပေသည်။

အားလုံးသော နတ်ဆိုးများသည် သူ့ကို ခစားကြပြီး သူ့ဘေးကပ်လျက်မှ လှုပ်ရှားလာကြသည်။

တိုက်ပွဲဝင် ပုဆိန်သည် နတ်ဘုရားတို့ကိုပင် တုန်လှုပ်စေသော စွမ်းအားများဖြင့် ခုတ်ပိုင်း ဆင်းသက်လာသည်။

ထောင်ချီနေသော နတ်ဆိုးများသည်လည်း တစ်ချိန်တည်းတွင် ကျဆင်းလာပြီး ချိပ်တံဆိပ်များပေါ်သို့ ထိခတ်သွားကြသည်။

ထိုနှစ်ဦး၏ တိုက်ခိုက်မှုများ တွေ့ဆုံသွားသည့် အခါ သူတို့၏ ဘေးပတ်ဝန်းကျင်သည် ကြီးမားကျယ်ပြန့်သည့် ပျက်စီးမှုတို့ ဖြစ်တည်လာသည်။ ကြည့်ရှုနေသူ လူအများ၏ နှလုံးသားများသည် ခုန်ပေါက်နေပြီး မည်သို့ ဆက်ဖြစ်မည်ကို စောင့်ကြည့်နေကြသည်။

ယူချင်းပေါ်မှ နတ်ဆိုးအလင်းများသည် ရှင်းခိုင်၏ ခန္ဓာပေါ်ရှိ ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများနှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိပေသည်။ လူအများသည် ထိုနတ်ဆိုးစွမ်းအားများက မည်မျှ အစွမ်းထက် လှသည်ကို ကြည့်ကာ အံ့သြနေကြသည်။

ယူချင်းသည် အမှန်တကယ်ပင် နတ်ဆိုး၏ မျိုးဆက်ဖြစ်သည်လား သိလိုကြ၏။

သူတို့သည် ယူချင်းက မည်သည့် အမွေအနှစ်ကို ဆက်ခံ ထားခဲ့သည်လဲ သိချင်နေကြသေး၏။

ဘုန်း …

ထိုအခိုက်တွင် အော်မြည်နေသည့် အသံကို ကြားလိုက်ရပြီး နေရာအနှံ့မှ ပွဲကြည့်သူများ၏ စိတ်အာရုံကို ဆွဲယူလိုက်ပြီး လွှမ်းမိုးနိုင်သည့် စွမ်းအားကို ဖော်ထုတ်နေသော ရှင်းခိုင်နှင့် နတ်ဆိုးစွမ်းအားများ ကောင်းကင်ယံတိုင် ရောက်ရှိနိုင်သည့် ယူချင်းအပြင် တိုက်ပွဲ၌ ရီဖူရှင်းဟူသည် အခြားတစ်ယောက် ရှိနေသေးသည်ကို သတိပြု မိသွားကြသည်။ သူ ထုတ်ဖော်သည့် တိုက်ခိုက်မှုတိုင်းတွင် အလွန်သန့်စင်သည့် သတ်ဖြတ်မှု စွမ်းအားများ ပါဝင်နေသည်။

သူ့ အရှိန်အဝါသည် သူ့ ရွေ့လျားသွားတိုင်း ဆက်လက် တိုးပွားလာပြီး အလွန် အစွမ်းထက်သည့် စွမ်းအားများ ဖြစ်လာသည်။ သူ့လက်ထဲမှ လှံရှည်သည် ပြင်းထန်သည့် အလင်းများ ထွက်ပေါ်နေသည်။ ပညာရှိကျမ်း၏ စွမ်းအားများသည် လက်နက်အတွင်း ပေါင်းစပ်နေသည်။ နတ်ဘုရားလှံရှည်၏ အဆုံးမဲ့ အလင်းများက တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်လာပြီး သူ့အနီးဝန်းကျင်သည် အော်မြည်နေသည်။

သူ့ခြေထောက်များသည် အနည်းငယ် လှုပ်ရှားသွားပြီး နောက်ထပ်ခြေတစ်လှမ်းကို လှမ်းသည်။ မဟာလမ်းစဉ် စွမ်းအားများက ပတ်ဝန်းကျင်တစ်ခွင်တွင် အော်မြည်နေသည်။ ထိုခြေလှမ်းတိုင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို အကန့်အသတ်ထိ ထုတ်ဖော်ထားပုံ ရသည်။

သူက သူ့လက်မောင်းကို လှုပ်ရှားလိုက်ပြီး ရတနာလှံသည် အထက်မှ အောက်ဘက်သို့ ကျဆင်းလာသည်။

မရေတွက်နိုင်သည့် လှံရှည်များက လေဟာနယ်ကို ဖြတ်သန်းလာသည်။ လက်နက်တစ်ခု အတွင်းတွင် အလင်းအားလုံး စုစည်းလာသကဲ့သို့ ထင်မှတ်ရသည်။

လက်နက်သည် လေထုကို ဖြတ်သန်းဆုတ်ဖြဲကာ ပစ်မှတ်ဆီသို့ ဦးတည်လာ၏။ မိုးချုန်းသံကဲ့သို့ အသံကို ကြားလိုက်ရပြီး လှံရှည်များသည် ချိပ်တံဆိပ်များကို ပေါက်ကွဲသွားစေကာ ချက်ချင်းပင် အက်ကွဲသွားစေ၏။ လက်နက်တစ်ဝိုက်တွင် ရစ်ပတ်နေသည့် အဆုံးမဲ့ အလင်းများက ချိပ်တံဆိပ်များကို ဖျက်ဆီးသွားခဲ့သည်။

ထို့နောက် ကြည့်ရှုနေသူများသည် ဧရာမ နတ်ဘုရားလှံရှည်က ကောင်းကင်ကို ဖြတ်၍ မြေကြီးကို ထိုးဖောက်သွားကြောင်း မျက်မြင် တွေ့လိုက်ကြရသည်။ လှံရှည်၏ အလင်းသည် ရီဖူရှင်း၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်နေသလို ထင်မှတ်ရသည်။ သူ့ခန္ဓာကိုယ်အတွင်း စွမ်းအား အားလုံးမှာ လက်နက်အတွင်း ပေါင်းစပ်သွားသည်။ ပညာရှိကျမ်းမှ အလင်းများ ပေါက်ကွဲထွက်လာပြီး လှံအတွင်းသို့ အားလုံး ပျော်ဝင်သွားသည်။

တိုက်ခိုက်မှုသည် အကန့်အသတ် မရှိဟု ထင်မှတ်ရသည်။

စစ်နတ်ဘုရား၏ မုဒြာများသည် ကြေမွပျက်စီး သွားသည်။ ရှင်းခိုင်၏ ဝိညာဉ်စွမ်းအားများမှ ဖြစ်တည်လာသည့် အရိပ်များသည် တစ်ခုပြီးတစ်ခု ဖျက်ဆီးခံလိုက်ရ၏။ လှံရှည်၏ အလင်းသည် အရာအားလုံးကို ဖြတ်သန်း၍ ဆုတ်ဖြဲသွားပြီး ရှင်းခိုင်ဆီသို့ တည့်တည့်တိုးဝင်သွားသည်။ ကြည့်ရသည်မှာ မည်သည့်အရာကမှ ရပ်တန့်ခြင်းငှာ မစွမ်းသာသကဲ့သို့ ထင်မှတ်ရ၏။

ရှင်းခိုင်သည် ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာ ဖြစ်ပေါ်နေသည်။ သူ့ကိုယ်ပေါ်မှ စစ်နတ်ဘုရား၏ အရိပ်များသည် စုစည်းလာကာ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ သို့သော်လည်း ကြိုးစားမှုသည် အချည်းနှီးဖြစ်ကာ ယင်းတို့အားလုံးသည် ချက်ချင်းပင် ထိုးဖောက် ခံလိုက်ရသည်။

ထိုလှံရှည်၏ တိုက်ခိုက်မှု တစ်ခုသည် သူ စုစည်းထားသမျှ ဝိညာဉ်စွမ်းအားများ အားလုံးကို အနည်းငယ်မျှပင် မကျန်အောင် ဖျက်ဆီးခံလိုက်ရသည်။ လူနှစ်ဦးကြားမှ အကွာအဝေးသည် အကြွင်းမဲ့ လျစ်လျူရှုခံရကာ လှံရှည်သည် ရှင်းခိုင်ထံသို့ တိုးဝင်သွားခဲ့သည်။

“အဲဒါ ပေါက်ကွဲထွင်းဖောက် သွားတယ်”

အားလုံးသည် တောက်ပနေသည့် လှံရှည် တိုက်ခိုက်မှုကို မြင်လိုက်ရသောအခါ အသက်ရှူ ရပ်တန့် သွားသကဲ့သို့ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် အချိန်က ရပ်တန့် သွားသကဲ့သို့ ထင်မှတ်ရသည်။ ရှင်းခိုင်သည် သူ၏ အတွေးများနှင့် တိုက်ခိုက်မှု အရှိန်အဟုန်အပြင် လောကရှိ အရာအားလုံးက နှေးကွေးသွားသည်ဟု ခံစားလိုက်ရသည်။

သူကပဲ နှေးကွေးလာသည်လား၊ ထိုတိုက်ခိုက်မှုကပဲ လျင်မြန်လာသည်လား မသိတော့ပေ။

ဘုန်း …

ကျယ်လောင်သည့် အသံတစ်ခုကို ကြားလိုက်ရသည်။ လူတိုင်းသည် ရှင်းခိုင်၏ အဆုံးမဲ့ စစ်နတ်ဘုရား အရိပ်များက ပြိုကျပျက်စီး သွားသည်ကို မြင်လိုက်ရသည်။ သူ၏ ဝိညာဉ်စွမ်းအားများသည် အနီးတွင် တည်ဆောက်ထားသော အရိပ်များ၏ ပျက်စီးမှုကြောင့် အကြီးအကျယ် ထိခိုက်သွားပုံ ရလေသည်။

အခြားသော မွန်းကျပ်ဖွယ် အသံကို ကြားလိုက်ရသည်။ ထိုကြီးမားသော နတ်ဘုရား လှံရှည်သည် စစ်နတ်ဘုရား ခန္ဓာကို ထိုးဖောက်သွားသည်။ ရီဖူရှင်းထံမှ အလင်းများသည် လက်နက်အတွင်းသို့ ဆက်လက် ပေါင်းစပ်နေပြီး သူ၏ ခန္ဓာကို ပြင်းထန်စွာ ရိုက်ခတ်သည်။

အော်မြည်သံများကို အဆက်မပြတ် ကြားရပြီး မြင့်မားပြီး ခမ်းနားထည်ဝါသည့် စစ်နတ်ဘုရား ခန္ဓာသည် ပြိုကျပျက်စီး သွားလေသည်။

ရှင်းခိုင်၏ ခန္ဓာကိုယ် အစစ်အမှန်သည် သူတို့၏ ရှေ့တွင် ပေါ်ပေါက်လာသည်။ သူ၏ စစ်နတ်ဘုရား သက်စောင့်ဝိညာဉ်သည် သူ၏ အနောက်တွင် ရှိကာ ကြည့်ရသည်မှာ ဆက်လက်၍ ပြင်းထန်စွာ တောက်ပပေနေသည်။ သို့သော်လည်း သူ၏ ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားသည်တော့ ကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်ကာ သူ့ကိုပင် တုန်ယင်နေစေသည်။

အဆိုးဆုံးမှာ ရီဖူရှင်း၏ တိုက်ခိုက်မှုသည် အမှန်တကယ်ပင် စစ်နတ်ဘုရား ခန္ဓာကို ဖြတ်ကာ သူ့ကို ထိုးနှက်ခဲ့ခြင်းပင် ဖြစ်သည်။

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ” အဝေး တစ်နေရာတွင် တိုက်ခိုက်နေသည့် ရှင်းချိုးသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကာ ထိုမြင်ကွင်းကို ဝေခွဲမရ ဖြစ်နေသည်။

သူ့အစ်ကို ရှင်းခိုင်သည် အစစ်အမှန် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

ထို့အပြင် သူသည် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ဖြစ်သော်လည်း သူ့ထက်နိမ့်သည့် အဆင့်မှ ရီဖူရှင်းနှင့် ယူချင်းတို့၏ လက်ထဲတွင် ရှုံးနိမ်ခဲ့ခြင်း ဖြစ်ပေသည်။

အားလုံးသော တန်ခိုးရှင်များသည်လည်း ထိုမြင်ကွင်းကို ကြည့်ကာ မရေမရာ ဖြစ်နေကြသည်။

မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်မှ ရှင်းခိုင်သည် တန်ခိုးရှင်နှစ်ဦးနှင့် ရင်ဆိုင်ရသည်ဆိုလျှင်ပင် မရှုံးနိမ့်သင့်ပေ။

ပြိုင်ဘက်များကြားမှ ကျင့်ကြံဆင့် ကွာခြားမှုသည် အရေအတွက်နှင့် ဖာထေးနိုင်သည်မျိုး မဟုတ်ပေ။ ပြန်လည်မွေးဖွားခြင်းအဆင့် တစ်ယောက်သည် သံသယ ကင်းစင်ခြင်းအဆင့် အများအပြားကို ရင်ဆိုင်နိုင်စွမ်း ရှိသည်မှာ သံသယဖြစ်ရန် မရှိပေ။

ထိုသို့ အခြေအနေမျိုး ဆိုလျှင်ပင် ကျင့်ကြံဆင့် ကွာခြားနေလျှင် အမှန်တကယ် တိုက်ပွဲစွမ်းရည် ကွာခြားမှုသည် ကြီးမားနေဦးမည်ဖြစ်၏။

သို့သော် ရှင်းခိုင်နှင့် အခြားနှစ်ယောက်ဖြစ်သည့် ရီဖူရှင်းနှင့် ယူချင်းတို့၏ တိုက်ပွဲစွမ်းရည်သည် အမှန်တကယ် ကွာခြားမှု ရှိနေပါ၏လား။

ရှင်းခိုင်သည် အထွတ်အထိပ်တွင် ရပ်နိုင်ခဲ့သည့် တစ်စုံတစ်ယောက် ဖြစ်သည်။

ထိုသည်ကို တွေးကြည့်လျှင် ရီဖူရှင်းနှင့် ယူချင်း နှစ်ယောက်လုံး၏ တိုက်ပွဲစွမ်းရည်က မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို လွယ်ကူစွာ အလွယ်တကူ မှန်းဆနိုင်သည်။

“ဒါက တကယ့်ကို တစ်ခုခုပဲ။ အဲဒါ ဘယ်လို လှံရှည်သိုင်းပညာ မျိုးပါလိမ့်” ဖေမင်က လေးစားမှု အပြည့်နှင့် ပြောသည်။ ရီဖူရှင်း ဖော်ထုတ် ပြသခဲ့သည့် လက်နက်ပညာရပ်သည် ဖေမင်၏ ဓားပညာရပ်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းလေသည်။ ထိုတိုက်ခိုက်မှု တစ်ခုသည် ရှင်းခိုင်၏ အစွမ်းထက် တိုက်ခိုက်မှုများကို ချိုးဖျက်နိုင်ပြီး သူကိုယ်တိုင်ပင် လက်နက်ဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသည်။

ထိုအခိုက်တွင် ရှင်းခိုင်၏ မျက်နှာသည် ဖြူဖျော့နေသည်။ သူ၏ ဝတ်စုံနှင့် ဆံပင်များက မျောလွင့်နေ၏။ သူ့မျက်လုံးများသည် ရီဖူရှင်းကို စူးစူးရှရှ ကြည့်နေပြီး ဘာဖြစ်ခဲ့သည်ကို ယုံကြည်ရန် ခက်ခဲနေသည်။

သူက အမှန်တကယ် ရှုံးနိမ့်ခဲ့သည်။

ထိုတိုက်ပွဲသည် မက်မွန်ပွဲတော်မှာကဲ့သို့ စွမ်းအား ဖိနှိပ်ထားရသည်မျိုး မရှိခဲ့ပေ။ သူသည် နောက်မဆုတ်ဘဲ အားကုန်သုံးကာ တိုက်ခိုက်ခဲ့သည်။ သူသည် နတ်ဘုရားထောင်ချီ ချိပ်တံဆိပ် တိုက်ခိုက်မှုကိုပင် ထုတ်ဖော်ခဲ့၏။

သို့သော်လည်း သူသည် ရှုံးနိမ့်ခဲ့၏။

သူသည် ရီဖူရှင်းကို သတ်လိုခဲ့ပြီး သူ၏ ကျင့်ကြံခြင်း အတားအဆီးကို ဖျက်ဆီးရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ကိစ္စများသည် စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။

သူသည် ညည်းညူလိုက်ကာ သူ့ ပါးစပ်ထောင့်မှ သွေးတို့ စီးကျလာသည်။ သူ့မျက်နှာသည် ဖြူဖျော့နေ၏။

သူ၏ နှလုံးသား လမ်းစဉ်တွင် အက်ကွဲမှုတို့ ဖြစ်ပေါ်လာသည်။

မဟာလမ်းစဉ် ကျင်ကြံသည့် သူတို့တွင် မည်သူက တစ်ကြိမ်တစ်ခါ မရှုံးနိမ့်ဖူးဘဲ ရှိသနည်း။

သို့သော်လည်း သူသည် မည်သည့်အတွက် ထိုသို့ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရသနည်း။

သူသည် သူ့ထက် အဆင့်နိမ့်သော တန်ခိုးရှင်ကို နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့လေသည်။

ရှင်းခိုင်သည် မွေးဖွားစဉ်ကပင် ထူးကဲသာလွန်ခဲ့ပြီး ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားကိုပင် အမွေဆက်ခံ ရထားခဲ့ကာ သူ့လမ်းကြောင်းကို မည်သည့်နေရာမှ စတင်ရမည် ဖြစ်ကြောင်း ကောင်းကောင်း သိရှိသည်။

သူသာ ရန်ဟောင်တစ်ပါး ဖြစ်လာခဲ့လျှင် ဘိုးဘေးတို့၏ ဂုဏ်ရောင်ကို ပြန်လည် ထွန်းလင်းစေရန် လုပ်ဆောင်ပေးရမည့် တာဝန်ရှိပေသည်။

သူ၏ ပခုံးပေါ်တွင် ကြီးလေးသော တာဝန်ကို ထမ်းဆောင်ထားရပြီး သူသည် ထိုရည်မှန်းချက်ဖြင့် လုံ့လစိုက်ကာ ရှေ့ဆက်နေခြင်း ဖြစ်သည်။ သူတစ်ယောက်တည်းသာ မဟုတ်ဘဲ နဝမအစေခံနှင့် သူ့အနီးရှိ အခြား လူများသည်လည်း ခက်ခဲစွာ ကြိုးစားနေကြသည်။

မည်သူကမှ သူတို့၏ ဆုံးဖြတ်ချက်နှင့် လမ်းကြောင်းကို တားဆီး မပိတ်ပင်နိုင်ပေ။

သို့သော်လည်း ရီဖူရှင်းသည် သူ့လမ်းကြောင်းကို သက်ရောက်စေခဲ့သည်။ ရီဖူရှင်းသည် အင်ပါယာရှားဘုံမှ တစ်စုံတစ်ယောက် ဖြစ်ပြီး အင်ပါယာရှားဘုံမှ မင်းသမီး၏ ချစ်သူ ထင်ရ၏။ သူသည် မကြာသေးခင်က မက်မွန်ပွဲတော်တွင် ထူးကဲသာလွန်သည့် အရည်အချင်းများကို ထုတ်ဖော် ပြသခဲ့သည်။

သို့သော်လည်း ထို ပြဿနာများကြောင့် ရှင်းခိုင်အတွက် ရီဖူရှင်းက ဆူးငြောင့်ခလုတ် ဖြစ်လာကာ သူ့အား ရှင်းလင်းသင့်သည်ဟု တွေးခဲ့သည်။

သူသည် ရီဖူရှင်းကို သတ်၍ သူ၏ လမ်းကြောင်းနှင့် ဆုံးဖြတ်ချက်ကို သက်သေပြမှ သာလျှင် သူ၏ ရှေ့ဆက်ရမည့် လမ်းကို အထောက်အကူ ပြုလိမ့်မည် ဖြစ်သည်။

သူ၏ နှလုံးသား လမ်းစဉ်သည် အနိုင်မခံ အရှုံးမပေးရန် လိုပြီး မည်သူကမှ ၎င်းကို လှုပ်ခါနိုင်စွမ်း မရှိပေ။

သို့သော်လည်း ပွဲတော် ပြီးဆုံးပြီးနောက် ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲသည် သူ၏ နှလုံးသားလမ်းစဉ်ကို ချိုးဖျက် ပစ်ခဲ့သည်။

ရှင်းခိုင်သည် ထိုအခိုက်တွင် စတင်၍ သံသယ ရှိလာသည်။ သူသည် သူ့ထက် အဆင့်နိမ့်သည့် တစ်စုံတစ်ယောက်ကိုပင် ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း မရှိသည့်အတွက် သူ၏ ကျင့်ကြံခြင်း၌ ရန်ဟောင်အဆင့်သို့ ရောက်နိုင်ပါ့မလားဟု မေးခွန်းထုတ်ခဲ့သည်။ သူသည် တုနှိုင်းမဲ့သည့် အောင်မြင်မှုများ ရရှိပြီး သူ့ ဘိုးဘေးတို့၏ ဂုဏ်သရေကို မည်သို့ ပြန်လည် ရယူနိုင်ပါမည်လဲဟု သံသယ ရှိနေပြီ ဖြစ်၏။

ယနေ့တိုက်ပွဲတွင် ရှင်းခိုင်သည် ရီဖူရှင်းနှင့် ယူချင်းထက် နိမ့်ကျသည်ဟု လူတိုင်း သိရှိသွားကြပြီ ဖြစ်သည်။

သွေးများက ဆက်လက် အန်ထွက်နေပြီး ရှင်းခိုင်က ထိုအတွေးများနှင့် နစ်ဝင်နေသော်လည်း ရီဖူရှင်းသည် အလွယ်တကူ လွှတ်မပေးခဲ့ချေ။ လှံရှည်သည် မဟာလမ်းစဉ်၏ စွမ်းအားများကို ချေမွဖျက်ဆီးသွားကာ ရှင်းခိုင်၏ ခန္ဓာကိုယ်ဆီသို့ တိုးဝင်သွားပြီး ချက်ချင်း သတ်ဖြတ်ရန် ရည်ရွယ်သည်။

ရှင်းခိုင်သည် သူ့ကို အရင်ဆုံး သတ်ဖြတ်လိုခဲ့ခြင်း ဖြစ်သောကြောင့် သူသည် တွေဝေနေရန် အကြောင်း မရှိပေ။ သူတို့၏ အခြေအနေသည် တစ်ယောက်ကတော့ သေရန် လိုအပ်ပေသည်။

ရှင်းခိုင်ကို သတ်ဖြတ်ရန် အခွင့်အရေး ရရှိလာပြီဖြစ်ရာ ရီဖူရှင်းသည် ထိုအခွင့်အရေးကို လက်လွှတ်ရန် အကြောင်းရင်း မရှိပေ။

ထိုအချိန်တွင် သူ့ မျက်လုံးများ၌ ပြင်းထန်လှသည့် လူသတ်လိုသော အရိပ်အငွေ့များ ပြည့်နှက်နေသည်။

ဖျက်ဆီးခြင်း အလင်းရောင်စဉ်တန်းက ရှင်းခိုင်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး သူ့ကို ချေမွဖျက်ဆီးရန် ရည်ရွယ်သည်။ သို့သော် ထိုအခိုက်တွင် အလွန် ပြင်းထန်သည့် စိတ်ဝိညာဉ်စွမ်းအားက ရှင်းခိုင်ထံမှ ပေါက်ကွဲထွက်လာသည်။ ထို အရှိန်အဝါသည် အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းနေကာ ရီဖူရှင်း၏  သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များကို တားဆီးထားသည်ဟု ခံစားလိုက်ရသည်။

သူသည် ရှင်းခိုင်၏ ပြောင်းလဲသွားသည့် မျက်လုံးများကို ကြည့်သည်။ ထိုမျက်လုံးများသည် ထိတ်လန့်ဖွယ် နက်ရှိုင်းကာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုသည်က ရီဖူရှင်း၏ စိတ်ဝိညာဉ် စွမ်းအားများကို ဆုတ်ဖြဲပစ်တော့မလိုပင် ဖြစ်၏။

ရှေးဟောင်းတော်ဝင်မြို့၏ နဝမအစေခံသည် ရှင်းညီအစ်ကိုအား အလွန့်အလွန် သတိထား ကာကွယ်ပေးပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset