တိုက်ပွဲကွင်းပြင်၏ အလယ် လေထုတွင် ကိုင်ဟွမ်သည် ပြန်လည် မွေးဖွားခြင်းအဆင့် နှစ်ယောက်ဖြစ်သော ဆန်းထျန်ကျန့်နှင့် ဝူယုံးတို့ကို တားဆီး ထားနိုင်ပေသည်။
ကိုင်ဟွမ်သည် အလွန်ကျော်ကြားလှပြီး သူသည် သွေးနဂါးဘုံ အတွင်း ပြန်လည်မွေးဖွားခြင်း အဆင့်များ အကြားတွင် ထူးကဲသာလွန်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် ရှန့်ထို နောက်ဆုံးအဆင့်၏ အထွတ်အထိပ်တွင် ရပ်တည်နေသူ အဖြစ် သတ်မှတ်ခံရပြီး ကြောက်မက်ဖွယ် ကောင်းသူဖြစ်သည်။
သို့သော်လည်း နဝမအစေခံ အပေါ်၌ တင်ရှိနေသော အကြွေးအတွက် သူ၏ အချိန်အများစုကို ရှေးဟောင်းတော်ဝင် မြို့တွင် ကျင့်ကြံရင်း ကုန်ဆုံးခဲ့သည်။
သူသည် ရှင်းခိုင်အပေါ်တွင် ကြီးမားသော မျှော်လင့်ချက်များ ထားရှိပြီး အင်ပါယာကျန်း၏ အမွေအနှစ် ဆက်ခံနိုင်မည်ဟု ယုံကြည်ထား၏။
ရှင်းခိုင်သည် သူ ကိုယ်တိုင် သင်ကြား ပြသပေးခဲ့သူ မဟုတ်သော်လည်း ငယ်စဉ်ကတည်းက ကြီးသည်အထိ စောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။
ဤလူငယ်နှစ်ယောက်သည် မက်မွန်ပွဲတော်တွင် ရှင်းခိုင်၏ တည်ရှိမှုကို ခြိမ်းခြောက်နိုင်စွမ်း ရှိခဲ့သည်။
ရီဖူရှင်းသည် တိုက်ပွဲ နှစ်ခုလုံးတွင် ရှင်းခိုင်ကို လွှမ်းမိုးနိုင်ခဲ့သည်။
ကိုင်ဟွမ်သည် ရှင်းခိုင်အတွက် စိတ်ပူနေသော်လည်း ရှင်းခိုင်က ရီဖူရှင်းကို သတ်ဖြတ်ရန် ကြံစည်သည်ကို တွေ့လိုက်သောအခါ သူစိတ်ပူပန်ရန် မလိုတော့ကြောင်း သိလိုက်၏။
ရှင်းခိုင်သည် သူ့စိတ်အခြေအနေကို ကောင်းကောင်း နားလည်ကာ အဓိကနှင့် သာမညကို ခွဲခြား သိမြင်သူဖြစ်၏။
ရီဖူရှင်းသည် သူ့ထက် သာလွန်ကာ အနာဂတ်၌ သူ့အထက်တွင် ရပ်တည်နေမည် ဟူသော အချက်ကို လက်ခံနိုင်စွမ်း မရှိပေ။ ထို့ကြောင့် ရှင်းခိုင်သည် ရီဖူရှင်းကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပြီး ရီဖူရှင်းကို သတ်ခြင်းဖြင့် သူ၏ ကျင့်ကြံရေး လမ်းစဉ်မှ အတားအဆီးကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့၏။
ဤနှစ်ယောက်လုံးသည် စတင် တွေ့ဆုံကတည်းက ကောင်းသော တွေ့ဆုံခြင်းမျိုး မဟုတ်ခဲ့ပေ။ ထို့ကြောင့် ရှင်းခိုင်က သွေးနဂါးမြို့တွင် သိုင်းပညာဖလှယ်ခြင်း ဟူသော အကြောင်းပြချက်ဖြင့် ရီဖူရှင်းကို သတ်ဖြတ် မိသွားလျှင်ပင် တော်ဝင်နန်းတော်သည် သူ့ကို မည်သို့မျှ ပြုလုပ်လိမ့်မည်ဟုတ်ဟု တွေးမိလေသည်။
အဆုံးသတ်တွင်ကား အနိုင်ရရှိသူသည်သာ အရာအားလုံးကို ပိုင်ဆိုင်ရသည် မဟုတ်ပါလား။
ရီဖူရှင်း သေသွားခဲ့လျှင်ပင် သူသည် ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်ပေ။
ရှင်းခိုင်သည် လှုပ်ရှားရန်အတွက် အကောင်းဆုံး အခွင့်အရေးကို ရွေးချယ်ခဲ့သည်မှာ သံသယဖြစ်ရန် မလိုပေ။
ထို့ကြောင့် ရှင်းခိုင်၏ ဆန္ဒအတိုင်း ကိုင်ဟွမ်က ကူညီပေးခြင်း ဖြစ်သည်။ သူသာလျှင် မဟုတ်ဘဲ ရှေးဟောင်းတော်ဝင်မြို့မှ လူတိုင်းသည်လည်း ရှင်းခိုင်က ရီဖူရှင်းအား သတ်ဖြတ်ရန် ကြိုးစားရာ၌ ကူညီကြ၏။
သို့သော် ရီဖူရှင်းနှင့် ယူချင်း ပူးပေါင်း တိုက်ခိုက်သည်ကို မြင်သောအခါ အခြားလူများ ဝင်ရောက်စွက်ဖက်ရန် ခွင့်ပြုတော့မည် မဟုတ်ပေ။ ထိုကြောင့် ဂျူနီယာများ၏ တိုက်ပွဲကို ပါဝင်ကူညီရန် မကြိုးစားတော့ဘဲ ကိုင်ဟွမ်ကိုသာ တားဆီး ထားကြတော့သည်။
ဝူယုံးနှင့် ဆန်းထျန်ကျန့်သည် ရီဖူရှင်း၏ စွမ်းအားကို အလွန်ပင် ယုံကြည်ကြလေသည်။
ထို့အပြင် ဝူယုံး ယုံကြည်သည်မှာ ရီဖူရှင်းက အန္တရာယ် ကျရောက်လျှင်ပင် သူသည် ယခင်တစ်ခေါက် ကကဲ့သို့ အင်ပါယာခွာကို ဆင့်ခေါ်နိုင်သည်။ ထိုနည်းလမ်းမှာ အမြဲတမ်း အသုံးချသင့်သော စွမ်းရည် မဟုတ်သော်လည်း သေရေးရှင်ရေးနှင့် ကြုံလာသည့် အခါတွင် ထုတ်သုံးနိုင်ပေသည်။
ထိုအချိန်တွင် ရီဖူရှင်းတို့သည် သုံးပွင့်ဆိုင် တိုက်ခိုက်နေကြသည်။
ရှင်းခိုင်က မျက်မှောင်ကြုတ်၏။ ယူချင်းနှင့် ရီဖူရှင်းတို့ ပိုမိုအတင့်ရဲ လာသည်ကို သူခံစားမိသည်။ သူတို့ နှစ်ဦးလုံးထံမှ ဒေါသ အငွေ့အသက်များအား သူခံစားမိသည်။
ယူချင်း၏ တိုက်ပွဲဝင် နတ်ဆိုးပုဆိန်မှာ တစ်ကြိမ်ပြီးတစ်ကြိမ် ကျဆင်းလာနေသည်။ ခုတ်ချက်တိုင်းသည် နတ်ဆိုးတစ်ပါး ဒေါသူပုန်ထလျက် ကောင်းကင်အား ဖြိုခွင်းနေသည်နှင့် တူ၏။
ရီဖူရှင်း၏ ရတနာလှံသည် တဖြည်းဖြည်း ပိုမိုအားကောင်း လာနေသည်။ ထိုးနှက်ချက်တိုင်းသည် နောက်ကွယ်တွင် ပြင်းထန်သည့် ပေါက်ကွဲမှု စွမ်းအားများ ရှိနေသည်ကို မြင်ရသည်။ သူ့ခန္ဓာမှ ပညာရှိကျမ်း၏ အလင်းသည် အဆမတန် တိုးပွားလာနေသည်။ ပေါက်ကွဲထွက်လာသည့် စွမ်းအားနှင့် သူတို့အနီးမှ မဟာလမ်းစဉ်သည် လောင်ကျွမ်း နေသကဲ့သို ထင်မှတ်ရသည်။
နှစ်ယောက်လုံးထံမှ တိုက်ခိုက်မှုသည် ရှင်းခိုင်အတွက် ကြီးမား ပြင်းထန်သည့် ဖိအားကို ဖြစ်ပေါ်စေသည်။
ရှင်းခိုင်သည် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ဖြစ်သော်လည်း မိမိထက် အဆင့်နိမ့်သည့် တန်ခိုးရှင်နှစ်ဦး၏ တိုက်ခိုက်မှုမှ ဖိအားကို ခံစားရ၏။
ရှင်းခိုင်သည် မည်သည့်အခါကမှ သူ့ထက်နိမ့်သည့် အဆင့်နှင့် ရင်ဆိုင်သောအခါ အနိင်ရရန် များများစားစား အားထုတ်ခဲ့ခြင်း မရှိခဲ့။
သို့သော်လည်း ရီဖူရှင်းတို့က သူ့ကို ဖိအားပေးနေသည်။
ဘုန်း …
ပုဆိန်သည် တစ်ဖန်ထပ်၍ ကျဆင်းလာပြန်သည်။ ကောင်းကင်တွင် နတ်ဆိုးများ အားလုံးသည် ဧရာမနတ်ဆိုးကြီး အဖြစ်သို့ ပေါင်းစပ်သွားပြီး ယူချင်း၏ ခန္ဓာနှင့် ပူးကပ်သွား၏။ ပုဆိန်ကြီး ကျဆင်းလာသောအခါ သူတို့အနီးရှိ လေထုကို အဆုံးမဲ့ နတ်ဆိုး အရှိန်အဝါများနှင့် ဆေးကြော သန့်စင်ခဲ့သည်။ နတ်မှောင်သည့် ပုဆိန်များသည် တစ်ချိန်တည်းမှာပင် ကောင်းကင်ကို ဖြတ်သန်း ဆုတ်ဖြဲ၏။
စစ်နတ်ဘုရား သဏ္ဌာန်ဆောင်ထားသည့် ရှင်းခိုင်က မာန်သွင်းသည်။ ရှင်းခိုင်ထံမှ ကြီးမားသော အရှိန်အဝါများက အဆုံးစွန်ထိ ပေါက်ကွဲ ထွက်လာသည်။ သူက ရှေ့သို့ လှမ်းလိုက်သည်တွင် သူ့ထံမှ စစ်နတ်ဘုရား ကိုယ်ခွဲများ ပွားများ ဖြစ်ပေါ်လာသည်။
ပိုကြောက်စရာ ကောင်းသည်လား စစ်နတ်ဘုရားအရိပ် တစ်ခုချင်းစီသည် အလွန်ကြောက်မက်ဖွယ် စိတ်ဝိညာဉ်စွမ်းအားများ ပါဝင်နေခြင်း ဖြစ်သည်။ အရိပ်တစ်ခုစီသည် ရှင်းခိုင်ကို ကိုယ်စားပြု၏။
အရိပ်များသည် တစ်ချိန်တည်းမှာ နတ်ဘုရား ချိပ်တံဆိပ်များကို ဖော်ထုတ်သည်။ သူတို့၏ ပတ်ဝန်းကျင်သည် အဆက်မပြတ် ယိမ်းခါနေပြီး ချိပ်တံဆိပ်များက ဒီရေလှိုင်းများအလား ပြောင်းလဲသွားပြီး ရှေ့သို့ တိုးဝင်သွားကာ ယူချင်း၏ တိုက်ပွဲဝင် ပုဆိန်နှင့် ထိခတ်မိခဲ့သည်။ ယင်းသည် လက်နက်အလင်းများကို ဖြတ်သန်း ဆုတ်ဖြဲသွားသည်။ ထိုလှိုင်းများသည် ယူချင်း ထုတ်ဖော်ထားသည့် အဖျက်အဆီး စွမ်းအား အများစုကို ပိတ်ဆို့ တားဆီးထားပြီး လက်နက်ကို အဆက်မပြတ် အော်မြည်နေစေသည်။
ထိုတိုက်ပွဲကို မျက်မြင်တွေ့သူများမှာ အလွန်ပင် တုန်လှုပ် သွားခဲ့ကြသည်။ ထိုနေရာ၌ တိုက်ခိုက်နေသည့် သုံးယောက်သည် အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သူတို့အားလုံးသည် အလွန် ပြင်းထန်သည့် ဖျက်ဆီးခြင်း တိုက်ခိုက်မှုစွမ်းအား၊ အလွန်သန်မာသည့် ရုပ်ခန္ဓာနှင့် အားကောင်းသည့် စိတ်ဝိညာဉ် စွမ်းအားတို့ကို ပိုင်ဆိုင်ကြသည်။ သုံးယောက်လုံးသည် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စွမ်းအားများကို ထုတ်ဖော်နိုင်ကြသည်။
ထိုသည်မှာ မီးမုန်တိုင်းက မီးမုန်တိုင်းနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်ပေသည်။
တောင်များကဲ့သို့ ကျဆင်းလာသည့် တိုက်ပွဲဝင် နတ်ဆိုးပုဆိန်နှင့် ယူချင်း၏ ထိုကဲ့သို့သော ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို လူအနည်းငယ်သာ ဟန့်တားနိုင်စွမ်း ရှိပေလိမ့်မည်။
ရှင်းခိုင်သာ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် မဟုတ်ဘဲ နတ်ဘုရားဆေးကြောသန့်စင်ခြင်း အဆင့် ဖြစ်ခဲ့မည်ဆိုလျှင် ယူချင်း၏တိုက်ခိုက်မှုကို ရပ်တန့်တားဆီးရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
ရှင်းခိုင်သည် ယူချင်း တစ်ယောက်တည်းနှင့်သာ ရင်ဆိုင်ရလျှင် ပြဿနာသိပ်ရှိမည် မဟုတ်ပေ။
တန်ခိုးအဆင့် ပိုမိုမြင့်မားခြင်းက သူ့အား အလေးသာစေသည်။ ထို့အပြင် ရှင်းခိုင်သည် ရန်ဟောင်မျိုးဆက် ဖြစ်ကာ သူ့ကို သွေးနဂါးဘုံ တစ်ခွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်စေသည့် ကောင်းကင်ဒဏ်ခတ် တိုက်ခိုက် အသိကိုလည်း ဆက်ခံထားသည်။
သို့သော် ရှင်းခိုင်သည် ဖိအားပေးခံ နေရ၏။
အကြောင်းအရင်းကား သူသည် ရီဖူရှင်းနှင့်ယူချင်းကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရသည်။
သူတို့ နှစ်ယောက် တိုက်ခိုက်သည့်အခါ ဖျက်ဆီးခြင်း အားလှိုင်းများက နေရာအနှံ့ လွှမ်းခြုံထားသည်။
သို့ရာတွင် ထိုအချိန်၌ ဖျက်ဆီးခံထားရသည့် အပျက်အစီး လေဟာနယ်၏ အလယ်တွင် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ပေါ်ပေါက်လာသည်။ ရတနာလှံ ထွက်ပေါ်လာခြင်းက မြန်ဆန်လွန်း၏။
ထိုလှံရှည် ထွက်ပေါ် ရိုက်ခတ်လာသည့်အခါ ကြယ်တာရာများ၏ ရောင်ဝါသည် ကောင်းကင်တွင် တောက်ပစွာ ထွန်းလင်းနေပြီး ရှင်းခိုင်၏ စစ်နတ်ဘုရား သဏ္ဌာန်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်မိသည်။
မြည်ဟည်းသံများကို အဆက်မပြတ် ကြားနေရသည်။ လှံရှည်သည် ရှင်းခိုင်၏ ကာကွယ် ခုခံမှုပေါ်သို့ တိုက်ရိုက်ကျဆင်းလာသည်။ အော်မြည်သံတစ်ခု ကြားရပြီးနောက် ရှင်းခိုင်က ထိတ်လန့်တကြား ခုခံတားဆီးရန် ကြိုးစားသည်။ ထိုလှံချက်သည် ရှင်းခိုင်၏ ခံစစ်စွမ်းအားကို ချိုးဖောက်ကာ ဆက်လက်၍ တိုးဝင်လာ၏။
ရှင်းခိုင်သည် မျက်မှောင်ကြုတ်ကာ ရှေ့သို့ တစ်လှမ်း လှမ်းသည်။ မဟာလမ်းစဉ်၏ အလင်းသည် ခုခံမှု အကာအကွယ်ပေါ်သို့ ချက်ချင်း ကျရောက်လာကာ ရီဖူရှင်း၏ တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးသည်။ သို့ဆိုလျှင်ပင် မွန်းကျပ်ဖွယ် အော်မြည်သံကို ကြားနေရဆဲ ဖြစ်၏။
“ဟာ …”
တိုက်ပွဲကို ကြည့်နေကြသည့် လူအများ၏ မျက်လုံးများသည် တစ်နေရာတည်း၌ စုစည်း ကျရောက်နေသည်။
ရီဖူရှင်း၏ တိုက်ခိုက်မှုသည် ရှင်းခိုင်၏ ခံစစ်ကို ချိုးဖျက်နိုင်စွမ်း ရှိသည်တဲ့လား။
ထိုမြင်ကွင်းက မယုံကြည်ချင်စရာ ကောင်းလွန်း၏။
အလှည့်အပြောင်းကား မြန်ဆန်လွန်းသည်။
မက်မွန်ပွဲတော်ကို တက်ရောက်သည့် လူအများသည် ဤနေရာ၌ လာရောက် စုစည်းနေကြသည်။ သူတို့သည် မူလက ထွက်ခွာသွားပြီ ဖြစ်သော်လည်း တိုက်ပွဲကြောင့် ပြန်လှည့်လာကာ ထိုနေရာသို့ ရောက်လာကြခြင်းဖြစ်သည်။
သူတို့အားလုံးက အံ့အားသင့်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြ၏။ အထူးသဖြင့် ဒေသနန်းတော်တွင် ကျင့်ကြံနေကြသူများ ဖြစ်၏။
သူတို့သည် ရှင်းခိုင် မည်မျှ အစွမ်းထက်သည်ကို သိရှိကြသည်။
“ရီဖူရှင်းရဲ့ တိုက်ခိုက်မှုမှာ ခွန်အားက တိုးလာနေတုန်းပဲ။ ရိုက်ချက်တစ်ချက်က အရင်တစ်ချက်ထက် ပိုပြီး အစွမ်းထက်လာတယ်။ ရှင်းခိုင်က ဒီလောက် အားကောင်းတဲ့ ယူချင်းနဲ့ ရီဖူရှင်းကို တစ်ပြိုင်တည်း ရင်ဆိုင်နေရတယ်။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် မကြာခင်မှာ အဆုံးသတ်တိုက်ပွဲ ဖြစ်လာလိမ့်မယ်” ဖေမင်က မှတ်ချက်ပြုသည်။
ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်သည် သူ့ကို အလွန်ပင် အံ့အားသင့်စေသည်။
သူနှင့် ရှင်းခိုင် နှစ်ယောက်လုံး ဒေသနန်းတော်တွင် ကျင့်ကြံစဉ်နေခြင်း ဖြစ်ပြီး ကျင့်ကြံဆင့် တစ်ခုတည်းတွင် အတူတူ ဖြစ်သော်လည်း အမှန်မှာတော့ သူတို့သည် အချင်းချင်း အမှန်တကယ် တိုက်ခိုက်ဖူးခြင်း မရှိကြပေ။ သူသည် ဒေသနန်းတော်၏ အဆင့် သတ်မှတ်ချက်သို့ ဝင်ရောက်ပြီးနောက် ရှင်းခိုင်လည်း ဝင်ရောက်လာသည်။ အမှန်မှာတော့ သူသည် ရှင်းခိုင်၏ စီနီယာဟု သတ်မှတ်နိုင်ပေသည်။
“ရှင်းခိုင်က တိုက်ပွဲစကတည်းက ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားကို စွမ်းအား အကုန်သုံးပြီး ထုတ်ဖော်ထားပေမယ့် ရီဖူရှင်းနဲ့ ယူချင်းတို့ရဲ့ စွမ်းအားကတော့ တိုက်ခိုက်နေရင်းနဲ့မှ တဖြည်းဖြည်း တိုးလာနေတာ။ ဒီလိုသာ ဆက်ဖြစ်နေမယ် ဆိုရင် မကြာခင်မှာ ရှင်းခိုင်ထက် အလေးသာ သွားလိမ့်မယ်” ရှဲ့ချင်းရှန်းက လက်ပိုက်ထားရင်း အပြုံးနှင့် ပြောသည်။
တိုက်ပွဲကား အလွန်စိတ်ဝင်စားဖွယ် ကောင်းလာ၏။ နတ်ဘုရားဆေးကြော သန့်စင်ခြင်း အဆင့်နှစ်ယောက်က ရှင်းခိုင်ကို ခြိမ်းခြောက်လာနေ၏။
ရီဖူရှင်းနှင့် ယူချင်းတို့ မတိုက်ခိုက်ခင်က ရှင်းခိုင်နှင့် မျိုးဆက်တူသော ဖေမင်၊ ရှဲ့ချင်းရှန်းနှင့် လော့ယန်ကဲ့သို့သော စာရင်းဝင်သူများသည် ရီဖူရှင်းကို ရင်ဆိုင်နိုင်မည်ဟု တွေးထင်ခဲ့ကြ၏။
ရီဖူရှင်းနှင့် ယူချင်းသည် ရှင်းခိုင်ကို နှိပ်ကွပ်ပြီးသည့်နောက်တွင် သူတို့၏ ပြိုင်စံရှားမှုက သံသယ ဖြစ်စရာ မလိုတော့ပေ။
“အဲဒီလို စွမ်းအားတွေ အကန့်အသတ်မရှိ ဆက်တိုးလာနေဖို့ ဆိုတာ မယုံနိုင်လောက်အောင် ခက်ခဲလိမ့်မယ်။ သူတို့ ရှင်းခိုင်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်ဖို့ အတွက် အဲဒီလိုမျိုး အကြိမ်များစွာ လုပ်ဆောင်ဖို့ လိုလိမ့်မယ်” ဖေမင်က စိတ်ချင်းဆက်သွယ်၍ ပြန်ပြောသည်။ ရှဲ့ချင်းရှန်းက ပြုံးကာ ခေါင်းညိတ်သည်။ သူသည်လည်း ထိုအကြောင်းကို သဘောပေါက်လေသည်။
သူတို့ လုပ်ဆောင်နေသည်မှာ ဖေမင်ကဲ့သို့ ဓားသမားနှင့် ဆင်တူပေသည်။
သို့သော် ဖေမင်သည် ဓားပညာရှင် ရှန့်ထိုဖြစ်သည့် အတွက် ထိုပညာတွင် အမြင့်ဆုံးအထိ ထုတ်သုံး တိုက်ခိုက် နိုင်ပေလိမ့်မည်။ သူ၏ စွမ်းအားကို ဆက်လက် တိုးပွားလာစေရန်တော့ သိပ်၍ မဖြစ်နိုင်လှပေ။ ထိုသို့သာ လုပ်ဆောင်နိုင်ခဲ့လျှင် သူသည် ပြိုင်ဘက်ကင်း ဖြစ်နေလိမ့်မည် ဖြစ်၏။
ယူချင်း၏ ပုဆိန်သည် ထပ်ကာ ထပ်ကာ ကျဆင်းလာနေသည်။ နောက်ထပ် အော်မြည်သံတစ်ခု ကြားရပြီးနောက် ရှင်းခိုင်သည် ရှေ့သို့ ဆက်မတိုးတော့ပေ။ ထို့အစား သူသည် ရိုက်ချက်၏ ဖိအားကြောင့် နောက်သို့ ဆုတ်ခွာ သွားရလေသည်။ ကြည့်ရသည်မှာ သူသည် အမှန်တကယ် အခက်တွေ့နေသော ပုံပင်။
အလွန်တောက်ပ လင်းလက်နေသည့် အလင်းရောင်စဉ်များက ကောင်းကင်ဘုံကို ဖြတ်သန်းလာသည့် ကြယ်များကဲ့သို့ ကောင်းကင်ကို ဖြတ်သန်း ဆုတ်ဖြဲသွားသည်။ ပြီးပြည့်စုံလုနီးပါး လှံရှည်မှ ထိုတိုက်ခိုက်မှုသည် ယူချင်း၏ တိုက်ခိုက်မှုပြီးသည်နှင့် ချက်ချင်း လိုက်ပါ၍ ကျရောက်လာသည်။
ရှင်းခိုင်သည် သူ့ကိုသူ အခြေမပျက် ပြန်လည် မထိန်းသိမ်း နိုင်ခင်မှာပင် လက်ဝါးရိပ်ကြီးတစ်ခု ပစ်လွှတ်လိုက်သည်။ ထိုအချိန်တွင် လေခွင်းသံ တစ်ခုကို ကြားလိုက်ရသည်။ ရတနာလှံသည် ထိုနေရာမှတင် လက်ဝါးရိပ်ကြီးကို ဖြိုခွဲလိုက်ကာ စစ်နတ်ဘုရားဆီသို့ ဆက်လက် တိုးဝင်လာ၏။
ဘုန်း … စွမ်းအား ရုပ်ပုံလွှာကြီးက ပျောက်ကွယ်သွားပြီး လှံရှည်သည် လေဟာနယ်ကို ဖြတ်ကာ ရိုက်ခတ်သည်။ အလင်းလှိုင်းများ ကျရောက်လာပြီး အော်ဟစ်သံ တစ်ခုကို ကြားလိုက်ရသည်။ ရှင်းခိုင်၏ တိုက်ပွဲသဏ္ဌာန်သည် အစအနပင် မကျန်အောင် ချက်ချင်း ပျက်စီး ပျောက်ကွယ်သွား၏။
ရှင်းခိုင်က နောက်သို့ ဆုတ်ခွာလိုက်သည်။ သူသည် ရီဖူရှင်းနှင့် ယူချင်းတို့၏ ဖိအားကို ခံနိုင်ဟန်မတူတော့။
“သူတို့က တကယ်ပဲ ပိုပိုပြီး သန်မာ လာကြတာပဲ။ ပြီးတော့လည်း ဒီတိုက်ခိုက်မှုမှာ ကြောက်စရာကောင်းတဲ့ ဖျက်ဆီးမှု စွမ်းအားတွေအပြင် တစ်ချိန်တည်းမှာပဲ ထိတ်လန့်စရာ ဖိနှိပ်နိုင်စွမ်း တွေလည်း ပေါင်းစပ် ပါဝင်နေတယ်။ ဒီလို လှံရှည်ပညာရပ်က ဘယ်လို အမျိုးအစား ဖြစ်မလဲ” အဖြစ်အပျက်များကို သတိပြု မိကြသည့် လူအများတို့သည် ပြင်းထန်စွာ တုန်လှုပ် သွားခဲ့ကြသည်။
သူတို့သည် ရီဖူရှင်း၏ ရတနာလှံ တိုက်ခိုက်မှုက စွမ်းအားများကို တိုးပွားလာနိုင်စွမ်း ရှိသည်အား တွေ့ရှိပြီး အံ့အားသင့်နေကြသည်။
ရှင်းခိုင်၏ အမူအရာက အရုပ်ဆိုးကာ ကိုးရိုးကားရား ဖြစ်နေသည်။ သို့သော်လည်း သူ့အတွက် စဉ်းစားနေရန် အချိန်မရှိပေ။ ကောင်းကင်သည် သူ့ပေါ်သို့ ပြိုဆင်းလာတော့ မယောင် ထင်မှတ်နေရသည်။ ယူချင်း၏ တိုက်ပွဲဝင် ပုဆိန်ကြီးသည် သူ့ပေါ်သို့ ဆက်လက်၍ ကျဆင်းလာနေပြီး သူ့ကို အနားယူရန် အနည်းငယ်မျှပင် အချိန်မပေးခဲ့ပေ။
ယူချင်း တိုက်ခိုက်လိုက်သည့် အချိန်တွင် ရီဖူရှင်းသည်လည်း ရှေ့သို့ တက်လာခဲ့သည်။
ဘုန်း …
အစွန်းရောက် ဖျက်ဆီးခြင်း လှိုင်းများက နေရာ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူသည် သူ့အနီးဝန်းကျင်ရှိ မဟာလမ်းစဉ်နှင့် ပျော်ကျသွားပြီဟု ခံစားလိုက်ရသည်။
ဘုန်း …
တောက်ပသည့် အလင်းရောင်စဉ်များ ပေါ်ထွက်လာသည်။ ထိုအချိန်၌ ရီဖူရှင်းနှင့် ယူချင်း၏ တိုက်ခိုက်မှုသည် တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ရောက်ရှိလာ၏။
လှံရှည်သည် ကြယ်များထက်ပင် တောက်ပသည့် အလင်းများ ပေါက်ကွဲထွက်လာသည်။ ကျယ်ပြောပြီး အဆုံးမရှိသည့် ကြယ်များသည် တဖြည်းဖြည်း ပို၍ ကျယ်ပြန့်လာခဲ့သည်။ သို့သော်လည်း လှံရှည်သည် ထိုကြယ်များ ထွက်ပေါ်လာသည်နှင့် အရာအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသကဲ့သို့ ထင်မှတ်ရသည်။
ဘုန်း … ဘုန်း … ဘုန်း ….
အဆက်မပြတ် ထိခတ်သံများမှ အလွန်ပြင်းထန်သည့် အသံများ ထွက်ပေါ်လာနေသည်။ စစ်နတ်ဘုရား၏ နတ်ဘုရား ချိပ်တံဆိပ်များသည် ယူချင်း၏ တိုက်ပွဲဝင် ပုဆိန်နှင့် ထိခတ်သွားမိခြင်း ဖြစ်သည်။
သို့သော်လည်း လှံရှည်သည် ကျဆင်းလာနေပြီး စစ်နတ်ဘုရားကို တုန်ခါသွားစေသည်။ ချက်ချင်းပင် ပြင်းထန်သည့် အလင်းများ ပေါက်ကွဲထွက်လာပြီး ချိပ်စည်းများကို ကွဲကြေ ပျက်စီးသွားစေသည်။
ရတနာလှံရှည်သည် လုံးဝ ရပ်တန့်သွားခြင်း မရှိပေ။ တောက်ပသော အလင်းရောင်စဉ်များသည် ရှေ့သို့ ဆက်လက် တိုးဝင်လာနေသည်။
ရှင်းခိုင်သည် အော်ဟစ်လိုက်ကာ သူ၏ စိတ်ဝိညာဉ် စွမ်းအားများက ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်က လွင့်စဉ်သွားသည်။ ပြင်းထန်သည့် တိုက်ခိုက်မှုအောက်တွင် သူ၏ ဝိညာဉ်စွမ်းအားများသည် ပျက်စီးသွားပြီဟု ထင်မှတ်ရ၏။
***