ပုဆိန်ကြီး ခုတ်ပိုင်း ကျရောက်လာသည်ကို မြင်လျှင် ရှင်းခိုင်က ကောင်းကင်ကို မျက်နှာမူကာ မာန်သွင်း၏။ ကြောက်မက်ဖွယ် စွမ်းအားများ သူ့ခန္ဓာမှ ပေါက်ကွဲထွက်လာကာ တောက်ပသည့် ရောင်စဉ်တန်းများက ကောင်းကင်သို့ ထိုးတက်သွားခဲ့၏။ အဆုံးမဲ့ တိုက်ခိုက်ရေး စွမ်းအားများက သူ၏ ခန္ဓာအတွင်း ပေါင်းစပ်သွားပြီး စစ်နတ်ဘုရားကြီးသည် ဟစ်ကြွေးသည်။ အော်မြည်သံက ယူချင်း၏ စိတ်တွင်းတွင် တုန်ခါလာနေပြီး ပုဆိန်၏ အင်အားကို ထိန်းချုပ်ရာတွင် မတည်မငြိမ် ဖြစ်လာသည်။
ရှေးဟောင်းခေါင်းလောင်းကြီး ပုံရိပ်သည် အသံလှိုင်းနှင့်အတူ ရှေ့ကို ပျံဝဲလာပြီး ပြင်းထန်စွာဖြင့် ပုဆိန်ကြီးကို တားဆီး၏။
ရှင်းခိုင်က သူ့လက်ကို မြှောက်လိုက်ပြီး ကြီးမားသည့် လက်ဝါးရိပ်ကို ရေးဆွဲကာ ကောင်းကင်သို့ ညွှန်သည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်သည်တွင် ရွှေရောင် လက်တံတစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။ လက်ဝါးရိပ် ထွက်ပေါ်လာသည့်အခါ ယင်းသည် ကောင်းကင်ဒဏ်ခတ် တိုက်ပွဲစွမ်းအားများနှင့် ပုဆိန် အပေါ်ကို ထိုးနှက်လိုက်ပြီး ယူချင်း၏ ကောင်းကင်ဖြိုခွင်း ပုဆိန်အား လွင့်ထွက်သွားစေသည်။
ရီဖူရှင်းက ယူချင်းကို တစ်ချက် ကြည့်သည်။ ရှင်းခိုင်က ယူချင်းထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် မြင့်နေလျှင်ပင် ရီဖူရှင်း မြင်ဖူးသမျှတွင် သူသည် ဤမျိုးဆက်၌ ယူချင်းကို နောက်ဆုတ်သွားအောင် လုပ်နိုင်သည့် ပထမဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
ရှင်းခိုင်၏ စရိုက်ကို သဘောမကျသော်လည်း သူကား အမှန်တကယ် သန်မာ၏။ သူသည် စစ်ဧကရာဇ်ကျန်း၏ ဆက်ခံသူဟု ဆိုရမည် ဖြစ်ပြီး ရှေးဟောင်း စစ်နတ်ဘုရားမှ ဆက်ခံရသည့် ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်သောကြောင့် သွေးနဂါးဘုံ၌ ပြိုင်ဘက်အကင်းဆုံး တန်ခိုးရှင် ဖြစ်လာခဲ့သည်။
သူ၏နည်းလမ်းများက ရက်စက်ပေသည်။ ရှင်းခိုင်သည် မူလက ရီဖူရှင်းအား ပြိုင်ဘက်အဖြစ် သဘောမထားခဲ့ပေ။ သို့သော် မက်မွန်ပွဲတော် ပြီးနောက်တွင် ရှင်းခိုင်သည် သူတို့ထံမှ ခြိမ်းခြောက်မှုကို ခံစားခဲ့ရ၏။ ကြီးမားသော အရှက်ရခြင်းနှင့် အတွင်းစိတ်ရိုင်းတို့၏ လှုံ့ဆော်မှုတို့ကြောင့် သူသည် ရီဖူရှင်းတို့အား သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။
သူက ရီဖူရှင်းအား သတ်ဖြတ်ရန် လက်ရည်စမ်းခြင်း ခေါင်းစဉ်ဖြင့် တိုက်ခိုက်ခဲ့၏။ သွေးနဂါးဘုံတွင် အကြောင်းပြချက် မရှိဘဲ သတ်ဖြတ်ခြင်းအား တားမြစ်ထားပေသည်။
ရီဖူရှင်းသည် မကြာသေးခင်က နတ်တောင်ပေါ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ၎င်းကို ထည့်မတွက်လျှင်ပင် မက်မွန်ပွဲတော်၌ ပြသခဲ့သော သူ၏ စွမ်းဆောင်ရည်မှာ အလွန် ထူးချွန်လှသည်။ ရှင်းခိုင်သည် သူ့ကို သတ်ရန် ဆုံးဖြတ်စဉ်က သူသည် နတ်တောင်ထက်ရှိ တော်ဝင်နန်းတော်ကို ထည့်သွင်း မစဉ်းစားခဲ့လေ သလော။
ရှင်းခိုင်သည် သူဆုံးဖြတ်ပြီးသည်နှင့် မည်သည့်အရာကိုမှ မစဉ်းစားတော့ဘဲ သွေးအေးရက်စက်စွာ လှုပ်ရှားခဲ့၏။
ရီဖူရှင်းနှင့် ယူချင်းသည် နှစ်ယောက်လုံး လေထဲတွင် ရပ်ကာ ရှင်းခိုင်ကို စိုက်ကြည့်နေကြသည်။ သူတို့ သုံးယောက်၏ အရှိန်အဝါများမှာ အလွန်ကြီးမားနေပေသည်။
မရေတွက်နိုင်သော လူများသည် ထိုတိုက်ပွဲ ကွင်းပြင်သို့ အံ့အားသင့်စွာ စိုက်ကြည့်နေကြ၏။
မက်မွန်ပွဲတော်တွင် အထူးချွန်ဆုံး တန်ခိုးရှင် သုံးဦးသည် အချင်းချင်း ရင်ဆိုင်တိုက်ခိုက် နေကြသည်။
ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားသည် ရှင်းခိုင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လောကတစ်ခွင်ကို လွှမ်းမိုးသွားကာ ကြောက်မက်ဖွယ် လေစီးကြောင်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ စစ်နတ်ဘုရားပုံရိပ် ထွက်ပေါ်လာသည်နှင့် သက်စောင့်ဝိညာဉ် အလင်းသည် သူ့နောက်တွင် တောက်ပလာ၏။ သက်စောင့်ဝိညာဉ်တွင် ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေးအသိများ ပါဝင်နေပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ဝန်းရံနေသည်။
ရှင်းခိုင်သည် ထိုပုံရိပ်အတွင်းသို့ တဖြည်းဖြည်း ပေါင်းစပ်သွားပြီး စစ်နတ်ဘုရား အဖြစ် ပြောင်းလဲသွားသည်။ သူ့ ခန္ဓာကိုယ်သည် ခပ်ဖြည်းဖြည်း စတင် ရွေ့လျားလာသည်။ ထိုအခိုက်အတန့်တွင် သူ၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိလာ၏။
“မင်းတို့ နှစ်ယောက်က အတူတူ တိုက်ချင်တယ် ဆိုရင်တော့ လာခဲ့ပါ။ မင်းတို့ ဘာလုပ်နိုင်လဲဆိုတာ ကျုပ်ကို ပြ” ရှင်းခိုင်က ရီဖူရှင်းနှင့် ယူချင်းကို ကြည့်ကာ ကျယ်လောင်စွာ ပြောသည်။
တိုက်ပွဲကွင်းပြင် တစ်ဝိုက်တွင် အခြားသော တန်ခိုးရှင်များသည် ကူညီရန် ကြိုးစားနေကြသော်လည်း ရီဖူရှင်းက လက်ဝှေ့ယမ်းကာ သူတို့အား တား၏။ ရှားရှင်းယွန်က သူ့ကို ကြည့်သည်။ ရီဖူရှင်းက သူ့လက်ကို လေထဲတွင် မြှောက်ကာ အခြားလူများကို ဝင်မပါရန် အကြံပြုသည်။
ယူချင်းက တိုက်ပွဲကွင်းပြင်သို့ ရောက်ရှိလာပြီ ဖြစ်ရာ သူသည်လည်း သွေးနဂါးဘုံ၏ အစွမ်းအထက်ဆုံး မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်က မည်မျှသန်မာသည်ကို သိလို၏။
နတ်ဆိုးစွမ်းအားများက ယူချင်း၏ ခန္ဓာကိုယ်အထက်တွင် လှိုင်းထန်နေသည်။ များပြားလှသည့် နတ်ဆိုးပုံရိပ်များ ထွက်ပေါ်လာ၏။ နတ်ဆိုးစွမ်းအင် စီးကြောင်းသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် စီးဆင်းကာ လွှမ်းခြုံသွား၏။
နတ်မိစ္ဆာနှင့် တူသော ပုံရိပ်တစ်ခုသည် သူ့နောက်ကျောဘက်မှ ပေါ်ထွက်လာသည်။ နတ်ဆိုးလမ်းစဉ်၏ သူ့ခန္ဓာသည် အတွင်းသို့ ပေါင်းစပ်သွားပြီး ပြိုင်ဘက်ကင်း မိစ္ဆာနတ်ဘုရား ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ် အထက်တွင် ပညာရှိကျမ်း၏ တောက်ပသော အလင်းများ ထုတ်လွှတ်နေသည်။ မဟာလမ်းစဉ်၏ အရှိန်အဝါများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် လွှမ်းမိုးနေ၏။ ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းတွင် မဟာလမ်းစဉ်၏ ခန္ဓာတစ်ခု ဖြစ်တည်လာပြီး အလင်းရောင်စဉ်များ ထုတ်လွှတ်နေကာ ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဉ်နှင့် လိုက်လျောညီထွေ ဖြစ်နေသည်။ သူ့ ပုံရိပ်သည် ဆက်လက် ကြီးထွားလာနေသည်။
တိုက်ခိုက်ရေးဓမ္မသည် သူ့အတိုင်းဆိုလျှင် သိပ်အစွမ်း မထက်လှပေ။ တိုက်ခိုက်ရေးဓမ္မကို ပထမဆုံးအကြိမ် တည်ဆောက်သည့် အခါတွင် တန်ခိုးရှင်သည် ရှီအဆင့်အထွတ်အထိပ်သာလျှင် ရှိသည်။ အစစ်အမှန် တိုက်ခိုက်မှုတွင် တိုက်ခိုက်ရေးဓမ္မသည် ရှန့်ထိုအဆင့်နှင့် ကိုက်ညီနေလျှင် ယင်းသည် ကောင်းကင်နှင့် မြေကြီးကြားရှိ လမ်းစဉ်နှင့် ဆက်သွယ်နိုင်ပြီး တန်ခိုးရှင်၏ သွေးသားခန္ဓာ ကန့်သတ်ချက်ကို ချိုးဖျက်ကာ ကောင်းကင်နှင့် မြေကြီးကား လိုက်လျောညီထွေသည့် လှုံ့ဆော်မှုကို ဖန်တီးနိုင်သည်။ ထိုသည်က တန်ခိုးရှင်၏ သွေးသားခန္ဓာကို သူတို့၏ ကျင့်ကြံဆင့်ထက် ပို၍ သန်မာလာစေရန် ချိုးဖျက်ဖို့ရာ ကူညီပေးလိမ့်မည် ဖြစ်သည်။
တိုက်ခိုက်ရေးဓမ္မသည် မဟာလမ်းစဉ်နှင့် လိုက်လျောညီထွေ ဖြစ်နိုင်စွမ်း ရှိရာ အသုံးပြုသူက ရှန့်ထိုအဆင့်သို့ ရောက်သောအခါ ပို၍ ကောင်းမွန်သော နည်းလမ်းများသို့ ပြောင်းလဲ လေ့ကျင့်နိုင်သည်။
အထူးသဖြင့် ပညာရှိကျမ်းကို ဖော်ထုတ်လိုက်သည့်အခါ တိုက်ခိုက်ရေးဓမ္မကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်ပြီး ရီဖူရှင်းသည် ၎င်းအတွင်းသို့ မည်သည့် စွမ်းအားကိုဖြစ်စေ ပေါင်းစည်း နိုင်ပေသည်။
ထိုအခိုက်အတန့်တွင် ဝင်္ကပါထဲရှိ ဓမ္မသည် အလွန် အားကောင်းသည့် လေဟာနယ် စွမ်းအားနှင့် ကြယ်စွမ်းအားများ ပါဝင်နေသည်။ ရှင်းခိုင်၏ တိုက်ခိုက်ရေး စွမ်းရည်သည် ပြိုင်ဘက်ကင်း၏။ ယင်းနှင့် တူညီသောပမာဏရှိ တန်ပြန်စွမ်းအားသည်သာ ထိုစွမ်းအားကို ဖိနှိပ်နိုင်မည် ဖြစ်သည်။
ရီဖူရှင်း၏ သက်စောင့်ဟော်နန်း အတွင်းတွင် ရှေးဟောင်းသစ်ပင်သည် တောက်ပသည့် အလင်းများကို ထုတ်လွှတ်နေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်သည် ကောင်းကင်နှင့် လိုက်လျောညီထွေ ဖြစ်နေသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် မရေတွက်နိုင်သည့် အလင်းရောင်စဉ်များသည် သူ့ကိုယ်ပေါ်သို့ ကျဆင်းလာသည်။ မဟာလမ်းစဉ်၏ အကန့်အသတ်မဲ့ စွမ်းအားများသည် သူ့ခန္ဓာကိုယ်အတွင်း ပေါင်းစည်းနေသည်။ ပညာရှိကျမ်း၏ စွမ်းအားနှင့် သူ၏ ဓမ္မကို အလွန်သန်မာစွာ ပေါင်းစပ်နေသည်။
ဘုန်း …
ထိုအချိန်တွင် ကောင်းကင်လေဟာနယ်သည် ပြင်းထန်စွာ တုန်ခါနေသည်။ ရှင်းခိုင်သည် ရှေ့သို့ ခြေလှမ်းလိုက်၏။ သူ၏ ခန္ဓာကိုယ်အနီးမှ မဟာလမ်းစဉ်၏ ရောင်ဝါများသည် အဆုံးမဲ့ ရွှေရောင်လှံဆီသို့ ပေါင်းစည်းနေသည်။ ထိုသည်က အလွန် ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။
သူသည် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ရုတ်ခြည်းပင် များပြား၍ ကြီးမားသော ရွှေရောင်လှံများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဖြတ်ကာ ထိုးဖောက်သွားသည်။ နတ်ဘုရား ရွှေရောင်အလင်းများသည် လေဟာနယ်ကို ထိုးဖောက်ကာ ရီဖူရှင်းနှင့် ယူချင်းထံသို့ တိုးဝင်သွားသည်။
မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်မှ ရှင်းခိုင်သည် တစ်ချိန်တည်းတွင် ပြိုင်ဘက်ကင်းပုဂ္ဂိုလ် နှစ်ဦးကို သတ်ဖြတ်ရန် ကြိုးစားနေသည်။
ယူချင်းနောက်တွင် ထောင်သောင်းချီသော ပုံရိပ်များက မပီပြင် ဝိုးတဝါး ပေါ်ပေါက်လာသည်။ ကောင်းကင်ထက် နေရာအနှံ့တွင် နတ်ဆိုးစွမ်းအင် လေဟာနယ်ကို ဖန်တီးထား၏။
နတ်ဆိုးစွမ်းအားများသည် ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး ကောင်းကင်တစ်ခွင်ကို လွှမ်းမိုးသွားသည်။ ထိုနတ်ဆိုးရုပ်တုများမှ လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးတေးသွားများ ထွက်ပေါ်ကာ လူတိုင်း၏ နားစည်များကို တုန်ခါနေစေသည်။
ထိုအခိုက်တွင် ကောင်းကင်ထက်ရှိ လေထုနှင့် တိမ်တိုက်သည် နက်မှောင်သည့် နတ်ဆိုးစွမ်းအား အရောင်သို့ ပြောင်းလဲသွားကြသည်။ ကောင်းကင်တစ်ခွင်ရှိ နတ်ဆိုးများသည် သူတို့၏ လက်များကို တစ်ချိန်တည်းတွင် မြှောက်လိုက်ပြီး နတ်ဆိုး လက်ဝါးရိပ်ကို ပုံဖော်၍ ကောင်းကင်အောက်ဘက်ဆီ ပစ်လွှတ်လိုက်ကာ ကောင်းကင်ကို လွှမ်းမိုးပြီး နေမင်းကို ဖုံးအုပ်ကာ အရာခပ်သိမ်းအား ဝါးမျိုနေသည်။ လက်ဝါးရိပ်များသည် ရှင်းခိုင်၏ လှံများဆီသို့ ရိုက်ခတ်၏။
လက်ဝါးရိပ်များနှင့် လှံများ တွေ့ဆုံသောအခါ ကောင်းကင် လေဟာနယ်သည် ပြိုကျ ပျက်စီးတော့မလိုပင် ဖြစ်လာသည်။
သို့သော် အခြား တစ်ဖက်တွင် ရီဖူရှင်းသည် လေထဲသို့ ခုန်တက်လာသည်။ ရွှမ်ယွင်ခြေလှမ်းသိုင်းကို ဖော်ထုတ်လိုက်သောအခါ လေဟာနယ်သည် တုန်ခါသွားလေသည်။ သူသည် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်ရာ ရတနာလှံသည် အရှိန်အဟုန် ပြင်းစွာဖြင့် ပြေးထွက်သွား၏။ လှံရှည်၏ တိုက်ခိုက်မှုသည် လေဟာနယ်ဖျက်ဆီးခြင်း စွမ်းအားများအပြင် ကြောက်မက်ဖွယ် ကြယ်စွမ်းအားများလည်း ပါဝင်နေသည်။
တောက်လောင်နေသည့် ကြယ်ပျံများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ပေါက်လာသည်။ လှံရှည်၏ အလင်းများသည် တောက်ပနေသည့် ကြယ်ပျံများ အဖြစ် ပြောင်းလဲသွားပြီး လှံများဆီသို့ ရိုက်ခတ်သည်။ အင်အားနှစ်ခုသည် ထိပ်တိုက် တွေ့ဆုံကြပြီး ကောင်းကင်အတွင်း ထိုအင်အား နှစ်ခုလုံး ပျက်စီးသွားသည်။
ဘုန်း …
ရှင်းခိုင်သည် ယိမ်းယိုင်သွားခြင်း မရှိပေ။ သူသည် စစ်နတ်ဘုရား သဖွယ် ကောင်းကင်သို့ ခြေချ၏။ ထိုအခိုက်တွင် သူကိုယ်တိုင်သည် စစ်နတ်ဘုရား တစ်ပါး ဖြစ်သည်။ ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများ တစ်ဟုန်ထိုး ထွက်ပေါ်လာကာ သူ၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်ကို မဆိုထားနှင့် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်၏ အသန်မာဆုံး တန်ခိုးရှင်များ အတွက်ပင် ထိုသို့ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ရန် ရှားပါးလှပေသည်။
ရှင်းခိုင်၏ ရည်မှန်းချက်သည် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ဖြစ်ရန်သာ မဟုတ်ဘဲ သူသည် ရန်ဟောင်တစ်ပါး ဖြစ်လိုခြင်း ဖြစ်ပေသည်။ သံသယကင်းစင်ခြင်း အဆင့်နှင့် ပြန်လည်မွေးဖွားခြင်းအဆင့်တို့မှာ သူ၏ ကျင့်ကြံခြင်း လမ်းစဉ်အတွင်းမှ ဖြတ်ကျော်ရန် လိုသည့် အဆင့်လေးမျှသာ ဖြစ်ပေသည်။ ထို့ကြောင့် သူသည် သူ၏ နှလုံးသားလမ်းစဉ် ယိမ်းယိုင်သွားစေရန် ရီဖူရှင်းပြုလုပ်မည်ကို မည်သည့်အခါမှ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
ရီဖူရှင်းသည် ဤနေရာ၌ အသတ်ခံရသင့်ပေသည်။
ရှင်းခိုင်သည် လက်နှစ်ဖက်ကို ဆန့်ထုတ်သည်။ ရုတ်ခြည်းပင် ကောင်းကင်နှင့် မြေကြီးကြားမှ တိုက်ခိုက်ရေး စွမ်းအားများသည် ရွှေရောင် နတ်ဘုရားပုဆိန်သို့ ပေါင်းစည်းလာသည်။ အဆုံးမဲ့ ပုဆိန်ကြီးသည် အလွန်ထက်ရှ လှသည်။ ရှင်းခိုင်သည် ထိုအရာကို လက်ထဲတွင် ကိုင်ထားကာ ရှေ့သို့ ခုတ်ပိုင်းသည်။
ပုဆိန်ကြီး၏ အလင်းသည် ကောင်းကင်နှင့် မြေကြီးကြားမှ လေဟာနယ်ဆီ ကျဆင်းလာကာ ခုတ်ပိုင်းသည်။ ကောင်းကင်ကို ဖြတ်သန်း၍ ရွှေရောင် မျဉ်းတစ်ကြောင်း ပေါ်ပေါက်လာသည်။ ပုဆိန်သည် ယူချင်းနှင့် ရီဖူရှင်းထံသို့ တစ်ချိန်တည်းမှာပင် ခုတ်ပိုင်းလိုက်၏။
သူသည် ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားကို မည်သည့်လက်နက် အတွင်းမဆို ပေါင်းစည်းနိုင်စွမ်း ရှိပြီး ကြောက်မက်ဖွယ် တိုက်ခိုက်မှုစွမ်းအားကို ဖော်ထုတ်နိုင်သည်ဟု ထင်မှတ်ရသည်။ စွမ်းအားသည် အကန့်အသတ်မဲ့ကာ ရပ်တန့်၍ မရနိုင်ပေ။
ယူချင်း၏ မျက်လုံးများထဲတွင် အေးစက်မှုတို့ ရှိနေ၏။ သူ့ခန္ဓာမှ နတ်ဆိုး စွမ်းအားများသည် ပို၍ အားကောင်းလာသည်။ နတ်ဆိုးရုပ်တုများက ပဲ့တင်ထပ်နေသည့် အသံများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ ထောင်သောင်းချီသော နတ်ဆိုးလက်ဝါးရိပ်များက တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး အော်မြည်နေကာ နောက်ဆုံး၌ ကြောက်မက်ဖွယ် နတ်ဆိုးလက်ဝါးရိပ်ကြီး အဖြစ်သို့ ပြောင်းလဲသွားကာ တိုးဝင်လာနေသော ပုဆိန်ကြီး၏ အလင်းများဆီသို့ ရိုက်ခတ်သည်။
ရီဖူရှင်းသည် ရဲတင်းစွာနှင့် လေထဲတွင် ဆက်လက်၍ လျှောက်လှမ်းလာနေသည်။ သူ၏ ဓမ္မ အသက်စွမ်းအားများသည် သန်မာ အားကောင်းလာပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ မဟာလမ်းစဉ်နှင့် တစ်သားတည်း ဖြစ်နေသည်။ သူ့လက်ထဲမှ ရတနာလှံသည် တိုက်ခိုက်မှု တစ်ခုကို ထပ်ကာ ထုတ်ဖော်သည်။ ယင်း သွင်ပြင်သည် ဒုန်းစိုင်းလာနေသည့် မိုးကြိုးတစ်စင်းနှင့် တူပေသည်။
လှံရှည်၏ အဆုံးမဲ့ အလင်းများသည် တစ်နေရာတည်းကို စုစည်းသွားကြကာ တစ်ဖက်မှ တိုက်ခိုက်လာသော ပုဆိန်ကြီးအား တားဆီး၏။ ရီဖူရှင်း၏ခန္ဓာကိုယ်မှ ဖျက်ဆီးခြင်း အရှိန်အဝါများ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအားစီးကြောင်းများက သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်လာသော်လည်း သူ၏ ကြယ်တာရာ ခန္ဓာကိုတော့ သက်ရောက်မှု မရှိပေ။
ရှင်းခိုင်သည် မျက်ခုံးတို့ကို ပင့်မသည်။ ဤတန်ခိုးရှင် နှစ်ဦးသည် ကြောက်မက်ဖွယ် ကြီးမားသည့် တိုက်ခိုက်မှုနှစ်ခု ဖော်ထုတ်ပြီးခဲ့သော်ငြား သူတို့ကို ယိမ်းယိုင်သွားစေရန် မတတ်နိုင်ခဲ့။
ရီဖူရှင်းနှင့် ယူချင်းသည် သူတို့ တိုက်ခိုက်လေ ပို၍ အားကောင်းလာလေဖြစ်ကာ ဝိညာဉ်စွမ်းအားသည်လည်း သူတို့ ခန္ဓာကိုယ်မှ ဖော်ထုတ်လေ ပို၍ အစွမ်းထက်လာလေဖြစ်၏။
ထိုသည်က ရှင်းခိုင် အတွက် ပြဿနာ ဖြစ်နေခြင်းပင်။ ရီဖူရှင်းနှင့် ယူချင်းသာ အသက်ဆက်ရှင် နေခဲ့လျှင် သူတို့သည် ရှင်းခိုင်အတွက် သွေးနဂါးဘုံတွင် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာပေလိမ့်မည်။
သူသည် ရှေ့သို့ ဆက်လက် လှမ်းလာခဲ့၏။ သူက လက်ထဲမှ ဧရာမရွှေရောင် ပုဆိန်ကြီးဖြင့် တစ်ဖန် ထပ်ခုတ်၏။ ထိုကြီးမားသည့် စစ်နတ်ဘုရား ပုံရိပ်ကြီးသည် ဖြည်းညင်းစွာ လှုပ်ရှားနေသော်လည်း ထွက်ပေါ်လာသော စွမ်းအားကား အတိုင်းအဆမဲ့၏။ ပုဆိန်ကြီး၏ ခုတ်ချက်ကို ထုတ်ဖော်သည့် အခါတိုင်းတွင် ကောင်းကင်နှင့် မြေကြီးက တုန်ခါသွား၏။ ပုဆိန်ကြီး၏ အလင်းရောင်စဉ်များသည် လေဟာနယ်ကို ခုတ်ဖြတ်ကာ ထိုအထဲတွင် ရီဖူရှင်းနှင့် ယူချင်း၏ ခန္ဓာများကို သင်္ဂြိုဟ်ပစ်တော့ မလိုပင် ထင်မှတ်ရ၏။
တိုက်ခိုက်ရေး အသိကို အသုံးပြုထားသော တိုက်ခိုက်မှုတိုင်းသည် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ရှန့်ထိုကိုပင် သေကျေ ပျက်စီးစေနိုင်သည်။ ယင်းတို့သည် ပစ်မှတ်ကို ထိသွားခဲ့လျှင် ထိုသူ၏ ခန္ဓာမှာ နှစ်ခြမ်းပြတ် သွားပေလိမ့်မည်။
ရီဖူရှင်းနှင့် ယူချင်း၏ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက ထူးခြား သာလွန်သည် ဆိုသော်ငြား သူတို့သည် ထိုကဲသို့သော တိုက်ခိုက်မှုကို ခန္ဓာကိုယ်နှင့် ခံယူရန် မဝံ့ရဲကြပေ။
ထောင်သောင်းချီသည့် နတ်ဆိုးရုပ်တုများသည် တူညီသည့် တေးသံကို ထုတ်ဖော်သည်။ နတ်ဆိုးစွမ်းအားများသည် လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ လေထုတွင် တစ်သားတည်း ဖြစ်လာသည်။ ယူချင်းသည် အစစ်အမှန် နတ်ဆိုးဘုရင်ကဲ့သို့ အလယ်တွင် ရပ်နေသည်။ အားလုံးသော နတ်ဆိုး ပုံရိပ်များသည် သူ့ကို ဦးညွှတ်ကြသည်။ သူသည် လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်အတွင်းတွင် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများမှ နေ၍ နတ်ဆိုးပုဆိန်ကြီး တစ်လက် ဖြစ်တည်လာသည်။ သူသည် တစ်ချက်ခုန်လိုက်ပြီး ကောင်းကင်သို့ တက်သွားခဲ့သည်။ အားလုံးသော နတ်ဆိုးရုပ်တုများများ သူ့ရှေ့တွင် ဝပ်တွားခယ နေကြပြီး အဆုံးမဲ့ နတ်ဆိုးအလင်းများက သူ့ခန္ဓာကိုယ်တွင် လာရောက် စုဝေးလာကြသည်။
ပုဆိန်ကြီး ထွက်ပေါ်လာပြီး ရုတ်ခြည်းပင် ထောင်သောင်းချီသည့် ပုဆိန်၏ အလင်းရောင်စဉ်များသည် တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းသွားပြီး မဟာလမ်းစဉ် စွမ်းအားများကို ခုတ်ဖြတ်သည်။
သူသည် အားလုံးသော တိုက်ခိုက်မှုများကို ခုတ်ဖြတ် ပိုင်းခြားသည်။ သူ၏ နတ်ဆိုးကဲ့သို့ ခန္ဓာသည် ရှင်းခိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်မှာ မည်သည့်အရာကမှ သူ့အား မရပ်တန့်နိုင်သည့် အလား။
ရီဖူရှင်းသည်လည်း ရှေ့သို့ ဆက်တိုးလာနေသည်။ သူခြေလှမ်း လှမ်းလိုက်တိုင်းတွင် သူ၏ ဝိညာဉ်စွမ်းအားများက ပို၍ အားကောင်း လာနေသည်။ သူ့လက်ထဲမှ ရတနာလှံသည် ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းသွားခဲ့သည်။ စွမ်းအားသည် ပို၍ သန်မာလာသည်။ တိုက်ခိုက်မှုတိုင်းသည် ယခင် တိုက်ခိုက်မှုများ၏ ခွန်အားများ ပါဝင်နေသည်ဟု ထင်မှတ်ရပြီး တိုက်ခိုက်မှု စွမ်းအားများမှာ ဆက်လက်၍ တိုးမြင့်လာနေသည်။
ရှင်းခိုင်၏ ရက်စက်လှသော တိုက်ခိုက်မှုက သူ၏ ခံစစ်ကို ဖျက်ဆီးနေလျှင်ပင် ရှေ့သို့ ဆက်လက် တိုးဝင်လာနေသည့် သူ့ကို ရပ်တန့်နိုင်ခြင်း မရှိပေ။
ဤ ကြီးမြတ်သော ပုဂ္ဂိုလ်သုံးဦးသည် တိုက်ပွဲကွင်းပြင်တွင် ရက်စက်စွာ တိုက်ခိုက်နေကြသည်။ ကောင်းကင်နှင့် မြေကြီးက ဆက်လက်၍ အော်မြည်နေ၏။ လူအများ၏ နှလုံးသားသည် ရှင်းခိုင်၏ တိုက်ခိုက်မှုဖြင့် ကြုံတွေ့နေရသော ယူချင်းနှင့် ရီဖူရှင်းအတွက် ပြင်းထန်စွာ ခုန်လှုပ်နေကြ၏။
ဤ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်မှ ပြိုင်ဘက်ကင်း နှစ်ယောက်သည် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်မှ ရှင်းခိုင်ကို အောင်မြင်နိုင်မည်လား။
ရှင်းခိုင်သည် ထူးချွန်သူများ ကြားမှ ပြိုင်ဘက်ကင်းသူဟု ဆို၍ ရပေသည်။ သူ တိုက်ခိုက်ခွင့် မရှိသည့် တန်ခိုးရှင် အနည်းငယ်မှ လွဲလျှင် သူသည် ဒေသနန်းတော်၌ မည်သူ့ကိုမှ မရှုံးနိမ့်ခဲ့ဖူးပေ။ သို့ရာတွင် ယခု အဆင့်နိမ့်မှ တန်ခိုးရှင် နှစ်ဦးက သူ၏ စွမ်းအားကို စိန်ခေါ်နေလေသည်။
***