အခန်း (၃၂)

လေ့ကျင့်ခြင်းကပြည့်စုံလာစေနိုင်သည်

အခန်း (၃၂) လေ့ကျင့်ခြင်းကပြည့်စုံလာစေနိုင်သည်

“တော်စမ်းပါ လျန်သခင်လေးရယ်။ရွှီသခင်ကြီးမှာ အိမ်ရှိတာပဲ။ ဘာလို့ ကျုပ်တို့ တည်းခိုခန်းမှာ လာနေရမှာလဲ။ပြီးတော့ တစ်နေ့ကို ငွေသားတစ်ထောင် ပေးရအောင် သူက ရူးနေလို့လား”

အိမ်တော်ထိန်း ဝူက ပွစိပွစိ ပြောလိုက်လေသည်။

ဆန်းလျန်က လူကောင်းတစ်ယောက်ဖြစ်သော်လည်း နည်းနည်းတော့အပျင်းထူတတ်ပြီး တစ်ခါတစ်လေတော့ ခပ်တည်တည်နှင့် နောက်တတ်ပြောင်တတ်သူဖြစ်လေသည်။

“စိတ်မပူနဲ့။ မနက်ဖြန် သူတကယ် ဒီကိုလာမှာ။ ကျွန်တော်အိပ်ချင်လို့ အခန်းပြန်တော့မယ်။ ကျွန်တော့်ကို ဘယ်သူမှ မနှောင့်ယှက် စေနဲ့နော်”

ဆန်းလျန်က လက်၀ှေ့ယမ်း ပြလိုက်ပြီး လှေကားပေါ်သို့ တက်သွား လေတော့သည်။ သူ၏ အခန်းမှာ တတိယထပ်ရှိ ပထမဆုံး အခန်းဖြစ်ပြီး သူက ထိုအခန်းကို “ခေါင်းဆောင်ကြီး၏ အခန်း” ဟု ပျော်စေပျက်စေဖြင့် နာမည် ပေးထားလေသည်။

ဆန်းလျန်က ပြတင်းပေါက်တံခါးကို ဖွင့်လိုက်သည်။ လရောင်က အခန်းတွင်းသို့ ဖြာကျနေပြီး သူက အိပ်ရာထက် တင်ပျဉ်ခွေကာ ထိုင်လိုက်သည်။

သူ့မျက်ခွံများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ အထီးကျန်မှု အာရုံက သူ့ပေါ်သို့ တွားသွား တက်လာသလို ခံစား လိုက်ရသည်။

“မိုးကောင်းကင်ထက် မြင့်တဲ့အရာ မရှိဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ဝိညာဉ်ကတော့ အမြင့်ဆုံးပါပဲ”

ရှေးလူကြီးများ ပြောသည့် ဆိုရိုးတစ်ခု ရှိလေသည်။

“အန္တရယ်များသည့် တောင်တစ်တောင်က မြင်သာ နိုင်ပေမယ့် အသူရာ ချောက်တမျှ နက်ရှိုင်းတဲ့ လူတွေရဲ့ နှလုံးသားကို မြင်ဖို့ခက်တယ်။ အမျိုးမျိုး ပြောင်းလဲနိုင်တဲ့ လူတစ်ယောက်ရဲ့ နှလုံးသားကို သိမြင်နိုင်ဖို့ ခက်လွန်းတယ်”

ဟူ၍ ဖြစ်လေသည်။

ဆန်းလျန်၏ စိတ်အာရုံများ တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။ ပုဇဉ်းရင်ကွဲ အော်သံ များမှာလည်း တိုးတိတ်သွားပြီး လေသံများလည်း ပျောက်ကွယ် သွားလေသည်။

စိတ်ပျံ့လွင့်ခြင်းများ မရှိလျှင် နှလုံးသားက ငြိမ်းချမ်းနေလေသည်။ လရောင်က ဆန်းလျန်ပေါ်သို့ ဖြာကျနေပြီး ဆန်းလျန်မှာ ငွေရောင် တောက်ပနေလေသည်။

သူ့ခေါင်းထဲသို့ အတွေးတစ်စ ဝင်ရောက်လာသည်။

“ခန္ဓာကိုယ် အစိတ်အပိုင်းများ ကြီးထွား လာသကဲ့သို့ လရောင်က အပြည့်အဝ လိုက်ပြီး ကြီးထွား နိုင်မည်လား”

ဟု ဆန်လျန်တွေးလိုက်မိသည်။

ငွေရောင် အလင်းစက်ဝန်း တစ်ခုမှာ အဝါဖျော့ရောင်သို့ ပြောင်းလဲသွားပြီး လရောင်ကို စုပ်ယူ လိုက်လေသည်။

အလင်းရောင် စက်ဝန်းမှာ တဖြည်းဖြည်း သေးသွားပြီး ကြေးနီရောင် မီးအိမ်လေးဆီသို့ လွင့်မျောသွားသည်။ ထို အလင်းစက်ဝန်းလေးက မီးအိမ်ထဲသို့ တိုးဝင်သွားသည့် အချိန်တွင်တော့ အခန်း တစ်ခုလုံး လင်းထိန် သွားလေတော့သည်။

မီးအိမ်မှာ ငါးတစ်ကောင်ကို စားနေသည့် ဗျိုင်းတစ်ကောင်၏ ပုံသဏ္ဌာန် ဖြစ်လေသည်။ ငါး၏ ဝမ်းဗိုက်နှင့် ဗျိုင်း၏ လည်ပင်းက ချိတ်ဆက် ထားလေသည်။

ငါး၏ ဝမ်းဗိုက်ထဲတွင် ရေဖြည့် ထားသောကြောင့် မီးအိမ်မှ ထွက်သည့် ဆီချေးငွေ့များမှာ ဗျိုင်း၏ လည်ပင်းမှ စီးဆင်းသွားပြီး ရေထဲသို့ ရောက်ရှိ သွားလေသည်။ ထိုသို့ လုပ်ထားခြင်းဖြင့် မီးအိမ်မှ မီးခိုးငွေ့နှင့် ညော်နံ့များ ထွက်ခြင်းကို ကာကွယ်ပေးပြီး အခန်းတွင်း၌ သန့်ရှင်း နေစေလေသည်။

ထိုမီးအိမ်မျိုး ဤလောကတွင် မရှိပေ။

မီးအိမ်ကို တီထွင်ထားသူမှာ ဆန်းလျန်ကိုယ်တိုင် ဖြစ်လေသည်။ “တရုတ်ရိုးရာ ဗျိုင်းနှင့် ငါးကြေးနီမီးအိမ်” ဟု သူက အမည် ပေးထားလေသည်။

အိမ်တော်ထိန်း ဝူမှာ မီးအိမ်ပုံစံကို သဘောကျသော်လည်း မီးအိမ်၏ ထူးခြားသည့် လုပ်ဆောင်မှုကိုတော့ သတိ မပြုမိပေ။

မီးအိမ်မှ ဆီချေးငွေ့များမှာ ရေထဲသို့ စီးဝင်သွားသည့်အတွက် လေထု ညစ်ညမ်းမှုများ မဖြစ်တော့ပေ။ ဤသည်မှာ တရားထိုင်ခြင်း အယူအဆ တစ်ခုလည်း ဖြစ်လေသည်။ မီးအိမ်လေးကို ကြည့်လိုက်တိုင်း ဆန်းလျန်၏ စိတ်ကို သန့်စင်ရန် သတိ ပေးနေလေတော့သည်။

လရောင်၏ သိပ်သည်းမှု စွမ်းအားများဖြင့် မီးအိမ်ကို လင်းလက်သွားစေခြင်း ဖြစ်လေသည်။ မီးတောက်မှာ သိပ်ပြီးကြီးလှသည် မဟုတ်သော်လည်း ဆန်းလျန် အတွက်တော့ မှတ်ကျောက် တင်နိုင်သည့် လုပ်ဆောင်မှုတစ်ခု ဖြစ်လေသည်။

သိုင်းပညာကို ကျော်လွန်သွားပြီး မှော်ပညာ အသွင်သို့ ကူးပြောင်း သွားလေသည်။

“တကယ်လို့  ပိုက်ကွန်ထဲမှာသာ ဒီလိုမျိုး လုပ်နိုင်ရင် မီးဘောလုံးတွေ ထွက်လာမလားပဲ။ ဒါဆို မှော်ပညာနဲ့ တူသွားပြီ”

ဟု ဆန်းလျန် တွေးလိုက်မိပြီး သူ့အတွေးကိုသူ သဘောကျကာ ပြုံးနေမိလေသည်။

ဆန်းကျူ ကျင့်စဉ်ကျမ်းကို သူလေ့ကျင့်သည့် အချိန်တိုင်း မှော်ပညာရော သိုင်းပညာပါ တွဲဖက် လေ့ကျင့် ရလေသည်။

လေပြေလေးက တိုက်ခတ်လာသည့်အတွက် မီးအိမ်လေးမှာ ဆန်းလျန်၏ အင်္ကျီစ အနားဆီသို့ ယိမ်းယိုင်လှုပ်ခတ် သွားလေသည်။ လေပြေလေးက ဆန်းလျန်ကို အိပ်ရာထက်မှ ထကာ လမင်းကိုကြည့်ရန် ဆွဲဆောင်နေလေသည်။

သူ့တွင် မှော်အစွမ်းများ ရှိနေပါသည်။ မှော်မန္တန်များလည်း သူ လေ့လာသင်ယူ ထားလေသည်။ သို့သော် သူလိုချင်သည်က လမင်းကဲ့သို့ ထာဝရတည်ရှိ ရှင်သန်နိုင်ရန်ပင် ဖြစ်လေသည်။

***

နွေရာသီ ကုန်ဆုံးသွားပြီးနောက် ဆောင်းဦးရာသီသို့ ဝင်ရောက်လာလေသည်။ အချိန်တို့က လျင်မြန်စွာ ကုန်ဆုံးသွားကြသည်။

ဆန်းလျန်၏ အသက်မှာ ဆယ့်ငါးနှစ် ရှိပြီ ဖြစ်လေသည်။ သူက တစ်ဟုန်ထိုး ကြီးပြင်းလာပြီး ကျောက်စိမ်းကဲ့သို့ ချောမော ကျက်သရေ ရှိလာလေသည်။ သူ့ကို စိတ်မဝင်စားကြသည့် မိန်းကလေးဟူ၍ မရှိပေ။ အကယ်၍ သူသာ အရင်ကလို နေမကောင်းဖြစ်ပြီး အားနည်း နေဦးမည် ဆိုလျှင် လူတွေက သူ့ကို လှောင်ပြောင်ကြဦးမှာ ဖြစ်လေသည်။

ဆန်းလျန် ဝူထုန် မကောင်းဆိုးဝါးများကို နှိမ်နင်းပြီး နောက်တစ်နေ့တွင် အကြောက်လွန်နေသော ရွှီဟုန်မှာ တည်းခိုရိပ်သာသို့ ရောက်လာလေသည်။ ငွေပမာဏများစွာ ပေးရမည် ဆိုလျှင်တောင်မှ သူက ဆန်းလျန်၏ “အန်း တည်းခိုရိပ်သာ”တွင် နေထိုင်ရန် ဆုံးဖြတ် ထားလေသည်။ လွတ်မြောက်သွားသည့် နတ်ဆိုး မိစ္ဆာနှစ်ကောင် ပြန်လာပြီး လက်စားချေမည်ကို လွန်စွာမှ ကြောက်လန့် နေလေတော့သည်။

လူများက ရွှီဟုန် ရူးသွပ်သွားပြီဟု ထင်နေကြလေသည်။ တကယ့် အဖြစ်အပျက်ကို သိသူမှာ ရွှီအိမ်တော်မှ လူလေး ငါးယောက်သာ ရှိလေသည်။ ထို လူများကိုလည်း ရွှီဟုန်က သတင်း မပေါက်ကြားစေရန် နှုတ်ပိတ် ထားလိုက်သည်။

ဆန်းလျန်၏ အဒေါ်ဖြစ်သူ ရွှီသခင်မကတော့ အဖြစ်အပျက် အားလုံးကို သိရှိ ထားလေသည်။ တရုတ် နှစ်သစ်ကူးပွဲတော် နေ့တွင်တော့ သူမက ဆန်းလျန်ကို အန်ပေါင်း မုန့်ဖိုးများစွာ ပေးလေသည်။ သူမ ရုတ်တရက်ကြီး ဆန်းလျန်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံနေသည့်အတွက် အစေခံများမှာ နားမလည်နိုင် ဖြစ်နေကြရလေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် မည်သူ့ကို မဆို မောက်မာ ကြမ်းတမ်းစွာ ဆက်ဆံ တတ်သောကြောင့် ဖြစ်လေသည်။ အစေခံများမှာ ဆန်းလျန်ကို အံ့သြ နေကြ လေတော့သည်။

ရွှီဟုန်မှာ ဆန်းလျန်၏ တည်းခိုရိပ်သာတွင် ခြောက်လခန့် နေပြီးသည့်နောက် ဝူထုန် နတ်ဘုရားများ ပြန်မလာသည်မှာ သေချာတော့မှ သူ၏ အိမ်တော်သို့ ပြန်သွားလေသည်။

သို့သော် ရွှီဟုန်၏ ဆန်းကျယ်သော အပြုအမူကြောင့် ချင်ပြည်နယ် မြို့တော်မှ လူများမှာ စပ်စုလိုစိတ်များ ထိန်းမနိုင် သိမ်းမရ ဖြစ်နေကြလေတော့သည်။ ထို့ပြင် ဆန်းလျန်၏ တီထွင် ပြုလုပ်ထားသည့် ထူးဆန်းသည့် “တရုတ်ရိုးရာဗျိုင်းနှင့် ငါးကြေးနီမီးအိမ်” မှာလည်း သူ၏ တည်းခိုရိပ်သာတွင် လွန်စွာမှ နာမည်ကြီးကာ လူအများ စိတ်ဝင်စားခြင်းကို ခံရလေသည်။

ထို့ကြောင့်ပင် လာရောက် တည်းခိုသူများ တစ်နေ့တခြား များပြားလာကြပြီး တည်းခို ရိပ်သာမှာ ခရီးသွားများ၊ လာရောက် စပ်စုသည့်သူများ၊ လာရောက် လေ့လာသည့် သူများနှင့်မပြတ် စည်ကား နေလေတော့သည်။

အိမ်တော်ထိန်းဝူမှာ ထိုသို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိပေ။ တည်းခိုရိပ်သာ နာမည်ပြောင်းပြီး စတင် ဖွင့်လှစ်သည့် ရက်အနည်းငယ်သာ ဧည့်သည် နည်းပါးခဲ့ပြီး ယခုနောက်ပိုင်း တစ်လျှောက်လုံးတွင် ဧည့်သည် ပြတ်သည်ဟူ၍ မရှိတော့ပေ။ အိမ်တော်ထိန်း ဝူမှာ ပျော်ရွှင်နေရ သော်လည်း အလုပ် များနေရလေသည်။ ဆန်းလျန်က လစဉ် တည်းခိုရိပ်သာမှ ရရှိသည့် အမြတ်ငွေ၏ တစ်ဝက်ကို သူ့ကို ပေးမည်ဟု ကတိ ပေးထားလေသည်။ သူရရှိမည့် ငွေပမာဏမှာ မက်လောက်စရာ ငွေပမာဏ ဖြစ်နေလေသည်။

အခြားဘက်တွင်လည်း ဆန်းလျန်မှာ စီးပွားရေးကို သိပ်ပြီး ဂရုမထားနိုင်ပေ။ သူက နေ့ဘက်တွင် သိုင်းပညာ လေ့ကျင့်ရပြီး ညဘက်တွင် ဝိညာဉ်စွမ်းအား တိုးတက်ရန်အတွက် လေ့ကျင့်ရလေသည်။

ဆန်းကျူ ကျင့်စဉ်ကျမ်းမှာ လေ့လာရန် လွယ်ကူသော်လည်း လက်တွေ့ ကျင့်ကြံရန်မှာ လွန်စွာမှ ခက်ခဲလေသည်။ အစိမ်းရောင်ဝတ် လူကဲ့သို့ အရည်အချင်းရှိသည့် လူပင်လျှင် နှစ်ပေါင်း သုံးဆယ်ကြာအောင် ကျင့်ကြံပြီးမှ အထွတ်အထိပ် ရှစ်နေရာမှ အတွေးအမြင်ပိုင်းနှင့် အုပ်ချုပ်မှုပိုင်း ဆုံချက် နှစ်ခုပွင့်အောင် လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

အခြားသူများနှင့် ယှဉ်လျှင် အားကောင်းသည့် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး နာရီပေါင်းများစွာ လေ့ကျင့်သည့်တိုင် ပင်ပန်းနွမ်းနယ်ခြင်း မရှိ၊ အတွင်းအားကိုလည်း ကောင်းစွာ အသုံးချ နိုင်နေပြီဖြစ်သည့် ဆန်းလျန်မှာ ယခုအချိန်ထိ နောက်ဆုံး အထွတ်အထိပ် ဆုံချက်ကို ပွင့်အောင် မကျင့်နိုင်သေးပေ။

ထို့ပြင် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ ကျင့်စဉ်များကို လွန်ခဲ့သည့် ခြောက်လက ပြန်လည် စတင်ကာ လေ့ကျင့်ခဲ့လေသည်။ တိမ်ထူထပ်သည့် အချိန်၊ မြူခိုးများ ဝေနေသည့် အချိန်နှင့် ညအချိန်များတွင် သူ့ ရုပ်ခန္ဓာမှ စိတ်ဝိညာဉ်လွှင့်သည့် ကျင့်စဉ်ကို လေ့ကျင့်လေသည်။

နေ့ဘက်တွင်တော့ ပူပြင်းသည့် နေရောင်ခြည်ကြောင့် ဆန်းလျန်မှာ အပူဒဏ်အောက်တွင် ကြာရှည်စွာ လေ့ကျင့်နိုင်ခြင်း မရှိပေ။

ချင်ပြည်နယ် မြို့မှာ အနောက်မြောက်ဘက် ဒေသတွင် တည်ရှိလေသည်။ အရမ်းအေးသည့် ဒေသ မဟုတ်သည့်တိုင် ဆောင်းတွင်း ဆိုလျှင်တော့ ရာသီဥတုက မခံနိုင်အောင် အေးလွန်းလေသည်။

သုံးရက်ဆက်တိုက် နှင်းများ ကျဆင်းမှုကြောင့် မြို့ထဲရှိ သစ်ပင်များမှာ နှင်းများဖြင့် ဖုံးလွှမ်းနေကြလေသည်။ တည်းခို ရိပ်သာထဲတွင် မီးဖိုထားသည့်တိုင် အအေးဓာတ်ကတော့ ရှိနေဆဲ ဖြစ်လေသည်။

ဆန်းလျန်က သူ၏ကျင့်စဉ် လေ့ကျင့်မှုကို နေ့စဉ် ပြုလုပ်လေသည်။ အလွန်အကျွံ မလေ့ကျင့်ဖြစ်အောင်တော့ သူ့ကိုယ်သူ ထိန်းနိုင်အောင် ကြိုးစားလေသည်။

လွန်ခဲ့သည့် နှစ်ရက်ခန့်က သူက ကျင့်စဉ်လေ့ကျင့်ရင်း စိတ်မရှည်တော့သည့်အတွက် သူ့ကိုယ်သူ အဆင့်တက်ပြီး လေ့ကျင့်ရန် ဖိအားပေးလိုက်သည်။ ဖောက်ပြန်ခြင်းကို ခံစားရပြီး ဝူထုန် နတ်ဘုရားများနှင့် တိုက်ခိုက်သည့် အချိန်ကထက်ပင် ဆိုးရွား သွားလေသည်။

အိမ်တော်ထိန်း ဝူမှာ သူ၏ အေးစက်စက်အပြုအမူနှင့် ဒေါသ ထွက်နေပုံကို ကြည့်ကာ သတိပင် လစ်မတတ် ကြောက်ရွံ့တုန်လှုပ် သွားရလေသည်။ သူ၏ စိတ်နေသဘောထား ဘာကြောင့်ပြောင်းလဲ သွားရသည်ကို သူကိုယ်တိုင်လည်း နားမလည်ပေ။ သူသာ ကျင့်စဉ်ကို အဆက်မပြတ်နှင့် အလွန်အကျွံ ထပ်မံ လေ့ကျင့်ပါက အစိမ်းရောင်ဝတ် လူကဲ့သို့ အစွန်းရောက်သမားဖြစ်ကာ သူသွားရာ လမ်းအတိုင်း မြန်းရမည် ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန်က သူ့ရှေ့မှ မှားယွင်းသွားသော သူနောက်သို့ မလိုက်မိစေရန် သူ့ကိုယ်သူ အချိန်ပြည့် သတိပေးနေခဲ့ လေသည်။ အတွေ့အကြုံ မရှိခြင်းနှင့် လမ်းပြ သင်ကြားပေးမည့်သူ မရှိခြင်း ကြောင့် အစိမ်းရောင်ဝတ် လူမှာ လမ်းမှားသို့ ရောက်ကာ ကျရှုံးရခြင်း ဖြစ်လေသည်။

ဆန်းလျန်မှာ သူကိုယ်တိုင် ထိုသို့ ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့် မထားခဲ့ပေ။ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရမည် ဖြစ်လေသည်။ လင်ချုန်းရှောင်၏ သင်ကြား ပြသပေးမှုနှင့် သူ လေ့လာ ထားသည်များကို ပေါင်းစပ်ကာ လေ့ကျင့် နိုင်လိမ့်မည်ဟု တွေးထင် ထားခဲ့မိလေသည်။

သူ၏ အတွေ့အကြုံ များကြောင့်သာ သူဆက်ပြီး အသက်ရှင် နိုင်ခဲ့ခြင်း ဖြစ်လေသည်။ မဟုတ်ပါက မကျန်းမမာဖြစ်ကာ ဒုက္ခ ရောက်သွားနိုင်လေသည်။

ဓားသွားကဲ့သို့ ထက်မြက်သည့် အေးစိမ့်စိမ့်လေက ပြတင်းတံခါး အက်ကွဲကြောင်းမှ တိုးဝင်လာပြီး တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာလေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset