တန်ခိုးရှင်များသည် နတ်တောင်ပေါ်မှ ထွက်သွားပြီးသည့်အခါ သူတို့၏သက်ဆိုင်ရာ နေရပ်များသို့ ပြန်ကြ၏။ ရီဖူရှင်းနှင့် သူ့လူများလည်း ပြန်ကြသည်။
သူတို့ကား ရောက်သည့် နေရာတိုင်း၌ လူအများ၏ အာရုံစိုက်မှုကို ရရှိကြသည်။
ရီဖူရှင်းနှင့် ယူချင်းတို့ နှစ်ယောက်လုံးသည် ချန်ယဲ့မြို့မှ ဖြစ်ပြီး သူတို့၏ လွှမ်းမိုးမှုကို တိုင်းတာ ခန့်မှန်းနိုင်၏။ ယခု သူတို့က အတူတူ သွားလာနေကြရာ သွေးနဂါးဘုံ၏ မည်သည့် နေရာတွင်ဖြစ်စေ အမြဲတစေ ရေပန်းစားနေမည် ဖြစ်၏။
“အစ်ကိုရီ” ရီဖူရှင်းတို့ လမ်းလျှောက်နေကြစဉ် တစ်စုံတစ်ယောက်က ခေါ်သည်ကို ကြားလိုက်ရ၏။ ရီဖူရှင်းက အသံလာရာကို ကြည့်လိုက်လျှင် သွမ့်ဝူကျီကို တွေ့လိုက်ပြီး ခေါင်းညိတ်ပြုံးပြသည်။
“အချိန်ရရင် အင်ပါယာတုန်း နန်းတော်ကို လာလည်ပါဦး” သွမ့်ဝူကျီက ရယ်မောရင်း ပြောသည်။
“တိုက်ပွဲစွမ်းရည် လေ့ကျင့်ဖို့လား” ရီဖူရှင်းက မေးသည်။
“မဟုတ်ဘူး ….” သွမ့်ဝူကျီက လက်ဝှေ့ယမ်းပြ၏။ ရီဖူရှင်းနှင့် တိုက်ပွဲစွမ်းရည် လေ့ကျင့်စရာ အကြောင်းမရှိပေ။ သွမ့်ဝူကျီသည် မူလက ထိုသို့ အတွေးမျိုး ရှိခဲ့ဖူးသော်လည်း မက်မွန်ပွဲတော် အပြီးတွင် ထိုအကြံအစည်ကို လက်လျှော့သည်။ ရီဖူရှင်းကား အလွန် အန္တရာယ် များလှသည်။ သူက ပြဿနာကို မီးခွက် ထွန်းမရှာလိုပေ။
ထို့အပြင် ယူချင်းဟူသော သောက်ကျိုးနည်း ပုဂ္ဂိုလ်ကြီးသည်လည်း ရီဖူရှင်း ဘေး၌ ရပ်နေ၏။ သူက ယူချင်းကိုလည်း သွား၍ မထိလိုပေ။
ယူချင်းသာ သူ့ကို တိုက်ခိုက်ခဲ့လျှင် သူ မရှုမလှ ခံရပေမည်။
“သောက်ဖို့ပဲလေ။ ဟုတ်တယ် … သောက်ဖို့” သွမ့်ဝူကျီက တစ်ခဏမျှ တွေးနေပြီးနောက် ပြောသည်။
ရီဖူရှင်းသည် သူ့စကားများကို ကြားသည်တွင် ရယ်မောလိုက်သည်။ “သိပ်ကောင်းတာပေါ့။ ကျုပ် တစ်နေ့အလည် လာတဲ့အခါ ကျမှ ကျုပ်ကို မေ့မနေပါနဲ့ အရှင်မင်းသား”
“ဒီနေ့ မက်မွန်ပွဲတော် ပြီးသွားတဲ့နောက်မှာ သွေးနဂါးဘုံက လူတွေအများကြီး မင်းနာမည်ကို မသိတဲ့သူ ရှိပါဦးမလား။ နောက်ပိုင်းကျရင် မင်းနဲ့ တစ်ခွက်တစ်ဖလား သောက်ဖို့ တန်းစီ စောင့်နေရာမှာ ကိုတောင် စိုးရိမ်မိတယ်” သွမ့်ဝူကျီက သဘောကျစွာ ရယ်မောသည်။ သူက အမှန်ကို ပြောနေခြင်း ဖြစ်သည်။
မက်မွန်ပွဲတော်သည် သွေးနဂါးဘုံ၏ နံပါတ်တစ် ပွဲတော်ဟု ဆိုရမည် ဖြစ်ပြီး မက်မွန်ပွဲတော်၌ ဖြစ်ခဲ့သမျှ အရာအားလုံးကို မကြာခင်အချိန်၌ သွေးနဂါးဘုံ တစ်ခွင်လုံး သိရှိသွားကြတော့မည် ဖြစ်သည်။
ချန်ယဲ့မြို့စား ရီဖူရှင်းနှင့် ယူချင်းသည် ကျော်ကြားမှုကို ရှောင်ရှားရန် ခက်ခဲပေလိမ့်မည်။
ရီဖူရှင်းက ရယ်မောလိုက်သည်။ သွမ့်ဝူကျီက သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။
“နောက်မှတွေ့မယ်”
ထို့နောက် သူသည် လှည့်ထွက်သွားတော့သည်။ သူက အင်ပါယာတုန်း နန်းတော်သို့ ပြန်သွားခဲ့၏။
လူများအားလုံးသည် သူတို့၏ အပြန်လမ်း၌ ရှိနေကြသည်။ များပြားလှသော တန်ခိုးရှင်များသည် ကောင်းကင်တွင် ပျံသန်းနေကြသည်။
“သွမ့်ဝူကျီက လူကောင်းနဲ့ တူတယ်။ အရင်တစ်ခေါက်တုန်းက အင်ပါယာခွာရဲ့ အပျက်အစီး နယ်မြေမှာလည်း ရှင့်ကို ကူညီပေးခဲ့ပြီးတော့ အမွေအနှစ်တွေ ဆက်ခံ ခဲ့ရတာကိုလည်း မနာလို မဖြစ်ဘူး” ရှားရှင်းယွန်က ခပ်တိုးတိုး ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်သည်။ သွမ့်ဝူကျီသည် ရှင်းခိုင်နှင့် မတူဘဲ ယုံကြည်၍ရသော သူမျိုး ဖြစ်လေသည်။
ဖြစ်နိုင်သည်က သူတို့ ကြီးပြင်းလာခဲ့သည့် ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေလိမ့်မည်။
သွမ့်ဝူကျီသည် မင်းသားတစ်ပါး ဖြစ်သည့်အတွက် အခြားလူများနှင့် ယှဉ်ပြိုင်ရန် မလိုအပ်ပေ။ သူ ပိုင်ဆိုင်သမျှသည် အမြဲ အကောင်းဆုံးပင် ဖြစ်ပေမည်။
ရှင်းခိုင်သည် အမြဲ တစ်စုံတစ်ခု အတွက် ယှဉ်ပြိုင ်တိုက်ခိုက်ရမည့် တာဝန် ရှိပေသည်။ သူသည် အမြဲ ပြီးပြည့်စုံပြီး အတောက်ပဆုံးလူ ဖြစ်လာရန် ကြိုးစားနေရ၏။
သူသည် မာနကြီးကာ မောက်မာသည်။ သူက လူတိုင်းမှာ ကျရှုံးသည့်အချိန် ရှိတတ်သည်ဟု ပြောသော်ငြားလည်း သူကိုယ်တိုင် ရှုံးနိမ့်ခဲ့သည့်အခါ ထိုအချက်အား လက်ခံရန် ခက်ခဲခဲ့၏။
“အင်း …. သူက မိတ်ဆွေဖြစ်ဖို့ ထိုက်တန်တယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။
“ဒါဆို ရင်ထျန်းကျောက်ရော။ သူမလည်း ကောင်းတာပဲ” ရှားရှင်းယွန်က ရှေ့သို့ ကြည့်နေရင်း ညင်သာစွာ ပြောသည်။
“ …”
ရီဖူရှင်း၏ မျက်နှာထက်တွင် ထူးဆန်းသော အကြည့်တို့ ပေါ်ပေါက်လာသည်။ မင်းသမီးရဲ့ ရည်ရွယ်ချက်က ဘာလဲ။
သူမက အဘယ်ကြောင့် ရုတ်တရက်ကြီး ရင်ထျန်းကျောက် အကြောင်း ပြောရသနည်း။
ထိုအချိန်တွင် ပြင်းထန်သည့် အသက်စွမ်းအား အငွေ့အသက်များက သူတို့ နောက်မှ တိုးဝှေ့လာသည်။ သူတို့ တော်ဝင်နန်းတော်မှ ထွက်ခွာလာသည်မှာ တစ်ခဏသာ ရှိသေးသော်လည်း အသက်စွမ်းအားများက သူတို့ထံ ရောက်လာကြပြီ ဖြစ်၏။
အန္တရာယ်ကို သတိထားမိသည်နှင့် ရီဖူရှင်းနှင့် အခြားလူများသည် သူတို့၏ ခေါင်းများကို လှည့်ကာ ကြည့်သည်။ ရီဖူရှင်းနှင့်အတူ ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်နှစ်ဦး ဖြစ်သော ချန်ယဲ့မြို့စားဟောင်း ဆန်းထျန်ကျန့်နှင့် ဝူယုံးတို့လည်း ရှိနေသည်။
အင်ပါယာခွာ၏ အမွေအနှစ်ကို ဆက်ခံခဲ့ရသောကြောင့် ချန်ယဲ့မြို့တွင် တိုက်ပွဲဖြစ်ပွား စေခဲ့သည်။ သူတို့သည် ပြိုင်ဘက်များကို အောင်မြင်စွာ တွန်းလှန် နိုင်ခဲ့သော်လည်း အမြဲတမ်း သတိထားနေခဲ့ကြ၏။
ထို့ကြောင့် ဤတစ်ကြိမ်၌ ရီဖူရှင်းက မက်မွန်ပွဲတော်သို့ တက်ရောက်သည့်အခါ ချန်ယဲ့မြို့မှ ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင် နှစ်ဦးပါ သူနှင့် လိုက်ပါလာခြင်း ဖြစ်သည်။
သို့သော် ထိုအခိုက်တွင် ပြန်လည်မွေးဖွားခြင်း အဆင့် နှစ်ယောက် မျက်မှောင်ကြုတ် သွားကြသည်။ သူတို့သည် ခေါင်းကို ပြန်လှည့်ကာ အဝေးသို့ ကြည့်ရင်း ခပ်တိုးတိုး ပြောသည်။ “ရှေးဟောင်း တော်ဝင်မြို့က လူတွေပဲ”
အဝေး တစ်နေရာမှ အော်မြည်နေသည့် လေပြင်းနှင့် တိမ်တိုက်များ အလယ်တွင် တန်ခိုးရှင်များသည် အကာအကွယ်ပင် မယူဘဲ ချဉ်းကပ် လာနေကြသည်။ ထိုလူစုကို ဦးဆောင်လာသူမှာ ရှင်းခိုင် ဖြစ်သည်။
ထိုလူစုသည် ရီဖူရှင်းနှင့် အခြားလူများကို လျင်မြန်စွာ လိုက်မီသွားကြပြီး သူတို့နှင့် ဘေးချင်းယှဉ်လျက် လျှောက်လာကြသည်။
ရီဖူရှင်းက သူ၏ ခြေလှမ်းကို ဆက်လှမ်းလိုက်ကာ သူတို့ကို လျစ်လျူရှုထားသည်။
သို့ရာတွင် ရှင်းခိုင်က စကား စပြောသည်။ “မက်မွန်ပွဲတော် အတွင်းမှာ မင်းရဲ့ စွမ်းဆောင်မှုက အတော်လေး အထင်ကြီး လောက်စရာပဲ။ ကျုပ်က မင်းရဲ့ အစစ်အမှန် ခွန်အားကို သိချင်နေမိတယ်”
သူ့မျက်လုံးများက တဖြည်းဖြည်း ရီဖူရှင်းဆီသို့ ရွေ့လာသည်။
ရီဖူရှင်းသည်လည်း သူ့ကို ကြည့်လိုက်ကာ ရယ်ရင်း ပြောသည်။ “အစစ်အမှန် ခွန်အားလား။ အဲဒါကလည်း ကောင်းမှာပေါ့”
“ကျုပ် မစမ်းကြည့်ရရင် ဘယ်လို သိပါ့မလဲ” ရှင်းခိုင်က ပြောသည်။ သူက တိုက်ရိုက်ပင် ရီဖူရှင်းထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကာ သူ၏ ပြင်းထန်သော အသက်စွမ်းအား အငွေ့အသက်များအား ထုတ်လွှတ်၏။
ရီဖူရှင်းအနီးရှိ လူများက မျက်မှောင်ကြုတ်သည်။ တစ်စုံတစ်ယောက်က သူ့ကို တားဆီးရန် ကြိုးစားနေ၏။
ရီဖူရှင်း၏ မျက်လုံးများက အေးစက်သွားသည်။ ရှင်းခိုင်က ဘာလုပ်ချင်တာလဲ။
သူကလည်း ခြေတစ်လှမ်းဖြင့် ရှင်းခိုင် ရှိနေရာသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ ပညာရှိကျမ်းသည် ရုတ်တရက် အသက်ဝင်လာပြီး ကြောက်မက်ဖွယ်စွမ်းအားများသည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလာ၏။
မက်မွန်ပွဲတော်တွင် ရီဖူရှင်းက အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်အား ပြသခဲ့သော်လည်း သူသည် စိတ်ကြီးဝင်ကာ ရှင်းခိုင်ကို လွယ်လွယ်ကူကူ အနိုင်ရမည်ဟု မတွေးထားပေ။
ရှင်းခိုင်သည် ယခင်စံချိန်ကိုပင် ရောက်ရှိခဲ့သူ ဖြစ်ပြီး သူ၏ အဆင့်အစစ်မှာ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ဖြစ်ကာ ရီဖူရှင်းထက် တစ်ဆင့်ပို၍ မြင့်သည်။
ရှန့်ထိုအဆင့်တွင် အဆင့်တစ်ဆင့် ကွာခြားခြင်းသည် ကောင်းကင်နှင့် မြေကြီးပမာ ကြီးမား၏။ ထို့အပြင် ရှင်းခိုင်သည် သွေးနဂါးဘုံတွင် အတော်ဆုံးထဲမှ တစ်ယောက်လည်းဖြစ်၏။
ကြီးမားသော လက်ဝါးရိပ်သည် လေတိုးသံပေးကာ တိုးဝင်လာသည်။ ၎င်းတို့က စွမ်းအားများကို ဝါးမျိုပြီး ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအားများကို ထုတ်လွှတ်၏။ တစ်ခဏအတွင်းတွင် လက်ဝါးရိပ်များသည် အလွန် လျင်မြန်လှသော အရှိန်ဖြင့် ကျဆင်းလာခဲ့သည်။
ရီဖူရှင်းက သူ့လက်ကို မြှောက်လိုက်ပြီး ကောင်းကင်သို့ ခြေလှမ်းသည်။ ဟွမ်ထန်း လက်သီးအားသည် ပေါက်ကွဲထွက်လာပြီး လေထဲသို့ အဆက်မပြတ် ထိုးနှက်၏။ လက်သီး ဆယ့်တစ်လွှာ၏ အရှိန်အဝါသည် ကြီးမားသည့် လက်ဝါးရိပ်ဆီသို့ ပြင်းထန်စွာ ရောက်ရှိလာခဲ့သည်။
ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ကြီးမားသည့် လက်ဝါးရိပ်နှင့် လက်သီး အရှိန်အဝါတို့က နှစ်ခုလုံး ပြာမှုန်များအဖြစ် ပြောင်းလဲသွား၏။
ရှင်းခိုင်က လေထဲသို့ တက်လာပြီး သူ၏ ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများကို ထုတ်လွှတ်၏။
ရုတ်ခြည်းပင် တိုက်ခိုက်ရေး အရှိန်အဝါသည် လောကတစ်ခွင်ကို လွှမ်းခြုံသွားခဲ့သည်။ တိုက်ခိုက်ရေးစွမ်းအား ရောင်ဝါများသည် သူ့ခန္ဓာထက်တွင် ပေါ်ထွက်လာပြီး ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဉ်နှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။ မဟာလမ်းစဉ်၏ မရေတွက်နိုင်သော အလင်းရောင်စဉ် များသည် သူ့ကိုယ်ပေါ်တွင် ပျံသန်းနေပြီး စစ်နတ်ဘုရား သဏ္ဌာန် ဖွဲ့တည်လာ၏။ ၎င်းအား သန့်စင်သော တိုက်ခိုက်ရေးစွမ်းအားများနှင့် ဖန်တီးထားခြင်း ဖြစ်သည်။
ထို့အပြင် ရီဖူရှင်း၏ ခန္ဓာအနီး ဝန်းကျင်တစ်ခုလုံး၌ ရှင်းခိုင်၏ တိုက်ခိုက်ရေး စွမ်းအားများက ရစ်ပတ်ထား၏။
ပြင်းထန်သည့် တိုက်ခိုက်ရေး စွမ်းအားများသည် ကြီးမားသည့် လက်ဝါးရိပ်ကြီး အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်မှ ကျဆင်းလာခဲ့၏။ ထိုလက်ဝါးသည် စစ်နတ်ဘုရားဆီမှ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။ ရီဖူရှင်း၏ ခန္ဓာသည် အလင်းများဖြင့် ထိန်းချုပ် ခံထားရသည်။ လက်ဝါးရိပ်ကြီး ကျဆင်းလာနေရာတွင် ရောင်ဝါများက ပြည့်လျှမ်းနေကာ ကောင်းကင်ကို ဖုံးလွှမ်းထားသည်။
“ဘုန်း …” ပညာရှိကျမ်း ပေါက်ကွဲ ထွက်လာသောအခါ သူ၏ အသွေးအသားများမှ ဖြစ်တည်လာသည့် မီးပြင်းဖိုမှ လှံရှည်များသည် နတ်ဘုရားလှံရှည်များ ကဲ့သို့ ပြောင်းလဲသွားပြီး အထက်သို့ တက်သွားခဲ့သည်။ ရတနာလှံသည် ရီဖူရှင်း၏ လက်ထဲ၌ ပေါ်ပေါက်လာ၏။
လှံရှည်၏ အရှိန်အဝါများသည် အလွန်ပြင်းထန်၏။ ရီဖူရှင်းသည် မကြာသေးခင်က သင်ယူထားသည့် ပညာရပ်ကို ထုတ်ဖော်အသုံးပြုလိုက်ပုံရသည်။
ရတနာလှံသည် တည့်တည့် ပြေးဝင်သွားပြီး ကျဆင်းလာနေသော ကြီးမားသည့် လက်ဝါးရိပ်ကြီးနှင့် တိုက်မိသွားသည်။ လှံရှည်၏ အဆုံးမဲ့ အလင်းများက လေထဲတွင် ပျံသန်းနေပြီး တစ်နေရာထဲသို့ ဆုံစည်းသွားသည်။
ဤတွင် ဧရာမ လက်ဝါးကြီးပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာသည်။ လှံရှည်၏ အလင်းများသည် ထိုနေရာသို့ ဆက်လက်၍ တိုက်ခိုက်နေပြီး ချက်ချင်းပင် ပိုမိုများပြားသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာနေသည်။
ဘုန်း …
ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ လှံရှည်နှင့် ကျဆင်းလာနေသည့် လက်ဝါးရိပ်ကြီးတို့သည် ပြာမှုန်များ အဖြစ် ပျက်စီးသွားခဲ့သည်။
ရှင်းခိုင်သည် စတင်၍ တစ်လှမ်းချင်း ရှေ့သို့ လျှောက်လာကာ ရီဖူရှင်းနှင့် နီးကပ်လာသည်။
မဟာလမ်းစဉ်၏ များပြားလှသော လက်ဝါးရိပ်များသည် ဝင်္ကပါသဖွယ် ကောင်းကင်ကို ဖုံးလွှမ်းကာ နေမင်းကို ကာဆီးထားသည်။ မရေတွက်နိုင်သည့် အလင်းရောင်စဉ်များသည် သူ့အနောက်ရှိ စစ်နတ်ဘုရား ပုံရိပ်ကြီးအထက်တွင် ပေါ်ပေါက်လာ၏။
လေပြင်းနှင့် တိမ်တိုက်များသည် ကောင်းကင်နှင့် မြေကြီးကြားတွင် အော်မြည်နေသည်။ ပြင်းထန်လှသည့် တိုက်ခိုက်ရေးစွမ်းအား သက်သက်ကပင်လျှင် လူအများကို မွန်းကျပ်စေကာ ဖိနှိပ်နိုင်သည်။
ရီဖူရှင်းသည် ရှင်းခိုင်၏ ရှေ့တွင် ရပ်နေပြီး ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေးစွမ်းအားမှ ထွက်ပေါ်လာသည့် ကြီးမားသော အရှိန်အဝါအား ခံစားမိ၏။
သူက ရှင်းခိုင်၏ မျက်လုံးများအား ကြည့်သည်။ ထိုအေးစက်စက် မျက်လုံးအစုံကို ဖြတ်၍ ရှင်းခိုင် မည်သို့ စဉ်းစားနေသည်ကို ဖော်ထုတ်ရန် ကြိုးစား၏။
သူက ရှင်းခိုင်၏ မျက်လုံးများထဲတွင် လူသတ်လိုသည့် အငွေ့အသက်များကို မြင်တွေ့သည်။
လူသတ်လိုသည့် အတွေးများကို ခံစားမိလိုက်လျှင် ရီဖူရှင်း မျက်မှောင်ကြုတ်သည်။ ရှင်းခိုင်က သူ့ကို သည်နေရာမှာ သတ်ဖြတ်ရန် ကြိုးစားလိုနေသည်လား။
ထိုအချိန်တွင် အဝေးတစ်နေရာမှ အော်မြည်နေသော အသံတို့ ထွက်ပေါ်လာသည်။ မက်မွန်ပွဲတော်မှ ထွက်ခွာလာသည့် များလှစွာသော လူများသည် စူးစမ်းကာ ထိုနေရာသို့ စုဝေးလာကြသည်။
သူတို့သည် တိုက်ပွဲနေရာသို့ ရောက်ပြီးသည့်အခါ အလွန်အမင်း စိတ်ဝင်စား သွားကြ၏။
ရှင်းခိုင်က ရီဖူရှင်းနှင့် တိုက်ခိုက်နေခြင်း ဖြစ်၏။
ဘာတွေ ဖြစ်ကုန်တာလဲ …
ရှင်းခိုင်သည် ရီဖူရှင်း၏ စွမ်းဆောင်ရည်များကို မနာလို စိတ်တိုသွားသောကြောင့် သူ့ကို ပညာပေးလိုနေသည်လား။
သူ၏ ဂုဏ်သိက္ခာကို သက်သေပြရန် ဤနည်းလမ်းကို အသုံးပြုချင်နေသည်လား။
သို့သော် တစ်ခုရှိသည်မှာ ရှင်းခိုင်သည် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ဖြစ်ပေသည်။ သူ့အဆင့်သည် ရီဖူရှင်းထက် မြင့်နေသည်ကြောင့် သူက ရီဖူရှင်းကို အနိုင်ရခဲ့လျှင်ပင် ထိုသည်က သက်သေပြရန် ဖြစ်နိုင်မည် မဟုတ်ဘဲ အခြားတစ်ဖက်တွင် လူအများသည် သူက ရီဖူရှင်းကို မနာလို ဖြစ်နေသည်ဟု ထင်ကြပေလိမ့်မည်။
ထိုအချိန်တွင် လက်ဝါးရိပ်ကြီးသည် ကောင်းကင်ကို ဖုံးလွှမ်း၍၊ နေမင်းကို ကာဆီး၍ နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ရှင်းခိုင်သည် ထောက်ထား ညှာတာခြင်း မရှိခဲ့ပေ။
ထိုအခိုက်၌ ရီဖူရှင်းသည် ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းထားသည့် ထိုလက်ဝါးရိပ်ကြီး အတွင်းတွင် သူ့တစ်ကိုယ်လုံး နစ်မြုပ်သွားတော့မလို ထင်မှတ်လိုက်ရသည်။
ရီဖူရှင်းသည် ပညာရှိကျမ်းကို အဆုံးစွန်ထိ ထုတ်လွှတ်သည်။ တောက်ပသော အရှိန်အဝါများနှင့် ရှည်လျားသည့် လှံတစ်ချောင်းသည် သူ့လက်ထဲတွင် ထွက်ပေါ်လာသည်။ လက်ဝါးရိပ်က ကျဆင်းလာသည့်အခါ သူသည် ရုတ်ခြည်းပင် ရိုက်ချက်ကို ဖော်ဆောင်လိုက်ကာ ယင်းကို ဖျက်ဆီးပစ်သည်။ သို့သော်လည်း လှံရှည်သည် တိုက်ခိုက်ရေး လက်ဝါးရိပ်ကြီးနှင့် တိုက်မိပြီးနောက် ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
သို့ရာတွင် ကျဆင်းလာနေသည့် လက်ဝါးရိပ်ကြီးက အဆုံးမရှိပေ။
သိသာစွာပင် ရှင်းခိုင်၏ တိုက်ခိုက်မှုသည် မက်မွန်ပွဲတော်၌ တိုက်ခိုက်စဉ်ကထက် ပို၍ ပြင်းထန်လာသည်။ မက်မွန်ပွဲတော် အတွင်းတွင် ရှင်းခိုင်သည် သူ၏ ကိုယ်ပိုင်စွမ်းအားများကို ထိန်းချုပ်ထားရသော်လည်း အခုချိန်၌ ရှင်းခိုင်သည် သနားညှာတာမှု ကင်းမဲ့နေသည်။
ဘန်း … ဘန်း … ဘန်း …
ရီဖူရှင်း၏ ခန္ဓာသည် တည်နေရာ ပြောင်းရွှေ့သွားခဲ့ပြီး လေထဲသို့ လျှပ်တစ်ပြက် ခုန်တက်သွားသည်။ သူက ဆက်လက်၍ လှံရှည်ကို လက်ဝါးရိပ်ကြီးထံသို့ ထိုးသွင်းကာ တစ်ချိန်တည်းမှာပင် ရှောင်တိမ်းရန် ခြေကွက်သုံးသည်။
ရှင်းခိုင်က အေးစက်စက်ဖြင့် နှာခေါင်း တစ်ချက်ရှုံ့၏။ သူက ကောင်းကင်သို့ ခြေလှမ်းလိုက်သည်တွင် သူ့အနီးမှ ပုံရိပ်ယောင်များသည် အလွန်အမင်း တောက်ပလာသည်။ သူက လက်ကို အောက်သို့ တွန်းလိုက်သည်တွင် စစ်နတ်ဘုရား သဏ္ဌာန်ကလည်း သူ့အတိုင်း လိုက်လုပ်ကာ လက်ဝါးရိပ် တစ်ခုကို ရီဖူရှင်းထံသို့ ကျဆင်းစေ၏။
ရုတ်တရက် ရီဖူရှင်း၏ ခေါင်းထက်မှ အဆုံးမဲ့သော လက်ဝါးရိပ်များသည် တစ်ခုတည်း ဖြစ်လာကာ စစ်နတ်ဘုရား၏ အစစ်အမှန် လက်ဝါးကြီးကဲ့သို့ ပြောင်းလဲသွားသည်။ အရာရာက အပိုင်းပိုင်း ချေမွခံရတော့မလို ကောင်းကင်နှင့် မြေကြီးသည် အော်မြည်လာ၏။
ရီဖူရှင်း၏ ခန္ဓာကိုယ်သည် လက်ဝါးကြီး၏ အောက်တွင် ရှိနေသည်။ မရေတွက်နိုင်သည့် လှံရှည်များသည် လေထုအတွင်း ထိုးဖောက်ကာ အဆုံးမဲ့ ကြီးမားသည့် လက်ဝါးရိပ်ကြီးပေါ်သို့ ကျရောက်သွားသော်လည်း မနှိုင်းယှဉ်သာသည့် တိုက်ခိုက်ရေး အရှိန်အဝါတို့က ယင်းတို့ကို ဖျက်ဆီးသွားတော့သည်။
ရီဖူရှင်းက သူ့ခေါင်းကို ပင့်မကာ စွမ်းအားများကို ခံစားသည်။ သန့်စင်သည့် ရတနာလှံသည် သူ့ လက်ဝါးထဲတွင် ပေါ်ပေါက်လာသည်။ ယင်းသည် စွမ်းအားများကို ဆက်လက် ဝါးမျိုနေပြီး မဟာလမ်းစဉ်၏ အရှိန်အဝါကို ထုတ်လွှတ်ပေးနေ၏။ စွမ်းအားများဖြင့် သဏ္ဌာန်တည်လာသည့် တိုက်ခိုက်ရေး လှံရှည်သည် အပိုင်းပိုင်းအစစ အဖြစ်သို့ ချေမွခံလိုက်ရသည်။
ဟူး …
ရီဖူရှင်းက ရှေ့ကို လှမ်းလိုက်လျှင် သူ့ခန္ဓာသည် တစ္ဆေတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ ရတနာလှံသည် ထိုးထွက်လာသည်။ ကောင်းကင်နှင့် မြေကြီးသည် အားလုံး ပြာမှုန်အဖြစ် ပြောင်းလဲ သွားတော့မလို တဝီဝီ အော်မြည်နေသည်။
လှံရှည်သည် ကောင်းကင် အတိုင်းအဆမရှိ လက်ဝါးရိပ်ကြီးထံသို့ ထိုးဝင်သွားသော်လည်း ယင်းသည် မချိုးဖျက်နိုင်ခဲ့ပေ။ လက်ဝါးရိပ်ကြီးသည် အစစ်အမှန် နတ်ဘုရားဖြစ်တည်မှု ကဲ့သို့ပင် လောကကြီးရှိ အရာအားလုံးကို အဆုံးသတ် ပစ်တော့မယောင် ထင်မှတ်ရသည်။ လက်ဝါးရိပ်ပေါ်ရှိ တိုက်ခိုက်ရေး စွမ်းအားများသည် မရေတွက်နိုင်သည့် ရွှေရောင်လျှပ်စီးများ ကဲ့သို့ ပြောင်းလဲသွားကာ ကျဆင်းလာပြီး ရီဖူရှင်း၏ ခန္ဓာသို့ ရိုက်ခတ်လာသည်။
နေရာတစ်ခုလုံးတွင် ကြောက်မက်ဖွယ် အဖျက်အဆီး စွမ်းအားများဖြင့် ပြည့်နှက်နေပြီး နစ်မြှုပ်ဝါးမျိုရန် ကြိုးစားနေသည်။
“မင်းက သေချင်နေတာပဲ” ရှင်းခိုင်က ပြောသည်။ ရှင်းခိုင်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းများ ဖြတ်ပြေးသွားသည်။ သူက တိုက်ရိုက် တိုက်ခိုက်ရဲသည်လား။ ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေး စွမ်းအားများသည် နတ်ဘုရားပြစ်ဒဏ် အလင်းများကဲ့သို ပြောင်းလဲသွားသည်။ ဤသည်ကို မည်သူက ခုခံနိုင်မည်နည်း။
ကျယ်ပြောလှသည့် နေရာအတွင်း ဖျက်ဆီးခြင်းစွမ်းအား အလင်းများကို ကြည့်ပြီး များပြားလှသော တန်ခိုးရှင်များမှာ ခေတ္တမျှ မှင်တက်သွားကြကာ သူတို့၏ နှလုံးသားများက ကြမ်းတမ်းစွာ ခုန်ပေါက်နေသည်။
သူတို့သည် ရုတ်ခြည်းပင် ရှင်းခိုင်က ရီဖူရှင်းနှင့် တိုက်ပွဲစွမ်းရည် စမ်းသပ် လေ့ကျင့်ရန်သာ မဟုတ်သည်ကို သတိပြုမိ သွားကြသည်။
သိသာစွာပင် သူက ရီဖူရှင်းကို သတ်ဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
သူတို့ တွေးခဲ့သည်မှာ ရှင်းခိုင်သည် ရီဖူရှင်းကို ရိုက်နှက်ရန် ကြိုးစားနေခြင်း ဖြစ်လျှင် လူအများက သူသည် ကျင့်ကြံဆင့် အားကိုး၍ အနိုင်ကျင့်သည်သာ ဖြစ်၏။
သို့သော် ရှင်းခိုင်သည် ရီဖူရှင်းကို အမြစ်ဖြတ် သုတ်သင်ရန် ကြိုစားနေသည်။ မည်မျှ ရက်စက်လိုက်သနည်း။
***