Switch Mode

အပိုင်း(၁၂၉၇)

မက်မွန်ပွဲတော်၏ အမှန်တရား

နတ်ဘုရားသိုင်းပညာ လျှောက်လမ်းတွင် ရီဖူရှင်း ရပ်နေပေသည်။ ကောင်းကင်ရှိ အားလုံးသော ကြယ်များမှာ ခမ်းနားထည်ဝါသည့် ကြယ်အစုအဝေး ကဲ့သို့ ပြောင်းလဲသွား၏။ ကြည့်ရသည်မှာ ကြယ်တာရာ ကောင်းကင်၏ အတွင်းတွင် နတ်ဘုရားကျောက်တုံးကို ဝှက်ထား သကဲ့သို့ပင် ဖြစ်သည်။

ကြယ်တာရာ ကျောက်တုံးတစ်ခုသည် ကောင်းကင်တစ်ခုဖြစ်ပြီး ကြယ်တစ်စင်းသည် တစ်ကမ္ဘာဖြစ်သည်။

အဆုံးမဲ့ တောက်ပနေသည့် ကြယ်အလင်းများသည် တစ်လောကလုံးကို ချိပ်ပိတ်ပစ်တော့မလို ကျဆင်းလာသည်။ ရီဖူရှင်း၏ ကိုယ်ပေါ်သို့ အလင်းများ ကျဆင်းလာပြီး ကြယ်ကောင်းကင်ကြီးက သူ့ကိုယ်ပေါ် လွှမ်းခြုံ နေသကဲ့သို့ ထင်မှတ်ရကာ သူသည် လှုပ်ရှားနိုင်ခြင်း အလျဉ်း မရှိတော့ပေ။

ကျောက်တုံးမှ အလင်းများသည် တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ကြယ်ကျောက်တုံးတွင် မူလကပင် မဟာလမ်းစဉ်၏ စွမ်းအားများ ပါဝင်နေသည်ဟု ထင်ရပေသည်။

ရီဖူရှင်းက စွမ်းအားများကို လေ့လာဆန်းစစ် နေခဲ့သည်။ သူသည် သူ၏ စွမ်းအား အသိများကို အဆုံးစွန်ထိ ထုတ်လွှတ်၏။ သူ့ခန္ဓာသည် မဟာလမ်းစဉ်၏ မီးပြင်းဖိုကဲ့သို့ ဖြစ်လာပြီး နားအူမတတ် ဆူညံသံများ ထွက်ပေါ်လာသည်။

သူသည် သူ့ခေါင်းကို ပင့်မကာ ကြယ်ကျောက်တုံးကို ကြည့်သည်။ သူ၏ မျက်လုံးများသည် ကြယ်တာရာ ကောင်းကင်၏ အဆုံးမဲ့ အလွှာများကို ဖြတ်၍ မြင်နေရ၏။ သူက ကျောက်တုံးအတွင်းသို့ ကြည့်လိုက်ပြီး အနှိုင်းမဲ့ပုံရိပ်တစ်ခု ထိုနေရာ၌ ရပ်နေသည်ကို မြင်ရသည်။ ထိုပုံရိပ်ထံမှလာသော စိတ်စွမ်းအားများမှာ မည်သူမှ တောင့်ခံနိုင်ခြင်း မရှိလောက်အောင် အားကောင်းလှသည်။

စိတ်စွမ်းအားများသည် ကြယ်ရောင်အလင်းများ၏ အကန့်အသတ်မဲ့ အရှိန်အဝါများနှင့် တွဲစပ်နေသည်။ ရီဖူရှင်းသည် ပြင်းထန်သည့် ဖိအား တစ်ခုချင်းစီကို တောင့်ခံနိုင်ရန် ကြိုးစားနေပြီး သူသည် အနည်းငယ်မျှ သတိလွတ်သွားသည်နှင့် ချက်ချင်း ခါထုတ် ခံလိုက်ရတော့မလိုပင် ဖြစ်၏။

“ဒါက အဲဒီလိုလား” ရီဖူရှင်းက ရေရွတ်သည်။ သူသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၏ အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။

ချီရှန်းက လျှောက်လမ်း နောက်ကွယ်က အဓိပ္ပာယ်ကို ကြေညာခဲ့ခြင်း မရှိသလို နတ်ဘုရားသိုင်းပညာ လျှောက်လမ်းကို ခြေချခဲ့ကြသည့် အားလုံးသော တန်ခိုးရှင်များသည်လည်း သတိပြုမိခြင်း မရှိခဲ့ကြသည်မှာ ဖြစ်နိုင်ပေသည်။

သူသာ အချို့သော ထူးခြားသည့် စွမ်းအားများကို မပိုင်ဆိုင် ထားခဲ့လျှင် သူသည်လည်း ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။

“ဒီမှာ ယူချင်းတစ်ယောက်ပဲ ဖြစ်သင့်တယ်” ရီဖူရှင်းက သူ့ကိုသူ ပြောကာ ရယ်မောသည်။ သူသည် တဖြည်းဖြည်းနှင့် စိတ်စွမ်းအားများကို ဖြေလျှော့သည်။ သူ၏ အနိုင်မခံ အရှုံးမပေး ဝိညာဉ်နှင့် စိတ်စွမ်းအားများသည် ပျောက်ကွယ်သွားခဲ့သည်။

သူက ကျေကျေနပ်နပ်ပင် လက်လျှော့လိုက်သည်။

ကြယ်ကောင်းကင် အတွင်း အဆုံးမဲ့ အလင်းများသည် သူ့ကို ဝါးမျိုရန် ကြိုးစား နေသကဲ့သို့ ထင်မှတ်ရသည်။ ကြယ်များ၏ လေပွေကဲ့သို့ စွမ်းအားအလယ်တွင် သူ့ခန္ဓာသည် လှည့်ပတ်ကာ နတ်ဘုရား သိုင်းပညာလျှောက်လမ်း အပြင်သို့ ပစ်လွှတ် ခံလိုက်ရသည်။

ရီဖူရှင်းသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၌ပင် ပေါ်ထွက်လာသည်။

တောက်ပစူးရှသည့် ရောင်ဝါများက သူ့ခန္ဓာကိုယ်ကို ဝန်းရံနေသည်။ သူသည် နောက်သို့ လျှောတိုက် ရွေ့လျား သွားခဲ့ပြီးနောက်မှ ရပ်တန့်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှ အသက်စွမ်းအားများသည် တဖြည်းဖြည်း ကွယ်ပျောက်သွား၏။

သူသည် ခြေလှမ်း ဆယ့်လေးလှမ်း လှမ်းခဲ့ပြီးသော်လည်း ပြင်းထန်သော စိတ်ခံစားချက်များ ရှိမနေပေ။ သူ့ကို ကြည့်ရသည်မှာ အတော်လေး စိတ်သက်သာရာ ရနေသည့် ပုံမျိုး ဖြစ်နေ၏။

မရေတွက်နိုင်သော မျက်လုံးအစုံများက ရီဖူရှင်းထံသို့ ကျရောက်လာကြသည်။ နောက်ဆုံး၌ သူ ထွက်လာခဲ့ပြီ ဖြစ်သည်။

သူသည်လည်း သမိုင်းဝင်စံချိန်ကို ရောက်ရှိသော်လည်း ချိုးဖျက်နိုင်စွမ်း မရှိခဲ့ပေ။

သို့သော်လည်း သူက သမိုင်းဝင်စံချိန်ကို မချိုးဖျက် နိုင်ခဲ့လျှင်ပင် ထိုသည်က ပုံမှန်ဖြစ်သည်။ သူက စံချိန်အား ရောက်ရှိခဲ့သည်ကပင် အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်ဖြစ်၏။

သံသယ ဝင်စရာ မလိုအောင်ပင် ဤတစ်ကြိမ် မက်မွန်ပွဲတော်၌ ရီဖူရှင်းသည် အာရုံစိုက်ခြင်း အခံရဆုံး လူဖြစ်ခဲ့သည်။ သူသည် များလှစွာသော လူများထံမှ ရေပန်းစားမှုကို ခိုးယူခဲ့ပြီး သူနှင့် ယှဉ်ပြိုင်နိုင်သည့် တစ်ဦးတည်းသော သူမှာ သူ၏ သူငယ်ချင်းကောင်း ယူချင်း ဖြစ်သည်။

ရှင်းခိုင်၏ အကြည့်များက ရီဖူရှင်းထံသို့ ကျရောက်လာသည်။ သူသည် မက်မွန်ပွဲတော် မတိုင်ခင်တွင် ရီဖူရှင်းကို မည်သည့်အချိန်ကမှ ပြိုင်ဘက်အဖြစ် မမြင်ခဲ့ပေ။

သို့သော် ယခုတွင် လူအများ၏ အမြင်၌ ရီဖူရှင်းသည် ယခင်ကနှင့် ခြားနားသွားခဲ့ပြီ ဖြစ်သည်။

ဤ ချန်ယဲ့မြို့၏ မြို့စားသည် သူ၏ မျိုးဆက်အတွင်း အလွန်ပင် ထူးချွန်လှသည့် သူဖြစ်လာကာ အချို့သော လူအနည်းငယ်သာ သူနှင့် ယှဉ်နိုင်လိမ့်မည် ဖြစ်သည်။

သွေးနဂါးဘုံ၏ ကျယ်ပြန့်လှသည့် နယ်မြေတွင် ဒေသဘုရင် အဆင့် သတ်မှတ်ချက်၌ ဝင်သည့် များပြားလှသော ပုဂ္ဂိုလ်များပင်လျှင် သူ့ထံ၌ ဖိနှိပ် ခံခဲ့ရပေသည်။

ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်သည်။ သူမသည် သူ့ဆီသို့ လျှောက်လာကာ ခပ်တိုးတိုး မေးလိုက်၏။ “ဘာလို့ ထွက်လာခဲ့တာလဲ”

အခြားလူများသည် ရှားရှင်းယွန်၏ စကားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

သူက မိမိသဘောဖြင့် ထွက်လာခြင်းလား။

သူက ဆယ့်လေးလှမ်းမြောက် ခြေလှမ်းကို လှမ်းကာ စံချိန်ကို ပြည့်မီခဲ့သည်။ သို့သော် သူမ ပြောသည်က ‘သူကိုယ်တိုင် ထွက်လာတာ’ ဟူ၍ ဖြစ်နေသည်လား။

သူမ၏ အမြင်တွင် ခြေလှမ်းများသည် ရီဖူရှင်းအတွက် မခက်ခဲဘဲ သူက လွယ်ကူစွာ လုပ်ဆောင်နိုင်မည့်ပုံ ပေါ်နေလေသည်။

ခြေလှမ်း ဆယ့်လေးလှမ်းက မလုံလောက်သေးသည်လား။

ရှင်းခိုင်ကား ဒေါသထွက်သလို ခံစားလိုက်ရသည်။ သူမက ထိုသို့ပြောပြီး သူတို့ကို ပြက်ရယ် ပြုနေသည်လား။

ရီဖူရှင်းသည် သူ ထွက်လာပြီးနောက်၌ အတော်လေး တည်ငြိမ်နေပုံ ရပြီး နတ်ဘုရားသိုင်းပညာ လျှောက်လမ်းကို တိတ်ဆိတ်စွာ ကြည့်နေပေသည်။

“ကျုပ်က ခြေလှမ်းဆုံးတဲ့အထိ အကောင်းဆုံး ကြိုးစားခဲ့တယ်။ အဲဒါကြောင့် ထွက်လာခဲ့တာ” ရီဖူရှင်းက ပြုံးကာ ရှားရှင်းယွန်ကို ပြောသည်။ ရှားရှင်းယွန်က သူ့ကို ကြည့်ကာ မျက်ခုံးပင့်သည်။ သူမ၏ အလိုလိုသိစိတ်က ပြောနေသည်မှာ ရီဖူရှင်းက အမှန် ပြောနေခြင်း မဟုတ်ပေ။

ဤလူသည် ကျိန်းသေ ဆက်သွားနိုင်စွမ်း ရှိပြီး စံချိန်ကို စိန်ခေါ်နိုင်ပေသည်။

သူက လက်လျှော့ရန် ရွေးချယ်လိုက်ခြင်းသာ ဖြစ်နိုင်၏။

သူက ထိုနေရာမှာ သူနှင့် ယူချင်း နှစ်ယောက်သာ ကျန်ရှိသည်ကို သိသည်ကြောင့် ယူချင်းနှင့် မယှဉ်လို၍ ဖြစ်နိုင်မလား။

ပုဆိန်၏ အရှိန်အဝါသည် နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၏ အထက်တွင် ထွန်းလင်း တောက်ပနေသည်။ အလွန်ကြီးမားသည့် နတ်ပုဆိန်ကြီးက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။

နတ်ဘုရားသိုင်းပညာ လျှောက်လမ်း တစ်ခုလုံးသည် ပျောက်ကွယ်လုနီးပါး ဖြစ်လာပြီး ပုံရိပ်တစ်ခုသည် မပီဝိုးတဝါးနှင့် ပေါ်ပေါက်လာသည်။

ထိုပုံရိပ်သည် ယူချင်း ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင် မိစ္ဆာနတ်ဘုရား၏ သရုပ်ဧကန်ပင် ဖြစ်သည်။ ပြင်းထန်သည့် နတ်ဆိုးစွမ်းအားများသည် သူ့ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေ၏။ ပုဆိန်ကြီးသည် သူ့လက်ထဲတွင် ပေါ်ပေါက်လာသည်။ သူသည် ပုဆိန်ကို အသုံးပြုကာ ရှေ့သို့ ဦးတည် ခုတ်ပိုင်းလိုက်သည်တွင် ကောင်းကင်သည် နှစ်ပိုင်းကွဲသွားခဲ့သည်။

ထိုစွမ်းအားကား အလွန်ကြီးမား လွန်းပေသည်။ သူ့ကို မည်သည့်အရာကမှ ရပ်တန့်နိုင်ဟန်မတူ။

ပုဆိန်၏ အလင်းသည် ကောင်းကင်ကို ဖြတ်၍ လင်းလက်လာပြီး နတ်တောင်ကိုပင် ခုတ်ပိုင်းသွားတော့မတတ် ဖြစ်လာပေသည်။

နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၏ စံချိန်အသစ်က ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

ချန်ယဲ့မြို့မှ ယူချင်းသည် သမိုင်းဝင်စံချိန်ကို ချိုးဖျက်ကာ ဆယ့်ငါးလှမ်းမြောက်ကို လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။

အထက်ကောင်းကင်၌ လေပြင်းများ တိုးဝှေ့ တိုက်ခိုက်နေသည်။ တိတ်ဆိတ်နေသည့် နတ်တောင်ပေါ်တွင် မရေတွက်နိုင်သည့် မျက်လုံးအစုံတို့သည် ယူချင်းကို ကြည့်နေကြ၏။

သူက နောက်ဆုံးတွင် လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ချီရှန်းနှင့် နတ်တောင်ပေါ်ရှိ စီနီယာများပင်လျှင် ထိုမြင်ကွင်းကြောင့် စိတ်ရှုပ်ထွေးကုန်ကြသည်။

ဤတစ်ကြိမ် မက်မွန်ပွဲတော်၌ နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၏ စံချိန်ကို တစ်စုံတစ်ယောက်က ချိုးဖျက်နိုင်လိမ့်မည်ဟု မည်သူက မျှော်လင့် ထားခဲ့လိမ့်မည်နည်း။

“သူက နောက်ထပ် ဒဏ္ဍာရီပုဂ္ဂိုလ် တစ်ဦး ဖြစ်လာလိမ့်မယ်” နတ်တောင်ပေါ်မှ အဘိုးအိုတစ်ဦးက မှတ်ချက်ပြုသည်။

“အမှန်ပဲ။ နောင်လာနောက်သားတွေက ဒီစံချိန်ကို ချိုးဖျက်ဖို့အတွက် နှစ်ပေါင်းများစွာ ကြာမြင့်လိမ့်မယ်” အခြားတစ်ယောက်ကလည်း ပြောသည်။

ယနေ့ ယူချင်း ဖန်တီးခဲ့သည့် စံချိန်သည် နှစ်ပေါင်းများစွာ အတွက် မှတ်တမ်း တင်ထားလိမ့်မည် ဖြစ်၏။

“အနည်းဆုံး နောက်နှစ်ပေါင်း တစ်ရာအတွင်း မက်မွန်ပွဲတော်မှာ သူ့ထက် သာလွန်နိုင်မယ့်သူ မရှိလောက်တာလည်း ဖြစ်နိုင်တယ်” နတ်တောင်ပေါ်မှ လူများက ပြောနေကြသည်။ သိသာစွာပင် သူတို့အားလုံး တွေးထင်ကြသည်မှာ ဤနှစ်၏ မက်မွန်ပွဲတော်က အမြင့်ဆုံးပင် ဖြစ်လိမ့်မည်ဟူ၍ ဖြစ်သည်။

နတ်ဘုရားသိုင်းပညာ လျှောက်လမ်းကို လျှောက်လှမ်းသည့် အချိန်အတွင်း တန်ခိုးရှင် တစ်ဦးသည် သမိုင်းဝင် စံချိန်သစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး တန်ခိုးရှင်တစ်ဦးက သမိုင်းဝင်စံချိန်ကို ရောက်ရှိခဲ့ကာ နောက်တစ်ယောက်ကတော့ ယခင်စံချိန်ကို ပြည့်မီခဲ့သည်။

ယခင်စံချိန်ကို ရောက်ရှိခဲ့သည်မှာ အလွန်ထူးကဲ သာလွန်သည်ဟု သတ်မှတ်နိုင်သော်လည်း ဤတစ်ကြိမ်၌ သိသာစွာပင် သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့သည်။

“ရှင်းခိုင်က ကံမကောင်းတာပဲ။ ဒါက သူ့ရဲ့ စိတ်အခြေအနေကို သက်ရောက်မှု ရှိစေမလား မသိတော့ဘူး” တစ်ယောက်က ပြောသည်။

ယခင်အကြိမ်များ၌ ဆိုလျှင် ရှင်းခိုင် စွမ်းဆောင်ခဲ့သည်မှာ လုံလောက်စွာ ကြီးကျယ်နေခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် သူသည် ရီဖူရှင်းနှင့် ယူချင်းတို့ကို တွေ့ဆုံခဲ့ရသည်။

ကြည့်ရသည်မှာ ဤမက်မွန်ပွဲတော်တွင် ရှင်းခိုင်သည် ရီဖူရှင်းနှင့် ယူချင်းတို့၏ ထူးချွန်ပြောင်မြောက်မှုကို ပြသနိုင်ဖို့ရာ ခြေနင်းတစ်ခု အဖြစ် အရှက်တကွဲ ဖြစ်ခဲ့ရပေသည်။

မာနကြီးသော သူ့အတွက် ကြီးမားသော ထိတ်လန့်မှု ဖြစ်ခဲ့ပြီး သူ့ထံတွင် ဆိုးဝါးသည့် အကြည့်များ ထွက်ပေါ်လာခဲ့သည်။

တောက်ပစူးရှသည့် အလင်းများသည် ယူချင်း၏ ပခုံးများထက်တွင် လင်းလက်နေသည်။ တစ်ခဏအကြာတွင် သူက ပြန်လှည့်လာသည်ကို မြင်လိုက်ကြရပြီး နတ်ဘုရားသိုင်းပညာ လျှောက်လမ်းမှ လှမ်းထွက်လာသည်။ သူက အခြားလူများ၏ ရှေ့သို့ ရောက်ရှိလာပြီး သူ့ကို နတ်ဘုရား အရောင်အဝါများဖြင့် လွှမ်းခြုံထားသည်။

“ဂုဏ်ပြုပါတယ်” ချီရှန်းက အပြုံးနှင့် ယူချင်းကို ပြောသည်။

“ကျေးဇူး အများကြီး တင်ပါတယ် အရှင်မင်းသား” ယူချင်းက ခေါင်းညိတ်ကာ ချီရှန်းကို ပြန်ပြောသည်။ ယူချင်းနှင့် ရီဖူရှင်း နှစ်ယောက်လုံးသည် ဤခရီးစဉ် အတွင်း၌ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်။ သွေးနဂါးဘုံ၏ မင်းသားသည် အမှန်ပင် အလွန် သဘောထား ကြီးလှပေသည်။

“မင်းရဲ့ အားထုတ်မှုကြောင့် ရခဲ့တာပါ။ ကျုပ်ကို ကျေးဇူးတင်စရာ မလိုပါဘူး” ချီရှန်းသည် ရယ်မောရင်း ပြောသည်။ သူသည် မကြာခင်၌ လူအုပ်ဘက်သို့ လှည့်ကာ ပြောသည်။ “မင်းတို့ အားလုံး နတ်ဘုရားသိုင်းပညာ လျှောက်လမ်းကနေ ရသင့်တာ ရခဲ့ကြမယ်လို့ ထင်ပါတယ်”

လူတိုင်းက ခေါင်းညိတ်သည်။ သူတို့ ခြေတစ်လှမ်း လှမ်းလိုက်သည့် အချိန်တိုင်း သူတို့ကို တိုက်ခိုက်သည့် နည်းစနစ်ကို ပို၍ ရှင်းလင်းစွာ မြင်နိုင်ခဲ့ကြပြီး ထိုသည်ကို ပို၍ နားလည် သဘောပေါက်လာကြသည်။ ထိုသည်မှာ နတ်ဘုရားသိုင်းပညာ လျှောက်လမ်း၏ မူလကျင့်စဉ် ဖြစ်ပေလိမ့်မည်။

ယူချင်းက စံချိန်အားလုံးကို ချိုးဖျက်နိုင်ခဲ့သည် ဖြစ်ရာ သူက ထိုအမြင်များကို ပြီးပြည့်စုံစွာ ရရှိခဲ့လိမ့်မည် ဖြစ်သည်။

သို့ပေမယ့် ရီဖူရှင်းနှင့် ရှင်းခိုင်သည်လည်း ထိုမှနေ၍ အကျိုးကျေးဇူး အများအပြား ရရှိသင့်ပေသည်။

“ဒီတစ်ကြိမ် မက်မွန်ပွဲတော်မှာ စံချိန်သစ် ဖန်တီးခဲ့တာကို မျက်မြင် တွေ့ခွင့်ရတာ ကျုပ်ရဲ့ ကံကောင်းမှုပါပဲ။ ဒီမျိုးဆက် လူတွေက သေချာပေါက် သမိုင်းသစ်ကို ဖန်တီး နိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။ အခုချိန်ကစပြီး သွေးနဂါးဘုံရဲ့ အနာဂတ်က မင်းတို့အပေါ်မှာ မူတည်နေတယ်” ချီရှန်းက ပြုံးကာ ပြောသည်။

လူတိုင်းသည် ထိုစကားများကို ကြားသည့်အခါ ရှုပ်ထွေးသော ခံစားမှုများ ဖြစ်ပေါ်လာသည်။ သွေးနဂါးဘုံ၏ ဤမျိုးဆက်က လူများသည် သမိုင်းသစ်ကို ဖန်တီးနိုင်စွမ်း ရှိလိမ့်မည် ဆိုခြင်းမှာ အားလုံးက ချန်ယဲ့မြို့မှ လူများကြောင့်သာ ဖြစ်ကြောင်း ပြောနိုင်ကြပေသည်။

ယူချင်းနှင့် ရီဖူရှင်းကိုသာ ဖယ်လိုက်လျှင် သွေးနဂါးဘုံ၏ ပျမ်းမျှ အရည်အချင်းမှာ ယခင်ကနှင့် တူညီစွာပင် ဖြစ်ပေလိမ့်မည်။

အင်ပါယာရှားဘုံမှ ဤ လူအနည်းငယ်က သွေးနဂါးဘုံတွင် မုန်တိုင်းထန် စေလိမ့်မည်လား။

“ဒါဆို ဒီတစ်ကြိမ် မက်မွန်ပွဲတော်က ဒီမှာတင် ပြီးဆုံးသွားခဲ့ပါပြီ” ချီရှန်းက ဆက်ပြောသည်။

လူများ၏ မျက်နှာမှာ မတူကွဲပြားသော သဏ္ဌာန်များ ဖြစ်နေကြသည်။ အချို့သည် တည်ငြိမ်နေသော်လည်း အချို့သည် ရလဒ်ကို လက်ခံရန် ဆန္ဒ မရှိကြပေ။

“ကျေးဇူးတင်ပါတယ် အရှင်မင်းသား” လူများသည် ယဉ်ကျေးသမှုနှင့် အရိုအသေ ပြုကာ ထွက်ခွာရန် ခွင့်တောင်းလိုက်ကြသည်။

မကြာခင် သူတို့သည် ဤနေရာမှ ပြန်လည်ထွက်ခွာ သွားတော့သည်။

“သွားကြရအောင်” ရီဖူရှင်းက ယူချင်းနှင့် ရှားရှင်းယွန်ကို ပြောသည်။ သူတို့သည် နေရာမှ ထွက်ခွာလိုက်ပြီး ရီဝူချင်းနှင့် အခြားလူများနှင့် သွားရောက်တွေ့ဆုံသည်။ မကြာခင် သူတို့သည် လျင်မြန်စွာဖြင့် နတ်တောင်မှ ထွက်ခွာသွားကြတော့သည်။

လူများအားလုံးသည် တောင်မှ ထွက်ခွာကာ လမ်းလျှောက် ဆင်းလာကြသည်။ တောင်ခြေတွင် များလှစွာသော လူများသည် သူတို့အတွက် လမ်းဖယ်ပေးကြပြီး ရီဖူရှင်းကို ကြည့်သည့် သူတို့၏ အကြည့်များမှာ ခြားနားနေသည်။

နတ်တောင် ထိပ်ဖျားတွင်တော့ ကြွေကျနေသည့် မက်မွန်ပန်းပွင့်များနှင့် ဖုံးလွှမ်းထားသည်။ ထွက်ခွာ မသွားသေးသည့် တစ်ဦးတည်းသော သူမှာ ယွီရှီးဖေးဖြစ်ပြီး သူမသည် ချီရှန်း၏ ဘေး၌ ရပ်နေသည်။

လူအများ ထွက်ခွာသွားသည်ကို ကြည့်ပြီး ယွီရှီးဖေးသည် ချီရှန်း၏ မျက်နှာကို လှည့်ကြည့်သည်။

“ဘာကို ကြည့်နေတာလဲ” ချီရှန်းက နူးညံ့သည့် အပြုံးလေးနှင့် မေးသည်။

“နတ်ဘုရားသိုင်းပညာ လျှောက်လမ်းရဲ့ အတွင်းမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ” ယွီရှီးဖေးက သူမ၏ အဆင့်အတန်းကို ဂရုမစိုက်ဘဲ ပွင့်ပွင့်လင်းလင်း မေးသည်။

“မင်း သိချင်လို့လား” ချီရှန်းက ပြန် မေးလိုက်၏။

“အင်း” ယွီရှီးဖေးက ခေါင်းညိတ်ကာ ပြောသည်။ “ဒါပေမဲ့ ပြောပြလို့ မရရင်လည်း ကိစ္စမရှိပါဘူး။”

“မပြောပြနိုင်စရာ မရှိပါဘူး” ချီရှန်းက ရယ်မောကာ ပြောသည်။ “တကယ်တော့ နတ်ဘုရားသိုင်းပညာ လျှောက်လမ်းမှာ ဝင်္ကပါရှိတယ်။ မင်းက နတ်ဘုရားသိုင်းပညာ လျှောက်လမ်းကို ခြေချလိုက်ပြီ ဆိုတာနဲ့ အထဲက ဝင်္ကပါစွမ်းအား တွေရဲ့ တိုက်ခိုက်မှုကိုပဲ ရင်ဆိုင်ရမှာ မဟုတ်ဘူး။ တခြား တန်ခိုးရှင်တွေရဲ့ တိုက်ခိုက်မှုကိုလည်း ရင်ဆိုင်ရမယ်။ မင်းရဲ့ စိတ်စွမ်းအားက တခြား နတ်ဘုရားသိုင်းပညာ လျှောက်လမ်းရဲ့ တိုက်ခိုက်မှု စွမ်းအားတွေမှာ သွားပြီး ပေါင်းစပ်လိမ့်မယ်။ ပထမဆုံး ခြေလှမ်းအနည်းငယ် လှမ်းနိုင်ဖို့ကတော့ ကံတရားပေါ်လည်း မူတည်ပေမယ့် အဆုံးထိ ရောက်လာတဲ့ တန်ခိုးရှင်တွေကတော့ အားလုံး …”

ယွီရှီးဖေး၏ မျက်နှာတွင် ထူးဆန်းသော အကြည့်တို့ ပေါ်ပေါက်လာသည်။ သူမက ချီရှန်းကို ပြောလိုက်၏။ “အဲဒီတော့ ပြောချင်တာက ကျွန်မတို့အားလုံးက သတိတောင် မပြုမိဘဲ တစ်ယောက်နဲ့တစ်ယောက် သွယ်ဝိုက်ပြီး တိုက်ခိုက်ခဲ့ကြတာပေါ့”

“အဲဒီလို ပြောလို့ရပါတယ်” ချီရှန်းက ခေါင်းညိတ်ရင်း ပြောသည်။

ယွီရှီးဖေးက ရယ်ကာ ပြောလိုက်၏။ “အဲဒီတော့ ရှင်က ဘယ်သူမှ သတိမပြုမိအောင် တန်ခိုးရှင်တိုင်းရဲ့ ပါရမီ အရည်အချင်း အချက်အလက်တွေကို ဖော်ထုတ်ခဲ့တယ် ဆိုပါတော့။ ဘယ်သူက မက်မွန်ပွဲတော်ရဲ့ စည်းမျဉ်းတွေကို ချမှတ်ခဲ့တာလဲ။ သူက တော်တော် အရှက်မရှိတာပဲ”

“မင်းရဲ့ အနာဂတ် ယောက္ခမကြီး ကြားသွားပြီး မင်းကို ကိုယ်တို့ မိသားစုထဲ ဝင်ခွင့် မပြုတော့မှာ မစိုးရိမ်ဘူးလား” ချီရှန်း ရွှတ်နောက်နောက် ပြောသည်။

“သူတို့ အဲဒီလို လုပ်မယ်ဆိုလည်း အဆင်ပြေပါတယ်” ယွီရှီးဖေးက ညင်သာစွာ ရယ်မောရင်း ပြောသည်။

“အာ … အဲဒါဆို ကိုယ့်အရှုံး ဖြစ်သွားမှာပေါ့” ချီရှန်းက ပြောလိုက်ပြီး သူမကို သူ့လက်မောင်းများ အတွင်း ထွေးပွေ့သည်။ သိသိသာသာပင် သူတို့နှစ်ယောက်၏ ဆက်ဆံရေးက အလွန် ကောင်းမွန်လှပေသည်။

သူတို့သည် နွေးထွေးစွာ ဖက်ထားကြပြီး အောက်ဘက်မှ မြင်ကွင်းကို ကြည့်သည်။ ယွီရှီးဖေးသည် တစ်ခုခုကို တွေးမိသွားပုံရကာ မေးလိုက်၏။ “ရီဖူရှင်း နောက်ဆုံး ခြေလှမ်းကို လှမ်းတဲ့အခါက နတ်ဘုရားသိုင်းပညာ လျှောက်လမ်းပေါ်က အသက်စွမ်းအား အတက်အကျ သိပ်များလောက်တော့ဘူး။ ဖြစ်နိုင်တာက သူ နတ်ဘုရားသိုင်းပညာ လျှောက်လမ်းရဲ့ အမှန်တရားကို သတိပြုမိသွားလို့ အဲဒါကြောင့်များ လက်လျှော့လိုက်တာလား”

ယွီရှီးဖေး၏ စကားများကို ကြားပြီးနောက် ချီရှန်း၏ မျက်လုံးထဲတွင် အံ့သြမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူက အဲဒီအကြောင်းကို မြင်နိုင်စွမ်း ရှိခဲ့သည်လား။

***

Comment

Leave a Reply

Options

not work with dark mode
Reset