အခန်း (၁၃၃) မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာလား ကျန်းလန်
သေရည်ဆိုင်တွင် အလုပ်သွားလုပ်စဉ်က အင်မော်တယ်တံခါးသို့ ဝင်ရောက်ရန် ကျန်းလန် အခွင့်အရေးရခဲ့သည်။
သို့သော် ထိုအခွင့်အရေးကို ကျန်းလန် မဆုပ်ကိုင်နိုင်ဘဲ ကျရှုံးခြင်းခဲ့ရသည်။
ဆရာဖြစ်သူမော့ကျန်းသုန့်သည်လည်း ထိုအကြောင်းကို သိရှိပြီး ဖြစ်ပေလိမ့်မည်။
သို့သော် သေရည်ဆိုင်တွင် သွားရောက်အလုပ်လုပ်ခြင်းက ကျန်းလန်အတွက် ထူးခြားသည့်အတွေ့အကြုံသစ်များစွာကို ရရှိစေခဲ့သည်။
ထို့ကြောင့် ကျန်းလန် ကျင့်ကြံခြင်းအဆင့်တက်ရန် ချောမွေ့နေသည်မှာ အံ့သြစရာမရှိပေ။
အချိန် (၃)နှစ်အတွင်း မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့်သို့ သူ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပြီ ဖြစ်သည်။
ယခုဆိုလျှင် ကျန်းလန် ဂိုဏ်းထဲသို့ ဝင်ရောက်သည်မှာ နှစ်ပေါင်း (၁၅၀) ရှိခဲ့ပြီ ဖြစ်သည်။
သူက ပါရမီရှင်တစ်ယောက် မဟုတ်သည့်တိုင် ပါရမီရှင်ဟု သတ်မှတ်ရလောက်အောင် ကျင့်ကြံခြင်းအဆင့်တက်သည်က လျှင်မြန်နေခဲ့သည်။
ထို့ကြောင့် ရှေ့လျှောက် အဆင့်တက်ခြင်းအရှိန်ကို အနည်းငယ်လျှော့ချရန် ကျန်းလန် ဆုံးဖြတ်ထားသည်။
ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို မဟုတ်ဘဲ အများအမြင်တွင် မြင်သာအောင် ပြသထားသည့် ကျင့်ကြံခြင်းအဆင့်ပင်လျှင် ဤမျှမြန်ဆန်နေခြင်းမှာ သင့်တော်သည့်ကိစ္စတစ်ခု မဟုတ်ပေ။
ယခင်တစ်ခေါက် ဆရာဖြစ်သူနှင့် သွားရောက်တွေ့ဆုံစဉ်က ဆရာဖြစ်သူ သူ့ကို ပြုံးပြီးကြည့်နေသည်ကို ကျန်းလန် သတိပြုမိသည်။
ဆရာဖြစ်သူက မည်သည့်စကားမှ မဆိုသော်လည်း ကျန်းလန် ကျင့်ကြံခြင်းအဆင့်တက်သွားသည်ကို သိရှိပုံရသည်။
နဝမတောင်ထွတ်တွင် ကျန်းလန်ပြုလုပ်ထားသည့် အစီအရင်များကလည်း တစ်နေ့တခြား ပိုမိုများပြားလာခဲ့သည်။
သို့သော် အစီအရင်များအကြောင်း နားလည်လာလေလေ သူပြုလုပ်ထားသည့်အစီအရင်များက သာမန်မျှသာဖြစ်ကြောင်း သိရှိလာလေဖြစ်သည်။
ပဉ္စမတောင်ထွတ်မှ အစီအရင်ပညာသင်ယူပြီး ပြန်လာပါက ဤအစီအရင်များအားလုံးကို ထပ်မံ အဆင့်မြှင့်တင်ရမည် ဖြစ်သည်။
“ဆရာဒေါ်လေးမြောင်ယွဲ့ဆီကနေ ငါ ဘယ်လောက် သင်ယူနိုင်မလဲ ကြည့်တာပေါ့…”
ကျန်းလန် တွေးလိုက်သည်။
ရေသဖန်းပင်လေးနှင့် သားရဲဥလေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်ပြီး ခြံဝန်းအနောက်ဘက်တွင် နေဆာလှုံရန် စီစဉ်ပေးပြီးနောက် ကျန်းလန် အတ္တကြေးမုံမှန်ဖြင့် တိုက်ခိုက်ရေး စတင်လေ့ကျင့်လိုက်သည်။
အတ္တကြေးမုံမှ ပုံရိပ်ယောင်နှင့် တိုက်ခိုက်ရေးလေ့ကျင့်ပြီးနောက် ကျန်းလန် ဓားကို စီးနှင်ကာ ပဉ္စမတောင်ထွတ်သို့ ထွက်ခွာလာခဲ့၏။
အတ္တကြေးမုံမှ ပုံရိပ်ယောင်နှင့်တိုက်ခိုက်တိုင်း ကျန်းလန် ဘယ်တော့မှ အနိုင်ရသည် မရှိပေ။ သို့သော် သူ၏တိုက်ရည်ခိုက်ရည်က ပိုမိုထက်မြက်လာခဲ့သည်။
သိုင်းပညာလေ့ကျင့်ရာတွင် အတ္တကြေးမုံက အလွန်အသုံးဝင်သည့် မှော်ဝင်ပစ္စည်း ဖြစ်၏။ အထူးသဖြင့် လက်သီးသိုင်းလေ့ကျင့်ရာတွင် ဖြစ်သည်။
တာအိုနားလည်ခြင်း လက်ဖက်ခြောက်များကိုလည်း ကျန်းလန် ယခုအချိန်ထိ အသုံးပြုရခြင်း မရှိသေးပေ။ ပဉ္စမတောင်ထွတ်တွင် ပညာသင်ရမည့်နေ့ရက်များတွင် အသုံးပြုရန် ချန်ထားခြင်း ဖြစ်လေသည်။
………………
နေရောင်ခြည်က နွေးထွေးစွာ ဖြာကျနေပြီး လေပြေလေးက တိုက်ခတ်လျှက် ရှိလေသည်။
ကောင်းကင်ထက်တွင် ဓားများကို စီးနှင်ကာ ပျံသန်းသွားလာနေကြသည့် ခွန်လွန်တောင်တပည့်များစွာကို တွေ့မြင်ကြရမည် ဖြစ်သည်။
အချို့တပည့်များကတော့ အခြားတောင်ထွတ်များသို့ သွားရောက်ကြခြင်းဖြစ်ပြီး အချို့ကတော့ အကြောင်းကိစ္စရှိသဖြင့် ခွန်လွန်တောင် ပြင်ပသို့ ထွက်ခွာသွားကြသူများ ဖြစ်သည်။
ကျန်းလန်က ကောင်းကင်အမြင့်ထက်တွင် ထင်ထင်ပေါ်ပေါ် ပျံသန်းနေခြင်း မရှိပေ။ ထို့ကြောင့် သူ့ကို မည်သူမှ အာရုံမစိုက်မိသလို သတိပြုမိခြင်းလည်း မရှိကြပေ။
ထို့ပြင် ကျန်းလန်က မန္တန်အသစ်တစ်ခုကို အသုံးပြုပြီး အခြားသူများ သူ့ကို အာရုံမစိုက်မိအောင် ကာကွယ်ထားသည်။
ထိုမန္တန်က “သဘာဝတာအိုမန္တန်” အမျိုးအစားဖြစ်သည့် “အထီးကျန်” မန္တန်ဖြစ်၏။
အတ္တကိုဗဟိုပြုပြီး ကိုယ်ရောင်ကိုယ်ဝါနှင့် စွမ်းအားများကို ရုပ်ခန္ဓာထဲတွင် သိုသိပ်စွာ ပေါင်းစပ်ပေးပြီး အထီးကျန်သည့် တည်ရှိမှုတစ်ခုကို ဖြစ်ပေါ်စေသောမန္တန် ဖြစ်သည်။
ထိုမန္တန်ကို အသုံးပြုလိုက်သည်နှင့် ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်သွားမည် ဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ်သာနားလည်ပြီး ကိုယ့်ကိုယ်ကိုယ်သာ သိမြင်နိုုင်တော့မည် ဖြစ်သည်။
ပြင်ပရှိ သက်ရှိသတ္တဝါများအားလုံးက မန္တန်အသုံးပြုထားသူကို မေ့လျော့နေကြမည်ဖြစ်ပြီး မည်သူမှ အရေးစိုက်ကာ အာရုံထားကြတော့မည် မဟုတ်ပေ။
“ဒီမန္တန်က အတော်လေး အထီးကျန်ဆန်ပြီး ဝမ်းနည်းစရာကောင်းတာပဲ…”
ကျန်းလန်တွေးလိုက်သည်။
ဤမန္တန်က အနည်းငယ်အစွန်းရောက်သည်ဟု ကျန်းလန် ခံစားရသည်။
မန္တန်ကိုတီထွင်ခဲ့သူက အခြားသူများနှင့် သံယောဇဉ်မဖြစ်လိုဘဲ ကင်းကင်းရှင်းရှင်း နေချင်သူများလား ၊ သို့တည်းမဟုတ် သံယောဇဉ်အတွယ်ခံရမည်ကို ကြောက်ရွံ့နေသူများလား။
အဖြေကို ကျန်းလန် မသိရှိပေ။
မည်သည့်အကြောင်းကြောင့် ဤမန္တန်ကို တီထွင်ခဲ့သည်ကို မသိရှိရသော်လည်း ကျန်းလန်အတွက်တော့ အလွန်အသုံးဝင်သည်။
ပြင်ပလောကနှင့် ရောနှောခြင်းမရှိ သီးခြားဖြစ်တည်နေသရွေ့ သူ့ကို မည်သူမှ အာရုံစိုက်မိကြမည် မဟုတ်ပေ။
သို့သော် အထီးကျန်မန္တန်ကိုအသုံးပြုထားသည့်တိုင် ပြင်ပလောကနှင့် ဆက်နွယ်စကားပြောလိုက်လျှင်ဖြစ်စေ ၊ တိုက်ပွဲရင်ဆိုင်လိုက်လျှင်ဖြစ်စေ မန္တန်စွမ်းအားက အလိုလိုပျက်ပြယ်သွားမည် ဖြစ်လေသည်။
………………
ပဉ္စမတောင်ထွတ်…
ပဉ္စမတောင်ထွတ်သို့ ရောက်ရှိသည်နှင့် ကျန်းလန် မြေပြင်ထက်သို့ ဆင်းသက်လိုက်သည်။
ထို့နောက် ပဉ္စမတောင်ထွတ်၏ တောင်တံခါးတွင် အစောင့်တာဝန်ကျနေသည့် ဂိုဏ်းတူညီငယ်များနှင့် ညီမငယ်များရှိရာသို့ ကျန်းလန် လမ်းလျှောက်သွားလိုက်၏။
သူက တပည့်ငယ်များကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး သိမ်မွေ့သည့်လေသံဖြင့်…
“ဆရာ့ရဲ့အမိန့်နဲ့ ဆရာဒေါ်လေးမြောင်ယွဲ့ကို လာရောက်တွေ့ဆုံတာပါ…”
ကျန်းလန်က မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။
ထို့ကြောင့် တပည့်ငယ်များအတွက်တော့ အလွန်တရာ စွမ်းအားမြင့်မားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့သည်။
ထို့ပြင် ကျန်းလန် ဝတ်ဆင်ထားသည့်အဝတ်အစားများကလည်း လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀) ကျော်က ခွန်လွန်တောင်ကို ရောက်ရှိသည့် အကြီးတန်းအဝတ်အစားများ ဖြစ်လေရာ သူတို့၏ ဂိုဏ်းတူအစ်ကိုတစ်ယောက်ဖြစ်ကြောင်း တပည့်ငယ်များ ချက်ချင်း သိလိုက်ကြသည်။
တောင်တံခါးစောင့်နေသည့် တပည့်ငယ်တစ်ယောက်က…
“ဂိုဏ်းတူအစ်ကိုက ဘယ်တောင်ထွတ်ကပါလဲခင်ဗျာ…”
သူ့မျက်နှာက ရိုသေလေးစားမှုများနှင့် ပြည့်နက်နေသည်။
ဤဂိုဏ်းတူအစ်ကိုက အလွန်တရာ စွမ်းအားကြီးမားလွန်းသည်။
ထို့ကြောင့် ဂိုဏ်းတူအစ်ကိုက ယဉ်ကျေးသိမ်မွေ့စွာ စကားပြောနေသည့်တိုင် တပည့်ငယ်များအနေဖြင့် မလေးမစား မလုပ်ဝံ့ကြပေ။
ကျန်းလန်က…
“နဝမတောင်ထွတ်က ကျန်းလန်ပါ…”
“ဟုတ်ကဲ့… ဂိုဏ်းတူအစ်ကိုရောက်လာတာနဲ့ တောင်ပေါ်လိုက်ပို့ပေးဖို့ တောင်သခင်မက မှာကြားထားပါတယ်… ၊ အခုပဲ ကျွန်တော် လိုက်ပို့ပေးပါ့မယ်…”
တောင်သခင်မကိုယ်တိုင် ဂရုတစိုက်မှာကြားထာသူဖြစ်သောကြောင့် တပည့်ငယ်က လျစ်လျူမရှုဝံ့ပေ။
ကျန်းလန်က…
“ကျေးဇူးပါပဲ…”
ထို့နောက် သူ့ကိုလိုက်ပို့သည့် တပည့်ငယ်နှင့်အတူ ကျန်းလန် ပဉ္စမတောင်ထွတ်သို့ တက်လာခဲ့သည်။
တောင်ပေါ်လမ်းတစ်လျှောက် တပည့်အများအပြား သွားလာလှုပ်ရှားနေကြသော်လည်း မည်သူမှ ကျန်းလန်ကို အာရုံမစိုက်ကြပေ။
ဤသည်မှာ သူနှင့် လုန်ယွိ၏ စေ့စပ်ပွဲသတင်းကို မည်သူမှ မသိကြသေးဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်၏။ ထို့ကြေင့် ကျန်းလန် အနည်းငယ် စိတ်သက်သာရာရသွားသည်။
သို့သော် လမ်းလျှောက်လာစဉ် တပည့်အချို့ ပြောဆိုနေသည့် စကားသံများကို ကြားလိုက်ရသည်။
“နှစ်တွေတောင်ကြာနေပြီ… ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ စေ့စပ်ပွဲသတင်းက ဘာမှမကြားရသေးဘူးနော်…”
“အမှန်ပဲ.. ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ မင်္ဂလာကိစ္စကို အားလုံးက စိတ်ဝင်စားနေကြတာ… ၊ ဒါပေမဲ့ ခုထိ သတို့သားလောင်းက ဘယ်သူမှန်း မသိရသေးဘူး…”
“ဟဲ ဟဲ ဟဲ… သတို့သားလောင်းက မင်းတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ကျုပ်ကိုယ်တိုင်လည်း ဖြစ်နေနိုင်တာပဲလေကွာ…”
“မဖြစ်နိုင်တာ… အတော်ဆုံးတပည့်တွေနဲ့ နာမည်အကြီးဆုံးတပည့်တွေက ပထမတောင်ထွတ်နဲ့ အဋ္ဌမတောင်ထွတ်မှာပဲ ရှိတာလေ… ဂိုဏ်းတူအစ်ကိုကြီး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
“………………”
“ဟုတ်တယ်… ကြည့်ရတာ ဂိုဏ်းတူအစ်ကိုလုကျန်းပဲ ဖြစ်မယ်ထင်တယ်… ဟုတ်တယ်မလား…”
“ဟုတ်ပ… ဂိုဏ်းတူအစ်ကိုလုကျန်းတောင် မဟုတ်ဘူးဆိုရင်တော့ ဂိုဏ်းတူအစ်ကိုကြီး သတို့သားလောင်းဖြစ်ဖို့ စိတ်ကူးယဉ်မနေနဲ့တော့…”
“ဟွန်း… စိတ်ကူးတော့ ယဉ်လို့ရပါသေးတယ်ကွာ…”
မိန်းကလေးကျင့်ကြံသူများက ထိုသူကို လှောင်ပြောင်သည့်အနေဖြင့် လျှာထုတ်ပြလိုက်ကြသည်။
ကျန်းလန်ကတော့ မျက်နှာအမူအရာတစ်ချက် ပြောင်းလဲသွားခြင်း မရှိဘဲ စကားသံများကို နားထောင်နေသည်။
သို့သော် အဖြစ်အပျက်များကို သူ နားလည်သွားပြီ ဖြစ်သည်။
ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ လက်ထပ်မင်္ဂလာသတင်းက ခွန်လွန်တောင်တွင် ပျံ့နှံ့နေသည့်တိုင် နတ်ဘုရားမနှင့်လက်ဆက်မည့် သတို့သားလောင်းကို မည်သူမှ သိရှိကြခြင်း မရှိသေးပေ။
ထို့ကြောင့် ကျန်းလန်ကို မည်သူမှ အာရုံမစိုက်ကြခြင်း ဖြစ်၏။
သို့သော် ကိစ္စတစ်ခုကို စဉ်းစားမိသည့်အခါ ကျန်းလန် အံ့အားသင့်စွာဖြင့် မျက်ခုံးများကို အသာတွန့်ချိုးလိုက်မိသည်။
“ဒါပေမဲ့ ရှေ့တန်းရောက်နေတဲ့ နတ်မိစ္ဆာမျိုးနွယ်တွေကတော့ လုန်ယွိနဲ့လက်ထပ်မယ့် သတို့သားလောင်းက ငါဆိုတာ အစောကြီးကတည်းက သိနေကြပါလား… ၊ သတင်းက ဘယ်လိုပေါက်ကြားတာလဲ…”
လုန်ယွိနှင့် လက်ထပ်မည့်သူက နဝမတောင်ထွတ်မှတပည့်ဖြစ်ကြောင်း သိရှိနေကြသောကြောင့် နတ်မိစ္ဆာများ သူ့ကိုပင် လုပ်ကြံရန် ကြံစည်ခဲ့ကြသည် မဟုတ်ပါလား။
တောင်ပေါ်မှ တပည့်များကတော့ ထိုအကြောင်းကို တစ်လုံးတစ်လေပင် သိရှိခဲ့ကြခြင်း မရှိပေ။
ကျန်းလန်အတွက်ကတော့ လူတွေမသိလေ ပိုကောင်းလေ ဖြစ်လေသည်။ သို့မှသာ သူ့အနေဖြင့် နောက်ထပ် အချိန် (၂)နှစ် အေးအေးဆေးဆေ နေထိုင်ခွင့်ရမည် ဖြစ်သည်။
ပဉ္စမတောင်ထွတ်က အလွန်တရာ လူစည်ကားသည့်နေရာတစ်ခု ဖြစ်သည်။
သူနေထိုင်သည့် နဝမတောင်ထွတ်က လူသူတိတ်ဆိတ်သလောက် ပဉ္စမတောင်ထွတ်ကတော့ တပည့်များစွာဖြင့် စည်ကားဆူညံလျှက် ရှိ၏။
“ဂိုဏ်းတူအစ်ကိုလည်း ကောလဟလတွေ ကြားထားတယ် မဟုတ်လား…”
ကျန်းလန်ကိုလိုက်ပို့သည့် တပည့်လေးက စပ်စုလိုက်သည်။
ကျန်းလန်က ခေါင်းညိတ်ပြရင်း…
“အင်း… နည်းနည်းပါးပါးတော့ ကြားထားပါတယ်…”
သူတကယ်လည်း အများကြီးသိရှိထားခြင်း မရှိပေ။
သို့သော် လုန်ယွိနှင့် လက်ထပ်ရမည့်သတို့သားလောင်း မည်သူဖြစ်ကြောင်း သိရှိထားလေသည်။ သတို့သားလောင်းက သူကိုယ်တိုင်ပင် မဟုတ်ပါလား။
တပည့်ငယ်လေးက…
“ဒါဖြင့် သတို့သားလောင်းက ဘယ်သူလို့ထင်လဲဟင်…”
“နောက် (၂)နှစ်နေရင် သိရမှာပေါ့ကွာ…”
ကျန်းလန်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။ သူ့အနေဖြင့် ထိုမျှသာ ပြောနိုင်လေသည်။
ထိုသို့ဖြင့် ပဉ္စမတောင်ထွတ်ခန်းမဆောင်ရှိရာသို့ ရောက်ရှိလာ၏။
တပည့်ငယ်လေးက…
“ဂိုဏ်းတူအစ်ကို… ဆရာက ခန်းမထဲမှာ စောင့်နေပါတယ်…”
“ကောင်းပြီ…”
ထို့နောက် တပည့်ငယ်လေးထွက်ခွာသွားလေသည်။
ကျန်းလန်ကတော့ ပဉ္စမတောင်ထွတ်ခန်းမဆောင်အတွင်းသို့ တစ်ယောက်တည်း ဝင်ရောက်လာခဲ့၏။
ခန်းမဆောင်အဝင်တွင် ခန်းမကိုစောင့်ရန် တာဝန်ကျနေသည့် တပည့်များရှိကြသော်လည်း ကျန်းလန်ရောက်ရှိလာသည်ကို မည်သူမှ သတိထားမိခြင်း မရှိကြပေ။
အခြားတောင်ထွတ်မှတပည့်များ ပဉ္စမတောင်ထွတ်သို့လာရောက်ပြီး တောင်သခင်မနှင့် တွေ့ဆုံလေ့ရှိကြသည်မှာ ပုံမှန်ကိစ္စပင်ဖြစ်သည်။
ထို့ကြောင့် မည်သည့်တပည့်ကမှ ထူးခြားသည်ဟု မထင်မှတ်ကြပေ။
အလွန်တရာ ဂုဏ်သတင်းကျော်ကြားသူဆိုလျှင်တော့ အာရုံစိုက်မိကြပေလိမ့်မည်။
နတ်လူသားမျိုးနွယ် မြောက်ရှိုးကို အနိုင်ရခဲ့စဉ်ကတော့ ကျန်းလန်သည်လည်း ဂုဏ်သတင်းကျော်ကြားသူတစ်ယောက် ဖြစ်ခဲ့ဖူး၏။
သို့သော် ယခုတော့ ထိုအဖြစ်အပျက်များက အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
ချီးမွမ်း (၇)ရက် ကဲ့ရဲ့ (၇)ရက်မျှသာ ဖြစ်လေရာ ဆယ်စုနှစ်နှင့်ချီကာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သော ကိစ္စများကို မည်သူမှ အာရုံမစိုက်ကြတော့ပေ။
ပဉ္စမတောင်ထွတ်၏ ခန်းမဆောင်ထဲတွင် အမျိုးသမီးတစ်ယောက် မတ်တတ်ရပ်နေသည်ကို ကျန်းလန် တွေ့လိုက်ရသည်။
သူမက အဝါနုရောင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး မျက်နှာကိုတော့ ဇာပုဝါတစ်ခုဖြင့် ဖုံးအုပ်ထားသည်။
သို့သော် မျက်ဝန်းများကို တွေ့မြင်လိုက်ရုံမျှဖြင့် အလွန်တရာ ချောမောလှပသူတစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။
“ဆရာဒေါ်လေးကို ဂါရဝပြုပါတယ်…”
ကျန်းလန်က သူမကို ဖျတ်ခနဲတစ်ချက် ကြည့်လိုက်ပြီး ချက်ချင်းပင် ဦးညွှတ်အရိုအသေပြုလိုက်သည်။
ချောမောလှပသည့် တောင်သခင်မကို အချိန်ကြာမြင့်စွာ ငေးကြည့်နေမိပါက ရိုင်းစိုင်းရာကျမည်ကို ကျန်းလန် စိတ်ပူမိသည်။
မြောင်ယွဲ့က ကျန်းလန်ကို ကြည့်လိုက်ရင်း…
“မင်းက ကျန်းလန်လား…”
ကျန်းလန်က ခေါင်းငုံ့ထားရင်း…
“ဟုတ်ပါတယ်…”
မြောင်ယွဲ့က…
“မင်းရဲ့ဆရာ ပြောတာကတော့… မင်းက အစီအရင်ပညာ သင်ယူချင်လို့ဆို…”
သူမ၏ အသံက အလွန်နူးညံ့ပြီး ချိုသာလေသည်။
ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးတွင် နဂါးမျိုးနွယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်စဉ်က ကြားခဲ့ရသည့်အသံကဲ့သို့ သြဇာလွှမ်းမိုးခြင်း အလျဉ်းမရှိပေ။
“ဟုတ်… ဆရာပြောတာတော့ ဆရာဒေါ်လေးက အစီအရင်ပညာနဲ့ပတ်သက်ရင် ခွန်လွန်တောင်မှာ အတော်ဆုံးပဲတဲ့…”
ကျန်းလန် အနည်းငယ် မြှောက်ပင့်ပြောလိုက်သည်။
မြောင်ယွဲ့ ကျန်းလန်ကို အကဲခတ်ကြည့်နေလေ၏။
ဤလူငယ်လေးက စိတ်စွမ်းအားအလွန်ကောင်းပြီး စိတ်တည်ငြိမ်သူတစ်ယောက်ဖြစ်ကြောင်း သူမ ချက်ချင်း သိရှိလိုက်သည်။
ကျန်းလန်ပိုင်ဆိုင်ထားသည့် စိတ်စွမ်းအားက လူငယ်တစ်ယောက်တွင် ပိုင်ဆိုင်သင့်သည့် စိတ်စွမ်းအားမျိုး မဟုတ်ပေ။
တစ်ယောက်တည်း တည်ငြိမ်စွာနေထိုင်သည့် အင်မော်တယ်အိုကြီးတစ်ပါးတွင်ပိုင်ဆိုင်သည့် စိတ်စွမ်းအားအလား ဖြစ်လေသည်။
မြောင်ယွဲ့က…
“မင်း ခွန်လွန်တောင်ကိုရောက်တာ ဘယ်လောက်ကြာပြီလဲ…”
ကျန်းလန်က…
“နှစ်ပေါင်း (၁၅၀)လောက်တော့ ရှိပါပြီ…”
မြောင်ယွဲ့က…
“အခု ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ရှိပြီလဲ…”
ကျန်းလန်က…
“မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့် ရောက်နေပါပြီ…”
ကျန်းလန်အဖြေစကားကြောင့် မြောင်ယွဲ့ အံ့သြသွားခြင်း မရှိပေ။
ကျန်းလန်က အစကတည်းက သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခြင်း မရှိလေရာ ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကို သူမ သိရှိထားပြီးသား ဖြစ်သည်။
သူမက တမင်တကာ ကျန်းလန်ကို မေးမြန်းလိုက်ခြင်း ဖြစ်၏။
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်ထားတာလား… ကျန်းလန်…”
မြောင်ယွဲ့၏မေးခွန်းကြောင့် ကျန်းလန် အံ့အားသင့်သွားလေသည်။
မြောင်ယွဲ့က အဘယ့်ကြောင့် ရုတ်တရက် ဤသို့သောမေးခွန်းမျိုး မေးရပါသနည်း။
သူ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားသည်ကို မြောင်ယွဲ့က ရိပ်မိသိရှိနေလေသလား။ ကျန်းလန် အနည်းငယ် စိုးရိမ်ပူပန်သွားမိသည်။
သို့သော် ကျန်းလန်၏စိတ်က ပုံမှန်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်၏။ တစ်ချက်လေးပင် လှုပ်ရှားသွားခြင်း မရှိပေ။
မြောင်ယွဲ့က ကျန်းလန်ထံမှ အဖြေစကားကို စောင့်ဆိုင်းမနေဘဲ စကားဆက်ပြောလိုက်သည်။
“နှစ်ပေါင်း (၁၅၀)အတွင်း မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့်ကို တက်ရောက်နိုင်တယ်ဆိုတာ မြန်တယ်လို့ ထင်သလား ၊ နှေးတယ်လို့ထင်လား … ကျန်းလန်…”
ကျန်းလန်က…
“မြန်တယ်လို့ ထင်ပါတယ် ဆရာဒေါ်လေး…”
မြောင်ယွဲ့ထံမှ မမြင်ရသည့် တန်ခိုးစွမ်းအားများနှင့် လွှမ်းမိုးနိုင်စွမ်းရှိသည့် ရောင်ဝါများ ထွက်ပေါ်လျှက် ရှိလေသည်။
ကျန်းလန်က ခေါင်းကို ငုံ့ထားဆဲ ဖြစ်ပြီး ဆရာဒေါ်လေး မည်သည့်အတွက်ကြောင့် ထိုသို့သော မေးခွန်းများ မေးမြန်းနေရသည်ကို နားမလည်နိုင် ဖြစ်နေလေတော့သည်။