အပိုင်း(၁၂၈၉)

အချစ်ကံဆိုးသူလေး

ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း ပုံရိပ်ကြီးက ရှားရှင်းယွန်နှင့် လော့ယန် တိုက်ခိုက်နေရာ တိုက်ပွဲကွင်းပြင်တွင် ပေါ်ပေါက်လာသည်။

အဆုံးမဲ့ လောကပျက်သုဉ်းခြင်း ဓားများက ကျဆင်းလာကာ နေရာတစ်ခုလုံးကို အရှုပ်အထွေး နယ်မြေအဖြစ် ပြောင်းလဲသွားစေ၏။ ၎င်းအတွင်းမှ အရာအားလုံးသည် ပျက်စီးသွားခဲ့သည်။

နတ်ဘုရားအလင်းများ ရှားရှင်းယွန်ထံမှ တောက်ပနေသည်။ သူမသည် ကြာပန်းအလင်း အလင်းအရံအတား အတွင်းတွင် လွှမ်းခြုံခံထားရပြီး လောကပျက်သုဉ်းခြင်း ဓားများက အော်မြည်ကာ လှည့်ပတ်နေသည်။  ဓားတစ်လက်စီသည် အနှိုင်းမဲ့သော ရက်စက် ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေကာ ၎င်းတို့သည် ကောင်းကင်ဘုံ၏ ဓားများသဖွယ် ထင်မှတ်ရသည်။

သို့သော်လည်း လောကပျက်သုဉ်းခြင်း ဓားများက အလွန် ကြောက်မက်ဖွယ် ကောင်းနေလျှင်ပင် လော့ယန်သည် တစ်လက်မပင် မရွေ့လျားဘဲ ရပ်နေခဲ့၏။ သူသည် ထိုနေရာတွင် ရပ်နေလျှင် မီးလျှံအလင်း ရောင်စဉ်များဖြင့် ဝန်းရံတောက်ပနေ၏။ သူပစ်လွှတ်လိုက်သည့် နတ်မီးလျှံ အလင်းများသည် ပြိုင်စံရှားသော အဖျက်အဆီး စွမ်းအားများနှင့် ပြည့်နှက်လျက် ရှိသည်။

ထိုနေရာရှိ အားလုံးသော မီးတောက် စွမ်းအားများသည် စုဝေးလာကြ၏။ လော့ယန်က ရှေ့ကို လက်ဝါးများအား ရိုက်ထုတ်လိုက်ရာ မီးလျှံ အလင်းတန်းများသည် ကောင်းကင်သို့ တက်သွားကာ လောကပျက်သုဉ်းခြင်း ဓားများ အားလုံးကို အရည်ပျော်စေ၏။ နတ်မီးလျှံများအနီးသို့ မည်သည့် စွမ်းအားမှ ချဉ်းကပ်နိုင်ဟန်မတူ။

လောင်ကျွမ်းနေသည့် စွမ်းအားများသည် ရှားရှင်းယွန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ နေရာတစ်ခုလုံးသည် မီးတောက်များကြောင့် ဘာမှ မကျန်သည်အထိ လောင်ကျွမ်း ခံရတော့မည်ဟု ထင်မှတ်ရသည်။

ရှားရှင်းယွန်သည် သူမ၏ လောကပျက်သုဉ်းခြင်း ဓားများ ပျက်စီးသွားပြီး မီးလျှံရောင်စဉ်များက သူမထံသို့ တိုးဝင်လာနေသည်ကို ကြည့်သည်။ သူမ၏ လှပသော မျက်ဝန်းများထဲတွင် ခိုင်မာသော ဇွဲသန်မှုတို့ ဖြတ်ပြေးသွားသည်။

သူမ ရှုံးခဲ့လျှင် ရီဖူရှင်းသည် လူနှစ်ယောက်နှင့် ရင်ဆိုင်ရပေမည်။ လော့ယန်နှင့် ရှင်းခိုင်သည် အလွန် သန်မာလှသည်။ သူတို့နှစ်ဦးလုံးသည် ဒေသဘုရင်အဆင့် သတ်မှတ်ချက်တွင် ဝင်ရောက်နေသူများ ဖြစ်ပြီး လူတိုင်းသည် သူတို့က တစ်နေ့ ရန်ဟောင်အဆင့်သို့ ရောက်ရှိလိမ့်မည်ဟု တွေးထင်ထားကြသည်။

မည်သို့ပင် ဖြစ်စေ သူတို့ နှစ်ယောက်လုံးသည် ရီဖူရှင်းထက် ပို၍ ကျင့်ကြံဆင့် မြင့်နေကြသေး၏။

ထိုအချိန်တွင် သူမသည် ကြောက်မက်ဖွယ် ဖိအားကို ရင်ဆိုင်နေရ၏။ လော့ယန်သည် ဤမီးလျှံများ၏ စွမ်းအားကို အသုံးပြုရာ၌ အဆင့်အား ကန့်သတ်ထားသည်ဟု ဆိုလျှင်ပင် သူသည် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်တွင် ရှိနေသူ ဖြစ်ကာ သူ၏ စာလုံးထောင်ချီ မှော်စာလိပ်အပေါ်၌ နားလည်နိုင်စွမ်းသည် သူမထက် သာလွန်ပေသည်။ ထို့ကြောင့် သူ၏ မီးတောက်များသည်လည်း သူမထက် အစွမ်းထက်လှသည်။

ထိုအကြောင်းအရာအပြင် လော့ယန်သည် အထူးခန္ဓာ တည်ဆောက်ပုံ ရှိသည်ဟု ထင်မှတ်ရပြီး ယင်းသည် ရန်ဟောင်မျိုးဆက်ထက် မည်သို့မှ နိမ့်ကျနိုင်ခြင်း မရှိပေ။

လော့ယန်သည် ရန်ဟောင်မျိုးဆက် ဖြစ်နေမည်လား သူမ မသိပေ။ သို့သော်လည်း နောက်မျိုးဆက်အနေနှင့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်အခါ သူသည် သူ့ဘိုးဘေး၏ အရည်အချင်းများကို ဆက်ခံခဲ့ပြီး ယခုတွင် လမ်းစဉ်မီးတောက်များကို ပိုင်ဆိုင်သူ ဖြစ်လာခြင်းလည်း ဖြစ်နိုင်သည်။

အဆုံးမဲ့မီးလျှံများသည် နတ်မီးတောက်များ၏ ရောင်စဉ်များမှ ထွက်ပေါ်လာသည်။ မီးတောက် အလင်းများသည် လောကပျက်သုဉ်းခြင်း ဓားများ၏ ရက်စက် ကြမ်းကြုတ်ပုံသည့် တိုက်ခိုက်မှုများကို တောင့်ခံနိုင်စွမ်း ရှိ၏။

နတ်မီးလျှံရောင်စဉ် အလင်းများကို မည်သည့်အရာကမှ ပိတ်ဆို့တားဆီးနိုင်ခြင်း မရှိပေ။

လော့ယန်သည် အဆုံးမဲ့ မီးလျှံများအတွင်း နစ်မြုပ်နေသည်။ သူသည် ယင်းကို ထိန်းချုပ်နေပြီး သူ၏ လက်ချောင်းများဖြင့် ချိန်ရွယ်သည်။

“မင်း လက်မလျှော့သေးဘူးလား”

အကယ်၍ ရှားရှင်းယွန်သာ ဆက်လက် တိုက်ခိုက်လိုနေလျှင် သူ့တိုက်ခိုက်မှုသည် သူမကို ကျိန်းသေ ဒဏ်ရာရစေလိမ့်မည်။

ရှားရှင်းယွန်က အေးစက်စက်ဖြင့် ကြည့်သည်။ သန့်စင်သည့် အလင်းများက သူမထံမှ တောက်ပနေပြီး ရန်ဟောင်၏ တောက်ပလင်းလက်မှုကို အငွေ့အသက်များ ပါနေ၏။ သူမသည် နတ်ဘုရားမ တစ်ပါးသဖွယ် လင်းလက်နေသည်။

လောကပျက်သုဉ်းခြင်း ဓားများသည် ပျက်စီးသွားပြီးနောက် ပြန်လည် မွေးဖွားလာကာ သူမခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသည့် ကြာပန်းပွင့်များ အဖြစ်သို့ ပြောင်းလဲသွားသည်။ ကြာပန်း ပွင့်ချပ်လွှာတိုင်းက များပြားလှသည့် လောကပျက်သုဉ်းခြင်း ဓားများမှ ဖြစ်တည်လာပြီး ယင်းတို့သည် သူ၏ ဝန်းကျင်တွင် ဆက်လက်၍ လှည့်ပတ် အော်မြည်နေသည်။

သူမသည် ကြာပန်းပွင့်များမှ ပေါက်ကွဲထွက်လာသည့် အသက်စွမ်းအားများနှင့် လွှမ်းခြုံခံထားရပြီး သူမ၏ ဝန်းကျင်တွင် ကြာပန်းများ ဖြစ်တည်နေပြီး ယင်းတို့နှင့် ဖွဲ့စည်းထားသည့်သဖွယ် ထင်ရစေရန် ပြုလုပ်ပေးနေသည်။ ယင်းတို့သည် အချင်းချင်း အားဖြည့်ပေးနေသည်။

ရှားရှင်းယွန်သည် သူမ၏ လက်များကို ချိပ်စည်းအသွင် ရေးဆွဲလိုက်ကာ များပြားလှသည့် လောကပျက်သုဉ်းခြင်း ဓားများသည် အတူတကွ စုဝေးလာပြီး ရှေ့သို့ အော်မြည်ကာ တိုးဝင်လာနေပြီး များပြားလှသည့် ဘေးဒုက္ခ စွမ်းအားများအဖြစ် ဖြစ်တည်လာသည်။ ၎င်းတို့သည် လေထုကိုပင် ခုတ်ပိုင်းနိုင်သည့် မိုးကြိုးလျှပ်စီးများကဲ့သို့ လင်းလက်နေသည်။

ဤမန္တန်သည် အနန္တကပ်ဆိုးဟု ခေါ်တွင်ပေ၏။

သူမသည် မိုးကြိုးလျှပ်စီးတန်းကဲ့သို့ ပြောင်းလဲသွားကာ လော့ယန်ဆီသို့ တည့်တည့် တိုးဝင်သွားသည်။

လော့ယန်သည် နတ်မီးလျှံများကို ဖြိုခွဲနေသည့် သူမ၏ စုစည်းနေသော လောကပျက်သုဉ်းခြင်း ဓားများကို မျက်မှောင်ကြုတ်ကာ ကြည့်သည်။ သူမ၏ တိုက်ခိုက်မှုသည် သူ့ထက် အားမနည်းပေ။ သူတို့ အနီးရှိ နေရာတစ်ခုလုံးသည် ပျက်စီးခြင်း နယ်မြေကဲ့သို့ ဖြစ်လာကာ အရာရာကို လွှမ်းခြုံသွားခဲ့သည်။

တိုက်ခိုက်နေကြသည့် ရီဖူရှင်းနှင့် ရှင်းခိုင်ပင်လျှင် ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက် တိုက်ခိုက်နေမှုသည် အချင်းချင်း သိပ်မဝေးကွာလှပေ။ သူတို့အထက်မှ ကောင်းကင်သည် ဖျက်ဆီးခြင်းကပ်ဆိုး၏ ဖမ်းစားထားခြင်း ခံထားရသည်ဟု ထင်မှတ်ရသော်လည်း ရှားရှင်းယွန်သည် သူမ၏ တိုက်ခိုက်မှုများကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သည်။

လောကကြီး တစ်ခုလုံးသည် အနန္တကပ်ဆိုးကြီး၏ အောက်တွင် သင်္ဂြိုဟ်ခံရကာ အရာရာ ဖျက်ဆီးခံရတော့မည့် အသွင် ရှိနေသည်။

ဘန်း… ဘန်း… ဘန်း…

လောကပျက်သုဉ်းခြင်း ဓားများက လော့ယန်၏ ပတ်ဝန်းကျင်တစ်ခွင်ကို ကျဆင်းလာပြီး လေထဲတွင် ပြည့်နှက်သွား၏။ သူသည် အမှန်တကယ် အန္တရာယ်ရှိနေပြီဟု ခံစားလိုက်ရကာ မျက်မှောင်ကြုတ်သည်။ သူသာ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်ဖြစ်နေလျှင် ထိုတိုက်ခိုက်မှုက သူ့ကို ခြိမ်းခြောက်နိုင် ပေလိမ့်မည်။

နတ်တောင်ပေါ်ရှိ လူတိုင်းသည် ရှားရှင်းယွန်ကို ကြည့်နေကြသည်။ မည်မျှ အားကောင်းလိုက်သည့် တိုက်ခိုက်ရေး မန္တာန်နည်း။

နတ်တောင်ပေါ်ရှိ ပြန်လည် မွေးဖွားခြင်းအဆင့် အကြီးအကဲများပင်လျှင် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

“ဖန်တီးခြင်းနဲ့ ဖျက်ဆီးခြင်း။ အစွန်းရောက် စွမ်းအားနှစ်ခုက သူမဆီမှာ ဖြစ်ပေါ်လာပြီး တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်တယ်။ ဒီအင်ပါယာရှားဘုံရဲ့ မင်းသမီးလေးက တကယ့်ကို အံ့မခန်းပါပဲ”

အကြီးအကဲ တစ်ယောက်က ရေရွတ်သည်။ လောကပျက်သုဉ်းခြင်း ဓားများသည် ဖျက်ဆီးခြင်း စွမ်းအားစုဖြစ်ကာ ကြာပန်းများသည်တော့ ဖန်တီးခြင်း စွမ်းအားဖြစ်၏။

ဤသည်ကပင် အနန္တကပ်ဆိုး ဖြစ်၏။ အဆုံးမဲ့ဖျက်ဆီးခြင်း စွမ်းအားများက ကျဆင်းလာနေပြီး ကြာပန်းများက လောကပျက်သုဉ်းခြင်း ဓားများကို အဆက်မပြတ် မွေးဖွားပေးနေသည်။

ဤနည်းလမ်းဖြင့် ဖန်တီးခြင်းနှင့် ဖျက်ဆီးခြင်း စွမ်းအင်တို့မှာ အဆုံးမဲ့ ဖြစ်တည်နေသည်။

“ဟုတ်တယ်။ ချန်ယဲ့မြို့က တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခုပဲ။ သူတို့ထဲက  သွေးနဂါးမြစ်တိုက်ပွဲမှာ လူသိများလာတဲ့ ယူချင်းကြောင့် ပထမဆုံး ကျော်ကြားလာပြီးတော့ မြို့စားနဲ့ အင်ပါယာရှားဘုံရဲ့ မင်းသမီးလေးကတော့ မှေးမှိန်ခဲ့ရတယ်။ အင်ပါယာခွာ အပျက်အစီးနယ်မြေက ပြဿနာကြောင့်သာ လူတိုင်းက ရီဖူရှင်းမှာ ထူးချွန်တဲ့ အရည်အချင်း ရှိတယ်ဆိုတာ သတိထားမိလာကြတာ။ ရလဒ်အနေနဲ့ကတော့ အင်ပါယာရှားဘုံရဲ့ မင်းသမီးလေးက ပိုပြီးတောင် မှေးမှိန်သွားခဲ့ရတယ်”

တစ်ယောက်က အပြုံးနှင့် ပြောသည်။ သိသာစွာပင် ရီဖူရှင်းနှင့် ယူချင်းတို့၏ ဂုဏ်သတင်းကြောင့် ရှားရှင်းယွန်၏ ထင်ပေါ်မှုက မှေးမှိန်ခဲ့ရပြီး သူမသည် သူမ၏ ခွန်အားကို ပြသရန် အခွင့်အရေး မရရှိခဲ့ပေ။

သို့သော်လည်း သူမသည် ဤတိုက်ခိုက်မှု အတွင်း၌ လော့ယန်ကို ကောင်းကောင်း ရင်ဆိုင်နိုင်၏။

ဤလူများ၏ ပါရမီအရည်အချင်းကို လူတိုင်းမြင်တွေ့စေရန်မှာ မက်မွန်ပွဲတော်၏ ရည်ရွယ်ချက် ဖြစ်သည်။

ယခု သူတို့သည် အခြားသော ပါရမီရှင်တစ်ဦးကို ရှာဖွေတွေ့ရှိ ခဲ့ကြသည်။

ထိုသူမှာ အင်ပါယာရှားဘုံ၏ မင်းသမီးလေး ဖြစ်၏။

မက်မွန်ပွဲတော်၏ အပြင်ဘက်တွင် ရှီကလန်၏ ရှီချန်ကဲ့သို့သော များပြားလှသည့် အစွမ်းထက် ပုဂ္ဂိုလ်များလည်း ရောက်ရှိနေသည်။

သူမသည် ယခင်က ရှားရှင်းယွန်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ယခုကြည့်နေရင်းနှင့် သူမ သတိပြုမိသည်မှာ ထိုအချိန်က ရှားရှင်းယွန်က သူမ၏ စွမ်းအားအကုန် ထုတ်မသုံးခဲ့ပေ။

အကယ်၍ သူမသာ ထိုတိုက်ခိုက်မှုတွင် အနန္တကပ်ဆိုး ကို အသုံးပြုခဲ့လျှင် ရှီချန်တစ်ယောက် လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

“ကြည့်ရတာ ဒီတိုက်ပွဲက ပြင်းထန်လာတာပဲ”

လူတိုင်းက တိတ်တိတ် တွေးတောလိုက်ကြသည်။ ရှားရှင်းယွန်ကား အလွန်အလေးအနက်ထား တိုက်ခိုက်လာခြင်း ဖြစ်သည်။

လော့ယန်၏ မီးလျှံအလင်းရောင်စဉ် များသည်လည်း သူ၏ ကိုယ်ပိုင် စွမ်းအားပေါ်တွင် အခြေတည်ထားခြင်း ဖြစ်သည်။ စာလုံးထောင်ချီ မှော်စာလိပ်အပေါ်တွင် နားလည်သဘော ပေါက်မှုသည် ထို့ထက်ပို၍ ကန့်သတ်ချက် မရှိတော့ပေ။

သူတို့၏ တိုက်ခိုက်မှုသည် အလွန်လျင်မြန်လာပြီး ရှားရှင်းယွန် တဖန်ထပ်၍ တိုက်ခိုက်လိမ့်မည်ဟု လူများက တွေးနေကြသည်။

အနန္တကပ်ဆိုးက နတ်မီးလျှံများနှင့် ထိခတ်သွားသည်။ အားကောင်းလှသည့် ဖျက်ဆီးခြင်း မြင်ကွင်းက အံ့အားသင့်ဖွယ်ရာပင် ဖြစ်သည်။

ရှားရှင်းယွန်က အောက်သို့ ဆင်းသက်လာပြီး နတ်မီးလျှံ ရောင်ဝါများကို တိုက်ရိုက် ထိုးဖောက်ရန် ကြိုးပမ်းသည်။

လူတိုင်းသည် သူမကို စိုးရိမ်ပူပန်မှုများဖြင့် ကြည့်နေကြသည်။ သူမ ရူးသွပ်နေသည်လော။

သူမက ကိုယ်တိုင်ပင် နတ်မီးလျှံ ရောင်ဝါများကို ထိုးဖောက်လိုသည်လား။

ထိုကဲ့သို့သော အဖျက်အဆီး စွမ်းအားများသည် သူမ၏ အသက်ကို အမှန်တကယ်ပင် ခြိမ်းခြောက်နိုင်၏။

ကြာပန်းပွင့်ချပ်များက အဆက်မပြတ် ပွင့်လန်းလာပြီး အဆုံးမဲ့ လောကပျက်သုဉ်းခြင်း ဓားများအဖြစ် ပြောင်းလဲသွားကာ နတ်မီးလျှံရောင်ဝါကို ထိုးဖောက်သည်။ ယင်းတို့သည် တစ်ခုပြီးတစ်ခု လောင်ကျွမ်းသွားနေသည်။

သို့သော်လည်း ၎င်းတို့က ပျက်စီးသွားသည်နှင့် အသစ်တဖန် ပြန်လည် ဖြစ်တည်လာပြီး သံသရာစက်ဝန်းကို ဖြစ်ပေါ်စေသည်။

စူးရှသည့် ကွဲကြေသံတစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံး၌ နတ်မီးလျှံများသည် ကျဆင်းလာသည့် အနန္တကပ်ဆိုး များကြောင့် ဖြိုခွဲခံလိုက်ရသည်။

သူမ၏ ပုံရိပ်သည် ခဏချင်းမှာပင် ကောင်းကင်သို့ လျှပ်တပြက် ထိုးတက်သွားပြီးနောက် လော့ယန်အပေါ်သို့ ကျဆင်းလာသည်။

လူတိုင်းသည် ကျဆင်းလာနေသည့် အဆုံးမဲ့ လောကပျက်သုဉ်းခြင်း ဓားများထံမှ အလင်းရောင်များသည် လော့ယန်၏ ခန္ဓာကိုယ်ကို ထွင်းဖောက်သွားသည်ကို မြင်လိုက်ကြရသည်။ ရှားရှင်းယွန်က ရှေ့သို့ ဆက်လက် ညွှန်လိုက်သည်တွင် သူမ၏ လက်ချောင်းများတွင် တိုက်ခိုက်မှု စွမ်းအားများက စုစည်းလာပုံပေါ်သည်။

တစ်ခဏအတွင်းမှာပင် ရှားရှင်းယွန်က သူမ၏ တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ပြီး တောက်ပသည့် အလင်းများကလည်း လော့ယန်ထံမှ ထွက်ပေါ်လာကာ လူတိုင်း၏ မျက်လုံးများကိုပင် လောင်ကျွမ်းသွားစေသည်။ သူ့ခန္ဓာကိုယ်သည် မဟာလမ်းစဉ်ခန္ဓာ ဖြစ်လာပြီး ကျဆင်းလာသည့် လောကပျက်သုဉ်းခြင်း ဓားများမှာ ဘာမှ မကျန်ရစ်သည်အထိ အရည်ပျော်သွားခဲ့သည်။ ပို၍ အစွမ်းထက်သော မီးလျှံရောင်ဝါများက သူ့အနီးတွင် ထွက်ပေါ်လာကာ အရာအားလုံးကို အရည်ပျော်သည်ထိ ဝါးမျိုသွားသည်။

သူသည် ရှားရှင်းယွန်ထံသို့ ညွှန်ပြလိုက်ပြီး ကျဆင်းလာသည့် နတ်မီးလျှံ အရာရာကို ကျွမ်းလောင်သွားသည်။ သူမ၏ ဖန်တီးမှုစွမ်းအား များသည်ပင် ပြန်လည်ဖွဲ့တည်လာရန် အခွင့်အရေး မရရှိခဲ့ပေ။

“အရှုံးပေးလိုက်တော့”

ရီဖူရှင်းက အော်သည်။ ရှားရှင်းယွန်သည် မီးလျှံများဖြင့် လုံးဝ လွှမ်းမိုးခံနေရပြီဟု ထင်မှတ်ရသည်။ သူမသည် ဘာမှ မကျန်ရှိတော့အောင် လောင်ကျွမ်း ခံရတော့မည်နှင့် တူနေ၏။

ရှားရှင်းယွန်က သူမ၏ နှုတ်ခမ်းသားများကို ကိုက်လိုက်ပြီး နတ်မီးလျှံများ ကျဆင်းလာရာမှ ချက်ချင်း လျှပ်စီးတန်းကဲ့သို့ ခုန်ရှောင်သည်။ သူမက အဝေးသို့အထိ ဆုတ်သွားခဲ့ရသည်။

သူမက ရှုံးနိမ့်သွားခဲ့ပြီလား။

လူတိုင်း၏ အကြည့်များက လော့ယန်ပေါ်သို့ ကျရောက်နေပြီး သူ၏ စွမ်းအားများကို ခံစားမိကြသည်။ ဤက သူ၏ နောက်ဆုံးတိုက်ခိုက်မှု ဖြစ်လျှင်ပင် သူသည် စွမ်းအားများကို ထိန်းချုပ်ထားဆဲ ဖြစ်ကာ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်မှ စွမ်းအားများကို အသုံးမပြုခဲ့ပေ။ သို့တိုင်အောင် သူသည် ရှားရှင်းယွန်ကို နောက်ဆုတ်သွားစေရန် တိုက်ခိုက်နိုင်ပေသည်။

လူတိုင်းသည် လော့ယန်၏ မျိုးရိုးကို ပြန်တွေးလိုက်ကြသည်။ လော့ကလန်သည် ရန်ဟောင်အဆင့်ဖြစ်ပြီး နတ်မီးလျှံခန္ဓာမှာ မည်သူမှ ချဉ်းကပ်နိုင်ရန် မစွမ်းသာပေ။ သူ့အနီးသို့ တိုးကပ်လာသည်နှင့် သန်မာသည့် မီးတောက်များကို ခံစားရမည် ဖြစ်ကာ ဤက သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားဖြစ်၏။

ထို့ကြောင့် ရှားရှင်းယွန်က လော့ယန်အနီးသို့ ရောက်သည့်အခါ သူမသည် အလွန်အားကောင်းသည့် ဖိအားကို ခံစားမိခြင်း ဖြစ်ပေသည်။

ရှားရှင်းယွန်သာ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ဖြစ်ခဲ့လျှင် ထိုတိုက်ခိုက်မှု၏ ရလဒ်က မည်သို့ဖြစ်လာလိမ့်မည်နည်း။

ရှားရှင်းယွန်က လော့ယန်ကို ခြိမ်းခြောက်နိုင်မည်လား။

ဤသည်က အမှန်တကယ် ဖြစ်နိုင်ပေသည်။

လူတိုင်းသည် သူတို့အကြားမှ တိုက်ပွဲကို အမှန်တကယ် မြင်တွေ့လိုနေကြ၏။

လော့ယန်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ရှားရှင်းယွန်ကို ကြည့်သည်။ သူ၏ မျက်လုံးများထဲတွင် သဘောကျနှစ်ခြိုက်မှု အရိပ်အငွေ့ အနည်းငယ် ရှိနေသည်။ ဆန့်ကျင်ဘက် အနေနှင့် လေးစားခြင်းတို့နှင့် ပြည့်နှက်နေခြင်း ဖြစ်ပေသည်။

သူမသည် အမျိုးသမီးဖြစ်ပြီး နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်သာ ဖြစ်သော်လည်း သူ့ကို များစွာ အခက်တွေ့စေခဲ့သည်။

ရှားရှင်းယွန်က သူ့အပေါ်ပေးသော ဖိအားမှာ ယွီရှီးဖေးထက် မလျော့နည်းပေ။

ဤအမျိုးသမီးလေးက ဒေသဘုရင် အဆင့်သတ်မှတ်ချက်၌ ဝင်ရောက်နေသည့် ယွီကလန်မှ အမျိုးသမီးနှင့် နှိုင်းယှဉ်နိုင်သည် ဟူသည့် သဘောပင် ဖြစ်သည်။

ရှားရှင်းယွန်၏ မျက်ဝန်းများထဲတွင်တော့ စိတ်ပျက်မှု အငွေ့အသက်များ စွန်းထင်းနေသည်။ လော့ယန်က သူမကို ကြည့်ကာ ပြောသည်။

“နောက်ပိုင်း အခွင့်အရေးရခဲ့ရင် သွေးနဂါးမြို့ကို လာပြီး ကျုပ်ကို စိန်ခေါ်နိုင်ပါတယ်”

ဤသည်ကို ကြားလိုက်ရသည့် လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်သော အကြည့်များ ဖြစ်ပေါ်လာသည်။ လော့ယန်နှင့် ရှားရှင်းယွန်တို့၏ တိုက်ခိုက်မှုသည် သူတို့ကြားတွင် အချင်းချင်း လေးစားမှုကို မွေးဖွားစေသည်ဟု ထင်ရသည်။ သူသည် သူမအား အခွင့်အရေးရလျှင် လော့ကလန်၌ သူ့ကို လာရောက်စိန်ခေါ်ဖို့ရန်ပင် ကမ်းလှမ်းနေ၏။

သို့သော်လည်း ရှားရှင်းယွန်သည် ဒေသနန်းတော်တွင် ကျင့်ကြံနေသည့် ရှုကျီကို အနိုင်ရခဲ့ပြီး လော့ယန်နှင့် တိုက်ခိုက်ရာတွင်လည်း သူမ၏ စွမ်းအားသည် ယွီရှီးဖေးအောက် မလျော့နည်းခဲ့ပေ။ ဤအမျိုးသမီးလေးက ယွီရှီးဖေးနှင့် ယှဉ်နိုင်သူဖြစ်ပြီး သူမတွင် တော်ဝင်အဆင့်အတန်း ရှိနေသေးသည်။ သူမက အမျိုးသမီးဆန်သည့် အဝတ်အစားများ မဝတ်ဆင်ထားလျှင်ပင် လူတိုင်းက သူမ၏ ညို့ဓာတ်ကို မြင်နိုင်ကြပေသည်။

လော့ယန်က ဤအမျိုးသမီးလေးအား သဘောကျသည်မှာ အံ့သြဖွယ် မရှိပေ။ သူမကဲ့သို့သော သူမျိုးမှာ သွေးနဂါးဘုံတွင် အနည်းငယ်သာ ရှိသည်မဟုတ်ပါလား။

လော့ယန်ပြောသည်ကို ကြားလိုက်ရသည့်အခါ ရှားရှင်းယွန်၏ မျက်ဝန်းများထဲတွင် အေးစက်မှုတို့ လင်းလက်သွား၏။ သူမက သဘောမကျစွာဖြင့် ပြောသည်။

“အဲဒီလို ပြောဖို့ ရှင့်မှာ အခွင့်အရေး မရှိဘူး”

သူမ၏ စကားလုံးများက လူတိုင်းကို ကြက်သေသေ သွားစေသည်။ သူမက တစ်ဖက်လူအား အဖက်မတန်သည့်ဟန်ဖြင့် ဆက်ဆံနေသည်။

သို့သော်လည်း လော့ယန်က သူမ၏သဘောထားကို ဂရုမစိုက်ပေ။ သွေးနဂါးဘုံတွင် သူ အလေးထားသည့်သူမှာ အနည်းငယ်သာရှိပြီး အမျိုးသမီးများကတော့ ပိုမိုရှားပါးပေသည်။

ရှားရှင်းယွန်သည် အဘက်ဘက်မှ ထူးချွန်သူ ဖြစ်သည်။ ထို့ကြောင့် သူမသည် မာနကြီး၍ အဖက်မတန်သလို ဆက်ဆံသည်မှာ သာမန်ပင် ဖြစ်၏။

ထိုအခိုက်တွင် ထိပ်တိုက် တွေ့ဆုံသည့်အသံ ထွက်ပေါ်လာသည်။ အသံများက ရှင်းခိုင်နှင့် ရီဖူရှင်းတို့ကြား တိုက်ပွဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးသည် အဝေးသို့ ဆုတ်ခွာလိုက်ကြသည်။ သူတို့က တိုက်ခိုက်နေရာမှ ရပ်တန့်လိုက်ပြီး အနိုင်အရှုံး ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သော ရှားရှင်းယွန်နှင့် လော့ယန်ကို ကြည့်သည်။

“မင်း အဆင်ပြေရဲ့လား”

ရီဖူရှင်းက ရှားရှင်းယွန်ကို မေးသည်။

ရှားရှင်းယွန်သည် သူ့ကို ကြည့်ရင်း သူမ၏ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းသည်။ သူမကို ကြည့်ရသည်မှာ စိတ်မကောင်း ဖြစ်နေဟန်ရ၏။ သူမသည် ရီဖူရှင်းအား ကူညီလိုသော်လည်း သူမက ရှုံးနိမ့်ခဲ့ရ၏။ ဤက ရီဖူရှင်းကို အခက်တွေ့စေမည် ဖြစ်သည်။

ရီဖူရှင်းက သူမ၏ မျက်လုံးများထဲကို ကြည့်လိုက်ပြီး သူမ၏အတွေးများကို နားလည်သွားသည်။ သူက ပြုံးကာ ပြောလိုက်၏။

“ရှုံးရှုံးနိုင်နိုင် အရေးမကြီးပါဘူး။ ကျန်တာ ကျုပ်တာဝန်ထား”

“အင်း”

ရှားရှင်းယွန်က ခေါင်းညိတ်လိုက်ပြီး ဆုတ်ခွာသွားသည်။

လူတိုင်းသည် ထိုမြင်ကွင်း၏ ကြည်နူးမှုတွင် စီးမျောနေကြသည်။ ရှားရှင်းယွန်သည် မင်းသမီးတစ်ပါးဖြစ်ပြီး တော်ဝင်မျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်ကာ အင်ပါယာရှားဘုံတွင် သူမ၏ အဆင့်အတန်းသည် ရီဖူရှင်းထက် မြင့်မားပေသည်။ ထို့အပြင် သူမသည် အလွန်အစွမ်းထက်သည်။ သို့သော်လည်း ရီဖူရှင်းသည် ချန်ယဲ့မြို့၏ အုပ်ချုပ်သူ ဖြစ်ပြီး သူမသည် သူ့အနောက်တွင်သာ ထောက်ပံ့ကူညီ၏။ သူမက သူ့ကို နာခံသည်ဟုပင် ထင်မှတ်ရ၏။

ရီဖူရှင်း၏ အသံကို နားထောင်ကြည့်လျှင် လူတိုင်းက ထိုပတ်သက်မှုမှာ ထူးဆန်းသည်ဟု ထင်မြင်ကြလေသည်။

ဖြစ်နိုင်သည်က …

ရှားရှင်းယွန်က တကယ့်ကို အချစ်ကံဆိုးသူလေးလား။

***


Comment

Leave a Reply


Options

not work with dark mode
Reset