အပိုင်း(၁၂၈၈)

နောက်ဆုံးတိုက်ပွဲ

သူတို့လေးယောက်သည် နတ်တောင်ပေါ်ရှိ မက်မွန်ပွဲတော်မှ လူအုပ်ကြီး ကြည့်နေသည့် ကြားမှ ခန်းမအလယ်သို့ လျှောက်လာကြသည်။ လူတိုင်း၏ အကြည့်များက သူတို့ထံသို့ ရောက်နေ၏။

ရှင်းခိုင်နှင့် လော့ယန်တို့သည် အချိန်ကြာမြင့်စွာ ကတည်းက သွေးနဂါးဘုံတစ်ခွင်တွင် ကျော်ကြားသူများ ဖြစ်ကြပြီး သူတို့၏ မျိုးဆက်များအကြားတွင် အကျော်ကြားဆုံးနှင့် အစွမ်းထက်ဆုံးသူများ ဖြစ်ကြသည်။

ရီဖူရှင်းနှင့် ရှားရှင်းယွန်သည် ချန်ယဲ့မြို့၏ အင်အားကြောင့် ဤအမြင့်သို့ ရောက်ရှိ အောင်မြင်လာသည့် အသစ်ကလေးများ ဖြစ်ကြသည်။

သူတို့နှစ်ဦး ဘေးချင်းယှဉ်၍ လျှောက်လာသည်ကို ကြည့်နေကြသည့် လူတိုင်းသည် သူတို့အချင်းချင်း လိုက်ဖက်လှသည်ဟု တွေးထင်မိကြ၏။ သူတို့ကား နတ်ဖက်သည့် စုံတွဲဟုပင် ထင်မှတ်ရသည်။

သို့သော်လည်း ရီဖူရှင်း၏ ယခင်အပြုအမူအရ သူ့တွင် ချစ်ရသည့် အခြားအမျိုးသမီး ရှိသည်ဟု ကောက်ချက်ချနိုင်သည်။

ရှားရှင်းယွန်က တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်းမှာ ရီဖူရှင်း အရှက်တကွဲ ဖြစ်ရမည်ကို စိုးရိမ်၍များပေလော။

သို့ရာတွင် သူမ ပါဝင်တိုက်ခိုက်ပါက ချန်ယဲ့မြို့မှ နှစ်ယောက် ဖြစ်နေပေလိမ့်မည်။ ရှင်းခိုင်နှင့် လော့ယန်က ပူးပေါင်း၍ သူတို့ကို ပစ်မှတ်ထားလျှင် အလွန်ပင် အခွင့်မသာဘဲ ဖြစ်ပေတော့မည်။

မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် နှစ်ယောက်က နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့် နှစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်ခြင်း ဖြစ်လာပေလိမ့်မည်။

သို့သော် ဤသို့သော တိုက်ပွဲမျိုးတွင် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် နှစ်ယောက်သည် သူတို့၏ စွမ်းအားများကို ကန့်သတ်ထားရမည် ဖြစ်တာကြောင့် သူတို့ ကြားတွင် ကွာခြားချက်က သိပ်ကြီးမားလိမ့်မည်တော့ မဟုတ်ပေ။ သူတို့တွင် အခွင့်အရေး အနည်းငယ်တော့ ရှိနေပေဦးမည် ဖြစ်သည်။

သို့ပေမဲ့ သူတို့သည် လက်ရှိမျိုးဆက်၏ ထိပ်သီးတန်ခိုးရှင်နှစ်ဦး ဖြစ်သည်။ ထို့ကြောင့် ဤတိုက်ပွဲ၏ ရလဒ်ကို လွယ်ကူစွာ ခန့်မှန်းနိုင်ပေသည်။

စာလုံးထောင်ချီမှော်စာလိပ် အတွက် တိုက်ပွဲသည် ဤတိုက်ပွဲ ပြီးသည်နှင့် အဆုံးသတ်သွားလိမ့်မည် ဖြစ်သည်။

ရှင်းခိုင်က သူ့အကြည့်ကို ရီဖူရှင်းတို့အပေါ်သို့ သိမ်းကျုံး ပို့လွှတ်သည်။ ရှေးဟောင်းတော်ဝင်မြို့နှင့် ချန်ယဲ့မြို့ ကြားတွင် ရန်ငြိုးများ ရှိနေသော်လည်း ရီဖူရှင်းကို ကြည့်သည့် သူ့အကြည့်များတွင် ခံစားချက်များ ကင်းမဲ့နေ၏။

“သူတို့ကို အရင်ဖယ်ထုတ်ရအောင်။ တစ်ယောက် ရွေးလိုက်”

ရှင်းခိုင်က လော့ယန်ကို ပြောသည်။

သူ့စကားက လူတိုင်းကို အံ့သြစေသည်။ ရှင်းခိုင်က တည့်တိုးဆန် လွန်းလှသည်။

ရီဖူရှင်းနှင့် ရှားရှင်းယွန်က အတူတကွ ထွက်လာခဲ့သည့်အတွက် သူတို့ကို အရင်ဆုံး ဖယ်ထုတ်ပစ်ရန် သူနှင့်လော့ယန်က ရီဖူရှင်းတို့ထဲမှ တစ်ယောက်ကို ရွေးချယ်ရလိမ့်မည် ဖြစ်သည်။

အဆုံးမှာတော့ စာလုံးထောင်ချီ မှော်စာလိပ်အတွက် သူနှင့် လော့ယန်သည်သာ နောက်ဆုံး၌ ယှဉ်ပြိုင်ရပေလိမ့်မည်။

“မင်း ဆန္ဒအတိုင်းပဲ”

လော့ယန်က ထူးမခြားနားစွာပင် ပြောသည်။ သူတို့နှစ်ယောက်သည် ရီဖူရှင်းနှင့် ရှားရှင်းယွန်ဘက်သို့ လှည့်ကာ ကြည့်လိုက်ကြ၏။

အစွမ်းထက်လှသည့် အရှိန်အဝါ နှစ်ခုက ရုတ်ခြည်း ထွက်ပေါ်လာပြီး စွမ်းအားပြည့်ဝလှသည့် အသိများက လွှမ်းခြုံလာကာ ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့ကို ဖုံးအုပ်သွားသည်။

ရုတ်တရက် ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့၏ စွမ်းအား အသိများကလည်း ထွက်ပေါ်လာကာ ရှင်းခိုင်နှင့် လော့ယန်တို့ကို ရင်ဆိုင်လိုက်၏။

ဘုန်း…

ရှင်းခိုင်က ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ၏ တိုက်ခိုက်မှု စွမ်းအားများက ပျံ့နှံ့ထွက်ပေါ်လာသည်။ ရီဖူရှင်းနှင့် ရှားရှင်းယွန်သည် သူ၏ သဏ္ဌာန်မဲ့ တိုက်ခိုက်ရေး အသိစွမ်းအားများမှ ကြောက်မက်ဖွယ် ပြင်းထန်သည့် ခြိမ်းခြောက်မှုကို ခံစားလိုက်ကြရ၏။

တိုက်ခိုက်မှု စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အနီးတွင် ရစ်ပတ်ထားပုံပေါ်သည်။ ရှေးဟောင်း ချိပ်တံဆိပ်များ ပေါ်ပေါက်လာကာ သူ့ အနီးတစ်ဝိုက်တွင် လှည့်ပတ်နေသည်။

သူ၏ စာလုံးထောင်ချီ မှော်စာလိပ်ကို နားလည်သဘော ပေါက်မှုသည် သူ့ကို စစ်ပွဲ ချိပ်တံဆိပ်များ သဏ္ဌာန်ပေါ်လာစေရန် ခွင့်ပြုပေးခဲ့သည်။

စာလုံးထောင်ချီ မှော်စာလိပ်၏ ရှေးဟောင်း စာလုံးများသည် သူ၏ စစ်ချိပ်စည်းများနှင့် တူသည်ဟု ထင်မှတ်ရသည်။

အကယ်၍ သူသည် စာလုံးထောင်ချီ မှော်စာလိပ်ကို ကျင့်ကြံနိုင်ပြီး နားလည် သဘောပေါက်သည့် စွမ်းအားများကို တိုက်ခိုက်မှုတွင် ထည့်သွင်းအသုံးပြုပါက သူ၏စွမ်းအားသည် နောက်တစ်ဆင့်သို့ တိုးမြှင့်နိုင်ရန် လုံလောက်ပေလိမ့်မည်။

ရှင်းခိုင်ကဲ့သို့ လူမျိုးပင်လျှင် ရန်ဟောင်အဆင့် တိုက်ခိုက်ရေး ပညာရပ်ကို ရရှိနိုင်မည့် အခွင့်အရေးကို တွေဝေနေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် စာလုံးထောင်ချီ မှော်စာလိပ်အတွက် တိုက်ခိုက်မည် ဖြစ်၏။

သူနှင့် ရီဖူရှင်း ကြားမှ ရန်ငြိုးရန်စကတော့ ဒုတိယနေရာသာ ရှိသည်။ ထိုကိစ္စသည် မက်မွန်ပွဲတော်၌ ဖြေရှင်း၍ ရသည့် ကိစ္စမဟုတ်ပေ။

ယခု သူ ပါဝင်လာပြီ ဖြစ်သည့်အတွက် ရီဖူရှင်းသည် သူ အနိုင်ပိုင်းရမည့် ပြိုင်ဘက်တစ်ဦးထက် ပိုမနေပေ။ ရီဖူရှင်းသည် ခြေနင်းကျောက် တစ်တုံးသာ ဖြစ်ပေ၏။

များပြားလှသည့် ရှေးဟောင်း စည်းတံဆိပ်များသည် ရှင်းခိုင်၏ အနီးတွင် ပုံပေါ်လာပြီး ဝိုင်းပတ်ပျံသန်းနေသည်။ ကြောက်မက်ဖွယ် ဖိအားက သူ့ထံမှ ထွက်ပေါ်လာခဲ့၏။

ထိုချိပ်တံဆိပ် တစ်ခုချင်းစီသည် အလွန်အားကောင်းပြီး ပတ်ဝန်းကျင်တစ်ခွင်ရှိ တိုက်ခိုက်ရေး စွမ်းအားများ အားလုံးကို ဝါးမျိုပစ်နေသည်။ ယင်းတို့က လောကကြီး၏ မဟာလမ်းစဉ်နှင့် တသားတည်း ဖြစ်နေကာ တိုက်ခိုက်ရေး စွမ်းအားများက ချိပ်စည်းအတွင်းသို့ ပေါင်းစပ်နေ၏။

ဤရှေးဟောင်း ချိပ်တံဆိပ်များသည် စာလုံးထောင်ချီ မှော်စာလိပ်မှ သူ၏ သဘောပေါက် နားလည်မှုအပေါ်တွင် အခြေခံကာ ဖြစ်တည်လာခြင်း ဖြစ်သည်။

သူသည် ယခင်က ရီဖူရှင်း လုပ်ခဲ့ဖူးသကဲ့သို့ လုပ်နိုင်စွမ်းရှိပေ၏။

ခန်းမ၏ အခြားတစ်ဖက်၌ လော့ယန်ထံမှ တောက်ပသော အလင်းများ ပေါက်ကွဲထွက်လာသည်။ သူသည် နေမင်း၏ နတ်မီးလျှံများဖြင့် လွှမ်းခြုံထားသည့်ပုံ ပေါ်နေ၏။ သူ့ကို ကြည့်ရသည်မှာ နေမင်းနတ်ဘုရား သဖွယ်ပင် ဖြစ်သည်။

နေမင်း၏ ကြောက်မက်ဖွယ် အလင်းများက သူ့ထံမှ ထွက်ပေါ်နေသည်မှာ လူတိုင်း၏ မျက်လုံးများကိုပင် နာကျင်သွားစေနိုင်ပြီး သူတို့၏ ဝိညာဉ်များကိုပင် လောင်ကျွမ်းသွားသည်ဟု ခံစားကြရ၏။ ဤက ရီဖူရှင်းနှင့် ရှားရှင်းယွန်ထံသို့ သနားငဲ့ညှာခြင်းမရှိ ရိုက်ခတ်လာခဲ့သည်။

ရှင်းခိုင်နှင့် လော့ယန်သည် ဖေမင်နှင့် မတူပေ။ သူတို့က စာလုံးကို သိမြင်နားလည်ခြင်းအား သိပ်အလေးထားသည် မဟုတ်ပေ။ သူတို့ ဂရုစိုက်သည်က အနိုင်ရရန် တစ်ခုတည်းသာ။

သို့သော်လည်း သူတို့က အသုံးပြုသည့် တန်ခိုးအဆင့်ကိုတော့ ကန့်သတ်ထားကြရ ပေသည်။

ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့ အပေါ်၌ ကြောက်မက်ဖွယ် ဖိအားက လွှမ်းမိုးထားသည်။ တောက်ပသည့် ရှေးဟောင်းစည်းတံဆိပ် အလင်းများက သူတို့ထံမှလည်း ပေါက်ကွဲထွက်ပေါ် လာပေသည်။

ရှေးဟောင်းစာလုံးများက ရီဖူရှင်း၏ ရှေ့တွင် လှည့်ပတ်နေပြီး ရှင်းခိုင်၏ စွမ်းအားများကို တိုက်ရိုက် ဆန့်ကျင်နေ၏။

ရှားရှင်းယွန်သည် သန့်စင်သည့် ကြာပန်းများမှ ဖြစ်ပေါ်လာသော အလင်းအရံအတားဖြင့် ရစ်ပတ်ထားခြင်း ခံရသည်။ အဆုံးမဲ့ ပျက်သုဉ်းခြင်းဓား ချိပ်တံဆိပ်များက ဖြစ်တည်လာပြီး ကောင်းကင်ကို လွှမ်းမိုးသွားသည်။ အလွန်ကြီးမားသော ကြာပန်းကြီး ပွင့်လန်းလာသည်။ လော့ယန်၏ တောက်ပသော မီးလျှံများသည် ထိုအကာအကွယ်အတွင်း ထွင်းဖောက်ဝင်ရောက်၍ လောင်ကျွမ်းရန် နည်းလမ်းမရှိသကဲ့သို့ ကြာပန်း၏ အပြင်ဘက်တွင် ရပ်တန့်သွား၏။

ရှင်းခိုင်က ရှေ့ကို ဆက်တိုးလာသည်တွင် ရုတ်တရက် ရှေးဟောင်း ချိပ်တံဆိပ်များသည် ရှေ့သို့ တည့်တည့် ရိုက်ခတ်သွားပြီး စစ်နတ်ဘုရား ချိပ်တံဆိပ်များ ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် ရီဖူရှင်းထံသို့ တရကြမ်း တိုးဝင်သွား၏။

ကြောက်မက်ဖွယ် လက်သီးအားက ရီဖူရှင်း၏ရှေ့မှ ရှေးဟောင်း ချိပ်တံဆိပ်များကို ဖြတ်သန်း စီးဆင်းလာသည်။ သူသည်လည်း ရှေ့သို့ ခြေလှမ်းလိုက်ရာ ရုတ်ခြည်းပင် ရှေးဟောင်း စာလုံးများက ပျံသန်းသွားခဲ့ပြီး ပြင်းထန်သော လက်သီးများအဖြစ် ပြောင်းလဲသွားကာ စစ်နတ်ဘုရား ချပ်စည်းတံဆိပ်များကို ရိုက်ခတ်သည်။

ဘုန်း…

နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ စည်းတံဆိပ်များသည် လေထဲတွင် ထိပ်တိုက် တွေ့သွားခဲ့ကြ၏။ သို့သော်လည်း ဤကား အစပင် ရှိသေး၏။ ရှင်းခိုင် အနီးရှိ ချိပ်တံဆိပ်များမှာလည်း ပျံသန်းသွားခဲ့ပြီး ရီဖူရှင်းထံသို့ တိုးဝင်သွားသည်။

ရီဖူရှင်း၏ ငွေဖြူရောင် ဆံမျှင်များသည် လေထဲတွင် မျောလွင့်နေသည်။ ရှေးဟောင်းစာလုံးများသည် လက်သီးများအဖြစ် ပြောင်းလဲသွားကာ လေကို ခွင်းသွား၏။ ပေါက်ကွဲသည့် အသံတစ်စက လေထဲတွင် ထွက်ပေါ်လာကာ လူတိုင်း၏ နားထဲသို့ ထွင်းဖောက် ဝင်ရောက်သွားသည်။ လက်သီးစွမ်းအားများက ရွှေရောင်အလင်းများကို ဖြတ်သန်း ထိုးခွဲသွားသည်။

စွမ်းအားနှစ်ခုသည် လေထဲတွင် ထိပ်တိုက်ဆုံမိကြပြီး အဆက်မပြတ်သော ပေါက်ကွဲသံကြီးကို ဖြစ်ပေါ်လာစေသည်။ လျှပ်တစ်ပြက်အတွင်းတွင် ဖျက်ဆီးမှု လေစီးကြောင်းက ပတ်ဝန်းကျင် တစ်ခုလုံး၌ ပေါ်ပေါက်လာ၏။

ရှင်းခိုင်နှင့် ရီဖူရှင်းသည် သူတို့ ဖန်တီးထားသည့် အစွမ်းထက်လှသော ရှေးဟောင်းစာလုံးများကို အသုံးပြု၍ ထိပ်တိုက်ရင်ဆိုင် နေကြပေသည်။

စာလုံးထောင်ချီ မှော်စာလိပ်အပေါ်၌ သူတို့၏ နားလည် သဘောပေါက်မှုသည် သာတူညီမျှ ဖြစ်နေပုံရသည်။

သူ၏ တိုက်ခိုက်မှုအားလုံး တားဆီးပိတ်ပင် ခံရသည်ကို မြင်လျှင် ရှင်းခိုင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ရုတ်တရက် ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအားများ ပြည့်နှက်နေသော ဧရာမချိပ်တံဆိပ်ကြီး တစ်ခုသည် ချိပ်တံဆိပ်များအားလုံး အလယ်တွင် ပေါ်ပေါက်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် များပြားလှသည့် ချိပ်တံဆိပ်များနှင့်အတူ ရှေ့သို့ တိုးလာသည်။ ၎င်းတို့က သူ့အနီးတွင် ပျံသန်းစီးဆင်းနေပြီး ရီဖူရှင်း အပေါ်တွင် ဖိအားဖြစ်စေကာ သူ၏ လက်သီးစွမ်းအားများကို ဖြတ်တောက်သည်။ ယင်းတို့သည် ရှေ့သို့ ဆက်လက် တိုးလာနေပြီး အရာရာကို ဖျက်ဆီးသွားတော့မည့်ဟန် ထင်မှတ်ရ၏။

ရီဖူရှင်းသည် မော့ကြည့်လိုက်သည်တွင် ဧရာမစစ်နတ်ဘုရား ချိပ်တံဆိပ် သဏ္ဌာန်ကို မြင်တွေ့သည်။ သူသည် ထိုအရာအတွင်း၌ ရှင်းခိုင်၏ စွမ်းအားများကို ခံစားမိသည်။ သူသည် ထိုအရာအတွင်းမှ အလွန်အားကောင်းသော စိတ်အသိအား ခံစားမိသည်။

အများ ပြောကြသည်မှာ ရှေးဟောင်းတော်ဝင်မြို့မှ လူများသည် သုတ်သင်ခံလိုက်ရသော အင်ပါယာကျန်းဘုံမှ မျိုးဆက်သွေးသားများ ဖြစ်သည်ဟူ၍ ဖြစ်ပေသည်။

ရှင်းခိုင်နှင့် ရှင်းချိုးသည် အင်ပါယာကျန်း၏ မျိုးဆက်များ ဖြစ်ကြ၏။ ထိုကောလာဟလများသည် အမှန်တစ်ဝက်ထက် ပိုလေသည်။

ဤကဲ့သို့ တိုက်ခိုက်မှုအသိ အမျိုးအစားသည် အလွန်ပင် သန်မာလှပြီး မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်နိုင်သည်မှာ လေထုကိုပင်လျှင် ဖြစ်၏။ ထိုစွမ်းအားသည် ရီဖူရှင်းထံသို့ တရကြမ်း တိုးဝင်လာနေသည်။

အတွေးတစ်ချက်နှင့် သုံးဆယ့်သုံးခုသော လက်သီး ချိပ်တံဆိပ်များသည် လက်သီး စွမ်းအားများကြားတွင် ပေါ်ပေါက်လာ၏။ သူတို့အားလုံးသည် သူ၏ မူလလက်သီးများနှင့် ဆင်တူသည်။ ၎င်းတို့ ထွက်ပေါ်လာပြီး လေကို ထိုးဖောက်ဖြတ်ခွင်းကာ ကြီးမားသည့် စစ်နတ်ဘုရား ချိပ်တံဆိပ်ဆီသို့ ကြမ်းရမ်းစွာ ဝင်ရောက်သွားပေသည်။

လေထုသည် တုန်ခါနေပြီး အော်မြည်သံများ ထွက်ပေါ်နေကာ ကြည်လင်သည့် ကွဲကြေသံတို့ ထွက်ပေါ်လာသည်။  အက်ကွဲရာများသည် ရိုက်ခတ်မိလိုက်သည့် ကြီးမားသည့် စစ်နတ်ဘုရား ချိပ်တံဆိပ်ကြီးတွင် တဖြည်းဖြည်း ပေါ်ပေါက်လာသော်လည်း ထိုအရာမှ တောက်ပသည့် အလင်းများ ထွန်းလင်းလာကာ ပြန်လည်၍ အကောင်းအတိုင်း ချောမွေ့သွားခဲ့သည်။ ရီဖူရှင်းသည် နောက်သို့ ပျံသန်းထွက်သွား ခဲ့ရသော်လည်း သူ၏ လက်သီး ချိပ်တံဆိပ်များက ဆက်လက်၍ ရှေ့သို့ တိုးဝင်သွားနေပြီး ၎င်း၏ ဦးတည်ရာသို့ ရောက်ရှိသွား၏။

အဆုံးတွင်တော့ စစ်နတ်ဘုရား ချိပ်တံဆိပ်သည် ပျက်စီးသွားခဲ့သည်။ တိုက်ခိုက်မှုသည်လည်း ရပ်တန့်သွားခဲ့၏။

“ရီဖူရှင်းက ရှင်းခိုင်ကို ခြိမ်းခြောက်နိုင် လိမ့်မယ်လို့ ထင်တယ်။ ဒါပေမဲ့ ရှင်းခိုင် ဖော်ထုတ်တဲ့ စွမ်းအားတွေရဲ့ ချိပ်တံဆိပ်တွေက ရီဖူရှင်းထက် ပိုပြီး အားကောင်းတာမို့ အဆုံးမှာတော့ သူပဲ နိုင်လိမ့်မယ်”

တစ်စုံတစ်ယောက်က ထိုမြင်ကွင်းကို ကြည့်နေရင်း တွေးတွေးဆဆနှင့် တီးတိုးပြောသည်။

“ရီဖူရှင်းသာ မိမိကိုယ်ကိုယ် သိမြင်ခြင်း အဆင့်ဆိုရင် ဒီထက်ကိုပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ တိုက်ပွဲကို မြင်ရလိမ့်မှာပဲ”

သူ့ဘေးမှ တစ်ယောက်က ပြန်တုံ့ပြန်လိုက်၏။ သူတို့သည် ရီဖူရှင်းက ရှုံးနိမ့်လိမ့်မည်ဟု တွေးထင်နေကြ၏။

နှစ်ယောက်၊ နှစ်ယောက် တိုက်ခိုက်ခြင်း၌ အနိုင်ရရှိသူမှာ ရှင်းခိုင်နှင့် လော့ယန်သာ ဖြစ်လိမ့်မည်။

***

အခြားတစ်ဘက်မှ တိုက်ခိုက်မှုတွင် လော့ယန်၏ အနီး၌ နတ်မီးလျှံ ချိပ်တံဆိပ်များ ပေါ်ပေါက်နေပြီး နေရာတစ်ခုလုံးမှ လမ်းစဉ် မီးတောက်များကို ဝါးမျိုနေသည်။ ၎င်းတို့တွင် ချစ်ချစ်တောက် ပူလောင်နေသည့် စွမ်းအားများ ပါဝင်နေပြီး ရှားရှင်းယွန်ထံသို့ တိုးဝင်သွားသည်။ ‌

ဟူး …

ကြောက်မက်ဖွယ် နတ်မီးလျှံအလင်းသည် မီးတောက်များအထဲသို့ ဝင်ရောက်သွားပြီး ကြာပန်းအလင်း အရံအတားထံသို့ ရိုက်ခတ်လာ၏။ ၎င်းသည် တဖြည်းဖြည်းနှင့် အလင်းအရံအတားကို ထိုးဖောက်နေပြီး တဖြည်းဖြည်း တိုက်စားလောင်ကျွမ်း နေသည်။ ထိုအရာများသည် အလင်းတန်းတစ်ခုထက် ပိုများပေ၏။

နတ်မီးလျှံအလင်းသည် လော့ယန်အနီးတွင် ဖြစ်တည်လာပြီး လျှပ်တစ်ပြက်အတွင်း ကြာပန်းအလင်း အရံအတား၌ ကြီးမားသော အပေါက်ကြီး ပေါ်ပေါက်လာစေသည်။

“လော့ယန်ရဲ့ လမ်းစဉ်မီးတောက်တွေက ဒီလောက်အထိ အဖျက်စွမ်းအား ပြည့်ဝတယ်။ သူက တကယ့်ကို မီးလူသားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်”

နတ်တောင်ပေါ်မှ အကြီးအကဲတစ်ဦးက ပြောသည်။

ရှားရှင်းယွန်သည် လော့ယန်၏ လက်တွင် အရှက်တကွဲ ရှုံးနိမ့်ရလိမ့်မည် ဖြစ်သည်။

လော့ယန်သည် သူ့ ဘိုးဘေး၏ ပါရမီအရည်အချင်းကို ဆက်ခံခဲ့ပြီး လမ်းစဉ်မီးတောက်ကို အသုံးပြုရာ၌ အလွန်ပင် ကျွမ်းကျင်၏။ လော့ကလန်သည် သူတို့၏ မျှော်လင့်ချက်ကို သူ့အပေါ်တွင် ပုံအောထားပေသည်။

သူ၏ လမ်းစဉ် မီးတောက်များသည် တားဆီးပိတ်ပင်၍ မရနိုင်သည့် မီးတောက်ဓားတစ်လက် သဏ္ဌာန်ပုံပေါ်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့မလို ထင်မှတ်ရ၏။

ရှားရှင်းယွန်သည် သူမ၏ ကြာပန်းအလင်း အရံအတား ထိုးဖောက်ခံရသည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်သည်။ နတ်မီးလျှံသည် သူမထံသို့ တိုးဝင်လာနေ၏။ ပျက်သုဉ်းခြင်း ဓားများသည် သူမ၏ အနီးတွင် ပေါ်ပေါက်လာပြီး သူမ ညွှန်လိုက်သည့် နေရာသို့ ပြေးထွက်သွားသည်။ ၎င်းတို့သည် တစ်ခုပြီး တစ်ခု တန်းတန်းမတ်မတ် တိုးဝင်သွားပြီး တစ်ဖက်မှ နတ်မီးလျှံများကို ထွင်းဖောက်သွားခဲ့သည်။

လောကပျက်သုဉ်းခြင်း ဓားများသည် နတ်မီးလျှံများကို ထိုးဖောက်ရန် ကြိုးစားနေပြီး ဖျက်ဆီးပစ်လို နေကြသည်။ သို့သော်လည်း ဓားများအားလုံးမှာ မီးလျှံများအောက်တွင် ပျော်ဝင်သွားသည်။ ၎င်းတို့သည် အတွင်း၌  ချက်ချင်း ပူပြင်းတောက်လောင် လာသည်။

ရှားရှင်းယွန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ ပို၍ များပြားသော ပျက်သုဉ်းခြင်းဓား ချိပ်တံဆိပ်များ ပေါ်ပေါက်လာက  တစ်ခုပြီးတစ်ခု ပျံသန်းထွက်သွားသည်။ ယင်းတို့သည် အားကောင်းသထက် အားကောင်းလာပြီး နတ်မီးလျှံများဆီသို့ တိုးဝင်သွားသည်။

နောက်ဆုံးတွင် နတ်မီးလျှံများသည် ကွဲထွက်သွားသော်လည်း ရှားရှင်းယွန် တွေ့ရှိခဲ့သည်မှာ ၎င်းတို့သည် တစ်ခုကွဲထွက်သွားလျှင် နတ်မီးလျှံ နှစ်ခုအဖြစ် ရှေ့သို့ ဆက်လက် တိုးဝင်လာနေ၏။ ယင်းတို့သည် မဖျက်ဆီးနိုင်သည့် အလင်းများနှင့် တူလှပေသည်။

ထောင်ချီသော လောကပျက်သုဉ်းခြင်း ဓားများသည် သူ၏ အနီးတွင် လှည့်ပတ်နေပြီး ဓားမုန်တိုင်းအသွင် ဖြစ်တည်လာသည်။ အော်မြည်ကာ လှည့်ပတ်နေသည့် ဓားများသည် ဝင်လာနေသည့် မီးလျှံများ တားဆီးပိတ်ပင်ရန် မရေတွက်သည့် ပွင့်ချပ်များနှင့် ကြီးမားသော ကြာပန်းကြီးက ပွင့်အာလာသကဲ့သို့ ထင်မှတ်ရပေသည်။

သူမက ရှေ့သို့ လှမ်းတက်လိုက်ရာ စွမ်းအားပြည့်ဝလှသည့် ဓားများသည် သူမကို ကာရံထားပြီး အချိန်မရွေး ပြင်းထန်သည့် တိုက်ခိုက်မှုကို ဖော်ထုတ်နိုင်သည်ဟု ထင်မှတ်ရ၏။

နတ်မီးလျှံများသည် ရှားရှင်းယွန် ရှေ့သို့ လှမ်းလာနေသည်ကို တွန်းကန်ထားသည်။ သူမသည် နတ်ဘုရားမ တစ်ပါးကဲ့သို့ လေထဲတွင် မျောလွင့်နေပြီး လော့ယန်ဆီသို့ ရောက်ရှိသည့်တိုင်အောင် ဆက်လက်၍ ရှေ့သို့ တိုးဝင်လာနေသည်။ အဆုံးမဲ့ လောကပျက်သုဉ်းခြင်းဓားများသည် ကောင်းကင်ကို ဖြတ်သန်း ထွက်ပေါ်လာ၏။ လောကပျက်သုဉ်းခြင်း ဓားများ ကျဆင်းလာခြင်းက ဖျက်ဆီးခြင်းမုန်တိုင်း ပြင်းထန်စွာ ဖြစ်ပေါ်လာစေပြီး ကောင်းကင်ပင် ကွဲထွက်သွားတော့မယောင် ထင်မှတ်ရပေသည်။

သို့သော်လည်း လော့ယန်သည် ဘာမှ မခံစားမိသကဲ့သို့ပင် ရှိနေသည်။ သူသည် ရှားရှင်းယွန်ကို တည်ငြိမ်စွာ ကြည့်နေ၏။

“မင်း မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်ကို ရောက်ရင် ကျုပ်ကို လာရှာပါ။ ကျုပ်တို့ နောက်တစ်ခေါက် တိုက်ခိုက်ကြမယ်”

သူက ပြောသည်။ မီးတောက်များက သူ့အနီးတွင် ပေါင်းစပ်နေပြီး ရုတ်တရက် မီးလျှံရောင်စဉ်တန်းကြီး ပေါ်ပေါက်လာကာ သူ့ခန္ဓာကို ရစ်ပတ်သွားသည်။ ၎င်းသည် ထိတ်လန့် တုန်လှုပ်ဖွယ် ကြီးထွားသထက် ကြီးထွားလာ၏။

ဖျက်ဆီးခြင်း စွမ်းအားသည် ထိုမှပေါက်ကွဲထွက်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့မည်ဟု ထင်မှတ်ရ၏။

“သွား”

ရှားရှင်းယွန်က ရှေ့သို့ ခြေလှမ်းလိုက်ပြီး အဆုံးမဲ့လောက ပျက်သုဉ်းခြင်း ဓားများသည် လော့ယန်ထံသို့ လျင်မြန်စွာ တိုးဝင်သွား၏။

လော့ယန်အနီးရှိ မီးတောက်အလင်း ရောင်စဉ်များမှာ တောက်ပနေပြီး ထိုအရာမှ အဆုံးမဲ့ နတ်မီးလျှံပမာဏများ ထိုးထွက်လာကာ ကြီးမားသည့် မီးကွင်းကြီးသဏ္ဌာန်နှင့် တိမ်စိုင်များဆီသို့ တရကြမ်း ပြေးဝင်သွားသည်။

ကြောက်မက်ဖွယ် လောကပျက်သုဉ်းခြင်း ဓားများ သူ့ထံ ရောက်ရှိလာသည့်အခါ ၎င်းတို့သည် တစ်ခဏချင်းမှာပင် နတ်မီးလျှံများ၏ ဝါးမျိုပစ်ခြင်းကို ခံလိုက်ရ၏။

ဤက လှပသည့် မြင်ကွင်းကို ဖော်ကျူးနေပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset