Switch Mode

အခန်း (၁၃၁)

စေ့စပ်ပွဲအတည်ပြုခြင်း

အခန်း (၁၃၁) စေ့စပ်ပွဲအတည်ပြုခြင်း

ကျန်းလန်ကတော့ ပုံမှန်အတိုင်း ကျင့်ကြံခြင်းများကို ဆက်လက်ပြုလုပ်လျှက် ရှိသည်။

အစီအရင်ပညာနှင့်ပတ်သက်သည့်စာအုပ်များကိုလည်း ဖတ်ရှုပြီး လက်တွေ့စမ်းသပ်မှုများ ပြုလုပ်လျှက် ရှိသည်။ အစီအရင်ပညာနှင့်ပတ်သက်ပြီး အနည်းငယ်တိုးတက်လာသယောင် ရှိသော်လည်း မလုံလောက်သေးသည်မှာ ထင်ရှားသည်။

သူက လက်ရှိလေ့လာမှုများ ပြုလုပ်ခြင်းတွင် တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို အသုံးပြုခြင်း မရှိသေးပေ။

သူ့တွင် တာအိုနားလည်ခြင်းလက်ဖက်ခြောက် များစွာကျန်ရှိနေသေးသော်လည်း အသုံးပြုရမည်ကို နှမျောနေမိသည်။

ယနေ့ ကျန်းလန် မရဏဂူထဲတွင် ကျင့်ကြံနေစဉ်…

“ဘုန်း…”

ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ကျန်းလန် အံ့သြတုန်လှုပ်သွားပြီး အခြေအနေလေ့လာရန်အတွက် ချက်ချင်းပင် မရဏဂူအပြင်ဘက်သို့ ထွက်လာခဲ့သည်။

ပေါက်ကွဲသံကြီးက ကျယ်လောင်ရုံသာမက ပြင်းထန်ကြီးမားလှသည့်စွမ်းအာများပါ ထွက်ပေါ်လာသည်။

“နဂါးစွမ်းအားပဲ…”

“ညှိနှိုင်းဆွေးနွေးပွဲမှာ ပြဿနာကြီးတစ်ခုတော့ ဖြစ်ပြီထင်တယ်…”

ကျန်းလန် ခန့်မှန်းလိုက်သည်။

မရဏဂူအပြင်ဘက်သို့ ရောက်သည်နှင့် ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးရှိရာသို့ ကျန်းလန် လှမ်းကြည့်လိုက်၏။

ခန်းမဆောင်ကြီးမှ ထွက်ပေါ်နေသည့် အလင်းရောင်က အတော်လေး ပုံပျက်နေသည်ကို တွေ့လိုက်ရ၏။

အလင်းရောင်မှာ အချိန်မရွေး တစ်စစီကွဲကြေပျက်စီးသွားတော့မည့်အလား ထင်မှတ်ရပြီး စွမ်းအားအတက်အကျများလည်း ဖြစ်ပေါ်လျှက်ရှိသည်။

ယနေ့ဆိုလျှင် ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးတွင် အလင်းရောင်ထွက်ပေါ်နေသည်မှာ အချိန် (၆) လ တိတိ ရှိခဲ့ပြီ ဖြစ်သည်။

နှစ်ဝက်ခန့် အချိန်ကုန်ဆုံးခဲ့သည့်တိုင် ညှိနှိုင်းဆွေးနွေးပွဲကတော့ နောက်ဆုံးအဆင့်သို့ ရောက်ရှိခြင်း မရှိသေးပေ။

ဆွေးနွေးပွဲရလဒ်က မည်သို့ရှိမည်လဲ ကျန်းလန်လည်း မသိရှိပေ။

ညှိနှိုင်းဆွေးနွေးခြင်းက နဂါးမျိုးနွယ်များအတွက်ရော ခွန်လွန်တောင်အတွက်ပါ အလွန်ခက်ခဲသည့် ကိစ္စဖြစ်သည်။ ဖြစ်ပေါ်လာမည့် ပြဿနာများကလည်း မှန်းဆ၍မရနိုင်ပေ။

……………

ယနေ့တွင်တော့ ကျန်းလန် နဝမတောင်ထွတ်ရင်ပြင်ထက်တွင် ထိုုင်နေလေသည်။

အစီအရင်ပညာနှင့်ပတ်သက်သည့် စာအုပ်တစ်အုပ်ဖတ်နေရင်း ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးရှိရာသို့ လှမ်းကြည့်လိုက်သည်။

ယခုက နံနက်ခင်းအချိန်ဖြစ်ပြီး ခန်းမဆောင်ကြီးမှ မည်သည့်ထူးခြားချက်မှ ဖြစ်ပေါ်လာခြင်း မရှိသေးပေ။

နေ့လည်ပိုင်းတွင်တော့ နဂါးဟိန်းသံကြီးတစ်သံထွက်ပေါ်လာပြီး ခွန်လွန်တောင် ခန်းမဆောင်ကြီးအတွင်းမှ ပြင်းထန်လှသည့် စွမ်းအားကြီးတစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်။

“နဂါးဒေါသ…”

ထိုအတွေးက ကျန်းလန်ခေါင်းထဲ ပထမဆုံး ဝင်ရောက်လာသည့်အတွေးဖြစ်သည်။

နဂါးများ ဒေါသထွက်နေကြပြီ ဖြစ်သည်။

“မင်းတို့ခွန်လွန်တောင်ကလူတွေ သိပ်လွန်နေပြီနော်… ၊ ကျုပ်တို့ နဂါးမျိုးနွယ်တွေကဘက်က ဒီကိစ္စကိုတော့ လုံး၀ လိုက်လျောမပေးနိုင်ဘူး… ၊ မင်းတို့ဘက်က အတင်းဖိအားပေးမယ်ဆိုရင်တော့ ဒီ ဆွေးနွေးညှိနှိုင်းမှုကို ဆက်လုပ်စရာ အကြောင်းမရှိတော့ဘူး…”

နဂါးတစ်ကောင်၏ ဒေါသသံကြီးက ခန်းမဆောင်ကြီးအတွင်းမှ ဟိန်းထွက်လာသည်။

ထို့နောက် ခန်းမဆောင်ထဲမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည့် နဂါးအရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ခွန်လွန်တောင် အဓိကခန်းမဆောင်မှ ထွက်ပေါ်နေသည့် အလင်းရောင်ကတော့ တစ်စစီကွဲကြေပျက်စီးတော့မည့်အလား ထင်မှတ်ရသည်။

“ဖောင်း…”

တစ်စုံတစ်ခု ကွဲအက်သွားသကဲ့သို့ စူးရှသည့်အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက်…

“ဒီနေ့… ရှင်တို့နဂါးမျိုးနွယ်တွေ ခွန်လွန်တောင်က ထွက်သွားပြီဆိုတာနဲ့ ရှင်တို့ကို ခွန်လွန်တောင်က ဘယ်တော့မှ ဧည့်သည်အဖြစ် ကြိုဆိုမှာ မဟုတ်တော့ဘူး…”

ထိုအသံပိုင်ရှင်က မိန်းကလေးတစ်ယောက်၏ အသံဖြစ်ပြီး ဒေါသစိတ် ၊ ရဲရင့်မှု ၊ လွှမ်းမိုးနိုင်စွမ်းပြင်းထန်မှုတို့ဖြင့် ပြည့်နက်လျှက် ရှိသည်။

ထိုအသံပိုင်ရှင်က ပဉ္စမတောင်ထွတ်၏တောင်သခင်မ”မြောင်ယွဲ့” ၏ အသံဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။ သူ၏ ဆရာဒေါ်လေးက ထိုမျှလွှမ်းမိုးနိုင်စွမ်း မြင့်မားလိမ့်မည်ဟု တစ်ခါမှ တွေးထင်မထားခဲ့မိပေ။

သူမ ဆိုလိုသည်က နဂါးမျိုးနွယ်များ ယခု ထွက်ခွာသွားလျှင် ခွန်လွန်တောင်ဘက်မှ ညှိနှိုင်းဆွေးနွေးမှု ထပ်မံပြုလုပ်မည် မဟုတ်တော့ကြောင်း အတိအလင်း ပြောလိုက်ခြင်း ဖြစ်သည်။

သူမက နဂါးမျိုးနွယ်များအနေဖြင့် ခွန်လွန်တောင်နှင့်ရန်ဘက်အဖြစ် စစ်မက်ဖြစ်ပွားချင်သည်လား ၊ မိတ်ဘက်အဖြစ်ချစ်ကြည်ရေးပြုလုပ်ချင်သည်လား ရွေးခြယ်ခိုင်းလိုက်ခြင်း ဖြစ်သည်။

“ဘာလဲ… ခွန်လွန်တောင်က ကျုပ်တို့နဂါးမျိုးနွယ်တွေနဲ့ စစ်ပွဲစတင်ချင်တာလား…”

နဂါးကြီး၏ အသံက ဟိန်းလျှက် ထွက်ပေါ်လာသည်။

ထိုအသံကြီးတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ပြည့်နက်လျှက်ရှိ၏။ နဂါးကြီး၏ လေသံကတော့ စစ်မက်ဖြစ်ပွားလျှင်လည်း အရေးမစိုက်ဆိုသည့် ပုံစံမျိုးဖြစ်သည်။

ထိုစဉ် ကောင်းကင်ထက်တွင် ဓားခြိမ်းသံတစ်သံ ထွက်ပေါ်လာသည်။

“မင်းတို့ဘက်က တိုက်ခိုက်ချင်နေမှတော့ တိုက်ခိုက်ရုံပဲ ရှိတာပေါ့…”

ထိုအသံက အဋ္ဌမတောင်ထွတ်၏တောင်သခင် ကျိုးကျုန်းထျန်း၏ အသံဖြစ်သည်။

နှစ်ဦးနှစ်ဘက် အခြေအနေများ တင်းမာနေကြပြီး တိုက်ခိုက်ရန် အသင့်အနေအထား ဖြစ်နေကြသည်။

ကျန်းလန်က အခြေအနေများကို လေ့လာရင်း စောင့်ကြည့်နေသည်။

ညှိနှိုင်းဆွေးနွေးပွဲ ပြေလည်သွားလျှင်တော့ သူက သေချာပေါက် လုန်ယွိနှင့် စေ့စပ်ရမည် ဖြစ်သည်။

ညှိနှိုင်းဆွေးနွေးပွဲ မအောင်မြင်သဖြင့် နဂါးမျိုးနွယ်များနှင့် စစ်မက်ဖြစ်ပွားပါက သူသည်လည်း ခွန်လွန်တောင်မှ တပည့်တစ်ယောက်အနေဖြင့် နဂါးမျိုးနွယ်များနှင့် တိုက်ခိုက်ရမည် ဖြစ်သည်။

လုန်ယွိနှင့် စေ့စပ်ရသည်ဖြစ်စေ ၊ နဂါးမျိုးနွယ်များဖြင့် စစ်မက်ဖြစ်ပွားရသည်ဖြစ်စေ ကျန်းလန်အတွက်တော့ ကောင်းကျိုးတစ်ခုမှ မရှိပေ။

လုန်ယွိနှင့်စေ့စပ်ရမည်ဆိုလျှင် သူ့အနေဖြင့် ပတ်ဝန်းကျင်၏ ဝေဖန်တိုက်ခိုက်မှုများနှင့် မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုုင်ရမည် ဖြစ်သည်။

စစ်မက်ဖြစ်ပွားလျှင်တော့…

စစ်ပွဲတစ်ခုဆိုသည်က မမြင်ရသည့် အကြောင်းအရာများ များစွာဖြစ်ပွားနိုင်ချေရှိသည်။

ကျန်းလန် သက်ပြင်းတစ်ချက်ချလိုက်၏။

ထိုသို့ဆိုလျှင်တော့ စစ်မက်ဖြစ်ပွားမည်ထက်ဆာလျှင် စေ့စပ်လိုက်ရသည်က သာ၍ကောင်းပေမည်ဟု တွေးလိုက်မိ၏။

ခွန်လွန်တောင်မှ အခြားတပည့်များကတော့ မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်နေသည်ကို မသိရှိကြပေ။ သို့သော် နဂါးမျိုးနွယ်များနှင့် ခွန်လွန်တောင်အကြား အတော်လေး အခြေအနေတင်းမာနေကြောင်း သိလိုက်ကြသည်။

တပည့်တစ်ယောက်က…

“သူတို့ ဘာတွေဆွေးနွေးနေကြတာလဲ မသိဘူး…”

နောက်ထပ်တပည့်တစ်ယောက်က…

“ကျုပ်လည်း မသိဘူးလေ… ၊ ဒါပေမဲ့ တိုက်ပွဲဖြစ်တော့မယ့်အထိ အခြေအနေတွေက တင်းမာနေပြီ… ၊ ကြည့်ရတာ ပြဿနာအကြီးအကျယ် ဖြစ်တော့မယ်ထင်တယ်…”

“ဘာ ပြဿနာဖြစ်တာလဲဆိုတာ အရင်ဆုံးသိအောင် လုပ်ရမယ်ကွ…”

“အမလေး… မျှော်လင့်မနေနဲ့ တပည့်ရင်းတွေတောင် ဘာကိစ္စမှန်း မသိကြဘူး… ၊ လျှို့ဝှက်ကိစ္စဖြစ်မယ်ထင်တယ်…”

“မကြာခင်တော့ တပည့်အတွေအားလုံးသိရအောင် ကြေငြာမယ်ထင်တယ်…”

“အေးကွာ… ကျုပ်တော့ ဘာဖြစ်နေတာလဲဆိုတာ သိချင်လှပြီ…”

……………………

ကျန်းလန် မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။

“နဂါးမျိုးနွယ်တွေက ခွန်လွန်တောင်နဲ့ တိုက်ခိုက်မယ်သာပြောတာ တကယ်တမ်းကျ သူတို့က ခွန်လွန်တောင်က ထွက်မသွားရဲဘူးပဲ…”

“ဆရာပြောတာ မှန်တယ်…  ၊ တကယ်တမ်းကျ ဘယ်သူမှ စစ်မဖြစ်ချင်ကြဘူး…”

ကျန်းလန် တွေးလိုက်သည်။

“ဒါပေမဲ့ ပဉ္စမတောင်ထွတ်က ဆရာဒေါ်လေးကတော့ တကယ့်ကို လွှမ်းမိုးနိုင်စွမ်း ရှိတဲ့သူပဲ…”

ဟုတ်ပေ၏။ ယခု သူမပြောလိုက်သည့်စကားမျိုး မည်သူမှ ပြောရဲကြမည် မဟုတ်ပေ။

ညှိနှိုင်းဆွေးနွေးပွဲ ပျက်စီးမသွားစေရန် တောင်သခင်များအားလုံး သဘောတူထားခဲ့ကြလေသည်။ ထို့ကြောင့် မြောင်ယွဲ့ကလည်း ညှိနှိုင်းဆွေးနွေးပွဲ ပျက်စီးအောင် ပြုလုပ်မည် မဟုတ်ပေ။

သို့သော် ခွန်လွန်တောင်ဘက်က တိုက်ပွဲဖြစ်ပွားလျှင်လည်း အရေးမစိုက်ဟန် စကားပြောလိုက်သောကြောင့် နဂါးမျိုးနွယ်များ ချောင်ပိတ်မိသွားကြသည်။

ဤသည်က သူမ၏ ပရိယာယ်ပင် ဖြစ်၏။

“ပြေလည်သွားဖို့က အရေးအကြီးဆုံးပါပဲ… ၊ နှစ်ဘက်လုံး အလျှော့ပေးပြီး ဆက်ဆွေးနွေးကြတာ မကောင်းဘူးလား…”

နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံက ပထမတောင်ထွတ်၏ တောင်သခင် ဖုန်းယီရှောက်၏ အသံဖြစ်၏။

ထိုစဉ်မှာပင် တင်းမာနေသည့် လေထုတစ်ခုလုံးက အနည်းငယ် ပြေလျော့သွားသလို ခံစားလိုက်ရပြီး အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ကြည့်ရတာ… အဆင်ပြေသွားကြပြီထင်တယ်…”

ကျန်းလန် တွေးလိုက်သည်။

နဂါးများက အမှန်တကယ် ခွန်လွန်တောင်မှ ထွက်ခွာသွားရဲခြင်း မရှိကြပေ။

ယခု ခွန်လွန်တောင်ဘက်မှ အသာစီးရသွားပြီဖြစ်ပြီး နဂါးများအနေဖြင့် ခွန်လွန်တောင်၏ တောင်းဆိုမှုများကို သေချာပေါက် သဘောတူရပေတော့မည်။

နဂါးမျိုးနွယ်များနှင့် နတ်မိစ္ဆာများ တိုက်ပွဲဖြစ်နေကြလေသည်။

နဂါးမျိုးနွယ်များအနေဖြင့် နတ်မိစ္ဆာများဖြင့် စစ်မက်ဖြစ်ပွားနေစဉ် ခွန်လွန်တောင်နှင့်ပါ တိုက်ခိုက်ရမည်ကို မလိုလားပေ။

မဟုတ်ပါက နဂါးမျိုးနွယ်များ မျိုးတုံးပျောက်ကွယ်သွားနိုင်သည် မဟုတ်ပါလား။

ထို့ပြင် နဂါးမျိုးနွယ်များ ခွန်လွန်တောင်သို့ လာရောက်ရသည့် မူလရည်ရွယ်ချက်မှာလည်း စစ်မက်ဖြစ်ပွားရန် မဟုတ်ပေ။ သူတို့က ကျောက်စိမ်းရေကန်နတ်ဘုရားမကို အသုံးချပြီး ခွန်လွန်တောင်မှ အကူအညီများကို ရယူလိုခြင်း ဖြစ်သည်။

ခွန်လွန်တောင်က နဂါးမျိုးနွယ်များဘက်မှ နတ်မိစ္ဆာများကို ကူညီတိုက်ခိုက်ပေးရန် သူတို့က မျှော်လင့်ထားကြသည်။ ထို့ကြောင့် မည်သည့်နည်းနှင့်မှ ရန်ဘက်ဖြစ်ရမည့်လမ်းစဉ်သို့လိုက်မည် မဟုတ်ပေ။

“ဒီအကြောင်းတွေသိနေလို့ ဆရာဒေါ်လေးက တိုက်ပွဲဖြစ်မှာကို မကြောက်တဲ့ပုံစံနဲ့ နဂါးမျိုးနွယ်တွေကို ဖိအားပေးလိုက်တာနေမှာ…”

ကျန်းလန် ခေါင်းခါရမ်းရင်း တွေးလိုက်သည်။

သို့သော် ဤကိစ္စများ၏ အတိမ်အနက်ကို ကျန်းလန် သေသေချာချာ မသိရှိပေ။

ထို့ပြင် မြောင်ယွဲ့ယူထားရသည့်တာဝန်က ကြီးလေးလွန်းရာ သူ့အနေဖြင့် မခန့်မှန်းရဲသည့်ကိစ္စမျိုး ဖြစ်သည်။

ကျန်းလန် ခေါင်းငုံ့ပြီးစာဆက်ဖတ်နေလိုက်တော့၏။

………………

မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန် (၃)လ ထပ်မံ ကုန်ဆုံးသွားခဲ့လေသည်။

ယနေ့တော့ ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးတွင် တောက်ပနေသည့် အလင်းရောင် မှေးမှိန်ပျောက်ကွယ်သွားပြီး နဂါး (၂)ကောင် ခွန်လွန်တောင်မှ ပြန်လည်ထွက်ခွာသွားသည်ကို တွေ့မြင်လိုက်ကြရသည်။

ယခုတော့ ခွန်လွန်တောင်တွင် နဂါးဆို၍ လုန်ယွိတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။

ကျန်းလန် ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်ရင်း…

“အဖြေတစ်ခုခုတော့ ထွက်လာတော့မယ်ထင်တယ်…”

ဟု တွေးလိုက်၏။

ညှိနှိုင်းဆွေးနွေးပွဲ အောင်မြင်စွာပြီးဆုံးသွားပြီ ဖြစ်သည်။ သူနှင့်လုန်ယွိ၏ မင်္ဂလာကိစ္စလည်း အတည်ပြုပြီး ဖြစ်ပေလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်းပင် မကြာမီ ဆရာဖြစ်သူက ကျန်းလန်ကို စာပို့ပြီး လှမ်းခေါ်လေသည်။

ကျန်းလန် ချက်ချင်းပင် ဆရာဖြစ်သူထံ ထွက်လာခဲ့သည်။

နဝမတောင်ထွတ်အစွန်းသို့ ရောက်ရှိသည်နှင့် ကျန်းလန်က ဆရာဖြစ်သူကို ဂါရဝပြု နှုတ်ဆက်လိုက်၏။

“ဆရာ…”

မော့ကျန်းသုန့်က…

“မင်းလည်း အဖြေကို သိပြီးလောက်ပြီ မဟုတ်လား…”

ဆရာဖြစ်သူ မျက်နှာပျက်နေခြင်း မရှိသောကြောင့် သတင်းဆိုးတော့ မရှိနိုင်ဟု ရိပ်မိလိုက်သည်။

သို့သော် သတင်းဆိုးမဟုတ်ဘူးဆိုသည်က မင်္ဂလာကိစ္စ အပြောင်းအလဲမရှိဆိုသည့် အဓိပ္ပါယ် ဖြစ်၏။

ကျန်းလန် ခေါင်းညိတ်ပြလိုက်တော့ မော့ကျန်းသုန့်က စကားဆက်ပြောသည်။

“နောက် (၅)နှစ်နေရင် မင်းနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ စေ့စပ်ပွဲကို အားလုံးသိအောင် အတိအလင်းကြေငြာလိမ့်မယ်… ၊ အခုတော့ မင်္ဂလာကိစ္စ အတည်ပြုပြီးသွားပြီ… ၊ မင်း အင်မော်တယ် ဖြစ်ဖြစ် မဖြစ်ဖြစ် စေ့စပ်ပွဲကတော့ ပြုလုပ်ရမယ်… ၊ ပြီးတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမက မင်းကိုပဲ လက်ထပ်ရလိမ့်မယ် ၊ တခြားသူကို လက်ထပ်ခွင့်မရှိဘူး…”

ခဏနားပြီးမှ မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်လိုက်ရင်း…

“ဒါပေမဲ့ လက်ထပ်ပွဲကတော့ မင်းတို့ (၂)ယောက်လုံး အင်မော်တယ်ဖြစ်တဲ့အချိန်မှပဲ ပြုလုပ်လိမ့်မယ်… ၊ ဒါက နဂါးမျိုးနွယ်တွေဘက်က တောင်းဆိုမှုပဲ… ဒါပေမဲ့… မင်းအနေနဲ့လည်း နဂါးမင်းသမီးလေးလုန်ယွိကိုပဲ လက်ထပ်ရမယ်… တခြား ဘယ်သူ့ကိုမှ လက်ထပ်ခွင့်မရှိဘူး… ၊ ဒါက ခွန်လွန်တောင်ဘက်က ချမှတ်တဲ့ စည်းကမ်းပဲ…”

ကျန်းလန် တိတ်ဆိတ်ငြိမ်သက်နေသည်။

နဂါးမျိုးနွယ်များဘက်က သူ အင်မော်တယ် ဖြစ်လာမည် ၊ မလာမည်ကို လောင်းကြေးထပ်နေသည်နှင့် ဆင်တူပြီး ခွန်လွန်တောင်ကတော့ သတို့သားလောင်းနေရာတွင် သူကလွဲပြီး အခြားလူ အစားမထိုးနိုင်ရန် ကာကွယ်နေသည့်အလား ဖြစ်သည်။

သို့သော် နောက် (၅)နှစ်နေမှ စေ့စပ်ပွဲကို တရားဝင်ကြေငြာမည်ဖြစ်လေရာ ကျန်းလန်အတွက် အဆင်ပြေသည်ဟု ဆိုနိုင်သည်။

အချိန် (၅)နှစ်အတွင်း သူကတော့ အေးအေးဆေးဆေး နေနိုင်ဦးမည် ဖြစ်လေ၏။

(၅)နှစ်ကျော်လျှင်တော့ ခွန်လွန်တောင်တစ်ခုလုံး အုံးအုံးကြွက်ကြွက်ဖြစ်မည့် ကိစ္စတစ်ခု ဖြစ်လာကာ သူသည်လည်း နာမည်ကျော်ကြားလာပေဦးမည်။

မော့ကျန်းသုန့်က…

“မင်း အစီအရင်ပညာကို သင်ယူဖို့ကတော့… နောက် (၃)နှစ်နေရင် မင်းရဲ့ ဆရာဒေါ်လေးက သင်ပြပေးမယ်တဲ့… ၊ ဒီတော့ (၃)နှစ်အတွင်း မင်း အစီအရင်ပညာနဲ့ ပတ်သက်တာတွေ လေ့လာထားပါ… ၊ အချိန်ကျရင် ဆရာမင်းကို ပဉ္စမတောင်ထွတ်ကို ပို့ပေးမယ်…”

ထိုစကားကတော့ ကျန်းလန် မျှော်လင့်နေသည့် စကားဖြစ်သည်။

နောက်ဆုံးတော့ အစီအရင်ပညာကို ကျွမ်းကျင်ပညာရှင်တစ်ယောက်ထံမှ သင်ယူခွင့်ရတော့မည် ဖြစ်သည်။

ထို့ပြင် စေ့စပ်ပွဲ တရားဝင်မကြေငြာခင် ပညာသွားရောက်သင်ယူရမည်ဖြစ်ရာ သူ့ကို အာရုံစိုက်မည့်သူ မရှိနိုင်သေးပေ။

အစီအရင်ပညာကို သင်ယူပြီး ကျန်ရှိသည့် အချိန် (၂)နှစ်တွင် နဂါးသုတ်သင်ဓားသိုင်းကို သင်ယူနိုင်မည်ဆိုလျှင် ကျန်းလန်အတွက် ပြီးပြည့်စုံပြီ ဖြစ်သည်။

ဤသည်က သူ့အတွက် ကောင်းသည့်အချက်ပင် ဖြစ်၏။

ကျန်းလန်က…

“ကျေးဇူးတင်ပါတယ် ဆရာ…”

မော့ကျန်းသုန့်က…

“ကဲ… ဒါဖြင့် သွားပြီး ပြင်ဆင်တော့…”

ကျန်းလန်ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း မော့ကျန်းသုန့် ကျန်ရစ်ခဲ့သည်။

မင်္ဂလာကိစ္စကို ကျန်းလန် သဘောကျသလား ၊ မကျဘူးလား သူလည်း မသိရှိပေ။

ကျောက်စိမ်းရေကန်နတ်ဘုရားမကတော့ အပြစ်ဆိုစရာမရှိအောင် အဖက်ဖက်မှ ပြီးပြည့်စုံသူ ဖြစ်သည်။ သို့သော် ကျန်းလန်က သူမကို မေတ္တာသက်ဝင်ခြင်း ရှိ မရှိကတော့ မခန့်မှန်းနိုင်သည့်ကိစ္စ ဖြစ်သည်။

“ငါ့တပည့်က ငယ်သေးတာပဲလေ… ၊ အလှလေးတွေကို သဘောကျတတ်တဲ့ အရွယ်ပဲ… ၊ ပြဿနာတော့ မရှိလောက်ပါဘူး…”

ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုသည်က ရှာမှရှားသည့် အလှဧကရီလေးတစ်ပါး ဖြစ်သည် မဟုတ်ပါလား။

ငယ်ရွယ်သည့် ကျန်းလန်သည် သူမကိုသဘောကျကောင်းကျပေလိမ့်မည်။

Comment

Leave a Reply

Options

not work with dark mode
Reset