အပိုင်း(၁၂၈၇)

အတူတူ

အင်ပါယာခွား နယ်မြေ၌ ရီဖူရှင်းနှင့် တိုက်ခိုက်နိုင်စွမ်း ရှိခဲ့ကြသော သွမ့်ဝူကျိနှင့် ရင်ထျန်းကျောက်တို့ နှစ်ယောက်လုံးသည် ဆက်လက် ယှဉ်ပြိုင်ခွင့်မရှိတော့။

သူတို့သုံးယောက်ထဲတွင် ရီဖူရှင်း တစ်ယောက်သည်သာ စာလုံးထောင်ချီ မှော်စာလိပ်အတွက် ဆက်လက်ယှဉ်ပြိုင်ခွင့် ရှိနေသေး၏။

ဤတွင် အင်ပါယာခွားနယ်မြေမှ ရလဒ်ကို အားလုံးက အတည်ပြုနိုင်ကြ၏။ အချိန်အများစုတွင် ကံကောင်းခြင်းနှင့် တိုက်ဆိုင်ခြင်းတို့မှာ ထိုသူ၏ ပင်ကိုစွမ်းရည်နှင့်လည်း သက်ဆိုင်သေး၏။

သွမ့်ဝူကျိနှင့် လော့ယန်တို့၏ တိုက်ပွဲပြီးဆုံးသွားလျှင် မက်မုံဖိတ်စာကို ရရှိပြီး ဆက်လက်ယှဉ်ပြိုင်ခွင့် ရှိသူမှာ (၄)ဦးသာ ကျန်တော့၏။

သူတို့မှာ ရှင်းခိုင်၊ ကျန်းထိုက်အယ်၊ ရှဲ့ချင်းရှန်းနှင့် ယူချင်းတို့ ဖြစ်ကြသည်။

ချီရှန်း၏အလိုအရ သူတို့လေးယောက်က ဆက်လက်၍ တိုက်ခိုက်ရမည် ဖြစ်၏။

ထိုအခိုက်တွင် ကျန်းထိုက်အယ်က ရှေ့သို့ တက်လာခဲ့သည်။ လက်ကျန် သုံးယောက်ထဲတွင် သူ့ကို ခြိမ်းခြောက် နိုင်လောက်သောသူမှာ ရှင်းခိုင်ဖြစ်သည်။

ရှင်းခိုင်ကား သူ့လိုပင် မိမိကိုယ်ကိုယ် သိမြင်နားလည်ခြင်း အဆင့်ဖြစ်သည်။

ရှဲ့ချင်းရှန်းနှင့် ယူချင်းတို့သည် သူကဲ့သို့ပင် ဒေသဘုရင် အဆင့်ဇယား၌ ပါဝင်၏။ သို့သော်လည်း တန်ခိုးအဆင့် နိမ့်သူများမှာ မဟာလမ်းစဉ်အပေါ် နားလည်သဘော ပေါက်မှုသည်လည်း အားနည်းပေသည်။ သူကသာ သူတို့အား တိုက်ခိုက်ပါက သူ့အတွက် ရှက်စရာကိစ္စ ဖြစ်သည်။

သူတို့၏စိတ်ကို လိုသလိုစေနိုင်လျှပင်ပင် သူ့အနေဖြင့် အသာစီးရမည်မှာ သေချာပေသည်။

ထို့ကြောင့် မျှမျှတတဖြစ်စေရန် သူသည် ရှင်းခိုင်အား စိန်ခေါ်ရပေမည်။

သို့သော်လည်း သူသည် ရှင်းခိုင်အား ရင်ဆိုင်ရပါက အနိုင်ရရန် မသေချာပေ။ သူ့အနေဖြင့် အနိုင်ရရန် ခက်ခဲမည်ဖြစ်သလို အားအင်များစွာကိုလည်း သုံးရပေဦးမည်။

စာလုံးထောင်ချီ မှော်စာလိပ်သည် ရန်ဟောင်အဆင့် ရတနာဖြစ်၏။ သူ့အနေဖြင့် ထိုရတနာကို ရယူလိုပါက အားအင်များကို ချွေတာရန် လိုပေသည်။

“ယူချင်း ”

ကျန်းထိုက်အယ်က သူစိန်ခေါ်မည့်လူအား ရွေးချယ်လိုက်သည်။

သူ့အပြင်တွင် ယူချင်း၏ စွမ်းအားပုံစံအရ သူသည် မူလဗီဇပါရမီရှင် ဖြစ်သည်။ မူလဗီဇပါရမီရှင်များသည် ပုံမှန်အားဖြင့် အားနည်းသော နားလည် ဆင်ခြင်စွမ်းများ ရှိသည်။

ထို့ကြောင့် ကျန်းထိုက်အယ်၏ အမြင်တွင် ယူချင်းသည်သာ အကောင်းဆုံး ရွေးချယ်မှုဖြစ်၏။

ရီဖူရှင်း၏ဘေးတွင် ယူချင်းက ကျန်းထိုက်အယ်ကို ကြည့်ကာ ပြောသည်။

“ကျုပ် နှုတ်ထွက်တယ် ”

နတ်တောင်ပေါ်မှ လူတိုင်း၏မျက်နှာတွင် အံ့အားသင့်ဟန်များ ပေါ်လာသည်။ သူတို့က ပြင်းထန်သော တိုက်ပွဲတစ်ခုအား မျှော်လင့်ခဲ့ကြ၏။

သို့သော်လည်း ယူချင်းကား တိုက်ခိုက်လိုဟန် မရှိပေ။

ချန်ယဲ့မြို့မှ ရီဖူရှင်း တစ်ယောက်တည်းသာ ဆက်လက် တိုက်ခိုက်မည် ဖြစ်သည်။

ကျန်းထိုက်အယ်သည်လည်း မထင်မှတ်ထားခဲ့။ ယူချင်းကား ငယ်စဉ်ကတည်းက မိစ္ဆာပညာကိုသာ ကျင့်ကြံခဲ့၏။ နောက်ပိုင်းတွင် တခြားပညာရပ်များနှင့် ရောစပ်ခဲ့သော်လည်း မိစ္ဆာပညာသည်သာ သူ၏ ပင်မစွမ်းရည်ဖြစ်နေဆဲ။

ထို့ကြောင့် ယူချင်းသည် တခြားသော စွမ်းအင် အမျိုးအစားများနှင့် သိပ်မရင်းနှီးပေ။

တခြားလူများက စာလုံးထောင်ချီ မှော်စာလိပ်အား ကြီးစွာ တန်ဖိုးထားကြမည် ဖြစ်သော်လည်း ယူချင်း စိတ်မဝင်စားပေ။

ရီဖူရှင်းလည်း အံ့အားသင့်သွားခဲ့သည်။

သည်အကောင်ကား တည့်တိုးဆန်လွန်း၏။ အနည်းငယ်မျှပင် ဟန်ဆောင် ပန်ဆောင်မရှိခဲ့။

ကျန်းထိုက်အယ်လည်း ယူချင်းက လက်လျှော့လိုက်မည်ဟု မထင်ထားရာ အံ့အားသင့်ဟန်များ မျက်နှာတွင် အထင်းသားပေါ်လာသည်။ သို့သော်လည်း သူက ခေါင်းညိတ်ကာ သူ့နေရာသို့ ပြန်သွား၏။ သူ့အနေဖြင့် တိုက်ခိုက်စရာမလိုဘဲ အနိုင်ရခြင်းက ကောင်းသော ကိစ္စပင်။ အနည်းဆုံး အားအင်ချွေတာရာ ရောက်ပေသည်။

နောက်ထပ် တိုက်ပွဲတွင် ရှင်းခိုင်နှင့် ရှဲ့ချင်းရှန်းတို့ တိုက်ခိုက်ကြသည်။

ရလဒ်ကား အားလုံး ထင်မှတ်ထားသည့်အတိုင်း ရှင်းခိုင်အနိုင်ရသည်။ ရှဲ့ချင်းရှန်းသည် ထက်မြက်သည် ဆိုသော်လည်း သူသည် ရှင်းခိုင်ထက် အဆင့်နိမ့်၏။ ပြင်းထန်သော တိုက်ပွဲအပြီး၌ ရှဲ့ချင်းရှန်း ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း ရှင်းခိုင်က အလွယ်တကူ အနိုင်ရခဲ့ခြင်းတော့ မဟုတ်ခဲ့။

ဒေသဘုရင်အဆင့်ဇယားမှ မည်သူမဆို သွေးနဂါးဘုံတွင် အတော်ဆုံးများ ဖြစ်ကြကာ စွမ်းအားကြီးကြပေသည်။

ဤသို့ဖြင့် ဆက်လက် တိုက်ခိုက်ကြမည့် သူများမှာ ရီဖူရှင်း၊ ဖေမင်၊ လော့ယန်၊ ရှင်းခိုင်၊ ကျန်းထိုက်အယ်နှင့် ယွီရှီးဖေးတို့ ဖြစ်ကြသည်။

မှန်သည် … ရှားရှင်းယွန်လည်း ကျန်သေးပေ၏။ သူမက မက်မုံဖိတ်ကြားလွှာကို လက်ခံရရှိခဲ့ခြင်း မရှိသော်လည်း သူမသည် ရှုကျီအား အနိုင်ယူခဲ့ရာ ဆက်လက် ယှဉ်ပြိုင်ခွင့်ရှိနေသည်။

သို့သော်လည်း ရီဖူရှင်း ဆက်လက် ကျန်နေသရွေ့ သူမက တိုက်ခိုက်ရန် မသေချာတော့ပေ။

နောက်ဆုံးကျန်ရစ်သူ တစ်ဦးတစ်ယောက် ချင်းစီတိုင်းသည် အလွန်အားကောင်းကာ နာမည်ကျော်ကြားသူများ ဖြစ်ကြ၏။

ရီဖူရှင်းနှင့်ပတ်သက်၍ များစွာ ပြောကြားရန် မလိုပေ။ သည်ရက်ပိုင်းအတွင်း သူကား သွေးနဂါးဘုံတွင် အကျော်ဇောဆုံး ပါရမီရှင် ဖြစ်လာခဲ့သည်။

ရှေးဟောင်း အင်ပါယာမြို့၏ဆက်ခံသူ ရှင်းခိုင်က ဒေသနန်းတော်သို့ ဝင်ရောက်သောအခါ သူသည် ထိုနေရမှ ပြိုင်ဘက်များအားလုံးကို ရိုက်ချိုးခဲ့ပေသည်။

လော့ယန်နှင့် ကျန်းထိုက်အယ်တို့သည် သွေးနဂါးဘုံတွင် အထွန်းတောက်ဆုံး လူငယ်များဖြစ်ကြသည်။

ဖေမင်ကား ဒေသနန်းတော်မှ ရှင်းခိုင်ကဲ့သို့ ကျော်ကြားသူဖြစ်သည်။ သူကား ဓားနန်းတော်မှ လာခြင်းဖြစ်သည်။

ယွီရှီးဖေးကား သွေးနဂါးဘုံ၏အနာဂတ်ဘုရင်မ ဖြစ်မည် သေချာသလောက် ရှိပေသည်။

လော့ယန်က ရှေ့သို့ ထွက်ကာ ယွီရှီးဖေးကို ဦးဆုံး စိန်ခေါ်သည်။

နှစ်ဦးလုံးသည် သွေးနဂါးဘုံတွင် မွေးဖွားသူများ ဖြစ်ကြကာ တစ်ဦးမှာ လော့ကလန်၏ မျှော်လင့်ချက်ဖြစ်ပြီး နောက်တစ်ဦးမှာ ယွီကလန်၏ မျှော်လင့်ချက်ဖြစ်၏။

နှစ်ဦးလုံးသည် တူညီသော အဆင့်သို့ လေ့ကျင့်ထားခဲ့ကြကာ မကြာမကြာ အချင်းချင်း ယှဉ်ပြိုင်ဖူးကြ၏။

နောက်ဆုံး ပြင်းထန်သော တိုက်ပွဲအပြီး၌ လော့ယန်က အနိုင်ရရှိခဲ့၏။

သူတို့နှစ်ဦး အလှည့်ပြီးသွားသောအခါ ဖေမင် ထွက်လာပြီး ချန်ယဲ့မြို့မှ လူများဘက်သို့ ကြည့်သည်။

ရီဖူရှင်းကလည်း သူဆိုလိုသည်ကို နားလည်ကာ ရှေ့ကို ထွက်လာခဲ့၏။

သည်မတိုင်ခင်က ဖေမင်သည် ရီဝူချင်းနှင့် ယှဉ်ပြိုင်ခဲ့ကာ သူ၏ကောင်းမွန်သော အရည်အချင်းအား ပြသခဲ့သည်။ ရီဖူရှင်းက သူ့အပေါ် ကောင်းမွန်သော အမြင်များ ရှိပေသည်။

နှစ်ဦးသား ခန်းမအလယ်သို့ ရောက်လာခဲ့သည်။

အင်ပါယာကျန့်၏မျိုးဆက်သည် ရီဖူရှင်းနှင့် တိုက်ခိုက်တော့မည် ဖြစ်သည်။

ဤသည်က မည်သို့သော ယှဉ်ပြိုင်မှုများ ဖြစ်မည်နည်း။

ဖေမင်က ရီဖူရှင်းအား ပြုံးလျက်ကြည့်သည်။

“အရှင့်သားက ဒီပွဲကို ကျောက်စာရဲ့ နားလည် သဘောပေါက်မှုကို အခြေခံပြီး ယှဉ်ပြိုင်ခိုင်းခဲ့တယ်။ ဒါကြောင့် ကျုပ်တို့က တိုက်ခိုက်စရာ မလိုပါဘူး။ ကျုပ်တို့နှစ်ယောက်မှာ ဘယ်သူက ပိုပြီး နားလည်သဘော ပေါက်လဲဆိုတာကိုပဲ ကြည့်ကြတာပေါ့ ”

မိမိကိုယ်ကို သိမြင်နားလည်ခြင်း အဆင့်တစ်ဦးအနေဖြင့် သူသည် စာလုံးများအပေါ်တွင် နားလည် သဘောပေါက်မှုကိုသာ ယှဉ်ပြိုင်လိုပေသည်။

ဖေမင်၏အမြင်တွင် တိုက်ခိုက်ခြင်းက အဓိပ္ပာယ်မရှိပေ။

သူက ရီဖူရှင်း မည်မျှ နားလည်သဘော ပေါက်သလဲဟူသည်ကိုသာ စိတ်ဝင်စားပေသည်။

အကယ်၍ ရီဖူရှင်းသာ မိမိကိုယ်ကိုယ် သိမြင်နားလည်ခြင်း အဆင့်တွင်ဆိုပါက သူသည် သူ၏အဆင့်ကို ကန့်သတ်မည် မဟုတ်ပေ။

သို့သော် ယခုမူကား … ။

အားလုံးမှာ ဆွံ့အရသည်။ သူတို့က ပြင်းထန်သော တိုက်ပွဲအား မျှော်လင့်ခဲ့ကြသည်။

သို့သော်လည်း ဖေမင်က မတိုက်ခိုက်ဟု ပြောနေသည်။

သူက တိုက်ခိုက်ရန် စိတ်ဝင်စားပုံမရပေ။

သို့သော်လည်း သူတို့အားလုံးက ဖေမင်၏သဘောကို နားလည်ကြသည်။ ဖေမင်၏အမြင်တွင် တိုက်ခိုက်ခြင်းက အဓိပ္ပာယ်ကင်းမဲ့၏။

ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။

“ကောင်းပါပြီ”

သူ့အတွက် တိုက်ရိုက် တိုက်ခိုက်ခြင်းက အလေးနိမ့်စေ၏။

“နောက်ဆုံးတိုက်ပွဲကို မင်းမြင်တာပဲ။ ငါ့ရဲ့ စာလုံးတွေကို နားလည်ခြင်းက ငါ့တိုက်ခိုက်ရေး စွမ်းရည်မှာ ပေါင်းစပ်ထားတယ်။ မင်းရဲ့ နောက်ဆုံးတိုက်ပွဲမှာ မင်းကလည်း အားကောင်းတဲ့ ချိပ်တံဆိပ်တွေကို တိုက်ကွက်မှာ ပေါင်းစပ်ထားတာကို တွေ့တယ်။ ဒါပေမဲ့ အဲဒါက မင်းရဲ့ အစစ်အမှန် နားလည်သဘော ပေါက်မှုလား”

ဖေမင်က မေးသည်။

“ခင်ဗျား လုပ်ခဲ့တာတွေ အကုန်လုံးကို ကျုပ်ခံစားလို့ရတယ်”

ရီဖူရှင်းက ထိုသို့ပြောပြီးနောက် သူ့အား ပတ်လည်ဝန်းရံလျက် ရှေးဟောင်း သင်္ကေတများအား ဖန်ဆင်းလိုက်သည်။ သင်္ကေတများမှာ ထောင်ပေါင်းများစွာရှိပြီး ကောင်းကင်နှင့် မြေပြင်အကြား မဟာလမ်းစဉ်၏ စွမ်းအားများကို သယ်ဆောင်ကာ စီးဆင်းနေကြသည်။

လျှပ်တစ်ပြက်အားဖြင့် ရှေးဟောင်း သင်္ကေတများသည် ချိပ်တံဆိပ်များအဖြစ် ပြောင်းလဲကာ ယင်းများသည် ကြောက်မက်ဖွယ် ဓားစွမ်းအားများ သိုလှောင်ထားပြီး ရီဖူရှင်းကို လှည့်ပတ်ကြ၏။

ချိပ်တံဆိပ်များ၏စွမ်းအားကို ခံစားမိသောအခါ ဖေမင်၏မျက်နှာတွင် အံ့အားသင့်သော အမူအရာများ ဖြစ်လာခဲ့သည်။

“ကျုပ်က စာလုံးထောင်ချီ မှော်စာလိပ်ရဲ့ အနှစ်သာရကို နားလည်ဖို့တော့ အဝေးကြီး လိုပါသေးတယ်။ ဒါက အပေါ်ယံလောက်ပါပဲ”

ရီဖူရှင်းက ဆက်ပြောသည်။ ဓားချိပ်တံဆိပ်များသည် ဓားများ၏ ရေစီးကြောင်းများအလား ဖေမင်ထံသို့ စီးဆင်းသွားကြသည်။

သို့သော်လည်း ဖေမင်က သူ့ထံသို့ စီးဆင်းလာသည်မှာ ဓားတစ်လက်တည်းဟု ခံစားရသည်။

ဓားချိပ်တံဆိပ်များသည် ဖေမင်၏အနီးသို့ ရောက်သောအခါ ရပ်တန့်သွား၏။ သူတို့က ဖေမင်၏အနီးတွင် လှည့်ပတ်ကာ နားကွဲမတတ် ဆူညံသံများကို ပေးသည်။

“နောက်ဆုံးတိုက်ပွဲမှာ မင်းက တကယ့်စွမ်းရည်ကို မသုံးခဲ့ဘူးပဲ”

ဖေမင်က ပြောသည်။ ထိုစကားက ရှန်းကျယ်၏မျက်နှာကို နက်မှောင်စေ၏။

သူ၏ရှုံးနိမ့်မှုမှာ ရှက်စရာဖြစ်ကာ ယခု ဖေမင်က ရီဖူရှင်းအား စွမ်းအားအစစ်အမှန်ကို မသုံးခဲ့ဟု ပြောသည်။

ဤကား …

ရီဖူရှင်းက ဖေမင်၏စကားကို အတည်ပြုခြင်းသော်၎င်း၊ ငြင်းဆန်ခြင်းသော်၎င်း မပြုပေ။ ဖေမင်က ပြုံးလျက်ပြောသည်။

“စာလုံးထောင်ချီ မှော်စာလိပ်အပေါ်မှာ မင်းရဲ့ နားလည်သိမြင်မှုက ငါ့ထက်ပိုကောင်းတယ်။ ငါတို့ တိုက်ခိုက်စရာ မလိုတော့ဘူး။ ငါနှုတ်ထွက်တယ်”

သူက ရီဖူရှင်းကို ခေါင်းညိတ်ပြကာ အေးအေးလူလူ ပြန်လျှောက်သွားခဲ့သည်။

သူပြောခဲ့သလိုပင် သူတို့ တိုက်ခိုက်ခြင်း မရှိခဲ့။

အမှန်တကယ်အားဖြင့် ဖေမင်က စာလုံးထောင်ချီ မှော်စာလိပ်အပေါ်တွင် နားလည်ခြင်း၌ ရီဖူရှင်းထက် အားနည်းကြောင်း ဝန်ခံခဲ့ပြီးဖြစ်၏။ သို့သော်လည်း ဖေမင်၏ရှုံးနိမ့်ခြင်းက ရှက်စရာဟု မည်သူမှ မမြင်ကြပေ။

ပြောရမည်ဆိုလျှင် အင်ပါယာကျန့်၏ မျိုးဆက်ကား လူကြီးလူကောင်းဆန်ကာ ထက်မြက်သူ ဖြစ်ပေသည်။

သူတို့နှစ်ဦးက ငြိမ်းချမ်းသောနည်းဖြင့် ယှဉ်ပြိုင်ကာ သူတို့၏မူလနေရာသို့ ပြန်သွားခဲ့ကြသည်။

ဤတွင် လူနှစ်ဦးသာ ကျန်တော့သည်။ သူတို့မှာ ရှင်းခိုင်နှင့် ကျန်းထိုက်အယ်တို့ ဖြစ်ကြ၏။

သူတို့နှစ်ဦးလုံးသည် တူညီစွာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်အား ပိုင်ဆိုင်ကြ၏။ အလွန်ပြင်းထန်သော တိုက်ပွဲအပြီးတွင် ရှင်းခိုင်က အနိုင်ရခဲ့ပေသည်။

ရှားရှင်းယွန်အပြင် နောက်ထပ် သုံးယောက်သာ ကျန်ရစ်တော့သည်။

ရီဖူရှင်း၊ ရှင်းခိုင်နှင့် လော့ယန်။

လော့ယန်က ရှင်းခိုင်အား အနိုင်ယူခဲ့ခြင်း မဟုတ်ပါက ရီဖူရှင်းအနေဖြင့် ရှင်းခိုင်နှင့် တိုက်ပွဲကို ရှောင်လွှဲရန် မဖြစ်နိုင်တော့ပေ။ သို့သော်လည်း ရီဖူရှင်းနှင့် ရှင်းခိုင်တို့သည်သာ နောက်ဆုံး၌ တွေ့ရန် များပေသည်။

ချီရှန်းက သူတို့အား ကြည့်ကာ ပြုံးလျက်ပြောသည်။

“ကြည့်ရတာ စာလုံးထောင်ချီ မှော်စာလိပ်က ပိုင်ရှင် တွေ့တော့မည့်ပုံပဲ”

လော့ယန်က ရှေ့သို့ ဦးဆုံး ထွက်လာသည်။ ရှင်းခိုင်ကလည်း ရှေ့သို့ တက်လာ၏။

ရီဖူရှင်းကလည်း ရှေ့သို့တက်သွားခဲ့သည်။

ရှားရှင်းယွန်က သူ့အား ကြည့်ကာ တီးတိုးပြောသည်။

“အတူတိုက်ကြတာပေါ့”

သူမက ထိုသို့ပြောကာ ရီဖူရှင်းဘေးသို့ လျှောက်လာခဲ့သည်။

ရှားရှင်းယွန်ကလည်း တိုက်ခိုက်မည် ဖြစ်သည်။

လူလေးဦးတွင် နှစ်ဦးမှာ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း ဆင့်ဖြစ်ပြီး နောက်ထပ် နှစ်ဦးမှာ မိမိကိုယ်ကိုယ် သိမြင်နားလည်ခြင်းအဆင့် ဖြစ်ကြသည်။

ရှင်းခိုင်နှင့် လော့ယန်တို့က အလေးသာနေသည်မှာ ထင်ရှားပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset