ပွဲတော်ခန်းမအလယ်တွင် ရီဖူရှင်းနှင့် ရှန်းကျယ်တို့ မျက်နှာချင်းဆိုင် ရပ်နေကြသည်။
သူတို့ထဲမှ တစ်ယောက်သည် သွေးနဂါးဘုံမှ ထွန်းတောက်စ ကြယ်တစ်ပွင့် ဖြစ်ပြီး နောက်တစ်ယောက်မှာ ဝေးကွာလှသည့် အင်ပါယာရှန်းဘုံမှ ကလဲ့စားချေရန် လာခဲ့သောသူ ဖြစ်သည်။
အင်ပါယာရှန်းဘုံမှ လာခဲ့သော ရှန်းကျယ်သည် မက်မွန်ပွဲတော်သို့ တိုက်ခိုက်ဝင်ရောက် ခဲ့သူဖြစ်၏။ သူသည် အရည်အချင်း ပြည့်ဝ၍ အစွမ်းထက်မည်မှာ မလွဲမသွေပင် ဖြစ်သည်။
ယခု သူက ရီဖူရှင်းကို တရားဝင် စိန်ခေါ်ခဲ့၏။
သူတို့ထဲမှ မည်သူက ထောင်ချီစာလုံး သင်္ကေတများတွင် နားလည်သဘောပေါက်မှု ပိုမို အားကောင်းမည်နည်း။
“မြို့စားရီက ရန်ဟောင်လမ်းစဉ် အသုံးပြုပြီး အင်ပါယာခွာကို ဆင့်ခေါ်ပြီးတော့ အင်ပါယာရှန်းမြို့က ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ယောက်ကို သတ်ဖြတ်ခဲ့တာက မင်းကို ကျော်ကြားလာခဲ့စေတယ်။ အခု ကျုပ်က မင်း ဘယ်လို လူမျိုးလဲဆိုတာကို မြင်တွေ့ဖို့ အခွင့်အရေး ရခဲ့ပြီ”
ရှန်းကျယ်က ပြောသည်။ သူ့အသံက တည်ငြိမ်နေပုံပေါ်သည်။
သို့သော်လည်း လူတိုင်းသည် သူ့စကားထဲမှ ရန်လိုမှုများကို ခံစားမိကြသည်။
ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင်ကို သတ်ဖြတ်ခြင်းသည် မြို့အများအပြားအတွက် ကြီးမားစွာ ဆုံးရှုံးစေခြင်း ဖြစ်လိမ့်မည်။ အင်ပါယာရှန်းဘုံကဲ့သို့ ရန်ဟောင်ဘုံပင်လျှင် ထိုဆုံးရှုံးမှုက ကြီးမားပေသည်။
ထို့ကြောင့်ပင် ရှန်းနန်တစ်ယောက် သွေးနဂါးဘုံမှသည် အင်ပါယာရှားဘုံသို့ ပြန်ထွက်ပြေးခဲ့ရ၏။
ထို့အတူ ရှန်းကျယ် သွေးနဂါးဘုံသို့ ရောက်လာရသည့် အကြောင်းပြချက်လည်း ဖြစ်သည်။
“အင်ပါယာရှားဘုံနဲ့ အင်ပါယာလီဘုံရဲ့ ပဋိပက္ခအတွင်းမှာ ရှန်းနန်က ချန်ယဲ့မြို့ကို လူတွေ စေလွှတ်ခဲ့ပြီး ရန်ပြုခဲ့တယ်”
ရီဖူရှင်းက ပြန်ပြောသည်။
“သူတို့က ကျင့်ကြံရေး အရင်းအမြစ်တွေ တောင်းခံလို့ ကျုပ် အများကြီး ပေးခဲ့သေးပေမဲ့ အဲဒါက ရှန်းနန်ရဲ့ အလိုဆန္ဒအတွက် မလုံလောက်ခဲ့ဘူး ထင်ပါရဲ့။ တိုက်ပွဲကြီး ဖြစ်နေတဲ့ အချိန်အတွင်းမှာ အင်ပါယာရှန်းမြို့က လူတွေနဲ့အတူ ရောက်လာခဲ့တယ်။ နောက်ပိုင်း ချန်ယဲ့မြို့မှာ တိုက်ပွဲကြီးဖြစ်တော့ ကျုပ်ရဲ့ မြို့စားနေရာက ခြိမ်းခြောက်မှုအောက်ကို ကျရောက်ခဲ့တယ်။ ရှန်းနန်က ယဉ်ကျေးမှု နည်းနည်းလေးတောင် မရှိခဲ့ဘူး။ သူက သူ့ရဲ့ ပြန်လည်မွေးဖွားခြင်း အဆင့်တန်ခိုးရှင်ကို စေလွှတ်ပြီး မျိုးနွယ်စုကိုးခုက လူတွေနဲ့အတူ မြို့ကို ဖျက်ဆီးစေခဲ့တယ်။ ကျုပ်က အင်ပါယာရှားဘုံက ဆိုပေမဲ့ အင်ပါယာရှန်းမြို့ရဲ့ အလိုဆန္ဒတွေကို ပြည့်ဝအောင် ပစ္စည်းတွေကို စိတ်ကြိုက် လွယ်လွယ်ကူကူ ထုတ်ပေးဖို့တော့ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ကျုပ်တို့က ခုခံရင်ဆိုင်ခဲ့ရုံပါ။ အရှင်မင်းသား ရှန်းနန်က ဒီလောက် နိမ့်ကျတဲ့ အလုပ်မျိုး လုပ်တဲ့အခါမှာ ကျုပ်တို့က ဘယ်လိုဖြစ်ပြီး ဒီပြန်လည်မွေးဖွားခြင်း အဆင့်ကို ထည့်စဉ်းစားပေး နိုင်တော့မှာလဲ”
သူတို့နှစ်ယောက်သည် တည်ငြိမ်စွာ ပြောဆိုနေကြပြီး နှောင့်ယှက်လိုသည့် သဘောများ အနည်းငယ်မျှပင် မတွေ့ရပေ။ သူတို့၏ လေသံတွင် ဒေါသဖြစ်ခြင်း၊ ပြင်းပြခြင်း အနည်းငယ်မျှပင် မရှိကြပေ။
သို့သော်လည်း ရှန်းနန်သည် အင်ပါယာရှန်းမြို့ကို မတရားခံရသကဲ့သို့ ဖန်တီးရန် ကြိုးစားခဲ့ပြီး ရီဖူရှင်းက ရန်စသည့်သူပမာပင် ပြောဆိုခဲ့သေးသည်။ ထိုသည်မှာ အတော်လေး ရယ်ရွှင်ဖွယ် ကောင်း၏။
ရီဖူရှင်း၏ ရိုးရှင်းသော စကားလုံးများက နှစ်ဖက်ရန်ငြိုးများ၏ အကြောင်းကို ရှင်းလင်းစေသည်။ လူတိုင်းသည် ရုတ်ခြည်းပင် အင်ပါယာရှန်းဘုံမှ လူများ အထူးသဖြင့် ရှန်းနန်ကို ဟာသသဖွယ် ကြည့်လိုက်ကြသည်။ သူသည် တစ်ချိန်က သွေးနဂါးမြစ်တိုက်ပွဲ၏ ထိပ်တန်းပါရမီရှင် ဖြစ်ခဲ့သော်လည်း ယခုအခါတွင် သူသည် လူရွှင်တော် တစ်ဦးနှင့် တူနေသည်ဟု ထင်မှတ်ရပေသည်။
အင်ပါယာရှန်းဘုံ၏ ပြန်လည် မွေးဖွားခြင်းအဆင့် သေဆုံးရခြင်းသည် ရီဖူရှင်း၏ အမှားကြောင့်ဟု ပြောပါက ရယ်စရာပင် ဖြစ်၏။
ရှန်းကျယ်၏ မျက်နှာထက်တွင် ဒေါသအငွေ့အသက်များ ပေါ်လာခဲ့သည်။ ရီဖူရှင်း ပြောသည်နှင့် ရှန်းနန် ပြောခဲ့သည်က ကွာခြားနေသည်။ မည်သို့ဆိုစေ သူ့အနေဖြင့် နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။
မည်သူမဆို သူတို့၏ ရှုထောင့်မှသာ ပြောဆိုကြလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ထိုအချိန်တွင် သူက တခြားဘာကိုမှ မတွေးတော့ဘဲ ရီဖူရှင်းကို ကြည့်ကာ ပြောသည်။
“မြို့စားရီကို တိုက်ခိုက်ဖို့ စိန်ခေါ်ချင်ပါတယ်”
“သိပ်ကောင်းတယ်”
ရီဖူရှင်းက ပြောသည်။
လူအများက ထိုအချင်းအရာကြောင့် ပြုံးလိုက်ကြသည်။ တိုက်ခိုက်ခြင်းက တိုက်ခိုက်ခြင်းပင် ဖြစ်သည်။ သူတို့က အဘယ်ကြောင့် စကားများစွာ ပြော၍ အချိန်ဖြုန်း ကြရမည်နည်း။ ရှန်းကျယ်သည် ဤကံဆိုးမှုကို သူ့အပေါ်သို့ လွှဲပြောင်းယူခဲ့ပြီး ဖြစ်သည်။
တောက်ပသည့် အလင်းများ လင်းလက်လာပြီး ရုတ်ခြည်းပင် များပြားလှသည့် ရှေးဟောင်း ချိပ်တံဆိပ်များမှာ ရှန်းကျယ်အနီးတွင် ပေါ်ပေါက်လာသည်။
၎င်းတို့သည် နေရာတစ်ခုလုံးကို တစ်ခဏအတွင်း လွှမ်းခြုံသွားခဲ့သည်။
လူတိုင်းသည် အံ့အားသင့်စွာ ကြည့်နေကြသည်။ ထိုရှေးဟောင်း ချိပ်တံဆိပ်အတွင်းရှိ စာလုံးများသည် ထောင်ချီစာလုံး သင်္ကေတကျောက်စာချပ်ရှိ စာလုံးများနှင့် တူညီလှပေသည်။ အလွန် တူလှပေသည်။
မရေတွက်နိုင်သည့် စာလုံးများမှာ လေထဲတွင် ဖြတ်သန်း လွင့်မျောနေပြီး ယင်းတို့ထဲတွင် မမြင်နိုင်သည့် စွမ်းအားများ ပါဝင်နေသည်ဟု ထင်မှတ်ရသည်။ ထိုအရာများသည် လောကကြီး၏ မဟာလမ်းစဉ်နှင့် စည်းချက်ညီနေသည်။
လေက အော်မြည်နေပြီး မဟာလမ်းစဉ်၏ စွမ်းအားများက ကျဆင်းလာကာ ရီဖူရှင်းကို ဖုံးအုပ်သွားသည်။
လူတိုင်းက အံ့အားသင့်နေကြသည်။ ထောင်ချီစာလုံး သင်္ကေတကျောက်စာချပ်မှ ရှန်းကျယ်၏ နားလည်သဘော ပေါက်မှုသည် အမှန်တကယ်ပင် ထိုမျှ အားကောင်းလှသည်လား။
သို့သော်လည်း အင်ပါယာရှန်းဘုံမှ လူအချို့သည် ထိုအချက်ကို ထူးဆန်းသည်ဟု မတွေးကြပေ။ ဤကား ရှန်းကျယ်တစ်ယောက် အင်ပါယာရှန်းထံမှ ဆက်ခံရခဲ့သည့် အထူးစွမ်းရည် ဖြစ်သည်။
ရှန်းကျယ်က သူ့ ရှေ့မှ ရီဖူရှင်းကို စိုက်ကြည့်သည်။ သူ့တွင် ထူးခြားသော အပြုအမူရှိပြီး သူ့မျက်လုံးများက အဆုံးမဲ့ ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ဓားချိပ်တံဆိပ် အစုသည် ရီဖူရှင်း၏ နောက်တွင် ပေါ်ပေါက်လာသည်။ ထိုသည်တို့မှာ ကျားယဲ့ဓားများနှင့် ဆင်တူပေသည်။
ရီဖူရှင်းသည် ထောင်ချီစာလုံး သင်္ကေတ ကျောက်စာချပ်ကို လေ့လာဆန်းစစ်စဉ်က သူသည် ကျားယဲ့ဓားနှင့် တသားတည်း ဖြစ်နေသည့် ထူးခြားဆန်းကြယ်မှု အချို့ကို ခံစားမိခဲ့သည်။ ကြည့်ရသည်မှာ ကျားယဲ့ဓားသည် ပြီးပြည့်စုံသည့် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ကာ ဓားတစ်လက်အဖြစ်ဖြင့် ကန့်သတ် မခံထားရတော့ဟု ထင်မှတ်ရသည်။ ၎င်းတွင်လည်း လမ်းစဉ်စွမ်းအားများ ပါဝင်နေသည်။
ကျားယဲ့ဓားပညာသည် အဆင့်မြင့်တက်ခဲ့သည်။
သို့သော်လည်း ဤသည်က သူ့ကို ကျားယဲ့ဓား ဖြစ်ပေါ်ပြီးနောက် ဓားချိပ်တံဆိပ် ပုံစံငယ်များဖြင့် ရပ်တန့်မသွားစေပေ။
ကြောက်မက်ဖွယ် ဓားစွမ်းအားအသိများက ကျားယဲ့ဓားမှ ထွက်ပေါ်လာသည်။ အားလုံးသော ဓားစွမ်းအားအသိများက လာရောက်စုဝေးကြသည်။
ဓားချိပ်တံဆိပ် တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ် စွမ်းအား ပမာဏ ပါဝင်သည်။
သုံးဆယ့်သုံးလက်သော ကျားယဲ့ဓားသဏ္ဌာန်များသည် ရီဖူရှင်း အနီးတွင် လှည့်ပတ်နေသည်။ ဓားအလင်းများက ရှေ့သို့ စီးဆင်းနေပြီး နေရာတစ်ခုလုံးကို ဖြတ်သန်း စီးဆင်းနေသည့် ဓားမြစ်ကြီး တစ်ခုသဖွယ် တူညီအောင် ပြုလုပ်နေသည်။
သူတို့သည် တိုက်ခိုက်နေခြင်း မရှိသေးသော်လည်း သူတို့ကြားမှ အစွမ်းထက်မှုကို ပြင်းထန်စွာ ခံစားမိကြပေသည်။ ပွဲတော်ခန်းမ တစ်ခုလုံးတွင် ကြီးမားလှသည့် ဖိအားပမာဏက လွှမ်းမိုးနေသည်။
ရှန်းကျယ်သည် သူ့လက်ကို ဆန့်ထုတ်ကာ ညွှန်ပြရင်း ပြောသည်။
“သွား”
သူ ထိုသို့ ပြောလိုက်သည့်အခါ များပြားလှသည့် ရှေးဟောင်း ချိပ်တံဆိပ်များသည် တစ်ချိန်တည်းတွင် ပြေးထွက်သွားပြီး ကောင်းကင်ကို လွှမ်းမိုးကာ ရီဖူရှင်းထံသို့ ပြေးဝင်သွားသည်။
တိုက်ပွဲက မြန်ဆန်စွာ ဖြစ်ပျက်ခဲ့သည်။
ဝုန်း …
စူးရှသည့် အသံထွက်ပေါ်လာကာ ရီဖူရှင်းအနီးတွင် ဓားကန့်လန့်ကာ ပေါ်ပေါက်လာသည်။ ထိုအခိုက်အတန့်တွင် ရှေးဟောင်းစာလုံး ချိပ်တံဆိပ်များက သူ့ထံသို့ အကြမ်းပတမ်း တိုးဝင်သွားသည်။
ရီဖူရှင်းသည် သူ့လက်များကို ဝှေ့ယမ်းလိုက်ပြီး ရုတ်တရက် ကျားယဲ့ဓား တစ်လက်သည် အော်မြည်သံနှင့်အတူ ပြေးထွက်သွားသည်။ ယင်းတို့သည် လာနေသည့် ချိပ်တံဆိပ်များကို ရိုက်ခတ်လိုက်ပြီး တိုက်ရိုက်ထိုးဖောက်ကာ ဖျက်ဆီးပစ်သည်။
သို့သော်လည်း ဒုတိယချိပ်တံဆိပ် တစ်ခုက ကျဆင်းလာပြီး အော်မြည်သံများနှင့်အတူ နီးကပ်လာသည်။ ၎င်းသည် ကျားယဲ့ဓားမှ နားကွဲလုမတတ် ဆူညံသံ ထွက်ပေါ်လာစေရန် ပြုလုပ်နေ၏။
လူတိုင်းသည် ရှန်းကျယ်၏ ရှေ့၌ ထိတ်လန့် တုန်လှုပ်စေသော မုန်တိုင်းတစ်ခု ရစ်ပတ်လာသည်ကို မြင်တွေ့ကြရသည်။ ရှေးဟောင်းစာလုံး ချိပ်တံဆိပ်များက ကောင်းကင်ကို ဖုံးလွှမ်းထားပြီး မဟာလမ်းစဉ်အဖြစ် ပေါင်းစပ်သွားကာ ဆက်လက်၍ ကျဆင်းလာနေသည်။ ၎င်းတို့သည် နေရာတစ်ခုလုံးကို ဖိနှိပ်ထား၏။
“အဲဒါတွေမှာ မှန်ကန်တဲ့သဏ္ဌာန်နဲ့ မှန်ကန်တဲ့ ခိုင်မာမှု ရှိတယ်”
ရီဖူရှင်းက ရှန်းကျယ်၏ တိုက်ခိုက်မှုကို ကြည့်နေရင်း တွေးသည်။ ရှန်းကျယ်၏ နည်းစနစ်သည် ထောင်ချီစာလုံးသင်္ကေတ ကျောက်စာချပ်မှ စာလုံးသဏ္ဌာန်များ ပါဝင်တည်ရှိနေသည်။ ၎င်းတို့တွင် ကြောက်မက်ဖွယ် စွမ်းအားများ ရှိကာ ပို၍ သန်မာသထက် သန်မာလာသည်။
ရှန်းကျယ်က ရှန်းနန်ထက် ထူးချွန်သည်မှာ သိသာလှပေသည်။
ကျားယဲ့ဓားများသည် တစ်လက်ပြီးတစ်လက် ထိုးဖောက်ထွက်သွားသည်။ သူ၏ ဓားစွမ်းအားများသည် သန်မာသထက် သန်မာလာပြီး သူ့ရှေ့၌ ဓားကန့်လန့်ကာ သဏ္ဌာန် ဖြစ်ပေါ်လာသည်။ ၎င်းသည် ရှေးဟောင်းစာလုံး ချိပ်တံဆိပ်များကို ဖြတ်သန်း ခုတ်ပိုင်းသွားသည်။
သုံးဆယ့်သုံးလက်သော ကျားယဲ့ဓားများက ရီဖူရှင်း၏ အထက်တွင် ကြောက်မက်ဖွယ် မုန်တိုင်းသဖွယ် ဖြစ်လာကာ ရှန်းကျယ်၏ တိုက်ခိုက်မှု စွမ်းအားအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
သူသည် ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ကြီးမားလှသော ရှေးဟောင်းစာလုံး ချိပ်တံဆိပ်များကို ကြည့်ကာ တွေးသည်။ ရှန်းကျယ်က ထောင်ချီစာလုံးသင်္ကေတ ကျောက်စာချပ်ကို အမှန်တကယ် နားလည်သည်ဆိုလျှင် သူ၏ တိုက်ခိုက်မှုက ပိုပြီး ကြောက်မက်ဖွယ် ကောင်းလိမ့်မည်။ ၎င်းသည် နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မည် ဖြစ်ပြီး သူ့အနေဖြင့် တားဆီးရန် လွယ်မည် မဟုတ်ပေ။
သို့သော်လည်း သည်အတိုင်းပင်လျှင် အလွန်အားကောင်း နေသေးပေသည်။
ရှန်းကျယ်က လက်ကို ဆန့်ထုတ်လိုက်သည်တွင် သူ၏ စွမ်းအားများက အနည်းငယ်စီ ရွေ့လျားလာသည်။ ရုတ်တရက် သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာနေသည့် မရေတွက်နိုင်သည့် ရှေးဟောင်း စာလုံးများသည် ပြင်းထန်စွာ စီးဆင်းနေရာမှ ဆေးပေါင်းဖိုပုံသဏ္ဌာန် အဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းတို့ အကြားတွင် ရွှေရောင်နဂါးများ အော်မြည်နေပြီး အောက်ဘက်ရှိ ဓားစွမ်းအားများကို ဖျက်ဆီးပစ်သည်။ ဓားကန့်လန့်ကာသည် အဆက်မပြတ် တုန်ခါနေပြီး ပျက်စီးသွားတော့မယောင် ထင်မှတ်ရသည်။
ရီဖူရှင်းကလည်း သူ့လက်ကို တစ်ချိန်တည်း ဆန့်ထုတ်လိုက်ပြီး လေထဲသို့ ဖြတ်သန်း လွှမ်းခြုံသွားသည်။ ရုတ်တရက် သူ၏ ဓားစွမ်းအားများက ပို၍ ရက်စက်ကြမ်းကြုတ်ပုံ ပေါ်လာကာ မမြင်နိုင်သည့် ဓားများက သဏ္ဌာန် ဖြစ်တည်လာသည်ဟု ထင်မှတ်ရပြီး တစ်ဖက်မှ လာနေသည့် စွမ်းအားများကို ပိတ်ဆို့တားဆီးသည်။
ရှန်းကျယ်က နှာခေါင်းတစ်ချက် ရှုံ့ကာ နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်လှမ်းသည်။ အလွန်ပြင်းထန်လှသည့် စွမ်းအားများ ကျဆင်းလာ၏။ ကြီးမားသည့် ပုံရိပ်သည် ရှေးဟောင်းစာလုံးများ၏ နောက်တွင် သဏ္ဌာန် ဖြစ်တည်လာသည်ဟု ထင်မှတ်ရပြီး ရန်ဟောင်ပုံရိပ်နှင့် တူလှပေသည်။
ဤရန်ဟောင်တစ်ပါးနှင့် တူသော ပုံရိပ်သည် ၎င်း၏ လက်များကို အောက်သို့ ရိုက်ချလိုက်ကာ ယင်းအတွင်း၌ ကြောက်မက်ဖွယ် ဖြိုခွဲမှုစွမ်းအားများ ပါဝင်သည်။ ထိုအရာသည် စာလုံးများ သဏ္ဌာန်ဖွဲ့စည်းရာမှ မွေးဖွားလာသည်ဟု ထင်မှတ်ရသည်။ စာလုံးများက တောက်ပလင်းလာနေပြီး ဤက ကြီးမားသည့် ဝင်္ကပါအစီအရင်ကဲ့သို့ ထင်မှတ်ရကာ ဓားချိပ်တံဆိပ်များထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
တစ်ခဏအတွင်းတွင် သုံးဆယ့်သုံးခုသော ဓားချိပ်တံဆိပ်များ ပြိုကွဲသွား၏။
“ရှန်းကျယ်က တကယ့်ကို သန်မာတာပဲ”
လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာသည်။ ရှန်းကျယ်သည် တိုက်ခိုက်ရန် ရှေးဟောင်းစာလုံးများကို ထောင်ချီစာလုံး သင်္ကေတများမှ တိုက်ရိုက် ယူငင် ဖန်တီးခဲ့ရုံသာမက ထိုအထဲတွင် အမျိုးမျိုးသော သဏ္ဌာန်များလည်း ပါဝင်နေသည်။
ထိုအခိုက်အတန့်တွင် သူ၏တိုက်ကွက်အား မြင်ရသည်မှာ ရန်ဟောင်ပုံရိပ် ဆင်းသက်လာပြီး သူ၏ လက်သီးကို ပစ်သွင်းသည်နှင့် ပို၍ တူသည်ဟု ထင်မှတ်ရသည်။
ထို့ပြင် သူ၏တိုက်ကွက်များသည် ရှေးဟောင်းစာလုံးများမှ သဏ္ဌာန် ဖြစ်တည်လာသည်ဟု ထင်မှတ်ရသည်။ သူသည် သူ၏ ကိုယ်ပိုင်စွမ်းအားများကို အသုံးပြုလျှင်ပင် သူက ထောင်ချီစာလုံးသင်္ကေတ ကျောက်စာချပ်မှ သဘောပေါက် နားလည်မှုကို မပစ်ပယ်ထားခဲ့ပေ။
ကြီးမားသည့် လက်ဝါးရိပ်ကြီးသည် ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ အဝေးမှ လူများပင်လျှင် ပြင်းထန်သည့် စွမ်းအားကို ခံစားမိကြသည်။
ထို့ပြင် ရီဖူရှင်းတွင် ဓားချိပ်တံဆိပ် သုံးဆယ့်သုံးခုသာ ဖွဲ့စည်းနိုင်လျှင် ၎င်းတို့ အားလုံး ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၍ သူသည် ရှုံးနိမ့်လိမ့်မည် ဖြစ်၏။
ရှန်းကျယ်သည် အေးစက်စွာဖြင့် ကြည့်သည်။ သူက ရီဖူရှင်း တန်ပြန် တိုက်ခိုက်နိုင်မှု ရှိမရှိ စောင့်ကြည့်နေသည်။
ကောင်းကင်နှင့် မြေကြီးသည် အော်မြည်နေပြီး လက်ဝါးရိပ်ကြီးက ဖိနှိပ် ကျဆင်းလာသည်။ သို့သော်လည်း ထိုအခိုက်၌ ရီဖူရှင်း၏ အနီးတွင် ရှေးဟောင်းစာလုံးများ အများအပြား ပေါ်ပေါက်လာသည်။
ဤတစ်ကြိမ်၌ ၎င်းတို့သည် ဓားချိပ်တံဆိပ်များ မဟုတ်တော့ဘဲ လက်ဝါးတံဆိပ်များ ဖြစ်ပေသည်။
ပေါက်ကွဲထွက်လာသည့် ကြောက်မက်ဖွယ် လက်သီးအားက ထွက်ပေါ်လာပြီး လက်ဝါးတံဆိပ်များက ကြီးမားသည့် လက်သီးများအဖြစ် ပြောင်းလဲသွားစေသည်။
ရီဖူရှင်းသည် သူ၏ လက်မောင်းကို မြှောက်ကာ ကောင်းကင်သို့ ဆန့်ထုတ်သည်။
ဘုန်း…
ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီး လက်ဝါးရိပ်တစ်ခုက လာနေသည့် လက်သီးဆီသို့ တိုးဝင် ရိုက်ခတ်သည်။ သို့သော်လည်း ထိုအရာသည် မတုန်ခါခဲ့ပေ။
ရီဖူရှင်းသည် လေထဲသို့ ခုန်တက်သွားကာ သူ၏ ဖြောင့်တန်းသော ခန္ဓာကိုယ်က မိုးကြိုးလျှပ်စီးတန်းကဲ့သို့ ဖြစ်သည်။ အားလုံးသော လက်ဝါးတံဆိပ်များမှာ သူ၏ လက်မောင်းတွင် စုစည်းလာပြီး ကောင်းကင်ကို ထိုးဖောက်ကာ အပေါ်သို့ ဦးတည်သွားသည်။
ဘုန်း … ဘုန်း… ဘုန်း…
လက်ဝါး ချိပ်တံဆိပ်များမှာ ဆက်လက်၍ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာနေကာ ၎င်းတို့၏ အရှိန်အဟုန်သည် အားကောင်းသထက် အားကောင်းလာသည်။ ကြီးမားသည့် လက်ဝါးရိပ်ကြီးသည် လာနေသည့် လက်သီးများအောက်တွင် ပေါ်ပေါက်လာသည်။
ကြည့်ရသည်မှာ လက်ဝါးတံဆိပ်များသည် တစ်ခုပြီးတစ်ခု စုစည်းသွားကာ ကြီးမားသည့် လက်ဝါးတံဆိပ်ကြီးကို ဖန်တီးသည်။
ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီး ဆယ်ခုထက်မနည်း လက်သီးစွမ်းအားများ ထွက်လာကာ ကြီးမားသည့် လက်ဝါးရိပ်ကြီးကို ရပ်တန့်ရန် တားဆီးသည်။
ကြီးမားသည့် လက်ဝါးတံဆိပ်ကြီးသည် ကြီးမားသထက် ကြီးမားလာသည်။ စွမ်းအားများက အရာအားလုံးကို ဖျက်ဆီးတော့မယောင် ထင်မှတ်ရသည်။
ထိုအရာသည် ရပ်တန့်သွားခြင်း မရှိပေ။ ပိုမိုများပြားသည့် လက်ဝါးတံဆိပ်များသည် ရှေ့သို့ တဟုန်ထိုး တိုးဝင်လာပြီး ကြီးမားသည့် လက်ဝါး တံဆိပ်ကြီးထံသို့ ပေါင်းစပ်သွားကြသည်။ ရီဖူရှင်းက ဆင်းသက်လာပြီး သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ အားလုံးသော လက်ဝါးတံဆိပ်တို့ကို ကြီးမားသော လက်ဝါးတံဆိပ်ကြီး အတွင်းသို့ လုံးလုံးလျားလျား ပေါင်းစပ်လိုက်၏။ ဧရာမလက်ဝါး ပုံရိပ်ကြီးက ရှန်းကျယ်၏ လက်သီးရိပ်ကြီးကို ထုတ်ချင်းပေါက် ထိုးနှက်လိုက်ပြီးနောက် ရှေ့သို့ ဆက်လက် တိုးဝင်လာကာ ရန်ဟောင်ပုံရိပ်ကိုပင် ထိုးဖောက် ဖြတ်သန်းသွားသည်။ လက်ဝါးတစ်ချက်သည် အရာခပ်သိမ်းကို ပျက်စီးစေခဲ့သည်။
ရှန်းကျယ်သည် ထိတ်လန့်အံ့သြစွာ ကြည့်နေသည်။ သူက ကောင်းကင်မှ သူ့ကို ငုံ့ကြည့်နေသည့် ရီဖူရှင်းကို မော့ကြည့်သည်။
ကြောက်မက်ဖွယ် ပေါက်ကွဲမှုသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ သူ၏ လက်သီးချက်မှ အဆုံးမဲ့ စွမ်းအားများ ရှိနေဆဲ ဖြစ်ကာ များပြားလှသည့် လက်ဝါးတံဆိပ်များ ဖြစ်တည်နေသကဲ့သို့ ထင်မှတ်ရသည်။ ၎င်းတို့သည် အပြီးတိုင် ကွယ်ပျောက် မသွားသေးဘဲ ကျန်ရှိနေသေးသည်။
“မင်းက အကာသာရှိပြီး အနှစ်မရှိဘူး ”
ရီဖူရှင်းက ရှန်းကျယ်ကို ပြောသည်။ သူသည် ရှေ့သို့ လှမ်းလာပြီး လက်ဝါး စွမ်းအားများက ရှန်းကျယ်ထံသို့ အကြမ်းပတမ်း ပြေးဝင်သွားကာ သူ၏ ဝတ်ရုံရှည်ကိုပင် လေထဲတွင် လူးလွန့်နေစေသည်။
“မင်းက ငါ့ကို စမ်းကြည့်စေချင်လား”
ရီဖူရှင်းက ရှန်းကျယ်ကို ညွှန်ကာ ပြောလိုက်၏။ သူ၏ အသံနှင့် မျက်လုံးများတွင် ရင့်သီးဟန် ပြည့်နှက်နေပြီး ရှန်းကျယ်ကို အထင်အမြင်သေးစွာ ကြည့်နေသည်။
ထိုခဏတွင် အရာအားလုံးက တိတ်ဆိတ်သွားသည်။ နတ်တောင်ရှိ လူများအားလုံး၏ မျက်လုံးတို့သည် ထိုမြင်ကွင်းတွင် စူးစိုက်နေကြသည်။ သူတို့အားလုံးသည် ရှန်းကျယ်၏ မျက်နှာပေါ်မှ စော်ကားခံရလေခြင်း ဟူသည့် ပြင်းထန်သည့် ခံစားမှုကို မြင်နိုင်ကြသည်။
သူသည် အနှစ်မရှိသည့် အကာသာ ဖြစ်ပေသည်။
သူသည် ထောင်ချီစာလုံးသင်္ကေတ ကျောက်စာချပ်အပေါ် နားလည်မှုကို ဆန်းစစ်သည့် တိုက်ပွဲ၌ ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့သည်။
***