အပိုင်း(၁၂၈၁)

အမြင်ဖလှယ်ခြင်း

ရီဖူရှင်းသည် ခိုင်မာစွာရပ်နေရင်းက သူ့ခေါင်းကို ယမ်းသည်။

“ဘာမှမဖြစ်ဘူး”

သူက ကျောက်စာချပ်ပေါ်သို့ ကြည့်သည်။ ဤထောင်ချီ သင်္ကေတစာလုံး ကျောက်စာချပ်၏ စွမ်းအားများကို တစ်ကြိမ်ရရှိခဲ့ပြီးရာ သူသည် သန့်စင်သော စွမ်းအားများ၏ သင်္ကေတစာလုံးများကို သဏ္ဌာန်ဖွဲ့စည်းနိုင်ကာ သူ၏ ဓားစွမ်းအားများတွင်းသို့ ၎င်းတို့ကို ပေါင်းစပ်နိုင်လိမ့်မည် ဖြစ်သည်။

သည်နည်းဖြင့် သူ၏ ကိုယ်ပိုင်စိတ်စွမ်းအားမျာ အပေါ်တွင် မှီခိုသည်ထက် ပို၍ သန်မာလိမ့်မည် ဖြစ်သည်။

သူသာ အပြည့်အဝ နားလည်နိုင်လျှင် သည်နည်းလမ်းဖြင့် ကိုယ်ပိုင်စွမ်းအားကို ထောင်ချီစာလုံး သင်္ကေတများအတွင်း၌ သိုလှောင်နိုင်မည် ဖြစ်၏။ ထိုစွမ်းအားကို ထုတ်ဖော်သော အခါတွင်လည်း သူ၏ ကိုယ်ပိုင် စိတ်စွမ်းအားများထက် အလွန် သာလွန်သည့် စွမ်းအားများကို ဖော်ထုတ်နိုင်လိမ့်မည်လား။

ဤတစ်ကြိမ်၌ သူသည် ထောင်ချီသင်္ကေတ စာလုံးများ အားလုံးကို တိုက်ရိုက်ပုံဖော်ရန် ရည်ရွယ်ခဲ့သော်လည်း သူက ထိုမျှမြင့်မားသော အဆင့်အား တောင့်ခံရန် မလွယ်ပေ။

သူ့အနေဖြင့် တဖြည်းဖြည်း သွားရမည့်ပုံပေါ်သည်။

သူက ရှေ့သို့ လမ်းလျှောက်သွား၏။ သူ့အနီးတွင် လူအများအပြား ရှိနေသည်။

ရှန်းကျယ်သည် သူ့အရှေ့တွင် ရှိ၏။ သူသည် ရီဖူရှင်းကို စောင်းငဲ့ကြည့်လိုက် ပြီးနောက် အကြည့်များကို လွှဲဖယ်သည်။ ထို့နောက် သူသည် စာလုံးထောင်ချီ ကျောက်စာချပ်ကို ပြန်ကြည့်လိုက်ကာ တိုးတိုးပြောသည်။

“မင်း ဒါကို ထပ်မလုပ်သင့်တော့ဘူး”

သူက လက်ရှိတွင် သွေးနဂါးဘုံ၌ ကျော်ကြားလှသော သူ ဖြစ်သည်။ သူသည် ချန်ယဲ့မြို့၏ မြို့စားဖြစ်ကာ သူ့နာမည်သည် ဘုံတခွင်တွင် ကျော်ကြားလှသည်။ သူသည် အင်ပါယာရှန်းဘုံမှ ပြန်လည်မွေးခြင်း အဆင့်တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်သူ ဖြစ်သည်။

သူသည် ရှန်းနန်၏ အကူအညီတောင်းမှုကြောင့် အလွန်ဝေးကွာသော အင်ပါယာရှန်းဘုံမှနေ၍ သွေးနဂါးဘုံသို့ ခရီးနှင်လာကာ သည်နေရာမှ အခြေအနေကို လာရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။ သည်မတိုင်ခင် ရီဖူရှင်း၏ စွမ်းဆောင်ရည်အချို့ကို မြင်တွေ့ခဲ့သော်လည်း သူ၏စွမ်းအား အစစ်အမှန်ကိုတော့ မခန့်မှန်းနိုင်သေးပေ။ သို့သော်လည်း မှော်ကု့ချင်းကို ရယူနိုင်ခြင်းက ရီဖူရှင်း၏ အရည်အချင်းကို ဖော်ပြနေသည်။

ရီဖူရှင်းက ပြိုင်ဘက်ကောင်း ဖြစ်လာနိုင်ပေသည်။

ရီဖူရှင်း၏လုပ်ဆောင်မှုက သူ၏ထင်ကြေးနှင့် အနည်းငယ် ကွဲပြားခြားနား နေခဲ့သည်။

ရီဖူရှင်းက ရှန်းကျယ်ကို ကြည့်သည်။ သူက ပြုံးလိုက်သော်လည်း မည်သို့မျှ တုံ့ပြန်ခြင်းမပြု။ ထိုအစား သူက ကြီးမားသည့် ကျောက်စာချပ် ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

ကျောက်စာချပ်ပေါ်မှ ရှေးဟောင်းစာလုံးများသည် လျှို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်နိုင်ကာ ထူးဆန်းသော စွမ်းအားများ ပါဝင်နေသည်။

ရီဖူရှင်း၏ စိတ်သည် အတွင်းသို့ တစ်ကြိမ်ထပ်၍ ဝင်ရောက်သွား၏။ ဤတစ်ကြိမ်တွင် သူသည် စာလုံးများ၏ အသိကို လက်မခံတော့ဘဲ ၎င်းတို့ ဖန်တီးနိုင်သည့် အဆုံးမဲ့ သဏ္ဌာန်များကိုသာ မြင်အောင် ကြည့်သည်။

“ဒါက မဟာလမ်းစဉ် ဝင်္ကပါလား”

ရီဖူရှင်းက အံ့သြသွားသည်။ ရန်ဟောင်တစ်ပါးက ထောင်ချီစာလုံး သင်္ကေတများကို သည်ကျောက်စာချပ်တွင် ရေးထွင်းခဲ့ခြင်း ဖြစ်ပေမည်။

ရန်ဟောင်အဆင့် ပုဂ္ဂိုလ်တစ်ဦးက ထွင်းထုသည့် သင်္ကေတ စာလုံးများဖြစ်ရာ စာလုံးတစ်ခုချင်းစီ အတွင်း၌ မဟာလမ်းစဉ်၏ စွမ်းအားများ ပါဝင်နေခဲ့သည်။

ကြည့်ရသည်မှာ စာလုံးတစ်ခုချင်းစီ၌ အစွမ်းထက်အသိများ ပါဝင်နေပုံရလေသည်။

ဤအရာနှင့် ကျားယဲ့ဓားတို့မှာ တူညီသော အချို့အရာများ ရှိနေသည်ဟု ထင်မှတ်ရ၏။

သို့သော်လည်း ကွဲပြားချက်မှာ ဤအရာသည် ရှေးဟောင်းစာလုံးများ၏ မဟာလမ်းစဉ် စွမ်းအားများ ပြောင်းလဲမှုမှ သဏ္ဌာန်ဖြစ်တည်လာခြင်း ဖြစ်သည်။ ဤကား အလွန်ကြောက်စရာ ကောင်းသော ဖန်တီးမှုဖြစ်သည်။

ရီဖူရှင်းသည် ထောင်ချီသင်္ကေတ စာလုံးများကို လေ့လာဆန်းစစ်နေပြီး ကျားယဲ့ဓားသဏ္ဌာန် ထုတ်ဖော်ရန် ကြိုးစားနေသည်။ ထိုအထဲမှ ဓားတစ်လက်သည် ရီဖူရှင်း၏ သက်စောင့်ဟော်နန်းထဲ၌ ဖြစ်ပေါ်လာ၏။ ရီဖူရှင်းက ထိုဓားအသိကို ခံစားမိပြီး အနည်းငယ် မျက်မှောင်ကြုတ်သည်။

တစ်ခုခုက မှားယွင်းနေပြီ ဖြစ်သည်။

ထိုသင်္ကေတတွင် ပါဝင်နေသည့် စွမ်းအားများသည် သာမန်သာ ဖြစ်သည်။ သူ့ပုံစံမှာ အစ်ကို ၃၏ သင်္ကေတနှင့်ပင် ခပ်ဆင်ဆင်ရ၏။

သို့သော်လည်း အနည်းငယ် ကွဲပြားခြားနားနေသည်။ ရှေးဟောင်းစာလုံး တစ်ခုချင်းစီတွင် စွမ်းအားများကို ဆွဲဆောင်နိုင်သည့် အထူး အမှတ်အသားများ ရှိသည်။

ထိုသို့တွေးမိလျှင် ရီဖူရှင်းသည် ထောင်ချီစာလုံးများကို လေ့လာဆန်းစစ်ရန် မကြိုးစားတော့ပေ။ သူသည် အားလုံးထဲမှ တစ်ခုကိုသာ လေ့လာတော့သည်။

ရန်ဟောင်တစ်ပါးက ထောင်ချီသင်္ကေတစာလုံး ကျောက်စာချပ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ရန်ဟောင်အဆင့်သို့ ရောက်သည့်အခါ  သူတို့ကိုယ်သူတို့ သာလွန်သည်ကို သက်သေပြခဲ့ပြီး ဖြစ်သည်။

တာအိုသည် ကောင်းကင်၊ မြေကြီးနှင့် အရာရာကို ဖန်တီးခဲ့သည်။

အတွေးတစ်ချက် အတွင်းမှာပင် အရာအားလုံး၏ တာအိုသည် အပြည့်အဝ ပြောင်းလဲမှု ပြုလုပ်နိုင်သည်။

လူသားများနှင့် တာအိုကြားမှ စည်းချက်ကျမှုသည် ကမ္ဘာကြီးကဲ့သို့ ကျယ်ပြောမှုနှင့် နေနှင့်လတို့၏ တောက်ပမှုကဲ့သို့ အကန့်အသတ်မဲ့သော ခံနိုင်ရည်နှင့် အဆုံးမဲ့စွမ်းအားကို ဖန်တီးနိုင်သည်။

ရန်ဟောင်တစ်ပါးက ၎င်းတို့ကို ဖန်တီးခဲ့သည်ဆိုလျှင် ဤ ထောင်ချီသင်္ကေတ စာလုံးများတွင် စစ်မှန်သော စွမ်းအားများ ပါဝင်နေမည် ဖြစ်သည်။

၎င်းတို့တွင် အဆုံးမဲ့ စွမ်းအားများ ပါဝင်နေသည်ဆိုလျှင် ဤရှေးဟောင်း စာလုံးများသည် မည်သည့်စွမ်းအား အတွက်မဆို သင့်တော်ပေသည်။

ရီဖူရှင်းသည် ကိုယ်တိုင် လေ့လာဆန်းစစ်မှုတွင် အပြီးတိုင် နစ်မျောသွားပြီး အပြင်လောကရှိ အရာအားလုံးကို မေ့ပျောက်သွားသည်။ သူသည် ထောင်ချီသင်္ကေတစာလုံး ကျောက်စာချပ်တွင် နစ်မြုပ်နေပေသည်။

များပြားလှသည့် အစွမ်းထက် ပုဂ္ဂိုလ်များသည် ကျောက်စာချပ်ရှေ့တွင် ရပ်နေကြပြီး ကျင့်ကြံရင်း လေ့လာဆန်းစစ် နေကြသည်။

သူတို့ အားလုံးသည် ၎င်းထံမှ မတူညီသော နားလည်သဘော ပေါက်မှုများကို ရရှိခဲ့သည်။

မက်မွန်ပွဲတော် ကျင်းပနေသည့် အောက်ဘက်မှ နေရာတွင် လူတိုင်းက သူတို့ကို မော့ကြည့်နေကြသည်။

နတ်တောင်ထက်မှ များပြားလှသော မျက်လုံးများသည်လည်း သူတို့ကို စောင့်ကြည့်နေကြသည်။

နေ့တစ်ဝက်ဟူသည်မှာ အလွန်တိုတောင်းသော အချိန်ဖြစ်သည်။ အထူးသဖြင့် ထောင်ချီသင်္ကေတ စာလုံးများကို လေ့လာဆန်းစစ်ရန် ကြိုးစားနေသည့် အခါမျိုးတွင် ဖြစ်သည်။ ၎င်းထံမှ အရာအားလုံး၏ အသေးစိတ်ကို လေ့လာရန် မဖြစ်နိုင်ပေ။

ရန်ဟောင်တစ်ပါးမှ ဖန်တီးခဲ့သော အရာရာခပ်သိမ်းတွင် မဟာလမ်းစဉ်များ ပါဝင်နေသည်။ သူက ထိုအရာကို လွယ်ကူစွာ ဖန်တီးခဲ့သည် ဆိုလျှင်ပင် ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင်များ ဖန်တီးသည်ထက် ခက်ခဲလိမ့်မည် ဖြစ်သည်။

သို့သော်လည်း မက်မွန်ပွဲတော်သို့ တက်ရောက်လာသူများ အားလုံးသည် ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့သည် ထိုအရာအတွင်းမှ အရာအားလုံးကို နားမလည်နိုင်လျှင်ပင် အတော်များများကိုတော့ နားလည်မည် ဖြစ်သည်။

သို့သော်လည်း သူတို့ကြားထဲ၌ မည်သူက နားလည်နိုင်မှု အမြင့်ဆုံး ဖြစ်မည်ကိုတော့ အတိအကျ မပြောနိုင်။

မက်မွန်ဖိတ်ကြားလွှာကို လက်ခံရရှိသူ တို့သည်တော့ လူအားလုံး၏ အာရုံစိုက်မှုကို ခံရသူများဖြစ်ကြ၏။

“လော့ယန်၊ ကျန်းထိုက်အယ်နဲ့ ယွီရှီးဖေးတို့က သွေးနဂါးမြို့မှာ အထူးချွန်ဆုံးတွေပဲ။ သူတို့က မက်မွန်ပွဲတော်မှာ ဘယ်လို စွမ်းဆောင်ရည်မျိုး ပြသနိုင်မလဲ သိချင်နေပြီ”

နတ်တောင်ပေါ်မှ အဘိုးအိုတစ်ဦးက ကျောက်စာချပ်ဆီသို့ လှမ်းမျှော်ကြည့်ရင်း ပြောသည်။

သူသည် လော့ယန်၏ ရှေ့တွင် ပေါ်ပေါက်လာသည့် မီးလျှံအမှတ်အားသည် တောက်ပဖြာလင်းနေသည့် အလင်းရောင်စဉ်များ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။

ပွဲတော်၏ အခြားတစ်ဖက်တွင် အလွန် အစွမ်းထက်လှသည့် ဓားစွမ်းအား အရှိန်အဝါများ ထွက်ပေါ်နေသည်။

ထိုသူသည် ဖေမင် ဖြစ်သည်။

ရှေးဟောင်းစာလုံးများ အတွင်း၌ ဓားသဏ္ဌာန်များသည် သူ့အနီးတွင် ဖြစ်ပေါ်လာနေသည်။ ၎င်းတို့ကို ကြည့်ရသည်မှာ ဓားအမှတ်အသားများနှင့် တူပေသည်။ ကြောက်မက်ဖွယ် ဓားစွမ်းအားများ အော်မြည်ကာ နားကွဲလောက်သည့် ဆူညံသံတစ်ခုက လေထဲတွင် ထွက်ပေါ်လာသည်။

ဖေမင်သည် သူ့အနီးတွင် စီးဆင်းနေသော ဓားအမှတ်အသားများကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ကြည့်ရသည်မှာ သူသည် ထောင်ချီသင်္ကေတ စာလုံးများ၏ ပုံစံတူကို ပြန်လည် ထုတ်ဖော်ရန် ကြိုးစားနေသည်နှင့် တူပေသည်။

ကြောက်မက်ဖွယ် ရောင်ခြည်များက ရှင်းခိုင်၏ ရှေ့တွင် ပေါ်ပေါက်လာသည်။ ထိုအတွင်းမှ မဟာလမ်းစဉ်၏ စွမ်းအားများရှိပြီး အလွန် ဖိနှိပ်နိုင်စွမ်း ရှိသည်။ ရောင်စဉ်များသည် အဖျက်စွမ်းအားများနှင့် ပြည့်နှက်နေသည်။

လူတိုင်းသည် အလွန် ကြိုးကြိုးစားစားနှင့် ကျောက်စာချပ်ကို ဆန်းစစ်လေ့လာနေပြီး သူတို့၏ ကိုယ်ပိုင်ကျင့်ကြံမှုနှင့် အသုံးပြုနိုင်ရန် လုပ်ဆောင်နေကြသည်။

သူတို့သည် ဤမျှတိုတောင်းသော အချိန်အတွင်း ထောင်ချီသင်္ကေတ စာလုံးများကို အပြည့်အဝနားလည်ရန် မဖြစ်နိုင်သည်ကို သိသော်လည်း သူတို့သည် တတ်နိုင်သမျှ အခြားလူများထက် သာလွန်သော လေ့လာဆန်းစစ်မှု ရှိစေရန် ၎င်းကို နားလည်ရန် တဖြည်းဖြည်း တတ်နိုင်သလောက် ကြိုးစားနေကြသည်။ ဤသည်မှာ ရန်ဟောင်အဆင့် တိုက်ပွဲစွမ်းရည်ကို ရရှိလိုက်ခြင်းနှင့် တူညီလိမ့်မည် ဖြစ်သည်။

ထို့ပြင် ဤသည်က သူတို့၏ မည်သည့် စွမ်းအားများကိုမဆို ပို၍ သန်မာလာစေရန် လုပ်ဆောင်ပေးနိုင်သည်။

ချီရှန်းသည် ထိုနေရာတွင် တစ်ယောက်တည်း သောက်ရင်း ကျေနပ်စွာ ထိုင်နေသည်။ ကျောက်စာချပ် ရှေ့မှ ပုဂ္ဂိုလ်အားလုံးသည် ရပ်နေသည့်သူများ ရှိသလို မြေပြင်ပေါ် ထိုင်နေသည့် သူများလည်း ရှိသည်။ သူတို့၏ အနီးတွင် ဖြစ်ပေါ်နေသည့် စွမ်းအားများသည် ပို၍ အားကောင်းလာသည်။

အချိန်များက ကုန်လွန်သွားပြီး ကောင်းကင်နှင့် မြေကြီးကြားမှ မဟာလမ်းစဉ် စွမ်းအားများသည် အဆုံးမရှိ တဟုန်ထိုး စီးဆင်းလာသည်။

သူသည် အရက်တစ်ကျိုက် သောက်လိုက်ပြီး မှော်ကု့ချင်းကို ရရှိသွားသည့် ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းက လှုပ်ရှားမှု အနည်းဆုံးဖြစ်သည်ကို သူ မြင်တွေ့သည်။ ပြောရလျှင် သူက လုံးဝ မလှုပ်ရှားခဲ့သည်လည်း ဖြစ်နိုင်သည်။

ထိုသည်က သူ့ကို သံသယဖြစ်စေသည်။ သူက ယခုထိ လေ့လာဆန်းစစ် နေခြင်းပေလား။

မဟုတ်လျှင် သူက ထောင်ချီသင်္ကေတ စာလုံးများကို လုံးဝ စိတ်မဝင်စားခြင်းပေလော။

ရီဖူရှင်း၏ ဘေးရှိ ရှားရှင်းယွန်၊ ရီဝူချင်းနှင့် အခြားလူများအနီးတွင် များပြားလှသည့် မတူညီသော စွမ်းအားသဏ္ဌာန်များ ဖြစ်ပေါ်နေသည်။ သိသာစွာပင် သူတို့ အားလုံးက လေ့လာဆန်းစစ်နေကြဆဲ ဖြစ်သည်။

ချီရှန်းက သူ၏ အကြည့်ကို ယွီရှီးဖေးထံသို့ ရွှေ့ပြောင်းသည်။ သူ့မျက်လုံးများထဲတွင် နွေးထွေးသည့် အကြည့်တို့ ဝင်ရောက်လာသည်။

နေ့တစ်ဝက် ကုန်ဆုံးသွားသည်ကိုပင် မည်သူမှ သတိမပြုမိဘဲ ရှိနေကြသည်။ ချီရှန်းက ပြုံးကာ ပြောသည်။

“အားလုံးပဲ အချိန်ပြည့်သွားပါပြီ”

လူတိုင်းသည် ကျောက်စာချပ်အတွင်း နစ်မျောနေကြဆဲ ရှိနေသေးသော်လည်း ချီရှန်း၏ အသံကိုကြားရသည့်အခါ သူတို့သည် ကျင့်ကြံနေရာမှ ရပ်တန့်လိုက်ကြသည်။

ဝှီး … ဝှီး …

ထောင်ချီသင်္ကေတ စာလုံးများသည် ကျယ်လောင်သည့် ဆူညံသံနှင့်အတူ အဝေးသို့ ပျံထွက်သွားသည်။ လူတိုင်းသည် မပျော်ရွှင်စွာနှင့် သူတို့၏ မူလနေရာသို့ ပြန်ရောက်လာကြသည်။

ကြည့်ရသည်မှာ အရာအားလုံးသည် မူလက အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပုံ ပေါ်သည်။

“ဘယ်သူမဆို ထောင်ချီသင်္ကေတ စာလုံးတွေကနေ နားလည်လာတဲ့ အရာတွေကို ‘အမြင် ဖလှယ်’ ကြမယ်။ ဒါပေမဲ့ ကျုပ်တို့ကတော့ မင်းတို့ ထောင်ချီသင်္ကေတ စာလုံးတွေကနေ ဘယ်လောက် လေ့လာနိုင်ခဲ့တယ် ဆိုတာကို ကြည့်ရုံပဲ ကြည့်နေမှာပါ။ ဒါက ရိုးရှင်းတဲ့ ‘ဖလှယ်ခြင်း’ ဖြစ်ပြီးတော့ အမှန်တကယ် တိုက်ပွဲ မဟုတ်ဘူး။ အဲဒါကြောင့် ထောင်ချီသင်္ကေတစာလုံး ကျောက်စာချပ်က စွမ်းအားတွေနဲ့ ရိုးရိုးရှင်းရှင်း တိုက်ကွက်ကို ဖော်ထုတ်ရမယ်။ ပြီးတော့ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ရှန့်ထိုက နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်ရှန့်ထိုနဲ့ တွေ့ခဲ့ရင် ကိုယ့်ရဲ့ စွမ်းအားတွေကို နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်မှာ ထိန်းချုပ်ထားရမယ်”

ချီရှန်းက ပြောသည်။

“ဒီနည်းလမ်း တစ်ခုတည်းကသာ ထောင်ချီသင်္ကေတ ကျောက်စာချပ်ကနေ မင်းတို့ ဘယ်လောက်ထိ နားလည်သဘော ပေါက်ခဲ့လဲဆိုတာ ကျုပ်တို့က စမ်းသပ်နိုင်မှာ ဖြစ်တယ်”

လူတိုင်းသည် တိတ်ဆိတ်သွားပြီး အချင်းချင်း ကြည့်လိုက်ကြသည်။

ချီရှန်းသည် အားလုံးကို ကြည့်ကာ ပြုံးသည်။

“ဒီနေရာမှာ ရှိနေတဲ့ လူတိုင်း ပါဝင်နိုင်ပါတယ်”

သူသည် မက်မွန်ဖိတ်ကြားလွှာ မရရှိခဲ့ဘဲ အတူလိုက်ပါလာ သူများကိုပါ ရည်ညွှန်းပြောဆို လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း မက်မွန်ဖိတ်ကြားလွှာ ရရှိသည့်သူများမှာတော့ အထူးချွန်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က သူတို့ထက် ထူးချွန်နေရန် မဖြစ်နိုင်ပေ။

နောက်ဆုံးတွင် ထောင်ချီသင်္ကေတစာလုံး ကျောက်စာချပ်ကို အနိုင်ရသူမှာ ဖိတ်ကြားလွှာ ရရှိခဲ့သူများထဲမှ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

သူက အခြားလူများကို ပါဝင်ဆင်နွှဲခွင့် ပြုခဲ့ခြင်းမှာ အပျော်သဘောသာ ဖြစ်ပေသည်။

နောက်ဆုံးတွင်တော့ မက်မွန်ပွဲတော်သည် ပွဲတော်တစ်ခုသာ ဖြစ်၍ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ မရှိပေ။

ဤနေရာ၌ ယခု သွေးနဂါးဘုံ၏ အလွန်အစွမ်းထက်သော မျိုးဆက်သစ် လူငယ်များကို မြင်တွေ့နိုင်ပေသည်။

ထိုအချိန်တွင် ရှင်းခိုင်၏ နောက်တွင် ရပ်နေသည့် ပုဂ္ဂိုလ်တစ်ဦးက ရှေ့သို့ လျှောက်ထွက်လာခဲ့သည်။

ထိုသူသည် ကိုင်ဟွမ်၏ တရားဝင် တပည့်ဖြစ်သော ဟွားရယ် ဖြစ်သည်။ သူသည် မက်မွန်ဖိတ်ကြားလွှာကို လက်ခံမရရှိခဲ့သော်လည်း သူသည် သွေးနဂါးဘုံရှိ ထိပ်တန်း အရည်အချင်း ရှိသူများတွင် တစ်ယောက်အပါအဝင် ဖြစ်နေဆဲ ဖြစ်သည်။

ဟွားရယ်သည် ရီဖူရှင်းကို ကြည့်သည်။ သူသည် ရှေးဟောင်းတော်ဝင်မြို့မှ လာခဲ့ခြင်း ဖြစ်သည်။ သူက ရီဖူရှင်း မည်မျှထိ အမှန်တကယ် အစွမ်းထက်သည်ကို တွေ့မြင်လိုနေသည်။

သူ့ဆရာ ကိုင်ဟွမ်သည် သွေးနဂါးဘုံ၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထိုသည်ကို သူက အလွန် ဂုဏ်ယူပေသည်။ ဤသည်ကပင် သူ့အနေဖြင့် ရှင်းခိုင်နောက်သို့ လိုက်ပါရန် ဆန္ဒရှိသည့် တစ်ခုတည်းသော အရာဖြစ်သည်။

“ကျုပ်က မြို့စားရီ ဘယ်လောက် နားလည်နိုင်ခဲ့လဲ မြင်တွေ့ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်”

ဟွားရယ်က ပြောသည်။ သူသည် ကျောက်စာချပ်ကို နေ့တစ်ဝက်မျှ လေ့လာခဲ့သောကြောင့် ၎င်းစွမ်းအားကို အသုံးပြု၍ တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။

သူသည် ရီဖူရှင်းက အမှန်တကယ်ပဲ သူ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်မည်လား သိလိုပေသည်။

ချန်ယဲ့မြို့မှ လူများက သူ့ကို လှမ်းကြည့် လိုက်ကြသည်။ ရီဖူရှင်းက ထိုနေရာသို့ သွားရန် ပြင်လိုက်သည့် အချိန်တွင် အခြားပုံရိပ်တစ်ခုက ရှေ့သို့ ထွက်လာခဲ့သည်။

ထိုသူသည် အဖြူအရောင် အဝတ်အစားများအား ဝတ်ဆင်ထားသည်။ သူက ရှေ့တွင် မားမားမတ်မတ် ရပ်လိုက်ပြီး ဟွားရယ်ကို ကြည့်ကာ ပြောသည်။

“မင်းက မက်မွန်ဖိတ်ကြားလွှာကို မရခဲ့ဘဲ ရှင်းခိုင်နဲ့ အတူ လိုက်လာခဲ့တာပဲ။ တကယ်လို့ မင်းက မက်မွန်ဖိတ်ကြားလွှာ ရရှိတဲ့လူကို တိုက်ရိုက် စိန်ခေါ်ချင်တယ်ဆိုရင် ထိုက်တန်ကြောင်း အရင်ဆုံး သက်သေပြဖို့ လိုတယ်”

ဟွားရယ်က ထိုလူကို ကြည့်သည်။ သူက ထိုသူ့ကို သတိမပြုမိပေ။

အလွန်ကျော်ကြားသော ရီဖူရှင်းနှင့် ယူချင်းတို့အပြင် အင်ပါယာရှားဘုံ၏ မင်းသမီး ရှားရှင်းယွန်ကိုသာလျှင် ချန်ယဲ့မြို့မှ လူများအဖြစ် ကောင်းကောင်း သိရှိကြပေသည်။

“မင်းက ဘယ်သူလဲ”

ဟွားရယ်က မေးသည်။ သူက ထူးမခြားနားပင် ကြည့်သည်။

သူ့ဆရာက ကိုင်ဟွမ်ဖြစ်ပြီး သူသည် ရှေးဟောင်းတော်ဝင်မြို့တွင် ထင်ရှားသူ ဖြစ်သည်။ သူသည် ထူးချွန်သည့် အရည်အချင်း ပါရမီရှိသည်။ ချန်ယဲ့မြို့မှ လာသည့် တစ်စုံတစ်ယောက်က သူနှင့် မည်သို့ ယှဉ်နိုင်လိမ့်မည်နည်း။

“ကျုပ်က ချန်ယဲ့မြို့က ဂူတုံးလျှို”

ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်က ရှေ့သို့ ဆက်လျှောက် လာနေသည်။ သူတို့ နှစ်ယောက်သည် ပွဲတော်ခန်းမအလယ်က လွတ်နေသော ကွက်လပ်ဆီသို့ ရောက်လာခဲ့ကြသော်လည်း မရပ်တန့်ခဲ့ချေ။ သူတို့သည် ရှေ့သို့ ဆက်လက် တိုးလာနေသည်။

ဟွားရယ်က အေးစက်သည့် အမူအရာနှင့် ရှေ့သို့ လှမ်းလာသည်။ သူသည် နေ့တစ်ဝက်မျှ လေ့လာထားခဲ့ပြီး သူ၏ တိုက်ခိုက်မှုအတွက် ထောင်ချီသင်္ကေတစာလုံး စွမ်းအားကို သဏ္ဌာန်အချို့ကို ဖော်ထုတ်နိုင်ခဲ့သည်။ ထိုမျှက တိုက်ကွက်တစ်ကွက်စာ အတွက်သာ လုံလောက်ပြီး ထိုအရာကို ရီဖူရှင်းအပေါ်တွင် အသုံးပြုနိုင်ရန် မျှော်လင့်ခဲ့၏။ သူက ချန်ယဲ့မြို့၏ မြို့စားက မည်မျှ သန်မာသည်ကို မြင်တွေ့လိုခဲ့သည်။

သို့သော်လည်း ချန်ယဲ့မြို့မှ အမည်မသိသည့် လူအချို့က သူ့ကို စိန်ခေါ်ခဲ့၏။

ဤသည်က အလွန်ပင် ဒေါသထွက်စရာ ကောင်းပေသည်။

သို့သော်လည်း ဂူတုံးလျှိုက ရီဖူရှင်း၏ နေရာတွင် အစားဝင်ကာ ဤတိုက်ချက်ကို ခံယူလိုနေလျှင် သူကလည်း ထိုသူ့အား ပေးလိုက်မည် ဖြစ်၏။

“မင်း ခံနိုင်ရည်ရှိဖို မျှော်လင့်ပါတယ်”

ဟွားရယ်က ပြောသည်။ သူသည် ရှေ့သို့ လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှ အစွမ်းထွက်လှသော လေဟာနယ် မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။

တောက်ပသော လေဟာနယ်စွမ်းအား အမှတ်အသားများက သူ့အနီးတွင် မျောလွင့်နေသည်။ သူက တိုက်ခိုက်မှုကို အချိန်မရွေး ဖော်ထုတ်နိုင်ရန် သူ့လက်ကို အနည်းငယ် မ သည်။

ဂူတုံးလျှိုက မရပ်တန့်ဘဲ ရှေ့သို့ ဆက်လက် တိုးလာနေသည်။ ရှေးဟောင်းစာလုံး သဏ္ဌာန်များက ရုတ်ခြည်းပင် သူ့အနီးတဝိုက်တွင် ပေါ်ပေါက်လာသည်။ ၎င်းတို့သည် မဟာလမ်းစဉ်၏ ရှေးဟောင်းစာလုံးများ ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးတို့ဖြင့် တသားတည်း ဖြစ်နေပေသည်။ ၎င်းတို့အထဲတွင် ထောင်ချီစာလုံး သင်္ကေတ၏ စွမ်းအားများ ပါဝင်နေသည်။ ဤသည်မှာ လူများကို အံ့အားသင့်မှုဖြင့် ကြည့်နေစေသည်။

နတ်ဘုရား အလင်းများက ဂူတုံးလျှိုထံမှ တောက်ပနေပြီး ရှေးဟောင်း စာလုံးများတွင် မဟာလမ်းစဉ် စွမ်းအားများ ပြင်းထန်စွာ စီးဆင်းနေသည်။ သူ၏ အရှိန်အဝါသည် သန်မာသထက် သန်မာလာနေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset