အပိုင်း(၁၂၇၈)

မှော်ကု့ချင်း

မှော်ကု့ချင်းသည် လေထုအလယ်တွင် ရစ်ဝဲနေပြီး ကြောက်မက်ဖွယ် ဂီတသင်္ကေတများက ၎င်း၏ ပတ်လည်တွင် ကခုန်နေသကဲ့သို့ ထင်မှတ်ရသည်။ သွေးနဂါးမြို့ရှိ တန်ခိုးရှင်များမှာ ထိုကု့ချင်းသည် ငြိမ်သက်နေသော အခြေအနေ၌ ရှိနေဆဲ ဖြစ်သည်ကို အားလုံး သိရှိကြ၏။ လူတိုင်းက မှော်ကု့ချင်းထံမှ ကြိုးများကို သတ္တိရှိရှိနှင့် သွားရောက် မထိကိုင်ရဲကြပေ။ ထိုသို့ လုပ်လိုက်ပါက နတ်ဆိုးအသိ စွမ်းအားများကို ရန်စသလို ဖြစ်ကာ ဂီတသင်္ကေတများမှ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသည့် အင်အားများ ပေါက်ကွဲ ထွက်လာမည်ကို စိုးသောကြောင့် ဖြစ်၏။

အတိတ်က မက်မွန်ပွဲတော်ကို အကျော်အမော် ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသော်လည်း သူတို့ထဲက မည်သူကမှ ဂီတ သင်္ကေတများကို သွေးတိုးစမ်းပြီး ဆန့်ကျင်နိုင်စွမ်းရှိသူ မရှိခဲ့ပေ။ ထို့ကြောင့်ပင် မှော်ကု့ချင်းက ယခုထိတိုင် မှော်ကု့ချင်းကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်သူ မည်သူမှ မရှိဘဲ ဖြစ်နေခြင်း ဖြစ်ပေသည်။

“ဘယ်သူ အရင်သွားပြီး စမ်းကြည့်ချင်လဲ” ချီရှန်းက လူအုပ်ကို ကြည့်ကာ မေးသည်။

မက်မွန် ဖိတ်ကြားလွှာ လက်ခံ ရရှိခဲ့သည့် သူများအပြင် သူတို့နှင့် အတူ ပါလာသော မည်သူမဆို စမ်းသပ် ကြိုးစားခွင့် ရှိပေသည်။

သို့သော်လည်း အတူလိုက်လာခဲ့သည့် သူများမှာ ဘေးတွင်သာ ကျန်နေခဲ့ရန် ကံကြမ္မာရှိသည်။

ဖိတ်ကြားလွှာကို လက်ခံရရှိသူများမှာ တွေ့ဖူးသမျှတွင် အထူးချွန်ဆုံးသူများ ဖြစ်သောကြောင့်ပင် ဖြစ်၏။

“သွားပြီး စမ်းကြည့်လိုက်” ရှင်းခိုင်က သူ့ဘေးမှ ရှင်းချိုးကို ပြောသည်။

သူက မှော်ကု့ချင်းနှင့် ပတ်သက်၍ တစ်ခုနှစ်ခု သိရှိပေသည်။ ထို့ကြောင့် ထိုတူရိယာက ရှင်းချိုးအတွက် စမ်းသပ်မှု ဖြစ်လာလိမ့်မည်ဟု သိသည်။

“ဟုတ်ကဲ့” ရှင်းချိုးက ခေါင်းညိတ်ကာ လှုပ်ရှားလိုက်ပြီး မှော်ကု့ချင်း၏ ရှေ့သို့ ရောက်ရှိလာသည်။

တောင်၏ အဝေးတစ်နေရာမှ ရှိနေသော တော်ဝင်နန်းတော်၏ ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များ အပါအဝင် မရေတွက်နိုင်သည့် မျက်လုံး အစုံတို့မှာ ထိုအချိန်၌ သူ့ပေါ်တွင် ကျရောက်နေသည်။ သူတို့အားလုံးသည် သူတို့၏ မျက်လုံးများကို ရှင်းချိုးပေါ်တွင် မြဲမြံစွာ ထားရှိကြသည်။

ရှင်းချိုးသည် ယခင် သွေးနဂါးမြစ် တိုက်ပွဲတွင် နောက်ထပ်ရှင်းခိုင် တစ်ယောက်ဟု ချီးကျူးခံရသူ ဖြစ်သည်။ သူ့တွင် အလွန်ထူးချွန်သော ပါရမီ အရည်အချင်း ရှိပြီး ဒေသနန်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်ပေသည်။

သို့သော်လည်း ကံမကောင်းစွာနှင့် တိုက်ပွဲတွင် ယူချင်းနှင့် တွေ့ရှိခဲ့သည်။

ထို့နောက်တွင် မျှော်လင့်ချက် အမြင့်ဆုံး ထားရှိခံခဲ့ရသည့် ရှင်းချိုးသည် ကျော်လွှား၍ မရနိုင်သော အတားအဆီးကို အချိန်တိုင်းလိုလို ခံစားနေခဲ့ရသည်။ လူအများက ရှင်းချိုးသာ သွေးနဂါးမြစ် တိုက်ပွဲတွင် ယူချင်းနှင့် မတွေ့ခဲ့လျှင် သူက ရှန့်ထိုအဆင့်ကို ချိုးဖျက် ဝင်ရောက်နိုင်စွမ်း ရှိခဲ့ပါ့မလားဟု သိချင်နေကြသည်။

ယူချင်းက သူ့ကိုသူပင် သံသယ ဖြစ်စေရန် လုပ်ဆောင်ခဲ့သည်။

သို့ပေမဲ့ ရှင်းချိုးသည် ထူးချွန်သည့် သူဖြစ်သည်မှာ ငြင်းဆိုဖွယ် မရှိပေ။ သူက မည်မျှ လုပ်ဆောင်နိုင်စွမ်း ရှိမည်ကို လူအများက အံ့သြနေကြသည်။

မဟာလမ်းစဉ်၏ အလင်းရောင်က သူ့ခန္ဓာထက်တွင် တောက်ပလာကာ သူ့အနီး ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်လာသည်။

သူသည် သန့်စင်သော အလင်းများဖြင့် လွှမ်းခြုံ ခံထားရသကဲ့သို့ ထင်မှတ်ရသည်။ တောက်ပသည့် အလင်းစက်ကွင်းက သူ့အနီးမှ မဟာလမ်းစဉ်နှင့် ပျော်ဝင်သွားသည်။ ထို့နောက် သူသည် ခြေလှမ်းလိုက်ကာ မှော်ကု့ချင်းထံသို့ လျှောက်လှမ်းသွားလေသည်။

နတ်ဆိုးစွမ်းအားများသည် မှော်ကု့ချင်းထံမှ သူ့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။ ထိုအချိန်တွင် ရှင်းချိုးသည် ကြီးမားလှသည့် နတ်ဆိုးစွမ်းအားများက သူ့အား ဝန်းရံထားသည်ကို ခံစားမိသည်။ လောကကြီးရှိ အရာအားလုံးမှာ ပြောင်းလဲသွားသည်။ သူသည် တောင်ပေါ်တွင် မက်မွန်ပန်းပွင့်များကို ထပ်မတွေ့ရတော့ပေ။ သူသည် နတ်ဆိုးလောက အတွင်းသို့ ရောက်ရှိသွားခဲ့သည်။

သူ၏ ရှေ့တွင် မျက်နှာတစ်ခု ပေါ်ပေါက်လာပြီး ထိုသည်က နတ်ဆိုးအင်ပါယာ၏ မျက်နှာတော့ မဟုတ်ပေ။

ထိုသည်က ယူချင်း၏ မျက်နှာပင် ဖြစ်တော့သည်။

ထိုနတ်ဆိုးသည် သူ၏ နှလုံးသားအတွင်းမှ တားဆီးနေသည့် အရာကို မြင်နိုင်စွမ်း ရှိပုံပေါ်လေသည်။

ဖျောက်  …

ရှင်းချိုးသည် သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အော်မြည်သံနှင့် ဆက်လက်၍ ရွေ့လျားလိုက်ကာ မှော်ကု့ချင်းဆီသို့ ဦးတည်သည်။ တူရိယာသည် ကြီးမားလာသည်ဟု ထင်မှတ်ရသည်။ ခုနစ်ကြိုး ကု့ချင်းသည် လေထုအလယ်တွင် ရစ်ဝဲနေပြီး နတ်ဆိုးနယ်ပယ် အတွင်းတွင် ရှင်းလင်းစွာ မြင်နိုင်လေသည်။

သူ၏လက် တစ်ခုလုံး တဖိတ်ဖိတ် တောက်ပလာပြီး အလင်းစက်ကွင်းသည် သူ့ကို ဝန်းရံနေသည်။ သူသည် လက်ကို ဆန့်ထုတ်ကာ ကြိုးများဆီ လှမ်းသည်။

ကြိုးများသည် သူက သူ့လက်ချောင်းများနှင့် ထိခတ်လိုက်ပြီးနောက် ချက်ချင်း တုန်ခါလာသည်။

ရုတ်ခြည်းပင် အလွန် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အော်မြည်နေသည့် ပုံရိပ်က လှုပ်ရှားလာသည်။ သူသည် နတ်ဆိုးအရှင်သခင် အသွင် ယူထားသည့် ယူချင်းကို မြင်တွေ့သည်ဟု ထင်မှတ်မိလျှင် ထိုသူ့ထံသို့ လက်သီးတစ်လုံး ပစ်သွင်းသည်။ ပြင်းထန်သည့် နတ်ဆိုးစွမ်းအား များသည် ဆန့်ကျင်ခုခံရန် ခက်ခဲလှသည်။ သူ၏ မျက်ဝန်းများထဲတွင် အေးစက်ခြင်းတို့ ရောစွက်နေသည်။ ထို့နောက် သူသည် အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကို ဗဟိုပြု၍ ခြေထပ်လှမ်းသည်။

ထိုနောက် သူ၏ လက်ချောင်းများနှင့် ဒုတိယကြိုးကို တစ်ဖန် တီးခတ်သည်။

ဘုန်း  …

ပို၍ပင် ကြီးမား ကြမ်းတမ်းသည့် အင်အားက လွှမ်းခြုံလာသည်။ ရှင်းချိုး၏ ခန္ဓာကိုယ်က လွင့်ပျံထွက်သွားခဲ့သည်။

သူသည် ထရပ်လိုက်ပြီး သူ့ မျက်လုံးများက ရှေ့သို့သာ တည်နေသည်။ ထိုမှော်ကု့ချင်းသည် မည်သည်မှ မဖြစ်ခဲ့သလို လေထဲတွင် ဆက်လက်၍ ရစ်ဝဲနေသည်။

ထိုခဏ၌ ဖြတ်ကျော်ခဲ့ရသည့် အရာအားလုံးမှာ အိပ်မက်သဖွယ်ပင် ဖြစ်ခဲ့ရသည်။

“နှစ်ကြိမ်တဲ့လား”

လူအများက နေရာ၌ပင် တည်ငြိမ်စွာ ကြည့်နေကြသည်။ ရှင်းချိုးကဲ့သို့ သန်မာသော တစ်စုံတစ်ယောက်ပင်လျှင် ဒုတိယမြောက်ကြိုးကို တီးခတ်ရုံနှင့် လွင့်ပျံ ထွက်သွားစေခဲ့သည်။

မှော်ကု့ချင်းသည် တီးခတ်မည့်အစား တစ်စုံတစ်ယောက်၏ စွမ်းအားအသိ အင်အားကို စမ်းသပ်ရန် အသုံးချဖို့ရာ အကောင်းဆုံး တူရိယာနှင့် တူပေသည်။

အကယ်၍ ရည်မှန်းချက်က တေးသွားတီးခတ်ဖို့ဟု ဆိုလျှင် ယခုဝန်းကျင်ရှိ မည်သူကမှ ထိုမျှ အစွမ်းထက်သည့် ခွန်အားကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။

ရှင်းခိုင်သည် သူ၏အခြေအနေကို မြင်သည့်အခါ အနည်းငယ် စိတ်ပျက်သွားပုံ ပေါ်သည်။ သူသည် ယခင်က မက်မွန်ပွဲတော်တွင် မည်ကဲ့သို့ ဖြစ်ခဲ့သည့် အကြောင်းကို အနည်းငယ် သိရှိထားပြီး ရှင်းချိုးသည် ထို့ထက်ပို၍ စွမ်းဆောင်ရန် နည်းလမ်း မရှိသည်ကို သူ နားလည်သည်။ သို့သော်လည်း တူရိယာသည် တီးခတ်သူ၏ စွမ်းအားကို လိုက်၍ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ တီးခတ်သူတွင် ယိမ်းယိုင်နေသော စိတ်အခြေအနေ ရှိပါက တူရိယာ၏ တိုက်ခိုက်မှု အောက်တွင် သူတို့သည် ဆိုးဆိုးဝါးဝါး ခံစားရလိမ့်မည် ဖြစ်ပြီး တိုက်ခိုက်မှု တစ်ခုကပင် အလွန်အားကောင်းကာ သူတို့ ခုခံနိုင်စွမ်းထက် ကျော်လွန်နေစေရန် ပြုလုပ်လိမ့်မည် ဖြစ်သည်။

ကြည့်ရသည်မှာ ယူချင်း၏ တည်ရှိမှုက ရှင်းချိုးအပေါ်တွင် သက်ရောက်မှု ကြီးမားလှကာ ရှင်းချိုး၏ ကျင့်ကြံခြင်း လမ်းကြောင်း၌ပင် အဆီးအတားသဖွယ် ဖြစ်လာပုံ ရလေသည်။

“မင်း သွားလိုက်” ထို့နောက် ရှင်းခိုင်က သူ့ဘေးမှ ကိုင်ဟွမ်၏ တပည့် ဟွားရယ်ကို ပြောသည်။

ဟွားရယ်က ခေါင်းညိတ်ပြီး လမ်းလျှောက်ကာ မှော်ကု့ချင်းရှေ့သို့ သွားခဲ့သည်။ ရှင်းချိုးသည် တောက်ပနေသည့် လေဟာနယ် စွမ်းအားများဖြင့် လွှမ်းခြုံထားပြီး သူ့ထံသို့ တစ်ဟုန်ထိုး ဝင်လာနေသည့် နတ်ဆိုးစွမ်းအားများကို ချေဖျက်နေသော ဟွားရယ်ကို ကြည့်သည်။

သူသည် တူရိယာဆီသို့ ဖြည်းညင်းစွာ သွားနေပြီး လေထုအလယ်တွင် ရစ်ဝဲနေသည့် ကု့ချင်းထံသို့ တဖြည်းဖြည်း နီးကပ်လာသည်။

ထို့နောက် သူသည် လေထဲသို့ ညွှန်လိုက်ကာ ၎င်းကို မတီးခတ်ခင် အဝေးမှ မှော်ကု့ချင်းထက်ရှိ ကြိုးများကို ဖမ်းဆုပ်သည်ဟု ထင်မှတ်ရသည်။

ကု့ချင်း၏ အသံက ချက်ချင်း တုံ့ပြန်သည်။ သို့သော်လည်း ထိုသည်က သာယာနာပျော်ဖွယ် အသံတော့ မဟုတ်ပေ။ အသံသည် ဟိန်းဟောက်သံကဲ့သို့ ကြားရကာ နေရာတစ်ခုလုံးကို ကျယ်လောင်စွာ မြည်ဟည်းသွားစေသည်။

လေဟာနယ် ရွှေရောင်မုန်တိုင်းက ဟွားရယ်အနီးတွင် ရစ်ပတ်လိုက်ပြီး အရာအားလုံးကို တစစီ စုတ်ဖြဲတော့မတတ် ရှိသည်။ သူသည် နောက်ထပ် လက်တစ်ချောင်း ညွှန်လိုက်ပြီး ကြိုးများကို တစ်ဖန်တီးခတ်ရန် ကြိုးစားသည်။

ပို၍ အားကောင်းလှသော နတ်ဆိုး အရှိန်အဝါက နေရာတစ်ခွင်ကို လွှမ်းခြုံ သွားခဲ့သည်။ ကြောက်မက်ဖွယ် နတ်ဆိုးတစ်ပါး ကျူးကျော် လာသကဲ့သို့ အဆုံးမဲ့ သင်္ကေတများက ကခုန်နေသည်။

ဟွားရယ်သည် တစ်ဖန် ခြေလှမ်းလိုက်ပြီး သူ၏ လက်ချောင်းများကို ဖြန့်ကားလိုက်ကာ တတိယကြိုးကို တီးခတ်သည်။ ဟွားရယ်သည် သူ၏ စိတ်ဝိညာဉ်ကို လောင်ကျွမ်းသွားသလို ခံစားလိုက်ရသော်လည်း လက်မလျှော့ပေ။ သူ့လက်ချောင်းသည် တစ်ဖန် ဖြည်းဖြည်း လှုပ်ရှားလာပြီး စတုတ္ထ ဂီတသံကို ကြားလိုက်ရစေသည်။

သူက ညည်းညူလိုက်ပြီး နောက်သို့ လွင့်ပျံ ထွက်လာသည်။ သူ့ ခြေလှမ်းများသည် ဖရိုဖရဲနှင့် မြေပြင်ပေါ် ရပ်တန့်မသွားခင် အတော်လေး ကွာသည်ထိ ယိမ်းယိုင်ကာ လျှောတိုက် သွားခဲ့ရသည်။

ဟွားရယ်သည် ရှင်းချိုးနှင့် ယှဉ်လျှင် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

သူတို့ နှစ်ယောက်လုံး ပြန်လာသည့်အခါ ရှင်းချိုးသည် ခေါင်းငုံ့ထားခဲ့သည်။ သူ့အစ်ကို ရှင်းခိုင်က သူ့စိတ်ကို လှုပ်ရှား တက်ကြွလာစေရန် ဟွားရယ်ကို လွှတ်သည်အား သူ သိရှိပေသည်။

“မင်း သွေးနဂါးမြစ် တိုက်ပွဲမှာ နောက်ဆုံးတစ်ခေါက် တိုက်ခိုက်ကတည်းက သတိပေးခဲ့တယ်။ မင်းရဲ့ စိတ်ထဲက အတားအဆီးကို မင်းကိုယ်တိုင် မကျော်ဖြတ်နိုင်ဘူး ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းမှာ ရှေ့ဆက် တက်နိုင်မှာ မဟုတ်တော့ဘူး။ မင်း ရန်ဟောင်အဆင့်ကို တက်ဖို့မပြောနဲ့ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ကိုတောင် ရောက်နိုင်မှာ မဟုတ်ဘူး” ရှင်းခိုင်က ရှင်းချိုးကို ပြောသည်။

အရည်အချင်း ဆိုသည်မှာ ကျင့်ကြံခြင်းနှင့်သာ သက်ဆိုင်နေခြင်း မဟုတ်ပေ။

လိုက်လာခဲ့ကြသည့် တန်ခိုးရှင်များမှာ တစ်ယောက်ပြီးတစ်ယောက် ကြိုးစားကြည့်ကြပြီး သူတို့ထဲမှ အသန်မာဆုံး လူသည်ပင် ထိုဖိအားအောက်၌ ကြိုး ငါးကြိုးမျှသာ တီးခတ်နိုင်ခဲ့ပေသည်။

သို့သော်လည်း မက်မွန်ဖိတ်ကြားလွှာ လက်ခံ ရရှိခဲ့သူများမှာ မကြိုးစား ကြည့်ရသေးပေ။

ဖိတ်ကြားလွှာ လက်ခံရရှိခဲ့သူတို့ ကြားတွင် ရင်ထျန်းကျောက်သည် ပထမဆုံး လှုပ်ရှားခဲ့သူ ဖြစ်သည်။ သူမသည် မှော်ကု့ချင်းကို ခြောက်ကြိမ် ထိရအောင် တီးခတ်နိုင်ခဲ့ပြီး ယခင် စံချိန်ကို ချိုးကာ လိုက်ပါလာခဲ့ကြသူများ၏ ချီးမွမ်း ထောပနာပြုမှုကို ရရှိခဲ့သည်။ ဖိတ်ကြားလွှာ ရရှိခဲ့သူများမှာ တကယ်ပင် မတူညီကြပေ။

အင်ပါယာရှု၏ သမီးတော် ရှုကျီသည် သူမ ခြေလှမ်းလိုက်သည့်အခါ အလွန်ပင် တောက်ပနေသော ခရမ်းရောင် အလင်းများက လွှမ်းခြုံထားပြီး ကြည့်ရသည်မှာ သူမသည် ဖိအားများကို ခုခံနိုင်သကဲ့သို့ လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။ ဖျက်ဆီးခြင်း အရှိန်အဝါများက သူမ၏ အနီးတွင် ပေါ်ပေါက်လာသည်။ သို့ရာတွင် သူမသည်လည်း ခြောက်ကြိုးမျှသာ တီးခတ်နိုင်စွမ်း ရှိခဲ့ပေသည်။

အင်ပါယာတုန်း နန်းတော်မှ သွမ့်ဝူကျီသည်လည်း လှုပ်ရှားလာပြီး သူသည်လည်း ခြောက်ကြိုးမျှသာလျှင် တီးခတ်နိုင်စွမ်း ရှိခဲ့သည်။

ထို့နောက်တွင် အင်ပါယာရှန်းဘုံမှ ရှန်းကျယ်လည်း လှုပ်ရှားလာသည်။ မက်မွန်ပွဲတော်သို့ တက်ရောက်နိုင်ရန် တိုက်ခိုက်ခဲ့သည့် သူသည် လှုပ်ရှားလိုက်သည့်အခါ အလွန်ပင် တောက်ပနေ၏။ သို့သော် သူသည်လည်း ရှေ့မှ လူများကဲ့သို့ပင် ခြောက်ကြိုးကို တီးခတ်နိုင်ခဲ့ပြီး ချီးကျူးမှုများ ရရှိခဲ့သည်။ သူတို့အတွက်တော ရှန်းကျယ်သည် အရည်အချင်းရှိသည့် လူတစ်ဦး ဖြစ်ပုံ ရပေသည်။

သူသည် ပြန်ရောက်လာသည့်အခါ မုန်းတီးမှု အပြည့်နှင့် ရန်စသလို ရီဖူရှင်းကို ကြည့်သည်။

ရီဖူရှင်း၏ အဖွဲ့မှ မည်သူကမှ လှုပ်ရှားမှု မပြုခဲ့ပေ။

ယူချင်းသည် ရှန်းကျယ်ကို တစ်ချက် ကြည့်သည်။ သူ ရှေ့သို့ လှမ်းလာသည့်အခါ သူ့မျက်လုံးများက လွှမ်းမိုးနိုင်မှု အပြည့်ရှိပေသည်။

သူသည် ကု့ချင်းတီးခတ်ခြင်းကို အနည်းငယ်မျှသာ သိရှိခြင်း ဖြစ်သော်လည်း ဤသည်က ကြိုးများကို အသံမြည်အောင် လုပ်ရခြင်းသာ ဖြစ်၍ သူ၏ အရှေ့မှ လူများ လုပ်သွားသကဲ့သို့ သူလည်း တူညီစွာ လုပ်ဆောင်နိုင်မည်ဟု တွေးမိခဲ့သည်။

ဘုန်း …

သူ ခြေလှမ်းလိုက်သည့်အခါ နတ်ဆိုးစွမ်းအားများက အော်မြည်လာသည်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် မြေပြင်ကို တုန်ခါသွားစေ၏။ သူ၏ မျက်လုံးများက ကြောက်မက်ဖွယ် ဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးမျက်လုံးများ သဖွယ်ပင် ဖြစ်သည်။

သူသည် မှော်ကု့ချင်း အနီးသို့ ရောက်လာသည့်အခါ လျှို့ဝှက်ဆန်းကြယ်သည့် နတ်ဆိုးနယ်မြေ အတွင်းသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ များပြားလှသည့် နတ်ဆိုးများသည် သူ့ထံသို့ ပြေးဝင်လာသည်။

သို့သော်လည်း နတ်ဆိုးစွမ်းအင်ကို ကျင့်ကြံထားသည့် တစ်စုံတစ်ယောက် အတွက်တော့ အားကောင်းလှသည့် နတ်ဆိုးအရိပ်များသည် ပုံရိပ်သက်သက်ပင် ဖြစ်ကာ သူက လွှမ်းမိုးနိုင်သည့် စွမ်းအားများအတွင်းမှ ခြေလှမ်းသည်။

သူသည် ရှေ့မှ တူရိယာထံသို့ ရောက်ရှိလာကာ တီးခတ်သည်။ နတ်ဆိုးစွမ်းအားများက ရစ်ပတ်နေပြီး အော်မြည်သံများကို ကြားနေရသည်။

သူသည် မည်သည်မှ မခံစား ရသကဲ့သို့ ဒုတိယမြောက်ကြိုးကို ဆက်လက်တီးခတ်သည်။

နတ်ဆိုး အရှိန်အဝါများသည် ဟိန်းဟောက် အော်မြည်နေသည်။ သူ့မျက်လုံးများက အေးစက်နေ၏။ ထို့နောက် သူသည် တတိယ၊ စတုတ္ထကြိုးများကို အနည်းငယ်မျှပင် တွန့်ဆုတ်မသွားဘဲ ဆက်လက် တီးခတ်သည်။

ပဉ္စမမြောက်ကြိုးက အသံမြည်လာပြီး နေရာတစ်ခုလုံးသည် နတ်ဆိုးတို့၏ ပြင်းထန်သော အော်မြည်သံများနှင့် ပြည့်နှက်သွားသည်။ ကြောက်မက်ဖွယ် လှိုင်းများက နေရာ တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့သည်။

ယူချင်းသည် တောင်တစ်လုံးကဲ့သို့ မားမားမတ်မတ် ရပ်နေပြီး ဆဋ္ဌမမြောက်ကြိုးကို တီးခတ်သည်။

ထိန်းချုပ်နိုင်စွမ်း မရှိသည့် နတ်ဆိုးစွမ်းအားများသည် သူ့ထံသို အဆက်မပြတ် ရိုက်ခတ်လာနေသလို ခံစားရပြီး သူ၏ ဦးနှောက်ကို တုန်ခါနေစေသည်။ သို့သော်လည်း အရှုံးမပေးလိုသည့် ထူးကဲသော စွမ်းအားများသည် သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာသည်။

လေက အော်မြည်နေပြီး မက်မွန်ပန်းများ အားလုံးက သူ့အပေါ်ကို လျင်မြန်စွာ ကြွေကျလာနေသည်။ ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအား မုန်တိုင်းက ယူချင်းအနီးတွင် ပေါ်ပေါက်လာသည်။

“ကလန်  …” သတ္တမမြောက်ကြိုးက အသံထွက် လာခဲ့သည်။ မှော်ကု့ချင်းထံမှ ထည်ဝါသည့် နတ်ဆိုးအရိပ်ကြီး တစ်ခု ပေါ်ပေါက်လာသည်ဟု ထင်မှတ်ရသည်။ ယူချင်းသည် အော်ဟစ်လိုက်ပြီး ၎င်း၏ မျက်လုံးအတွင်းသို့ ကြည့်လိုက်ကာ သူသည် ပြန်ဆုတ်ခွာလိုခြင်း မရှိပေ။ သို့သော်လည်း သူ့ခန္ဓာသည် အနောက်သို့ လွင့်စဉ်သွားကာ မြေပြင်ပေါ် လျှောတိုက်သွားသည့် ဆူညံသံကြီးကို ကြားလိုက်ရသည်။ မြေပြင်တွင် စွပ်ကြောင်းကြီး ကျန်ရစ်ခဲ့သော်လည်း ရိုက်ခတ် ခံလိုက်ရသည့် စွမ်းအားကို သူ့ခန္ဓာကိုယ်က ဆက်လက်၍ တောင့်ခံနိုင်ပေသည်။

“ဘယ်လောက် သန်မာလိုက်သလဲ”

လူတိုင်း တုန်လှုပ်နေကြသည်။ ယူချင်းသည် သတ္တမမြောက်ကြိုးကို တီးခတ်နိုင်သည့် ပထမဆုံးသောသူ ဖြစ်သည်။

သို့သော်လည်း သူသည် တူရိယာ တီးခတ်ခြင်း၌ ကျွမ်းကျင်ခြင်း မရှိပေ။

ဒေသဘုရင် အဆင့် သတ်မှတ်ချက်မှ တန်ခိုးရှင်များသည် အမှန်တကယ်ကို အခြားလူများအား ဖြတ်ချထားခဲ့နိုင်စွမ်း ရှိသည်။

“ကြိုးတွေကို တီးခတ်ပြီး မှော်ကု့ချင်းရဲ့ သခင်ဖြစ်လာဖို့ ဘယ်သူမှ တတ်နိုင်မယ် မထင်ဘူး” ထိုအချိန်၌ အသံတစ်ခုကို ကြားလိုက်ရသည်။ လူတိုင်းက လှည့်ကြည့်လိုက်လျှင် ဒေသဘုရင် အဆင့်သတ်မှတ်ချက်မှ အခြားတစ်ယောက်ကို မြင်လိုက်ရသည်။

အင်ပါယာရှဲ့၏ မျိုးဆက်ဖြစ်ပြီး ရန်ဟောင်ဘုံမှ မင်းသား ရှဲ့ချင်းရှန်း ဖြစ်သည်။

ရှဲ့ချင်းရှန်းသည် ဖျတ်လတ် တက်ကြွပုံရသည်။ သူသည် နူးညံ့သည့်အသွင် ရှိကာ ကြည့်ရသည်မှာ မြင့်မြတ်ထည်ဝါသည်။ သူက ပြောသည်။ “အဲဒါက အရင် မက်မွန်ပွဲတော်တွေ ကတည်းက ရှိနေခဲ့တာ။ အမြဲတမ်း လက်ကွက် ခုနစ်ခုမြောက်က သူ့ရဲ့ အကန့်အသတ်ပဲ။ ပြီးရင်တော့ အဆုံးသတ်က အားလုံးအတူတူ ဖြစ်သွားတယ်။ ဘယ်လိုလုပ်ပြီး ရှန့်ထိုအဆင့်လေးက နတ်ဆိုးအင်ပါယာရဲ့ စွမ်းအားကို ခုခံနိုင်ပါ့မလဲ”

ရီဖူရှင်းသည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ရှဲ့ချင်းရှန်း ပြောသည်ကို သဘောတူသည်။

တစ်ယောက်ယောက်က ကြိုးကို တီးခတ်နိုင်လျှင်ပင် မှော်ကု့ချင်း၏ သခင်ဖြစ်လာရန်မှာ မလွယ်ကူလှပေ။

ဤသည်က ကု့ချင်း ဖြစ်သည့်အတွက် ကု့ချင်းလမ်းစဉ်နှင့် တစ်သားတည်း ပေါင်းစပ်နိုင်ဖို့ရာ ကျွမ်းကျင် ပိုင်နိုင်ရမည် ဖြစ်သည်။

သို့သော်လည်း ထိုသည်ပင် မှော်ကု့ချင်းဖြင့် စမ်းသပ် လေ့လာကြည့်ရန်မှာ မလွယ်ကူလှပေ။

ချီရှန်းသည် ကုချင်းကို ကောင်းမွန်ကျွမ်းကျင်စွာ တီးခတ်နိုင်သူ ဖြစ်သည်။ သို့သော်လည်း တော်ဝင်နန်းတော်က မည်သူမှ မှော်ကု့ချင်းကို တီးခတ်နိုင်ခြင်း မရှိဟု ဆိုခဲ့သည်။ ကြည့်ရသည်မှာ သူသည်လည်း ထိုလူများထဲမှ တစ်ယောက် ဖြစ်ပုံရသည်။

“ကိစ္စမရှိပါဘူး … ညီလေးရှဲ့။ စံချိန်ဆိုတာ ချိုးဖျက်ဖို့ ထားတာပါ။ အရင်တုန်းက လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ဘူး ဆိုတာနဲ့ အနာဂတ်မှာလည်း ဘယ်သူကမှ မလုပ်ဆောင်နိုင်ဘူးလို့ မဆိုလိုဘူးလေ။ ဒီမှော်ကု့ချင်းရဲ့ သခင်ဖြစ်ဖို့ မလွယ်ကူဘူး ဆိုပေမယ့်လည်း ဘယ်သူမဆို စမ်းကြည့်နိုင်ပါတယ်” ဘေးဘက်ရှိ တစ်စုံတစ်ယောက်က ပြောသည်။ ထိုသို့ ပြောလိုက်သူမှာ နောက်ထပ် ရန်ဟောင်ဘုံ တစ်ခုဖြစ်သော ဓားအင်ပါယာ နန်းတော်မှ ဖေမင် ဖြစ်သည်။ သူသည်လည်း လက်ရှိတွင် ဒေသနန်းတော်၌ ကျင့်ကြံနေခြင်း ဖြစ်ပေသည်။

သူသည် ရှဲ့ချင်းရှန်း၏ လေ့ကျင့်ဖော် လေ့ကျင့်ဖက် စီနီယာအစ်ကို ဖြစ်သည်။

“အစ်ကို ပြောတာ မှန်ပါတယ်။ ကျွန်တော်လည်း အစ်ကိုက သတ္တမ အကန့်အသတ်ကို ချိုးဖျက်နိုင်မယ့် အခွင့်အရေး ရှိမလား ကြည့်ကြည့်ချင်တယ်” ရှဲ့ချင်းရှန်းက ပြုံးကာ ပြောသည်။

“ဟုတ်ပါပြီ။ ငါ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ ကြိုးစားကြည့်တာတော့ အရှုံးမရှိပါဘူး” ဖေမင်က ခပ်ရေးရေး ပြုံးကာ လှမ်းထွက်သွားသည်။

သူ လှုပ်ရှားသည်နှင့် ဓားစွမ်းအားများက လေထဲတွင် ပြည့်နှက်သွားပြီး သူ့ဝန်းကျင်တွင် လွှမ်းခြုံသွားသည်။

ဓားအင်ပါယာ နန်းတော်သည် သွေးနဂါးဘုံ၏ ဓားစွမ်းရည်တွင် နံပါတ်တစ် သန့်စင်မြင့်မြတ် နယ်မြေ အဖြစ် ကျော်ကြားသည်။

ထိုနေရာသည် ဓားအင်ပါယာ ဖြစ်သည့် အင်ပါယာကျန့်သည် နေထိုင်သည့် နေရာဖြစ်သည်။

ဖေမင်သည် ဓားအင်ပါယာ နန်းတော်မှ လာသည့်သူ ဖြစ်ပြီး သူသည် လက်ရှိတွင် ဒေသနန်းတော်၌ ကျင့်ကြံနေသည်။ သူသည်လည်း ရှင်းခိုင်နှင့် တန်းတူ ကျော်ကြားသူ ဖြစ်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset