ဝမ်ပေါင်လဲ့၏ စိတ်နှလုံးထဲတွင် ဆူနာမီလှိုင်းလုံးကြီး၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသကဲ့သို့ ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားသော အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ ရှေ့တည့်တည့်တွင် ငရဲပြည်တံခါးပေါက်များ ပွင့်သွားကာ ငရဲပြည်မှ အစောင့်တစ်ယောက်၏လက်မှာ ဆန့်ထွက်လာပြီး သူ၏ ရှင်သန်ခြင်းမီးတောက်ကို ငြှိမ်းသက်ရန် ကြိုးပမ်းနေသည့်အလားပင်။
” ဘာတွေ ဖြစ်နေတာလဲဟ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မဖွဲ့နိုင်ခင်မှာပင် ယောက်ယက်ခတ်သွား၏။ ကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသော လေမုန်တိုင်းကြီးတစ်ခု သူ၏ခန္ဓာကိုယ်ကို တစ်စစီ ဆုတ်ဖြဲပစ်ရုံသာမက သူ၏ ဝိညာဉ်ကိုပါ အပြီးတိုင် ချေမှုန်းပစ်ချင်နေသည့် ဆန္ဒမျိုးဖြင့် သူ့ဆီသို့ ချဉ်းကပ်လာနေသကဲ့သို့ ခံစားနေရ၏။
ထိုအချိန်တွင် သူ၏နားထဲ၌ အေးစက်စက် စကားသံတစ်သံကို ခပ်ရေးရေးခန့် ကြားလိုက်ရ၏။
” ရှာတွေ့တဲ့… အစွန်းရောက်တွေ မှန်သမျှ… သတ်ဖြတ်ပြီး…. ဝါးမျိုပစ် ”
ထိုအန္တရာယ်ကြီးမှာ ရုတ်ချည်းဆိုသလို ရောက်ရှိလာခြင်းဖြစ်ပြီး ထိုစကားသံကြီးကိုလည်း ရှင်းလင်းပြတ်သားစွာ မကြားရပေ။ ဝမ်ပေါင်လဲ့မှာ တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ သူ၏ ပတ်ပတ်လည်တွင် နားစည်များ ကွဲအက်သွားစေနိုင်လောက်အောင် ပြင်းထန်သော အသံလှိုင်းကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။
ထို အသံကြီး ပဲ့တင်ထပ်သွားသောအခါ ဝမ်ပေါင်လဲ့ တရားထိုင်နေခဲ့သည် တောင်ကြီးမှာ ချက်ချင်းပင် ပြိုလဲပျက်စီးသွားပြီး ကျောက်တုံးအကျိုးအပဲ့များ အရပ်မျက်နှာအနှံ့သို့ လွင့်ထွက်သွားကြ၏။ ထိုကျောက်တုံးများ၏ ရိုက်ခတ်မှုများကြောင့် သူ၏ အတွင်းကလီစာများပင်လျှင် အလွန် နာကျင်နေရပြီး သူသည် အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်နေသော လှိုင်းလုံးကြီးများနှင့် မိုးထိုးလောက်အောင် မြင့်မားနေသော တောင်တန်းကြီးများ၏ ဖိနှိပ်အားများကြောင့် စိစိညက်ညက်ကြေသွားရတော့မည့်အလား ခံစားနေရတော့သည်။ သူ၏ ပါးစပ်မှ သွေးစိမ်းများ အထိန်းအကွပ်မရှိ ပန်းထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ အရှိန်အဟုန်ပြင်းစွာ လွင့်ထွက်သွား၏။
သူ၏ ပါးစပ်ထဲမှ သွေးများအဆက်မပြတ် ပန်းထွက်လာနေသလို သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးမှာလည်း အလွန် နာကျင်နေရ၏။ လေထဲသို့ မြောက်တက်သွားသည့် ဝမ်ပေါင်လဲ့မှာမူ ထိုအခြင်းအရာများ အားလုံးကြောင့် ဝေခွဲမရနိုင်လောက်အောင် ဖြစ်နေတော့သည်။ ယခုတွင် သူသည် ကယောင်ချောက်ချားဖြစ်နေပြီး မျက်လုံးများကို အတင်းအကျပ် ဖွင့်ထားသည့်တိုင်အောင် သူ၏ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသော အရာများကို မမြင်ရပေ။ ခရမ်းရောင် အလင်းတန်းကြီးတစ်ခု သူ၏ မြင်ကွင်းတစ်ခုလုံးထဲတွင် ပြည့်နှက်သွားပြီး သူ့ကိုလွှမ်းခြုံသွားသည်ကိုသာ မြင်လိုက်ရ၏။
ထို့နောက် သူ တစ်ခါမှမခံစားဖူးသော နာကျင်မှုမျိုးကို ခံစားလိုက်ရတော့သည်။
” အား ”
ဝမ်ပေါင်လဲ့မှာ သနားစရာကောင်းစွာ စူးစူးရှရှ အော်ဟစ်မြည်တမ်းလိုက်၏။ ထိုနာကျင်မှုမှာ အလွန် ပြင်းထန်ပြီး သူ၏ အသားစိုင်များအားလုံးကို စိစိညက်ညက်ကြေအောင် ထုချေနေသည့် အလားပင်။ ထိုနာကျင်မှုကြီးမှာ အက်ဆစ်တစ်မျိုး၏ တိုက်စားခြင်းကို ခံနေရသကဲ့သို့ ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ အလျင်အမြန်ပင် ပျံ့နှံ့သွား၏။
ထိုပြင်းထန်လှသော နာကျင်မှုကြီးကြောင့် ဝမ်ပေါင်လဲ့မှာ ရူးသွပ်လုမတတ် ဖြစ်နေရ၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက လေထဲတွင်ရောက်နေသော သူ၏ခန္ဓာကိုယ်ကြီးကို ဝါးမျိုရန် ပြင်နေသည့် ပါးစပ်ပေါက်ကြီးတစ်ပေါက်နှင့် ဆင်တူသော ခရမ်းရောင်အလင်းများက ဝန်းရံထား၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ် တဖြည်းဖြည်း ပိန်ချုံးခြောက်ကပ်လာနေသည်ကိုပင် အတိုင်းသား မြင်နေရ၏။
သူသည် အသက်သေဆုံးသွားတော့မည့် အလားပင်။ ထိုအခိုက်အတန့်တွင် သူ၏ ရွှေရောင်ခန္ဓာထဲသို့ တစ်သားတည်းပေါင်းစည်းသွားခဲ့သော လျှို့ဝှက်ဆန်းကြယ်အနက်ရောင် ပစ္စည်းကြီးမှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြီး ထိုခရမ်းရောင်အလင်းအား ရပ်တန့်ကာ သူ့အား မဝါးမျိုနိုင်အောင် တားဆီးလိုက်၏။
တချိန်တည်းမှာပင် ဓားကျိုးတောင်ကြီးပေါ်ရှိ ကျောက်စာများမှာ ယခင်ကထက်ပင်ပို၍ လင်းလက်တောက်ပလာကြသည်။ ထိုအလင်းရောင်များနှင့်အတူ ဖိအားတစ်မျိုး ထွက်ပေါ်လာပြီး အဆမတန် အင်အားကြီးထွားလာ၏။
ထိုခုခံမှုများအားလုံးကြောင့် ဝမ်ပေါင်လဲ့၏ ဇဝေဇဝါ ဖြစ်နေခဲ့ရသော အသိစိတ်မှာ ရှင်းလင်းကြည်လင်သွားတော့သည်။ သူသည် မည်သူက သူ့ကို သေစေချင်နေမှန်းနှင့် အဘယ့်ကြောင့် ဤအခြေနေသို့ ရောက်နေရမှန်း မသိပါသော်လည်း သူ အသက်မသေချင်သေးသည့် အချက်ကိုတော့ ကောင်းကောင်းကြီး သိထား၏။
” မင်းက ငါ့ကို ဝါးမျိုချင်တယ်ပေါ့။ ငါက မင်းကို ပြန်ပြီးတော့ ဝါးမျိုပြမယ်ကွ ”
ဝမ်ပေါင်လဲ့မှာ သမုဒ္ဒရာကြီး တစ်စင်းကဲ့သို့ သူ့အား နစ်မြုပ်သွားအောင် ကြိုးပမ်းနေသည့် နာကျင်မှုလှိုင်းများကို တောင့်ခံကာ အော်ဟစ်မြည်တမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ဝါးမျိုခြင်းသစ်စေ့ကို ထုတ်လွှတ်နိုင်ရန် ကြိုးပမ်းလိုက်၏။ ထို့နောက် သူက အာကာသတွင်းနက်ကြီး တစ်ခုကဲ့သို့ ဖြစ်သွားပြီး ဘေးပတ်ပတ်လည်ရှိ ခရမ်းရောင်အလင်းရောင်များကို စုပ်ယူလိုက်တော့သည်။
ထိုအခိုက်အတန့်တွင် သူ၏ ရက်စက်ကြမ်းကြုတ်သော ဗီဇကို မျက်ဝါးထင်ထင် မြင်လိုက်ရ၏။ သူသည် သူ၏ရန်သူများကို သနားညှာတာခြင်း မရှိပါသော်လည်း သူ့ကိုယ်သူ ဆက်ဆံသည့်ပုံမှာ ပို၍ပင် ရက်စက်ကြမ်းတမ်းသည်။ သူသည် ထို ခရမ်းရောင် အလင်းများထံမှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ကြောင်း ရိပ်မိထားသောကြောင့် တွေးပူမနေတော့ပေ။ သူ၏အသိစိတ်ထဲရှိ တစ်ခုတည်းသောအတွေးမှာ ထိုခရမ်းရောင် အလင်းများကို ဝါးမျိုပစ်ရန် ဖြစ်သည်။
” မင်း ငါ့ကို ဝါးမျိုပစ်ချင်ခဲ့တာ မဟုတ်ဘူးလား။ အဲဒါဆို မင်းကို အရင်ဆုံး ဝါးမျိုပြမယ်။ ငါ လုံးဝ လက်မလျှော့ဘူးဟေ့ ”
မျက်စိတစ်မှိတ်အတွင်း သူ့အား ဝန်းရံထားသည့် ခရမ်းရောင်အလင်းများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာ၏။ ၎င်းမှာ အလင်းလက်ဆုံး အခြေအနေတွင် ရှိနေခဲ့မည်ဆိုပါက ဝမ်ပေါင်လဲ့အား ချက်ချင်းပင် ဝါးမျိုနိုင်စွမ်း ရှိသွားမည်သာဖြစ်သည်။ သို့သော် ၎င်းမှာ အဖျော့တော့ဆုံး အခြေအနေသို့ ရောက်နေသည့်အပြင် ဓားကျိုးတောင်ကြီးထဲမှ ထွက်ပေါ်လာသော ဖိအားများနှင့် ၎င်း၏ ခရီးလမ်းကြောင်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသော ဖိနှိပ်မှုဒဏ်များကြောင့် သိသိသာသာ အားအင်ယုတ်လျော့သွားခဲ့ပြီ ဖြစ်သည်။
၎င်းမှာ ဝမ်ပေါင်လဲ့အား ဝါးမျိုနိုင်ရန် ကြိုးပမ်းနေချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာလည်း ၎င်းအပေါ်သို့ သက်ရောက်မှုရှိနေ၏။ ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းသစ်စေ့မှာ တမူထူးခြားနေသည့်ပုံပင်။
ထို ခုခုံမှုအားလုံးကြောင့် ခရမ်းရောင်အလင်းမှာ ဝမ်ပေါင်လဲ့ ဝါးမျိုခြင်းသစ်စေ့၏ စုပ်အားအောက်တွင် တွန့်လိမ်ပုံပျက်စ ပြုလာရတော့သည်။ ထို့နောက် ထိုအလင်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းချင်း စုပ်ယူခံလိုက်ရ၏။
အဝေးမှ ကြည့်လိုက်ပါက ဝမ်ပေါင်လဲ့၏ မျက်နှာ အမူအရာမှာ ရက်စက်ကြမ်းကြုတ်နေ၏။ သူ၏ ခန္ဓာကိုယ်အား ဝန်းရံထားသော ခရမ်းရောင်အလင်းများမှာ ခရမ်းရောင် အမျှင်အတန်းလေးများကဲ့သို့ ဖျော့တော့မှေးမှိန်သွားပြီ ဖြစ်သည်။ ၎င်း၏ တချို့အဝက်မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိနေပြီး တချို့အဝက်မှာ အပြင်ဘက်တွင်ရှိနေ၏။ ထိုအလင်းရောင်အမျှင်အတန်းလေးမှာ ရှုံ့တွရုန်းကန်နေကြသောကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ် အပြင်ဘက်တွင် မရေမတွက်နိုင်လောက်အောင် များပြားသော ခရမ်းရောင်အမွေးအမျှင်လေးများ ပေါက်နေသည့် အလားပင်။
သူသည် သဘာဝလွန် သက်ရှိတစ်ယောက်နှင့်ပင် ဆင်တူနေ၏။
ထိုမြင်ကွင်းမှာ အလွန် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်း၏။ ထို ခရမ်းရောင်အလင်းမှာ မရေမတွက်နိုင်လောက်အောင် များပြားသော ခရမ်းရောင် အလင်းတန်းများအသွင် ဖြာထွက်သွားပြီး ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းသစ်စေ့ထံမှ လွတ်မြောက်နိုင်ရန် ရုန်းကန်နေကြ၏။ သို့သော် ဝမ်ပေါင်လဲ့မှာမူ သေရေရှင်းရေး ကိစ္စကြီးနှင့် ကြုံနေရသည်ဖြစ်ရာ အလွန် ရက်စက်ကြမ်းကြုတ်နေဟန်တူသည်။ သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများနှင့် ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ထို ခရမ်းရောင်အလင်းသာ ထွက်ပြေးလွတ်မြောက်သွားပါက သူ့အား ဝါးမျိုနိုင်ရန်အတွက် နောက်ထပ်တစ်ကြိမ် သေချာပေါက် ပြန်လာဦးမည်ဖြစ်ကြောင်း သူက သိထား၏။ ထို့ကြောင့် သူသည် ဤအသက်တမျှ အရေးကြီးသော တိုက်ပွဲကြီးထဲတွင် စိတ်အာရုံ လွင့်ပျံ့သွား၍ မဖြစ်ပေ။
” ထွက်ပြေးဖို့ ကြိုးစားနေတယ်ပေါ့ ဟုတ်လား။ ငါ ရှိနေသရွေ့ မင်း ဆန္ဒရှိသလို သွားလိုက်လာလိုက် လုပ်လို့ရလိမ့်မယ်လို့ ထင်မနေနဲ့။ အထဲကို ဝင်စမ်း ”
ဝမ်ပေါင်လဲ့မှာ ကြိမ်းဝါးလိုက်ပြီး အားအကုန်ထုတ်၍ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝါးမျိုခြင်းသစ်စေ့ကို ထိန်းချုပ်ကာ ပို၍ပင် အစွမ်းထက်သော စုပ်အားတစ်မျိုးကို ထုတ်လွှတ်လိုက်၏။
ထိုစုပ်အားမှာ ပြင်းထန်လွန်းလှသောကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ငွေရောင် ကိုးလက်မဝိညာဉ်အမြစ်ပင် တုန်ရီစပြုလာပြီး မငြိမ်မသက် ဖြစ်လာတော့သည်။ ဝမ်ပေါင်လဲ့က ရှေးဟောင်းသိုင်းအဆင့်မှနေ၍ တစ်ဝက်ကျော်အထိ ဖောက်ထွက်ပြီးသွားပြီ ဖြစ်ပါသော်လည်း အာနာပါနအဆင့်ထဲသို့ အပြည့်အဝ မရောက်ရှိသေးပေ။ ထို့ကြောင့် ဝိညာဉ်အမြစ်မှာလည်း ဝမ်ပေါင်လဲ့၏ သွေးသားများနှင့် တစ်သားတည်းပေါင်းစည်းသွားခြင်း မရှိသေးပေ။ ဝါးမျိုခြင်းသစ်စေ့မှာ ကိုးလက်မဝိညာဉ်အမြစ်အား ဝမ်ပေါင်လဲ့၏ အသွေးအသားဟု သဘောမထားဘဲ ခန္ဓာကိုယ် ပြင်ပမှ ပစ္စည်းတစ်ခုအဖြစ်သာ သတ်မှတ်ထားနေဆဲပင်။
ဝမ်ပေါင်လဲ့မှာ သူ၏ဝိညာဉ်အမြစ် မတည်မငြိမ် ဖြစ်သွားသည်ကို အာရုံခံမိလိုက်သောကြောင့် စိုးရိမ်သွားရ၏။ သို့သော် သူ ဝါးမျိုခြင်းသစ်စေ့၏ စုပ်ယူအားကို အလိုလို လျှော့ချမိလိုက်သော အခါတွင် ခရမ်းရောင်အလင်းမှာ အခွင့်အရေးတစ်ခုကို သတိထားမိလိုက်သဖြင့် ရုတ်တရက်ဆိုသလို ပိုမိုလင်းလက်လာပြီး ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးပမ်းလိုက်၏။
” စွန့်စားကြည့်မယ်ကွာ ”
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာကို မြင်လိုက်ရသောကြောင့် ကြိမ်းဝါးကာ ဝိညာဉ်အမြစ်ကို လစ်လျူရှုထားလိုက်ပြီး ဝါးမျိုခြင်းသစ်စေ့၏ စုပ်အားကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်လိုက်သည်။ ထိုအခါ ခရမ်းရောင်အလင်းများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းချင်း ပြန်လည်စုပ်ယူခံလိုက်ရပြန်သည်။ သူ၏ ဝိညာဉ်အမြစ်မှာလည်း သူ၏ ခန္ဓာကိုယ်ထဲရှိ ဝါးမျိုခြင်းသစ်စေ့အနားသို့ ကပ်လာ၏။
ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းသစ်စေ့နှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်အမြစ် ဝါးမျိုခြင်းသစ်စေ့ထဲသို့ ပေါင်းစည်းသွားသည်ကို သတိထားမိလိုက်သဖြင့် စိတ်အနှောင့်အယှက် ဖြစ်သွားရပြီး ဒေါသထွက်လာသောကြောင့် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာ၏။ နောက်ဆုံးတွင် သူ၏ ဝိညာဉ်အမြစ်တစ်ခုလုံး ဝါးမျိုခြင်းသစ်စေ့ထဲနှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။ သူ၏ ခန္ဓာကိုယ် အပြင်ဘက်ရှိ ခရမ်းရောင်အလင်းမှာလည်း နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရပြီး သူ၏ ဝါးမျိုခြင်းသစ်စေ့ထဲသို့ ရောက်ရှိသွားသည်။
ထို ခရမ်းရောင်အလင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသောအခါ စုပ်ယူခြင်းဂုဏ်သတ္တိရှိသော အာကာသတွင်းနက်ကြီး နှစ်ခုကို တစ်ခုပေါ်တစ်ခု ထပ်လိုက်သကဲ့သို့ပင်။ နားစည်များပင် ကွဲအပ်သွားစေနိုင်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် ဖျက်စီးနိုင်သည့် ဟိန်းသံကြီးတစ်သံ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှနေ၍ လေမုန်တိုင်းတစ်ခုကဲ့သို့ ချက်ချင်းပင် ထွက်ပေါ်လာ၏။
၎င်းမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ဝါးမျိုသွား၏။
ထိုအသံကျယ်ကြီး ပဲ့တင်ထပ်နေစဉ် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီသွားပြီး သူ၏ပါးစပ်ထဲမှ သွေးစိမ်းများ ပန်းထွက်လာ၏။ သူ၏ ခန္ဓာကိုယ်မှာ အားအင်ကုန်ခမ်းသွားသကဲ့သို့ ဖြစ်သွားပြီး လေပေါ်မှနေ၍ မြေပြင်ပေါ်သို့ ဘိုင်းခနဲမြည်အောင် ပြုတ်ကျလာ၏။ သူသည် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း မရှိတော့သောကြောင့် သတိလစ်သွားတော့သည်။
သူ သတိမေ့မြောနေသည့်တိုင်အောင် သူ၏ ခန္ဓာကိုယ်ထဲမှ လေမုန်တိုင်းကြီးမှာ ရပ်တန့်သွားခြင်းမရှိဘဲ ပို၍ပင် အားကောင်းလာ၏။ ဝါးမျိုခြင်းသစ်စေ့နှင့် ခရမ်းရောင်အလင်းတို့မှာ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်ထဲရှိ ဝါးမျိုခြင်းစွမ်းအားနှစ်မျိုး၏ သေရေးရှင်ရေး တိုက်ပွဲကြီးပင် ဖြစ်သည်။
ခရမ်းရောင်အလင်း၏ ရုန်းကန်မှုနှင့် စုပ်အားတို့ကြောင့် ဝမ်ပေါင်လဲ့မှာ သိသိသာသာ ပိန်လှီလာ၏။ တချိန်တည်းမှာပင် ဝါးမျိုခြင်းသစ်စေ့က ခရမ်းရောင်အလင်းအား စုပ်ယူကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား နဂိုမူလ အနေအထားသို့ ပြန်ရောက်အောင် ကူညီပေးနေ၏။
ထိုသို့ဖြင့် ထိုစွမ်းအားနှစ်မျိုး၏ အားပြိုင်မှုမှာ အပြင်းထန်ဆုံး အဆင့်အထိ ရောက်ရှိလာပြီး ဝမ်ပေါင်လဲ့၏ သွေးကြောများကို ဆုတ်ဖြဲနေတော့သည်။ နောက်ဆုံးတွင် ခရမ်းရောင်အလင်းမှာ ရှုံးနိမ့်သွားပြီး ပြန်လည်တုန့်ပြန်တိုက်ခိုက်ခြင်း မရှိတော့ဘဲ တဖြည်းဖြည်းနှင့် အားလျော့သွား၏။ ဝါးမျိုခြင်းသစ်စေ့မှာ ထိုအခွင့်အရေးကို အသုံးချကာ ၎င်းနှင့် တစ်သားတည်း ပေါင်းစည်းပစ်လိုက်၏။
ထိုကဲ့သို့ ပေါင်းစည်းနေချိန်တွင် ဝမ်ပေါင်လဲ့၏ တုန်ရီနေသော ခန္ဓာကိုယ်ကြီးမှာ တဖြည်းဖြည်းနှင့် ငြိမ်ကျသွား၏။ သို့သော် သူ၏ ဝိညာဉ်မှာ အလွန် အားအင်ချိနဲ့နေသလို သူ၏ ရှင်သန်ခြင်းမီးတောက်မှာလည်း အချိန်မရွေး ငြိမ်းသွားနိုင်သည့် အနေအထားတွင် ရှိနေ၏။
သို့သော် သူ၏ ခန္ဓာကိုယ်ထဲရှိ ဝါးမျိုခြင်းသစ်စေ့မှာ ခရမ်းရောင်အလင်းနှင့် တစ်သားတည်း ပေါင်းစည်းသွားသောအခါ ဝါးမျိုခြင်းသစ်စေ့၏ အပြင်ဘက်တွင် ခရမ်းရောင် အမြစ်တစ်မြစ် ပေါ်ပေါက်လာ၏။ သာမန်ကာလျှံကာ ကြည့်လိုက်မည်ဆိုပါက ၎င်းမှာ ဝိညာဉ်အမြစ်နှင့် ဆင်တူပါသော်လည်း သေသေချာချာ အကဲခတ်လိုက်လျှင်မူ ၎င်းမှာ ဝါးမျိုခြင်းသစ်စေ့ ဝါးမျိုခဲ့သည့် ခရမ်းရောင်အလင်းတန်းနှင့် ပို၍တူနေသည်ကို မြင်နိုင်မည် ဖြစ်သည်။
ထို ခရမ်းရောင်အလင်းတန်းနှင့်တူသော အမြစ်များမှာ ဝါးမျိုခြင်းသစ်စေ့အား ဗဟိုပြု၍ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွား၏။ ၎င်းတို့မှာ သူ၏ ပေါက်ပြဲနေသော သွေးကြောများထဲသို့ ဝင်ရောက်သွားကြသောအခါ ၎င်းတို့ကို အကောင်းအတိုင်းဖြစ်အောင် ပြန်လည်ကုသပေးလိုက်ပြီး ၎င်းတို့နှင့် ပေါင်းစည်းကာ ဝိညာဉ်အမြစ်၏ နေရာသို့ အစားထိုးဝင်ရောက်သွား၏။ ထိုသို့ဖြင့် သာမန်လူများနှင့် မတူသည့်အပြင် တစ်ခါမှ မရှိခဲ့ဘူးသော သန္ဓေပြောင်း ဝိညာဉ်သွေးကြောများ ပေါ်ပေါက်လာကြတော့သည်။
ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်း….
ထိုအမြစ်များ ပျံ့နှံ့ကာ ဒဏ်ရာများကို ကုသပေးနေသည့် အမြန်နှုန်းမှာ မြန်သည်ထက် ပို၍ မြန်လာ၏။ မျက်စိတစ်မှိတ်အတွင်း လေးပုံပုံ တစ်ပုံအထိ ပြီးစီးသွားပြီး သုံးဆယ်ရာခိုင်နှုန်းနားသို့ ကပ်လာ၏။
ခရမ်းရောင်အလင်း ဝိညာဉ်အမြစ်မှာ ဒဏ်ရာများကို ကုသပေးနေပြီး ပျံ့နှံ့နေစဉ် ဝမ်ပေါင်လဲ့၏ ဝိညာဉ်မှာလည်း ချက်ချင်းပင် နာလန်ပြန်ထူလာ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးကြောများ၏ သုံးဆယ်ရာခိုင်နှုန်းတိတိမှာ ခရမ်းရောင်အလင်းရောင် ဝိညာဉ်အမြစ်နှင့် တစ်သားတည်း ပေါင်းစည်းပြီးသွားသောအခါ သူ၏ ဝိညာဉ်မှာ တိုက်ခိုက်မခံခဲ့ရခင် အချိန်တုန်းကအတိုင်း အကောင်းပကတိအနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။
သူသည် ခရမ်းရောင်အလင်း၏ တိုက်ခိုက်ခြင်းကို မခံခဲ့ရစဉ်တုန်းကပင် အလွန် အစွမ်းထက်နေပြီဖြစ်သည်။ ထို့အပြင် သူ၏ သွေးကြောများမှာ ရှစ်ဆယ်ရာခိုင်နှုန်းအထိ တစ်သားတည်း ပေါင်းစည်းပြီးသား အနေအထားသို့ ရောက်နေခဲ့သည်ဖြစ်ရာ သူ၏ ဝိညာဉ်မှာလည်း အလွန် အစွမ်းထက်နေသည့် အဆင့်တွင် ရှိခဲ့၏။
သို့သော် ယခုအချိန်တွင်မူ ခရမ်းရောင်အလင်း ဝိညာဉ်အမြစ်မှာ သုံးပုံပုံတစ်ပုံခန့်သာ ပျံ့နှံ့သွားသေးသည် ဖြစ်သော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ နဂိုမူလ အကောင်းပကတိ အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ခရမ်းရောင်အလင်း ဝိညာဉ်အမြစ်မှာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်ကြောင်း သိနိုင်ပေသည်။
၎င်းမှာ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ပျံနှံ့သွားသဖြင့် ဝမ်ပေါင်လဲ့၏ အငွေ့အသက်မှာ ပို၍ အားကောင်းလာပြီး သူ၏ သွေးကြောများမှာလည်း သုံးဆယ်ရာခိုင်နှုန်းမှ လေးဆယ်၊ ငါးဆယ်ရာခိုင်နှုန်းအထိ တစ်သားတည်း ပေါင်းစည်းသွားကြပြီဖြစ်သည်။
နောက်ဆုံးတွင် ကိုးဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိသွား၏။
သူသည် သတိမေ့မြောနေဆဲ ဖြစ်ပါသော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသော ဖိနှိပ်အားများမှာ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းနေပြီ ဖြစ်သည်။ သို့သော် ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်းမရှိဘဲ ဆက်လက် ပျံနှံ့နေဆဲပင်။
အသက်ရှူကြိမ် အနည်းငယ်ခန့် ကြာမြင့်ပြီးသွားသောအခါ ခရမ်းရောင်အလင်း ဝိညာဉ်အမြစ်မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီဖြစ်ပြီး သူ၏ သွေးကြောအားလုံး ဝိညာဉ်သွေးကြောများအဖြစ်သို့ ပြောင်းလဲသွားကြပြီဖြစ်သည်။ အသုံးမပြုနိုင်သော အသေးစား သွေးကြောများပင် ပြောင်းလဲသွားကြ၏။ တစ်ရာရာခိုင်နှုန်းထက်ပင် ကျော်လွန်သွားပြီး လူသားတစ်ယောက်၏ အမြင့်ဆုံးအဆင့်အထိ ရောက်ရှိသွားဟန်တူသည်။
ထိုအခြင်းအရာများ ပြီးဆုံးသွားပြီးနောက် နောက်ဆုံးတွင် ဝါးမျိုခြင်းသစ်စေ့မှာ တဖြည်းဖြည်းနှင့် ငြိမ်ကျလာပြီး လည်ပတ်နေသော အာကာသတွင်းနက်ကြီးတစ်ခုအသွင် ပြောင်းလဲကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် အစားထိုးဝင်ရောက်လာပြီး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
နေရာတိုင်းတွင် တိတ်ဆိတ်ငြိမ်သက်သွားကာ အလင်းပင်လယ်ကြီးကြောင့် ပေါ်ထွက်လာသော ဖိအားများပင် ပျောက်ကွယ်သွားကြပြီး ကောင်းကင်ကြီး မည်းမှောင်သွား၏။ ဝမ်ပေါင်လဲ့မှာ ထိုနေရာတွင် လဲလျောင်းနေရင်း အချိန်အတော်အတန် ကြာပြီးမှ သတိပြန်ရလာပြီး တဖြည်းဖြည်းနှင့် မျက်လုံးများ ပွင့်လာ၏။
သူ မျက်လုံးပွင့်လာသောအချိန်တွင် ခပ်မှိန်မှိန် ခရမ်းရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွား၏။
Good