တေးသွားသံက လှပပြီး သူတို့နှစ်ယောက် အတူ တီးခတ်လိုက်သည့်အခါ တေးသွားက ပို၍ပင် အသက်ဝင် သွားသေးသည်။
ရွှေရောင် မက်မွန်ပန်းလေးများသည် သူတို့နှစ်ဦး၏ အနီးသို့ ကြွေဆင်း လာနေကြသည်။ ချီရှန်းနှင့် ယွီရှီးဖေးတို့သည် အချင်းချင်း ပြုံးရင်း ကြည့်နေကြသည်ကို လူအများက မြင်ကြသည်။ ထိုအချိန်တွင် မျက်မြင် တွေ့နေရသူများမှာ သူတို့ကြားမှ ဆက်နွှယ်မှုသည် မည်မျှ လှပသည်ကို ပြောနိုင်ကြပေသည်။
သွေးနဂါးဘုံ၏ ဒေသဘုရင်အဆင့် သတ်မှတ်ချက်တွင် ကိုယ်စားပြု ဆယ့်ရှစ်ယောက် ရှိပြီး ရှစ်ယောက်သည် နတ်ဘုရားဆေးကြော သန့်စင်ခြင်း အဆင့်နှင့် မိမိကိုယ်ကိုယ် သိမြင်နားလည်ခြင်း အဆင့် ဖြစ်ကြသည်။ သူတို့သည် ယနေ့တွင် ပျက်ကွက်မှုမရှိ တက်ရောက်ကြပေသည်။
ထိုသည်ကပင် မက်မွန်ဖိတ်ကြားလွှာ၏ အရေးပါမှုကို သိရှိနိုင်ပေသည်။
ချီရှန်းနှင့် ယွီရှီးဖေးသည်လည်း ဒေသနန်းတော်မှ လူများ ဖြစ်ပေသည်။
ယွီရှီးဖေးသည် ထိုညွှန်းဆိုထားသည့် ရှစ်ယောက်ကြားတွင် တစ်ဦးတည်းသော မိန်းကလေးအဖြစ် ရပ်တည်နေပေသည်။
အခြားအမျိုးသမီး နှစ်ဦးမှာ ဒေသနန်းတော်တွင် ကျင့်ကြံနေသော အင်ပါယာဝူ၏ သမီးတော် ရင်ထျန်းကျောက် ဖြစ်ပြီး အင်ပါယာရှု၏ သမီးတော် ရှုကျီ ဖြစ်သည်။ သူတို့နှစ်ဦးလုံးသည် ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် မဝင်သော်လည်း သူတို့၏ အရည်အချင်း ကိုယ်စီမှာ ရှိန်လောက်သည့် တန်ခိုးရှင်များ ဖြစ်ကြသည်။
ထိုသည်ကို ကြည့်လျှင် ယွီကလန်၏ သမီးတော်မှာ မည်မျှ ထူးချွန်သည်ကို လွယ်ကူစွာ သိမြင်နိုင်သည်။ သူမ၏ ကလန်သည် လက်ရှိတွင် သူမအပေါ်၌ သူတို့၏ မျှော်လင့်ချက်များကို ပုံအောထားပေသည်။ ယွီရှီးဖေးသည် သူမကလန်အတွက် အနာဂတ်သော့ချက် ဖြစ်ပေသည်။
ချီရှန်းနှင့် ယွီရှီးဖေးတို့ နှစ်ယောက်လုံး ရန်ဟောင်အဆင့်သို့ ဝင်ရောက်သွားလျှင် မည်မျှ အံ့သြဖွယ်ကောင်းလိမ့်မည်ကို လူအများက သိချင်နေကြသည်။
သူတို့သည် လက်ရှိ သွေးနဂါးအင်ပါယာနှင့် မိဖုရားကဲ့သို့ ဖြစ်လာပေလိမ့်မည်။
ရှားရှင်းယွန်သည် သူမ၏ လက်ဖဝါးပေါ်၌ လာရောက်နားခိုသည့် မက်မွန်ပန်းလေးကို ကြည့်ကာ မေးသည်။ “ရှင်တို့နှစ်ယောက်ရော အရင်က ဒီလိုမျိုး လှပတဲ့ အချိန်တွေ ရှိခဲ့တာပဲလား”
ရီဖူရှင်းသည် သူ၏ အကြည့်များကို ကောင်းကင်မှ လွှဲဖယ်၍ သူ့ဘေးရှိ ရှားရှင်းယွန်ထံသို့ ပို့ဆောင်သည်။ သူက တောက်ပစွာ ပြုံး၍ ခေါင်းညိတ်ကာ ပြောသည်။ “ဒီထက် ပိုလှပခဲ့တာလည်း ဖြစ်နိုင်တယ်”
“သွေးနဂါးဘုံမှာ ဒီခရီးအတွက် ရှင့်ဆန္ဒတွေ ပြည့်ဝဖို့ သိပ်မကြာလောက်တော့ပါဘူး” ရှားရှင်းယွန်က အသံတိုးတိုးနှင့် ပြောသည်။
“အဲဒါဆို ကောင်းတာပေါ့” ရီဖူရှင်းက ခေါင်းညိတ်သည်။
လှပသော တေးသွားက တဖြည်းဖြည်း ရပ်တန့်သွားသည်။ ချီရှန်းနှင့် ယွီရှီးဖေးတို့သည် အချင်းချင်း ပြုံးကြည့်နေပြီးမှ လူအုပ်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ချီရှန်း၏ အကြည့်က ရီဖူရှင်းဆီသို့ ရောက်ရှိသွားသည်။ မင်းသားသည် ပထမဆုံးအကြိမ် သူ့ကို တွေ့မြင်ဖူးခြင်း ဖြစ်၏။ ရီဖူရှင်းတွင် ငွေဖြူရောင်ဆံနွယ်များနှင့် ချောမောသည့် ရုပ်သွင်ရှိသည်။ ရီဖူရှင်း၏ ဘဝ အတွေ့အကြုံများကို သူက စိတ်ဝင်စားမိ၏။
“ကျုပ် ကြားမိတာတော့ မြို့စားရီက ကု့ချင်း တီးတာ ကောင်းတယ်တဲ့” ချီရှန်းက ပြုံးကာ ပြောသည်။
ရှားရှင်းယွန်နှင့် သူ့အကြားမှ စကားများက အသံတိုးတိုးနှင့် ပြောသည်ဖြစ်သော်လည်း သူ ကြားသည်မှာ သေချာလေသည်။
ချီရှန်းက ရှားရှင်းယွန်နှင့် ရီဖူရှင်းကို အတွဲများ ဖြစ်လိမ့်မည်ဟု တွေးထင်ထားသော်လည်း သူတို့ ပြောနေသည့် စကားများကို ကြားသည့်အခါ သူ့အတွေးများက မှားယွင်းနေခဲ့ကြောင်း သိလိုက်ရသည်။
“ကျွန်တော် တစ်ပုဒ်နှစ်ပုဒ်ပဲ သိတာပါ အရှင်မင်းသား” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟုတ်ပါပြီ။ ဒါဆို ကျုပ်တို့က အခု သာယာလှပတဲ့ နေရာမှာ ရောက်နေကြတာဆိုတော့ မြို့စားရီက ကျုပ်တို့အတွက် တေးသွားလေး တစ်ပုဒ်လောက် တီးခတ်ပေးချင်စိတ်များ ရှိမလား” ချီရှန်းက ပြုံးကာ မေးသည်။
“ကောင်းပါပြီ အရှင့်သား” ရီဖူရှင်းက ခေါင်းညိတ်သည်။ ချီရှန်းက သွေးနဂါးဘုံမှ အင်ပါယာ၏ အချစ်ဆုံးသားတော် ဖြစ်နေသော်လည်း သူ့တွင် မောက်မာသည့် အမူအရာမျိုး မရှိချေ။
ပြောရမည်ဆိုလျှင် သူသည် ပေါင်းသင်းဆက်ဆံရေး ကောင်းသော လူရည်မွန်တစ်ဦး ဖြစ်ပေသည်။
ရီဖူရှင်းသည် မြေပေါ်တွင် ထိုင်ချလိုက်ပြီး သူ့ရှေ့မှ ကု့ချင်း၏ ညှို့ယူခြင်းကို ခံလိုက်ရသည်။ သူ၏ ဖြစ်တည်မှု တစ်ခုလုံးက နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားပုံ ရကာ သူ့အရှိန်အဝါက ပြောင်းလဲသွားသည်။
သူသည် ငြိမ်သက်အေးချမ်းသော နေရာ၌ တိတ်ဆိတ်စွာ ရှိနေပြီး လောကကြီးနှင့် သီးခြား တည်ရှိနေသည်ဟု ခံစားမိလေသည်။
သူ့ရဲ့ တေးသွားကို ကြားလိုက်ရချင်းချင်းပင် ပန်းချီကားတစ်ချပ် ရေးဆွဲနေသကဲ့သို့ ထင်ဟပ်လာသကဲ့သို့ ခံစားမိကြရလေသည်။
ချီရှန်းနှင့် ယွီရှီးဖေးတို့ နှစ်ယောက်လုံးသည် ကု့ချင်းတွင် ကျွမ်းကျင်ကြသည်။ သို့သော်လည်း သူတို့သည် အစကတည်းက ဂီတနှင့် ပတ်သက်၍ အနည်းငယ်သာ သိရှိကြလျှင်ပင် တေးသွားနှင့် ရှုမြင်ကွင်း ရေးဆွဲနိုင်ခြင်း မရှိကြပေ။
“သိပ်လှတာပဲ” ယွီရှီးဖေးက မှတ်ချက်ပြုသည်။ တေးသွားသည် သူတို့ ယခင်က တီးခတ်ခဲ့သော တစ်ပုဒ်နှင့် အတန်ငယ် ဆင်တူလေသည်။ တေးသွားတွင် မူလကပင် လှပသော အမြင်သရုပ်ဖော်မှုရှိသည်။
သူတို့ ကြားတွင် ကွဲပြားသွားသည်မှာ တေးသွားတွင်းမှ လှပမှုကို ပုံဖော်မှုပင် ဖြစ်သည်။
တေးသွားတွင်းမှ လှပမှုသည် ရီဖူရှင်း တီးခတ်သည့် အခါတွင် လွမ်းဆွတ် တမ်းတမှုကို ဖော်ကျူးခြင်းမှ ထွက်ပေါ်လာသည်ဟု ထင်မှတ်ရပေသည်။
လူတိုင်းသည် ရီဖူရှင်းကို လှည့်ကြည့်လိုက်ကြသည်။ သူသည် နောက်ပိုင်းတွင် ဘုံအတွင်း၌ အကျော်ကြားဆုံးသူ ဖြစ်လာခဲ့သည်။ သူသည် နောက်ဆုံး၌ သွေးနဂါးဘုံရှိ အတော်ဆုံး ပါရမီရှင်များနှင့် တန်းတူရပ်တည် နိုင်ခဲ့ပေသည်။
တောင်အောက်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ဟု ထင်မှတ်ရပေသည်။
ချီရှန်းသည် အလွန် အံ့အားသင့်သွားသည်။ သူသည် အောက်ဘက် မြေပြင်ကို ကြည့်လိုက်ပြီး ရှေးဟောင်းလမ်းပေါ်တွင် ပုဂ္ဂိုလ်တချို့ ပြေးလွှားနေသည်ကို မြင်လိုက်ရသည်။ ထိုပုဂ္ဂိုလ်များသည် လမ်းတစ်လျှောက် ပြေးဝင်လာကာ တောင်ဆီသို့ ရောက်ရှိရန် ရည်ရွယ်ပြီး မက်မွန်ပွဲတော်၌ ပါဝင် ဆင်နွှဲလိုသည်ဟု ထင်မှတ်ရသည်။
ထိုသည်မှာ မက်မွန်ပွဲတော်၏ စည်းမျဉ်းပင် ဖြစ်သည်။ မက်မွန်ဖိတ်ကြားလွှာ မရရှိသူများသည် ထိုနေရာသို့ တက်ရောက်ဖို့ရာ အတွက် တိုက်ခိုက်ရန် လိုပေသည်။
ထို့နောက် အမှန်တကယ်ပင် တက်ရောက်ရန် လမ်းအတွက် တိုက်ခိုက်သူ ရှိလာပေသည်။
လူအများသည် အောက်ဘက်မှ မက်မွန်ပွဲတော်သို့ ဦးတည်နေသည့် လမ်းကြောင်းကို ကြည့်လိုက်ကြသည်။ တစ်စုံတစ်ယောက်သည် ရှေ့သို့ ရွေ့လျားလာနေပြီး လွှမ်းမိုးနိုင်စွမ်း ရှိသည့် အရှိန်အဝါများကို ထုတ်လွှတ်ကာ သူတို့ရှေ့မှ လမ်းကြောင်းကို ပြင်းထန်စွာ စီးနင်းဝင်ရောက်လာသည်။ တန်ခိုးရှင်တစ်စုက နောက်မှ လိုက်ပါလာသည်။
“ရှန်းမြို့က လူတွေပဲ” တစ်ယောက်က လာနေသည့် လူတွေက မည်သူတွေ ဖြစ်သည်ကို ပြောသည်။ အင်ပါယာရှန်းဘုံမှ မင်းသားရှန်းနန်သည် သူတို့ ကြားထဲတွင် ရှိနေသည်။
ထိုသူများသည် ရှန်းနန်နှင့် တိုက်ခိုက်နေခြင်း မဟုတ်ပေ။ သူတို့သည် ရှန့်ထိုအဆင့်တွင် ဝင်ရောက်ပြီးဖြစ်သော်လည်း ဖိတ်ကြားမှု စာရင်းတွင် ပါဝင်ခြင်း မရှိပေ။
သို့သော်လည်း ထိုသူသည် ရှန်းနန်နှင့် အနည်းငယ် ဆင်တူသည်။
ထိုလူသည် ရှန်းနန်၏ အစ်ကို ဖြစ်သည်။ သူ၏ အမည်က ရှန်းကျယ် ဖြစ်ပြီး သူသည် အင်ပါယာရှန်းဘုံမှ နောက်ထပ် မင်းသားတစ်ပါး ဖြစ်သည်။
တေးသွားက ဆက်လက် တီးခတ်နေဆဲ ဖြစ်ကာ ရှန်းကျယ်သည် တိုက်ခိုက် လှုပ်ရှားနေရင်း ဆူညံစွာ ကြားနေရပေသည်။ သူသည် သူ့လမ်းကြောင်း၌ ရှိသမျှလူများကို အလဲထိုးခဲ့သည်။ လမ်းကြောင်းတစ်လျှောက် တွေ့သမျှ ပြိုင်ဘက်များကို အကုန် ရှုံးနိမ့်စေခဲ့သည်။
ရှန်းကျယ်သည် အောက်ဘက်မှ လမ်းလျှောက်တက်လာကာ မက်မွန်ပွဲတော်သို့ ရောက်ရှိလာခဲ့သည်။ သူသည် လက်နှစ်ဖက်ကို ယှက်ဆုပ်ပြီး ချီရှန်းကို ပြောသည်။ “ကျွန်တော်က အင်ပါယာရှန်းဘုံက ရှန်းကျယ်ပါ။ သွေးနဂါးဘုံက မက်မွန်ပွဲတော်က နာမည်ကျော်တယ် ဆိုတာကို ကျွန်တော် သိခဲ့တာ ကြာပြီ။ အခုလို ရောက်ရှိလာခဲ့တာ ခွင့်လွှတ်ပါ အရှင်မင်းသား”
မက်မွန်ပွဲတော်သည် သွေးနဂါးဘုံရှိ ပွဲတော်များ အားလုံးထဲတွင် နံပါတ်တစ်အဖြစ် ကျော်ကြားလေသည်။
“ကိစ္စမရှိပါဘူး။ ရပါတယ်” ချီရှန်းက ပြောသည်။
ရှန်းကျယ်က ခေါင်းညိတ်ကာ ခြေလှမ်းလိုက်ပြီး မက်မွန်ပွဲတော်သို့ တရားဝင် ဆင်နွှဲရန် ဦးတည်သည်။
သူ လမ်းလျှောက်သွားသည့်အခါ အရှိန်အဝါ လှိုင်းက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ပုံသဏ္ဌာန်မဲ့ စွမ်းအားများက တေးသွားကို ဖျက်ဆီးရန် ကြိုးစားနေသည်ဟု ထင်မှတ်ရသည်။
မက်မွန် ပန်းပွင့်လေးများသည် မွစာကြဲကာ ရီဖူရှင်းထံသို့ သဏ္ဌာန်မဲ့စွမ်းအားများ အဖြစ် တိုးဝင်သွားသည်။
ရှားရှင်းယွန်သည် သူ၏ ဦးတည်ရာကို ကြည့်သည်။ သူမသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး သန့်စင်သည့် အလင်းများက သူမ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ သူမ၏ ဝန်းကျင်တွင် ဓားစွမ်းအား အသိများဖြင့် ပြည့်နှက်နေပြီး သူမက လက်များကို သုံးကာ စည်းတစ်ခု ရေးဆွဲသည်။ မက်မွန်ပွင့်များသည် သူမ၏ အနီး လေထဲတွင် ကခုန်နေကြပြီး ကြည့်ရသည်မှာ အလွန်လှပနေသည်။
သူမသည် သူမ၏ လက်ချောင်းလေးကို ရှန်းကျယ်၏ နေရာသို့ ညွှန်လိုက်ပြီး ကခုန်နေသည့် မက်မွန်ပန်းလေးများကို ဖျက်ဆီးခြင်း ဓားသွားများကဲ့သို့ ပြေးထွက်သွားစေကာ သူတို့၏ လမ်းကြောင်းအတွင်းရှိ အရာရာကို ဝါးမျို သွားစေသည်။
ရှန်းကျယ်သည် ပြန်မဆုတ်ဘဲ နောက်ထပ်ပင် ရှေ့သို့ ခြေလှမ်းထပ်လှမ်းသည်။ သဏ္ဌာန်မဲ့ အရှိန်အဝါ လှိုင်းများသည် မက်မွန်ပန်းများ၏ ဓားစွမ်းအားများနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။ သဏ္ဌာန်မဲ့ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ပန်းပွင့်များသည် မြေပြင်သို့ ပြန့်ကျဲ ကျလာသည်။
ရီဖူရှင်းသည် ကြိုးများကို ပေါ့ပါးစွာ ဆက်လက် တီးခတ်နေသည်။ ရှားရှင်းယွန်သည် မက်မွန်ပန်းပွင့်များ နှင့်အတူ ကခုန်နေသကဲ့သို့ ထင်မှတ်ရသည်။ ထိုမြင်ကွင်းသည် အလွန် ထူးကဲလှပနေပြီး ချီရှန်းနှင့် ယွီရှီးဖေးတို့ အတူတူ တီးခတ်စဉ်ကနှင့်ပင် တူနေပေသည်။
နောက်ဆုံးတွင် ကခုန်နေသည့် တေးသွားက တဖြည်းဖြည်း ရပ်တန့်သွားပြီး ဂီတသံကို ထပ်မကြားရတော့ပေ။
ရီဖူရှင်းသည် ရှန်းကျယ်ကို မကြည့်ပေ။ သူသည် ချီရှန်းကို ကြည့်ကာ ပြုံးရင်း ပြောသည်။ “အဲဒီကိစ္စအတွက် တောင်းပန်ပါတယ်”
“ကိစ္စမရှိပါဘူး” ချီရှန်းသည် ပြုံးကာ ပြောသည်။ ရှားရှင်းယွန်နှင့် ချီရှန်း နှစ်ယောက်လုံးသည် သူတို့၏ အရှိန်အဝါများကို ရုပ်သိမ်းလိုက်ကာ နှစ်ယောက်လုံးက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။ ရှားရှင်းယွန်သည် ရီဖူရှင်း၏ ဘေးသို့ ပြန်လာကာ မည်သည့်ကိစ္စမှ မဖြစ်ခဲ့သလို ရှိနေသည်။
သို့သော်လည်း လူတိုင်းသည် ဤခဏအတွင်း၌ နှစ်ဖက်လူများ၏ ပြင်းထန်လှသော ပဋိပက္ခများကို ရှင်းလင်းစွာ ခံစားမိကြသည်။
ရှန်းကျယ်သည် သွေးနဂါးဘုံတွင် ကြာမြင့်စွာ နေထိုင်မည် မဟုတ်ပေ။
လူတိုင်းသည် ရှန်းမြို့နှင့် ချန်ယဲ့မြို့ ကြားမှ ရန်ငြိုးများ အကြောင်းကို သိရှိထားကြသည်။
ရှန်းကျယ်သည် မက်မွန်ပွဲတော်သို့ လွှမ်းမိုးသော ဖိအားများနှင့်အတူ ခြေချလာခဲ့ပြီး ရီဖူရှင်းကို ရန်စခဲ့သည်။
သို့သော်လည်း ရီဖူရှင်းသည် ထိုအဖြစ်ကို တုံ့ပြန်ရန် မဆိုထားနှင့် အလုပ်ရှုပ်ခံ၍ တစ်ချက်ကလေးမျှပင် လှမ်းမကြည့်ခဲ့ပေ။
အလွန့်ကို သွေးကြီးလွန်းသည့်သူ ဖြစ်ပေသည်။
လူတိုင်းသည် မက်မွန်ပွဲတော်က ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းလာသည်ကို တွေ့ရှိခဲ့ကြသည်။
အားလုံး၏ အမူအရာများသည် ပုံမှန်အတိုင်း ကျန်ရစ်သည်။ အဆုံးမှာတော့ ပွဲတော်သို့ တက်ရောက်လာသည့် တစ်ဦးတစ်ယောက် ချင်းစီတိုင်းသည် အကျော်ဇေယျများ ဖြစ်ကြသည် မဟုတ်ပါလား။
ချီရှန်းသည် သူ၏ အကြည့်များကို သူ့အနီးရှိ လူအုပ်ဆီသို့ ပို့လိုက်ပြီး အပြုံးနှင့်အတူ ပြောသည်။ “မက်မွန် ဖိတ်ကြားလွှာကို လက်ခံ ရရှိခဲ့ကြတဲ့ သူတွေအားလုံးက သွေးနဂါးဘုံက အထူးချွန်ဆုံး လူတွေပဲ ဖြစ်တယ်။ အခု မင်းတို့အားလုံး ဒီနေရာကို ရောက်နေပြီဆိုတော့ သွေးနဂါးဘုံက နာမည်ကျော် တန်ခိုးရှင်တွေဟာ ဘယ်လောက် ထူးချွန်သလဲ ဆိုတာ မျက်မြင်တွေ့နိုင်မယ့် အခွင့်အရေးပါပဲ”
ချီရှန်းက အမှန်များကိုသာ ပြောနေခြင်း ဖြစ်ကြောင်း လူတိုင်း သိကြသည်။ မက်မွန်ပွဲတော်သည် သွေးနဂါးဘုံ၏ ပွဲတော်များ အားလုံးတွင် နံပါတ်တစ်ပွဲတော် အဖြစ် ချီးမြှောက် ထိုက်ပေသည်။ ဖိတ်ကြားလွှာ လက်ခံရရှိသူ အားလုံးမှာ အမှန်တကယ်ပင် သွေးနဂါးဘုံ၏ အထူးချွန်ဆုံးလူများ ဖြစ်သည်။
ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ဝင်သော ရှန့်ထိုအဆင့် ပထမနှစ်ဆင့်မှ သူများအားလုံးသည် ပွဲတော်သို့ တက်ရောက်လာကြသည်။
ဒေသဘုရင် သတ်မှတ်ချက်၌ မပါသော အခြားလူများမှာလည်း ထိုသို့ အဆင့်သတ်မှတ် ခံရထိုက်သူများပင် ဖြစ်ကြသည်။
ထိုသူများနှင့်အတူ အဖော်လိုက်ပါလာသည့် သူများသည်ပင် သွေးနဂါးဘုံတွင် ကျော်ကြားသူများ အဖြစ် သတ်မှတ်နိုင်ပေသည်။
ဥပမာဆိုရလျှင် အင်ပါယာရှားဘုံမှ မင်းသမီး ရှားရှင်းယွန်သည် ရီဖူရှင်း၏ အုပ်စုထဲမှ ဖြစ်၏။
ရှင်းခိုင်နှင့်အတူ ရှင်းချိုးအပြင် ကိုင်ဟွမ်၏ တပည့်များသည်လည်း လိုက်ပါလာကြသည်။
အခြားထက် ဒေသနန်းတော်မှ အများအပြားကို ဖိတ်ခေါ်ခဲ့သည်။ ဖိတ်ကြားခံရသူများနှင့်အတူ ဒေသနန်းတော်မှ အခြား ကျော်ကြားသူများစွာလည်း တက်ရောက်ခဲ့ကြသည်။
တစ်ယောက်ပြီးတစ်ယောက် မက်မွန်ပွဲတော် ကျင်းပရာနေရာ တစ်ဝိုက်တွင် ပေါ်ပေါက်လာခဲ့သည်။ များပြားလှသည့် သူတို့တွင် စွမ်းအားကြီးလှသော အရှိန်အဝါများ ရှိပြီး သူတို့၏ စွမ်းအားများမှာ မှန်းဆ၍ မရနိုင်ပေ။ သူတို့ အားလုံးသည် တောင်၏ အဝေးတစ်နေရာမှ အကွေ့ နေရာများတွင် ရပ်နေကြကာ ပွဲတော်ကို ဆက်၍ ကြည့်နေကြသည်။
သူတို့အားလုံးသည် သွေးနဂါးဘုံ၏ တော်ဝင်နန်းတော်မှ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့ထဲမှ လူအများသည် သူတို့၏ ရဲရင့်မှုနှင့် သူတို့ ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။
“ကျုပ်နဲ့ ရှီးဖေး တစ်ပုဒ် တီးခတ်အပြီးမှာ မြို့စားရီကလည်း တေးသွားတစ်ပုဒ် တီးခတ်ပေးခဲ့တယ်။ ကျုပ်တို့က အပျော်သဘောနဲ့ တီးခတ်ခဲ့ကြတာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်များစွာက သွေးနဂါးဘုံမှာ မှော်ကု့ချင်းတစ်လက် ထွက်ပေါ်လာတဲ့ ဇာတ်လမ်းကို မင်းတို့ထဲက လူအများစု ကြားဖူးကြမယ်လို့ ကျုပ် ယုံတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့အထိက တော်ဝင်နန်းတော်မှာ အဲဒီတူရိယာကို တီးခတ်နိုင်တဲ့သူ ဘယ်သူမှ မရှိခဲ့ဘူး။ အဲဒီကု့ချင်းက လွန်ခဲ့တဲ့ နှစ်များစွာက မက်မွန်ပွဲတော်မှာ ပေါ်ထွက် လာခဲ့ပြီးတော့ အခုချိန်ထိ တီးခတ်နိုင်သူ တစ်ယောက်မှ မရှိသေးဘူး”
ချီရှန်းသည် လူအုပ်ကို ကြည့်ကာ အသေးစိတ် ရှင်းပြသည်။ ဟိုးအရင် ပွဲတော်များကို တက်ရောက် ဖူးကြသူများမှာ တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။ မရေတွက်နိုင်သော လူများသည်လည်း မှော်ကု့ချင်း အကြောင်းကို သွေးနဂါးမြို့တွင် ကြားဖူးကြလေသည်။ ထိုသည်က အလွန်ကျော်ကြားသည့် တူရိယာပင် ဖြစ်၏။
ပြောကြသည်မှာ ထိုမှော်ကု့ချင်းသည် နတ်ဆိုးအင်ပါယာမှ လာခြင်းဖြစ်ပြီး နတ်ဆိုးအင်ပါယာ၏ စွမ်းအား အသိများနှင့် ကြည့်ဝနေသည် ဟူ၍ ဖြစ်သည်။ မြောက်မြားစွာသော ရှန့်ထိုတို့သည် ထိုတူရိယာကို တီးခတ်ရန် မဆိုထားနှင့် အနားသို့ပင် ကပ်နိုင်ခြင်း မရှိကြပေ။
“ဒီနေ့မှာလည်း အရင်နဲ့ အတူတူပဲ ဖြစ်လိမ့်မယ်။ အဲဒီတူရိယာကို ဆက်သွယ်ပြီး တီးခတ်နိုင်တဲ့ ဘယ်သူမဆို အဲဒီတူရိယာကို ပိုင်ဆိုင်ပြီး ယူသွားခွင့်ပြုမယ်” ချီရှန်းက ပြုံးကာ ပြောသည်။
တော်ဝင်နန်းတော်သည် မက်မွန်ပွဲတော်တိုင်း အတွက် များပြားလှသည့် ရတနာများ ပြင်ဆင်ထားခဲ့သည်။
ပစ္စည်းတိုင်းသည် သံသယရှိစရာ မလိုအောင်ပင် ရန်ဟောင်အဆင့် ပစ္စည်းများ ဖြစ်ပေသည်။
၎င်းတို့နှင့် ဆက်နွှယ် အသုံးပြုနိုင်စွမ်း ရှိသည့် မည်သူမဆို ၎င်းတို့ကို ယူဆောင်သွားခွင့် ရှိပေသည်။
ထို့အပြင် ပစ္စည်းများသည် အင်ပါယာခွာ အပျက်အစီး နယ်မြေမှ ရရှိခဲ့သည့် ထိုရတနာများနှင့် ကွာခြားလှပေသည်။ ဤပစ္စည်းများမှာ မက်မွန်ပွဲတော်တွင် သွေးနဂါးအင်ပါယာ၏ တော်ဝင်နန်းတော်မှ လက်ဆောင်အဖြစ် ပေးအပ်ခြင်းဖြစ်ပြီး မည်သူကမှ ရာရာစစ ဖိအားပေးပြီး ယူဆောင် သွားရဲလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ၎င်းတို့ ပြန်လည် သိမ်းယူခံရမည်ကို စိတ်ပူရန် မလိုအပ်ပေ။ မည်သည့် နောက်ဆံတင်းစရာမှ မရှိဘဲ ယူဆောင်သွားနိုင်ပေသည်။
သို့သော်လည်း မှော်ကု့ချင်းသည် မက်မွန်ပွဲတော်တိုင်း လိုလိုတွင် ဆက်လက် ပါဝင်နေခဲ့ပေသည်။
ပွဲတော်တွင် ပြသလာသည့် ပထမဆုံး ပစ္စည်းဖြစ်သော်လည်း ၎င်း၏ ခက်ခဲမှု သမိုင်းကြောင်းများကြောင့် လုပ်ဆောင်မှု ကျရှုံးသွားသည်လည်း ဖြစ်နိုင်ပေသည်။
ဤတစ်ကြိမ်တွင်လည်း မည်သူမှ ဆောင်ယူ မသွားနိုင်ဘဲ ကျန်ရှိနေလိမ့်ဦးမည်ဟု လူအများက ယူဆကြပေသည်။
တော်ဝင်နန်းတော်မှ မည်သူကမှ တီးခတ်နိုင်စွမ်း မရှိခဲ့လျှင် မှော်ကု့ချင်းကို ယူဆောင်သွားဖို့ ရန်မှာ လွယ်ကူမည်တော့ မဟုတ်ပေ။
“ကျေးဇူးပြုပြီး”
ချီရှန်းသည် သူ့ခေါင်းကို ပင့်မကာ ပြောသည်။ တောင်၏ အခြားသော အချိုးအကွေ့ တစ်ခုမှ ကြောက်မက်ဖွယ် အရှိန်အဝါ ထွက်ပေါ်လာသည်။ ရာသီဥတုက ပြောင်းလဲသွားပြီး မကြာခင်မှာပင် နေရာတစ်ခုလုံးက အမှောင်ထု၏ လွှမ်းမိုးခြင်းကို ခံလာရသည်။
မည်းနက်နက် အရာတစ်ခုက ကောင်းကင် အဝေးတစ်နေရာမှ ပျံသန်းလာသည်။ ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ယောက်က လေထဲတွင် ပေါ်ပေါက်လာသည်။ သူသည် လက်ကို လှုပ်လိုက်လျှင် မည်းနက်နက်ပစ္စည်း တစ်ခုက ကောင်းကင်မှ ကျဆင်းခါသည်။
ပြင်းထန်သည့် လှိုင်းများသည် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လေထဲတွင် ကခုန်နေသည့် မက်မွန်ပန်းများသည် ကြောက်မက်ဖွယ် လျင်မြန်သည့် အရှိန်နှင့် ညှိုးနွမ်းသွားကာ ပန်းများသည် မည်းနက်သည့် အရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဘုန်း
မှော်ကု့ချင်းသည် ကျဆင်းလာပြီး ပွဲတော်၏ အလယ်တွင် ရစ်ဝဲနေသည်။ ကြောက်မက်ဖွယ် နတ်ဆိုး အရှိန်အဝါသည် နတ်ဆိုးဂီတ သင်္ကေတများ ကခုန်နေသကဲ့သို့ ၎င်း၏ အနီးတွင် တည်ရှိနေပြီး သဏ္ဌာန်မဲ့ တုန်ခါမှု လှိုင်းများက ထိုအရာထံမှ ထွက်ပေါ်နေကာ အလွန် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။
အားကောင်းသည့် စွမ်းအားသိစိတ်များက တစ်ခုပြီးတစ်ခု မှော်ကု့ချင်းထံသို့ တိုးဝင်သွားကာ အခြေအနေကို အကဲခတ်နေကြသည်။ ရီဖူရှင်းသည်လည်း တူညီစွာ လုပ်ဆောင်လိုက်ပြီး တူရိယာထဲသို့ သူ၏ စိတ်ဝိညာဉ်စွမ်းအားများနှင့် ထိုးဖောက်သည်။
သို့သော်လည်း သူ၏ စိတ်ဝိညာဉ် စွမ်းအားများသည် တူရိယာအတွင်းသို့ ထိုးဖောက်ဝင်ရောက် သွားလျှင်သွားချင်း ကြောက်မက်ဖွယ် လေပွေတစ်ခု အတွင်း၌ ဖမ်းဆီး ခံလိုက်ရသည်။ ကြောက်မက်ဖွယ် ဂီတသင်္ကေတများက ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းလှစွာ ထွက်ပေါ် လွှမ်းခြုံလာပြီး တူရိယာအနားသို့ ကပ်လာသည့် စွမ်းအား မှန်သမျှကို ဖျက်ဆီးပစ်လိုက်လေသည်။
“ရန်ဟောင်အဆင့် ပစ္စည်း”
ရီဖူရှင်းသည် မှော်ကု့ချင်းကို စိုက်ကြည့်လိုက်ပြီး ထိုနတ်ဆိုး စွမ်းအားများသည် ကျိန်းသေ ရန်ဟောင်အဆင့် ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။ ထိုကု့ချင်းသည် နတ်ဆိုးအင်ပါယာ တစ်ချိန်က အသုံးပြုခဲ့သော တူရိယာ ဖြစ်ပုံရလေသည်။
ဤပွဲတော်သည် သွေးနဂါးဘုံ၏ တော်ဝင်နန်းတော်မှ ဦးဆောင် ကျင်းပသော ပွဲတော် ပီသလှပေသည်။ မက်မွန်ပွဲတော်သည် အမှန်တကယ့်ကို ရက်ရက်ရောရော ရှိလှပေသည်။
***