Switch Mode

အပိုင်း(၁၂၇၆)

အချစ်ကို တောင့်တလို့ ကြွေခလိုတဲ့ ပန်းပွင့်ငယ်

မက်မွန် ဖိတ်ကြားလွှာနှင့် အတူ မက်မွန်ပွဲတော်သို့ တက်ရောက်သည်နှင့် ကောင်းကင်အောက်မှ လူများအားလုံး သင်၏ အမည်နာမကို သိသွားကြလိမ့်မည် ဖြစ်၏။

ဤသည်မှာ သွေးနဂါးဘုံတွင် နှစ်ပေါင်းများစွာ ကတည်းက ကျင်းပခဲ့သော ရိုးရာပွဲတော် တစ်ခု ဖြစ်သည်။ သွေးနဂါးမြို့၏ နတ်တောင်မှ မီးလျှံမက်မွန်သည် နှစ်ပေါင်းများစွာ အကြာမှ တစ်ကြိမ်ပွင့်လန်းခြင်း ဖြစ်သည်။ တောင်တစ်ခုလုံး မက်မွန်ပန်းများနှင့် ပြည့်လျှမ်းသွားသည့်အခါ သမယတွင် သွေးနဂါးဘုံ၏ မင်းသားက ဖိတ်ကြားလွှာများကို ပေးပို့လေသည်။

မက်မွန်ဖိတ်ကြားလွှာကို လက်ခံ ရရှိနိုင်သည့် လူအရေအတွက်မှာ လူသန်းတစ်ရာတွင် တစ်ယောက်သာ ဖြစ်သည်။ ထိုပွဲတော် ကျင်းပသည့် တစ်ကြိမ်စီတွင် လက်တစ်ဆုပ်စာမျှ လူအနည်းငယ်သာ တက်ရောက်နိုင်ပေသည်။

မက်မွန် ဖိတ်ကြားလွှာကို လက်ခံရရှိသည့် လူတိုင်းသည် ဘုံအတွင်းရှိ အကျော်ဇေယျများပင် ဖြစ်တော့၏။

ထို့ကြောင့် မက်မွန်ဖိတ်ကြားလွှာ၏ အရေးပါမှုသည် ဒုတိယ ဒေသဘုရင် အဆင့် သတ်မှတ်ချက်ဟု ဆိုနိုင်ပေသည်။

ဤ ရှင်းပြချက်ကို ပြောရမည်ဆိုလျှင် ‘မက်မွန် ဖိတ်ကြားလွှာနှင့် အတူ မက်မွန်ပွဲတော်သို့ တက်ရောက်သည်နှင့် ကောင်းကင်အောက်မှ လူများအားလုံး သင်၏ အမည်နာမကို သိသွားကြလိမ့်မည် ဖြစ်၏။’ ဟူသော စကားသည် ထိုပွဲတော်နှင့် ပတ်သက်နေသောကြောင့် ဖြစ်၏။

အကယ်၍ တစ်စုံတစ်ယောက်သည် အနည်းငယ် နာမည်မရှိသော ပုဂ္ဂိုလ် ဖြစ်နေလျှင်ပင် မက်မွန်ဖိတ်ကြားလွှာကို လက်ခံ ရရှိလိုက်ခြင်းဖြင့်  သူတို့၏ ဂုဏ်သတင်းသည် ဘုံတစ်ဝန်းတွင် လူသိများ ကျော်ကြား လာလိမ့်မည်ဟု အာမခံချက် ရှိပေသည်။ သွေးနဂါးဘုံရှိ လူတိုင်းမှာ သူတို့၏ အမည်ကို သိရှိကြလိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင် ပွဲတော်ကျင်းပခြင်းမှာ မျှော်မှန်းထားခြင်း မရှိပေ။

တွေ့ရခဲလှသည့် နတ်ဆရာများ တောင်ပေါ်မှ ဆင်းသက်လာပြီး မက်မွန် ဖိတ်ကြားလွှာများကို ပေးအပ်နေသည့် ဖြစ်စဉ်အား မြင်ကြသောအခါ မရေတွက်နိုင်သည့် လူများမှာ နေရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် နတ်ဆရာများထံမှ မက်မွန် ဖိတ်ကြားလွှာများကို မည်သူ ရရှိမည်လဲဟု အာရုံစိုက်လာကြသည်။

ဖိတ်ကြားလွှာပေးပို့ခံရသည့် ထိုသူ၏ အမည်နာမသည် တဖြည်းဖြည်း အားလုံးကြားတွင် ကျော်ကြားလာမည် ဖြစ်၏။

မက်မွန်ဖိတ်ကြားလွှာ ရရှိသည့် အချို့လူများမှာ လူအများ မျှော်မှန်းထားပြီးသား လူများလည်းဖြစ်၏။

ဥပမာဆိုရလျှင် လော့ကလန်မှ လော့ယန်သည် ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ဝင်ရောက်ထားပြီးသူ၊ သူနှင့် ရွယ်တူတန်းတူတွင် မနှိုင်းယှဉ်နိုင်သော စွမ်းရည်ရှိသော သူတစ်ဦး ဖြစ်ပေသည်။

ယွီကလန်မှ သမီးတော် ယွီရှီးဖေးသည်လည်း သွေးနဂါးမြို့တွင် ပြိုင်ဘက်ကင်း မိန်းမပျိုတစ်ဦး ဖြစ်သည်။ သူမ၏ အနာဂတ်က သိသာ ထင်ရှားလှသည်ဟု လူအများက တွေးကြသည်။

လူအများသည် ရီဖူရှင်းက မက်မွန်ဖိတ်ကြားလွှာကို လက်ခံ ရရှိနိုင်စွမ်း ရှိသည်ကို အံ့အားသင့် နေကြသော်လည်း ထို့နောက်တွင် ဤသည်က ကျိုးကြောင်းဆီလျော်ကြောင်း ယူဆလိုက်ကြသည်။

ရီဖူရှင်းသည် သူ၏ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်မှ တစ်ဆင့် စွမ်းအားများကို ထုတ်ဖော် သက်သေပြခဲ့သော်လည်း သူသည် ချန်ယဲ့မြို့ တိုက်ပွဲအတွင်းတွင် အင်ပါယာခွာ၏ အမွေအနှစ်ကို အသုံးချ၍ ယခင် အင်ပါယာ၏ အပျက်အစီးနယ်မြေမှ မီးလျှံစွမ်းအားများကို ငှားရမ်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သူသည် ကြောက်မက်ဖွယ် ကောင်းသည့် ပုဂ္ဂိုလ်များကို တစ်ကိုယ်တော် တိုက်ခိုက်ခဲ့သော်လည်း သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် တိုက်ခဲ့ခြင်း မဟုတ်သည့်အတွက် သူ၏ ထိုက်တန်မှုကို သက်သေ မပြနိုင်ခဲ့ပေ။ သို့ပေမဲ့ သူသည် တိုက်ပွဲအတွင်းတွင် ကောင်းမွန်သော မှတ်တမ်းကို ချန်ရစ်နိုင်ခဲ့ကာ သူက ထိုကဲ့သို့ တိုက်ပွဲ စွမ်းအားမျိုး ကင်းမဲ့မနေဟု ဆိုနိုင်ခဲ့ပေသည်။

ရီဖူရှင်းက မည်မျှ ထူးချွန်သည်ကို မည်သူမှ သံသယ မရှိကြပေ။ သူသည် အမှန်တကယ်ပင် တိုက်ပွဲကြီး၌ စစ်မှန်စွာ တောက်ပခဲ့ပေသည်။

ထို့ကြောင့် ဤအကြောင်းရင်း တစ်ခုလုံးသည် သူက မက်မွန်ဖိတ်ကြားလွှာကို ရရှိရန် ထိုက်တန်သည်ဟု ဖော်ပြနေသည်။

မက်မွန်ဖိတ်ကြားလွှာကို ချန်ယဲ့မြို့မှ နှစ်ယောက် လက်ခံရရှိခဲ့ကာ သူတို့သည် ဒေသနန်းတော်တွင် ကျင့်ကြံနေသည့် ယူချင်းနှင့် ချန်ယဲ့မြို့စား ရီဖူရှင်းတို့ ဖြစ်လေသည်။

ချန်ယဲ့မြို့၏ အနာဂတ်သည် ယုံမှားဖွယ်မရှိ တောက်ပနေမည် ဖြစ်၏။

သည့်ထက်ပို၍ ဒေသနန်းတော်သည် လူအများ၏ အာရုံစိုက်မှုကို အများဆုံး ဖမ်းစားနိုင်ခဲ့၏။ အကြောင်းမှာ ထိုနေရာသည် ဖိတ်ကြားလွှာ အများအပြားကို လက်ခံရရှိနိုင်သည့် တစ်ခုတည်းသော နေရာဖြစ်သောကြောင့် ဖြစ်လေသည်။

ဖိတ်ကြားလွှာ ပေးပို့ခြင်းသည် ချက်ချင်းပင် သွေးနဂါးမြို့၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပေသည်။ လူတိုင်းသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

ယနေ့တွင် မက်မွန်ပွဲတော် ကျင်းပခဲ့ပြီ ဖြစ်သည်။

တော်ဝင်နန်းတော်၏ အပြင်ဘက် ကန်းယွမ်အထက်တွင် တံတားတစ်စင်း ပေါ်ပေါက်လာသည်။ ထိုတံတားသည် တော်ဝင်နန်းတော်သို့ ဝင်ရောက်နိုင်ရန် ခွင့်ပြုထားသည်။

တော်ဝင်နန်းတော်၏ အပြင်ဘက်တွင် လမ်းတစ်ခု ပွင့်လာပြီး ထိုလမ်းသည် နတ်တောင်၏ အနောက်ဘက်သို့ ဦးတည်ထားသည်။

မရေတွက်နိုင်သော လူများသည် တော်ဝင်နန်းတော်၏ အပြင်ဘက်တွင် ရောက်ရှိနေကြပြီး သူတို့သည် ပွဲတော်ကို မျက်မြင်တွေ့ရရန် အတွက် တံတားကို ဖြတ်ကာ တောင် အနောက်ဘက်သို့ လျှောက်လှမ်းလိုက်ကြသည်။

မက်မွန်ပန်းများသည် တောင်၏ အနောက်ဘက် တစ်ခုလုံးတွင် ပွင့်လန်းနေကြသည်။ ရွှေမီးလျှံ မက်မွန်ပန်းများသည် လင်းလဲ့၍ နေရောင်အောက်တွင် တလက်လက် တောက်ပနေကာ ၎င်းတို့ကို ပိုမို၍ ခမ်းနား ထည်ဝါစေရန် ပြုလုပ်ပေးနေပြီး ရနံ့များက နေရာ တစ်ခုလုံးကို လွှမ်းခြုံထားပေသည်။

လူများသည် လမ်းတစ်လျှောက်တွင် လျှောက်လာကြရင်း နောက်ဆုံး အတော်ဝေးဝေးသို့ အရောက်တွင် ရပ်တန့်လိုက်ကြသည်။ သူတို့သည် ရှေ့တွင် မြင်နေရသည့် ကောင်းကင်ဘုံကဲ့သို့ အလွန် ထူးခြား လှပနေသည့် မက်မွန်တောကို ငေးစိုက်ကြည့်နေကြ၏။

မီးလျှံမက်မွန်ပန်းများ ပွင့်လန်းနေရာ၏ အလယ်တွင် စံအိမ်တစ်ခုရှိပြီး အရှိန်ပြင်းပြင်း ကျဆင်းနေသည့် ရေတံခွန် တစ်ခုက ၎င်း၏ နောက်တွင် တည်ရှိသည်။ ခြေသုံးချောင်း ရွှေကျီးများသည် ရေတံခွန်အထက်တွင် ဝဲပျံနေကြပြီး အထက်မှ တောက်ပနေသည့် နေရောင်စဉ်များ အထက်တွင် မျက်စိကျိန်းလောက်သည့် သက်တန့်က ပေါ်ထွန်းနေသည့်အခါ အိပ်မက်အလား ထင်မှတ်မှားရမည့် မြင်ကွင်းတစ်ခု ဖြစ်နေစေသည်။

ရေတံခွန် အထက်တွင်လည်း စံအိမ်များ တည်ရှိပေသည်။

ထိုအချိန်တွင် ရထားများက လူစု၏ အထက်တွင် ပျံသန်းသွားသည်။ သူတို့သည် လေထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားသည့် ရထားများကို တစ်ယောက်ပြီးတစ်ယောက် မော့ကြည့်လိုက်ကြသည်။

ထိုလူများမှာ မက်မွန်ဖိတ်ကြားလွှာကို လက်ခံရရှိပြီး တော်ဝင်နန်းတော်သို့ တိုက်ရိုက်ပျံသန်းခွင့် ရရှိထားသူများ ဖြစ်ပေသည်။

ထို့ကြောင့် ဤသူများမှာ မက်မွန်ဖိတ်ကြားလွှာကို လက်ခံ ရရှိထားသူများ ဖြစ်ကြောင်း ထင်ရှားပေသည်။

လျင်မြန်စွာ ဖြတ်သန်းသွားသည့် လေထု အလယ်တွင် အမျိုးသမီးတစ်ဦး ရှိသည်။ သူမကို ကြည့်ရသည်မှာ အလွန်ကျက်သရေ ရှိကာ ကြီးမြတ်သည့်အသွင် ရှိသည်။

“ဒေသနန်းတော်က ရင်ထျန်းကျောက်” အောက်မှ လူတချို့က ပြောလိုက်ကြပြီး သူတို့က သူမကို သတိပြုမိကြပေသည်။

ထိုအမျိုးသမီးသည် အင်ပါယာဝူ၏ သမီးတော်ဖြစ်သည့် မင်းသမီးရင်ထျန်းကျောက် ဖြစ်ပေသည်။ သူမ၏ တိုက်ပွဲစွမ်းရည်မှာ အလွန်ထူးချွန် လှသော်လည်း သူမနှင့် အင်ပါယာတုန်း နန်းတော်မှ သွမ့်ဝူကျီ နှစ်ယောက်လုံးသည် အင်ပါယာခွာ အပျက်အစီးနယ်မြေ၌ ရီဖူရှင်းကို ရှုံးနိမ့်ခဲ့သည်။

ရီဖူရှင်း တစ်ယောက်တည်း အမွေအနှစ်ကို ဆက်ခံနိုင်စွမ်း ရှိခဲ့သည်။

သို့သော်လည်း သူတို့နှစ်ဦးလုံးသည် မက်မွန်ဖိတ်ကြားလွှာကို လက်ခံရရှိနိုင်စွမ်း ရှိကြသေးသည်။ ထိုသည်မှာ သူတို့အတွက် အသိအမှတ် ပြုစရာပင် ဖြစ်သည်။

“အဲဒါက ယူချင်း မလား” တစ်စုံတစ်ယောက်က ကြံ့ခိုင်သည့် လူငယ်တစ်ဦး ရှိနေသည့် တစ်နေရာကို ကြည့်ကာ ပြောသည်။ လူအများက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ “အဲဒါ သူပဲ”

“ရှင်းခိုင်လည်း ရောက်နေတယ်။ ပြီးတော့ သူက ရှင်းချိုးကိုလည်း ခေါ်လာခဲ့တယ်” တစ်ယောက်က ရှင်းခိုင်နှင့် ရှင်းချိုးတို့ အခြားတစ်ဖက်မှ ရောက်ရှိလာသည်ကို သတိပြုမိသည်။ ဖိတ်ကြားလွှာ ရရှိသူသည် သူနှင့်အတူ တက်ရောက်ရန် အဖော်တစ်ဦး ခေါ်ခွင့် ရှိပေသည်။ ထို့ကြောင့် လူအများသည် ရှင်းချိုး၏ ထွက်ပေါ်လာမှုကို သိပ်တော့ အံ့သြခြင်း မရှိကြပေ။

သို့သော်လည်း ရှင်းချိုးသည် ချန်ယဲ့မြို့ တိုက်ပွဲတွင် ယူချင်း၏ အသတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ လူတိုင်းသည် ရှင်းခိုင်က သူ၏ ညီငယ်ကို ခေါ်ဆောင်လာသည့် ရည်ရွယ်ချက်ကို စူးစမ်းလိုနေကြ၏။

လေထဲမှ အုပ်စုသည် သူတို့ ရောက်ရှိပြီးနောက် မတူညီသည့် နေရာတွင် ဆင်းသက်လိုက်ကြသည်။ သူတို့ အားလုံးသည် ဒေသနန်းတော်မှ ဖြစ်သော်လည်း သူတို့ကို ကြည့်ရသည်မှာ ရင်းနှီးမှု ရှိသည့်ပုံ မပေါ်ချေ။

နောက်ထပ် တန်ခိုးရှင်တစ်စုသည် လေထုကို ဖြတ်သန်း၍ ရောက်ရှိလာသည်။ သူတို့ထံမှ ထုတ်လွှတ်နေသည့် အရှိန်အဝါသည် အလွန်အားကောင်းလှပြီး အလယ်မှ လူသည် အလွန်ထူးကဲစွာ လွှမ်းမိုးနိုင်သည့် တည်ရှိမှုမျိုး ဖြစ်သည်။ ထိုသူမှာ အခြားမဟုတ်ဘဲ သွေးနဂါးဘုံ၏ အရှေ့ဘက်ဒေသတွင် တည်ရှိသော အင်ပါယာတုန်းနန်းတော်မှ သွမ့်ဝူကျီ ဖြစ်သည်။

“ရီဖူရှင်းလည်း ရောက်လာပြီ” အခြားဦးတည်ရာ တစ်ခုမှ လေထုကို လျင်မြန်စွာ ဖြတ်သန်း၍ ချန်ယဲ့မြို့ တန်ခိုးရှင်တစ်စု ရောက်လာကြသည်။ ထိုလူစုကို ဦးဆောင်လာသူမှာ ရီဖူရှင်း ဖြစ်ပြီး သူ၏ ဘေးတွင် ရှားရှင်းယွန် ရှိသည်။

သူတို့သည် မက်မွန်တောအုပ်တွင် တိုက်ရိုက် ဆင်းသက်လိုက်ပြီး သူတို့ ခြေချပြီးနောက်တွင် ယူချင်းက သူတို့ဆီသို့ လှမ်းသွားခဲ့သည်။

ရီဖူရှင်းသည် ဘေးဘီဝဲယာကို ကြည့်လိုက်လျှင် သူရင်းနှီးသည့် မျက်နှာ အများအပြားကို တွေ့လိုက်ရသည်။

သူနှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးသော ရင်ထျန်းကျောက်နှင့် သွမ့်ဝူကျီလည်း ရောက်ရှိနေပြီ ဖြစ်သည်။

သူတို့နှင့် ကောင်းကောင်းသိသော ရှင်းခိုင်နှင့် ရှင်းချိုးလည်း ထိုနေရာတွင် ရှိနေ၏။

နောက်ထပ် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး သူတို့ အားလုံးသည် ဒေသနန်းတော်မှ ဖြစ်ကြသည်။ သူတို့တစ်ဦးချင်းစီသည် ထူးကဲသာလွန်သည့် ခံစားချက်ကို ပေးသည်။

သူတို့ ကြားထဲမှ နှစ်ယောက်သည် အလွန် ထူးခြားလှသည်။ တစ်ယောက်မှာ အဖြူရောင် ဝတ်ဆင်ထားပြီး အသက်သုံးဆယ်ခန့်ရှိ လူငယ်တစ်ဦးဖြစ်သည်။ မရေတွက်နိုင်သည့် မျက်လုံးအစုံတို့မှာ သူ့ထံတွင် ကပ်ငြိသွားကြပြီး ရေရွတ်သံများ ကြားလိုက်ရသည်။ သူတို့၏ ထိုသူ၏ သရုပ်ကို သိရှိကြပေသည်။

သူ၏ အမည်မှာ ဖေမင် ဖြစ်ပြီး ဒေသနန်းတော်မှ တန်ခိုးရှင်တစ်ဦး ဖြစ်သည်။

သူသည်လည်း ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ဝင်ရောက်ထားပေသည်။

သူသည် သွေးနဂါးဘုံ ဇာတိမဟုတ်ဘဲ အခြားသော တော်ဝင်ဘုံတစ်ခု ဖြစ်သည့် ဓားအင်ပါယာ နန်းတော်ဟု ခေါ်သည့် နေရာမှ လာခြင်း ဖြစ်သည်။

သူသည် သွေးနဂါးဒေသ၏ အဓိကဘုံသို့ မလာခင်တွင် ဝေးကွာလှသော ခရီးကို နှင်ခဲ့ရပြီး သူသည် သွေးနဂါးဘုံမှ နံပါတ်တစ် ကျင့်ကြံခြင်း သန့်စင်နယ်မြေကို ဝင်ရောက်ကာ ကျင့်ကြံလိုခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် ဦးတည်ရာတစ်ခုမှ အလွန်လှပသည့် အမျိုးသမီးတစ်ဦး လာခဲ့ပေသည်။ သူမသည် ရင်ထျန်းကျောက်နှင့် တူညီသောအဆင့်ရှိ ရန်ဟောင်တစ်ပါး၏ သမီးတော် ဖြစ်သည်။

ပြောကြသည်မှာ မက်မွန်ဖိတ်ကြားလွှာကို အမျိုးသမီး သုံးဦးသာ ရရှိသည်ဟု ဖြစ်သည်။ သူတို့ အားလုံးမှာ မှင်တက်ဖွယ် ကောင်းလောက်အောင် လှပကြသည်။

သို့သော်လည်း သူတို့ စွမ်းအားများသည် မက်မွန်ဖိတ်ကြားလွှာ ရရှိသည့် အမျိုးသားများနှင့်တော့ အတော်လေး အလှမ်းကွာပေသည်။

ရီဖူရှင်းသည် သူရောက်ရှိပြီးသည်နှင့် အနီးမှ လူများကို တိတ်တဆိတ် လေ့လာနေသည်။ ယနေ့ ရောက်ရှိလာသူများမှာ သူတို့၏ မျိုးဆက်တွင် အထူးချွန်ဆုံးသူများဟု ဆုံးဖြတ်နိုင်ပြီး အများစုမှာ ရန်ဟောင်မျိုးဆက်များ ဖြစ်ကြသည်ကို သူသိသည်။

လော့ကလန်မှ လော့ယန်သည်လည်း ထိုသို့ပင် ဖြစ်သည်။ သူသည် ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ပါဝင်ခြင်းကြောင့် သွေးနဂါးဘုံတွင် အလွန်ကျော်ကြားကာ လူအများ၏ အာရုံကို ဖမ်းစားထားနိုင်သည်။

ထို့ပြင် သူသည် ဒေသနန်းတော်တွင် ကျင့်ကြံရန် ကမ်းလှမ်း လာသည်ကို ငြင်းဆန်ခဲ့ဖူးသည့် အကျော်ဇေယျ ပါရမီရှင် ဖြစ်သည်။ ထိုသည်ကို ကြည့်လျှင် သူက မည်မျှ မာနကြီး မောက်မာသည်ကို ခန့်မှန်းနိုင်၏။

လော့ကလန်သည် ရန်ဟောင်မျိုးဆက် မိသားစုဖြစ်သည်။ ယခုတွင် သူတို့ မိသားစုတွင် ရန်ဟောင်တန်ခိုးရှင် မရှိတော့သော်လည်း သူတို့ ဘိုးဘေးများမှ ချန်ရစ်ခဲ့သော အမွေအနှစ်သည် အလွန်ပင် စွမ်းအားကြီးလှသည်။

“ယွီရှီးဖေး” ထိုအချိန်၌ မရေတွက်နိုင်သော လူများသည် မော့ကြည့်လိုက်ကြသည်။

ပူပြင်းနေသည့် နေရောင်အောက်တွင် ငြိမ်းအေးသော ထူးခြားမှုကို ခံစားလိုက်ရပြီး သူတို့၏ ခံစားချက်များကို အလွန် သက်သောင့်သက်သာ ရှိသွားစေကာ လူအများ၏ နှလုံးသားများကို အေးမြသွားစေသည်။

ကောင်းကင်ထက်မှ တန်ခိုးရှင်တစ်စု ဆင်းသက်လာပြီး ဦးဆောင်လာသူမှာ ပင်လယ်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သန့်စင်၍ ကျက်သရေရှိသော အသွင်အပြင် ရှိသည်။ သူမသည် သွေးနဂါးမြို့တွင် အလွန် ကျော်ကြားလှသည့် ယွီရှီးဖေးပင် ဖြစ်သည်။

“ရှီးဖေး”ထိုအချိန်တွင် ပုံရိပ်တစ်ခုကို ကောင်းကင်ထက်တွင် မြင်လိုက်ရသည်။ လူအများသည် နေမင်းမှ ဆင်းသက်လာသော တောက်ပသည့် ရောင်စဉ်များကြားတွင် မပီဝိုးတဝါး မြင်လိုက်ကြသည်။ တစ်စုံတစ်ယောက်သည် သန့်စင်သည့် အလင်းများနှင့် လွှမ်းခြုံထားပြီး ရေတံခွန် အထက်မှ စံအိမ်တွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ သူ၏ ရှည်လျား ပျော့ပျောင်းသည့် ဆံပင်နက်နက်များက သူ့ ပခုံးများပေါ်တွင် ဖေးတင်နေကာ သူ့မျက်လုံးများက အလွန် ထက်ရှနေသည်။ သူ၏ ချောမောမှုက အပြုံးတစ်ချက်နှင့်ပင် လူအများကို ညှို့ယူ ဖမ်းစားနိုင်စွမ်း ရှိကာ သူ့အပေါ်တွင် အကြည့်များအားလုံး ကပ်ငြိနေစေရန် စွမ်းဆောင်နိုင်ကာ သူက မည်မျှ ခန့်ညား ထည်ဝါသည်ကို အံ့အားတသင့် ရှိနေကြပေသည်။

ထိုသူမှာ သွေးနဂါးဘုံ၏ မင်းသား ချီရှန်း ဖြစ်ပေသည်။

သူသည် ဆင်းသက်လာပြီးသောအခါ လက်ကို ဆန့်တန်းသည်။ သူ၏ မျက်လုံးများက ယွီရှီးဖေးထံတွင် တစ်ချိန်လုံး ကျရောက်နေသည်။

ယွီရှီးဖေးသည် ခပ်ရေးရေး ပြုံးလိုက်ပြီး တောက်ပစွာ ကြည့်နေသည်။ ထို့နောက် သူမသည် လေထဲသို့ ခြေလှမ်းလိုက်ကာ ချီရှန်း၏ ဘေးသို့ လှမ်းလာသည်။ သူမသည် သူမ၏ လက်ကို သူ့အား ကိုင်ခွင့်ပြုသည်။ သူတို့ နှစ်ဦးသည် လေထဲတွင် ရစ်ဝဲကာ ဆင်းသက်လာပြီး ရွှေမက်မွန် ပန်းပွင့်လေးများက လေထဲတွင် ကခုန်နေသည်။ ထိုမြင်ကွင်းမှာ အလွန်ပင် အံ့သြမှင်တက်ဖွယ် ညှို့ယူ ဖမ်းစားနိုင်ပေသည်။

“ဘယ်လောက် လိုက်ဖက်လိုက်တဲ့ စုံတွဲလဲ” ရီဖူရှင်းသည် လေးလေးနက်နက် ချီးမွမ်းသည်။ ချီရှန်းနှင့် ယွီရှီးဖေးသည် အမှန်တကယ်ပင် မျက်စိထဲတွင် အလွန်ကြည်နူးဖွယ် နှစ်သက် ကျေနပ်စေသည့် စုံတွဲပင် ဖြစ်သည်။ သူတို့သည် ကောင်းကင် နတ်ဖက်စုံတွဲ ကဲ့သို့ပင် ဖြစ်၏။

အောက်ဘက်ရှိ မရေတွက်နိုင်သော လူများမှာ မက်မွန်တော၏ အထက်မှ မြင်ကွင်းကို မော့ကြည့်ကာ ပြုံးလိုက်ကြပြီး သူတို့၏ တလေးတစားနှင့် ကောင်းချီးဆုမွန်ကို ပေးလိုက်ကြသည်။

သို့သော်လည်း လူအများက ကောင်းချီး ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သူတို့ကို ခွဲပစ်နိုင်စွမ်း ရှိသည့်သူ မည်သူမှ မရှိပေ။

သွေးနဂါး အင်ပါယာ၏ သားတော်နှင့် ယွီကလန်၏ သမီးတော်တို့သည် သူတို့ အချင်းချင်းထက် ပို၍ လိုက်ဖက်နိုင်မည့် စုံတွဲ ရှိနိုင်တော့မည် မဟုတ်ပေ။

ယွီရှီးဖေးသည် သွေးနဂါးဘုံ၏ အရှင်မ ဖြစ်လာမည်မှာ အနှေးနှင့် အမြန်ပင် ဖြစ်၏။

ချီရှန်းသည် အနာဂတ်၌ ထီးနန်း ဆက်ခံခဲ့လျှင် သူမသည် သွေးနဂါး အင်ပါယာ၏ ဇနီးမယား ဖြစ်လာလိမ့်မည်။

ချီရှန်းနှင့် ယွီရှီးဖေးတို့ စံအိမ်ရှေ့သို့ ဆင်းသက် လာပြီးနောက်တွင် သူတို့၏ ရှေ့တွင် ကု့ချင်းတစ်ခု ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်လုံးသည် တင်ပျဉ်ခွေ ထိုင်လိုက်ကြပြီး အချင်းချင်း ကြည့်ပြီးနောက် သူတို့၏ လက်များကို ကု့ချင်းကြိုးပေါ်သို့ တင်လိုက်ကြကာ စတင် တီးခတ်တော့သည်။ လှပသည့် တေးသွားက ကခုန်နေပြီး မှင်တက်ဖွယ် ကောင်းလှသည့် မြင်ကွင်းကို သရုပ်ဖော်နေသည်။ သူတို့သည် တခြားလူများ၏ အတွေး ခံစားချက်များကို သိရှိနိုင်ကြ၏။

မည်သူကမှ သူတို့ကို မနှောင့်ယှက်ဘဲ လူတိုင်းက တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေကြသည်။ ချီရှန်းသည် အလွန် ထူးချွန်ထက်မြက်သော ပါရမီများ ရှိသော်လည်း မိန်းမတစ်ဦး အတွက်နှင့် ထီးနန်းကို စွန့်ခွာနိုင်မည့် သူဖြစ်မလားဟု လူအများက သိလိုနေကြသည်။

ရီဖူရှင်းသည် တေးသွားကို ဆိတ်ငြိမ်စွာ နားထောင်နေပြီး ထိုတေးသွားသည် သူ၏ နှလုံးသည်းညှာကို ဆုပ်ကိုင် နေသကဲ့သို့ ထင်မှတ်ရပြီး နွေးထွေးမှုနှင့်အတူ ဝမ်းနည်းမှုတို့ ရောစွက်နေသည်ကို ခံစားရ၏။

သူသည် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် ကာလရှည်ကြာ သိမ်းဆည်း ထားခဲ့သည့် ပုံရိပ်လေးက မပီဝိုးတဝါး ပေါ်ပေါက်လာသည်။

ရီဖူရှင်း၏ နံဘေးတွင် တေးသွားကို နားထောင်နေသည့် ရှားရှင်းယွန်သည် သူ၏ ထူးခြားမှုကို သတိပြုမိသည်။ ထို့ကြောင့် သူမသည် သူ့ကို လှည့်ကြည့်လိုက်၏။

သူမသည် သူ့မျက်နှာထက်မှ ဝမ်းနည်းမှုနှင့် စိတ်ပျက်အားငယ်မှု တစွန်းတစကို မြင်နိုင်စွမ်း ရှိလေသည်။

သူက ‘သူမ’ အား လွမ်းဆွတ်နေခြင်း ဖြစ်ရမည်။

ရှားရှင်းယွန်သည် အကြည့်လွှဲကာ ခေါင်းကို ငုံ့လိုက်ပြီးနောက် ချီရှန်းနှင့် ယွီရှီးဖေးကိုသာ တဖန် ပြန်ကြည့်သည်။ သူမ၏ မျက်လုံးများထဲတွင် မနာလိုမှု အရိပ်အငွေ့များ ရောပြွမ်းနေသည်။

မက်မွန်ပန်းများက လေထဲတွင် ဆက်လက်၍ ကခုန်နေသည်။ ရှားရှင်းယွန်သည် သူမ၏ လက်ကို ဆန့်ထုတ်လိုက်လျှင် မက်မွန်ပွင့်ချပ်လေးသည် သူမ၏ လက်ပေါ်သို့ လာ၍ နားခိုသည်။

သူမသည် သူမ၏ ခံစားမှုများက တစ်ဖက်သတ် အဖြစ်သာ ကျန်နေရစ်မလား သိချင်နေမိသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset