ချန်ယဲ့မြို့သည် ယခင်ကကဲ့သို့ ပုံမှန်အတိုင်း တည်ငြိမ် အေးချမ်းမှုကို ပြန်လည် ရရှိလာသည်။
လူတိုင်းက ရီဖူရှင်း ဆက်ခံခဲ့သည့် အင်ပါယာခွာ၏ အမွေအနှစ်ကို လေ့လာရန် ရောက်ရှိလာကြသော်လည်း သူတို့သည် ပေါ်ပေါ်ထင်ထင် ဖိအားပေး၍ လုမယူ ရဲကြတော့ပေ။
ကောင်းကင်ပြက္ခဒိန် ၁၀၀၂၅ ခုနှစ် ပထမဆုံးနေ့မှ တိုက်ပွဲသည် မျိုးနွယ်စု ခုနစ်ခုမှ လူများ ပါဝင်ကာ ချန်ယဲ့မြို့သို့ ဝိုင်းရံခဲ့သည်ကို မြင်ခဲ့ရသည်။ အခြားသော ထိပ်သီးပုဂ္ဂိုလ် အများအပြားပင် ဤကျူးကျော် တိုက်ခိုက်မှု၌ ပါဝင်ခဲ့သေးသည်။ ထိုသို့ဆိုလျှင်ပင် သူတို့သည် ချန်ယဲ့မြို့ကို ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ခဲ့ကြပေ။ ချန်ယဲ့မြို့သည် ယခင်ကထက် ပို၍ အင်အား ကောင်းလာခဲ့ပြီး မည်သူကမှ သူတို့ကို ထပ်၍ စိန်ခေါ်ရဲခြင်း မရှိကြပေ။
ရီဖူရှင်း၏ ပြန်လည် နိုးထလာခြင်း မှာလည်း တားဆီး ပိတ်ပင်၍ မရနိုင်ခဲ့ပေ။
လူအများကြားတွင် လက်ခံ လာခဲ့ကြသည်က သွေးနဂါးမြို့ အပြင်ဘက် မြို့များအကြားတွင် ရှေးဟောင်း တော်ဝင်မြို့သည် နံပါတ်တစ် ဖြစ်၍ ချန်ယဲ့မြို့က နံပါတ်နှစ် ဖြစ်သည် ဟူ၍ ဖြစ်ပေသည်။
မြို့စားရုံးတော်ဝန်း အတွင်းရှိ လက်ထောက်မြို့စား ဆန်းထျန်ကျန့် နေထိုင်ရန် ပေးအပ်ထားသည့် အိမ်တော်တွင် ဆန်းဇွန်သည် ကြိုးကြိုးစားစား ကျင့်ကြံနေသည်။ အခြားထက် သူ၏ ကိုယ်ပိုင် နားလည် သဘောပေါက်နိုင်စွမ်းနှင့် ထိုးထွင်း သိမြင်မှုတို့ကို နက်နက်ရှိုင်းရှိုင်း လေ့ကျင့်နေခြင်း ဖြစ်ပေသည်။ သူသည် မြို့စားရုံးတော်မှ တန်ခိုးရှင်များနှင့်လည်း မကြာခဏ သွားရောက် လေ့ကျင့်လေသည်။ လေ့ကျင့်မှုတိုင်းသည် အဆုံးတွင် သူ့ကို ခြေကုန်လက်ပမ်း ကျသွားစေပြီး သူ ဒဏ်ရာများ ရသည့်တိုင်အောင် လေ့ကျင့်မှုကို မရပ်တန့်ပေ။
ထိုအချိန်တွင် ဆန်းထျန်ကျန့်သည် ကြီးမားသည့် စင်မြင့်၏ ဘေးတွင် ရပ်ကာ ဆန်းဇွန် တိုက်ခိုက်သည်အား ကြည့်နေသည်။
သူက ဆန်းဇွန် သွေးအန်ထိ အရိုက်ခံရသော်လည်း ဆက်လက်၍ တိုက်ခိုက်နေသည်အား ကိုယ်တိုင် ကြည့်နေသည်။ လေ့ကျင့်မှုသည် အတန်ကြာသည့် အခါတွင် ရပ်တန့်သွားခဲ့ပြီး သူက ဆန်းထျန်ကျန့်၏ ရှေ့သို့ လျှောက်လာကာ ဦးညွှတ်၍ နှုတ်ဆက်သည်။ “အဖေ”
“လေ့ကျင့်တယ်ဆိုက အမြဲတမ်း သင့်တင့်မျှမှု ရှိရမယ်။ ကိုယ့်ရဲ့ အကန့်အသတ်ကို ချိုးဖျက်ချင်လို့ အတင်းအကျပ်ကြီး ဆက်လုပ်နေစရာ မလိုဘူး” ဆန်းထျန်ကျန့်က ပြောသည်။
သူက ဆန်းဇွန် ပြောင်းလဲသွားသည်အား သတိပြုမိပေသည်။
သူ့သား၏ အမြင်သည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အတိတ်က ဆန်းဇွန်သည် သူ့အမြင်က မြို့စားတစ်ယောက် ဖြစ်ရုံမျှ အခြေအနေဖြင့် ကန့်သတ်ထားပြီး အခြား လိုချင်သည်များ မရှိပေ။ သူ၏ ရည်မှန်းချက်မှာ ရိုးရှင်းလှစွာပင် ဖခင်၏ ချန်ယဲ့မြို့ကို ဆက်ခံရန်သာ ဖြစ်သည်။
သို့သော်လည်း တစ်စုံတစ်ယောက် နေထိုင်ရသည့် ပတ်ဝန်းကျင်သည် သူ၏ ရှုမြင် သုံးသပ်ချက်နှင့် ကြီးပြင်းလာမှုကို အကြီးအကျယ် သက်ရောက်မှု ရှိစေသည်။
ရီဖူရှင်း၏ ပေါ်ထွက်လာခြင်းသည် ဆန်းဇွန်၏ အသိအမြင်ကို ကျယ်ပြန့်သွားစေကာ တစ်စုံတစ်ယောက်ထက် ပို၍ တစ်စုံတစ်ယောက်က ကြီးမြတ်နိုင်သည် ဟူသော အဓိပ္ပာယ်ကို သိရှိသွားစေခဲ့သည်။
ဆန်းဇွန်သည် သူ အတိတ်က လုပ်ခဲ့သည်များကို ပြန်တွေးမိသောအခါ သူက ဟာသ ဖြစ်နေခဲ့သည်ကို တွေ့မြင်ရသည်။ သူသည်အိပ်မောကျ နဂါးပြိုင်ပွဲတွင် သူ၏ မြို့ကို အနိုင်ရသူ ဖြစ်စေရန် ရီဖူရှင်းကို ပါဝင်လာစေရန် လှည့်ဖြား ချင်ခဲ့ပေသည်။
သို့သော်လည်း ရီဖူရှင်းသည် ချန်ယဲ့မြို့၏ မြို့စားဖြစ်လာသည့် အခါတွင် မတူကွဲပြားသည့် လုပ်ပုံလုပ်နည်းများနှင့် ကြီးမားသည့် အရာများကို လုပ်ဆောင်ခဲ့သည်။
သူလုပ်ခဲ့သည်နှင့် ရီဖူရှင်း လုပ်ဆောင်သည်များမှာ အဆင့်ချင်းပင် နှိုင်းယှဉ်မရအောင် ကွာခြားလှသည် ဖြစ်ရာ ထိုသည်က သူ့အပေါ်တွင် အကြီးအကျယ် သက်ရောက်မှု ဖြစ်စေခဲ့သည်။
သူက အတိတ်မှ မျက်မြင်တွေ့ကာ တိုက်ပွဲများကို အတွေ့အကြုံ ရခဲ့ပြီးနောက် ရှန့်ထိုအဆင့် ဟူသည်မှာ ကျင့်ကြံခြင်း လမ်းစဉ်၏ အဆုံးသတ် မဟုတ်ဘဲ အစသာလျှင် ရှိသေးကြောင်း အမှန်တရားကို သတိပြုမိခဲ့သည်။
“ကျွန်တော် နားလည်ပါပြီ အဖေ။ ဒါပေမဲ့ တိုက်ခိုက်တာက ကျွန်တော့်ကို ပိုပြီး တိုးတက်စေသလို တိုက်ပွဲစွမ်းရည်ကို ကောင်းကောင်း အသုံးချ လာနိုင်စေတယ်” ဆန်းဇွန်က ပြန်ဖြေသည်။ “ကျွန်တော် ပြန်ပြီး ကျင့်ကြံလိုက်ပါဦးမယ်”
“ကောင်းပြီ” ဆန်းထျန်ကျန့်က ခေါင်းညိတ်သည်။ သူက ဆန်းဇွန် လှည့်ထွက် သွားတာကို ကြည့်နေပြီး သူ၏ ရွေးချယ်မှုက ပို၍ ကျိုးကြောင်းဆီလျော် လာသည်ကို တွေ့ရှိရပေသည်။
သူက ဆန်းဇွန်၏ အခြေအနေကို ရီဖူရှင်းထံ အစီရင်ခံရန် လိုမလို တွေးနေမိသည်။
ထူးချွန်သည့် လူများ၏ ဘေးတွင် ရပ်တည်နိုင်ခြင်းမှာ အကောင်းဆုံးသော အခြေအနေ အဖြစ် သတ်မှတ်နိုင်ပေသည်။ ဒဏ္ဍာရီသဖွယ် ဖြစ်သော တာလီနန်းတွင်း အကြံပေးသည်ပင် သူ၏ ရပ်တည်မှုကို ပြသရန် ကျင့်ကြံခြင်း အဆင့်များကိုပင် စွန့်လွှတ်ရန် ဆန္ဒရှိခဲ့သည်။
ယူချင်း၏ အမည်သည်လည်း သွေးနဂါးမြစ်တိုက်ပွဲမှ စတင်၍ ကျော်ကြားလာကာ ယခုဆိုလျှင် သူက ဒေသဘုရင် အဆင့်သတ်မှတ်ချက်တွင် ဝင်ရောက်နေပြီ ဖြစ်၏။
ရီဖူရှင်းသည် ယူချင်းကဲ့သို့ သူ မည်သို့ လုပ်ဆောင်နိုင်စွမ်း ရှိသည်ကို ပြသနိုင်သည့် အဆင့်အတန်းမျိုး မဟုတ်သော်လည်း သူသည် သူ့လမ်းကိုသူ ဆက်လျှောက်နေပြီး ကြီးမားသော အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ခဲ့သည်။
ညီအစ်ကိုများ၊ ရှားရှင်းယွန်နှင့်အတူ အခြားလူများသည်လည်း သူ့အနီးတွင် ရှိနေကာ နောက်အနာဂတ်၌ ကြောက်မက်ဖွယ် ပုဂ္ဂိုလ်များ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။
ထို့ထက်ပို၍ ဆန်းထျန်ကျန့်ကို အံ့အားသင့်စေသည့်အရာ တစ်ခု ရှိပေသည်။
ထိုသည်မှာ ရီဖူရှင်းသည် ထိုလူစု၏ အဓိကလူဖြစ်နေခြင်း ဖြစ်ပေသည်။ ထို ထူးချွန် ထက်မြက်လှသည့် လူများမှာ သူ့ကြောင့်သာလျှင် စုစည်းနေကြခြင်း ဖြစ်သည်။
ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သော တာလီနန်းတွင်းအကြံပေး၏ အကြီးဆုံးတပည့် ရန်ယွင်သည်လည်း မကြာသေးခင်က ချန်ယဲ့မြို့သို့ ဝင်ရောက်လာခဲ့သည်။ သူသည် ချန်ယဲ့ကျောင်းတော်တွင် တံခါးပိတ် ကျင့်ကြံနေသည်။
ဆန်းထျန်ကျန့် ရှာဖွေ တွေ့ရှိခဲ့သည်မှာ သူသည် ဒဏ္ဍာရီသဖွယ် ထင်ရှားလာမည့် လူငယ်လေးများကို မျက်မြင်တွေ့နေရသည် ဟူ၍ပင် ဖြစ်သည်။
***
မြို့စားရုံးတော် အတွင်းရှိ လေ့ကျင့်ရေး ကွင်းပြင်တွင် အခြားပုံရိပ်နှစ်ခုက လေ့ကျင့်နေကြပေသည်။
သူတို့ထဲမှ တစ်ယောက်မှာ အဆုံးမဲ့ မီးလျှံများနှင့် ဖုံးလွှမ်းထားပြီး မြင့်မားထည်ဝါသည့် မီးလျှံစစ်နတ်ဘုရား တစ်ပါး ဖြစ်လာကာ ကြောက်မက်ဖွယ် လမ်းစဉ်မီးတောက်များဖြင့် လွှမ်းခြုံ ခံထားရသည်။
“လေးဆင့်ပြီးတော့ ထပ်မရှိတော့ဘူး” ပုံရိပ်က ပြောသည်။ သူက အခြားလူ မဟုတ်ဘဲ ရီဖူရှင်းပင် ဖြစ်သည်။ ချန်ယဲ့မြို့က တစ်ဖန်ပြန်လည် ငြိမ်သက်သွားပြီးနောက်၌ ရီဖူရှင်းသည် သူနိုးလာကတည်းက အင်ပါယာခွာ၏ အမွေအနှစ် လမ်းစဉ်များကို ကျင့်ကြံရင်း အချိန် ကုန်နေပေသည်။ သူသည် နေ့တိုင်းလိုလို လေ့ကျင့်ရင်း နေနေကာ သူ့အဆင့်ကို တည်ငြိမ်အောင် လုပ်ဆောင်နေသည်။
သူသည် ယခင်တိုက်ပွဲ ကတည်းက နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်၌သာ ရှိသေးပေသည်။ သူ့အဆင့်က ထူးခြားစွာ တည်ငြိမ်လာပြီး အရှိန်အဝါက ပို၍ ထူထဲ ခိုင်မာလာသည်။ ကြည့်ရသည်မှာ ယခင်ကထက် ပိုသန့်စင်ကာ တောက်ပလာပေသည်။
ရှန့်ထိုအဆင့်ကို ကျင့်ကြံခြင်းသည် အလျင်စလိုနှင့် တစ်နေ့တည်း တစ်ညတည်း ကျင့်ကြံ၍ ရသည်မဟုတ်ပေ။
“ကျုံးလော်တိုက်ပွဲ သဏ္ဌာန်က ၁၃လွှာ ရှိတယ်။ ရှန့်ထိုအဆင့် တစ်ဆင့်တိုင်းမှာ တိုက်ပွဲသဏ္ဌာန် သုံးလွှာထိ ထုတ်ဖော်နိုင်တယ်။ အခု မင်းက လေးလွှာထိ သုံးနိုင်နေပြီဆိုတော့ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ရောက်မှ ဖော်ထုတ်နိုင်မယ့် အလွှာကိုတောင် လုပ်နိုင်နေပြီပဲ” သူနှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသူက အသေးစိတ် ရှင်းပြသည်။ ထိုသူမှာ ဝူကလန်မှ ဝူယုံး ဖြစ်ပေသည်။
ရီဖူရှင်းသည်လည်း သူ့ကို အင်ပါယာခွာ၏ အမွေအနှစ် လမ်းစဉ်ကို သင်ပြပေးပြီး သူတို့ နှစ်ဦးလုံးက ကျင့်ကြံရေး လမ်းစဉ်များကို အတူတကွ လေ့လာနေကြသည်။
သူသည် ရီဖူရှင်း လေ့ကျင့်ရာတွင် အကြိမ်များစွာ ကူညီပေးခဲ့ပြီး ရီဖူရှင်းသည်လည်း သူ ထိတွေ့နိုင်စွမ်း ရှိခဲ့သည့် အင်ပါယာခွာ၏ အမွေအနှစ် အသိတို့ကို ဝူယုံး ကျင့်ကြံနိုင်စေရန် ကူညီပေးခဲ့သည်။ သူတို့နှစ်ယောက်သည် အပြန်အလှန် ကူညီရင်း ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်စေရန် ကြိုးစားနေကြသည်။
ရှားရှင်းယွန်သည် သူမ ပြန်ရောက်သည့်အခါ သူမက ထိုပုန်ကန်သူများကို မည်သို့ ကိုင်တွယ်ခဲ့ကြောင်း ပြောပြခဲ့သည်။ သူသည် အနောက်ဘက်ဒေသရှိ အင်ပါယာခွာမြို့သို့ ပြန်ပင် မကြည့်ဘဲ ပြန်လည်မွေးဖွားခြင်း အဆင့် သုံးယောက်ကို ထိုဒေသရှိ အရေးကိစ္စများအား ကိုင်တွယ်ရန် ပြောထားခဲ့သည်။ သူသည် ထိုဘက်မှ အရေးကိစ္စများအား ပါဝင် မပတ်သက်ချင်ပေ။
သူ့နောက်သို့ လိုက်ပါလိုသူများသည် သူနှင့်အတူ ချန်ယဲ့မြို့တွင်သာ လိုက်နေထိုင်ခဲ့သည်။
ရီဖူရှင်းက မျိုးနွယ်စုကိုးခု ကြားတွင် သူ့ကို နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်စေရန် လုပ်ဆောင်ပေး၍ ယခင် အင်ပါယာခွာ၏ မျိုးဆက် မျိုးနွယ်စု ကိုးခုကို အုပ်ချုပ်နိုင်စေဖို့ရာ ကူညီပေးရန် ရည်ရွယ်နေသည်ကို ဝူယုံးက ရှင်းလင်းစွာ သိရှိပေသည်။ ထို့ကြောင့် သူ ယခုအချိန်တွင် လုပ်ဆောင်ရန်မှာ သူ၏ စွမ်းအားများကို တိုးတက်လာစေရန် ရီဖူရှင်းနှင့် အတူ ကျင့်ကြံရုံသာ ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် တစ်စုံတစ်ယောက်၏ စွမ်းအားသည် အရာအားလုံး၏ အခြေခံပင် ဖြစ်တော့သည်။
အကယ်၍ သူ၏ စွမ်းအားက ထိပ်ဆုံးသို့ ရောက်ရှိနိုင်စွမ်း မရှိခဲ့လျှင် မျိုးနွယ်စုကိုးခု အကြား၌ အစွမ်းထက်ဆုံး ဖြစ်လာမည်မဟုတ်ဘဲ ရီဖူရှင်းက သူ့ကို ခေါင်းဆောင် ဖြစ်စေချင်လျှင်ပင် အခြားလူများက သူ့ကို နာခံလိမ့်မည် မဟုတ်သောကြောင့် သူ့ထိုင်ခုံနေရာသည် သဲပေါ်တွင် ဆောက်ထားသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။
“ဒါဆို အရင်က ဆယ့်နှစ်လွှာကို ဖော်ထုတ်တော့ ဘယ်လို အတွေ့အကြုံရှိသလဲ စီနီယာ” ရီဖူရှင်းက ပြုံးကာ ပြောသည်။ ယခင်က သူ့စွမ်းအားများကို ဝူယုံးထံ ချေးငှားပေးခဲ့စဉ် အခါက ဝူယုံးသည် အင်ပါယာခွာ၏ စွမ်းအားများကို အသုံးပြု၍ တိုက်ပွဲသဏ္ဌာန်ကို ဆယ့်နှစ်လွှာအထိ ဖော်ထုတ်ခဲ့သည်။ ထိုသည်က ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်တွင် ဖော်ထုတ်နိုင်သည့် အလွှာဖြစ်သည်။
ဆယ့်သုံးလွှာမြောက် သည်တော့ ရန်ဟောင်အဆင့် ရောက်မှသာ ဖော်ထုတ်နိုင်မည် ဖြစ်၏။
“ကျုပ် ကိုယ်တိုင်သာဆို အဲဒီလို လုပ်နိုင်မှာ မဟုတ်ပါဘူး။” ဝူယုံးက ပြုံးလိုက်ပြီး ထပ်ပြောသည်။ “ဒါနဲ့ ကျုပ်ကို စီနီယာလို့ ဆက်ပြီး ခေါ်နေစရာ မလိုပါဘူး မြို့စားရီ။ ကျုပ် နာမည်ကို တိုက်ရိုက်ခေါ်တာ ပိုကောင်းပါလိမ့်မယ်”
“အကျင့် ဖြစ်နေလို့ပါ” ရီဖူရှင်းက မသိလိုက် မသိဘာသာ ရယ်ရင်း ဆက်ပြောသည်။ “အင်ပါယာခွာ၏ အမွေအနှစ် လမ်းစဉ်ကို ဆက်ပြီး အာရုံစိုက် ထားကြည့်ပါ။ မကြာခင်မှာ ကိုယ့်ဘာသာကိုယ် ဖော်ထုတ်နိုင်စွမ်း ရှိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီထက်တောင် ပိုပြီး လုပ်နိုင်စွမ်း ရှိချင်ရှိလာဦးမယ်”
“ကျုပ် အကောင်းဆုံး ကြိုးစားမှာပါ” ဝူယုံးက ပြောသည်။
“ဆက်ပြီးလေ့ကျင့်ပါ စီနီယာ။ ကျွန်တော်လည်း အချိန် ခဏလောက် တစ်ယောက်တည်း လေ့ကျင့်လိုက်ဦးမယ်” ရီဖူရှင်းက ပြောသည်။ ဝူယုံးက ခေါင်းညိတ်ကာ ထွက်သွားတော့သည်။
ရီဖူရှင်းသည် တစ်ယောက်တည်း လေ့ကျင့်ခြင်း စတင်တော့သည်။ မြို့စားရုံးတော်ရှိ လူတိုင်းမှာ သူတို့၏ စွမ်းရည်ကို မြှင့်တင်ရန် အပြင်းအထန် ကြိုးစား နေကြပေသည်။
***
သွေးနဂါးမြို့သည် သွေးနဂါးဘုံ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ထိုမြို့သည် သွေးနဂါးဘုံ၏ မြို့များအားလုံးတွင် နံပါတ်တစ်မြို့ အဖြစ် ကျော်ကြားလေသည်။
သွေးနဂါးမြို့တွင် သွေးနဂါးတောင်ဟူသည့် နတ်တောင် ရှိသည်။
ထိုတောင်သည် နဂါးကြီးတစ်ကောင် လဲလျောင်း တည်ရှိနေသကဲ့သို့ ထင်မှတ်ရပေသည်။
သွေးနဂါးတောင်တွင် တောင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ရဲတိုက်များ ရှိသည်။ ရဲတိုက်များသည် အောက်ခြေမှ စတင်ကာ ထိပ်ဖျားအထိ ရှိပြီး ၎င်းတို့သည် ကောင်းကင်မှ နေမင်းနှင့် ထိစပ် နေသကဲ့သို့ပင် ထင်မှတ်ရပေသည်။
နေ့တိုင်း မရေတွက်နိုင်သည့် လူများသည် တောင်ခြေတွင် ရပ်ကာ ထိပ်ဖျားရှိ အလွန် အံ့ချီးဖွယ် လှပသော နန်းဆောင်များနှင့် ရဲတိုက်များကို ငေးမျှော် ကြည့်ကြပေသည်။
ထိုနေရာသည် သွေးနဂါးအင်ပါယာ နေထိုင်သော သွေးနဂါးဘုံ၏ တော်ဝင်နန်းတော် ဖြစ်သည်။
တော်ဝင်နန်းတော် အပြင်ဘက်တွင် ကန်းယွမ်ဟု ခေါ်သည့် မြစ်တစ်စင်းသည် တောင်၏ အောက်ခြေတွင် ကွေ့ပတ်စီးဆင်း နေသည်။ မြစ်ထဲမှ ရေများသည် အမြဲပင် ဆူပွက်နေသည်။ နေမင်းက ထိုအတွင်းသို့ နစ်မြုပ်နေသည့် အလား ထင်မှတ်ရပေသည်။
ခမ်းနားထည်ဝါသည့် သွေးနဂါး စစ်တပ်သည် ကန်းယွမ်မြစ်နံဘေးတွင် ရပ်ကာ စောင့်ကြပ်လျက် ရှိသည်။
ထိုစဉ်တွင် တောင်ထိပ်မှ ရှည်လျားသည့် အော်သံတစ်ခုကို ကြားသည်။ အောက်ဘက်ရှိ မရေတွက်နိုင်သည့် လူများမှာ မော့ကြည့်လိုက်ကြပြီး အလွန်ထူးခြားသည့် မြင်ကွင်းတစ်ခုကို သူတို့ ရှေ့တွင် မြင်လိုက်ကြရသည်။
ခြေသုံးချောင်း ရွှေရောင်ကျီးများသည် နေရထားတစ်စင်းကို ဆွဲကာ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။ ထိုရထားပေါ်တွင် နတ်ဆရာတစ်ဦး ထိုင်လိုက်လာသည်ကို မြင်ရသည်။
သူတို့သည် ခြေသုံးချောင်း ရွှေကျီးကိုပင် မြင်သည်မဟုတ်ပေ။ အခြားသော များပြားလှသည့် နတ်ငှက်များသည်လည်း နေရထားများကို ဆွဲလာကြလေသည်။ နတ်ဆရာသည် ရထားများပေါ်တွင် စီးနင်းလိုက်ပါလာပြီး အောက်ဘက်ရှိ လူစုကို ဖြတ်ကျော် ပျံသန်းသွားကာ နေရာအနှံ့သို့ ဦးတည်သွားသည်။
“ဘာတွေ ဖြစ်နေတာလဲ” သွေးနဂါးမြို့မှ လူများသည် မြင်လိုက်ရသည့် မှင်တက်ဖွယ် မြင်ကွင်းကြောင့် သူတို့၏ စိတ်မှာ တုန်လှုပ်သွားကြသည်။
ကြီးမားသည့် ကိစ္စတစ်ခုခု ဖြစ်ပွားတော့မည်လား သူတို့ သိချင်နေကြသည်။
သွေးနဂါး အင်ပါယာသည် သွေးနဂါးဘုံ၏ အစစ်အမှန် အရှင်သခင်အဖြစ် သိရှိကြပြီး သူသည် ဘုံအတွင်းရှိ အရေးကိစ္စများတွင် တော်ရုံနှင့် ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။
သွေးနဂါးဘုံသည် ကျယ်ပြောလှပြီး သွေးနဂါးဒေသ၏ အဓိကဘုံဖြစ်သည်။ အကယ်၍ သူသာ ဖြစ်ပျက်သမျှ အရာရာ၌ ဝင်ပါနေပါက အလုပ်ပိပြီး သေသွားရလိမ့်မည်။
ထို့ကြောင့် သွေးနဂါးဘုံကို ပြောင်းပြန်လှန်၍ အပိုင်းပိုင်း ဖျက်ဆီးမပစ်သ၍ သွေးနဂါးဘုံတွင် ဖြစ်ပျက်သည့် ကိစ္စရပ်များကို ဂရုမစိုက်ဘဲ ဝင်ရောက် ပတ်သက်ခြင်း မရှိပေ။
သူတို့ ရှေ့မှ ထိုရထားများမှာ သေချာပေါက် အင်ပါယာ၏ အရာများ မဟုတ်ပေ။
သို့သော်လည်း လူအများက ထိုသို့ ခမ်းနားထည်ဝါသည့် ခြွေရံသင်းပင်းတို့ ရှိလောက်အောင် မည်မျှ အင်အားကောင်းသနည်းဟု တွေးနေကြသည်။
ခြေသုံးချောင်း ရွှေကျီးများသည် ရထားတစ်ခုစီကို ဆွဲလျက် နတ်ဆရာများက လိုက်ပါလာသည်။
မရေတွက်နိုင်သော လူများသည် မတူညီသည့် နေရာများသို့ ဦးတည်ကာ ဝေးကွာသွားသည့် ရထားများကို ကြည့်နေကြသည်။ ရထားပေါ်မှ သူတို့ သွားရာ လမ်းတစ်လျှောက်တွင် ကျဲသွားသည့် ရွှေရောင်မီးလျှံ ပွင့်ချပ်များကို မြင်တွေ့ခဲ့ကြသည်။
၎င်းတို့သည် ရွှေမက်မွန် ပန်းပွင့်များ ဖြစ်ကြသည်။
“အဲဒါ အရှင်မင်းသားပဲ”
ထိုအချိန်၌ လူတိုင်းသည် ဤရထားများကို မည်သူက စေလွှတ်သည်လဲ သိရှိလိုက်ကြ၏။
ထိုသံတမန်များသည် အရှင်မင်းသားက စေလွှတ်လိုက်ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ တစ်ခုသာ ရှိသည်။
သွေးနဂါးဘုံ တစ်ခုလုံး ပွက်လောရိုက် သွားကြသည်။ မရေတွက်နိုင်သည့် လူများသည် ရထားများဆီသို့ ဦးတည်လိုက်ကြပြီး မည်သူက အရှင်မင်းသား၏ မက်မွန် ဖိတ်ကြားလွှာကို ရရှိသလဲ သိချင်၍ စူးစမ်းလိုက်ကြသည်။
မကြာခင်မှာပင် နေရထားများသည် သွေးနဂါးမြို့ရှိ လွှမ်းမိုးနိုင်သော ထိပ်တန်း အင်အားစုတစ်ခုဟု သတ်မှတ်နိုင်သည့် နေရာတစ်ခုသို့ ဝင်ရောက်သွားသည်။ ရထားထဲမှ နတ်ဆရာကြီးသည် အောက်မှ လူများကို ငုံ့ကြည့်ကာ လက်ဝှေ့ယမ်းရင်း ပြောသည်။ “အရှင်မင်းသားဆီက ဖိတ်ကြားလွှာ”
မားမားမတ်မတ် ရပ်နေသည့် ကျော်ကြား ဖျတ်လတ်ပုံရသော လူငယ်လေး တစ်ဦးသည် သူ၏ လက်များကို ဆန့်တန်း၍ ဖိတ်ကြားလွှာကို လက်ခံသည်။ ထို ဖိတ်ကြားလွှာပေါ်တွင် တံဆိပ်နှိပ်ထားသော ရွှေမက်မွန် ပန်းပွင့်ကို သူ ကြည့်သည်။
သွေးနဂါးမြို့၏ နေရာ အတော်များများတွင် တူညီသော ကိစ္စများ ဖြစ်ပွားခဲ့သည်။
ထိုအချိန်တွင် များပြားလှသည့် နေရထားများသည် သွေးနဂါးမြစ် အထက်တွင် ရောက်ရှိနေကြသည်။ သူတို့သည် မြစ်ကို ဖြတ်ကာ မြစ်အလယ်ရှိ ဒေသနန်းတော်သို့ ဦးတည်သည်။ မည်သူကမှ သူတို့ကို မတားဆီးခဲပေ။
သွေးနဂါးမြို့၏ အပြင်ဘက်တွင်လည်း နေရထားများသည် ကြီးမားသည့် လှုပ်ခတ်မှုများကို ဖြစ်ပွားနေစေသည်။
ထိုရထားများသည် မတူညီသည့် နေရာများသို့ ဦးတည် သွားခဲ့ကြသည်။
နတ်ငှက်များသည် နေရထားများကို ဆွဲကာ မကြာခင်တွင် ချန်ယဲ့မြို့ အပေါ်သို့ ရောက်ရှိလာကြ၏။ မရေတွက်နိုင်သည့် လူများသည် မော့ကြည့်လိုက်ကြပြီး ထိတ်လန့်ဖွယ် သတင်း အပိုင်းအစကို ကြားလိုက်ရကာ သူတို့၏ နှလုံးသားများကို ခုန်ပေါက် သွားစေသည်။ သူတို့ အားလုံးသည် မြို့စားရုံးတော်သို့ တစ်ဟုန်ထိုး ပြေးသွားကြလေသည်။
မျှော်မှန်းထားသည့် အတိုင်းပင် နေရထားများသည် မြို့စားရုံးတော်၏ အထက်တွင် ရပ်တန့်သွားသည်ကို မြင်လိုက်ကြရသည်။ နတ်ဆရာကြီးက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ “အရှင်မင်းသားဆီက ဖိတ်ကြားလွှာ။ ချန်ယဲ့မြို့ရဲ့ မြို့စား ရီဖူရှင်း လက်ခံပေးပါ”
မြို့စားရုံးတော်မှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ သူတို့အားလုံးသည် မော့ကြည့်လိုက်ကြပြီး နက်ရှိုင်းစွာ တုန်လှုပ်သွားကြ၏။
ရီဖူရှင်းသည်လည်း ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်မက်မွန် ဖိတ်ကြားလွှာသည် သူ့လက်ဝါးပေါ်သို့ ကျဆင်းလာသည်။
အရှင်မင်းသားဆီက ဖိတ်ကြားလွှာတဲ့လား။
သွေးနဂါးဘုံတွင် ဤကဲ့သို့ ခမ်းနားသည့် ခြွေရံသင်းပင်းများ ရှိ၍ အရှင်မင်းသားဟု ခေါ်ရမည့်သူမှာ သွေးနဂါးမြို့ တော်ဝင်နန်းတော်မှ သူသာလျှင် ဖြစ်ပေလိမ့်မည်။
သည်တော့ ထိုတိုက်ပွဲက တော်ဝင်နန်းတော်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်လား။
သို့ဆိုလျှင် သူသည် သူ၏ ရည်ရွယ်ချက်နှင့် ခြေတစ်လှမ်း နီးစပ်လာပြီ ဖြစ်၏။
ရီဖူရှင်းက ဖိတ်ကြားချက်ကို လက်ခံပြီးသည့် အချိန်တွင် အဝေးရှိ ခြေသုံးချောင်းရွှေကျီး ဆွဲသည့် နေရထားသည် အရှေ့ဘက်ဒေသသို့ ဦးတည်ကာ အင်ပါယာတုန်း နန်းတော်သို့ ဝင်ရောက်သွားသည်။ ထို့နောက် သူတို့သည် အင်ပါယာတုန်း နန်းတော်၏ မင်းသား သွမ့်ဝူကျီထံသို့ မက်မွန် ဖိတ်ကြားလွှာကို လက်ကမ်း ပေးခဲ့ပေသည်။
***