မွန်းကျပ်ဖွယ်ဖိအားက ကြောက်မက်ဖွယ် ထွက်ပေါ်လာသည်။
အင်ပါယာရှားဘုံမှ ပြန်လည်မွေးဖွားခြင်း အဆင့် လေးယောက် ဆင်းသက်လာကာ သူတို့ထဲမှ သုံးယောက်သည် လီဟန်ဓားသမား၊ ရွှမ်ယွင်နန်းတော်သခင်နှင့် ကျူးထန်နန်းတော်သခင်တို့ ဖြစ်ကြသည်။
ထိုပြန်လည် မွေးဖွားခြင်းအဆင့် သုံးယောက်သည် အင်ပါယာရှားဘုံ၏ တိုက်ရိုက်လက်အောက်ခံများ မဟုတ်ကြပေ။ သို့သော်လည်း သူတို့သည် အမိန့်ကို လက်ခံပြီး ကူညီရန် ရောက်လာကြပေသည်။
အင်ပါယာရှားဘုံမှ ထိုထိပ်တန်းပုဂ္ဂိုလ် သုံးဦးသည် ရီဖူရှင်း နောက်သို့ လိုက်ပါလေသည်။ အင်ပါယာရှားက ကိုယ်တိုင် မေးမြန်းခဲ့ပြီး ရှားရှင်းယွန်ကလည်း သူတို့ဆီ လူကိုယ်တိုင် သွားရောက် တွေ့ဆုံကာ အကူအညီ တောင်းခံခဲ့သည်။ သူတို့တွင် တွေဝေနေရန် အကြောင်းပြချက် မရှိပေ။
အင်ပါယာရှားဘုံကို ခစားသည့် ပြန်လည်မွေးဖွားခြင်း အဆင့်များမှာ အင်ပါယာလီဘုံ၏ အန္တရာယ်မှ ကာကွယ်တားဆီးရန် လိုအပ်သည်။ တော်ဝင်ဘုံနှစ်ခုကြားမှ ပဋိပက္ခက ဆက်လက် ကြီးထွားနေလျှင် သူတို့သည် မည်သည့်နေရာသို့မှ ထွက်သွားနိုင်စွမ်း ရှိမည်မဟုတ်ပေ။
လီဟန်ဓားသမားနှင့် အခြားလူများသည် ခရီးဝေးကို ကာလကြာရှည်သွား၍ ရလိမ့်မည်မဟုတ်ပေ။ သူတို့သည် မကြာခင် အင်ပါယာရှားဘုံသို့ ပြန်ကာ တာလီ၏ ကျူးကျော်ခြင်းမှ ကာကွယ်ရန် စောင့်ကြပ်ရမည့် တာဝန်ရှိပေသည်။
ကျူးခုန်၊ ကျုံးလော်နှင့် အခြားပြန်လည်မွေးဖွားခြင်း တစ်ယောက်တို့သည် လေထဲမှ သူများကို မြင်သည့်အခါ သူတို့၏ မျက်နှာများ မည်းမှောင်သွားသည်။
ရှားရှင်းယွန်သည် အင်ပါယာရှားဘုံသို့ ပြန်သွားပြီး တိုက်ခိုက်ရန်အတွက် အခြားပြန်လည်မွေးဖွားခြင်း အဆင့်သုံးယောက်ကို ခေါ်ဆောင်လာခဲ့သည်။
ထို့ကြောင့် ကိစ္စများသည် ယခင်က မျှော်မှန်းထားသည်နှင့် ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
သူတို့ အားလုံးတွေးခဲ့သည်မှာ ရီဖူရှင်းကို သတ်နိုင်ခဲ့လျှင် သူတို့က အင်ပါယာခွာ၏ အမွေအနှစ်ကို ပြန်လည်ရရှိမည် ဖြစ်ပြီး မျိုးနွယ်စုကိုးခုသည် ပိုမိုမြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိနိုင်စွမ်း ရှိပေလိမ့်မည်။ ဝူယုံး မရှိခဲ့လျှင်ပင် သူတို့ မျိုးနွယ်စုရှစ်ခု ကျန်ရှိနေသေးသည်။ ပြန်လည်မွေးဖွားခြင်းအဆင့် ရှစ်ယောက်သာ အတူတကွ ရပ်တည်နေလျှင် အင်ပါယာရှားဘုံမှ ပြန်လည်မွေးဖွားခြင်း အဆင့် တစ်ဝက်လောက်ကို စေလွှတ်လိုက်လျှင်ပင် သူတို့က ခုခံနိုင်စွမ်း ရှိပေလိမ့်မည်။
ထို့ပြင် မျိုးနွယ်စုကိုးခုသာ မဟုတ်ဘဲ အခြားတန်ခိုးရှင် များသည်လည်း ပါဝင်ပတ်သက် လာဦးမည် ဖြစ်၏။
နောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များကတော့ လူတိုင်း မြင်တွေ့သည့်အတိုင်းပင် ဖြစ်သည်။ မျိုးနွယ်စု ကိုးခုသည်သာ ဟိုဟိုဒီဒီ ပြိုကွဲပျက်စီး သွားရသည်။
ရှေးဟောင်းတော်ဝင်မြို့မှ လွဲ၍ အခြားသော တန်ခိုးရှင်အားလုံးမှာ သေသည့်သူ သေ၍ သူတို့၏ အပြစ်ကို ဝန်ချတောင်းပန်သူ တောင်းပန်ရသည်။ မျိုးနွယ်စုသုံးခုသည် သာလျှင် အားလုံးထဲ၌ အပြင်းထန်ဆုံး ပြစ်ဒဏ်ကို ခံရခြင်း ဖြစ်လေသည်။
သူတို့သည် သူတို့ကို ဆန့်ကျင်နေသည့် မျိုးနွယ်စုသုံးခုကို မဖြိုခွဲ နိုင်သေးခင်မှာပင် အင်ပါယာရှားဘုံမှ သုံးယောက်ထက်ပိုသည့် ပြန်လည်မွေးဖွားခြင်း အဆင့်များနှင့် စစ်တပ်ကြီးကို ရင်ဆိုင်ခဲ့ရသည်။ ထိုအရာအားလုံးသည် သူတို့အတွက် သေးငယ်သော အန္တရာယ် တစ်ခုတော့ မဟုတ်ခဲ့ပေ။
ခြောက်ယောက်သော ပြန်လည်မွေးဖွားခြင်း အဆင့်များသည် သူတို့ သုံးယောက်ကို ရင်ဆိုင်ခြင်း ဖြစ်၏။ အဆိုးဆုံးမှာ ထိုဆန့်ကျင်သည့် မျိုးနွယ်စုသုံးခုက သူတို့မျိုးနွယ် သုံးခုကို မယှဉ်နိုင်လျှင်ပင် အင်ပါယာရှားဘုံမှ လာသော ပြန်လည်မွေးဖွားခြင်း အဆင့်များသည် အားနည်းနေရန် အကြောင်းမရှိပေ။ ထို့ကြောင့် မည်သည့်ဘက်က အနိုင်ရရှိမည်လဲ ဆိုသည်ကို ရှင်းလင်းစွာ ခန့်မှန်းနိုင်လိမ့်မည် ဖြစ်၏။
ဆန့်ကျင်ဘက် မျိုးနွယ်စု သုံးခုသည်တော့ ပျော်ရွှင်နေကြသည်။ ကျူးခုန်နှင့် သူ့လူများသည် မကြာသေးခင်က သူတို့ကို ဖိအားပေးနေခဲ့ကာ အသေအကျေ တိုက်ပွဲ ဆင်နွှဲ လိုခဲ့ကြသည်။
အင်ပါယာ ရှားဘုံက အင်အားစုများ ဤနေရာသို့ ရောက်လာသည့်အခါ အရာရာက အဆုံးသတ်ရန် သတ်မှတ်ပြီးသား ဖြစ်သွားခဲ့သည်။
မျိုးနွယ်စုကိုးခု၏ အတိတ်သည် သမိုင်းစာအုပ်တွင်သာ ရေးထိုးခံရတော့မည် ကံကြမ္မာ ဖြစ်လာခဲ့သည်။ ထို့နောက် သွေးနဂါးဘုံတွင် မျိုးနွယ်စုများသည် ပုံစံအသစ် ဖွဲ့စည်း၍ ပြန်လည် ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။
ဓားစွမ်းအားများသည် လေထဲတွင် ပျံ့နှံ့လာသည်။ ချက်ချင်းပင် လီဟန်ဓားသမားက စွမ်းအားကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။ သူ၏ ဓားများသည် လေထဲတွင် ဖြတ်သန်း ဖျက်ဆီးသွားကာ ကျူးခုန်ပေါ်သို့ ကျဆင်းလာသည်။
ကျူးခုန်သည် ထိုဓား၏ စွမ်းအားများကို ခံစားမိလိုက်တာကြောင့် နောက်သို့ ကမန်းကတန်း ဆုတ်ခွာသည်။ သို့သော်လည်း ကျူးချွယ့်ကလန်မှ ခေါင်းဆောင်သည် အောက်ဘက်မှ လျင်မြန်စွာ ခုန်တက်လာ၏။
ထို့နောက်တွင် တန်ခိုးရှင်များသည် စေ့စပ်ဆွေးနွေးစကား ပြောဆိုရန် သူတို့၏ အချိန်များကို ဖြုန်းမနေတော့ဘဲ သူတို့က ကျူးခုန်နှင့် သူ့လူများကို တိုက်ရိုက်တိုက်ခိုက် ဖြိုခွဲရန် လုပ်ဆောင်တော့သည်။
ရွှမ်ယွင်နန်းတော်သခင်သည် ရွှမ်ယွင်ခြေလှမ်းသိုင်းကို သုံး၍ ရှေ့သို့ လှမ်းလိုက်ပြီး သူတို့၏ ဘေးပတ်ဝန်းကျင်ကို ပိတ်ဆို့ထားသည်။ သူတို့၏ ဘေးပတ်ဝန်းကျင်သည် မွန်းကျပ်ဖွယ် ကောင်းလာပြီး လူတိုင်းသည် ကြောက်စရာ ကောင်းလှသော ကောင်းကင်မှ ဖိအားကို ခံစားကြရပေသည်။
သူသည် ရှေ့သို့ ခြေလှမ်းလိုက်ကာ ကျုံးမျိုးနွယ်စု ခေါင်းဆောင် ကျုံးလော်ထံသို့ ဦးတည်သည်။ သူ့ ခြေလှမ်းများက ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။
ကျုံးလော်သည် ကျုံးလော်တိုက်ပွဲ သဏ္ဌာန်နှင့် ပေါင်းစည်းသည်။ တစ်ချိန်တည်းမှာပင် အလွှာဆယ့်တစ်ခု ပေါက်ကွဲထွက်လာသည်။ သူ၏ ခန္ဓာသည် အလွန်အမင်း ကြီးမားလာပြီးနောက် သူတို့ထံသို့ ဆင်းလာနေသည့် ရွှမ်ယွင်နန်းတော် သခင်ဆီသို့ လက်သီးတစ်ချက် ပစ်သွင်းသည်။ အင်အားနှစ်ခုက လေထဲတွင် ထိပ်တိုက် တွေ့ဆုံခဲ့ခြင်းကြောင့် ပြင်းထန်သည့် စွမ်းအားများက နေရာတစ်ခွင်လုံးကို ပျံ့နှံ့လွှမ်းခြုံ သွားခဲ့ကာ လူတိုင်းသည် လွင့်ပျံသွားရသည်။
နန်လိမျိုးနွယ် ခေါင်းဆောင်သည်လည်း တစ်ချိန်တည်းမှာပင် ကျုံးလော်ကို တိုက်ခိုက်သည်။ ပြန်လည်မွေးဖွားခြင်း အဆင့် ခြောက်ယောက်သည် သူတို့တိုက်ခိုက်ရမည့် သုံးယောက်ထဲမှ ရင်ဆိုင်မည့်သူကို ရွေးချယ်သည်။ ထိုသည်က နှစ်ယောက်တစ်ယောက် တိုက်ပွဲဖြစ်ကာ အခြားသော များပြားလှသည့် တန်ခိုးရှင်များကို နောက်ဆုတ်သွားစေရန် လုံလောက်သည်ထက် ပိုနေပေသည်။
တိုက်ခိုက်မှုက အချိန်တို အတွင်းတွင် ဖြစ်ပွားလာသည်။ အင်ပါယာရှားဘုံ၏ စစ်တပ်သည်လည်း တိုက်ပွဲတွင် ပါဝင်လာကာ နန်လိမျိုးနွယ်စု၊ ကျူးချွယ့်မျိုးနွယ်စုနှင့် ပေ့လိမျိုးနွယ်စုတို့သည် အခြားမျိုးနွယ်စု သုံးခုကို ရင်ဆိုင်သည်။
ရှားရှင်းယွန်က လေထဲမှ အမြင့် တစ်နေရာတွင် ရပ်နေပြီး တန်ခိုးရှင်များက သူမကို ဝန်းရံကာ ကာကွယ်ပေးထားသည်။ သူမသည် တိုက်ပွဲအတွင်းသို့ အေးစက်သော မျက်လုံးများဖြင့် ကြည့်နေသည်။
ပြီးခဲ့သည့် တိုက်ပွဲသည် မျိုးနွယ်စုကိုးခုကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကာ ယခု အဆုံးသတ်ရမည့် အချိန်ဖြစ်သည်။
မျိုးနွယ်စုကိုးခု၏ ခေတ်သည် ယနေ့တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
အဝေးတစ်နေရာမှ တိုက်ပွဲကို ကြည့်ရှုနေသူများလည်း ရှိကြသည်။ သူတို့သည် ကောင်းကင်နှင့် မြေကြီးက ကွဲထွက်တော့မည်ဟု ခံစားနေကြသည်။ သူတို့၏ စိတ်သည် ပြင်းထန်စွာ တုန်ခါနေပြီး မုန်တိုင်းလာနေပြီ ဖြစ်သည်ကို သူတို့အားလုံး သိရှိကြသည်။
ကိစ္စအားလုံးက အကောင်းဘက်သို့ ပြောင်းလဲသွားမည်သာ ဖြစ်၏။
“အဘိုး၊ ကယ်ပါဦး” စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရပြီး ကျူးခုန်တစ်ယောက် တုန်ယင်သွားသည်။ သို့သော်လည်း သူ့ကို လီဟန်ဓားသမားနှင့် ကျူးချွယ့်ကလန် ခေါင်းဆောင်တို့က ဝန်းရံကာ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သို့သော်လည်း သူ့အနီးတွင် သေခြင်းတရားက ရစ်ဝဲနေသည် ဖြစ်ရာ အခြားသူကို ကယ်တင်ဖို့ အချိန် သူ့တွင် ရှိလာနိုင်ရန် အကြောင်းမရှိပေ။
ကျူးခုန်၏ မျက်နှာသည် ဖြူဖျော့သွားပြီး သူက မလွယ်ကူသလို ခံစားလိုက်ရသည်။ ဤသည်က သူ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက် ခံထားရသည်ထက် ပိုမိုကာ သူတို့ မျိုးနွယ်စုတစ်ခုလုံး၏ သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်နေပေသည်။
သူက ထိုသည်ကို အရေးမစိုက်ဘဲ ပစ်ထားနိုင်စွမ်း မရှိပေ။
ယခု သူရောက်ရှိနေသည့် အဆင့်ထက် ပိုမြင့်သော အဆင့်သို့ ရောက်လျှင်ပင် သူသည် လုံးဝ အေးစက်၍ ခံစားချက် မဲ့လာနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ဖူး …
ဓားတစ်ချက်က ကျူးခုန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ ဟက်တက်ခွဲ သွားခဲ့သည်။ သူက ဝိညာဉ်ကိုပင် ဖြတ်ပိုင်း ခံလိုက်ရသည်ဟု ခံစားရပေသည်။ သူ့မျက်နှာသည် အလွန်ပင် သွေးဆုတ်သွားကာ သူ၏ လက်မောင်းတစ်ဖက်က တိတိရိရိ ဖြတ်ချခံလိုက်ရပြီကို တွေ့ရှိလိုက်ရသည်။
“မင်းက အပြင်လူတွေနဲ့ ပေါင်းပြီး မင်းရဲ့ အနွယ်ဝင်တွေဖြစ်တဲ့ မျိုးနွယ်စုကိုးခုက လူတွေကို ဒီလိုပဲ ဆက်ဆံရဲတယ်လား” ကျူးခုန်က ကျူးချွယ့်ကလန် ခေါင်းဆောင်ကို အော်ဟစ်သည်။
“မင်းရဲ့ စိတ်ထဲမှာသာ မျိုးနွယ်စုကိုးခုဆိုတဲ့ အသိတရား ရှိသေးရင် အင်ပါယာခွာရဲ့ နောက်ဆုံးအမိန့်ကို လိုက်နာသင့်တယ်” ကျူးချွယ့်ကလန် ခေါင်းဆောင်က ပြန်ပြောသည်။ ကျူးခုန်သည် ပြောစရာ စကားမဲ့သွားရ၏။
သူတစ်ယောက်တည်း အခြေအနေ ဆိုးဝါးနေခြင်း မဟုတ်ဘဲ သူ၏ မဟာမိတ်ဖြစ်သည့် အခြားနှစ်ယောက် သည်လည်း ခက်ခဲသည့် အခြေအနေ ဖြစ်နေပေသည်။
ကျူးခုန်၏ မျက်လုံးများသည် မီးတောက်များကဲ့သို့ နီရဲလာသည်။ နောက်ထပ် ဓားတစ်ချက်သည် သူ့ရင်ဘတ်သို့ ဖောက်ထွင်း သွားခဲ့သည်။ သူ့အဝတ်အစားများသည် သွေးတို့ဖြင့် စွန်းထင်းသွားခဲ့ပြီး သူ့မျက်နှာသည် အလွန် ဖြူဖျော့နေကာ မချင့်မရဲ ကြုံးဝါးသံကြီး ထွက်ပေါ်လာသည်။
“ကျုပ် အညံ့ခံမယ်။ တိုက်ခိုက်တာ ရပ်လိုက်ပါတော့” ကျူးခုန်က ဟစ်ကြွေးသည်။ သူ၏ အသံက သူတို့ ဝန်းကျင်တွင် ထင်ရှားစွာ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် ဓား၏ ထိုးဖောက်မှုက ချက်ချင်းပင် ရပ်တန့်သွားကာ သူ့အနီးတွင် ရစ်ဝဲနေသည်။ ကျူးချွယ့်ကလန် ခေါင်းဆောင်သည်လည်း တိုက်ခိုက်မှုကို ရပ်တန့်သည်။
အခြား ပြန်လည်မွေးဖွားခြင်း အဆင့် နှစ်ယောက်သည်လည်း ကျူးခုန်၏ အသံကို ကြားသည်။
သူတို့သာ ဆက်လက် တိုက်ခိုက်နေလျှင် သူတို့သည် တိုက်ပွဲ၌ သေခြင်းနှင့် အဆုံးသတ်ရလိမ့်မည် ဖြစ်ကာ သူတို့၏ မျိုးနွယ်တစ်ခုလုံးသည်လည်း သုတ်သင်ခံရမည် ဖြစ်၏။
ရှားရှင်းယွန်သည် ဤနေရာသို့ စစ်တပ် ယူဆောင်လာခြင်းမှာ စစ်ရေးလာပြခြင်း မဟုတ်ဘဲ အမှန်တကယ် အဆုံးသတ်လိုခြင်း ဖြစ်သည်။ သူမသည် သူမ၏ ရန်သူအပေါ် ထောက်ထား ညှာတာခြင်း မပြုလိုပေ။ သူမ၏ လုပ်ဆောင်ချက်တိုင်းသည် သူမ၏ ရန်သူများကို ပြင်းထန်စွာ ရင်ဆိုင်တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲကွင်းပြင်မှ တိုက်ခိုက်နေမှုများသည် အားလုံး ရပ်တန့်သွားကြသည်။ သို့သော်လည်း မျိုးနွယ်စုသုံးခုမှ တန်ခိုးရှင်များသည် အဝိုင်းခံထားရဆဲ ဖြစ်၏။
လူတိုင်းသည် ရှားရှင်းယွန်၏ အမိန့်ကို စောင့်ဆိုင်းနေကြသည်။
မရေတွက်နိုင်သည့် မျက်လုံးအစုံတို့မှာ လေထဲရှိ အမျိုးသမီးထံသို့ ကျရောက်လာကြသည်။ သူမ၏ မျက်လုံးများက အေးစက်နေပြီး သူမ၏ မျက်နှာက ခံစားချက်ကင်းမဲ့နေသည်။
ပြန်လည်မွေးဖွားခြင်းအဆင့် ခုနစ်ယောက် ဦးဆောင်သည့် မျိုးနွယ်စု ခုနစ်ခုမှ လက်ရွေးစင်များမှာ ချန်ယဲ့မြို့သို့ လာရောက်၍ ရီဖူရှင်းကို သတ်ကာ အမွေအနှစ်များကို လုယူရန် ကြိုးစားခဲ့ကြသည်။
ထို့ကြောင့် သူမသည် ဤမျိုးနွယ်စုသုံးခု အပေါ်၌ သူမ ခံစားခဲ့ရသကဲ့သို့ ခံစားရစေလိုသည့် ရည်ရွယ်ချက်ရှိကာ အလျှော့ပေးရန် အနည်းငယ်မျှပင် ရည်ရွယ်မထားပေ။
“သူတို့ရဲ့ ကျင့်ကြံဆင့်တွေကို အချိန်တစ်ခုထိ ချိပ်ပိတ်ထားလိုက်” ရှားရှင်းယွန်က အေးစက်စွာ ပြောသည်။
“မင်း …” ကျူးခုန်နှင့် အခြားလူများသည် ရှားရှင်းယွန်ကို မော့ကြည့်သည်။ သူတို့၏ မျက်လုံးများတွင် ဒေါသအမျက်တို့ဖြင့် ပြည့်နှက်နေပြီး သူတို့၏ ခန္ဓာမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်အေးစက်နေ၏။
“ခုခံမယ်ဆိုရင် ရှင်တို့တွေက ဟန်ဆောင် အညံ့ခံတယ်လို့ ယူဆပြီး နေရာတင် အကုန် သုတ်သင်ပစ်မယ်။ အညံ့ခံဖို့ စဉ်းစားပေးမှာ မဟုတ်ဘူး” ရှားရှင်းယွန်၏ အသံက ပြတ်သားနေကာ သူမသည် မျိုးနွယ်စုသုံးခုအား အနည်းငယ်မျှပင် အခွင့်အရေး မပေးပေ။
အကယ်၍ သူတို့သာ ခုခံခဲ့လျှင် အညံ့ခံနိုင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ဘဲ နေရာ၌ပင် အသတ်ခံရလိမ့်မည် ဖြစ်သည်။
ပြန်လည်မွေးဖွားခြင်း အဆင့် သုံးယောက်၏ အကြည့်များသည် အလွန် မှောင်မည်းသွားသည်။ သူတို့သည် ယခင်က ထိုသို့ ကြီးစွာသော စော်ကားမှုမျိုးကို မခံစားကြရဖူးပေ။
ထို့ပြင် သူတို့၏ ကျင့်ကြံခြင်းအဆင့်များက အချိန်တစ်ခုထိသာ ချိပ်ပိတ်ခံရမည် ဖြစ်သော်လည်း သူတို့သည် ခုတ်ဖြတ်ရန် လည်စင်း ပေးလိုက်ရသည်နှင့် တူပေသည်။ သူတို့သည် ရှားရှင်းယွန်က သူတို့အပေါ် လုပ်သမျှကို ကန့်ကွက်နိုင်စွမ်းပင် ရှိလိမ့်မည် မဟုတ်ပေ။
သူတို့သည် အကြွင်းမဲ့ အကူအညီ ကင်းမဲ့ကာ နာခံမှုကို ပြသရတော့မည် ဖြစ်၏။
သို့သော်လည်း ထိုသည်ကို ကန့်ကွက်ရန် မဖြစ်နိုင်ပေ။
ခုခံသူ မည်သူမဆို သတ်ဖြတ်မည်ဟု ရှားရှင်းယွန်က ကြေညာခဲ့ပြီး ဖြစ်သည်။
မျိုးနွယ်စုသုံးခုမှ တန်ခိုးရှင်များသည်လည်း အင်ပါယာရှားဘုံ၏ ဘက်တွင် ရပ်တည်ကာ သစ္စာခံခဲ့ပြီး ဖြစ်သည်။ ရီဖူရှင်းကို ဆန့်ကျင် တိုက်ခိုက်ခဲ့ကြပြီး သူတို့အားလုံးသည် ရှားရှင်းယွန်၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို လုံးလုံးလျားလျား လျစ်လျူရှု ခဲ့မိပုံပေါ်လေသည်။ အင်ပါယာရှားဘုံ၏ ပါရမီရှင် မင်းသမီးလေးသည် အဆုံးတွင်တော့ ရန်ဟောင်တစ်ပါး၏ မျိုးဆက်ဖြစ်နေဆဲပင် ဖြစ်၏။ သူမ၏ ဒေါသကို ဆွမိခြင်းသည် သူမကို ဆန့်ကျင်သည့် မျိုးနွယ်စုသုံးခု၏ လွတ်လမ်းများကို ဖြတ်တောက် ပစ်ခံရခြင်းသာ အဖတ်တင်ပေလိမ့်မည်။
သူတို့သည် အပြင်လူကို အညံ့ရန် ဆန္ဒမရှိဟု ဆိုခဲ့ကြသည်။
ယခုအခြေအနေသည် ရှုံးနိမ့်ခဲ့သည့် မျိုးနွယ်စုသုံးခုသည် အပြင်လူကို အညံ့ခံသည်ဟူသော အခြေအနေထက် ပိုခဲ့ပြီ ဖြစ်သည်။
“ကျုပ်တို့ရဲ့ အညံ့ခံလိုတဲ့ ဆန္ဒကို ဖော်ပြခဲ့ပြီးပါပြီ မင်းသမီလေး၊ အရမ်း မလွန်လာပါနဲ့” ကျူးခုန်က ပြောသည်။
“အရှုံးသမားတွေမှာ ညှိနှိုင်းနိုင်တဲ့ အခွင့်အရေး မရှိဘူး။ သေမလား ရှင်မလား ရှင်တို့ ရွေးချယ်
ရှားရှင်းယွန်က အလွန် ရင့်သီးသော အမူအရာနှင့် ပြန်ပက်လိုက်ကာ အခြားဘာမှ ထပ်ပြောရန် အပင်ပန်း မခံတော့ချေ။ ထို့နောက် သူမက အမိန့်ပေးလိုက်၏။
“လုပ်လိုက်တော့”
အခုထိတောင် ရှင်တို့က ပြန်လည်မွေးဖွားခြင်း အဆင့်ရဲ့ ဂုဏ်သိက္ခာကို ပြောချင်နေသေးတာလား။
ရှင်တို့ အားလုံး ခုထိ အိပ်မက်မက် နေသေးတာလား။
ကျူးခုန်နှင့် အခြားလူများသည် အနည်းငယ် တုန်လှုပ်သွားကြသည်။ ထိုသည်က ရိုးရှင်းစွာ မထီမဲ့မြင်ပြုခြင်း မဟုတ်တော့ပေ။
ရှားရှင်းယွန်က အရှုံးသမားတွေမှာ ညှိနှိုင်းနိုင်သည့် အခွင့်အရေးမရှိ ဟု ဆိုခဲ့သည်။
ရှားရှင်းယွန်သည် သူတို့ကို အခွင့်အရေး အနည်းငယ်မျှပင် ပေးလိုသည့် ဆန္ဒမရှိပေ။ သူတို့သာ အသက်ရှင်ဖို့ ရွေးချယ်လိုက်လျှင် သူတို့၏ ဂုဏ်သိက္ခာ အပါအဝင် အရာအားလုံးကို ဘေးချိတ်ထားရတော့မည် ဖြစ်ကာ သေခြင်းကို ရွေးချယ်လိုက်လျှင် အနည်းဆုံးတော့ ဝင့်ကြွားစွာ သေဆုံးနိုင်မည် ဖြစ်သည်။
လီဟန်ဓားသမားသည် သူ၏ ဓားစွမ်းအားများကို စုစည်းလိုက်ပြီး လျင်မြန်စွာဖြင့် ကျူးခုန်ထံသို့ တိုးဝင်သွားသည်။ အခြားသော ပြန်လည်မွေးဖွားခြင်း အဆင့် နှစ်ယောက်သည်လည်း တစ်ချိန်တည်းမှာပင် လှုပ်ရှားလိုက်ကာ သူတို့ ယခင်က တိုက်ခိုက်နေသည့် သူများထံ ဦးတည်လိုက်ပြီး တောင့်ခံရန် ခက်ခဲစေမည့် ကြောက်မက်ဖွယ် စွမ်းအားများကို ဖော်ထုတ်သည်။
ကျူးခုန်သည် သူ၏ ခေါင်းကို ကောင်းကင်သို့ ပင့်မကာ ကြည့်သည်။ လီဟန်ဓားသမားသည် ပြင်းထန်သည့် ဓားစွမ်းအားများ လွှမ်းခြုံ၍ အလွန်ပင် နီးကပ်လာနေသည်။
ကျူးခုန်သည် သူ၏ လက်သီးကို ကျစ်ကျစ် ဆုပ်လိုက်ပြီး သူ၏ စွမ်းအား အရှိန်အဝါများက အော်မြည်လာသည်။
“ခေါင်းဆောင်”
ထို့နောက် မကြာခင်၌ အက်ကွဲသည့် ဆူညံသံကို ကြားလိုက်ရသည်။ ကျူးခုန်သည် သူ၏ နှလုံးသားက သွေးစိမ်းရှင်ရှင် ယိုထွက်နေသည်ဟု ခံစားလိုက်ရသည်။
ကျူးခုန်သည် မျိုးနွယ်စုကိုးခု၏ ခေါင်းဆောင်တစ်ဦး ဖြစ်ရန် နီးစပ်ခဲ့သူ ဖြစ်သော်လည်း သူသည် အခုချိန်၌ ထိုသို့ အဆုံးသတ်ရတော့မည် ဖြစ်သည်။
လီဟန်ဓားသမားသည် အလွန်ပင် နီးကပ်လာနေသည်။ ဓားစွမ်းအားများက သူ့ကိုယ်ကို နစ်မြုပ်ထားပြီး ကျူးခုန်၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များက အော်မြည်နေသည်။
ထို့နောက် သူသည် မျက်လုံးများကို မှိတ်လိုက်ကာ ပြင်းထန်သည့် မီးတောက်များက ချက်ချင်း ငြိမ်းသေသွားခဲ့ပြီး အစအနပင် မကျန်အောင် ကွယ်ပျောက်သွားခဲ့သည်။
ဤသည်မှာ သူ၏ ရွေးချယ်မှုဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
လီဟန်ဓားသမားသည် မရေတွက်နိုင်သည့် ဓားစွမ်းအားများကို လမ်းညွှန်လိုက်ကာ သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားစေသည်။ ထိုတိုက်ခိုက်မှုသည် သူ့ကို သတ်ဖြတ်ရန် မရည်ရွယ်သကဲ့သို့ သူ၏ ကျင့်ကြံဆင့် အားလုံးကို ဖျက်ဆီးခဲ့သည်လည်း မဟုတ်ပေ။ ယင်းသည် အချိန်တစ်ခုထိသာ သူ့ကို မသန်စွမ်း ဖြစ်သွားစေရန် ရည်ရွယ်ပေသည်။
ဓားအသိများသည် ကျူးခုန်ကို ဖြတ်ကာ ပေါက်ကွဲထွက်လာပြီး သူ့ ခန္ဓာကိုယ်မှ အရာရာကို ဖျက်ဆီးပစ်သည်။ သူသည် ညည်းညူလိုက်ကာ ပါးစပ်မှ သွေးတစ်ပွက် အန်ထုတ်သည်။ သူ့အရှိန်အဝါက လျင်မြန်စွာ အားနည်းသွားခဲ့၏။
ပြန်လည်မွေးဖွားခြင်း အဆင့်နှစ်ယောက် သည်လည်း သူတို့၏ ရွေးချယ်မှုများကို ပြုလုပ်ခဲ့ကြသည်။ ကျူးခုန်ကဲ့သို့ပင် သူတို့သည်လည်း ခုခံရန် မရွေးချယ်ခဲ့ကြပေ။
ရွှမ်ယွင်နန်းတော် သခင်သည် သူ၏ ပြင်းထန်သော လက်သီးချက်ကို ကျုံးလော်တိုက်ပွဲ သဏ္ဌာန်ပေါ်သို့ ထိုးနှက်လိုက်ကာ ပျက်စီးပြိုကွဲ သွားစေသည်။ ထိုသည်က ကျုံးလော်ကို သူ၏ အတွင်းကလီများ အပိုင်းပိုင်း စုတ်ပြဲပျက်စီး သွားပြီဟုပင် ခံစားမိစေသည်။ သူသည် သာမန် အခြေအနေသို့ ပြန်ရောက်သွားပြီး သူ၏ အရှိန်အဝါများသည် လျင်မြန်စွာ ကျဆင်းသွားခဲ့သည်။
တူညီစွာပင် ဝူးမျိုးနွယ်ခေါင်းဆောင် သည်လည်း ထိုသို့ ဖြစ်ပွားခဲ့သည်။
ပြန်လည်မွေးဖွားခြင်း အဆင့် သုံးယောက်သည် တစ်ခဏအတွင်းပင် ကျင့်ကြံခြင်း အဆင့်များ ဖျက်ဆီးခံရကာ မသန်စွမ်း ဖြစ်သွားရ၏။ သူတို့ကို တိုက်ခိုက်ခဲ့သည့် သုံးယောက်မှာ အနည်းငယ်မျှပင် ထောက်ထားညှာတာမှု မရှိခဲ့ပေ။
“သူတို့ သုံးယောက်ကို ဆွဲခေါ်ခဲ့။ အင်ပါယာရှားဘုံကို ပြန်ကြမယ်။ သူတို့မျိုးနွယ်က ကျန်တဲ့လူတွေ အားလုံးကိုတော့ နန်လိမျိုးနွယ်၊ ကျူးချွယ့်မျိုးနွယ်နဲ့ ပေ့လိမျိုးနွယ်က ကြည့်စီစဉ်ပြီး အုပ်ချုပ်ထားလိုက်” ရှားရှင်းယွန်က အမိန့်ပေးသည်။ ကျူးခုန်နှင့် အခြားလူများသည် သွေးဆုတ်ဖြူရော် သွားခဲ့၏။
သူမက သူတို့ မျိုးနွယ်တွေကို အပိုင်းပိုင်း ဖြိုခွဲပစ်ရန် လုပ်ဆောင်ခဲ့သည်။
ရှားရှင်းယွန်သည် သူတို့ကို အင်ပါယာရှားဘုံ အတွက် အလုပ်လုပ်ပေးရန် ရည်ရွယ်ခဲ့လျှင် သူတို့က ပုန်ကန်မည့် အတွေးမျိုး မတွေးနိုင်စေရန် သေချာ စီမံထားလိမ့်မည် ဖြစ်သည်။
ထိုသည်က အလွန်ရက်စက် လှပေသည်။
အင်ပါယာရှားဘုံသည် သွေးနဂါးဘုံ မဟုတ်ချေ။ ထိုနေရာသည် အင်ပါယာရှားက အပြည့်အဝ လွှမ်းမိုးထားသည်။ စစ်သုံ့ပန်းများနှင့် သစ္စာခံလာသည့် သူများမှာ သူတို့ အမိန့်ပေးသမျှ တာဝန် မည်သည်ကိုမဆို လုပ်ဆောင် ပေးကြရပေသည်။ မဟုတ်လျှင် အင်ပါယာရှားက သူတို့ကို အမေးအမြန်း မရှိ သတ်ဖြတ်လိမ့်မည် ဖြစ်သည်။
ထို့ပြင် သူတို့သည် ထွက်ပြေးနိုင်လိမ့်မည်လည်း မဟုတ်ပေ။ သူတို့၏ မျိုးနွယ်ဝင်များသည် သွေးနဂါးဘုံတွင် ထိန်းချုပ်ခံထားရပေသည်။
“ပြီးတော့ နန်လိမျိုးနွယ်၊ ကျူးချွယ့်မျိုးနွယ်နဲ့ ပေ့လိမျိုးနွယ်က သွေးနဂါးဘုံမှာပဲ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြတယ်။ အဲဒါကြောင့် ရှင်တို့တွေက ပြင်ပဘုံတွေနဲ့ အဆက်အသွယ် မရှိဖူးဘူးဆိုတာ ခန့်မှန်းလို့ရတယ်။ အဲဒါကြောင့် ရှင်တို့ မျိုးနွယ်စုက လူတွေကို အင်ပါယာရှားဘုံမှာ အချိန်တစ်ခုထိ လာရောက်ကျင့်ကြံဖို့ ဖိတ်ခေါ်ချင်တယ်။ ရှင်တို့ ဘယ်လိုထင်လဲ” ထို့နောက် ရှားရှင်းယွန်က ဆက်ပြောသည်။ “ရှင်တို့ လူတွေရဲ့ လုံခြုံရေးကို အင်ပါယာရှားဘုံက ဂရုစိုက်ပေးမှာပါ”
ရှားရှင်းယွန်က မည်သည်ကို ဆိုလိုချင်နေသည်လဲ နားမလည်သူ တစ်ယောက်မှ မရှိပေ။ သူမသည် အင်ပါယာရှားဘုံသို့ ဓားစာခံများ ခေါ်ဆောင်သွားချင်သည်ဟု ပြောနေခြင်း ဖြစ်ပေသည်။
ရှားရှင်းယွန်က သူတို့ကို မယုံကြည်ပေ။
သို့သော်လည်း ထိုသည်က ကျိုးကြောင်း ဆီလျော်ပေသည်။ ယခင်က သူတို့ မျိုးနွယ်သုံးခုမှာ ကျူးခုန်နှင့်အတူ ချန်ယဲ့မြို့သို့ ချီတက်ရာတွင် ပါဝင်ခဲ့သည် မဟုတ်ပါလား။ ထို့နောက် သူတို့သည် ရီဖူရှင်းကို ဆန့်ကျင်ခြင်းက သူတို့အတွက် အသာစီး မရနိုင်သည်ကို မြင်သည့်အခါမှ ရီဖူရှင်းဘက်သို့ ပြောင်းလဲ ရပ်တည်ခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ရှားရှင်းယွန်သည် သူတို့ကို အပြည့်အဝ ယုံကြည်စရာ အကြောင်းမရှိပေ။
ယခင်က အင်ပါယာရှားဘုံမှ မင်းသမီးကို မည်သူကမှ သတိမပြုမိခဲ့ကြပေ။ ယခု ဖြစ်ပွားနေသည့် အရာများကို ကြည့်လျှင် သူမသည် အလွန်ရက်စက်ပြီး ဆုံးဖြတ်ချက် ပြတ်သားသူတစ်ဦး ဖြစ်ကြောင်း သိနိုင်လေသည်။ ထို့ပြင် မည်သူ့ကိုမှလည်း မျက်နှာသာ မပေးခဲ့ပေ။
သို့သော်လည်း သူမ ထိုသို့ လုပ်ခဲ့သည့် အကြောင်းရင်းမှာ ထိုမျိုးနွယ်စုများသည် သူမကို သစ္စာမဖောက်စေရန်နှင့် ရီဖူရှင်းကို မခြိမ်းခြောက်နိုင်စေရန် သေချာအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်လေသည်။ သူမဘက်မှ ကြည့်လျှင် ထိုသည်က ရီဖူရှင်း အတွက်ဖြစ်စေ ချန်ယဲ့မြို့အတွက် ဖြစ်စေ ကျိန်းသေ လုပ်ဆောင်သင့်သည့် အရာ ဖြစ်လေသည်။
သူတို့က သစ္စာခံရန် ဆုံးဖြတ်ခဲ့ပြီ ဖြစ်သည့်အတွက် အခုချိန်မှာ သူတို့၏ စစ်မှန်မှုကို ပြသရတော့မည့် အချိန် ဖြစ်ပေသည်။
“ကောင်းပါပြီ” ပေ့လိမျိုးနွယ် ခေါင်းဆောင်က ပြောသည်။ “ဒါက ကျွန်တော့်သား ပေ့လိချွမ်းပါ။ သူက ရှန့်ထိုအဆင့်ကို မတက်ရောက်နိုင်တာ အတော်ကြာပြီ။ အခု သူက သူ့လူ နည်းနည်းခေါ်ပြီး အင်ပါယာရှားဘုံကို လိုက်ပါလိမ့်မယ်။ မင်းသမီးက သူတို့ကို စောင့်ရှောက်ပေးမယ်လို့ မျှော်လင့်ပါတယ်။”
“ကျွန်မ စကားတည်ပါတယ်” ရှားရှင်းယွန်က ပေ့လိမျိုးနွယ် ခေါင်းဆောင်ကို ကြည့်ကာ ခေါင်းညိတ်ရင်း ပြောသည်။
“မြေခွေးအိုကြီး” နန်လိမျိုးနွယ် ခေါင်းဆောင်သည် စိတ်ထဲမှ ကျိန်ဆဲသည်။ ပေ့လိမျိုးနွယ်သည် ရီဖူရှင်းကို ဆန့်ကျင်မည့် မည်သည့်အရာကို မလုပ်ဆောင်ဖူးပေ။ ယခုတွင် သူတို့၏ ခေါင်းဆောင်သည် ပူးပေါင်းရန် ဆန္ဒရှိကြောင်း ပထမဆုံး ဖော်ပြသူ ဖြစ်ပေသည်။ သူသည် တကယ့်ကို ကောက်ကျစ်လှသည့် မြေခွေးအိုကြီးအား လေးစားမိသွားသည်။ မျိုးနွယ်စုကိုးခု ခေါင်းဆောင်များတွင် ရီဖူရှင်း အယုံကြည်ဆုံးမှာ ဝူယုံး ပြီးလျှင် ပေ့လိမျိုးနွယ် ခေါင်းဆောင် ဖြစ်နိုင်ပေသည်။
ပေ့လိမျိုးနွယ် ခေါင်းဆောင်သည် သူ၏ သစ္စာရှိမှုအား ပြသခဲ့သည့်အတွက် အခြားမျိုးနွယ်စုများ မှာလည်း တူညီစွာပင် သူတို့၏ အရေးကြီးသော သူကို အင်ပါယာရှားဘုံသို့ ပို့ဆောင် ပေးရတော့မည် ဖြစ်သည်။
ဤသို့နှင့်ပင် မျိုးနွယ်စု ကိုးခုသည် ရီဖူရှင်းနှင့် ရှားရှင်းယွန်၏ အုပ်ချုပ်မှုအောက်သို့ လုံးလုံးလျားလျား ကျရောက် သွားပေတော့သည်။
***