အပိုင်း(၁၂၆၈)

ကြယ်ဆွတ်လက်ရှန့်ထို

မျိုးနွယ်စုကိုးခု၏ ခေါင်းဆောင်များတွင် တစ်ဦးမှာ ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးဖြစ်သည်။ ယခုတွင် ခေါင်းဆောင်ရှစ်ဦးသာ ကျန်တော့၏။

နန်လိမျိုးနွယ် ခေါင်းဆောင်နှင့် ကျူးချွယ့်မျိုးနွယ် ခေါင်းဆောင်တို့ သူ့ကို အညံ့ခံပြီးနောက်တွင် မျိုးနွယ်စုလေးခုမှာ ရီဖူရှင်းအား အင်ပါယာခွာ၏ ဆက်ခံသူအဖြစ် အသိအမှတ်ပြုလျက် မဟာမိတ်များ ဖြစ်သွားပြီဟု ဆိုနိုင်ပေသည်။ သူတို့က ရီဖူရှင်းအတွက် အလုပ်လုပ် ပေးလိုကြသည်။

မျိုးနွယ်စုရှစ်ခုက နှစ်ခြမ်း ကွဲသွားသောအခါ နှစ်ဖက်အင်အားမှာ ညီမျှလုနီးပါး ဖြစ်လာခဲ့တော့သည်။

အခြေအနေက ဤသို့ဖြစ်လာမည်ဟု မည်သူမှ မထင်ထားခဲ့ကြ။ မျိုးနွယ်စု ခုနစ်ခုက ရီဖူရှင်းအား ဝိုင်းဝန်း တိုက်ခိုက်ကြသောအခါ တစ်ဖက်သတ် တိုက်ပွဲဖြစ်လာမည်ဟု လူအများက ထင်မှတ်ခဲ့ကြသည်။

ထို့အပြင် ရီဖူရှင်းအား အစာအနေဖြင့် သတ်မှတ်ကာ လူအများက ပါဝင် ပတ်သက်လာသောအခါ သူ့တွင် နေရာတိုင်း၌ ရန်သူ ရှိနေသကဲ့သို့ပင် ထင်မှတ်ရသည်။

လူတစ်ယောက်၏ ကျဆုံးခြင်းသည် သူ၏ပိုင်ဆိုင်မှုကြောင့် ဖြစ်၏။ အင်ပါယာခွာ၏ အမွေအနှစ်က ရီဖူရှင်း၏ အဆုံးသတ် ဖြစ်သွားစေနိုင်ပေသည်။

သို့သော်လည်း အခြေအနေက မထင်မှတ်ထားအောင် ပြောင်းလဲခဲ့သည်။ ရီဖူရှင်းဘက်မှ အင်အားစုမှာ အမှန်တကယ် ကြီးထွားလာခဲ့သည်။

ထို့အပြင် ရီဖူရှင်းသည် အင်ပါယာခွာ၏ စိတ်အသိကို အသက်သွင်းကာ အလွန်အားကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်ခဲ့၏။

အားလုံး နားလည်ထားကြသည်မှာ ရီဖူရှင်းသာ ထိုသို့သော စွမ်းအားမျိုးကို မထုတ်ဖော်ခဲ့လျှင် ပြန်လည်မွေးဖွားခြင်း အဆင့်နှစ်ဦးက သူ့ဘက်သို့ ရောက်လာမည် မဟုတ်ဟူ၍ပင်။

ကျူးချွယ့်မျိုးနွယ် ခေါင်းဆောင်က ကျူးခုန်နှင့် တိုက်ခိုက်သည်။ နန်လိမျိုးနွယ် ခေါင်းဆောင်က ကျုံးလော်ထံသို့ လှမ်းသွားလိုက်သည်။ ပေလိမျိုးနွယ် ခေါင်းဆောင်က ဝူးမျိုးနွယ်စု ခေါင်းဆောင်နှင့် တိုက်ခိုက်စဉ် ဝူယုံးက ကျူးမျိုးနွယ်ခေါင်းဆောင်ကို အာရုံစိုက်သည်။ ဝူယုံးက သူ့ပြိုင်ဘက်ထံသို့ လျှောက်သွားလိုက်သည်။

လာမည့်တိုက်ပွဲကား သံသယဖြစ်စရာ မလိုအောင်ပင် မျိုးနွယ်စုရှစ်ခု အကြား ပြည်တွင်းစစ်ကြီး ဖြစ်ပေသည်။

တိုက်ပွဲက မည်သို့ပင် အဆုံးသတ်ပါစေ၊ တစ်ခု သေချာသည်ကား အင်ပါယာခွာ၏ မျိုးနွယ်စုကိုးခုမှာ ထပ်မံ၍ မရှိနိုင်တော့။ သည်တိုက်ပွဲအပြီးတွင် တစ်ဖက်က သေချာပေါက် အုပ်စိုး မင်းမူပေတော့မည်။

နှစ်ပေါင်းများစွာ ညီမျှနေခဲ့သော ချိန်ခွင်မှာ လုံးဝ ပြောင်းလဲ သွားပေတော့မည်။ ထိုအရာများအားလုံးမှာ ရီဖူရှင်း ပေါ်ထွက်လာခြင်းကြောင့်ဖြစ်၏။

သို့သော်လည်း ကျူးကလန်က ဝူကလန်ကို သိမ်းပိုက်နိုင်မည်လား၊ ရီဖူရှင်းက မျိုးနွယ်စုကိုးခုကို ဦးဆောင်ကာ အနောက်ဘက်ဒေသအား အုပ်စိုးနိုင်မည်လားကို မည်သူမှ မသိကြပေ။

ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည်။ ကိုင်ရှန့်ထိုဘုရင်က တိုက်ပွဲများကို ခံစားချက်ကင်းမဲ့သော ပုံစံဖြင့် ကြည့်နေသည်။ အမှန်ပင် မည်သည့်အရာကိုမှ ပုံသေ သတ်မှတ်၍ မရပေ။

သွေးနဂါးဘုံ၏ လက်ရှိမျိုးဆက်တွင် ယူချင်းကဲ့သို့သောသူ ပေါ်ထွက်လာခဲ့သည်။ ယခု ရီဖူရှင်းကိုလည်း ထည့်သွင်းစဉ်းစားရန် လိုပေသည်။

ရှင်းညီနောင်တို့ အတွက် ခက်ခဲသော ပြိုင်ဘက်များ တွေ့သည်မှာ သေချာသည်။

ဒေသဘုရင်အဆင့်တွင် ရှိနေသော ရှင်းခိုင်အတွက် သည်အခြေအနေက သိပ်ဖိအား မရှိနိုင်သော်လည်း ရှင်းချိုးကား သွေးနဂါးမြစ်ကမ်း တိုက်ပွဲတွင် ယူချင်းကို ရှုံးနိမ့်ခဲ့သည်။ ရီဖူရှင်းနှင့် ယူချင်းတို့ နှစ်ယောက်လုံးသည် သူ၏ ကျင့်ကြံခြင်း လမ်းခရီးတွင် အတားအဆီး ဖြစ်လာသည်။

ကိုင်ရှန့်ထိုဘုရင်က လေထဲသို့ တက်ကာ အင်ပါယာခွာ၏ နှင်တံရှိရာသို့ ဦးတည်လိုက်သည်။ ယင်းကပင် သူ၏ကိုယ်ပိုင်စွမ်းအားကို မည်မျှယုံကြည်ကြောင်း ပြသနေသည်။

“ကိုင်ဟွမ် …” မင်းက လူငယ်မျိုးဆက် တစ်ယောက်ကို ဘယ်လိုလုပ် အနိုင်ကျင့်ရဲရတာလဲ။ မင်းက ကိုယ့်ကိုယ်ကိုယ် ပြန်လည်မွေးဖွားခြင်း အဆင့်လို့ သတ်မှတ်သေးရဲ့လား” အဝေးတစ်နေရာမှ ပျင်းရိသော အသံတစ်ခု ထွက်ပေါ်လာသည်။

သူ့ရှေ့ကို အဘိုးအိုတစ်ဦး ပေါ်လာသည်တွင် ကိုင်ဟွမ်က မျက်မှောင်ကြုတ်သည်။

“ကြယ်ဆွတ်လက်” ကိုင်ဟွမ်က နာမည်ခေါ်သည်။ သူက ဆက်လက်၍ မေးသည် “ခင်ဗျား ပြန်သက်သာလာပြီလား။ ကျုပ်ရှေ့ကို ပေါ်လာရဲတာလား”

“ငါ့ဒဏ်ရာတွေကို မင်းစိတ်ပူဖို့ မလိုဘူး။ အနည်းဆုံး မင်းကို ရင်ဆိုင်ဖို့ ပြဿနာမရှိဘူး” ရောက်လာသူကား ကြယ်ဆွတ်လက်ရှန့်ထို ဖြစ်သည်။

“ကြယ်ဆွတ်လက်ရှန့်ထို”

သူတို့၏စကားများကို နားထောင်နေကြသူများ အားလုံးက စိတ်လှုပ်ရှားသွားကြ၏။ သွေးနဂါးဘုံမှ နောက်ထပ် နာမည်ကျော်တစ်ဦး ရောက်လာခဲ့သည်။ ကြယ်ဆွတ်လက်၏ နာမည်ကား နေရာတိုင်းတွင် ကျော်ကြားပေသည်။

သူက ရီဖူရှင်းဘက်မှ ပါဝင်လာသည်မှာ သေချာ၏။

ကြယ်ဆွတ်လက်က ရီဖူရှင်းနှင့် မည်သို့ သိကျွမ်းခဲ့သည်ကို လူအများက စိတ်ဝင်စားမိကြ၏။

အဝေးမှ ကြည့်နေကြသော ကျူယန်ရှန့်ထိုနှင့် ချီကလန်တို့၏ အမူအရာမှာ သိပ်မကောင်းပေ။ ချီကလန်မှ မီးတောက်ကို ခိုးယူသွားသူမှာ ကြယ်ဆွတ်လက်ဖြစ်ကြောင်း သူတို့ သိကြသည်။ ကြယ်ဆွတ်လက်က ထိုမီးတောက်အား ရီဖူရှင်းကို ပေးခဲ့၏။

ထိုအပြုအမူက လက်ရှိအနေအထားသို့ ရောက်လာစေခဲ့သည်။ ကြယ်ဆွတ်လက်က မီးတောက်အား ရီဖူရှင်းကို မပေးခဲ့လျှင် သူသည် အင်ပါယာခွာ နယ်မြေသို့ သွားရောက်ခဲ့မည် မဟုတ်ပေ။

ကြယ်ဆွတ်လက်ကြောင့်သာ လက်ရှိ ရှုပ်ထွေးသော အနေအထားများ ဖြစ်လာခြင်းဟု ပြောနိုင်ပေသည်။

“ဒါဆိုလည်း …” ကိုင်ဟွမ်က ရှေ့သို့ တက်ကာ လက်ဝှေ့ယမ်းလိုက်၏။ ဧရာမလက်ဝါး ပုံရိပ်ကြီးသည် ကြယ်ဆွတ်လက်ထံသို့ ဦးတည်သွား၏။ လက်ဝါးပုံရိပ်ကြီးက ထိုနေရာ တစ်ခုလုံးအား ဖုံးသွားကာ ကြောက်မက်ဖွယ် ဖျက်ဆီးအားကို ပေးသည်။

ထိုနေရာတစ်ခုလုံး အပိုင်းပိုင်းစစ ဖြစ်သွားတော့မည် ကဲ့သို့ ထင်မှတ်ရသည်။

ဘုန်း …

ကျယ်လောင်စွာ တုန်ခါမှုနှင့်အတူ ကြယ်ဆွတ်လက်သည် ကြယ်တာရာများ၏ ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားသည်။ တလက်လက်ထသော ကြယ်တာရာများသည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွား၏။ ကြောက်မက်ဖွယ် လေဟာနယ် ထွင်းဖောက်ခြင်းစွမ်းအားသည် ကြယ်များ၏အပြင် အရံအတားကို ဖြတ်ကျော်ကာ ကြယ်ဆွတ်လက်ကို တိုက်ခိုက်သည်။ သို့သော်လည်း ကြယ်များအား တစ်ကြိမ်တည်းဖြင့် ဖျက်ဆီးခြင်းငှာ မစွမ်းသာပါချေ။

ပြန်လည်မွေးဖွားခြင်း အဆင့်များသည် မဟာလမ်းစဉ်နှင့် ပေါင်းစပ်ထားသည်မှာ ကြာလှပြီဖြစ်သည်။ သေခြင်းတရားသည် အတွေးတစ်ချက်မျှဖြင့် ဖြစ်ပေါ်နိုင်၏။ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းတို့အား စက္ကန့်ပိုင်းအတွင်း ဖော်ဆောင်နိုင်သည်။

ကြယ်ဆွတ်လက် အနီးတွင် ကြယ်တာရာများ ကွဲထွက် ဖြစ်ပေါ်လာသည်။ ကြယ်များအားလုံးမှာ အရွယ်အစား ကြီးမားကြ၏။ ထိုနေရာ တစ်ခုလုံးမှာ သီးသန့်ကမ္ဘာကဲ့သို့ ဖြစ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအားများ မွေးဖွားလာခဲ့လျှင် အဝေးတွင် ရပ်နေသူများပင် တုန်လှုပ်ကြရသည်။

သူ၏နာမည်အတိုင်း ကြယ်ဆွတ်လက်ကား ကြယ်တာရာများကို ခူးဆွတ်နိုင်ပေ၏။

ဘုန်း …

ကိုင်ဟွမ်က လေထဲဖြတ်သွားကာ ထိုနေရာမှ ရှောင်တိမ်းသွားရန် ပြင်သည်။

ကြယ်ဆွတ်လက်က လက်ကို ဆန့်တန်းကာ လေထဲကို ဖမ်းဆုပ်သည်။ ကြီးမားသော ထိုနေရာ တစ်ခုလုံးသည် သူ့လက်ဆုပ်ထဲတွင် ဖြစ်၏။ သူ့ခန္ဓာကိုယ်က မယုံကြည်နိုင်ဖွယ် ကောင်းအောင် မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။

အမြန်နှုန်းနှင့် ပတ်သက်ပါက ကြယ်ဆွတ်လက်ကား ပြိုင်စံရှားသူဖြစ်သည်။

ဝုန်း …

နှစ်ဦးသား မြန်ဆန်စွာ ရွေ့လျားရင်းဖြင့် ကောင်းကင်အပေါ်သို့ မျက်လုံးတစ်မှိတ် အတွင်း ရောက်လာကြသည်။ ကိုင်ရှန့်ထိုဘုရင်၏ အဆင့်တွင် သူသည် ဝေးလံသော အရပ်များအား မြန်ဆန်စွာ ရွေ့လျားနိုင်စွမ်း ရှိပေသည်။ သို့သော်လည်း သူက အပေါ်သို့ ရောက်လာသော အခါတွင်လည်း သူ့အနီးတွင် ကြယ်တာရာများ ဝိုင်းရံနေဆဲဖြစ်၏။

ကိုင်ဟွမ်က ကြယ်ဆွတ်လက်အား ကြည့်ကာ ပြောသည် … “ဒါဆို ခင်ဗျားလက်နဲ့ ကြယ်တာရာတွေကို ဖမ်းဆုပ်ပြီးတော့ လောကကြီးကို ခင်ဗျားလက်ထဲ ထည့်ထားနိုင်တာပေါ့”

“မဆိုးဘူး၊ မင်းက ငါ ဘယ်လိုစွမ်းလဲဆိုတာ ကြားဖူးသားပဲ။ တကယ်လို့ ငါ့ကို ဆရာတင်ရင်တော့ ငါမင်းကို သင်ပေးလို့ရတယ်” အဘိုးအိုက သမ္ဘာရင့်ဝါရင့်သည့်ဟန်ပင်ဖြင့် ပြုံးလျက်ပြောသည်။

“ခင်ဗျားက နဝမမြောက် အစေခံဆီမှာ ရှုံးခဲ့တာတောင်မှ လေကြီးနေသေးတယ်” ကိုင်ဟွမ်က ငေါ့တော့တော့ ပြောသည်။ အဆုံးအစမဲ့သော ရွှေရောင်အလင်းများ လေထဲ ကွဲထွက်လာခဲ့ကာ ပတ်ဝန်းကို ပျံ့နှံ့သွားခဲ့သည်။

“မင်းက ဘာလို့ ကလေးကို အနိုင်ကျင့် နေတာလဲ” အဘိုးအိုက ဂရုမစိုက်ဘဲ မဲ့ပြုံးပြုံး၏။ သူက လက်ဝှေ့ယမ်းလိုက်လျှင် ဧရာမကြယ်ကြီးတစ်လုံး ပေါ်လာခဲ့ပြီး ကိုင်ဟွမ်ထံသို့ ဦးတည်သွားသည်။

သူတို့၏ ပတ်ဝန်းကျင်တစ်ခုလုံး ထိုင်းမှိုင်း လေးလံသွားသည်။ ဧရာမကြယ်ကြီးက အရာအားလုံးကို သတ်ဖြတ်လို၏။

ချင်ယဲ့မြို့မှ မရေမတွက်နိုင်သော လူများသည် အပေါ်ကို မော့ကြည့်နေကြရာ ကောင်းကင်မှ ကျဆင်းလာသော ကြယ်ကြီးအား မြင်ကြသည်။ သူတို့အားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။

ကြယ်ဆွတ်လက်နှင့် ကိုင်ရှန့်ထိုဘုရင်တို့ နှစ်ဦးလုံးသည် သွေးနဂါးဘုံတစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြားသူများ ဖြစ်ကြသည်။ သူတို့နှစ်ဦးအကြားမှ တိုက်ပွဲသည်လည်း ကြောက်မက်ဖွယ် ကောင်းသည်ထက် ပို၏။

ချင်ယဲ့မြို့ မုန်တိုင်းမှာလည်း တဖြည်းဖြည်း ကြီးမားလာချေ၏။

“ဟွမ့် …” ကိုင်ဟွမ်က နှာခေါင်းရှုံ့ကာ မဲ့ပြုံးပြုံးသည်။ အလင်းများ ဖြတ်သန်းစီးဆင်းလျက် သူသည် မားမားမတ်မတ် ရပ်နေဆဲဖြစ်၏။ မဟာလမ်းစဉ်၏ လေဟာနယ်ဓာတ်သည် ပတ်ဝန်းကျင် တစ်ခုလုံးအား ခြုံလွှမ်းထားသည်။ ဧရမကြယ်ကြီးက သူ့အပေါ်ကို ကျဆင်းလာသည့်တိုင် သူကား ရှောင်တိမ်းခြင်း ပိတ်ဆို့ခြင်းများ ပြုလုပ်မည့်ဟန်ပင် မရှိပေ။

ကြယ်ကြီးက သူ့အပေါ်ကို ကျဆင်းလာတော့မည့် အချိန်တွင် သူက လက်ညှိုးအား ရှေ့သို့ ထိုးလိုက်သည်။ အဆုံးအစမဲ့သော မဟာလမ်းစဉ်၏ လေဟာနယ်ဓာတ်များသည် ကြယ်ကြီးအား နှေးကွေးသွားစေသည်။ ကြယ်ကြီးမှာ လေဟာနယ်ဓာတ်များ၏ ရစ်ပတ်ခြင်းကို ခံရ၏။

ကိုင်ဟွမ်က အပေါ်သို့ တက်ကာ ကြယ်ကြီးအား လက်ညှိုးဖြင့် ထိုးလိုက်သည်။ ကြယ်ကြီးထံမှ မဟာလမ်းစဉ်၏ လေဟာနယ်ဓာတ်သည် ပေါက်ကွဲထွက်လာခဲ့ကာ ဘန်းခနဲ မြည်သံနှင့်အတူ အပိုင်းပိုင်းအစစ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ကြယ်ခူးဆွတ်လက်က ထိုမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်သည်။ သူက လက်ကို ဝှေ့ယမ်းလျှင် ကြယ်များအားလုံးကို ကိုင်ဟွမ်ထံသို့ ကျဆင်းစေတော့သည်။

အဆုံးအစမဲ့သော ကြယ်ကြီးများ ကျဆင်းလာသောအခါ ကိုင်ဟွမ်၏ တည်ရှိမှုသည် အလွန်တရာ သေးငယ်လွန်းပေတော့သည်။

“ဒီတိုက်ကွက် …” ပရိသတ်များအားလုံး၏ စိတ်နှလုံးက တင်းကျပ်နေတော့သည်။ အပေါ်မှ လူနှစ်ဦး၏ တိုက်ခိုက်မှုမှာ သူတို့ကို အသက်ရှူမှားစေ၏။

သူတို့တိုက်ပွဲမှလွဲ၍ တခြား အာရုံစိုက်ရမည့် တိုက်ပွဲမှာ သိပ်မရှိပေ။

သို့သော်လည်း ထိုအခိုက်တွင် ယူချင်းက တစ်နေရာသို့ ကြည့်လိုက်သည်။

အဝေးမှ ရှင်းချိုးသည် တစ်စုံတစ်ခုအား ခံစားမိသည်။ ယူချင်းက သူ့အား ဒေါသတကြီး ကြည့်နေသည်ကို မြင်လျှင် သူက မျက်မှောင်ကြုတ်၏။

ထိုအခိုက်တွင် ယူချင်း၏သန်မာသော ပုံရိပ်သည် လေထဲတွင် ပေါ်လာခဲ့၏။ ထိုနေရာမှ ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင်များ တိုက်ခိုက်နေကြသော စစ်မြေပြင်တွင် ယူချင်းက ရှင်းချိုးထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။

သွေးနဂါးမြစ်ကမ်းတိုက်ပွဲ၏ နောက်ဆက်တွဲအား သည်နေရာတွင် အဆုံးသတ်ရပေမည်။

ရှင်းချိုးက ကိုင်ရှန့်ထိုဘုရင်အား ပါဝင်တိုက်ခိုက်ရန် လှုံ့ဆော်ခဲ့သည်။ ထို့အပြင် ရှင်းချိုးသည် အတိတ်က သူနှင့် တိုက်ခိုက်ဖူး၏။

ထို့ကြောင့် ယူချင်းက ချင်းချိုးအပေါ်တွင် သက်ညှာရန် ဆန္ဒမရှိပေ။

ရှင်းချိုး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ယနေ့ သူက ကိုင်ရှန့်ထိုဘုရင်နှင့်အတူ ရောက်လာခြင်းဖြစ်သည်။ သူ၏ အဆင့်အတန်းနှင့် ကိုင်ရှန့်ထိုဘုရင်တို့၏ အဆင့်အတန်းဖြင့် ဆိုပါက မည်သူမှ သူတို့ကို ထိရဲမည် မဟုတ်ပေ။

သို့သော်လည်း လက်ရှိတွင် တစ်စုံတစ်ယောက်က သူ့အား အန္တရာယ်ပေးလို၏။

ဘုန်း …

ချက်ချင်းပင် ပြင်းထန်သော အရောင်အဝါများ ထွက်ပေါ်လာသည်။ ရှင်းချိုးသည် မဟာလမ်းစဉ်နှင့်ပေါင်းစပ်သည်တွင် သူ့အား အလင်းစက်ကွင်းများ ဝိုင်းပတ်သွား၏။

ဘုန်း …

နောက်ထပ် တုန်ခါသံတစ်ခုကို ကြားရသည်။ ယူချင်းက နတ်ဆိုးတစ်ပါးအလား ပြိုင်စံရှားခွန်အားဖြင့် လေထဲကို ဖြတ်သန်းလာခဲ့သည်။ သူ့နောက်တွင် ဧရာမနတ်ဆိုး ပုံရိပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထို့နောက် သူက လေထုကို ခွင်းလျက် လက်သီးတစ်ချက် ထုတ်လိုက်သည်။ မရေမတွက်နိုင်သော လက်သီးများသည် ရှင်းချိုးထံသို့ အညှာအတာ ကင်းစွာဖြင့် ရောက်လာခဲ့၏။ ယူချင်း၏ လက်သီးချက်ကား အမြဲတမ်းအားဖြင့် တဲ့တိုးဆန်ကာ ခွန်အားကြီးမား၏။

ရှင်းချိုးက အော်ဟစ်ကာ ယူချင်း၏ လက်သီးချက်အား ခုခံသည်။ သူကလည်း လက်ဝါးရိုက်ချက်များစွာ ထုတ်ကာ ယူချင်းအား တားဆီး၏။

ဘုန်း …

အဆက်မပြတ် ပေါက်ကွဲသံများကို ကြားရသည်။ ယူချင်း၏လက်သီးချက်များ အောက်တွင် အရံအတားများ အားလုံး ကျိုးပျက်သွားရကာ ရှင်းချိုး၏ ခန္ဓာကိုယ်မှာ အဝေးသို့ လွင့်စဉ် သွားတော့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset