အခန်း ( ၁၀၉ )

ရှေးဟောင်းရေနံဆီမီးအိမ်၏ သတ်ဖြတ်လိုသောစိတ်ဆန္ဒ

ထိုတောင်ကြီးမှာ ဝိညာဉ်အမြစ်ရွာ၏ တားမြစ်နယ်မြေတစ်ခုထဲတွင် ရှိနေ၏။ ရှေးဟောင်းသိုင်းအဆင့်တွင်ရှိသော လူတစ်ယောက်ဆိုလျှင်တောင် ထိုတောင်ကြီးထဲ ခြေလှမ်းတစ်ဝက်ပင် လှမ်းနိုင်မည်မဟုတ်ပေ။ အကယ်‌၍ ထိုနေရာသို့ အတင်းအကြပ် ဝင်ရောက်သွားမည်ဆိုပါက ထိုနေရာတစ်ဝိုက်ရှိ သံလိုက်စက်ကွင်းကြောင့် သေချာပေါက် သေဆုံးသွားမည်သာ ဖြစ်သည်။

အာနာပါနအဆင့်သို့ ရောက်ပြီးသွားသော လူများသာလျှင် ထိုနေရာသို့ ဇွတ်တိုးဝင်ပြီး တစ်ခဏမျှ နေနိုင်မည် ဖြစ်သည်။ သို့သော် မည်သူကမှ မဖောက်ထွက်နိုင်သေးသောကြောင့် ထိုနေရာကြီး စပွင့်နေခဲ့သည့် အချိန်ကတည်းက မည်သူကမှ အထဲသို့ မဝင်ရသေးပေ။

သို့သော် ထိုတောင်ထိပ်ကြီး၏ ပတ်ပတ်လည်တွင်မူ ကျောင်းသားတချို့ ရှိနေဆဲပင်။ အဝေးကနေ ကြည့်လိုက်ပါက သူတို့မှာ ထိုတောင်ကြီးကို အရိုအသေပေးနေကြသည့်ပုံပင်။

ထိုအချိန်တွင် တောင်ကြီးမှာ တုန်ရီသွားသောကြောင့် ထိုကျောင်းသားများမှာ ချက်ချင်းပင် တုန်လှုပ်ချောက်ချားသွားကြ၏။ သူတို့မှာ မတုံ့ပြန်နိုင်ခင် ထိုတောင်ကြီးမှာ ပို၍ပင်ပြင်းထန်စွာတုန်ရီလာပြီး ၎င်းပေါ်တွင် တလက်လက်တောက်ပနေသော ကျောက်စာများစွာ ပေါ်ပေါက်လာ၏။

ထိုကဲ့သို့ တလက်လက် တောက်ပနေစဉ် တောင်ကြီးထဲမှ အလင်းတန်းများ ထိုးထွက်လာပြီး အလင်းရောင်ပင်လယ်တစ်စင်းအသွင် ပြောင်းလဲကာ အရပ်မျက်နှာအနံ့သို့ ဖြာထွက်သွားကြ၏။ ခပ်လှမ်းလှမ်းမှ ကြည့်လိုက်ပါက ထိုအလင်းတန်းများမှာ အဆုံးမရှိလောက်အောင် ရှည်လျားနေပြီး ကောင်းကင်ကြီးနှင့် ကမ္ဘာကြီးတို့ကို အလင်းပေးကာ လူတိုင်း၏အာရုံကို ဖမ်းစားထား၏။

ဝိညာဉ်အမြစ်ရွာထဲရှိ တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများမှာ ထိုတောင်ကြီးနှင့် မည်မျှပင် ဝေးကွာနေစေကာမူ ကောင်းကင်ယံသို့ ဖြန့်ထွက်လာသော ထိုအလင်းတန်းများကို လှမ်း၍မြင်လိုက်ကြသည်။ ထိုအခါ သူတို့၏ အမူအရာများမှာ ပြောင်းလဲသွားကြပြီး သူတို့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြသည်။

” ဘာဖြစ်သွားတာလဲဟ ”

” ဘာတွေဖြစ်နေတာတုန်း။ တစ်ယောက်ယောက်ကများ ဇွတ်အတင်း တိုးဝင်သွားတာများလား ”

ထိုအလင်းတန်းများမှာ အလွန် စူးရှတောက်ပနေ၏။ ဝိညာဉ်အမြစ်ရွာ အပြင်ဘက်ရှိ လေဆိပ်ထဲတွင် ရပ်နေကြသော တာအိုကျောင်းကြီးလေးကျောင်းမှ ပါမောက္ခကြီးများနှင့် ကျင့်ကြံသူများပင် ဝိညာဉ်အမြစ်ရွာထဲမှ ထိုးထွက်လာသော ထိုအလင်းတန်းများကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြတော့သည်။

” ဘာတွေဖြစ်နေတာလဲ ”

” ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး ”

တာအိုကျောင်းကြီးလေးကျောင်းမှ ပါမောက္ခကြီးများမှာ ဂဏာမငြိမ် ဖြစ်သွားကြ၏။ သူတို့မှာ ချက်ချင်းပင် မတ်တတ်ထလာပြီး အာရုံအပြည့်စိုက်လိုက်ကြသည်။ ယခုလို ကိစ္စရပ်မျိုး ဖြစ်ပွားနေရသည့် အကြောင်းအရင်းကို သူတို့ကိုယ်တိုင်ပင် အသေအချာမသိသောကြောင့် သူတို့မှာ စိုးရိမ်ပူပန်နေကြပြီ ဖြစ်သည်။ ဝိညာဉ်အမြစ်ရွာထဲရှိ ကျောင်းသားအားလုံးမှာ တာအိုကျောင်းအသီးသီးမှ ထိပ်တန်းအဆင့်ကျောင်းသားများ ဖြစ်ကြပြီး သူတို့တစ်ယောက်ချင်းစီတိုင်း သက်ဆိုင်ရာ တာအိုကျောင်း၏ လေးစားဂုဏ်ယူထိုက်သော ပုဂ္ဂိုလ်များ ဖြစ်လာနိုင်သည် မဟုတ်ပါလော။ အကယ်၍ သူတို့မှာ တစ်နည်းနည်းဖြင့် ထိခိုက်ဒဏ်ရာရသွားမည်ဆိုပါက တာအိုကျောင်းအတွက် ကြီမားသော နစ်နာဆုံးရှုံးမှုတစ်ခုကြီး ဖြစ်သွားမည်မှာ အမှန်ပင်။

တာအိုကျောင်းများက မျှော်လင့်ချက်များပုံအပ်ထားသော လူတစ်ယောက်သာ ဒဏ်ရာရရှိသွားမည်ဆိုလျှင် ထိုဆုံးရှုံးမှုကြီးမှာ အလွန် ကြီးမားနေမည်သာ ဖြစ်သည်။

ထို့ကြောင့် တာအိုကျောင်းကြီးလေးကျောင်းမှ ပါမောက္ခကြီးများမှာ သေသေချာချာ အကဲခတ်လိုက်ကြပြီးနောက် ချက်ချင်းပင် ကျောက်စိမ်းပေလွှာများကိုထုတ်ယူကာ မိမိတို့ သက်ဆိုင်ရာကျောင်း၏ အဆင့်မြင့်ကျွန်းများကို ဆက်သွယ်လိုက်ကြပြီး လိုအပ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အဆင်သင့်ပြင်ထားလိုက်ကြတော့သည်။

ဝိညာဉ်အမြစ်ရွာ အပြင်ဘက်ရှိ လူများမှာ ထိုကဲ့သို့ စိုးထိတ်နေကြစဉ် ရွာထဲရှိ ကျောင်းသားများမှာလည်း စိုးရိမ်ပူပန်နေကြ၏။ သူတို့မှာ အသက်ပြင်းပြင်းရှူကာ သူတို့၏ အတွေးများထဲတွင် မေးခွန်းများနှင့် သံသယပေါင်းစုံ ပေါ်ထွက်လာကြတော့သည်။

တချို့ကျောင်းသားများဆိုလျှင် ဝိညာဉ်အမြစ်များ ရှာဖွေနေမှုကို ချက်ချင်းပင် ရပ်တန့်လိုက်ကြပြီး အာနာပါနအဆင့်သို့ ဖောက်ထွက်ပြီးလျှင် ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြသူများမှာ ငါးလက်မအောက် ဝိညာဉ်အမြစ်များကိုသာ ပိုင်ဆိုင်ထားကြသော လူများဖြစ်ကြသည်။ ခြောက်လက်မ သို့မဟုတ် ခုနစ်လက်မအဆင့်အထိ ရောက်နေကြသောလူများမှာ ဇွဲမလျှော့ကြသေးသလို ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်နေမှန်း အာရုံခံမိနေသည့်တိုင်အောင် ဖောက်ထွက်ရန် မကြိုးစားကြသေးပေ။

” ငါ ရှစ်လက်မဝိညာဉ်အမြစ်ကို တွေ့အောင်ရှာပြီး အဲဒီအဆင့်ရောက်မှ ဖောက်ထွက်ရမယ် ”

လူတစ်ယောက်နှင့်တစ်ယောက် ရွေးချယ်မှုများမှာ မတူညီကြပေ။ ထိုအခိုက်အတန့်တွင် အာကာသထဲမှ ရောက်လာခဲ့သော အပိုင်းအစကြီးကြောင့် ပေါ်ထွက်လာခဲ့သည့် တောင်ကြီး၏ အတွင်းပိုင်းထဲ၌ စတင်ပွင့်လာခဲ့သည့် အချိန်ကတည်းက မည်သူမှ မရောက်ရှိဖူးသေးသော အနက်ရှိုင်းဆုံးသော နေရာတစ်ခုတွင် ကြီးမားကျယ်ပြန့်သည့် ကျတ်တီးမြေတစ်ခု ရှိနေ၏။

ထိုကျတ်တီးမြေထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားသော ရုပ်ထုများနှင့် ရှေးခေတ် အဝတ်အစားများကို ဆင်မြန်းထားကြသော အရိုးစုများဖြင့် ပြည့်နှက်နေ၏။ ထိုရုပ်ထုများအားလုံး ဆင်တူကြပြီး ဦးခေါင်းသုံးလုံးစီ ပါရှိကြသည်။ ၎င်းတို့၏ မျက်နှာအမူအရာများမှာမူ မတူညီကြပေ။ တချို့မှာ ရယ်မောကာ တချို့မှာ လှောင်ပြောင်နေကြသလို တချို့မှာ အမျက်ချောင်းချောင်းထွက်နေကြပြီး တချို့မှာ ငိုကြွေးနေကြ၏။ ၎င်းတို့မှာ ပေနှစ်ဆယ်ကျော်ခန့်မြင့်မားပြီး တိုက်ပွဲဝင်စစ်သည်တော်များနှင့် တူနေ၏။

၎င်းတို့၏ အနက်ရောင် ခန္ဓာကိုယ်များမှာ ဘေးပတ်ပတ်လည်ရှိ ပျက်စီးယိုယွင်းနေကြသော ဗိသုကာလက်ရာပုံစံများဖြင့် သိသိသာသာ ကွဲထွက်နေသည်။

ထိုရုပ်ထုများအားလုံးမှာ အတိုင်းအတာတစ်ခုထိ ကွဲအက်ပျက်စီးနေကြသည်။ အရိုးစုများ၏ ပုံစံကိုကြည့်လျှင် ထိုလူများမှာ အသက်ရှင်လျက် ရှိခဲ့စဉ်က ဤရုပ်ထုကြီးများနှင့် အသေအကြေ တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတွင် သူတို့အားလုံး သေဆုံးသွားကြခြင်း ဖြစ်နိုင်ပေသည်။

ဘေးဘက်အစွန်ဆုံးရှိ ရုပ်ထုကြီး တစ်ခုသာ အကောင်းပကတိ ရှိနေသေးသည်ဟု သတ်မှတ်နိုင်သည်။ သို့သော် လှံရှည်ကြီး တစ်ချောင်းမှာ ၎င်း၏ မျက်ခုံးနှစ်ခုကြားကို ထိုးဖောက်ထားပြီး ၎င်း၏ တစ်ဝက်တိတိမှာ အခြားဘက်တွင် တွဲလောင်းကျနေ၏။

ထိုရုပ်ထုကြီး၏ ညာဖက်လက်ထဲတွင် မီးမလင်းတော့သော ရေနံဆီမီးအိမ်ဟောင်းတစ်လုံး ရှိနေ၏။ ထိုအခိုက်အတန့်တွင် မည်သည့်အကြောင်းကြောင့်မှန်းမသိ ထိုမီးမလင်းတော့သည့် မီးအိမ်လေးထဲတွင် မီးတောက်ငယ်လေးတစ်ခု တောက်လောင်လာ၏။

ထိုမီးတောက်လေးမှာ အလွန် မှေးမှိန်နေပြီး အလွယ်တကူ ငြှိမ်းသက်သွားနိုင်သည့် အနေအထားတွင် ရှိနေသည်။ ထိုမီးတောက်လေး မှိတ်တုတ်မှိတ်တုတ် တောက်ပနေစဉ် ခရမ်းရောင်လူရိပ်တစ်ခု ထိုမီးတောက်ထဲ၌ ခပ်ရေးရေး ပေါ်ပေါက်လာ၏။

ထိုလူရိပ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုအပျက်အစီးများကြားရှိ အကောင်းပတိနီးပါး ကျန်ရစ်ခဲ့သော ရုပ်ထုကြီးထဲမှ ခံစားချက်ကင်းမဲ့ပြီး အသက်မပါသော အသံတစ်သံ ထွက်ပေါ်လာသည်။

” ရှာတွေ့တဲ့ … အစွန်းရောက်တွေ မှန်သမျှ… သတ်ဖြတ်ပြီး … ဝါးမျိုပစ် ”

ထိုအသံမှာ တိုးတိုးလေး ပေါ်ထွက်လာပါသော်လည်း ပြတ်တောင်းပြတ်တောင်း ဖြစ်နေ၏။ ထိုအသံပိုင်ရှင်မှာ ကုသ၍မရသော ဒဏ်ရာများ သို့မဟုတ် အချိန်ကြာမြင့်စွာ အသက်ရှင်နေထိုင်ခဲ့ပြီးသောကြောင့် အားအင်ချိနဲ့နေသည့် ဝေဒနာများကို ခံစားနေရသည့် အတိုင်းပင်။ ထိုစကားသံ ပျံ့လွင့်လာပြီး ထိုရုပ်ထုကြီး၏ လက်ပေါ်မှ တွဲလောင်းကျနေသော မီးအိမ်ထဲရှိ မီးတောက်ထဲမှ ပေါ်ထွက်လာသည့် ခရမ်းရောင်လူရိပ်ကြီးမှာ ရုတ်တရက် မျက်လုံးများပွင့်လာပြီး မီးတောက်အပြင်ဘက်သို့ ထွက်လာ၏။

ထိုလူရိပ်ကြီး အပြင်သို့ထွက်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး ခရမ်းရောင် အလင်းများဖြင့် တောက်ပလာ၏။ ၎င်းမှာ အမျိုးသားတစ်ယောက်၏ လူရိပ်တစ်ခုဖြစ်ပြီး သူသည် ခံစားချက်ကင်းမဲ့ကာ သူ၏ ဆံပင်ရှည်များမှာ လေထဲတွင် တလူလူလွင့်နေ၏။ ခရမ်းရောင် ချပ်ဝတ်တန်ဆာတစ်ခုကို ဆင်မြန်းထားသော သူ၏ ခန္ဓာကိုယ်အနှံ့အပြားမှ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပသော ခရမ်းရောင်အလင်းများ ပေါ်ထွက်နေ၏။

ထို့နောက် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင် ချပ်ဝတ်တန်ဆာမှာ ချက်ချင်းပင် တစ်စစီကွဲအက်ကာ ဆွေးမြေ့ပျက်စီးသွား၏။ ခရမ်းရောင် အလင်းများမှာလည်း အလျင်အမြန်ပင် မှေးမှိန်သွားကြ‌သည်။ သူ၏ ခန္ဓာကိုယ်ပင် တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ ချက်ချင်းပင် ယိုယွင်းပျက်စီးစ ပြုလာတော့သည်။ နောက်ဆုံးတွင် ခပ်မှိန်မှိန်ကလေး တောက်ပနေသည့် ခရမ်းရောင် အလင်းတစ်ခုသာ ကျန်ရစ်ခဲ့၏။

ထိုခရမ်းရောင် အလင်းလေးမှာလည်း ပျောက်ကွယ်သွားတော့မည့်အလား မှိတ်တုတ်မှိတ်တုတ်ဖြစ်နေ၏။

ယခင်က ဖြစ်ပျက်ခဲ့သည့် အရာအားလုံး အတိတ်က ဂုဏ်ယူဝင့်ကြွားဖွယ်အချိန်များ၏ ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင်။ ယခုတွင်မူ ၎င်းမှာ ဆွေးမြေ့ပျက်စီးကာ ထိုမီးတောက်ကလေးကဲ့သို့ ပြန်လည်နိုးထလာနိုင်စွမ်း မရှိတော့လောက်အောင် အားအင်ချိနဲ့နေပြီ ဖြစ်သည်။

သို့သော် ထိုခရမ်းရောင်အလင်းလေး ကိုးဆယ့်ကိုးရာခိုင်နှုန်းတိတိ ပျောက်ကွယ်သွားသည့် နောက်ဆုံးအချိန်တွင် ကျန်ရှိနေသေးသော ခရမ်းရောင် အလင်းမှုန်လေးမှာ တည်ငြိမ်သွားပြီး ရုတ်ခြည်း ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်လာ၏။ ၎င်းမှာ ထိုနေရာမှ ထွက်ပြေးကာ ဟင်းလင်ပြင်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းပစ်ချင်သည့်ပုံ ပေါက်နေ၏။

ထို အလင်းမှုန်လေး ထွက်ခွာခါနီးတွင် အာကာသထဲမှ အကျိုးအပဲ့များကြောင့် ထွက်ပေါ်လာခဲ့သည် တောင်ကြီးမှာ ပို၍ပင် လင်းလက်စွာ တောက်ပလာတော့သည်။ မှိတ်တုတ်မှိတ်တုတ်လက်နေကြသော ကျောက်စာများမှာလည်း ပို၍ပင် ဝင်းလက်လာကြပြီး ရုတ်တရက် ဖိအားတစ်မျိုးကို ထုတ်လွှတ်လိုက်ကြတော့သည်။

ထိုနေရာမှ ထွက်ပြေးချင်နေခဲ့သည့် ခရမ်းရောင်အလင်းမှုန်လေးမှာ မျက်လုံးဖြင့် မမြင်ရသော အင်အားတစ်မျိုးက ၎င်းအား ငြှိမ်းသတ်ပစ်ချင်နေသည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။ ၎င်း၏ အလင်းရောင်မှာလည်း သိသိသာသာ မှေးမှိန်သွားပါသော်လည်း နောက်ဆုံးအကြိမ်အဖြစ် ရုန်းကန်လိုက်ပြီးနောက် ၎င်းမှာ ဖိနှိပ်အားများထဲမှ လွတ်ထွက်လာပြီး ဟင်းလင်းပြင်ကြီးနှင့် တစ်သားတည်းပေါင်းစည်းကာ ပျောက်ကွယ်သွားတော့သည်။

ထိုအလင်းမှုန်လေး ပြန်ပေါ်လာသောအခါ ဝိညာဉ်အမြစ်ရွာ၏ အထက်ရှိ ကောင်းကင်ယံသို့ ရောက်နေပြီဖြစ်သည်။ ၎င်းမှာ အကျိုးအပဲ့အပျက်အစီးများကြောင့် ပေါ်ပေါက်လာခဲ့သည့် တောင်ကြီးထဲမှ ပြေးထွက်လာပြီးသည့်တိုင်အောင် မတည်မငြိမ်ဖြစ်နေဆဲပင်။ တောင်ကြီးမှာမူ အဆုံးမရှိလောက်အောင် လင်းလက်တောက်ပနေဆဲဖြစ်ပြီး ကျောက်စာများမှာလည်း မရပ်မနား တလက်လက် တောက်ပနေကြဆဲပင်။ ဖိအားများမှာလည်း ရှိနေဆဲပင်ဖြစ်ပြီး အရပ်မျက်နှာအနှံ့မှနေ၍ ထို ခရမ်းရောင်အလင်းမှုန်လေးကို ထပ်မံ ဖိနှိပ်လိုက်ပြန်သည်။ ၎င်းတို့မှာ ထိုအလင်းမှုန်လေးအား ငြှိမ်းသက်သွားအောင် မလုပ်နိုင်သ‌ရွေ့ အလျှော့ပေးမည့်ပုံ မပေါ်ပေ။

ထိုအလင်းမှုန်လေးမှာမူ ၎င်းအား ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေသည့် ဖိအားများကို ကြံ့ကြံ့ခံရင်း တဖြည်းဖြည်း မှေးမှိန်လာပါသော်လည်း ၎င်း၏ အမြန်နှုန်းမှာမူ စိုးစဉ်းမျှပင် လျော့ကျမသွားပေ။ ၎င်းမှာ လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်ပြီးနောက် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ထိုလမ်းကြောင်းအတိုင်း ထိုးထွက်သွား၏။

၎င်းမှာ ဝမ်ပေါင်လဲ့ တရားထိုင်နေသော တောင်ဆီသို့ တည့်မတ်စွာ ဦးတည်လာနေခြင်းဖြစ်သည်။

” ရှာတွေ့တဲ့… အစွန်းရောက်တွေ မှန်သမျှ… သတ်ဖြတ်ပြီး…. ဝါးမျိုပစ် ”

ထို ခရမ်းရောင်အလင်းမှုန်လေးမှာ သူ၏ပန်းတိုင်ဖြစ်သည့် ထိုတောင်ထူထပ်သော နေရာတွင် ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ ရပ်တန့်နေခြင်းမရှိဘဲ စွမ်းအင်အမြောက်အမြားဖြင့် ထိုတောင်ကြီးအား ဆီသို့ ဦးတည်လာ၏။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ တောင်ထဲရှိ ဂူထဲတွင် ထိုင်နေ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အမြစ်မှာ ကိုးလက်မဝိညာဉ်အမြစ်နှင့် ပေါင်းစည်းသွားပြီ ဖြစ်သောကြောင့် အစိမ်းရောင် မဟုတ်တော့ဘဲ ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။

၎င်းတွင် မရေမတွက်နိုင်လောက်အောင် များပြားသော အမြစ်ပေါင်းမြောက်မြားစွာ ရှိနေပြီး ထိုအမြစ်များမှာ ဝါးမျိုခြင်းသစ်စေ့ကို ရစ်ပတ်ကာ သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့နေပြီး သွေးကြောအားလုံးနှင့် တစ်သားတည်း ပေါင်းစည်းနေကြ၏။ ထိုသို့ ဖြစ်နေသော်လည်း နာကျင်မှုကို မခံစားရသည့်အပြင် မြန်ဆန်သော ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တစ်ခုကဲ့သို့ ဖြစ်နေပြီး သူ၏ ကိုယ်စိတ်နှလုံးမှာ အေးချမ်းသာယာနေ၏။ သူ၏ ခန္ဓာကိုယ် ပြောင်းလဲမှုများမှာ ပျော်ရွှင်မှုများကို ပေးစွမ်းနေသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်အမြစ် ပျံ့နှံ့မှုကို အာရုံခံမိလိုက်ပြီး သွေးကြောများနှင့် ပေါင်းစည်းမှုမှာလည်း တစ်ဆယ်ရာခိုင်နှုန်းမှ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ကြီးထွားလာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အလွန် စိတ်လှုပ်ရှားသွား၏။ သူ၏ ဝိညာဉ်ချီ အာရုံခံနိုင်စွမ်းမှာလည်း အလျင်အမြန် တိုးတက်လာပြီဖြစ်ကြောင်း သူက ခံစားနေရသည်။

ဝမ်ပေါင်လဲ့၏ အတွေ့အကြုံကို ဝိညာဉ်ချီအား ဆောင်းရာသီလေအေးကဲ့သို့ သဘောထား၍ ဥပမာပြနိုင်၏။ ယခင်က သူသည် အဝတ်အစားများ ဝတ်ထားသောကြောင့် အအေးဓာတ်များကို ခံစားနိုင်ပါသော်လည်း အပြည့်အဝခံစားနိုင်မည်တော့ မဟုတ်ပေ။ ယခုတွင်မူ သူ၏ အဝတ်အစားအားလုံးကို ချွတ်ကာ ရေခဲတမျှ အေးစက်နေသည့် လေအေးထဲတွင် ရပ်နေသည့်အလားပင်။ ထိုကဲ့သို့ ခံစားရသည့် အအေးဓာတ်များမှာ ယခင်ကနှင့် လုံးဝတူညီမှု ရှိမည် မဟုတ်ပေ။

ဒီအသွင်ပြောင်းလဲခြင်းဖြစ်စဉ်က အဆင်ပြေနေသလိုပါပဲ။

ဝမ်ပေါင်လဲ့မှာ ဖောက်ထွက်နေဆဲဖြစ်သော်လည်း အသိစိတ် ရှိနေဆဲပင်။ ယခုတွင် ဝိညာဉ်အမြစ်မှာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့ကာ ၎င်း၏သွေးကြော များနှင့် ပေါင်းစည်းမှုမှာလည်း ရှစ်ဆယ်ရာခိုင်းနှုန်းအထိ ရှိသွားပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ ထို့နောက် ကိုးဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားသောကြောင့် သူသည် ပို၍ပင် ပျော်ရွှင်လာရတော့သည်။

” ငါ ဖောက်ထွက်ပြီးတာနဲ့ အပိုင်းအစကြီးကြောင့် ပေါ်ပေါက်လာခဲ့တဲ့ တောင်ကြီးကို သွားကြည့်ရမယ်။ ပါမောက္ခကြီးရော တာအိုကျောင်းကပါ ငါ့ကို ကောင်းကောင်းဆက်ဆံပေးခဲ့တာ။ ငါ သူတို့‌အတွက် ပစ္စည်းတွေ ပိုပြီးတော့ ယူလာပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားရမှာပဲ ”

ဝမ်ပေါင်လဲ့မှာ ဖေါက်ထွက်ခါနီးဆဲဆဲ အခြေအနေသို့ ရောက်နေပြီဖြစ်သောကြောင့် စိတ်လှုပ်ရှားကာ စိတ်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတော့သည်။

သို့သော် ထိုအခိုက်အတန့်တွင် မထင်မှတ်ထားသော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပျက်သွား၏။


Comment

Leave a Reply

Options

not work with dark mode
Reset