Switch Mode

အပိုင်း(၁၂၆၇)

အညံ့ခံခြင်း

မရေတွက်နိုင်သည့် မျက်လုံးများသည် ထိုနေရာသို့ ရောက်ရှိလာကြသည်။ အဆုံးမဲ့ လမ်းစဉ်မီးတောက်များက ကြီးမားသည့် လက်ဝါးကြီးဆီမှ ပေါက်ကွဲ ထွက်ပေါ်လာပြီး ချန်ကလန်၏ ခေါင်းဆောင်ကို ပိတ်ဆို့ထားသည်။

ချန်ကလန်၏ ခေါင်းဆောင်သည် တုန်ယင်နေသော အသံနှင့် စူးစူးရှရှ အော်ဟစ်သည်ကို မီးတောက်များကြားမှ ကြားလိုက်ရသည်။ သူသည် ကြီးမားသော စစ်နတ်ဘုရားအသွင် ပြောင်းလဲထား၏။ သို့သော်လည်း သူသည် ဝါးမျိုခံနေရဆဲပင် ဖြစ်သည်။ သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ပျောက်ဆုံးလာနေသည်။

သူသည် ထို့ထက်ပို၍ ခန္ဓာသဏ္ဌာန် တည်ရှိတော့မည် မဟုတ်ပေ။ ထို့အစား သူ့ခန္ဓာသည် မီးတောက်များဖြင့် တည်ဆောက် ထားသကဲသို့ ထင်မှတ်ရပေသည်။

“ကလန်ခေါင်းဆောင်” ချန်ကလန်မှ လူများ၏ အကြည့်များမှာ ဖြူဖျော့ သွားကြသည်။ အင်ပါယာခွာ၏ အပျက်အစီး နယ်မြေသို့ ဝင်ရောက်ခဲ့သည့် ချန်ဟွိုက်သည် သူတို့အားလုံးထဲတွင် ပထမဆုံး သေဆုံးသူ ဖြစ်နေသည်။

သူတို့၏ ခေါင်းဆောင်ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် ဘာမှ မရှိတော့သည် အထိ လောင်ကျွမ်း ခံနေရသည်။ သူ့အနီးမှ အရာအားလုံးသည် ပျော်ကျလုဆဲဆဲ အခြေအနေပင် ဖြစ်နေသည်။

မီးတောက်များသည် ကလန်ခေါင်းဆောင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး အားလုံးဝါးမျို ခံနေရသည်။

ထိုဖြစ်တည်မှုကြီးမှ အော်မြည်သံများနှင့်အတူ မီးလျှံများ ပေါက်ကွဲထွက်လာနေသည်။

သို့သော်လည်း ထွက်ပေါ်လာသည့် ရွှေရောင်နတ်မီးလျှံများက ကျဆင်းလာပြီး ချန်ကလန်ခေါင်းဆောင်၏ စိတ်ဝိညာဉ်ကို တစ်ဖန်ထပ်၍ အော်ဟစ်လိုက်စေသည်။

“မလုပ်နဲ့ …” ချန်ကလန်၏ ခေါင်းဆောင်က ဆက်လက်၍ အော်ဟစ် မြည်တမ်းနေသည်။ သူက ရီဖူရှင်းကို ထိတ်လန့်တုန်လှုပ်သည့် အမူအရာနှင့် ကြည့်နေ၏။ သူက မြင့်မားထည်ဝါသည့် အင်ပါယာခွာ ပုံရိပ်ကိုသာ မြင်နိုင်လေသည်။

သွေနဂါးဘုံ၏ ထိပ်သီးပုဂ္ဂိုလ် ကလန်ခေါင်းဆောင်သည် ပြန်လည်မွေးဖွားခြင်း အဆင့် ဖြစ်သည်။ သူသည် ကျန့်မုမြို့မှ အလွန်ကျော်ကြားသည့် ကလန်၏ ခေါင်းဆောင်ဖြစ်သည်။

သို့သော် သူ ယခု သေရပေတော့မည်။

နတ်ဘုရားဆေးကြောသန့်စင်ခြင်း အဆင့်သာ ရှိသည့် လူငယ်လေးက တိုင်းတာ၍ မရနိုင်အောင် မြင့်မားလှသည့် စွမ်းအားကို ထိတွေ့နိုင်ပြီး အင်ပါယာခွာ၏ သဏ္ဌာန်ကို ဆင့်ခေါ်ကာ သူ့ကို သေသည်ထိ လောင်ကျွမ်းပစ်ရန် လုပ်ဆောင်နေသည်။

“အင်ပါယာခွာ ထားရစ်ခဲ့တဲ့ ရတနာကို ယူဖို့အတွက်ဆိုရင် မင်း အသက်ကတော့ ရှင်နေသေးဖို့ လိုတာပေါ့” မြင့်မားထည်ဝါသည့် ပုံရိပ်က ပြောလိုက်သည့် စကားသံသည် နေရာတစ်ခုလုံးကို ဖြတ်၍ ထွက်ပေါ်လာပြီး တုန်လှုပ်ချောက်ချားမှုကို ပေးစွမ်းကာ မရေတွက်နိုင်သော လူများ၏ နှလုံးသားကို ပရမ်းပတာ ခုန်လှုပ်နေစေသည်။ ပြန်လည်မွေးဖွားခြင်း အဆင့်များပင်လျှင် ဤသည်က သူတို့၏ အသက်ကို ခြိမ်းခြောက်နိုင်သည်ဟု ခံစားကြရသည်။

ရီဖူရှင်းသည် ဝူယုံးထံသို့ စွမ်းအား ချေးငှားပေးစဉ် ကထက်ပင် ကြောက်မက်ဖွယ် ကောင်းနေပေသည်။

သူ အလွန်ယုံကြည်ချက် ရှိနေသည်မှာ အံ့သြစရာ မရှိတော့ပေ။ သူက သူ၏ စွမ်းအားကို ဝူယုံးထံ ငှားပေးနိုင်သကဲ့သို့ သူတစ်ယောက်တည်းနှင့်လည်း စွမ်းအား အပြည့်အဝ ထုတ်သုံး၍ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။

မျိုးနွယ်စု ခုနစ်ခု၏ ခေါင်းဆောင်များ၊ ဝူယုံးနှင့် ဆန်းထျန်ကျန့် ထိုနေရာ၌ ရှိနေသည်ဖြစ်၍ ထိုနေရာတွင် မည်သည့် ပြဿနာမှ ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း များပြားလှသည့် တန်ခိုးရှင်များ တိုက်ပွဲသို့ ဝင်ရောက်လာပြီး ကိုင်ရှန့် ထိုဘုရင်ပင်လျှင် လှုပ်ရှားလာသောအခါ ရီဖူရှင်းအတွက် တကယ့်ကို ဖိအားများ ဖြစ်ရလေသည်။

ဘုန်း  …

ပြင်းထန်သည့် ဆူညံသံကြီးကို ကြားလိုက်ရသည်။ ချန်ကလန် ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် မီးတောက်များအတွင်း အပြီးတိုင် ဝါးမျိုခြင်းကို ခံလိုက်ရပြီ ဖြစ်၏။ သူ့ ခန္ဓာကိုယ်က မီးဘောလုံး တစ်လုံးကဲ့သို့ ပြောင်းလဲသွားသည်။

“မဟုတ်ဘူး” ချန်ကလန်မှ တန်ခိုးရှင်များက အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်နှာများမှာ အလွန်ပင် ဖြူဖျော့နေကြ၏။

သူတို့၏ ကလန်ခေါင်းဆောင်က အသတ်ခံလိုက်ရလေပြီ။

သူတို့၏ မျက်လုံးများက ထိုမီးတောက်များပေါ်တွင် တည်မြဲနေခဲ့သည်။ ပြန်လည်မွေးဖွားခြင်း အဆင့်ဟူသော ဖြစ်တည်မှုမှာ သူတို့အတွက် မည်သည့် အဓိပ္ပာယ်နည်းဟု တွေးမိကြသည်။

သူတို့အလယ်၌ ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ယောက် ရှိလာခြင်းသည် သူတို့သည် မြို့ကို သိမ်းပိုက်၍ မြို့စား ဖြစ်လာနိုင်သည့် အခွင့်အရေး ရှိပေသည်။ သူတို့သည် ကိုယ်ပိုင် ကလန် တည်ထောင်၍ ထိပ်တန်းအင်အားစုကို ဖန်တီးနိုင်စွမ်း ရှိပေလိမ့်မည်။

ကျန့်မုမြို့၌ ချန်ကလန်သည် မည်သည့်အတွက်ကြောင့် ဂုဏ်သရေရှိ အင်အားစုအဖြစ် ရပ်တည်နိုင်လဲ ဆိုခြင်းမှာ ရိုးရှင်းစွာပင် သူတို့ကို ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုတစ်ယောက်က ကျောထောက်နောက်ခံ ပြုထားပေးခြင်းကြောင့် ဖြစ်ပေသည်။

တန်ခိုးရှင်လောကတွင် ပြောင်မြောက်လှသည့် ထိပ်တန်း တိုက်ပွဲစွမ်းရည်က အရာရာပင် ဖြစ်သည်။

သူတို့၏ ကလန်ခေါင်းဆောင်က အသတ်ခံခဲ့ရသည်။ ထိုအဓိပ္ပာယ်မှာ သူတို့ကလန်သည် ထိပ်တန်းအင်အားစုအဖြစ်မှ လျှောကျသွားခဲ့ပြီဟု ဆိုလိုပေသည်။

ကျန့်မုမြို့မှ သူတို့၏ လုပ်ငန်းကိုင်ငန်းများမှာ အခြားလူများ၏ လုယက်ယူငင်ခြင်းကို ခံရပေလိမ့်မည်။ သူတို့၏ လုပ်ငန်းစုများ အားလုံးကို ဆက်လက်ထိန်းသိမ်း ထားနိုင်ရန် နည်းလမ်းမရှိပေ။

ထို့အပြင် ကလန်ခေါင်းဆောင် သေဆုံးခြင်း၏ အကျိုးဆက်အနေနှင့် သူတို့ ကလန်၏ ကြွယ်ဝမှုများကို မျက်စိကျနေသည့် ရန်သူများ၏ အန္တရာယ်မှ ကာကွယ်ရမည့် အရေးလည်း ရှိသေးသည်။

လူတစ်ယောက်တိုင်းနှင့် အင်အားစုတိုင်းသည် သူတို့ကို ဆန့်ကျင်၍ ခက်ခဲအောင် လုပ်ဆောင်ရန် စောင့်ဆိုင်း နေကြပေသည်။

သူတို့ ကလန်ခေါင်းဆောင်၏ သေဆုံးခြင်းသည် ဘေးဒုက္ခဟူသည်ကို ကိုယ်စားပြုခြင်းမှ လွဲ၍ အခြားမရှိတော့ပေ။

ရှန့်ထိုအရှင် ကျိုယန်သည် လေထဲတွင် ပျောက်ကွယ်သွားသည့် ခန္ဓာကိုယ်ကို ငုံ့ကြည့်နေပြီး သူ့ကျောရိုးတစ်လျှောက်တွင် အေးစိမ့်မှုတို့ ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရသည်။

သူသာ သေသည်အထိ လောင်ကျွမ်းခံရသူ ဖြစ်လျှင် မည်ကဲ့သို့ ဖြစ်လိမ့်မည်ကို တွေးနေမိသည်။

တိုက်ခိုက်နေမှုများ အားလုံးသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ရန်ယွင်သည် ရီဖူရှင်း ရှိရာသို့ လှည့်ကြည့်လိုက်၏။ သူက ရီဖူရှင်း အနီးသို့ ရောက်သည့်အခါ၌ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိခဲ့သည်။ ထိုစွမ်းအားသည် သူအခု ထုတ်လွှတ်ထားသည့် စွမ်းအားနှင့် တူညီသော ခံစားချက်ကို ပေးသည်။

အံ့သြဖွယ် ကောင်းသည်က ထိုလျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားသည် ဖေးရွှီ၏ ခန္ဓာကိုယ်တွင်း၌ ရှိသော အရာနှင့် တူညီသည်ဟု ခံစားရခြင်းပင် ဖြစ်၏။

ရီဖူရှင်းက အင်ပါယာခွာ၏ နယ်မြေဆီမှ ဖေးရွှီ၏ ကိုယ်ထဲမှ အရာနှင့် တူညီသော ရတနာကို ရရှိခဲ့သည်လားဟု သူ သိချင်မိသည်။

သူ့ဆရာသည် ဖေးရွှီ၏ ကိုယ်တွင်းမှ စွမ်းအားများကို ချိပ်ပိတ်ထားခဲ့ပြီး ဖေးရွှီကို ကျင့်ကြံခွင့် မပြုခဲ့ပေ။ သူ့ဆရာသည် ထွက်ပေါ်လာမည့် ရလဒ် အကျိုးဆက်ကို ကြောက်ရွံ့နေကာ ဖေးရွှီက တောင့်ခံနိုင်သည့် အနေအထားထက် ကျော်လွန်နေမည်ကို စိုးရိမ်နေပေသည်။

လက်ရှိတွင် ရီဖူရှင်းသည် ထိုကဲ့သို့သော စွမ်းအားမျိုးကို အမှန်တကယ် ထိတွေ့နိုင်ပြီး တိုက်ပွဲတွင် ဖိအားပေးကာ အသုံးပြုနေသည်။ အကယ်၍ တန်ပြန်မှုက မျှော်မှန်းထားသည်ထက် ဆိုးရွားနေလျှင် အကျိုးဆက်က ကြောက်မက်ဖွယ်ပင် ဖြစ်သည်။

ရန်ယွင်သည် ရီဖူရှင်းက ထိုကဲ့သို့သော စွမ်းအားမျိုးကို မည်သို့ တောင့်ခံနိုင်သည်ကို သိချင်နေမိသည်။

ဖေးရွှီသာ ရီဖူရှင်းကဲ့သို့ ထိုအရာ၏ စွမ်းအားများကို အတင်းအကျပ် ထုတ်ယူသုံးစွဲရန် ကြိုးစားလျှင် သူမ၏ သေဆုံးနိုင်ချေမှာ ကိုးဆယ်ရာခိုင်နှုန်း ကျော်လိမ့်မည်ဟု သူ သေချာပေသည်။

သူ ထိုသို့ ကောက်ချက်ချနိုင်သည်မှာ ဖေးရွှီက ကျင့်ကြံရန် သူမ၏ ကိုယ်တွင်းမှ အရာ၏ စွမ်းအားကို ထိတွေ့ ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့ဖူးသောကြောင့် ဖြစ်သည်။

ရီဖူရှင်းသည် များပြားလှသော ပြန်လည်မွေးဖွားခြင်း အဆင့်မှ လူများ၏ ဖိအားပေးခြင်းကို ခံရခြင်းကြောင့် ထိုသို့ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်ပေသည်။

မဟုတ်လျှင် သူသည် ထိုကဲ့သို့ ခြေလှမ်းမျိုးကို လှမ်းလိမ့်မည် မဟုတ်ပေ။

ကောင်းကင် အဝေးတစ်နေရာ၌ လူအိုကြီးတစ်ဦး ထွက်ပေါ်လာသည်။ သူသည် တိုက်ပွဲကွင်းပြင်ကို ငုံ့ကြည့်လိုက်ပြီး သူ့ နှုတ်ခမ်းထက်တွင် အပြုံးရေးရေး ထင်ဟပ်နေသည်။

ရီဖူရှင်းက အင်ပါယာခွာ အပျက်အစီးနယ်မြေမှ အမွေအနှစ်ကို အမှန်တကယ် ဆက်ခံနိုင်ခဲ့သည်ကို သူ စိတ်ဝင်စားဖွယ် တွေ့ရှိခဲ့သည်။

သို့သော်လည်း သူ ထပ်ပြီး တွေ့ရှိရသည်မှာ များပြားလှသည့် ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုများက သူတို့၏ ဂျူနီယာလေး အပေါ်၌ ဝိုင်း၍ အနိုင်ကျင့် လိုချင်နေကြပေသည်။ ထိုသည်မှာ အလွန်ပင် အရုပ်ဆိုးလှသည်။

ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ဝင်ရောက်ပြီးနောက်၌ ထိုအဆင့်တွင် ပြိုင်ဘက်ကင်း ဖြစ်လိုကြသည်။ ပြန်လည်မွေးဖွားခြင်း အဆင့်၌ အထွတ်အထိပ် ရောက်ရှိပြီး ပြိုင်ဘက်ကင်းလာလျှင် နောက်ထပ် ရန်ဟောင်အဆင့်သို့ ရောက်လိုကြသည်။

ကျင့်ကြံခြင်း ခရီးလမ်းကို စတင်ခဲ့ပြီ ဆိုသည်နှင့် ပို၍ မြင့်မားသည့် အဆင့်သို့ ရောက်ရှိရန် ပို၍ များပြားသည့် လိုအင်ဆန္ဒများ ဖြစ်ပေါ်လာလိမ့်မည်။ ထိုသည်မှာ သူတို့က အမြင့်ကို ရောက်၍ ရပ်နိုင်သည့်အခါ မြင်ရသည့် ရှုမြင်ကွင်းများကို ပို၍ မြင်လိုသောကြောင့် ဖြစ်ပေသည်။

“ဒါက အင်ပါယာခွာ မဟုတ်ဘူး။ အဲဒါက သူ ရတနာရဲ့ စွမ်းအားကို သုံးပြီး ဆင့်ခေါ်ထားတဲ့ ဝိညာဉ်အပိုင်းအစ တစ်ခုပဲ။ သူ့အနားကို မကပ်ကြနဲ့” ကျူးခုန်က ပြောသည်။ သူသည် အသွေးအသားထဲကပင် အကြောက်တရားကို ခံစားနေရပေသည်။

သူတို့ လက်လျှော့ခဲ့လိုက်လျှင် မျိုးနွယ်စုအတွက် အပြစ်သင့် ပေလိမ့်မည်။

ရီဖူရှင်းက မျိုးနွယ်စု ခြောက်ခုကို သည်အတိုင်း လွှတ်ပေးရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် ယနေ့တွင် သူတို့က စတင်တိုက်ခိုက်ခဲ့ကြပြီး နောက်တွင် ဖြစ်၏။

သူသည် ရှေ့သို့ ဆက်လျှောက်ရန် တစ်နည်းသာ ရှိပြီး ရီဖူရှင်းကို သတ်မှ ဖြစ်ပေလိမ့်မည်။

ရီဖူရှင်း၏ တည်ရှိမှုသည် သူတို့ကို ကြီးမားသော ခြိမ်းခြောက်မှုကို ပေးသည်။ ထို့ကြောင့် သူတို့က သူ့ကို ရှင်းထုတ်ပစ်ရန် လိုပေသည်။

ရီဖူရှင်းသည် မျိုးနွယ်စု ခြောက်ခု၏ ခေါင်းဆောင်များကို တစ်ချက်ကြည့်သည်။ အင်ပါယာခွာ၏ မျက်လုံးများသည် ကျူးချွယ့်ကလန် ခေါင်းဆောင်ဆီသို့ ကြည့်သည်။ ထက်ရှလှသည့် ကြောက်မက်ဖွယ် အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်လာသည်။

“မိုက်လိုက်တဲ့ တိရစ္ဆာန်၊ မင်းရဲ့ အရှင်သခင်ကို ရှေ့မှာ မြင်နေတာတောင် အညံ့ခံဖို့ တွေဝေ နေသေးတာလား” ကြီးမားသည့် ပုံရိပ်ကြီးက အော်သည်။ သူ၏ ကြောက်မက်ဖွယ် အသိစိတ်က ကလန်ခေါင်းဆောင်၏ စိတ်အတွင်း၌ ဝင်ရောက် လောင်ကျွမ်းလေသည်။ ကျူးချွယ့်ကလန် ခေါင်းဆောင်သည် အေးစိမ့်မှုက သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားကာ စိတ်လွတ်သွားစေရန် လုပ်ဆောင်သည်။

သူသည် ထိုအခိုက်အတန့်တွင် တွေဝေ မိန်းမောသွားသည်။ သူသည် အမှန်တကယ် အင်ပါယာခွာကို ရင်ဆိုင်နေရသည်လား ထင်မှတ်မိသည်။

“မင်းက တစ်ချိန်တုန်းက ငါ့ရဲ့ စီးတော်အဖြစ် ခစားခဲ့ရတယ်။ မင်းက ကိုယ့်ရဲ့ တာဝန်ကို စွဲစွဲမြဲမြဲ မှတ်ထားပြီး ငါ့ စွမ်းအားတွေကို ဆက်ခံခဲ့တဲ့ လူကို ခစားသင့်တယ်။ ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်။ မင်းသာ ကျူးခုန်ကို သတ်ပြီး ငါ့ကို ခစားဖို့ ဆန္ဒရှိတယ်ဆိုရင် အတိတ်က မင်းရဲ့ ပြစ်မှုအားလုံးကို သင်ပုန်းချေပေးမယ်” နောက်ထပ် ပြောလိုက်သည့် အသံက နေရာတစ်ခုလုံးကို တုန်လှုပ်ချောက်ချား စေသည်။

ကျူးချွယ့်ကလန်  ခေါင်းဆောင်၏ မျက်လုံးများကို ကြည့်ရသည်မှာ ဆုံးဖြတ်ချက်ချရန် အခက်အခဲ ဖြစ်နေပုံ ရလေသည်။ သူက ရီဖူရှင်း ပြောသည့် စကားကို နားလည်သည်။ ရီဖူရှင်းက အင်ပါယာခွာ၏ အသံကို တူအောင် လုပ်ကာ အင်ပါယာခွာကဲ့သို့ ဟန်ဆောင်နေသည်အား သူ သတိပြုမိသည်။

သို့သော်လည်း ရီဖူရှင်းသည် သူ့ကို သက်ညှာပေးရန် ကြိုးစားနေခြင်း ဖြစ်ပေသည်။

အကယ်၍ သူသာ ရပ်တည်ချက်ကို ချက်ချင်း ပြောင်းလဲလိုက်လျှင် အမှန်တကယ်ပဲ သူ့အတွက် လွတ်လမ်း ရှိနိုင်မည်လား။

သူက တွေဝေနေပေသည်။

“သူက မင်းကို အရူးလုပ်နေတာတောင် မင်းမမြင်နိုင်ဘူးလား” ကျူးခုန်က ကျူးချွယ့်ကလန် ခေါင်းဆောင်ကို ကြည့်ကာ မေးသည်။ သူက အခြားမျိုးနွယ်စု ခေါင်းဆောင်များ တွေဝေနေသည်ကို မြင်လျှင် အံ့သြမိသွားလေသည်။

ကျူးချွယ့်ကလန် ခေါင်းဆောင်က တွေဝေနေဆဲပင် ရှိသေး၏။ ဝူယုံးသည် ရီဖူရှင်းကို အရင်ဆုံး အညံ့ခံသူ ဖြစ်ပြီး သူက ပြန်လည်မွေးဖွားခြင်း အဆင့် ဖြစ်လာခဲ့သည်။

ပေ့လိကလန်သည်လည်း ထိုသို့ တူညီစွာပင် ဆုံးဖြတ်လိုက်ပြီး ရီဖူရှင်းနှင့်အတူ ရပ်တည်ခဲ့သည်။

သူတို့အားလုံး ဘာကြောင့် ထိုသို့ လုပ်ရသနည်း။

ရီဖူရှင်းက အင်ပါယာခွာ၏ အမွေကို ဆက်ခံနိုင်စွမ်း ရှိသည်။ သူတို့ ယနေ့ တိုက်ပွဲဖြစ်ပွားပြီး နောက်တွင် ရီဖူရှင်း၏ ပါရမီ အရည်အချင်းက အလွန် အားကောင်းလှသည်မှာ သံသယဖြစ်ဖွယ် မလိုအောင် တွေ့မြင်ရပြီး ဖြစ်၏။ သူက နောက်ထပ် အင်ပါယာခွာပင် ဖြစ်လာနိုင်သေးသည်။

သူတို့အားလုံးက ရီဖူရှင်းထံ၌ အညံ့ခံမည့်အစား ရတနာ စွမ်းအားကို ရယူရန်သာ ကြိုးစားကြခြင်း၏ အကြောင်းပြချက်သည် သူ၏ စွမ်းအားမှာ အင်ပါယာအသစ် အဖြစ် ယုံကြည်နိုင်ဖို့ရာ အလွန်အားနည်း နေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ထိုအတွေးများက ပြောင်းလဲသွားပြီဟု ထင်မှတ်ရပေသည်။

ထို့အပြင် ရီဖူရှင်းသည် သူ့စိတ်ကို ပြောင်းလဲနိုင်ရန် အခွင့်အရေး ပေးနေသည်။

“သူက အင်ပါယာခွာရဲ့ စွမ်းအားတွေကို ထိတွေ့နိုင်ပြီးတော့ အခုချိန်မှာ အဲဒါတွေကို ပြောင်မြောက်တဲ့ တိုက်ပွဲစွမ်းရည် အဖြစ် အသုံးချနိုင်တယ် ဆိုရင်တောင်မှ သူက ကျုပ်တို့နဲ့ တိုက်ခိုက်ဖို့ ယုံကြည်ချက်မရှိလို့ လှည့်စားနေတာလေ။ သူ့ ထောင်ချောက်ထဲ ကျမသွားစေနဲ့” ကျူးခုန်က လူတိုင်းကို အေးစက်စက် အသံနှင့် ပြောသည်။

ရီဖူရှင်း၏ စွမ်းအားသည် ဆက်လက်၍ ကြီးထွားလာနေသည်။ ကျူးချွယ့်ကလန် ခေါင်းဆောင်က ရပ်တည်ချက်ကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ပါက မျိုးနွယ်စု ကိုးခုတွင် ငါးခုသာ ကျန်ရစ်မည် ဖြစ်သည်။

ရီဖူရှင်း၏ ဘက်တွင် မျိုးနွယ်စုသုံးခု ရှိနေလိမ့်မည်။

“မင်းမှာ အခု အခွင့်အရေး တစ်ခုရှိတယ်။ အရာအားလုံးက စီမံပြီးအတိုင်း ဆက်သွားမယ်ဆို ငါက မင်းကို ဘာအသုံးချရမှာလဲ” အင်ပါယာခွာက တစ်ဖန်ထပ်ကာ ပြောသည်။ ကျူးချွယ့်ကလန် ခေါင်းဆောင်၏ မျက်လုံးများက ဂနာမငြိမ် ဖြစ်နေသည်။

အကယ်၍ သူသာ ရီဖူရှင်းကို အမှန်တကယ် သုတ်သင်နိုင်ခဲ့လျှင် သူက အင်ပါယာခွာ ချန်ရစ်ခဲ့သည့် အမွေအနှစ်ကို လက်ဝယ် ပိုင်ဆိုင်နိုင်မည်လား။

ထိုသည်က သေချာမှု မရှိပေ။

မျိုးနွယ်စုခြောက်ခုတွင် ကျူးကလန်နှင့် ကျုံးကလန်က စွမ်းအားအကြီးဆုံး ဖြစ်သည်။ ထို့အပြင် အခြားသော တန်ခိုးရှင်များကလည်း မျှဝေ လိုချင်နေကြသေးသည်။

သို့သော်လည်း ရီဖူရှင်းကို ကူညီသည်မှာ အန္တရာယ်များလိမ့်မည် ဖြစ်သည်။ ရီဖူရှင်းတို့ဘက်ကသာ ဤတိုက်ပွဲ၌ ရှုံးနိမ့်သွားခဲ့ပါက မည်သည်တို့ ဖြစ်လိမ့်မည်ကို သူ တွက်ဆကြည့်နေသည်။

ကျူးကလန်နှင့် အခြားမျိုးနွယ်စုများက သူတို့ကို စာရင်းရှင်းရန် လုပ်ဆောင်ကြမည်လား။

“ကောင်းပြီလေ” ကျူးချွယ့်ကလန် ခေါင်းဆောင်က အံကို တင်းတင်းကျိတ်ရင်း ဆုံးဖြတ်ချက် ချသည်။ သူက ရုတ်တရက် လေထဲမှ ကျူးခုန်ကို တိုက်ခိုက်သည်။ သူက ဆုံးဖြတ်ချက် ချပြီးခဲ့ပြီ ဖြစ်သောကြောင့် အခုချိန်တွင် သူ၏ စစ်မှန်မှုကို ပြသရန် လိုအပ်ပေသည်။

“မင်း  …” ကျူးခုန်က နောက်ထပ် မျိုးနွယ်စုတစ်ခုက ဘက်ပြောင်းကာ ရပ်တည်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ကျူးချွယ့်ကလန် ခေါင်းဆောင်ထံသို့ တည့်မတ်စွာ ဦးတည်သည်။

“ကျူးကလန်နဲ့ ကျုံးကလန်ကို ဖယ်ပြီး တခြားမျိုးနွယ်စုထဲမှာ လက်နက်ချချင်တဲ့သူ ရှိလား” ရီဖူရှင်းက မေးသည်။ “တကယ်လို့ လက်နက်ချချင်တဲ့ တခြားမျိုးနွယ် ရှိခဲ့ရင် တစ်ဖက်ကို မျိုးနွယ်စု လေးခုစီ ရှိသွားလိမ့်မယ်။ တိုက်ပွဲက ဘယ်လိုပဲ အဆုံးသတ်သတ် မျိုးနွယ်စုလေးခုက တစ်ဖက်တည်းမှာ အမြဲ ရပ်တည်နေလိမ့်မယ်။ တကယ်လို့ အဲဒီလို ဖြစ်မယ်ဆိုရင် တခြား စိတ်ပူနေစရာ မလိုတော့ဘူး”

ကျူးချွယ့်ကလန် အညံ့ခံပြီးနောက်၌ နန်လိမျိုးနွယ်စု၊ ဝူးမျိုးနွယ်စုနှင့် ကျွယ်မျိုးနွယ်စုတို့သာ ကျန်ရှိလေသည်။

“တစ်နေရာစာ ကျန်သေးတယ်နော်။ ဘယ်မျိုးနွယ်စုပဲ ဖြစ်ဖြစ် ကျုပ်ဆီမှာ လက်နက်ချဖို့ ဆုံးဖြတ်လိုက်တာနဲ့ ကျင့်ကြံဖို့အတွက် အင်ပါယာခွာရဲ့ စွမ်းအားတွေကို လက်ခံရရှိလိမ့်မယ်” ရီဖူရှင်းက ပြောသည်။

သူက လူအများ ထိတ်လန့်စေရန် ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုကို သတ်ပစ်ခဲ့သော်လည်း သူ ရင်ဆိုင်ရမည့် ရန်သူမှာ အများအပြား ကျန်ရှိနေသေးသည်။

ထိုအခြေအနေက သူ့အတွက် အန္တရာယ်များလှသည်။ သူက ရန်သူအားလုံးကို ရှုံးနိမ့်စေနိုင်လျှင်ပင် သူက အားလုံးကို သတ်ပစ်ရန်တော့ မဖြစ်နိုင်ပေ။ အနာဂတ်ကိုလည်း ထည့်သွင်း စဉ်းစားရပေဦးမည်။

ထို့ကြောင့်ပင် သူက အစွမ်းထက် အင်အားစုများ သူ့ထံသို့ အညံ့ခံလာရန် လိုအပ်ပေသည်။

ထိုအခိုက်၌ သူ၏ စွမ်းအားမှာ ထိတ်လန့်ဖွယ်ပင် ဖြစ်သည်။ ထို အင်ပါယာခွာ၏ အမွေအနှစ်သည် သူ့အတွက် အခွင့်အရေးကောင်းများကို ဖန်တီးပေးသည်။

မျိုးနွယ်စု အများစုမှာ ထိုအခြေအနေသို့ ရောက်အောင် ဖိအားပေးခံထားရသည်ကို သူ သတိပြုမိသည်။ ထို့ကြောင့်ပင် သူက သူတို့အတွက် အခွင့်အရေး တစ်ခု ဖန်တီးပေးလိုက်ခြင်း ဖြစ်ပေသည်။

ရှားရှင်းယွန်နှင့် အခြားလူများမှာ အဝေးတစ်နေရာမှ နေ၍ ရီဖူရှင်းကို စောင့်ကြည့်နေကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာ၌ ယခင်ကနှင့် မတူတော့သည်ကို တွေ့ရှိကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးမှာပင် သတ်ဖြတ်ခြင်းကို ဦးစားမပေးတော့ဘဲ ရန်သူကို အညံ့ခံစေသည့် နည်းလမ်းကို သုံး၍ ရင်ဆိုင်ခဲ့သည်။

သွေးနဂါးဘုံတွင် လာရောက်ကျင့်ကြံခြင်းသည် အလွန်ကောင်းမွန်သော အကြံဉာဏ်ဖြစ်ခဲ့ပြီး သူ့အတွက် အကျိုးရှိပေသည်။

သူသာ အနောက်ပိုင်းဒေသမှ မျိုးနွယ်စုများကို အမိန့်ပေးနိုင်စွမ်း ရှိခဲ့လျှင် နောင်အနာဂတ်၌ အင်အားစု အနည်းငယ်မျှက သူ့ကို လှုပ်ခါနိုင်စွမ်း ရှိလိမ့်တော့မည် မဟုတ်ပေ။

ယနေ့ကဲ့သို့ အဖြစ်မျိုးသည်လည်း နောက်ထပ် ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။

ရီဖူရှင်းက ဤကဲ့သို့ အချိန်တိုင်း တိုက်ခိုက်၍ မနေနိုင်သည်ကို သူမ သိရှိပေသည်။ သူသာ စွမ်းအား၏ တန်ပြန်သက်ရောက်မှု ဖြစ်ပေါ်လာလျှင် ယင်းသည် အလွန်ကြောက်မက်ဖွယ် ကောင်းလိမ့်မည် ဖြစ်သည်။

“ဒီနေ့မှာ အင်ပါယာခွာရဲ့ ဆက်ခံသူကို မျက်မြင်တွေ့ခွင့်ရခဲ့တယ်။ မြို့စားရီက အင်ပါယာခွာရဲ့ နောက်ဆုံး အတည်ပြုချက်ကို ရရှိပြီး ဖြစ်မယ်လို့ ကျုပ် ယုံကြည်တယ်။ ကျုပ်တို့ မျိုးနွယ်စုကိုးခုက အမြဲတမ်း အင်ပါယာခွာရဲ့ လက်အောက်ခံတွေ ဖြစ်တယ်။ အဲဒါကြောင့် နန်လိမျိုးနွယ်က အရှင့်ထံမှာ သစ္စာခံဖို့ ဆန္ဒရှိပြီးတော့ အင်ပါယာခွာရဲ့ ကြီးကျယ်မြင်မြတ်တဲ့ ဂုဏ်သရေကို တစ်ဖန်ပြန်လည် ဆောင်ကြဉ်းနိုင်မယ်လို့ ယုံကြည်ပါတယ်” နန်လိမျိုးနွယ် ခေါင်းဆောင်က ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်လေသည်။

ထိုသည်ကို ကြားလျှင် ကျူးခုန်နှင့် ကျန်သည့်လူများ၏ မျက်နှာ အမူအရာမှာ အလွန်မည်းမှောင်ကာ အရုပ်ဆိုး သွားလေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset