Switch Mode

အပိုင်း(၁၂၆၆)

ပြန်လည်မွေးဖွားခြင်းအဆင့်အား လောင်ကျွမ်းပြာချခြင်း

ပြင်းထန်သည့် မီးတောက်များက ရီဖူရှင်း၏ ခန္ဓာကိုယ်မှနေ၍ ထွက်ပေါ်လာပြီး သူ၏ စွမ်းအားများက သူ့ဝန်းကျင်သို့ ဖြန့်ကြက်သွားသည်ဟု ခံစားလိုက်ရသည်။ သူ့ကို လိုက်ဖမ်းနေကြသည့် လူများသည် ချက်ချင်းပင် သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။

သူတို့အားလုံးသည် သူတို့ရှေ့မှ နတ်ဘုရားမီးတောက်များဖြင့် လွှမ်းခြုံခံထားရသော ပုံရိပ်ကို စူးစိုက် ကြည့်နေကြသည်။ သူ့ထံမှ ထွက်ပေါ်လာသည့် သိမ့်သိမ့်တုန်စေသော အရှိန်အဝါကို သူတို့အားလုံး ခံစားမိကြလေသည်။

ရီဖူရှင်းသည် လေထဲသို့ အမြစ်မဲ့ ကြာပန်း တစ်ပွင့်ကဲ့သို့ ဖြည်းညင်းစွာ တက်သွားခဲ့ပြီး ကောင်းကင်တွင် ရပ်တန့်နေသည်။ သူ့ကို ကြည့်ရသည်မှာ အလေးချိန်ပင် မရှိသလို ဖြစ်သည်။ သူ့မျက်လုံးများထဲတွင် မီးလျှံများ ပေါက်ကွဲထွက်နေပြီး သူ၏ သွေးများက ခန္ဓာကိုယ် အတွင်းတွင် ဆူပွက်နေသည်။

သူ၏ သက်စောင့်ဟော်နန်း အတွင်းတွင် လှည့်ပတ်နေသည့် မီးဝိညာဉ်လုံးသည် အလွန်ပြင်းထန် တောက်ပသည့် အလင်းရောင်များ ထုတ်လွှတ်ပေးနေကာ သူ၏ သက်စောင့်ဝိညာဉ်များ  ကိုပင် လောင်ကျွမ်း  သွားတော့မတတ် ဖြစ်ပေသည်။

ဘုန်း  …

ပြင်းထန်သည့် မီးတောက် အရှိန်အဝါသည် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကောင်းကင်တစ်ခွင်တွင် မျောလွင့်ရင်း ဝေးကွာလှသည့် နေရာအထိ လှည့်ပတ်ရောက်ရှိ သွားလေသည်။

တစ်ခဏချင်းမှာပင် ချန်ယဲ့မြို့အထက်မှ ကောင်းကင်သည် မီးတောက် အရှိန်အဝါများနှင့် လွှမ်းမိုးခံလိုက်ရသည်။ လူတိုင်းသည် ရီဖူရှင်းဘက်သို့ ကြည့်လိုက်ကြပြီး သူတို့၏ နှလုံးသားများက ပြင်းထန်စွာ ခုန်ပေါက်နေသည်ကို ခံစားလိုက်ကြသည်။

အချိန်နှင့် နေရာက အားလုံး အတူတကွ ရပ်တန့်သွားသလို ခံစားလိုက်ကြရ၏။

ရီဖူရှင်းသည် ဝူယုံးကို ချေးငှားပေးခဲ့သည့် စွမ်းအားများထက်ပင် ပို၍ ထုတ်ယူ သုံးစွဲနိုင်စွမ်း ရှိပုံပေါ်လေသည်။

သူ့ကို ကြည့်ရသည်မှာ ထိုစွမ်းအား အတွင်းသို့ ထိတွေ့နိုင်စွမ်းရှိကာ အင်ပါယာခွာ၏ စွမ်းအားကို သုံးစွဲနိုင်ပုံ ရလေသည်။

လေထဲတွင် ရှိနေသည့် ရီဖူရှင်းသည် သူ့ကို သတ်ရန် ကြိုးစားနေသည့် ပြန်လည်မွေးဖွားခြင်း အဆင့်မှ လူများကို ကြည့်သည်။ သူသည် နက်နက်ရှိုင်းရှိုင်းဖြင့် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ပြောသည်။

“အင်ပါယာခွာရဲ့ အမွေအနှစ်က ခင်ဗျားတို့နဲ့ ဘာသက်ဆိုင်လဲ။ ကျုပ်တို့အားလုံး အတွက် အဆင်ပြေမဲ့လမ်းကို ဘာလို့ မရွေးရတာလဲ”

သူ၏ မျက်လုံးများက သူ့စကားများကဲ့သို့ လောင်ကျွမ်းနေသည်။ ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်သည်လည်း လောင်ကျွမ်းလာသည်။

သူ၏ ပတ်ဝန်းကျင်သည် သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်မှ နေသည် သူ့ကိုယ်ပေါ်တွင် တောက်ပနေသည်။ မီးတောက်များ၏ အဆုံးမဲ့ အရှိန်အဝါသည် ထောင်ပေါင်း များစွာသော အကွာအဝေးဆီမှ သူ့ထံသို့ စီးဆင်းလာလေသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်သည် အလွန် ကြောက်မက်ဖွယ် ကောင်းသော လေပွေငယ်အဖြစ် ပြောင်းလဲသွားပြီး သူသည် နေမင်း၏ တွင်းနက်ကြီးကဲ့သို့ ဖြစ်လာကာ အရာရာကို ဝါးမျို ပစ်နေလေသည်။

သူ့ခန္ဓာကိုယ်သည် လောင်ကျွမ်းနေသည်ဟု ထင်မှတ်ရပေသည်။

အနီးရှိလူတိုင်းသည် ရီဖူရှင်း၏ ပြောင်းလဲသွားသော ရှုံ့မဲ့မဲ့ အမူအရာကို ကြည့်နေကြသည်။ သူ့ကို ကြည့်ရသည်မှာ အပြစ်ဒဏ်ကြောင့် နှိပ်စက်ခြင်းကို ခံစားနေရသည့် ပုံပေါ်နေသည်။ သူ၏ အတွင်းကလီစာ အားလုံးမှာ မီးတောက်များမှ ပြင်းထန်စွာ ကျွမ်းလောင်နေမှုကို သည်းခံနေရကြောင်း ခံစားရပေသည်။

ခပ်တိုးတိုး ဆူညံသံတချို့ ရီဖူရှင်းထံမှ ထွက်ပေါ်လာသည်အား ကြားနိုင်လေသည်။ သူသည် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ကြောက်မက်ဖွယ် မီးတောက်များသည် သူ၏မျက်လုံးများမှ အဆုံးမဲ့ကောင်းကင် ဆီသို့ ထိုးတက်သွားသည်။

“ကျုပ်က အင်ပါယာခွာကို ဆင့်ခေါ်ပါတယ်”

ကြုံးဝါးသံတစ်ခုက ရီဖူရှင်းထံမှ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်သည် ပြင်းထန်သော မီးတောက်များကြားတွင် လောင်ကျွမ်းလျက်ရှိသည်။ အဆုံးမဲ့ လမ်းစဉ်မီးတောက်များသည် အစိုင်အခဲအဖြစ် ပေါင်းစပ် ဖွဲ့တည်လာသည်။ ကြီးမားသော ဖြစ်တည်မှုကြီး တစ်ခုသည် သူ့နေရာတွင် ပေါ်ပေါက်လာပြီး ဒဏ္ဍာရီ ရန်ဟောင်တစ်ပါး ဖြစ်လာသည်။

လက်ရှိ ရှိနေသော လူအများ၏ နှလုံးသားများသည် ပြင်းထန်စွာ  ခုန်လှုပ်နေပြီး အထူးသဖြင့် မျိုးနွယ်စုကိုးခုမှ လူများမှာ အဆိုးဆုံး ဖြစ်ပေသည်။

ကျူးခုန်သည် အထိတ်တလန့်နှင့် မော့ကြည့်လိုက်ပြီး အစိုင်အခဲအဖြစ် ဖွဲ့တည်နေသော ဖြစ်တည်မှု တစ်ခုက သူ့အမြင်အာရုံ အတွင်း ဝင်ရောက်လာသည်။ အလွန်ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည် ကမ္ဘာပေါ်တွင် တစ်ဖန်ပြန်၍ ထွက်ပေါ်လာသည့် အင်ပါယာခွာပင် ဖြစ်တော့သည်။

အင်ပါယာခွာသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာလေသည်။

“ဒါက မဖြစ်နိုင်  …” ကျူးခုန်၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားလေသည်။ သူ မြင်လိုက်ရသည့်အရာကို သူ မယုံကြည်နိုင်ပေ။

သူတစ်ယောက်သာလျှင် မဟုတ်ဘဲ မျိုးနွယ်စုကိုးခုမှ လူတိုင်းသည် ပြင်းထန်စွာ တုန်ယင်နေကြသည်။ ပြန်လည်မွေးဖွားခြင်း အဆင့်များပင်လျှင် သူတို့၏ နှလုံးသားများ ခုန်ပေါက်နေသည်ကို ထိန်းသိမ်း၍ မနိုင်ဘဲ ဖြစ်နေကြသည်။

အင်ပါယာခွာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ  ကတည်းက ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ကမ္ဘာမြေပေါ်သို့ တစ်ဖန်ထွက်ပေါ်လာရန်မှာ သူ့အတွက် လွယ်ကူရိုးရှင်းစွာ ဖြစ်နိုင်သောအရာ မဟုတ်ပေ။

သို့သော်လည်း သူတို့ မျက်လုံးရှေ့မှ မြင်ကွင်းသည်တော့ မငြင်းပယ်နိုင်သည့် အမှန်တရားပင် ဖြစ်တော့၏။

ရီဖူရှင်းသည် အင်ပါယာခွာကို ဆင့်ခေါ်ခဲ့သည်။

သူသည် အဆုံးမဲ့ လမ်းစဉ်မီးတောက်များကို အသုံးပြု၍ အင်ပါယာခွာ၏ သဏ္ဌာန်ကို ဖြစ်တည်စေခဲ့သည်။

“ဒါက ရူးသွပ်စရာပဲ”

အဝေးတစ်နေရာမှ တိုက်ပွဲကို စောင့်ကြည့်နေကြသူတို့မှာ သူတို့၏ နှလုံးသားများ ခုန်လှုပ်နေသည်ကို ခံစားကြရပြီး ထိုအခိုက်၌ သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကို အံ့အားသင့်နေကြသည်။

သွေးနဂါးဘုံ တစ်ခွင်မှ ပြန်လည်မွေးဖွားခြင်း အဆင့်များ အပါအဝင် ထိပ်သီးပုဂ္ဂိုလ်များ အားလုံးသည် ဤတိုက်ပွဲ ဖြစ်ပွားသည့် နေ့တွင် လာရောက် စုစည်းနေကြသည်။

ရက်စက်သည့် တိုက်ပွဲများ ပြီးသည့်နောက် သူတို့အားလုံးသည် မုန်တိုင်းအတွင်း ကျရောက်ခဲ့ကြသည်။

မုန်တိုင်းသည် ပြင်းထန်စွာ တိုးမြင့်လာနေသည်။

အင်ပါယာခွာသည် သူတို့၏ ရှေ့တွင် မတ်မတ် ရပ်လျက် ရှိနေသည်။

တိုက်ပွဲကွင်းပြင်သည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်လို့ သွားသည်။ အားလုံးသော ပြန်လည်မွေးဖွားခြင်း အဆင့်များသည် တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ကာ ထိုပုံရိပ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

မီးတောက်များသည် ဆက်လက်၍ အော်မြည်နေကာ ရန်ဟောင်ခန္ဓာကိုယ်က ကောင်းကင်သို့ မြင့်တက်လာသည်။ သူသည် အဆုံးမဲ့ တွင်းနက်ကြီးနှင့် တူလှပေသည်။

ရီဖူရှင်းသည် ထိုအလွန်ကြီးမားသည့် အစွမ်းထက် ပုံရိပ်ကြီး၏ တစ်နေရာတွင် ရှိနေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မီးတောက်များဖြင့် လောင်ကျွမ်း နစ်မြုပ်နေသည်။

သူ၏ သက်စောင့်ဝိညာဉ် ကမ္ဘာ့သစ်ပင်သည် အမျှင်တန်းများ အဖြစ် ခွဲဖြာထွက်လာပြီး သူ၏ ခန္ဓာကို လွှမ်းခြုံကာ သူ့ သွေးကြောများ အတွင်းသို့ စိမ့်ဝင်သွားကာ ဧကရာဇ် အသိများ အပြည့်အဝ ထွက်ပေါ်လာစေသည်။ သူ့သွေးကြောများထဲမှ သွေးများမှာ ဆက်လက်၍ ဆူပွက်နေပေသည်။

သူသည် အင်ပါယာခွာ၏ အပျက်အစီး နယ်မြေတွင် အမွေအနှစ်ကို ဆက်ခံသည်နှင့် စွမ်းအားများကို ငှားရမ်း အသုံးပြုနိုင်ကြောင်းကို ချက်ချင်း သိရှိလိုက်ရသည်။ သို့သော်လည်း သူ၏ လက်ရှိအဆင့်ကြောင့် သက်ရောက်မှုမှာ အလွန် အားနည်းလှပေသည်။

ထို့ကြောင့်ပင် သူသည် ဝူယုံးကို စွမ်းအားများ ချေးငှား၍ တိုက်ပွဲကို ဝူယုံးအား ဦးဆောင် တိုက်ခိုက်စေခဲ့ခြင်း ဖြစ်သည်။ သူသည် စွမ်းအားများကို ဝူယုံးထံသို့ ချေးငှားခဲ့စဉ်က အပြည့်အဝ ပေးပို့၍ မရနိုင်ခဲ့ခြင်းမှာ ဝူယုံး၏ အဆင့်က ပြန်လည်မွေးဖွားခြင်း အဆင့်၌သာ ရှိနေသဖြင့် သူ့စွမ်းအားများကို ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ် အဆင့်ထိသာ လက်ခံနိုင်စွမ်း ရှိခြင်းကြောင့် ဖြစ်ပေသည်။

ရီဖူရှင်းသည် ကိုင်ရှန့်ထိုဘုရင်က သူနှင့် ဝူယုံးကြား၌ ဆက်သွယ်မှုကို ဖြတ်တောက်ခွဲခြား ပစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

သူသည် အကြံဉာဏ်များ ကုန်ခန်းသွားကာ သူ၏ ဘေးပတ်ဝန်းကျင်မှ မဟာလမ်းစဉ် စွမ်းအားများကို အသုံးပြု၍ အင်ပါယာခွာကို ဆင့်ခေါ်ရန် ဆုံးဖြတ်လိုက်ပေသည်။ သူ၏ လက်ရှိအဆင့်မှာ ထိုကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားများကို ငှားရမ်း အသုံးပြုရသည်မှာ သူသာ သေချာ ဂရုမစိုက်မိလျှင် ကြီးမားသည့် တန်ဖိုးကို ပေးဆပ်ရလိမ့်မည် ဖြစ်သည်။ သူသည် မည်သည့်အတွက် သေသွားမှန်းပင် မသိလိုက်ရအောင် သေဆုံးသွားနိုင်ပေသည်။

သို့သော်လည်း ထိုသို့ အတင်းအကျပ် လုပ်ရန်က လွဲ၍ သူ့ထံတွင် နည်းလမ်း မရှိတော့ပေ။

“ဒါက အင်ပါယာခွာ မဟုတ်ဘူး။ ဒါက အပျက်အစီး နယ်မြေမှာ ချန်ရစ်ခဲ့တဲ့ အသိအပိုင်းအစ တစ်ခုပဲ” ကျူးခုန်၏ နှုတ်ဖျားမှ စကားတစ်ခွန်း ထွက်ကျလာသည်။ လူတိုင်းသည် သူတို့၏ ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်နေကြဆဲပင် ရှိသေး၏။ သို့သော်လည်း အင်ပါယာခွာက အမှန်တကယ်ပင် သေဆုံးသွားခဲ့ပြီးသည်မို့ ပြန်လည် ရှင်သန်လာနိုင်ရန် နည်းလမ်းမရှိချေ။

ကျူးခုန်၏ စကားလုံးများကို ကြားပြီးနောင် လူတိုင်း အသိပြန်ဝင် လာကြသည်။ ကျူးခုန်က သူတို့အား အသိဝင်လာစေရန် လုပ်ဆောင်သည်ကို နားလည်လိုက်ကြပေသည်။ အကယ်၍သာ အင်ပါယာခွာက အသက်ပြန်လည် ရှင်သန်လာခဲ့မည် ဆိုလျှင် သူက သူတို့အား လက်တစ်ဖက်တည်းနှင့် ချေမွပစ်နိုင်စွမ်း ရှိပေလိမ့်မည်။

“ပြီးတော့ သူ့စွမ်းအားက ရှန့်ထို ပထမ အဆင့်မှာပဲ ရှိသေးတယ်။ သူက အဲဒီလို ဆင့်ခေါ်ထားတာကို အချိန်မရွေး တန်ပြန် နာကျင်မှုကို ခံရနိုင်တယ်။ သူရရှိခဲ့တဲ့ အရာကနေ တစ်ဆင့် အင်ပါယာခွာကို ထပ်ပြီး ဆင့်ခေါ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ဘူး” ကျူးခုန်က လမ်းလျှောက်လာရင်း ပြောသည်။ သူ၏ လောဘတက်နေသော မျက်လုံးများက သိသိသာသာ ပို၍ အရှိန်မြင့်လာလေသည်။

သူက ထိုအရာကို လက်ဝယ် ပိုင်ဆိုင်လိုသည်။

သူက ထိုအရာမျိုးကို ရီဖူရှင်း လက်ထဲ၌ ထားရှိခြင်းမှာ အလွန်ဖြုန်းတီးရာ ရောက်သည်ဟု ယူဆလေသည်။ သူသာ ထိုစွမ်းအားမျိုးကို ဆက်ခံရပါက အလွန်အင်အားကြီး လာပေလိမ့်မည်။

ထိုသို့သာဆိုလျှင် သွေးနဂါးဘုံရှိ ရန်ဟောင်အဆင့် အောက်မှ မည်သူမဆို သူ့ကို ရင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။

ကျူးခုန်က ထိုသို့ အတွေးမျိုးကို လျှို့ဝှက်စွာ တွေးမိလိုက်လျှင် အခြားလူများလည်း ထိုသို့ တွေးနေမည်ဆိုသည်မှာ သေချာပေါက်ပင် ဖြစ်သည်။

ရှန့်ထိုများ အကြားတွင် ပြိုင်ဘက်ကင်း ဖြစ်လာစေနိုင်သည့် အခွင့်အရေးက သူတို့၏ အရှေ့တွင် ရောက်ရှိနေပြီ ဖြစ်သည်။

သူတို့သာ ရီဖူရှင်း ရရှိခဲ့သည့် အရာအားလုံးကို ရယူနိုင်စွမ်းရှိလျှင် သူတို့သည် ရှန့်ထိုအဆင့်များ အားလုံး၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်စွမ်း ရှိပေလိမ့်မည်။

အခြားထက်ပို၍ ထိုအရာသည် ရန်ဟောင်အသိကို ထိတွေ့ ခံစားနိုင်မည့် အခွင့်အရေးကိုလည်း ပေးလိမ့်မည် ဖြစ်သဖြင့် ထိုသည်က အနာဂတ်၌ သူတို့၏ အဆင့်များ ရှေ့သို့ ဆက်လက် တက်ရောက်နိုင်ရန် ဖြစ်နိုင်လာလိမ့်မည် ဖြစ်သည်။

ဤသည်က အခြားမဟုတ်ဘဲ သွေးဆောင်မှုကို ဖြစ်ပေါ်စေသည်။

ထို့ကြောင့်ပင် ပြန်လည်မွေးဖွားခြင်း အဆင့် အထူးသဖြင့် မီးစွမ်းအား အသုံးပြုသည့် သူများမှာ ပို၍ လိုချင်တပ်မက်စိတ် ပြင်းပြလာကြပေသည်။

တန်ခိုးရှင်များမှာ သူတို့၏ လက်များ ယားလာသည်ဟု ခံစားကြရသည်။

အဝေးတစ်နေရာမှ ရှားရှင်းယွန်နှင့် အခြားလူများမှာ စိုးရိမ်ပူပန်စွာ ကြည့်နေကြသည်။ ရီဖူရှင်းသည် အင်ပါယာခွာ၏ မျိုးဆက်စွမ်းအားများကို ငှားရမ်း အသုံးပြုနေသည်အား သေချာ နားလည် သိရှိကြလေသည်။

ထိုအရာသာ ထိန်းချုပ်မှုမှ လွတ်ထွက်သွားခဲ့လျှင် အကျိုးဆက်က ကြောက်မက်ဖွယ် အန္တရာယ်ပင် ဖြစ်တော့သည်။

ရှားရှင်းယွန်၏ မျက်လုံးများသည် ရေခဲရိုက်ထားသလို အေးစက်လာပြီး လှုပ်ရှားရန် ကြိုးစားနေကြသည့် လူများကို ကြည့်သည်။

ဤအခြေအနေက သူမအတွက် အလွန် စိတ်ပျက်ဖွယ်ပင် ဖြစ်သည်။ သူမ ရှန့်ထိုဖြစ်လာခဲ့ပြီး သော်လည်း ထိုသို့သော တိုက်ပွဲမျိုးသည် ပြန်လည် မွေးဖွားခြင်း အထွတ်အထိပ် အဆင့်များသာ ပါဝင်တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ ထိုတိုက်ပွဲအတွင်း၌ သူမ ကြားဝင်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုလူများ၏ အကြားမှ ကြောက်မက်ဖွယ် တိုက်ခိုက်မှုသည် သာမန်ရှန့်ထိုလေး တစ်ပါးအား အသာအယာပင် ချေမွ ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။

သူတို့သည် ဝင်ရောက်တိုက်ခိုက်ရန် မဆိုထားနှင့် တိုက်ပွဲအနီးသို့ သွားရန်ပင် အဆင့်မမီချေ။

နေမင်း၏ လောင်ကျွမ်းနေသော ရောင်စဉ်တန်းများသည် ကောင်းကင်ထက်တွင် ပို၍ ပြင်းထန်လာသည်။ ကျူးခုန်သည် သူ၏ အနီးဝန်းကျင်မှ မဟာလမ်းစဉ် မီးတောက်များကို စုစည်းသည်။ မြင့်မားသည့် ကောင်းကင်နှင့် နေမင်း၏ အောက်တွင် အလွန်ကြီးမားသည့် နေနတ်ဘုရား ဓားတစ်လက် ထွက်ပေါ်လာလေသည်။

သူသည် အောက်ဘက်ကို ကြည့်ကာ ဟစ်ကြွေးသည်။ နေနတ်ဘုရားဓားသည် ကောင်းကင်မှ ကျဆင်းလာကာ အင်ပါယာခွာ၏ ကြီးမားလှသော ပုံရိပ်ကြီးထံသို့ တည့်တည့် ပြေးဝင်သွားလေသည်။

ထိုကြီးမားပြီး ထည်ဝါသည့် ပုံရိပ်ကြီးသည့် သူ့ လက်မောင်းကို မြှောက်လိုက်ကာ ကောင်းကင်ဆီသို့ ဆန့်ထုတ်သည်။ ထိုလက်မောင်းကြီးသည် ကြောက်မက်ဖွယ် လေပွေကြီး အဖြစ်သို့ ပြောင်းလဲသွားကာ ရုတ်ခြည်းပင် ဘေးဘက်ဝန်းကျင်မှ အရာရာကို စတင် ဖျက်ဆီးတော့မယောင် ထင်မှတ်ရသည်။

ထိုအရာသည် အောက်သို့ ဆင်းသက်လာသော ဓားကို တားဆီးရန် အားထုတ်ရန်ပင် မလိုပေ။ ထို့အစား ၎င်းသည် ဓားပေါ်မှ မီးတောက်များကို ဝါးမျိုပစ်သည်။

ဓားသည် ထိုလက်ကြီးအတွင်းသို့ ဟက်တက်ခွဲကာ ဓားသွားသည် အင်ပါယာ၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကို ခုတ်ပိုင်းရန် ကြိုးစားလေသည်။ သို့သော်လည်း လင်းလက်နေသည့် လမ်းစဉ်မီးတောက်များသည် ဓားကိုအရည်ပျော်၍ သွားစေသည်။ ဓားသည် တဖြည်းဖြည်းနှင့် ကြီးမားသော ပုံရိပ်ကြီး၏ ဝါးမျိုစားသောက်ခြင်းကို ခံလိုက်ရလေသည်။

ကျူးခုန်၏ အစွမ်းထက် တိုက်ကွက်သည် ချက်ချင်းပင် ဝါးမျိုခံလိုက်ရကာ သူ့ကို သုန်မှုန်သွားစေသည်။ လမ်းစဉ်မီးတောက်များဖြင့် ဖွဲ့စည်းထားသည့် အင်ပါယာခွာ၏ ပုံရိပ်သဏ္ဌာန်သည် မီးတောက်များနှင့် တိုက်ခိုက်ရာမှာ အကြွင်းမဲ့ သက်ရောက်မှု မရှိရန် လုပ်ဆောင်နေသည်။

အင်ပါယာခွာ အစစ်အမှန် မဟုတ်သော်ငြား ၎င်းသည် လမ်းစဉ်မီးတောက်များကို အသုံးပြု၍ ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။

ဘုန်း  …

ထိုအချိန်၌ ကြီးမားထည်ဝါသည့် ပုံရိပ်ကြီးသည် ရုတ်တရက် လှုပ်ရှားလာကာ ခြေလှမ်းသည်။

ထိုကြီးမားသည့် ပုံရိပ်ကြီး၏ ဦးခေါင်းသည် ကောင်းကင်ကို ရောက်ရှိနေချိန်တွင် သူ၏ ခြေထောက်ကြီးကို မြေပြင်နှင့် ထိစပ်နေသည်။

ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ခြင်းက မြေပြင်ကို ချက်ချင်း လောင်ကျွမ်းသွားစေပြီး ချန်ယဲ့ တစ်မြို့လုံးကို မီးတောက်များနှင့် လွှမ်းခြုံသွားစေသည်။

မီးတောက်များသည် ကောင်းကင်သို့တိုင် ပျံ့နှံ့နေလေသည်။ တိုက်ပွဲကွင်းပြင် တစ်ခုလုံးသည် မီးတောက်များဖြင့် ပြည့်နှက် လောင်ကျွမ်းနေလေသည်။

ကြီးမားသည့် လက်ကြီးသည် မြောက်တက်သွားပြီး လေထုကို ဖြတ်၍ လွှဲယမ်းသည်။ ထိုတိုက်ခိုက်မှုသည် အဆုံးမဲ့ လမ်းစဉ် မီးတောက်များနှင့် ပြည့်ဝနေပြီး အရာအားလုံးကို အရည် ဖျော်ပစ်နိုင်စွမ်း ရှိလေသည်။ ၎င်း၏ လက်အတွင်းမှ မီးတောက်များသည် နေမင်းကဲ့သို့ ပူပြင်းလောင်ကျွမ်း နေပေ၏။

ရီဖူရှင်း အနီးသို့ မျိုးနွယ်စုခြောက်မှ မဟုတ်သော ကျန့်မုမြို့မှ ပြန်လည်မွေးဖွားခြင်း အဆင့်နှစ်ဦး ချဉ်းကပ်လာသည်။ သူတို့သည် ရှီကလန်၏ ရှန့်ထိုအရှင် ကျိုယန်နှင့် ချန်ကလန်၏ ခေါင်းဆောင်တို့ ဖြစ်ကြသည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ထိုပြန်လည်မွေးဖွားခြင်း အဆင့် နှစ်ယောက်ကြောင့် ဖော်ထုတ်လိုက်ခြင်း ဖြစ်လေသည်။

ရှန့်ထိုအရှင် ကျိုယန်၏ ပတ်လည်တွင် နေကိုးစင်းက ဝန်းရံထားပြီး အကန့်အသတ်မဲ့ အလင်းရောင်များ ပေါက်ကွဲ ထွက်လာနေသည်။ ၎င်းတို့သည် ရှေ့သို့ ရွေ့လျားလာပြီး ဆက်လက်၍ ခွဲထွက်ကာ သန်းပေါင်းများစွာသော နေများအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းတို့သည် ကြီးမားသည့် လက်ဝါး တိုက်ခိုက်မှုကြီးဆီသို့ ဦးတည်ကာ တည့်တည့်မတ်မတ် ပြေးဝင်သွားသည်။ သူသည် အင်ပါယာခွာ ပုံရိပ်က မည်မျှထိ အစွမ်းထက်သည်ကို တွေ့မြင်လိုပေသည်။

ဘုန်း  …

နေများအားလုံးသည် ချေမွဖျက်ဆီး ခံလိုက်ရကာ မီးတောက်များက လက်ဝါးတိုက်ခိုက်မှု၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ရှေ့သို့ ဆက်လက်ကျဆင်း ဖိနှိပ်လာသည်။

ရှန့်ထိုအရှင် ကျိုယန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ မီးတောက်များသည် ထိုဖြစ်တည်မှုကြီးကို ရင်ဆိုင်ရာ၌ လုံးလုံး အသုံးမဝင်သည်ကို သူက အံ့အားသင့်နေ၏။

ယန်စွမ်းအားများ၏ အဆုံးမဲ့ လှံများက ချန်ကလန် ခေါင်းဆောင် အနောက်တွင် ပေါ်ပေါက်လာပြီး ကြီးမားသည့် လက်ဝါးကြီးကို ထိုးဖောက်ရန် ကြိုးပမ်းသည်။ သို့ရာတွင် ရလဒ်မှာ အတူတူပင် ဖြစ်၏။ လှံများ အားလုံးသည် တိုက်ခိုက်ရန် အသုံးမဝင်ဘဲ ဝါးမျိုခံလိုက်ရသည်။

မည်သည့် အမျိုးအစား ဖြစ်ပါစေ မီးတောက်များ အားလုံးသည် ဝါးမျို ခံကြရပေသည်။

သူတို့ နှစ်ယောက်လုံးသည် လေထဲသို့ ခြေလှမ်းကာ ပြန်ဆုတ်လိုက်ကြသည်။

ထိုအချိန်တွင် ကြီးမားသည့် လက်ဝါးတိုက်ကွက်ကြီးသည် သူတို့ကို လျင်မြန်စွာ လွှမ်းမိုး သွားလေသည်။ ဝါးမျိုခြင်း လေပွေမုန်တိုင်းက လက်ဝါး၏ အလယ်ဗဟိုတွင် ပေါ်ပေါက်လာသည်။

ဘုန်း  …

သူတို့နှစ်လုံးဆီမှ မီးတောက်စွမ်းအားများသည် လက်ဝါးပေါ်မှ လေပွေဆီသို့ တရကြမ်း ပြေးဝင်သွားသည်။ သူတို့နှစ်ဦးလုံးသည် ထိုလက်ဝါးကြီး၏ ဝါးမျိုမှုကို ခံရတော့မည်ဟု ခံစားလိုက်ကြရပေသည်။

သူတို့ နှစ်ဦးသည် အသည်းအသန် စိတ်ပျက်အားငယ်စွာနှင့် လျင်မြန်သည်ထက် လျင်မြန်အောင် ဆုတ်ခွာလိုက်ကြရသည်။

လက်ဝါးက ရှေ့သို့ ဆက်လက်၍ ကြီးမား ကျယ်ပြန့်လာပြီး ကောင်းကင်ကို အုပ်မိုးသွားကာ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များက အော်မြည်နေသည်။ ၎င်းတို့သည် လေပွေအတွင်းသို့ အရူးအမူး စုပ်ယူ ခံလိုက်ရလေသည်။ ကြည့်ရသည်မှာ ထိုလေပွေသည် သူတို့၏ မီးတောက်များကို ခြောက်ကပ်သွားသည် အထိ စုပ်ယူရန် ကြိုးစားနေပုံ ရလေသည်။

အခြေအနေသည် အလွန်ပြင်းထန်နေပြီး ရှန့်ထိုအရှင် ကျိုယန်၏ အနီးမှ သက်စောင့်ဝိညာဉ်များ သည်ပင် စုပ်ယူဝါးမျို ခံရတော့မဗယာင် ဖြစ်နေပေသည်။

“ပျော်ကျစမ်း” အင်ပါယာခွာ၏ ပုံရိပ်ထံမှ အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ကြီးမားသည့် လက်ဝါးကြီးသည် တုန်ယင်လာပြီး အဆုံးမဲ့ လမ်းစဉ်မီးတောက်များသည် ဝါးမျိုခြင်း လေပွေဆီမှ ထွက်ပေါ်လာကာ နေရာတစ်ခုလုံးကို လွှမ်းမိုးကာ ပြန်လည်မွေးဖွားခြင်း အဆင့်နှစ်ဦးအား အဆုံးမဲ့လမ်းစဉ် မီးတောက်များနှင့် လွှမ်းခြုံ သွားလေသည်။

ထိုကြီးမားသည့် လက်ဝါးသည် အင်ပါယာခွာ၏ ခန္ဓာကိုယ်မှ မီးတောက်များ အန်ထုတ်လိုက်သကဲ့သို့ ထင်မှတ်ရသည်။  ရှန့်ထိုအရှင် ကျိုယန်နှင့် ချန်ကလန် ခေါင်းဆောင်တို့၏ ခန္ဓာကိုယ်များမှာ မီးတောက်များကြား မြှုပ်နှံခံလိုက်ရသည်။

“ပေါင်းစပ်စမ်း” ရှန့်ထိုအရှင် ကျိုယန်သည် ဟစ်ကြွေးလိုက်ပြီး နေကိုးစင်း နတ်ခန္ဓာအဖြစ်သို့ ပြောင်းလဲသည်။ တောက်ပသည့် နေမင်းမှ မီးတောက်များ ထွက်ပေါ်လာပြီး ကောင်းကင်ဆီသို့ ပျံသန်းတက်သွားသည်။

သို့သော်လည်း သူ၏ နှလုံးမှာ ဆက်လက်၍ ခုန်ပေါက်နေသည်။ သူ၏ လက်မောင်းများပင်လျှင် တုန်ယင်နေ၏။

သူ၏ နေကိုးစင်း နတ်ခန္ဓာသည် ဝါးမျိုခံရလုနီးပါးပင် ဖြစ်သည်။

ချန်ကလန်၏ ခေါင်းဆောင်သည်လည်း ကံမကောင်းလှပေ။ သူသည် မီးတောက်များအတွင်း နစ်မြုပ်လောင်ကျွမ်း ခံရလျှင် ကျယ်လောင်စွာ စူးစူးဝါးဝါး အော်ဟစ်သည်။ သူသည် ထွက်ပြေးချင်သော်လည်း လက်ဝါးကြီးက လမ်းစဉ်မီးတောက်များက ဆက်လက်၍ ထုတ်လွှတ်နေကာ သူ၏ ခန္ဓာနှင့် ဝိညာဉ်ကိုပင် လောင်မြိုက်နေပေသည်။

“ကျုပ် အရှုံးပေးတယ်” ချန်ကလန်၏ ခေါင်းဆောင်က အော်ဟစ်သည်။ သူ၏ ခန္ဓာသည် စတင် အားနည်းလာပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မလို ဖြစ်လာပေသည်။

“နောက်ကျသွားပြီ” အေးစက်စက် အသံတစ်ခုက ပြန်ဖြေသည်။ ထိုအသံသည် သေမင်း၏ အသံကဲ့သို့ပင် ဖြစ်တော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset