Switch Mode

အပိုင်း(၁၂၆၅)

တန်ခိုးရှင်များ၏ တိုက်ခိုက်မှု

ကိုင်ရှန့်ထို ဘုရင်သည် ငယ်စဉ်ကတည်းက ရှေးဟောင်းတော်ဝင်မြို့မှ မြို့စား နဝမအစေခံ၏ ကျေးဇူးများက သူ့အပေါ်တွင် အကြွေးအဖြစ် တင်ရှိနေသည်။ သူ့ကို နဝမအစေခံက ကြပ်မတ်သင်ကြား ပေးခဲ့ပြီးနောက်တွင် သွေးနဂါးဘုံတွင် ကျော်ကြားသော အဆင့်အတန်းရှိသူ တစ်ယောက် ဖြစ်လာခဲ့သည်။

သူ့အဆင့်သည် သူ့ကို မြို့စားတစ်ဦး ဖြစ်စေရန် အလွယ်တကူ လုပ်ဆောင်ပေးနိုင်သော်လည်း သူသည် ထိုသို့ မလုပ်ခဲ့ပေ။ ထို့အစား သူသည် သူ၏ နေ့ရက်များကို ခရီးသွားခြင်း မဟုတ်လျှင် ရှေးဟောင်း တော်ဝင်မြို့၌သာ ကျင့်ကြံရင်း အချိန်ကုန်ဆုံးလေသည်။ လူတိုင်းက သူ့ကို ရှေးဟောင်းတော်ဝင်မြို့မှ အဖွဲ့ဝင် ဖြစ်သည်ကို သိကြလေသည်။

သူနှင့် နဝမအစေခံ၏ ရင်းနှီးလွန်းသည့် ဆက်ဆံရေးကြောင့် သူတို့သည် သွေးသား မတော်စပ်လျှင်ပင် ရှင်းချိုးနှင့် ရှင်းခိုင်က သူ့ကို ဦးလေးဟု ခေါ်ကြပေသည်။

ကိုင်ရှန့်ထို ဘုရင်သည်လည်း ရှင်းချိုးနှင့် ရှင်းခိုင်ကို အလွန် တန်ဖိုးထား ချစ်ခင်လေ၏။ သွေးနဂါးဘုံမှ လူတိုင်းသည် ထိုအမှန်တရားကို သိကြလေသည်။

ကိုင်ရှန့်ထို ဘုရင်တွင် မျိုးဆက်မရှိသည့် အတွက် ရှင်းညီအစ်ကိုကို သူ၏ သွေးသားရင်းသဖွယ် ပြုစုပျိုးထောင်ပေးသည်။

ပြန်လည်မွေးဖွားခြင်း အဆင့်မှ နံပါတ်တစ်အဖြစ် ကျော်ကြားသည့် နဝမအစေခံသည် သူ့အကူအညီကို မယ်မယ်ရရ လိုအပ်သည်မျိုး မရှိခဲ့ပေ။ ထို့ကြောင့်ပင် သူသည် နဝမအစေခံ အပေါ်တွင် ကျေးဇူးကြွေးကို ပြန်မဆပ်နိုင်ဘဲ ဖြစ်နေခဲ့သည်။

ထို့အပြင် သူသည် အင်ပါယာခွာ၏ အမွေအနှစ်ကို ယူဆောင်ပြီးနောက် မျိုးနွယ်စုကိုးခုက သူ့ဆီကို လာရှာ၍ လုယက်မည်အား စိုးရိမ်ပူပန်ခြင်း မရှိပေ။

ကိုင်ရှန့်ထို ဘုရင်သည် ကျူးခုန်က သူကိုယ်တိုင် ရီဖူရှင်းကို ရင်မဆိုင်နိုင်သောကြောင့် အခြားလူများကို သွေးထိုးလှုံ့ဆော်ပေးသည် ဆိုခြင်းအား သူ သိရှိပေသည်။ ရီဖူရှင်းကိုသာ အရင် သတ်နိုင်ခဲ့လျှင် သူတို့သည် အင်ပါယာခွာ ချန်ရစ်ခဲ့သည့် လျှို့ဝှက်ရတနာကို ရယူရန် အခွင့်အလမ်း များစွာ ရှိပေလိမ့်မည်။

သို့ရာတွင် ထိုအချိန်၌ မျိုးနွယ်စု ခြောက်ခုသည်သာ အတူတကွ ရပ်တည်နေခြင်း ဖြစ်သည်။ သူတို့ အချင်းချင်းပင် သစ္စာရှိမှု ပျက်ပြားနေကြပေသည်။

သို့သော် သူသည် လက်ထဲ၌ ရတနာကို ဆုပ်ကိုင် ထားနိုင်ခဲ့ပါက အနောက်ဘက် မျိုးနွယ်စုမှ လူများ လာရောက် ပတ်သက်မည်ကို စိတ်ပူခြင်း အလျဉ်းမရှိပေ။

မျိုးနွယ်စု ကိုးခုလုံး အတူတကွ ပေါင်းစည်းသွားလျှင်ပင် သူ့အတွက် ကြောက်စရာဟူ၍ ရှိလာမည် မဟုတ်ပေ။

အင်ပါယာခွာ၏ ခေတ် ကုန်ဆုံးသွားစဉ်ကပင် မျိုးနွယ်စုကိုးခုသည် သူတို့၏ တောက်ပမှုများ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ မျိုးနွယ်စုကိုးခုက အနောက်ဘက် ဒေသကို အုပ်စိုး ထားနိုင်ခြင်းမှာ သူနှင့် မသက်ဆိုင်ပေ။

သူ့အမြင်တွင် မျိုးနွယ်စု ကိုးခုသည် ရှေးဟောင်း တော်ဝင်မြို့နှင့် နှိုင်းယှဉ်နိုင်စွမ်း မရှိချေ။

နဝမအစေခံသာ လှုပ်ရှားခဲ့လျှင် ပြန်လည်မွေးဖွားခြင်း အဆင့်ပင်လျှင် သူ၏ ရှေ့၌ ရပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ကိုင်ရှန့်ထို ဘုရင်သည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး တောက်ပသည့် ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာသည်။

များပြားလှသည့် မျက်လုံးအစုံများက သူ့ထံသို့ ချက်ချင်း ရောက်လာကြသည်။ ထိုအကြည့်များ အားလုံးမှာ ပြင်းထန်စွာ တုန်လှုပ်နေကြသည်။

မည်သူကမှ ကိုင်ရှန့်ထို ဘုရင်ကဲ့သို့ ပထမဆုံး ပါဝင်သူ မဖြစ်လိုကြပေ။

ထိပ်သီးပုဂ္ဂိုလ် အများအပြား ဤနေရာသို့ ရောက်နေကြသော်လည်း သူတို့ ချန်ယဲ့မြို့ကို ဆန့်ကျင်တိုက်လိမ့်မည်လား ဆိုခြင်းကို မည်သူမှ မသိကြပေ။ သူတို့အားလုံးသည် ဘာတွေ ဖြစ်လာမည်ကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

ကျူးခုန်စကား ပြောလိုက်ပြီးနောက် တစ်စုံတစ်ယောက်က စတင် လှုပ်ရှားလိမ့်မည် ဖြစ်သည်။

သူတို့ အားလုံးကို အံ့သြစေသည်မှာ ပထမဆုံး လှုပ်ရှားသည့်သူသည် ထိတ်လန့်ကြောက်ရွံ့ဖွယ် ကိုင်ရှန့်ထို ဘုရင် ဖြစ်နေခြင်းပင် ဖြစ်၏။

ထို့နောက်တွင် ရီဖူရှင်းနှင့် ချန်ယဲ့မြို့ မည်သို့ ဖြစ်လာမည်ကို သူတို့အားလုံး သိချင်နေကြပေသည်။

သူတို့သည် ဤအခက်အခဲမှ လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည်လား။

ရီဖူရှင်းသည် ကိုင်ရှန့်ထိုဘုရင် ထံသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ့နောက်မှ လူများ၏ အကြည့်များတွင် အမျိုးမျိုးသော ဖော်ပြချက်များ ထွက်ပေါ်လာသည်။

ဆန်းထျန်ကျန့်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ပြောလိုက်သည်။ “ဂရုစိုက်။ ကိုင်ရှန့်ထို ဘုရင်က ပြန်လည်မွေးဖွားခြင်း အဆင့်တွေကြားထဲမှာ အတော်လေး ကျော်ကြားတယ်။ သူ့ရဲ့ လေဟာနယ်ကို ထိန်းချုပ်နိုင်တဲ့ အစွမ်းက ထိပ်တန်းပဲ။ သူက အတော်လေး အန္တရာယ်များပြီး ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်။”

နေမင်း၏ အလင်းများဖြင့် လွှမ်းခြုံခံထားရသည့် ရီဖူရှင်းသည် သူ့ဆီသို့ လျှောက်လာနေသည့် ကိုင်ရှန့်ထိုဘုရင်နှင့် ရှင်းချိုးတို့အား အေးစက်စွာ ကြည့်လိုက်သည်။

ဤသည်က ကိုင်ရှန့်ထိုဘုရင်၏ အကြံအစည်လား၊ ရှင်းချိုး၏ အကြံအစည်လား။

သို့သော်လည်း မည်သူ့ အကြံအစည် ဖြစ်စေ သိပ်ပြီး အရေးမပါလှပေ။

ကိုင်ရှန့်ထိုဘုရင်သည် ရှေ့သို့ လှမ်းလာသည်။ လေဟာနယ်အတွင်း ကြောက်မက်ဖွယ် မုန်တိုင်းက သူတို့ကို ရစ်ပတ်လိုက်ကာ သူ့လက်ဝါးကို ရှေ့သို့ ပစ်လွှတ်လိုက်သည်။

ကြောက်မက်ဖွယ် လေပွေကြီးက ဝူယုံးနှင့် ရီဖူရှင်းအနီးတွင် ချက်ချင်းပင် ပေါ်ပေါက်လာသည်။

မီးတောက် စစ်နတ်ဘုရားအသွင် ယူထားသည့် ဝူယုံးသည် ကိုင်ရှန့်ထိုဘုရင် ဆီသို့ ကြည့်လိုက်ပြီး အလွန်ပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်ကို ခံစားလိုက်ရသည်။

ကိုင်ရှန့်ထိုဘုရင် ထုတ်ဖော်လိုက်သည့် မဟာလမ်းစဉ်၏ စွမ်းအားသည် အမှန်တကယ်ပင် အစွမ်းထက်လှသည်။

သူ၏ မျက်လုံးများသည် နေမင်း၏ နတ်ဘုရားမျက်လုံးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မီးတောက်များ၏ ကြောက်မက်ဖွယ် စွမ်းအားက နေဝန်းအဖြစ်သို့ ပြောင်းလဲသွားကာ ကိုင်ရှန့်ထိုဘုရင်ကို ဖုံးလွှမ်းသွားသည်။

ကိုင်ရှန့်ထိုဘုရင်သည် ချက်ချင်းတုံ့ပြန်ကာ ၎င်းတို့ကို သူ၏ လက်နှင့် ဖမ်းဆွဲလိုက်သည်။ သူတို့အနီး ဝန်းကျင်သည် တွန့်လိမ်သွားကာ မဟာလမ်းစဉ်၏ စွမ်းအားများက ချေဖျက်ခံလိုက်ရသည်။

သူ့၏ လက်ကို တစ်ချက်ဝှေ့ရုံဖြင့် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။

ကိုင်ရှန့်ထိုဘုရင်သည် ရှေ့သို့ ဆက်လျှောက်လာသည်။ ခြေတစ်လှမ်း လှမ်းလိုက်ရုံနှင့်ပင် ဝူယုံးနှင့် အခြားသူများ၏ အနီးသို့ ရောက်ရှိလာလေသည်။

အနီးဝန်းကျင်မှ အစွမ်းထက် တန်ခိုးများမှာ ထိတ်လန့်တကြားဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ကိုင်ရှန့်ထိုဘုရင်သည် အမှန်ပင် ကျော်ကြားကာ ကြောက်မက်ဖွယ် ကောင်းသည့် ပုဂ္ဂိုလ်ပင် ဖြစ်၏။ သူ၏ တိုက်ခိုက်မှုများသည် စွမ်းအားများကို ငှားရမ်း အသုံးပြုနေသည့် ဝူယုံးကို လှုပ်ခါနိုင်စွမ်း ရှိပေသည်။

ကိုင်ရှန့်ထိုဘုရင်၏ အနီးလေဟာနယ်သည် မဟာလမ်းစဉ်၏ လေဟာနယ် စွမ်းအားများနှင့် ရစ်ပတ် ပေါင်းစပ်ခဲ့ပြီး အရာအားလုံးကို ဝါးမျိုရာမှ ကြောက်မက်ဖွယ် လေပွေကြီး ပေါ်ပေါက်လာစေသည်။ သူသည် လက်ကို တစ်ဖန်ဆန့်ထုတ်လိုက်ပြီး ဝူယုံးနှင့် ရီဖူရှင်းကြားမှ လေဟာနယ်သည် တွန့်လိမ်သွားခဲ့သည်။ မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ် စွမ်းအားများကို ရီဖူရှင်း ခံစားမိပြီး ဝူယုံးကို သူ့အနီးမှ ထုတ်ဖယ်ပစ်ရန် ရည်ရွယ်ကြောင်းကို သူ သိရှိလိုက်ပေသည်။

ကိုင်ရှန့်ထိုဘုရင်သည် လက်ရှိတွင် ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသည့် ဝူယုံးကို တိုက်ခိုက်ရန်မှာ ခက်ခဲမည်ကို သတိပြု သိရှိပုံပေါ်လေသည်။

ထို့ကြောင့် သူသည် ရီဖူရှင်းနှင့် ဝူယုံးအကြားမှ ဆက်သွယ်နေသည့် နေရာကို ခွဲခြားပစ်လိုက်ခြင်းသာ လုပ်နိုင်ပေသည်။

ကျူးခုန်နှင့် အခြားလူများသည်လည်း ထိုသည်ကို ကောင်းကောင်း သိရှိပေသည်။ သို့သော်လည်း သူတို့သည် ထိုသို့ လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။

ကိုင်ရှန့်ထိုဘုရင် သည်တော့ လေဟာနယ်စွမ်းရည်ကို ကျွမ်းကျင်သည့်အတွက် ထိုသို့လုပ်ရန်မှာ အခက်အခဲအရှိ ဖြစ်နိုင်ပေသည်။

သူတို့ကြားမှ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့လျှင် ငှားရမ်းယူထားသည့် စွမ်းအားများမှာ ပျောက်ဆုံးသွားပြီး ဝူယုံးသည် သာမန် ပြန်လည်မွေးဖွားခြင်း အဆင့်သာ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် မျိုးနွယ်စုခြောက်ခုမှ မည်သည့် ပြန်လည်မွေးဖွားခြင်း တန်ခိုးရှင်မဆို သူ့ကို တိုက်ခိုက်နိုင်စွမ်း ရှိသွားမည် ဖြစ်သည်။

ထို့နောက်တွင် ရီဖူရှင်းသည်လည်း တိုက်ခိုက်လာမှုများကို တောင့်ခံနိုင်သည့် နည်းလမ်း ရှိတော့မည် မဟုတ်ချေ။

ကိုင်ရှန့်ထိုဘုရင် ဘာလုပ်ရန် ကြိုးစားနေသည်အား ဝူယုံး သတိပြုမိသည့်အခါ သူ၏ အမူအရာက ပြောင်းလဲ သွားခဲ့သည်။ သူ၏ မျက်လုံးများသည် နတ်ဘုရားမျက်လုံးများ အဖြစ် ပြောင်းလဲသွားပြီး ကိုင်ရှန့်ထိုဘုရင်ကို နေမင်းမီးလျှံများကြား၌ ဖမ်းဆီးရန် ရည်ရွယ်လိုက်သည်။

သို့သော်လည်း ကိုင်ရှန့်ထိုဘုရင်သည် လေဟာနယ်ထိန်းချုပ်မှု၌ အလွန်ပင် ကျွမ်းကျင် ထက်မြက်လှပေသည်။ သူ၏ ရိုးရှင်းသော ခြေတစ်လှမ်းသည်ပင် မမြင်နိုင်လောက်သည့် အရှိန်နှင့် လေဟာနယ်ကို ဖြတ်ကာ ပြင်းထန်သည့် တိုက်ခိုက်မှုကို ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။ သူသည် လေဟာနယ်ကို အပိုင်းပိုင်း စုတ်ဖြဲရန် ကြိုးစားနေသကဲ့သို့ ဖြစ်သည်။ တိုက်ခိုက်မှုသည် သူ၏ ခန္ဓာကိုယ်ကို ထိနိုင်စွမ်းပင် မရှိပေ။

ထောင်ချီနတ်ဘုရား လက်များသည် ထွက်ပေါ်လာပြီး ချက်ချင်းပင် ကောင်းကင်ကို ဖုံးလွှမ်းသွားကာ ပိတ်ဆို့ထားလိုက်သည်။ မရေတွက်နိုင်သည့် မီးတောက်လက်များ ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို မီးတောက်များ၏ အဆက်မပြတ် တိုက်ခိုက်မှုဖြင့် လွှမ်းမိုးထားလိုက်သည်။

ကိုင်ရှန့်ထိုဘုရင်၏ ရှေ့တွင် လေဟာနယ်မုန်တိုင်းကြီး ထွက်ပေါ်လာသည်။ သူသည် လေထဲသို့ ခြေလှမ်းလိုက်ပြီး သူ့လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ အဖျက်စွမ်းအား ကြီးမားသည့် မုန်တိုင်းသည် လာနေသည့် မဟာလမ်းစဉ် စွမ်းအားများနှင့် ဖန်တီးထားသော လက်ကြီးများကို ဆုတ်ဖြဲလိုက်သည်။ တစ်ချိန်တည်းမှာပင် မဟာလမ်းစဉ် လေဟာနယ် စွမ်းအားများက ဝူယုံး၏ ကျုံးလော်တိုက်ပွဲ သဏ္ဌာန်ကို ဖုံးလွှမ်းသွားကာ ရီဖူရှင်းထံမှ သူ့ကို ဖယ်ထုတ် ပစ်လိုက်လေသည်။

တစ်ချိန်တည်းတွင် ရီဖူရှင်းထံသို့ ပြင်းထန်သည့် လေဟာနယ် မုန်တိုင်းကြီးက ဝင်ရောက်လာသည်။

“သတိထား” ဆန်းထျန်ကျန့်သည် ရီဖူရှင်း၏ အရှေ့တွင် ရပ်လာ၍ လက်ဝါးတိုက်ခိုက်မှုကို ဖော်ထုတ်ကာ လာနေသည့် တိုက်ခိုက်မှုကို နောက်ဆုတ်သွားစေရန် လုပ်ဆောင်လိုက်သည်။

ဝူယုံးအနီးရှိ အရှိန်အဝါမှာ လျင်မြန်စွာ ကျဆင်းသွားသည်။ သူ၏ အဆုံးမဲ့ လမ်းစဉ်မီးတောက်များမှာ ကွယ်ပျောက်သွားတော့ မယောင် ထင်မှတ်လာရသည်။ လေဟာနယ်လေပွေက သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကို ဖမ်းဆီးထားပြီး သူနှင့် ရီဖူရှင်းကြားမှ ဆက်သွယ်မှုကို တားဆီး ပိတ်ပင်ထားသည်။ ရီဖူရှင်းက ဝူယုံးအား စွမ်းအားများ လွှဲပြောင်း ပေးနေသည်ကို တားဆီးရန် သူတို့နှစ်ယောက်ကြားတွင် ကြောက်မက်ဖွယ် ဖျက်ဆီးနိုင်သည့် လေဟာနယ်စွမ်းအားများ ပေါ်ပေါက်လာသည်။

ကိုင်ရှန့်ထိုဘုရင်က လက်ဝါး တိုက်ခိုက်မှုကို ရှေ့သို့ ပို့လွှတ်လိုက်သည်။ ၎င်းသည် အကန့်အသတ်မဲ့ လေဟာနယ်ဓားများ အဖြစ် ပြောင်းလဲသွားကာ သူ့ရှေ့မှ လေထုကို ဆုတ်ဖြဲ ဖြတ်သန်းသွားကာ ဝူယုံးထံမှ တိုက်ခိုက်မှုကို ဆန့်ကျင်လိုက်သည်။ ဝူယုံး၏ တိုက်ပွဲသဏ္ဌာန်သည် တဖြည်းဖြည်း လျင်မြန်စွာ အားနည်းလာပြီး မူလပုံသဏ္ဌာန်သို့ ပြန်လည် ရောက်ရှိသွားသည်။

“တကယ့်ကို ကြောက်စရာပဲ”

“ကိုင်ရှန့်ထိုဘုရင်ရဲ့ စွမ်းအားက ဒီလိုမျိုးပေါ့။ သူ့ရဲ့ လေဟာနယ်စွမ်းအားက တကယ့်ကို ထိပ်တန်း ကျလှပါပေတယ်။”

လူအများသည် အလွန်အမင်း တုန်လှုပ်သွားကြသည်။ သူက ဝူယုံးနှင့် ရီဖူရှင်းကို ခွဲပစ်လိုက်သည့် အတွက် ဝူယုံး၏ တိုက်ပွဲစွမ်းရည်က ကျဆင်းသွားရသည့် အပြင် ရီဖူရှင်းသည်လည်း လုံးဝကို အကူအညီ မဲ့သွားခဲ့ပြီ ဖြစ်သည်။

ကျူးခုန်နှင့် အခြားလူများသည် သူတို့၏ တိုက်ပွဲကို အလျင်အမြန် ပြန်၍ အာရုံစိုက်လိုက်ကြသည်။ သူတို့ အရင်က ကိုင်ရှန့်ထိုဘုရင်၏ တိုက်ပွဲကို စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ဝူယုံးနှင့် ရီဖူရှင်းတို့ အဓမ္မ လူစုခွဲ ခံလိုက်ရသည့်အခါ နောက်ဆုံး၌ သူတို့ ရှေ့သို့ လှမ်းလာခဲ့ကြပြီ ဖြစ်သည်။

ပြန်လည်မွေးဖွားခြင်း အဆင့် ခြောက်ယောက်သည် အချိန်မဆိုင်းဘဲ အတူတူ ပူးပေါင်းလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ကောင်းကင်မှ ဆင်းသက်လာပြီး ရီဖူရှင်းထံသို့ တည့်မတ်စွာ ဦးတည်လိုက်ကြသည်။

သူတို့ခြောက်ယောက်လုံးသည် ကြောက်မက်ဖွယ် စွမ်းအားများ ရှိကြသည်။ သူတို့၏ ဖိအားများသည် သူတို့ အနီးဝန်းကျင်ကို ပျံ့နှံ့နေပေသည်။

ရီဖူရှင်းသည် မွန်းကျပ်ဖွယ် ဖိအားကို ခံစားမိလိုက်သကဲ့သို့ သူ့ဘေးမှ ဆန်းထျန်ကျန့်သည်လည်း သူတို့၏ ပြင်းထန်ကာ သန်မာလှသည့် ဖိအားကို ခံစားလိုက်ရသည်။

ပေ့လိကလန်၏ ခေါင်းဆောင် ပေ့လိချိုးက မျက်မှောင်ကြုတ်လိုက်သည်။

ကိုင်ရှန့်ထို ဘုရင်သည် သူ တိုက်ခိုက်လိုက်သည့် အခါတွင် အမှန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။

ကိုင်ဘုရင်ရှန့်ထိုသည် ကျူးခုန်နှင့် အခြားလူများ လှုပ်ရှားသည်ကို မြင်လျှင် အေးစက်သည့် အကြည့်ကို ထုတ်လွှတ်လိုက်သည်။ သူတို့သည် သူ့ကို လှုပ်ရှားစေရန် သွေးဆောင်ခဲ့သည်။ အခုတော့ သူတို့က ရီဖူရှင်းကို သူ့ထံမှ ခေါ်ဆောင်သွားလိုသည်လား။

“ဒါက ဖြစ်နိုင်မယ်လို့ ထင်လား”

“မင်းတို့ကောင်တွေက ငါ့ကို ဘာအတွက် ခေါ်ထားတာလဲ”

သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး လေဟာနယ်ကို ဖြတ်ကာ ပိတ်ဆို့လိုက်သည်။ ပြန်လည်မွေးဖွားခြင်း အဆင့် ခြောက်ဦးမှာ ခဏချင်းပင် ဆင်းသက်လာပြီး ရီဖူရှင်းထံသို့ ရိုက်ခတ်လိုက်သည်။

ဘုန်း …

ကြောက်မက်ဖွယ် ဆွဲအားက ရီဖူရှင်းကို အောက်ဘက်မှ ဆွဲချလိုက်ကာ သူ့ကို အနောက်သို့ ပို့ဆောင်လိုက်သည်။ ကျူးခုန်နှင့် အခြားငါးယောက်မှာ ဆန်းထျန်ကျန့်နှင့် ပေ့လိချိုးတို့ကို တိုက်ခိုက်ကာ သူတို့နှစ်ယောက်ကို နောက်သို့ လွင့်ပျံ ထွက်သွားစေရန် လုပ်ဆောင်လိုက်ပြီး သူတို့ခြောက်ယောက်က ရီဖူရှင်းထံသို့ တည့်မတ်စွာ ဝင်လာနေသည်။

သို့သော်လည်း ထိုနေရာတွင် ကြောက်မက်ဖွယ် မဟာလမ်းစဉ်၏ ဝင်္ကပါတစ်ခုက စောင့်ကြိုနေလေသည်။

ရီဖူရှင်း၏ နောက်တွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ သူသည် ရှေ့သို့ တက်လာကာ ရီဖူရှင်း၏ ရှေ့တွင် ရပ်လိုက်သည်။ ဝင်္ကပါ ပုံရိပ်သည် ဆက်လက်၍ ကြီးထွားလာနေပြီး အလွန်ပင် တောက်ပလာသည်။

“ချန် …” ပုံရိပ်က သူ၏ လက်ကို ဆန့်ထုတ်ကာ ရှေးဟောင်းစာလုံးကို ထုတ်ဖော်လိုက်သည်။ ထို့နောက် ၎င်းသည် ကောင်းကင်တံတိုင်းအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ကို ဖုံးလွှမ်း ပိတ်ဆို့သွားလေသည်။

ဘုန်း …

ကျူးခုန်နှင့် အခြားလူများ၏ တိုက်ခိုက်မှုသည် တားဆီးခြင်းကို ခံလိုက်ရသည်။ ဝင်္ကပါသည် စတင်၍ အက်ကွဲလာပြီး သူတို့အားလုံးသည် ရီဖူရှင်း၏ ရှေ့၌ ရပ်နေသော ချောမောသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ကြရသည်။

တိုက်ပွဲတွင် ပေါ်လာသည့် နောက်ထပ် ပြန်လည်မွေးဖွားခြင်း ပဆင့် ရှန့်ထိုတစ်ပါးကြောင့် သူတို့ အံ့သြသွားကြသည်။

ရီဖူရှင်းသည် သူ့ရှေ့မှ ပုံရိပ်ကို ကြည့်လိုက်ပြီး အလွန်ထိတ်လန့် တုန်လှုပ်သွားပေသည်။

သူက သူ၏ အစ်ကိုတွေနှင့် ဖေးရွှီတို့ သွေးနဂါးဘုံ၏ မည်သည့်နေရာတွင် ကျင့်ကြံနေကြသည်ကို သိလိုခဲ့၏။

အခု ရန်ယွင်သည် သူ့ရှေ့တွင် ရပ်နေသည်။

သူ အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အချိန်တွင် ရန်ယွင်က ပေါ်လာခဲ့သည်။

သူသည် ဤအဖြစ်အပျက်များကို သိရှိထားပြီး ဖြစ်ဟန်တူသည်။ သူ အန္တရာယ်ရှိနေသည့် အချိန်၌ လာရောက် ကူညီပေးနိုင်ခြင်းမှာ နောက်ကွယ်မှ စောင့်ကြည့်ပေးနေခြင်း ဖြစ်ကြောင်း သိသာပေသည်။

ဤနေ့တွင် ပြန်လည်မွေးဖွားခြင်း အဆင့် အများအပြား ရောက်လာခဲ့သည်။ ထိပ်တန်း အင်အားစုများမှ အဖွဲ့ဝင် အများအပြား ရှိနေသည့် အတွက် သူ့ကို အထူးတလည် အာရုံစိုက် နေသည်မျိုး မရှိသည်ကြောင့် ပုန်းလျှိုးကွယ်လျှိုး စောင့်ကြည့်နေခြင်း ဖြစ်ပေမည်။

ရီဖူရှင်းသာ သူ့ကိုသူ ဂရုတစိုက် ကာကွယ်၍ တိုက်ခိုက်နိုင်လျှင် ရန်ယွင် ပေါ်လာလိမ့်မည် မဟုတ်ပေ။

“အစ်ကိုကြီး” ရီဖူရှင်းက ခေါ်လိုက်သည်။

“ငါက မင်းအစ်ကိုကြီး မဟုတ်တော့ဘူး” ရန်ယွင်က ပညာရှိကျမ်း၏ အလွန် အစွမ်းထက်သော စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ သူတို့၏ အထက်မှ ပုံရိပ်သည် မဟာလမ်းစဉ်၏ စွမ်းအားများ ပြင်းထန်စွာ ဖြတ်သန်း စီးဆင်းနေသည်။ ကျူးကလန်နှင့် အခြားလူများ၏ တိုက်ခိုက်မှုက ပို၍ ပို၍ ပြင်းထန်လာကာ ပုံရိပ်ပေါ်တွင် အက်ကွဲရာများ ပို၍ ပေါ်လာစေသည်။

ရီဖူရှင်းက တခြား ဘာမှ မပြောခဲ့။ သူတို့၏ ဆက်ဆံရေးက မည်သို့ပင်ဖြစ်ပါစေ အရေးမကြီးမလှပေ။

ဘုန်း…

ဝင်္ကပါသည် တုန်ခါလာမှု နှင့်အတူ ကွဲထွက်သွားသည်။ ရင်ယွင်၏ ခန္ဓာကိုယ်ကို နောက်သို့ ဆုတ်ခွာသွားစေသည်။ ရန်ယွင်က ရီဖူရှင်းကို ဆွဲကာ ဆုတ်ခွာလိုက်သည်။

သို့သော်လည်း သူက ရီဖူရှင်းကို ထိလိုက်သည့် အခါတွင် သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်း၍ စပ်ဖျဉ်းဖျဉ်း ခံစားမှုနှင့် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလေသည်။ ထိုသည်မှာ ရီဖူရှင်း အင်ပါယာခွာ အပျက်အစီးနယ်မြေမှ ရရှိခဲ့သည့် အရာကြောင့် ဖြစ်နိုင်ပေသည်။ သူသည် ဝူယုံးကို စွမ်းအား ငှားရမ်း တိုက်ခိုက်စေသည့် အခါကပင် များပြားလှသည့် စွမ်းရည်များကို ဖော်ထုတ်နိုင်ခဲ့သည်။

ဘုန်း …

နေနတ်ဘုရားဓားသည် လေထုကို ထွင်းဖောက် ထွက်ပေါ်လာသည်။

“ကိုယ့်ဘာသာ ပြေးတော့” များပြားလှသည့် ပြန်လည်မွေးဖွားခြင်း အဆင့်များ ပေါ်လာသည်ကို ရန်ယွင် မြင်သည့်အခါ သူ၏ လက်နှစ်ဖက်တည်းနှင့် ရီဖူရှင်းကို ကာကွယ်ရန် ခက်ခဲမည်ကို သူ သိရှိလေသည်။ သူသည် လှုပ်ရှားရန်ပင် ခက်ခက်ခဲခဲနှင့် မဟာလမ်းစဉ်၏ ဝင်္ကပါကို တစ်ဖန်ထပ်ကာ ထုတ်ဖော်လိုက်ကာ အချိန်ခဏတာ အတွက် သူ့ဝန်းကျင်ကို ကာကွယ်ရန် စီမံလိုက်သည်။

“လှုပ်ရှားတော့” အဝေးမှ အသံတစ်ခုက ပြောလိုက်သည်။ တစ်စုံတစ်ယောက် ပေါ်ပေါက်လာ၏။ ထိုသည်မှာ နောက်ထပ် ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ယောက် ဖြစ်သည်။

၎င်းသည် ရှန်းမြို့မှ အခြား ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ယောက်နှင့် ရှန့်ထိုအရှင် ကျိုယန် အပြင် ကျန့်မုမြို့မှ ချန်ကလန် ခေါင်းဆောင်တို့ ဖြစ်သည်။

သူတို့အားလုံးက အင်ပါယာခွာ၏ အမွေအနှစ်ကို သိမ်းရန် ရောက်လာကြသည်။

ထိုအချိန်၌ အရာရာက ရှင်းလင်းသွားခဲ့သည်။ မည်သူမှ ရလဒ်ကို မမြင်နိုင်ခဲ့ကြသော်လည်း ဤမျှ များပြားသည့် ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုများ၏ တိုက်ခိုက်မှုတွင် ရီဖူရှင်း ပြေးစရာ မြေရှိတော့မည် မဟုတ်ပေ။

အင်ပါယာခွာ၏ အမွေအနှစ်သည် ရီဖူရှင်းကို ရသည့် လူ၏ လက်ထဲသို့ ကျရောက်လိမ့်မည် ဖြစ်၏။

တန်ခိုးရှင်များ အားလုံးက ရီဖူရှင်းကို လိုက်ဖမ်းကြသည်။ သူတို့၏ အရှိန်အဝါက ရိုးရှင်းစွာနှင့် ကြောက်မက်ဖွယ် ကောင်းလှ၏။

သူ့အတွက် ပြီးဆုံးသွားတော့မည်ဟု အဝေးမှ စောင့်ကြည့်နေသူများက အဖြစ်အပျက်များကို မြင်ကာ တွေးလိုက်ကြသည်။

ဤကဲ့သို့သော အခြေအနေမျိုး အောက်တွင် ရီဖူရှင်းတစ်ယောက် ထွက်ပြေးရန်မှာ ဖြစ်နိုင်ခြင်း မရှိပေ။

ကြည့်ရသည်မှာ အင်ပါယာခွာ၏ အမွေအနှစ်ကို ဆက်ခံခဲ့ရခြင်းသည် သူ၏ ကျရှုံးမှုကို ဆောင်ယူလာခြင်း ဖြစ်ပုံရလေသည်။

နေမင်း၏ နတ်ဘုရားမီးတောက်များ လွှမ်းခြုံထားသည့် ရီဖူရှင်းသည် သူ့ကို လိုက်ဖမ်းနေသူများအား ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် မီးလျှံများ လှိုင်းထနေပြီး အကြည့်များက အလွန်အမင်း အေးစက်နေသည်။

သူ၏ သက်စောင့်ဟော်နန်း အတွင်းမှ တော်ဝင်အသိစိတ်သည် သူ၏ ခန္ဓာတွင်းတွင် အသက်ဝင်လာသည်။  သူ၏ သက်စောင့်ဟော်နန်းရှိ မီးဝိညာဉ်လုံး သည်လည်း တောက်ပသည့် အလင်းများ ပေါက်ကွဲ ထွက်လာပြီး သူ၏ ဘေးပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားလေသည်။

ပြင်းထန်ပြီး တောက်ပသည့် အလင်းများက ခဏချင်း အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် မီးမုန်တိုင်းကြီးအဖြစ် တောက်လောင်လာလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset