ရှန်းကလန်၏ အကြီးအကဲ ရှန်းယန်က ထောင်ပေါင်းများစွာသော လက်များ သူ့ထံသို့ တိုးဝင်လာသည်ကို မြင်လျှင် လျင်မြန်စွာ ပြန်ဆုတ်လိုက်သည်။
ထောင်ချီနေသော နတ်ဘုရား လက်များက ဆန့်ထွက်လာသည်။ တစ်ခုချင်းစီသည် မုန်တိုင်းလေပွေငယ် အဖြစ် ပြောင်းလဲသွားကာ နေရာအနှံ့ကို ရစ်ပတ်ထားပြီး ထွက်ပြေးဖို့ရာ မြေမရှိစေရန် လုပ်ဆောင်ထားသည်။
ရှန်းယန်၏ လက်များက စည်းသင်္ကေတများကို ဖော်ဆောင်လိုက်သည်။ သူက ထွက်ပြေးရန် ကြိုးစားရာမှ ရပ်တန့်လိုက်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို အလင်းရောင်စဉ်များက ဖုံးလွှမ်းသွားသည်။ မီးတောက်အလင်းများသည် သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားပြီး သူ့ကို ကာကွယ်ပေးထားသည်။
မုန်တိုင်းသည် အော်မြည်ကာ တိုးဝင်လာနေပြီး မီးတောက်များနှင့် တိုက်မိကာ မီးတောက်များသည် ထောင်ချီနတ်ဘုရား လက်များ အတွင်းသို့ စုပ်ယူခံလိုက်ရသည်။
ဘုန်း …
ကြောက်မက်ဖွယ် လေပွေငယ်၏ အဖျက်စွမ်းအားက ကျဆင်းလာပြီး ရှန်းယန်သည် သူ့အနီးမှ မီးတောက်များသည် မီးစီးကြောင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ ထောင်ချီနတ်ဘုရား လက်ထံသို့ တိုးဝင်သွားပြီး ထိုအရာကြီး၏ အရူးအမူ ဝါးမျိုခြင်းကို ခံလိုက်ရသည်ဟု ခံစားမိလေသည်။
သူ၏ မျက်နှာပေါ်မှ ထိတ်လန့်ကြောက်ရွံ့သည့် အမူအရာ ဖြစ်ပေါ်လာသည်။ ဤသည်က မည်ကဲ့သို့ ဖြစ်နိုင်မည်နည်းဟု သူ တွေးလိုက်သည်။
သူသည် ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုတစ်ပါး ဖြစ်ကာ သူ၏ မီးတောက်များသည် အလွန် ထူးကဲ၍ ဖိနှိပ်နိုင်စွမ်း ရှိလှကာ အရာအားလုံးကိုပင် အရည်ဖျော်ပစ်နိုင်စွမ်း ရှိလေသည်။ ထိုမီးတောက်များ အနီးသို့ ရောက်လာသည့် မည်သည့်အရာမဆို ဖျက်ဆီးပစ်ခြင်းကို ခံရလိမ့်မည်။
သို့သော်လည်း အခြားလူ၏ မီးတောက်များသည် သူ့မီးတောက်များကို စုပ်ယူသန့်စင်နေသည်။ ဤသည်က ဖြစ်နိုင်သည့် အဆင့်ထက် ကျော်လွန်နေပြီ ဖြစ်၏။
ထိုသည်မှာ အင်ပါယာခွာထံမှ ဆက်ခံခဲ့သည့် ရတနာ၏ လျှို့ဝှက်ချက်ကို ငှားယူ အသုံးပြုနေသောကြောင့် ဖြစ်နိုင်သည်လား။
ထိုသို့ တွေးလိုက်မိလျှင် သူ့အကြည့်များက မည်းမှောင်လာသည်။ သူ့ခန္ဓာပေါ်မှ မီးတောက်စီးကြောင်းများသည် ရူးရူးမူးမူး ဝါးမျိုခံနေရပြီး မီးတောက်လေပွေငယ် အတွင်း မြှုပ်နှံ ခံနေရသကဲ့သို့ ဖြစ်သည်။ လေပွေငယ်သည် နေမင်းအဖြစ်သို့ ပြောင်းလဲသွားကာ သူသည် နေမင်း မီးလျှံများ၏ အလယ်တွင် ရှိနေသည်ဟု ထင်မှတ်ရသည်။ နေမင်း၏ အနန္တမီးလျှံများသည် သူ့ကို မည်သည်မှ မကျန်ရစ်တော့အောင် လောင်ကျွမ်း ပြာချပစ်ရန် ရည်ရွယ်နေပေသည်။
ဘုန်း …
ရှန်းယန်ကိုယ်တိုင်သည် မီးလျှံခန္ဓာကိုယ် ရှိပေသည်။ နေမင်း၏ မီးတောက်များသည် သူ့ခန္ဓာကိုယ်ကို သန့်စင်နေသော်လည်း အချိန်တို အတွင်းမှာတော့ လောင်ကျွမ်းပြာချ မပစ်နိုင်ပေ။ သူသည် မီးတောက်များဖြင့် လွှမ်းခြုံခံထားရကာ မီးတောက်နတ်ဘုရား အဖြစ် ပြောင်းလဲသွား သကဲ့သို့ ဖြစ်သည်။
နေရာအနှံ့တွင် တိုက်ပွဲကြီးများ ဖြစ်ပွားနေပြီး ဝူယုံးသည် သူ၏ တိုက်ခိုက်မှု ခုခံမှုများကို ရှန်းယန် အပေါ်တွင်သာ အာရုံစိုက် ထားပေသည်။
ကျန်ရစ်သည့် မျိုးနွယ်စု ခုနစ်ခုတွင် ရှန်းယန်သည် အားအနည်းဆုံး ဖြစ်ပေသည်။ အခု သူ့ထံတွင် အခွင့်အရေး ရောက်ရှိလာပြီ ဖြစ်သည့်အတွက် သူက တစ်ဟုန်ထိုး ပြေးဝင်ကာ သူတို့မျိုးနွယ်စု ခုနစ်ခုထဲမှ တစ်ယောက်ကို သတ်ဖြတ်ရမည် ဖြစ်၏။
ဤနည်းလမ်းကသာ အခြားမျိုးနွယ်စုများ၏ ယုံကြည်မှုကို ဖျက်ဆီး ပစ်နိုင်လိမ့်မည် ဖြစ်သည်။
ရှန်းယန်သည် နေလုံးအတွင်း၌ ဖုံးလွှမ်းခံထားရပြီး ဖြစ်ကာ နေမင်း၏ အလယ်မှ မီးတောက်များသည် သွေးနီရောင် လွှမ်းလာပြီး အလွန်ထိတ်လန့်ဖွယ် မြင်ရလေသည်။
ရှန်းယန်ပင်လျှင် အန္တရာယ် အငွေ့အသက်ကို ခံစားရသည်။
ရီဖူရှင်းသည် မီးဝိညာဉ်လုံးကို ကျွမ်းကျင်စွာ ထိန်းချုပ်နေပြီး သိပ်သည်းကျစ်လျစ်သည့် သဏ္ဌာန်ရှိသည့် နေမင်းမီးတောက် အစစ်အမှန် ရောင်စဉ်များသည် ဝူယုံး၏ ခန္ဓာကိုယ်တွင် လိုက်ကာ ၎င်းသည် ရှန်းယန်ရှိ နေရာသို့ ပျံသန်းသွားသည်။ အစစ်အမှန် မီးတောက်များမှာ သူ့အပေါ်သို့ တဖွားဖွား ကျဆင်းလာသည်။
ထိုအချိန်တွင် ရှန်းယန်သည် သူ၏ မီးတောက်ခန္ဓာကိုယ်မှ တရှဲရှဲမြည်သံများ ထွက်လာသည်ဟု ခံစားလိုက်ရသည်။ ယင်းသည် လောင်ကျွမ်း ပျော်ကျနေလေသည်။
“မဖြစ်နိုင်ဘူး …”
ရှန်းယန်သည် ဤအပြောင်းအလဲကို ခံစားမိပြီး သူ့မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ ထိုသည်က မဖြစ်နိုင်ပေ။
သူသည် ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထို ဖြစ်သည်။ ဝူယုံးက လမ်းစဉ်စွမ်းအားများကို ငှားယူ သုံးစွဲနေလျှင်ပင် သူ့ကို အရည်ဖျော်ပစ်ရန်မှာ မဖြစ်နိုင်ပေ။
အစစ်အမှန် မီးတောက်များ၏ အလင်းသည် ဆက်လက်၍ ကျဆင်းလာနေကာ ဆီပူအတွင်း ကြော်နေသကဲ့သို့ တရှဲရှဲအသံများ ဆက်လက် ထွက်ပေါ်နေသည်။ ဆက်တိုက် ကျဆင်းလာနေသည့် သွေးရောင် အလင်းတန်းများသည် ပို၍ပင် အားကောင်းလာသည်။ ထိုမီးတောက်အလင်းတန်းများသည် သူ့မီးတောက် ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး မီးတောက်များ၏ အောက်တွင် သူ့ခန္ဓာကိုယ်မှာ အစစ်အမှန် မဟုတ်တော့သကဲ့သို့ ဝေဝါးလာသည်။ ထို့နောက် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပေသည်။
ဘုန်း …
သူသည် ခြေတစ်လှမ်း လှမ်းလိုက်ကာ သူသည် မီးများ လောင်ကျွမ်းနေသော ခန္ဓာကိုယ်နှင့် ကောင်းကင်သို့ ပျံသန်းတက်လိုက်သည်။ သူသည် ထွက်ပြေးရန် ကြိုးစားနေသည်။
အပြင်ဘက်မှ ကျုံးလော်စစ်နတ်ဘုရား အဖြစ် ပြောင်းလဲထားသည့် ဝူယုံးသည် သူရှိနေရာမှ တစ်ချက် လှမ်းကြည့်လိုက်သည်။ နတ်ဘုရားမီးတောက်များက သူ့မျက်လုံးများထဲမှ ထွက်လာကာ အကြမ်းပတမ်း ကျဆင်းလာသည်။ မဟာလမ်းစဉ်၏ မီးတောက်များသည် ကြီးမားသော ခန္ဓာကိုယ်ကြီး အထက်မှ အရူးအမူး လွန်လွန်ကဲကဲ ကျဆင်းလာသည်။ အပြင်ဘက်မှ ရှန်းယန်၏ ခန္ဓာကိုယ်ကို နေမင်းအတွင်း၌ မြင်တွေ့နိုင်လေသည်။
သူတို့သည် ထိုမြင်ကွင်းကို မြင်သည့်အခါ ကျူးခုန်နှင့် အခြားလူများ ပြင်းထန်စွာ ထိတ်လန့်သွားခဲ့ကြသည်။ ကျူးခုန်သည် ကြီးမားသည့် နေနတ်ဘုရား ဓားအသွင်သို့ ပြောင်းလဲလိုက်ပြီး လေထုကို ထိုးခွဲကာ ထိုနေရာသို့ ဦးတည်လိုက်ပြီး ရှန်းယန်ကို ကယ်တင်ရန် ကြိုးစားလေသည်။
သူတို့ မျိုးနွယ်စု ခုနစ်ခုမှာ အတူတူ လာခဲ့ကြသည်ဖြစ်ရာ သူတို့၏ ကံကြမ္မာများက အတူတူ ချည်နှောင်ထားပြီး ဖြစ်သည်မဟုတ်ပါလား။
နေမင်းမုန်တိုင်းမှ မရေတွက်နိုင်သည့် အစစ်အမှန် မီးတောက်များ ထွက်ပေါ်လာပြီး ရှန်းယန်၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်းနှင့် ဝါးမျိုနေကာ နောက်ဆုံးတွင် ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာကာ နေမင်းက ပေါက်ကွဲသွားခဲ့သည်။ ရှန်းယန်၏ ခန္ဓာကိုယ်သည် အဆုံးမဲ့မီးလျှံများ အတွင်း ပျောက်ကွယ်သွားခဲ့၏။
သူသည် သေသည်အထိ လောင်ကျွမ်း ခံခဲ့ရလေသည်။
“စီနီယာ” အဝေးမှ ရှန်းကလန် တန်ခိုးရှင်များ၏ မျက်နှာများသည် သိသိသာသာပင် ပြောင်းလဲသွားသည်။
ကျူးခုန်နှင့် အခြားလူများ၏ မျက်နှာသည်လည်း ပြောင်းလဲသွားသည်။ ဝူယုံးသည် ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင်များကိုပင် အနိုင်ယူနိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်၏။
ရှန်းယန်သည် မျိုးနွယ်စု ခုနစ်ခု ခေါင်းဆောင်များကြားတွင် အားအနည်းဆုံးသူ ဖြစ်သည်ဆိုသော်ငြား သူသည် ယခင် ဝူကလန် ခေါင်းဆောင်ထက် ပို၍ သန်မာပေသည်။
မျိုးနွယ်စုကိုးခု ကြားတွင် ယခုအခါ၌ မျိုးနွယ်ရှစ်ခု၏ ခေါင်းဆောင်များသာ ကျန်ရစ်တော့သည်။
ဝူယုံးကို နုတ်ဖယ်လိုက်လျှင် သူတို့တွင် မျိုးနွယ်စုခုနစ်ခု သာလျှင် ရှိပေလိမ့်မည်။
ထို့အပြင် ပေ့လိမျိုးနွယ်စုမှ လူများကို ကြည့်ရသည်မှာလည်း မသေချာလှပေ။ သူတို့သည် အခြေအနေကို အကဲခတ် စောင့်ကြည့် နေကြပေသည်။
သူတို့သည် မျိုးနွယ်စုခုနစ်ခုက လူများဖမ်းဆီးရန် လာခဲ့ကြသော်လည်း ရီဖူရှင်းက ဝူယုံးကို လမ်းစဉ်စွမ်းအားများ ချေးငှား၍ သူတို့ကြားမှ ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုတစ်ပါးကို သတ်ဖြတ် ပစ်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ဤသည်က သူ့ကို အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ အင်ပါယာခွာ သေဆုံး သွားပြီးနောက်၌ သူတို့ မျိုးနွယ်စုကိုးခုသည် အချင်းချင်း တိုက်ခိုက်နေကြသော်လည်း ပြင်ပအန္တရာယ်များ ကိုတော့ အတူလက်တွဲ၍ တွန်းလှန်ခဲ့ကြပေသည်။ ထို့ကြောင့်ပင် သူတို့သည် အနောက်ပိုင်းဒေသကို အချိန်ကြာမြင့်စွာ အုပ်စိုးထားနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ယခုတွင် မဟာမျိုးနွယ်စု ကိုးခုသည် နောက်ဆုံး၌ ပြောင်းလဲမှုများ အကြီးအမား ဖြစ်ပေါ်ခဲ့ပြီလား။
ထို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသည့်အပြင် သူတို့သည် အလွန် ဒေါသထွက် နေကြပေသည်။
ကျူးခုန်သည် ဝူယုံးကို ကြည့်ကာ ပြောလိုက်သည်။ “မျိုးနွယ်စုကိုးခုက တစ်သားတည်း ဖြစ်ခဲ့ပေမယ့် အခု မင်းက ရှန်းယန်ကို သတ်ဖြတ်ခဲ့တယ်”
ဝူယုံးက သူ့ကို ထူးမခြားနားစွာ တစ်ချက် ကြည့်လိုက်သည်။ ဤကိစ္စကို ဆွပေးသူမှာ ကျူးခုန်သာ ဖြစ်သည်။ အခုသူက ဘယ်လိုခံစားချက်မျိုးနှင့် စွပ်စွဲရဲရသည်လဲ။
အကယ်၍ သူတို့သာ အင်ပါယာခွာ၏ အမွေအနှစ်ကို လုယူရန် သူ့ကို သတ်နိုင်စွမ်း ရှိခဲ့လျှင် သူတို့က ထောက်ထားညှာတာမှု ပြသပါမည်လား။
သေချာပေါက် ညှာတာမည် မဟုတ်ပေ။
“ကျုပ်က အင်ပါယာခွာ အတွက် မျိုးနွယ် ရှင်းလင်းရေး လုပ်နေတာ။ ခင်ဗျားက အင်ပါယာခွာရဲ့ ဆန္ဒကို ပစ်ပယ်ပြီး အင်ပါယာခွာ ဆက်ခံသူကို ဆန့်ကျင်ဖို့ ကြိုးစားနေတယ်။ ခင်ဗျားက သစ္စာဖောက် ဖြစ်ခဲ့ပြီ” ဝူယုံးက ပြောလိုက်သည်။ နှစ်ဖက်လုံးက မတူညီသည့် ဘက်မှာ နေရန် ရွေးချယ်ပြီးပြီ ဖြစ်သည့်အတွက် သူတို့အတွက် ဆက်သွားရန်မှာ တစ်လမ်းသာ ရှိသည်။
ကျူးခုန်၏ ခန္ဓာကိုယ်သည် ကောင်းကင်သို့ ပျံသန်းလာပြီး ကောင်းကင်ထက်မှ တောက်ပသည့် နေရောင်ခြည်သည် သူ့အပေါ်သို့ ဖြာကျနေသည်။ အဆုံးမဲ့ နေနတ်ဘုရားဓားသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြစ်တည်လာပြီး ကြီးမားကျယ်ပြောလှသည့် နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ၎င်းသည် ကောင်းကင်ကို ဖုံးလွှမ်း၍ နေမင်းကို ပိတ်ကွယ်သွားသည်။
ချန်ယဲ့မြို့ရှိ မရေတွက်နိုင်သည့် လူများမှာ မော့ကြည့်လိုက်ကြပြီး သူတို့အားလုံးမှာ ထိုထိတ်လန့်ဖွယ် မြင်ကွင်းကို မျက်မြင် တွေ့ကြရလေသည်။
လူအများက ထိုတိုက်ပွဲကွင်းပြင်မှ နေ၍ အဝေးသို့ ဆက်လက် ဆုတ်ခွာလိုက်ကြသည်။ ဤနေရာသည် အလွန်ပင် အန္တရာယ် များလာခဲ့ပြီ ဖြစ်၏။
ကျူးခုန်သည် ချဉ်းကပ်ရန် မရည်ရွယ်ဘဲ အကွာအဝေး တစ်ခုခြား၍ တိုက်ခိုက်ချင်ပုံ ရလေသည်။
သူသာလျှင် မဟုတ်ဘဲ အခြားမျိုးနွယ်စု ခြောက်ခုမှ ပြန်လည်မွေးဖွားခြင်း အဆင့်များသည်လည်း သူတို့၏ စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။
ကျူးခုန်၏ လက်ချောင်းများသည် အောက်သို့ ညွှန်ပြလိုက်ပြီး အနန္တနေနတ်ဘုရားဓားက ကျဆင်းလာကာ အရာရာကို ဖျက်ဆီးခဲ့သည်။
အဝေး တစ်နေရာမှ သန့်စင်သည့် မီးတောက်နဂါးကြီးက ဟိန်းဟောက်လိုက်သည်။ ထိုနဂါးသဏ္ဌာန်သည် အစစ်အမှန် နဂါးကဲ့သို့ ပေါ်ပေါက်လာပြီး ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာကာ နေနတ်ဘုရားဓားများ ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။
ကျယ်လောင်သည့် ဟိန်းဟောက်သံနှင့်အတူ ပုံရိပ်ကြီးက လိုက်ပါလာသည်။ ထိုလူသည် နှင်တံတစ်ချောင်းကို ကိုင်ဆောင်ထားသည့် ပေ့လိကလန်ခေါင်းဆောင် ပေ့လိချိုး ဖြစ်ပေသည်။
“ကျူးခုန်၊ မင်းက အခုထိ ခေါင်းမာနေတုန်းလား” ပေ့လိချိုးက လေထုထဲမှ ကျူးခုန်ကို ပြောလိုက်သည်။
“မင်းကလည်း သူ့ဘက်ကလား”ကျူးခုန်သည် ပေ့လိချိုးကို စိုက်ကြည့်ကာ ပြောလိုက်၏။ ယခင်က ပေ့လိချိုး၏ ရပ်တည်ချက်မှာ မရှင်းမလင်း ဖြစ်နေသည်။ ရီဖူရှင်းတို့အဖွဲ့ ဘိုးဘေးနယ်မြေမှ ထွက်လာစဉ် အခါက သူက ရီဖူရှင်းကို ကူညီပေးဖူးလေသည်။
ယခု ရီဖူရှင်းက လမ်းစဉ်စွမ်းအားများ ဝူယုံးကို ချေးငှား ပေးနိုင်သည်ကို မြင်ကာ သူက ရပ်တည်မည့် ဘက်ကို ရွေးချယ်လိုက်သည်လား။
“မင်းက ကိုယ့်ဟာ မဟုတ်တာကို လှည့်စားပြီး လုယူချင်နေတယ်။ မင်းက နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အင်ပါယာခွာ နယ်မြေက အမွေအနှစ်တွေကို မျိုးနွယ်စုကိုးခုရဲ့ အပိုင်အဖြစ် သတ်မှတ်ထားခဲ့တယ် ဆိုရင် မျိုးနွယ်စုကိုးခုက အဲဒါတွေကို ဘာလို့ မရနိုင်ခဲ့တာလဲ။ အဲဒါတွေက မျိုးနွယ်စုကိုးခုရဲ့ ကံမစပ်ခဲ့တာကြောင့် မဖြစ်နိုင်ဘူးလား။ မြို့စားရီက ဘိုးဘေးနယ်မြေကို ဝင်ရောက်ပြီး အင်ပါယာခွာရဲ့ နောက်ဆုံးဆန္ဒနဲ့ စမ်းသပ်ချက်ကို လက်ခံလို့ အမွေအနှစ်တွေကို ရရှိခဲ့တယ်။ မင်းက သူ့ရဲ့ နောက်ကို လိုက်ဖို့ ဆန္ဒမရှိသလို အဆင့်အတန်းကို အသိအမှတ် မပြုရင်တောင်မှ ဘာကြောင့်များ မြို့စားရီကို အချိန် နည်းနည်းလေးတောင် မပေးချင်ရတာလဲ။ သူက မျိုးနွယ်စုကိုးခု ဘိုးဘေးနယ်မြေကို ဦးဆောင်နိုင်ရင် ဦးဆောင်လာနိုင်မှာပေါ့”
ပေ့လိချိုးသည် ရှင်းလင်း ကျယ်လောင်စွာ ပြောလိုက်သည်။ သူသည် ပုဂ္ဂိုလ်ရေး အကြောင်းပြချက်များနှင့် လူမြင်ကွင်းတွင် ရီဖူရှင်း၏ ဘက်၌ ရပ်တည်ခဲ့ငည်။
ရီဖူရှင်းသည် သူ့ပါရမီ အရည်အချင်းကို အင်ပါယာခွာက အသိအမှတ် ပြုခဲ့သောကြောင့် အမွေအနှစ်များကို ဆက်ခံ ရရှိနိုင်ခဲ့ပြီး သမိုင်းသစ် ရေးထိုးခဲ့သည်။ သူ၏ အနာဂတ်က အကန့်အသတ်မဲ့ကာ သူသည် နောက်ထပ် အင်ပါယာခွာပင် ဖြစ်လာနိုင်ပေသည်။
ပုဂ္ဂိုလ်ရေး အကြောင်းပြချက် အတွက်ကတော့ မျိုးနွယ်စုကိုးခုသည် သူတို့ကို ဆွဲချရန် မည်မျှ ခက်ခဲသည်ကို သက်သေပြခဲ့ပြီး ဖြစ်သောကြောင့် ရေစီးကြောင်းအတိုင်း မျှောလိုက်ကာ ရီဖူရှင်းနှင့် ဘာကြောင့် မိတ်မဖွဲ့ နိုင်ရမည်လဲ။
ကျူးခုန်၏ အကြည့်က ပုံမှန်ပင် ဖြစ်သည်။ အခုချိန်၌ ရီဖူရှင်း၏ အနီးတွင် ပြန်လည်မွေးဖွားခြင်း အဆင့် ပုဂ္ဂိုလ်သုံးဦး ရှိနေပြီ ဖြစ်သည်။
ဝူယုံး၊ ဆန်းထျန်ကျန့်နှင့် ပေ့လိချိုးတို့ ဖြစ်သည်။ ထို့ပြင် အင်ပါယာရှားဘုံမှ ပုန်းကွယ်နေသေးသည့် ပြန်လည်မွေးဖွားခြင်း အဆင့်များ ရှိနိုင်သေးသည်လား မသေချာပေ။
သို့သော် အမှန်တကယ်၌ သူတို့ကို ပို၍ စိတ်ပျက်စေသည်မှာ ရီဖူရှင်းသည် ဝူယုံးကို လမ်းစဉ်စွမ်းအားများ ချေးငှားပေးနိုင်ပြီး ပြန်လည်မွေးခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်အောင် လုပ်ဆောင်ပေးနိုင်သည့် အတွက် သူတို့သည် သူ့ကို ချဉ်းကပ်နိုင်စွမ်းပင် မရှိဘဲ ရီဖူရှင်းကို ခေါ်ဆောင်၍ မရနိုင်ခြင်း ဖြစ်သည်။
ယနေ့တွင် မျိုးနွယ်စု ခုနစ်ခုမှ လူများအားလုံး ဤနေရာ၌ ရောက်ရှိနေသည်။ ဘာကြောင့်များ လွယ်ကူချောမွေ့ နေသင့်သည့် တိုက်ပွဲက ဤမျှ ခက်ခဲသည့် တိုက်ပွဲအဖြစ်သို့ ပြောင်းလဲ သွားရသနည်း။
ထို့ပြင် ပြန်လည်မွေးဖွားခြင်း အဆင့် တစ်ယောက်ပင် အသတ်ခံလိုက်ရသေးသည်။
သို့ပေမယ့် အခုတွင် နှစ်ဖက်လုံးသည် ရေနှင့် မီးကဲ့သို့ပင် ဖြစ်၏။ ဤပဋိပက္ခ အခြေအနေသည် အလွယ်တကူ ရှောင်တိမ်း၍ မရနိုင်ပေ။
သူတို့က ရီဖူရှင်းကို မသတ်ဖြစ်ခဲ့လျှင်ပင် အနာဂတ်၌ အခြားလူများက သူတို့ကို အနှေးနဲ့အမြန် လာရှာကြလိမ့်မည် ဖြစ်သည်။
အကယ်၍ အနာဂတ်၌ ရီဖူရှင်းသည် ဝူယုံးကို ခေါ်ဆောင်၍ သူတို့မျိုးနွယ်စုများကို တစ်ခုပြီး တစ်ခု ဖြိုချခဲ့လျှင် ဤသည်မှာ မဟာမျိုးနွယ်စုများ အတွက် အလွန်ကြီးမားသည့် အန္တရာယ် ဖြစ်လာပေလိမ့်မည်။
ထိုသို့သော အခြေအနေမျိုး အောက်တွင် ယနေ့တွင် မည်သို့ပင် ဖြစ်ပါစေ အနိုင်ရရှိရန် လိုပေသည်။
သူ့အတွေးများက ထိုအကြောင်းသို့ ရောက်သွားသည့်အခါ ကျူးခုန်သည် ကောင်းကင်နှင့် မြေကြီးကြားမှ သူတို့ကို ဝန်းရံကြည့်ရှုနေသည့် လူများကို လှည့်ကြည့်လိုက်သည်။ ထိုလူများသည် အားလုံးက လွှမ်းမိုးနိုင်စွမ်း ရှိသော ထိပ်သီးပုဂ္ဂိုလ်များပင် ဖြစ်သည်။ သူတို့သည် ပြန်လည်မွေးဖွားခြင်း အဆင့်များ ဖြစ်ကြပြီး ဘေးတွင်ရပ်ကာ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
သူသည် ကျယ်လောင်စွာ ပြောကြားလိုက်၏။ “ဒီတိုက်ပွဲကို လာကြည့်ကြတဲ့ လူအားလုံးပဲ။ ရီဖူရှင်းက အင်ပါယာခွာ ချန်ရစ်ခဲ့တဲ့ ရတနာကို ပိုင်ဆိုင်ထားတယ်။ ဝူကလန်ရဲ့ မျက်မြင်သက်သေတွေ ပြောတဲ့စကားအရ ကျုပ်တို့ ဘိုးဘေးနယ်မြေ ဝင်ပေါက် ပွင့်သွားပြီးတော့ အထဲကို ရောက်တဲ့အခါမှာ ရီဖူရှင်းက အမွေအနှစ်ကို ဆက်ခံခဲ့တယ်။ ပြီးတော့ အင်ပါယာခွာဆီကနေ ဆက်ခံခဲ့တဲ့ အမွေအနှစ် ပစ္စည်းကို သုံးပြီး ဘိုးဘေးနယ်မြေ တစ်ခုလုံးဆီက မီးတောက်တွေကို ဝါးမျိုခဲ့ပြီးတော့ အဲဒီအဖြစ်က ဘိုးဘေးနယ်မြေရဲ့ အပျက်အစီးနယ်မြေ တစ်ခုလုံးကို ပျောက်ဆုံးသွားစေခဲ့တယ်။ အခုသူက ဘိုးဘေးနယ်မြေကနေ ဝါးမျိုခဲ့တဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဝူယုံးဆီ ချေးငှား အသုံးပြုစေတယ်။ သေချာတွေးကြည့်ပါ။ အဲဒါက ဘယ်လိုဖြစ်လိမ့်မယ်လို့ ထင်လဲ”
လူတိုင်းသည် ကျူးခုန်၏ စကားများကို ကြားလိုက်ရလျှင် ထူးဆန်းသော အကြည့်များ ဖြစ်ပေါ်လာသည်။ သူတို့ နားလည်သွားကြသည်။ မျိုးနွယ်စု ခုနစ်ခုက အတူတကွ လာရောက်ကြကာ သူ ကျူးလွန်ခဲ့သည့် ပြစ်မှုအား ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သည်။ သူတို့က အင်ပါယာရှားဘုံကို ဒေါသထွက်စေလျှင်ပင် ရီဖူရှင်းကို ဖိအားပေး၍ ထိုအမွေအနှစ်ကို ပြန်လည်ယူဆောင်ရန် ရည်ရွယ်ခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။
ဘိုးဘေးနယ်မြေ တစ်ခုလုံးကို ဝါးမျိုခဲ့သည့် အင်ပါယာခွာ အမွေအနှစ် လျှို့ဝှက်ရတနာ၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ပင် ဖြစ်သည်။
မြင်တွေ့ရတာက ယုံကြည်ချင်စရာပင် ဖြစ်၏။
ထိုအချိန်၌ ရီဖူရှင်းသည် ဝူယုံးကို စွမ်းအားများ ချေးငှားပေးခဲ့သည် ဖြစ်ရာ ကျူးခုန်၏ စကားကို အတည်ပြုပြီးသား ဖြစ်ခဲ့သည်။
သူတို့သာ ထိုအရာကို ရနိုင်ခဲ့လျှင် မီးတောက်လမ်းစဉ်တွင် ယခုထက် ပို၍ မြင့်မားသော ခြေလှမ်းကို လှမ်းနိုင်ရန် အခွင့်အရေး ရရှိလိမ့်မည် ဖြစ်သည်။ မဟုတ်လျှင်လည်း သူတို့သည် ရန်ဟောင်အဆင့်ကို အကျိုးသက်ရောက်၍ အင်ပါယာခွာ၏ စွမ်းအားများကို နားလည်သဘောပေါက် လာလိမ့်မည် ဖြစ်သည်။
သူတို့သည် ထိုသို့ တွေးလိုက်မိကြသည့် အခါ လူအများ၏ မျက်လုံးများမှာ ပို၍ နီရဲလာကြပေသည်။
နေမင်းမီးတောက်များ အတွင်းမှ ရီဖူရှင်းသည် သာမန်မျှသာ လေထဲမှ ကျူးခုန်ကို စိုက်ကြည့်ရုံမျှ ကြည့်လိုက်သည်။ ဤသည်က လူတိုင်း သူ့ကို တိုက်ခိုက်လာစေရန် သွေးထိုး လှုံ့ဆော်သည်လား။
ကျူးခုန်သည် မျိုးနွယ်စု ခုနစ်ခုထဲနှင့် အနိုင်ရရှိရန် ခက်ခဲသည်ကို နားလည်သည်ကြောင့် သူသည် သွေးနဂါးဘုံမှ လူများ၏ စွမ်းအားများကို အသုံးပြုရန် ကြိုးပမ်းကာ သူ့ကို လူတိုင်း၏ ပစ်မှတ် ဖြစ်လာစေရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်ပေသည်။ ထိုသည်က အလွန်ပင် ရက်စက်လှသည်။
အကယ်၍ သူတို့ အမွေအနှစ်ကို မရနိုင်လျှင်ပင် ရီဖူရှင်းကို ပြေးစရာ မြေမရှိစေရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
“လူတိုင်း ဒီနေ့ ဒီကို လာကြတာ အဲဒီအမွေအနှစ် အကြောင်း ကြသိရလို့ပဲ မဟုတ်လား။ ဒါဆို ဘာလို့ လာမယူကြတာလဲ။ ဘယ်သူပဲ ယူနိုင်သည်ဖြစ်စေ အဲဒါက ယူနိုင်တဲ့လူရဲ့ အပိုင်ပဲ ဖြစ်ရမယ်။ ဘယ်လိုလဲ”ကျူးခုန်က ဆက်ပြောလိုက်ကာ လူတိုင်းကို လှုပ်ရှားစေရန် တိုက်တွန်းလိုက်သည်။
များပြားလှသော ထိပ်သီးပုဂ္ဂိုလ်များမှာ သွေးဆောင် ခံလိုက်ရသည်။ အခြားတစ်ဖက်တွင် ရှင်းချိုးသည် ကိုင်ရှန့်ထိုဘုရင်၏ ဘေးသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။ သူသည် အလွန်များပြား လှသော ဒဏ်ရာများ ရရှိထားသည်။ ရီဖူရှင်း၏ တိုက်ပွဲသည် သူနှင့် ယူချင်းကြားမှ တိုက်ခိုက်မှုကို ရပ်တန့်စေရန် ဖိအားပေးခဲ့သည်။
“ဦးလေး၊ ကြိုးစားကြည့်ချင်လား” ရှင်းချိုးသည် ကိုင်ရှန့်ထိုဘုရင်ကို ပြောလိုက်သည်။
“စိတ်ဝင်စားလို့လား” ကိုင်ရှန့်ထိုဘုရင်က ရှင်းချိုးကို မေးလိုက်၏။
“ဘိုးဘေးနယ်မြေ တစ်ခုလုံးကိုတောင် ဝါးမျိုနိုင်ခဲ့တဲ့ ရန်ဟောင် အမွေအနှစ်လေဗျာ။ စိတ်ဝင်စားတာပေါ့။ ကျွန်တော်က မီးတောက်လမ်းစဉ်ကို လေ့ကျင့်တာ မဟုတ်ရင်တောင် နားလည် သဘောပေါက်အောင် ကြိုးစားလို့ရတယ်။ အရမ်းအဖိုးတန်တဲ့ အဲဒီရတနာကိုဆို ပြောမနေပါနဲ့တော့” ရှင်းချိုးက ပြောလိုက်သည်။
“ဒါဆို ကောင်းပြီလေ။ မင်းက စိတ်ဝင်စားတယ် ဆိုမှတော့ လက်ဆောင်အဖြစ် ယူပေးမယ်” ကိုင်ရှန့်ထို ဘုရင်က ညင်သာစွာ ပြောလိုက်ပြီး လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ ဤရတနာက သူ့အတွက်သာ ဖြစ်ရပေမည်။
***