Switch Mode

အပိုင်း(၁၂၆၃)

ဝူယုံးက ပြန်လည်မွေးဖွားခြင်းအဆင့်ခုနစ်ယောက်ဖြင့် တိုက်ခိုက်ခြင်း

“ ဘာတွေ ဖြစ်နေတာလဲ ”

ဓားသွားများကဲ့သို့ ထက်ရှရှအကြည့်များသည် ဝူယုံးထံသို့ ရောက်လာသလို သူ့နောက်မှ ရီဖူရှင်းကိုလည်း လှမ်းကြည့်ကြသည်။

ကောင်းကင်ထက်တွင် အနီရောင်များ ရိပ်သိုင်းလာခဲ့ကာ အဝေးသို့အထိ ပျံ့နှံ့သွားပြီး ချင်ယဲ့မြို့ တစ်ခုလုံးအား ခြုံလွမ်းလာခဲ့၏။

ကောင်းကင်ထက်မှ နေမင်းသည်ပင် ရီဖူရှင်းနှင့်ဝူယုံးတို့ဖြင့် တစ်ပေါင်းတည်း ဖြစ်သွားဟန်ရကာ သူတို့အပေါ်သို့ ဖျန်းပက်ထားသည်။

ဝုန်း …

ဝူယုံး၏ ခန္ဓာကိုယ်သည် ပိုမို၍ ကြီးထွားလာခဲ့သလို ခွန်အားလည်း အဆမတန် ကြီးမားလာခဲ့ပြီး ကောင်းကင်တစ်ခုလုံးကို အံတုတော့မည့်ဟန် မြင်ရသည်။

ကျုံးမျိုးနွယ်စုတို့၏ ခေါင်းဆောင် ကျုံးလော်သည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ထိုပညာရပ်နှင့် လွန်စွာ ရင်းနှီးကျွမ်းဝင်မှုအား ခံစားရသည်။

သူ၏နာမည်မှာ သည်ပညာရပ်၏အမည်ကို ယူထားခြင်း မဟုတ်ပါလား။

ကျုံးလော် တိုက်ခိုက်ရေး နည်းစနစ်။

ကျုံးလော် တိုက်ခိုက်ရေး နည်းစနစ်တွင် အဆင့် ၁၃ခုရှိကာ တစ်ဆင့်ချင်းတိုင်းသည် ပိုမို၍ အားကောင်းပေ၏။ အဆင့်၁၃သို့ ရောက်လျှင် ထိုပုံစံသည် နေမင်းအင်ပါယာ၏ ရန်ဟောင်ပုံစံသို့ ရောက်ရှိပေသည်။

ယခု သူသည် ပြန်လည်မွေးဖွားခြင်း အဆင့်မျှသာ ရှိသေးရာ သူက အဆင့် ၁၁ အထိသို့သာ ထုတ်ဖော်နိုင်ပေသည်။

သို့သော်လည်း ဝူယုံး၏ ခန္ဓာကိုယ်က အဆက်မပြတ် ကြီးထွားလာခဲ့ကာ သူ့ကိုယ်ရောင်ကိုယ်ဝါ သည်လည်း ရန်ဟောင်အလား ထည်ဝါလာခဲ့၏။ သူသည် ရန်ဟောင်တစ်ပါး အလား ဖြစ်လာခဲ့ကာ ပြီးပြည့်စုံသော ကျုံးလော် နည်းနစ်အား ဖွဲ့စည်းလာခဲ့သည်။

မကြာခင် သူ၏ တိုက်ခိုက်ရေးပုံစံသည် အဆင့်၁၀သို့ ရောက်လာ၏။ ထိုအဆင့်သည် ပြန်လည်မွေးဖွားခြင်းများ ရောက်နိုင်သော အဆင့်ဖြစ်သည်။ ဝူယုံးသည်လည်း ပြန်လည်မွေးဖွားခြင်းသို့ မကြာခင်က ရောက်ရှိခဲ့သော်လည်း သူက ဤမျှကြီးမားသော တိုက်ခိုက်ရေး ပုံစံမျိုးအား မလေ့ကျင့်ဖူးပေ။ ယနေ့ ထိုနည်းစနစ်အား သူ့ကို ဆက်ခံစေဟန်ရသည်။

ထိုအခိုက်တွင် သူသည် အဆင့်၁၀သို့ ရောက်လာသည်။

ထို့အပြင် ဝူယုံးသည် ထိုအဆင့်ဖြင့် မရပ်တန့်ခဲ့ပါ။

သူကား ပိုမိုသန်မာလာခဲ့သည်။ ရီဖူရှင်းသည် ကောင်းကင်နှင့် မြေပြင်ကို ဝါးမျိုနိုင်သော နေမင်းကြီးအသွင်သို့ ပြောင်းလဲသွားဟန် ရကာ သူ့ထံမှ မီးတောက်များသည် ဝူယုံးထံသို့ အဆက်မပြတ် စီးဆင်းနေခဲ့၏။

ဘုန်း …

ဝူယုံး၏ ခန္ဓာကိုယ်က တစ်ဖန် ကြီးထွားလာခဲ့ကာ ကျုံးလော် တိုက်ခိုက်ရေးပုံစံသည် အဆင့် ၁၁ သို့အထိ ရောက်လာခဲ့သည်။

သို့သော်လည်း ကျုံးလော်ကို ထိတ်လန့်စေခဲ့သည်မှာ ဝူယုံးကား ထိုမျှဖြင့် မရပ်တန့်ခဲ့။

ဝူယုံးကား အဆုံးမဲ့သော မီးတောက်များဖြင့် ရစ်ပတ်ထားပြီး သူ့စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ကောင်းကင်နှင့် မြေပြင်အကြားတွင် ထည်ဝါခန့်ညားသော ပုံရိပ်ကြီးတစ်ခု ရပ်နေသည်ကို မြင်၏။ သူကား အင်ပါယာခွာဖြစ်သည်။

ထိုအခိုက်တွင် သူသည် အင်ပါယာခွာ၏ စိတ်အသိအား အမှန်တကယ် ခံစားမိသည်။

“ကျိုးပျက်စမ်း …” ကျယ်လောင်သော အသံနှင့်အတူ နေမင်းအလင်းများ ထွန်းလင်းနေသော ကောင်းကင်တွင် မုန်တိုင်း ထန်လာခဲ့သည်။ ဝူယုံး၏ ခန္ဓာကိုယ်သည်လည်း အပေါ်သို့ တစ်ဖန်မြောက်တက် လာခဲ့၏။ လောကကြီးက မြည်သံမျိုးစုံ ပေါ်ထွက်လာပြီး မီးတောက်များသည် ပင်လယ်ကဲ့သို့ ကျယ်ပြော လှိုင်းထန်လာသည်။ များစွာသော တန်ခိုးရှင်များက အဝေးသို့ နောက်ဆုတ်ကြရသည်။

မြို့စားအိမ်တော် တစ်ခုလုံး လောင်ကျွမ်းနေသည်။ ထိုထက်ပိုသည်ကား ကောင်းကင်သည်ပင် လောင်ကျွမ်းနေ၏။

မြို့စားအိမ်တော်ကို ဗဟိုထားသော ကောင်းကင်၌ လူအများက မော့ကြည့်လျှင် ဧရာမ မီးနတ်ဘုရားအား မြင်ကြရသည်။

ရှန့်ထိုတန်ခိုးရှင်များ၏ တိုက်ပွဲများ ဖြစ်ပွားလာခဲ့ရာ အားလုံးက လွတ်ကင်းရာသို့ ဆုတ်ခွာကြရပေသည်။

ထိုအခိုက်တွင် ဝူယုံး၏ ခန္ဓာကိုယ်ပေါ်မှ အားလှိုင်းများမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။ သူ့ထံမှ အပူလှိုင်းများကို အနီးကပ် အံတုရန် မည်သို့မှ မဖြစ်နိုင်သည့်အလား ထင်မှတ်ရ၏။

“အဆင့် ၁၂” ကျုံးမျိုးနွယ်စုတို့၏ခေါင်းဆောင်ကား ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ထိုအခိုက်တွင် သတိပင် မကပ်တော့အောင် ဖြစ်သွားလေတော့သည်။

အဆင့် ၁၂ မှာ ပြန်လည် မွေးဖွားခြင်း၏ အမြင့်ဆုံးဟု ပြောနိုင်သည်။

သူကိုယ်တိုင်ပင် မရောက်သေးသော်လည်း ဝူယုံးကား ထိုအဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ဝူယုံးကား လမ်းစဉ်ကို ငှားရမ်းသုံးစွဲကာ အထမြောက်ခဲ့ခြင်း ဖြစ်သည်။

ရီဖူရှင်းကား သူတို့ သံသယဝင်ခဲ့သလို အင်ပါယာခွာ ချန်ထားခဲ့သော အမွေများအား ရရှိခဲ့သည်။ အပျက်အစီးနယ်မြေ ကွယ်ပျောက်သွားသည်မှာ မထူးဆန်းတော့။

သူက အတိအကျ ဘာကို ရရှိခဲ့သနည်း။

ဝူကလန် အကြီးအကဲ အလိုအရ ရီဖူရှင်းက အပျက်အစီး နယ်မြေအား ဝါးမျိုသောအခါ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော နိမိတ်များ ဖြစ်ပေါ်ခဲ့သည်။

ယခုမြင်ကွင်းသည်လည်း ထိုစဉ်က မြင်ကွင်းနှင့် ဆက်စပ်နေဟန် ရသည်။

သူကား ကောင်းကင်နှင့် မြေပြင်အကြားမှ မီးတောက်များအား ဝါးမျိုနေကာ ဝူယုံအား ပြန်လည် လွှဲပြောင်းပေးနေခြင်း ဖြစ်သည်။

ကောင်းကင်ထက်တွင် မျက်နှာတစ်ခု ပေါ်လာသည်။ ပေါ်လာသည့် မျက်နှာမှာ အင်ပါယာခွာ၏ မျက်နှာဖြစ်ဟန် ရပြီး၊ တစ်နည်း အင်ပါယာခွာကို ကိုယ်စားပြုသော ဝူယုံးလည်း ဖြစ်ပေမည်။

မျိုးနွယ်စု ခုနစ်ခုသာ မဟုတ်၊ တခြားသော တန်ခိုးရှင်များကလည်း ရီဖူရှင်းနှင့် ဝူယုံးတို့အား ကြည့်နေကြသည်။

မည်မျှ ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များပေနည်း။ ရီဖူရှင်းက ဘာကို ရရှိခဲ့သနည်း။

အနောက်ဘက်ဒေသ မျိုးနွယ်စုများက ယနေ့ အတူတကွ လာရောက်ကြသည်မှာ မထူးဆန်းတော့။

သူတို့က ထိုအရာအား ပြန်ရယူလိုကြပေသည်။

အင်ပါယာရှားဘုံက ပါဝင်ပတ်သက် လာလျှင်ပင် သူတို့က အင်ပါယာခွာ၏ အမွေအနှစ်အား ပြန်လည် ရယူလိုကြပေသည်။

ယခုတွင် သူတို့က ထိုအရာကို ပြန်လည်ရယူရန် ထင်သလောက် လွယ်ကူမည့်ပုံမပေါ်။

“မျိုးနွယ်စု ကိုးခုလုံးက အင်ပါယာခွာနဲ့ သက်ဆိုင်တယ်။ အခု အင်ပါယာခွာရဲ့ အသိက ကိုယ်ထင်ပြလာခဲ့ပြီ။ ခင်ဗျားတို့တွေက ဘာလို့ မခစား ကြသေးတာလဲ။ ဘာကို စောင့်နေကြတာလဲ” ရီဖူရှင်းက ဝူယုံး၏နောက်တွင် မီးတောက်များဖြင့် ရစ်ပတ်လျက် ကြည်လင်ပြတ်သားစွာ ပြောသည်။

မျိုးနွယ်စုကိုးခုအား ဦးညွှတ်ခစားရန် ပြောသည်က …

ထိုအခိုက်တွင် အင်ပါယာခွာ၏ စိတ်အသိ ကိုယ်ထင်ပြလာခဲ့ကာ ဝူယုံးထံသို့ ဆင်းသက်လာခဲ့သည်။

သို့သော်လည်း မည်သူကမှ ဦးညွှတ်ခစားခြင်း မပြုပေ။ ကျူးခုန်နှင့် တခြားသော မျိုးနွယ်စုများသည် လူဖမ်းရန် လာရောက်ကြခြင်းဖြစ်သည်။ အင်ပါယာခွာ၏ စိတ်အသိပေါ်လာခြင်းက သူတို့အပေါ် သက်ရောက်ခြင်း မရှိပေ။

“အင်ပါယာခွာရဲ့ အသိက မျိုးနွယ်စုကိုးခုဆီကို ပြန်ပေးသင့်တယ် ” ကျူးခုန်က ပြောသည်။

“လေးစားမှု မရှိဘူး” ရီဖူရှင်းက အော်ဟစ်လိုက်သည်။ “ဒီနေ့ အင်ပါယာခွာရဲ့ ဆန္ဒကို ငြင်းဆန်ရဲတဲ့ သူတွေကို သစ္စာဖောက်အဖြစ် သတ်မှတ်တယ်။ အင်ပါယာခွာရဲ့ ဆက်ခံသူတစ်ယောက် အနေနဲ့ ကျုပ်က နောက်ပိုင်းမှာ ကိုယ်တိုင် အပြစ်ပေးမယ်။ အခု ခင်ဗျားတို့မှာ နောင်တရဖို့ အခွင့်အရေး ရှိသေးတယ်”

“မင်း ဘာပြောလဲ ငါနားမလည်ဘူး ” ကျူးခုန်က အေးစက်စွာ ပြောသည်။ သူ့မျက်လုံးများက တခြားလူများထံသို့ ရောက်သွားသည်။ သူက ပြောသည် “ သူက ခေါင်းမာနေမှတော့ ငါတို့က အနောက်ဘက်ဒေသကို အတင်း ခေါ်သွားရတော့မှာပဲ ”

သိသာစွာပင် သူက ရီဖူရှင်းအား တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။

လက်ရှိအနေအထား ရောက်လာမှတော့ သူတို့က နောက်ဆုတ်၍ ရနိုင်ပါဦးမည်လော။

မျိုးနွယ်စု ခေါင်းဆောင်တိုင်းသည် ပြန်လည်မွေးဖွားခြင်း အဆင့်များ ဖြစ်ကြသည်။ သူတို့အားလုံးမှာ တစ်စုံတစ်ခုအား စိတ်ပိုင်းဖြတ်ထားပါက အလွယ်နောက်ဆုတ်မည့် သူများ မဟုတ်ကြပေ။

ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင်၇ယောက်က ရီဖူရှင်းအား ဝိုင်းရံထားသောအခါ တစ်လောကလုံးမှာ မီးလောင်ကျွမ်း နေတော့သည်။

“အားလုံး နောက်ဆုတ်ကြ” ရီဖူရှင်းက သူ့လူများအား ပြောသည်။ သည်တိုက်ပွဲကား ပြန်လည်မွေးဖွားခြင်း အဆင့်များမှ တိုက်ပွဲဖြစ်သည်။ သည့်ထက် အဆင့်နိမ့်သူများမှာ ဝင်ပါနိုင်ခြင်း မရှိပေ။

ဆန်းထျန်ကျန့် တစ်ယောက်သာ ရီဖူရှင်းဘေးတွင် ကာကွယ်ပေးနေပေသည်။

သူသည်လည်း မီးတောက် ပညာရှင်ဖြစ်၏။ အကယ်၍ ဝူယုံးသာ မရှိပါက ရီဖူရှင်းက ဆန်းထျန်ကျန့်အား အသုံးပြုလျက် တိုက်ခိုက်ရပေမည်။

သို့သော်လည်း ဝူယုံးကား အင်ပါယာခွာ၏  အနွယ်တော်ဖြစ်ရာ သူက ပိုမိုသင့်တော်ပေသည်။

ကျူးခုန်က ငုံ့ကြည့်လိုက်ပြီး နောက်တွင် နေမင်းရောင်ခြည်များသည် အောက်သို့ တဖျတ်ဖျတ်လက်လျက် ကျဆင်း လာကြတော့သည်။ သူက လက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်နှင့် မြေပြင်အကြားမှ မီးတောက်များသည် ကြောက်မက်ဖွယ် လေပွေလှိုင်းများ အသွင်သို့ ပြောင်းကာ မီးလုံးများကဲ့သို့ သိပ်သည်းလာပြီး အရာခပ်သိမ်းကို လောင်ကျွမ်း၏။

“သွား …” ကျူးခုန်က လက်ကို ဝှေ့ယမ်းကာ ပြောသည်တွင် ရုတ်တရက် နေမင်းကြီးက ကျဆင်းလာခဲ့၏။ နေမင်းကြီးက မီးစစ်နတ်ဘုရား၏ နောက်မှ လိုက်ပါလာကာ ဝူယုံးသည် ကျိုးလော် တိုက်ခိုက်ရေးပုံစံ၏အဆင့်၁၂ အား အောင်မြင်စွာ ပြီးမြောက်ခဲ့တော့သည်။

ထိုအခိုက်တွင် ကျုံးလော်က လှုပ်ရှားသည်တွင် ပြန်လည်မွေးဖွားခြင်း အဆင့်မှ တန်ခိုးရှင် ခုနစ်ယောက်ကလည်း ပြင်းထန်စွာ စတင်တိုက်ခိုက်ကြ၏။

ကျုံးမျိုးနွယ်စု ခေါင်းဆောင် ကျုံးလော်သည် မျက်တောင်တစ်ခတ် အချိန်၌ပင် ကောင်းကင်နှင့်မြေပြင် အကြားမှ ကြီးမားသော စွမ်းအားများ ဆင်းသက်စေကာ လေထဲသို့ ခုန်တက်ပြီး မီးတောက်စစ်နတ်ဘုရား အသွင်သို့ ပြောင်းလဲလိုက်သည်။

ဝူးမျိုးနွယ်စုမှ တန်ခိုးရှင်က ရှေ့သို့ တက်လာခဲ့လျှင် ရုတ်တရက် များစွာသော နေမင်းမီးငှက်များ ဖြစ်ပေါ်လာသည်။

တန်ခိုးရှင် ခုနစ်ယောက်က ဆက်တိုက် တိုက်ခိုက်လိုက်ကြသည်။

တိုက်ခိုက်မှု တစ်ခုစီတိုင်းတွင် ကွဲပြားသော မီးတောက်များ ပါဝင်ကာ ကြောက်မက်ဖွယ် ဖျက်ဆီးအားကို ပေးသည်။

ဝူယုံးက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်သည်။ ကောင်းကင်နှင့်မြေပြင် အကြားတွင် အရာများစွာ ပြောင်းလဲနေသည်။ အဆုံးမဲ့သော မီးတောက်များ ဖြစ်ပေါ် ပြောင်းလဲလာခဲ့ကာ မုန်တိုင်းများအသွင်သို့ ဆောင်ကြသည်။

ပြန်လည်မွေးဖွားခြင်း တန်ခိုးရှင် ခုနစ်ယောက်က ဝူယုံး၏ မျက်လုံးများကို ကြည့်လျှင် မျက်လုံးတစ်မှိတ် အတွင်း၌ နေမုန်တိုင်းများ ဆင်းသက်လာခဲ့သည်။ နေမင်းများက လူတိုင်း၏တိုက်ခိုက်မှုကို တားဆီးကာ မီးတောက်များဖြင့် လောင်ကျွမ်းပြာကျ စေခဲ့သည်။

ဘုန်း …

ဝူယုံးသည် ခြေတစ်လှမ်းမျှဖြင့် ကောင်းကင်ထက်သို့ ရောက်လာ၏။ သူ့မျက်လုံးများမှာ လွန်စွာ ကြောက်မက်ဖွယ် ကောင်းနေသည်။ ထိုအခိုက်တွင် သူသည် နတ်ဘုရားအသွင် ောင်နေ၏။ သူ့မျက်လုံးများမှာလည်း နေမင်းနတ်ဘုရား အသွင်ဆောင်၏။ အဝေးကို ကြည့်လိုက်လျှင် နေမုန်တိုင်းတစ်ခု မွေးဖွားသည်။

ကြောက်မက်ဖွယ် နေမုန်တိုင်းများသည် ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင် ခုနစ်ယောက်ထံသို့ ရိုက်ခတ်သွားကာ မုန်တိုင်းအတွင်း၌ နစ်မြုပ်ရန် လုပ်ဆောင်သည်။

သည်ပညာရပ်ကား ကျူးကလန်၏ နေမင်းနတ်ဘုရား မျက်လုံးပညာရပ် ဖြစ်ပေသည်။

ယခု ထိုစွမ်းအားသည် ဝူယုံးထံတွင် ကြောက်မက်ဖွယ်ကောင်းစွာ ပေါ်ထွက်လာခဲ့သည်။ ကျူးခုန်နှင့် နှိုင်းယှဉ်ပါလျှင် သည်ပညာမှာ ပိုမို၍ အားကောင်းသည်ဟု ဆိုရပေမည်။

ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အဝေးမှ တန်ခိုးရှင်များသည် ကြီးစွာ ထိတ်လန့်ကြရ၏။ ဝူယုံးက မျိုးနွယ်စု ခုနစ်ခုအား သူတစ်ယောက်တည်းဖြင့် တိုက်ခိုက်မည်လော။

ထိုအခိုက်တွင် ဝူယုံး၏ ကိုယ်ရောင်ကိုယ်ဝါသည် ပြန်လည်မွေးဖွားခြင်း၏ အမြင့်ဆုံးသို့ ရောက်လာခဲ့သည်။

တခြားသော ပြန်လည်မွေးဖွားခြင်း တန်ခိုးရှင်များကလည်း စစ်မြေပြင်ကို ကြည့်နေကြသည်။ ကိုင်ရှန့်ထို ဘုရင်ကလည်း ရှေ့သို့ စူးနစ်စွာ ကြည့်နေသည်။

“လမ်းစဉ်ကို ငှားရမ်းတယ်။ အင်ပါယာရဲ့ စိတ်အသိကို ငှားရမ်းတယ် ” သူက စိတ်တွင်းမှ ပြောသည်။ ရီဖူရှင်းက ဝူယုံးနှင့် ပူးပေါင်းကာ ဤသို့ ထုတ်ပြနိုင်မည်ဟု သူမမျှော်လင့်ထားပေ။

ကျုံးလော် တိုက်ခိုက်ရေးပုံစံ၏ အဆင့် ၁၂သည်ကား ပြန်လည်မွေးဖွားခြင်း အဆင့်၏ အမြင့်ဆုံးရောက်နိုင်သော ပုံစံဖြစ်သည်။

ဝူယုံးကိုယ်တိုင်က ပြန်လည်မွေးဖွားခြင်း အဆင့်ဖြစ်သည်။ ရီဖူရှင်းက ကောင်းကင်နှင့်မြေပြင်မှ စွမ်းအားများကို ဝါးမျိုကာ သူ့အား လွှဲပြောင်းပေးရာ သူသည် ပိုမိုအားကောင်း လာခဲ့သည်။ အင်ပါယာခွာ၏ စိတ်အသိဖြင့် ဆိုပါက ဝူယုံးမှာ လက်ရှိ အနေအထားသို့ ရောက်လာခြင်း ဖြစ်သည်။

လက်ရှိဝူယုံးသည် မည်သည့် ပြန်လည်မွေးဖွားခြင်း အဆင့်များထက်မဆို အားကောင်းပေသည်။

ထို့ကြောင့် တခြားသော ပြန်လည်မွေးဖွားခြင်းများ ဝင်ရောက် တိုက်ခိုက်လျှင်ပင် ဝူယုံးကို သတ်ဖြတ်ရန် ခက်ခဲပေမည်။

ရီဖူရှင်းအား ဖမ်းဆီးရန် ဝူယုံးကို ဦးစွာ အနိုင်ယူရန် လိုအပ်ပေသည်။

ကျူးခုန်နှင့် တခြားလူများမှာလည်း အခြေအနေကို သဘောပေါက်ကြပေသည်။

“ကျုံးလော်၊ ဝူ … ငါတို့က အဓိက တိုက်ခိုက်ကြမယ်။ တခြားလူတွေက ရီဖူရှင်းကို ဖမ်း” ကျူးခုန်က ပြောသည်။ နေမုန်တိုင်း အတွင်း၌ နေမင်းဓားသည် မုန်တိုင်းကို ထွင်းဖောက်ထားသည်။ ကျူးခုန်က နောက်ကို ဆုတ်လိုက်၏။

ကျုံးလော်နှင့် ဝူမျိုးနွယ်ခေါင်းဆောင်တို့က ဝူယုံးကို တားဆီးကြသည်။

တခြား လေးယောက်က ဘေးမှ ဖြတ်ကျော်ကာ ရီဖူရှင်းအား ဖမ်းဆီးရန် ကြိုးစားကြ၏။

ဝူယုံး၏ ခွန်အားမှာ ရီဖူ ရှင်းပေးထားခြင်း ဖြစ်သည်။ ရီဖူရှင်းကို ဖမ်းနိုင်ပါက ဝူယုံးလည်း တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။

ပြန်လည် မွေးဖွားခြင်းအဆင့် ခုနစ်ယောက်က နတ်ဘုရားများ အလား ဆင်းသက်လာသည်ကို မြင်သော်လည်း ဝူယုံး၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။ မီးတောက်များ သူ့ကို ဆက်လက် လောင်ကျွမ်းနေပြီး ဧရာမ ရွှေမီးငှက်တစ်ကောင် ဖြစ်ပေါ်လာခဲ့ကာ သူတို့အား တိုက်ခိုက်သည်။

ရွှေမီးငှက်သည် သူ့စိတ်အသိမှ ပြောင်းလဲ ဖြစ်တည်သော စွမ်းအားများ ရှိနေဟန်ရသည်။ ပြန်လည်မွေးဖွားခြင်း တန်ခိုးရှင် ခုနစ်ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြသည်။

ဝူယုံးက ပြန်လည်မွေးဖွားခြင်း အဆင့် ခုနစ်ယောက်ထဲတွင် အားအနည်းဆုံး တစ်ယောက်ကို စူးရဲစွာ ကြည့်သည်။

“နတ်ဘုရား လက်ချောင်းတစ်ထောင် …” ရီဖူရှင်းက ပြောသည်။ ဝူယုံးက နားလည်၏။ ရုတ်တရက် ဧရာမကျုံးလော် တိုက်ခိုက်ရေးပုံစံမှ အဆုံးမဲ့သော လက်ချောင်းများ ဖြစ်ပေါ်လာခဲ့ကာ လက်တစ်ချောင်းစီ၌ အပြင်းထန်ဆုံးသော မီးတောက်များ ရစ်ပတ် လောင်ကျွမ်းနေခဲ့သည်။

ဝုန်း …

ဝူယုံးက လေထဲသို့ တက်လှမ်းသွားကာ ကောင်းကင်ကို ဖိနှိပ်၏။

အင်ပါယာခွာ၏ ပုံရိပ်မှာ ထုထည် ဖြစ်လာခဲ့သည်။ ထိုအခိုက်တွင် ပြန်လည်မွေးဖွားခြင်း အဆင့် ခုနစ်ယောက်၏ စိတ်ထဲတွင် ပုံရိပ်ယောင် တစ်ခုအား မြင်ကြရသည်။ အင်ပါယာခွာသည် ဝူယုံး၏ ခန္ဓာကိုယ်အား အသုံးပြုလျက် ပြန်လည် ရောက်လာသည်ဟု ထင်ရ၏။

သည်စွမ်းရည်များမှာ အင်ပါယာခွာ၏ စွမ်းရည်များ ဖြစ်ကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset