Switch Mode

အပိုင်း(၁၂၆၂)

လမ်းစဉ်ကို ငှားရမ်းခြင်း

“ဒီလို စွမ်းအားမျိုး ” လူအများအပြားက ယူချင်း တိုက်ခိုက်နေရာကို လှမ်းကြည့်ကြသည်။

မည်သို့ဆိုစေ သူကား ဒေသနန်းတော်မှ လိုဏ်ဂူဆရာသခင် အဖော်ပြုလိုက်လာရသူ၊ ဒေသဘုရင် အဆင့်သို့ အသစ်ဝင်လာသူ ဖြစ်ရာ လူအများ၏ အာရုံစိုက်မှုကို ရရှိပေသည်။ လူအများက သူ၏ တိုက်ခိုက်ရေး စွမ်းအားကို မြင်တွေ့လိုကြ၏။

သူ၏လက်ဝါးရိုက်ချက်က ကြီးမားသော ခွန်အားများ ကိန်းဝပ်နေ၏။ မျိုးနွယ်စုကိုးခုမှ ရှန့်ထိုကား သူ၏ရိုက်ချက်သည် ယူချင်းကို မည်သို့မှ ထိခိုက်စေဟန်မတူ။ သို့သော်လည်း ယူချင်း၏ရိုက်ချက်ကို ထိပြီးနောက်တွင် သူကား ကောင်းကင်ထက်မှ ဖွဲအိတ်အလား တိုက်ရိုက်ကျသွားတော့သည်။

သူတို့အား တွေးတောရန်ပင် အချိန်မပေးဘဲ ယူချင်းသည် လေထဲသို့ ခုန်တက်သွားသည်။ သူက လက်ကို ဆန့်တန်းလျှင် ချက်ချင်းပင် ဒီမွန်းနတ်ဘုရား လက်ဝါးများ အဖြစ်သို့ ပုံစံပြောင်းသွားပြီး ရှန့်ထိုတစ်ဦးအား ဆုပ်ကိုင်၏။

ရှန့်ထိုတန်ခိုးရှင်က လက်နှစ်ဖက်လုံးအား ဝှေ့ယမ်းလိုက်သည်။ အဆုံးအစမဲ့သော မီးတောက်များ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထား၏။ မီးတောက်များ ပေါက်ကွဲထွက်လာလျှင် ယူချင်းထံသို့ ရိုက်ခတ်လာခဲ့သည်။

ဘုန်း  …

ထိတ်လန့်ဖွယ် မိစ္ဆာအရောင်အဝါများ ဆင်းသက်လာခဲ့ကာ ဒီမွန်းပုံရိပ်ကြီးက လက်ဝါးပုံရိပ်ကြီး နောက်တွင် ကပ်ငြိလိုက်ပါလာသည်ကို အားလုံးက မြင်ကြသည်။ လက်ဝါးပုံရိပ်သည် ဒီမွန်းလက်ဝါးထံမှ ကွဲထွက်လာခဲ့ကာ အလွန်တရာ ကြီးမားလာခဲ့၏။ ကောင်းကင်နှင့် မြေပြင်မှ မဟာလမ်းစဉ်သည် အချင်းချင်း မြည်သံပေးကာ လေထုကို ဖိနှိပ်ထားရာ ထိုရှန့်ထို တန်ခိုးရှင်သည် လှုပ်ရှားရန်ပင် ခက်ခဲလာခဲ့တော့သည်။

လက်ဝါးပုံရိပ် အောက်တွင် မီးတောက်များ ပြိုလဲယိုယွင်း သွားခဲ့ကာ ထိုလူက မြန်ဆန်စွာ နောက်ဆုတ်သည်။

သို့သော် သူ့မျက်လုံးရှေ့တွင်ပင် မိစ္ဆာပုံရိပ်ကြီးသည် အလွန်တရာ ကြီးမားလာခဲ့ပြီး သူ ထွက်ပြေးလေလေ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ် နိုင်စွမ်းမဲ့လေဖြစ်ကာ မိစ္ဆာလက်ဝါးအောက် တွင်သာ ရှိနေခဲ့တော့သည်။

သူ့တွင် ပြေးစရာ မြေမရှိသည့် ခံစားချက်အား ရ၏။

ဘုန်း  …

ကျယ်လောင်သော အသံတစ်သံ နှင့်အတူ ဧရာမလက်ဝါး ပုံရိပ်ကြီး ကျဆင်းလာခဲ့ကာ သူ့အား ကောင်းကင်မှသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျစေခဲ့၏။ ကြမ်းတမ်းသော အသံတစ်ခုနှင့်အတူ ဧရာမလက်ဝါးရာ တစ်ခု မြေပြင်တွင် အက်ကွဲကြောင်းများ နှင့်အတူ ပေါ်လာခဲ့တော့၏။

လူအများအပြား၏ စိတ်နှလုံးများ တုန်ယင်သွားကြသည်။ ဤသို့သော ရုန့်ရင်းကြမ်းတမ်းသော တိုက်ခိုက်မှုအောက်တွင် မည်သူမဆို မျှော်လင့်ချက်မဲ့၏။

ဒေသနန်းတော်မှ ဒေသဘုရင် အဆင့်ဇယားသည် အထင်သေးစရာ မဟုတ်ပေ။ ထိုအဆင့်ဇယားမှ မည်သူမဆို သူ့တန်ခိုးအဆင့်တွင် ပြိုင်ဘက်ကင်းသူများ ဖြစ်ကြသည်။ ထိုအဆင့်ဇယားမှ အချင်းချင်း တိုက်ခိုက်ခြင်း မဟုတ်လျှင် တခြားလူများအတွက် ထိုလူများနှင့် ရင်ဆိုင်နိုင်စရာ မရှိပေ။

ယူချင်းက ထိုအဆင့်ဇယားသို့ မတက်မီက သူ့ခွန်အားအပေါ်တွင် လူအများက သံသယ ရှိခဲ့ကြသေးသည်။ ယခု ဒေသဘုရင် အဆင့်ဇယားမှ လူများ မည်မျှ အားကောင်းသည်ကို သူတို့အားလုံး မျက်မြင် တွေ့ကြရပြီ ဖြစ်သည်။

ရှင်းချိုးက ယူချင်းရှိနေရာသို့ ကြည့်သည်။ ယခု သူက ဒေသနန်းတော်သို့ ဝင်ရောက်သွားခဲ့ရာ ရှန့်ထို ဖြစ်စကထက် များစွာ အားကောင်းလာခဲ့သည်။

သူ့ခန္ဓာကိုယ်မှ တိုက်ပွဲဆာလောင်သော အငွေ့အသက်များ ဖြစ်ပေါ်လာခဲ့ရာ သူက ထပ်မံ တိုက်ခိုက်လိုသည်မှာ ထင်ရှား၏။

ကိုင်ရှန့်ထို ဘုရင်ကလည်း တိုက်ပွဲဝင် အငွေ့အသက်များကို ခံစားမိရာ ရှင်းချိုးအား ပြောသည်။ “ မင်း သွားချင်လား ”

ရှင်းချိုးက ဘာမှ မပြောပေ။ သို့သော်လည်း သူက အမှန်တကယ် ထပ်မံ တိုက်ခိုက်လိုပေသည်။

သို့သော်လည်း သည်တစ်ကြိမ်ကား သွေးနဂါး မြစ်ကမ်းတိုက်ပွဲနှင့် မတူညီပေ။ သည်မတိုင်ခင် တိုက်ပွဲတွင် သူသည် အနိုင်ရမည်ဟု ယုံကြည်ချက် ရှိခဲ့ဖူး၏။

သို့သော် ယခုအခါ သူ့တွင် ယုံကြည်ချက် အနည်းငယ်မျှပင် မရှိချေ။

“မင်းမှာ ယုံကြည်ချက် မရှိဘူးပေါ့” ကိုင်ရှန့်ထိုဘုရင်က ဆက်ပြောသည်။ “ရှုံးမယ်ဆိုတာကို သိရက်နဲ့တောင် တိုက်ခိုက်ချင်တယ် ဆိုတာက စိတ်ကို သန်မာအောင် ထုဆစ်ခြင်း တစ်မျိုးပဲ။ မင်းက ဒီတွယ်ငြိမှုကို သတ်နိုင်ခဲ့ရင် ဘယ်လိုရလဒ်မျိုးပဲ ဖြစ်ပါစေ မင်းဟာ အတားအဆီးက ကျော်ဖြတ်နိုင်လိမ့်မယ် ”

နောက်ဆုံးတိုက်ပွဲက ရှင်းချိုးအပေါ် အရိပ်သဖွယ် အနှောင့်အယှက် ဖြစ်နေသည်ကို သူမြင်နိုင်သည်။

အတိတ်မှာ ရှင်းချိုးကား ယုံကြည်မှုရှိသော ပုံစံဖြစ်သည်။

ညီအစ်ကို နှစ်ယောက်လုံးသည် ပါရမီ မြင့်မားကြ၏။ လူငယ်မျိုးဆက် များစွာက သူတို့အား လေးစားကြသည်။ သူတို့၏ အနာဂတ် အောင်မြင်မှုမှာလည်း သူ့ထက် နိမ့်ကျမည်မ ဟုတ်ပေ။

ထို့ကြောင့် ကိုင်ရှန့်ထို ဘုရင်က ရှင်းချိုး၏ အတွင်းစိတ်ဆင်ရိုင်းအား ကူညီ၍ ပယ်သတ် ပေးလိုခဲ့သည်။

ရှင်းချိုးက ခေါင်းညိတ်ကာ အမှန်တကယ်ပင် စစ်မြေပြင်သို့ လှမ်းသွားလိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် မဟာလမ်းစဉ်၏ အရောင်အဝါများ လင်းလက် လာခဲ့တော့သည်။ သူ့နောက်တွင် ဧရာမစစ်နတ်ဘုရား၏ ပုံရိပ်လည်း ထွက်ပေါ်လာခဲ့၏။ ထိုအခိုက်တွင် ရှင်းချိုးသည် စစ်နတ်ဘုရား တစ်ပါးဖြစ်သွားသည်။

သူက လက်ကို မြှောက်ကာ ချင်ယဲ့မြို့မှ တန်ခိုးရှင် တစ်ဦးအား တိုက်ခိုက်လိုက်သည်။ သူမကား စစ်ထိုရန်ဖြစ်သည်။

စစ်ထိုရန်သည် ကြီးမားသော ဖိအားကို ခံစားလိုက်ရ၏။ သူမ၏ အမူအရာက ပြောင်းလဲသွားကာ ခုခံရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ရှင်းချိုး၏ တိုက်ခိုက်မှုသည် မဟာလမ်းစဉ်နှင့် ပေါင်းစပ်ထားခြင်း ဖြစ်ရာ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။

ဘန်းခနဲ မြည်သံနှင့်အတူ သူမ၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်စဉ်သွားပြီး ပါးစပ်မှ သွေးတစ်ပွက် အန်သည်။ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး အတွင်းမှ သွေးများ ဆူပွက်လာသည်ဟု ခံစားရ၏။

“ ရှင်းချိုး လှုပ်ရှားပြီ ”

ထိုအခိုက်တွင် မရေမတွက်နိုင်သော မျက်လုံးများ ရှင်းချိုးထံသို့ ရောက်လာကြသည်။ လူအများအပြားက သွေးနဂါး မြစ်ကမ်းပါး တိုက်ပွဲအား အမှတ်ရနေကြဆဲ ဖြစ်သည်။

ရီဖူရှင်းကလည်း စစ်မြေပြင်ကို မျက်မှောင်ကြုတ်ကာ ကြည့်သည်။

ရှင်းချိုးက သည်တိုက်ပွဲအား သူ၏ စမ်းသပ်စစ်ဆေးခြင်း တစ်ခုအနေဖြင့် သဘောထား နေသည်လား။

ယူချင်းကလည်း တစ်ဖန် နောက်တစ်ယောက်အား လွင့်စဉ်စေကာ ရှင်းချိုးထံသို့ လှမ်းလာခဲ့သည်။

ထို့အတူ ရှင်းချိုးကလည်း ယူချင်းထံသို့ သွားသည်။ သွေးနဂါးမြစ်ကမ်း တိုက်ပွဲအပြီးတွင် သူတို့နှစ်ဦး ထပ်တွေ့ကြ၏။

မိစ္ဆာစွမ်းအားများ အဆက်မပြတ် ပေါက်ကွဲ ထွက်လာခဲ့သလို ရှင်းချိုးကလည်း မဟာလမ်းစဉ်နှင့် ရောယှက်နိုင်သော ချိပ်ပိတ်တစ်ခုအား ဖန်ဆင်းသည်။ သူ့ထံမှ ပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်လာခဲ့ကာ ထိုအထဲတွင် ရန်ဟောင်တစ်ပါး၏ကြီးမြတ်သော အငွေ့အသက်များ ပါဝင်နေသည်။

ယူချင်း ချဉ်းကပ်လာသည်ကို မြင်လျှင် ရှင်းချိုးက သူ့သက်စောင့်ဝိညာဉ်အား သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်ကာ စစ်မှန်သော စစ်နတ်ဘုရား အသွင်သို့ ပြောင်းလဲလိုက်သည်။

အလင်းများသည် ကောင်းကင်နှင့် မြေပြင်တို့ဖြင့် ပေါင်းစပ်စေနိုင်ကာ သူ့ခန္ဓာကိုယ်အား ရစ်ပတ်၏။ သူ့ခန္ဓာကိုယ်အား ဗဟိုထား၍ အလွန်ကြီးမားသော အရှိန်အဟုန်များ ထွက်ပေါ်လာခဲ့သည်။

“အရမ်းအားကောင်းတယ်” ရှန့်ထို အများအပြားက ရှင်းချိုးထံမှ လာသော အငွေ့အသက်များအား ခံစားမိကာ မှတ်ချက်ချကြသည်။ ယူချင်းက ဒေသဘုရင်အဆင့် ဇယားသို့ ဝင်ရောက်ပြီးနောက် ရှင်းချိုး၏ ရှုံးနိမ့်မှုသည် သူကိုယ်တိုင်က အားနည်း၍ မဟုတ်ဘဲ သူ့ပြိုင်ဘက်က အလွန်ကြောက်မက်ဖွယ် ကောင်းနေသောကြောင့်သာ ဖြစ်ကြောင်း နားလည်လိုက်ကြသည်။

ယခု ရှင်းချိုးက ရှန့်ထိုအဆင့်သို့ တက်လှမ်းပြီးဖြစ်ရာ သူသည် အင်ပါယာကျန်းထံမှ ဆက်ခံသော သီးသန့်ပညာရပ် ထိုက်ရွှမ်အသိအား အဆုံးစွန်အထိ အသုံးချနိုင်ပေသည်။

ထိုပညာရပ်သည် ခန္ဓာကိုယ်အား ကောင်းကင်နှင့် မြေပြင်၌ ပေါင်းစပ်နိုင်၏။ လေ့ကျင့်သူသည် ငယ်ရွယ်စဉ် ကတည်းက သိုင်းပညာအား လေ့ကျင့်ခွင့် ရစေသည်။ သူတို့၏ ခန္ဓာကိုယ်က စိတ်အသိနှင့် ခန္ဓာကိုယ်တို့အား ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်စေလျက် ပိုမိုအားကောင်းသော ခွန်အားများအား ရရှိစေနိုင်ပေသည်။

သည်ပညာရပ်ကို အသုံးပြုရန် ရုပ်နှင့် စိတ်ဝိညာဉ် နှစ်ရပ်လုံးတွင် အလွန်လိုအပ်ချက် မြင့်မားပေသည်။ တစ်ချိန်တစ်ခါက အင်ပါယာကျန်းသည် သည်ပညာရပ်ဖြင့် သူ့ပြိုင်ဘက်များကို လွှမ်းမိုး နိုင်ခဲ့ပေသည်။

ရှင်းချိုးကို ဗဟိုပြု၍ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်တည်လာခဲ့ကာ ယူချင်းထံသို့ လိမ့်ဆင်းလာခဲ့သည်။

ယူချင်းက လေထဲသို့ ခုန်တက် လာခဲ့သည်တွင် လေထဲမှ မိစ္ဆာ အရှိန်အဝါမှာလည်း ပြင်းထန်လာခဲ့သည်။ သူ့နောက်တွင် ဧရာမဒီမွန်း နတ်ဘုရားပုံရိပ်သည် အေးစက်သော မျက်လုံးများဖြင့် ရှင်းချိုးကို ကြည့်ကာ ချိုးနှိမ်သည်။

ယူချင်း၏ လေ့ကျင့်ခြင်း နည်းစနစ်သည် ထိုက်ရွှမ်အသိထက် အားနည်းဟန် မရှိပေ။

သူ့ထံမှ အရှိန်အဝါကား ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။

သူတို့နှစ်ဦး တိုက်ခိုက်ခြင်းပင် မပြုရသေးသော်လည်း အင်အားနှစ်ရပ်သည် ရင်ဆိုင်တွေ့မိပြီး ဖြစ်သည်။

ဘုန်း  …

ဘန်းခနဲ မြည်သံနှင့်အတူ ဒီမွန်းနတ်ဘုရား၏ လက်ဝါးတံဆိပ်တော်သည် ကောင်းကင်ထက်မှ ကျဆင်း လာခဲ့တော့သည်။

ရှင်းချိုးက မာန်သွင်းလိုက်ကာ ကောင်းကင်ထက်သို့ တက်သည်။ သူ့ထံမှ ပြင်းထန်သော အရောင်အဝါများ နှင့်အတူ စစ်နတ်ဘုရားပုံရိပ် ထွက်ပေါ်လာ၏။ သူက လက်ကို မြှောက်ကာ ကောင်းကင်ထက်သို့ တန်းတန်းမတ်မတ် ထိုးတက်သွားသည်။

တိုက်ပွဲမှာ သွေးနဂါး မြစ်ကမ်းပါး တိုက်ပွဲမှ ပုံစံအတိုင်း ဖြစ်ပေသည်။

ဘုန်း  …

လက်ဝါးပုံရိပ်များသည် လေထဲမှ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း၏။ များစွာသော စစ်နတ်ဘုရား လက်သီးချက်များမှာ အပိုင်းအစများ ဖြစ်သွားသည်။ ရှင်းချိုးထံမှ လက်ပုံရိပ်ကြီးသည် ထောင်ပေါင်းများစွာသော လက်သီးများအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ထိုးတက်သွားကြသည်။

ဒုန်း  …

ယူချင်းက ရှေ့သို့ တက်ကာ ကောင်းကင်မှနေ၍ လက်ကို မြှောက်လိုက်ပြီးနောက် ဒီမွန်းနတ်ဘုရားသည် ရှင်းချိုးရှိရာသို့ လှမ်း၍ ရိုက်ချလိုက်တော့သည်။

နောက်ထပ် ကျယ်လောင်သော အသံတစ်ခု နှင့်အတူ ရှင်းချိုးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသည်။ သူ့ပါးစပ်မှ သွေးများ စီးကျလာ၏။

“သူ့ကို ကူ” ကျူးခုန်က ပြောသည်။ ရုတ်တရက် ရှန့်ထို အများအပြားက ယူချင်းထံသို့ သွားရောက် တိုက်ခိုက်ကြ၏။

သူတို့က ယူချင်းကို ဝိုင်းဝန်း တိုက်ခိုက်လိုကြသည်။

ရှင်းချိုး၏ ပါးစပ်ကား သွေးခြင်းခြင်း နီနေဆဲဖြစ်ကာ ကောင်းကင်ထက်ကို မော့ကြည့်သည်။ သူ၏ တိုက်ခိုက်လိုစိတ်မှာ ပြင်းထန်နေဆဲဖြစ်ရာ ကောင်းကင်ထက်ကို တစ်ဖန်တက်သည်။

ကိုင်ရှန့်ထို ဘုရင်က စစ်မြေပြင်ကို ကြည့်ကာ ယူချင်းအား ကြည့်သည်။

သည်တစ်ကြိမ်တွင် ရှင်းခိုင်နှင့် ရှင်းချိုးတို့သည် သူတို့၏ ပြိုင်ဘက်အား ရှာတွေ့ခဲ့ဟန် ရသည်။

သည်အရာက ဖိအားဖြစ်သလို တွန်းအားလည်း ဖြစ်ပေသည်။

ကျူးခုန်က ရှေ့သို့ တက်လာခဲ့လျှင် စူးရှလင်းလက်သော နတ်ဘုရား စွမ်းအားတစ်ခု ဆင်းသက်လာသည်။ ယင်းက နေမင်း ဓားတစ်လက် ရီဖူရှင်းထံသို့ တိုက်ရိုက် ဆင်းသက်လာသည်နှင့် တူ၏။

ဝူယုံးကား ရီဖူရှင်းရှေ့တွင် ရပ်နေဆဲဖြစ်သည်။ သူက လက်ထဲကို လက်ဝါးဖြင့် ရိုက်လိုက်လျှင် နေမင်းဓားသည် သူ့မီးလျှံများ အောက်တွင် တစ်စတစ်စ ပျောက်ကွယ်သွားတော့သည်။

မျိုးနွယ်စု ခုနစ်ခုမှ ခေါင်းဆောင်များအားလုံး ရှေ့သို့ တက်လာကြသည်။ ကျူးခုန်က ပြောသည်။ “ ဒီကိစ္စနဲ့ မဆိုင်တဲ့သူတွေ နောက်ဆုတ် ”

ပြန်လည်မွေးဖွားခြင်း အဆင့်တန်ခိုးရှင်များ ပါဝင်လာပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။

ရှန့်ထိုအဆင့် အောက်မှ တန်ခိုးရှင် အများအပြားက အဝေးသို့ ဆုတ်သွားကြသည်။

များစွာသော မျိုးနွယ်စုမှ တန်ခိုးရှင်များ ရှေ့သို့ တက်လာကြသည်။ ကျူးခုန်ကလည်း နေမင်းရထားပေါ်မှ ဆင်းသက်လာကာ ရီဖူရှင်းအား လှမ်းကြည့်သည်။ “ငါတို့ တိုက်ခိုက်ရင် ဒါက တစ်မြို့လုံးကို ထိခိုက်ပျက်စီး စေလိမ့်မယ်။ မင်း သေချာပြီလား ”

လက်ရှိအချိန် အထိ ရီဖူရှင်း၏ယုံကြည်မှုက မည်သည့်နေရာမှ လာသည်ကို သူ မသိပေ။

သူက မိမိတို့ကိုပင် ပြန်လည်၍ ခြိမ်းခြောက်လိုက်သေးသည်။

မျိုးနွယ်စု ခုနစ်ခုတွင် သည်စွမ်းအားမြင့် တန်ခိုးရှင်များသည်သာ တိုက်ပွဲတွင် ပါဝင်ကြမည် ဆိုပါက မြို့သည် ရစရာမရှိအောင် ပျက်စီးမည် သေချာ၏။

“ခင်ဗျားတို့ ဘယ်သူ့ကိုမှ မထိခိုက်စေတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ဒီအတွက် တာဝန်ယူရမယ်” ရီဖူရှင်းက လေထဲမှ ပုံရိပ်ကို ကြည့်ကာ ပြောသည်။

“အကြီးအကဲဝူယုံး၊ အင်ပါယာခွာရဲ့ လမ်းစဉ်ကို ရယူပါ”

ဝူယုံးက ရီဖူရှင်း၏ စကားကို ကြားကာ နားမလည်သော်လည်း ခေါင်းညိတ်သည်။

“ကောင်းပြီ”

ကျူးခုန်နှင့် တခြားသော မျိုးနွယ်စုများကလည်း ရီဖူရှင်း၏ စကားကို နားမလည်ကြပေ။ ရီဖူရှင်းကို ဘာကို ဆိုလိုသနည်း။

ရီဖူရှင်း၏ သက်စောင့်ဝိညာဉ်ထဲတွင် ရှေးသစ်ပင်၏ အကိုင်းအခက်များသည် မီးတောက် မှော်ဓာတ်လုံး တစ်ခုအား ရစ်ပတ်ထားသည်။ မီးတောက်မှော် ဓာတ်လုံးသည် သူ့သက်စောင့် ဟော်နန်းတော်ထဲမှ နေမင်းဝိညာဉ်ထံသို့ ရွေ့လျားသွားသည်။ ရုတ်တရက် နေမင်းဝိညာဉ်သည် အလွန်တရာ လင်းလက်လာခဲ့၏။

ချက်ချင်းပင် ကြောက်မက်ဖွယ် မီးတောက်များ ရီဖူရှင်း၏ ခန္ဓာကိုယ်၌ ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်ထက်တွင် တိမ်များ အရောင်ပြောင်းလဲကာ လောကကြီးသည် မီးကမ္ဘာအဖြစ် ပြောင်းလဲလာခဲ့ဟန် ရသည်။

နေရောင်ခြည်များသည် အဆုံးမဲ့သော မီးတောက်များ နှင့်အတူ ရီဖူရှင်းအပေါ်သို့ ကျဆင်းလာခဲ့ကြ၏။ ကောင်းကင်နှင့် မြေပြင်အကြားမှ မီးတောက်များသည် ရီဖူရှင်း ကိုယ်ထဲသို့ စီးဆင်းလာခဲ့ကြသည်။

ဘုန်း  …

ရီဖူရှင်းသည် နေမင်းအသွင်သို့ ပြောင်းလဲသွားကာ နေမင်းမီးတောက်များဖြင့် ရစ်ပတ်ထားလေသည်။

“မခုခံနဲ့” ရီဖူရှင်းက ပြောသည်။ ချက်ချင်းပင် ထိုမီးတောက်များသည် ရီဖူရှင်းထံမှနေ၍ ဝူယုံးထံသို့ စီးဆင်း လာကြတော့သည်။ ပိုမိုကြောက်မက်ဖွယ် ကောင်းသည်ကား မီးတောက်များ သာမက စိတ်အသိများ သည်လည်း ဝူယုံး၏ စိတ်နယ်ပယ် အတွင်းသို့ ဝင်လာကြခြင်း ဖြစ်သည်။

ထိုအခိုက်တွင် ဝူယုံးသည် ပြိုင်စံရှား စစ်နတ်ဘုရား တစ်ပါး၏ ပုံသဏ္ဌာန်ကို မြင်၏။

“အင်ပါယာခွာရဲ့ အမွေ ” ဝူယုံးက ရေရွက်သည်။ သူ့စိတ်နှလုံးက တုန်ခါသွား၏။ ရီဖူရှင်း ဝါးမျိုခဲ့သော နေမင်းတွင် အင်ပါယာခွာ၏ စိတ်အသိ ချန်ထားရစ်ခဲ့သည်လား။

“ကျုံးလော် တိုက်ခိုက်ရေး ပုံစံတည်လိုက်” ရီဖူရှင်းက ပြောသည်။ ဝူယုံးက ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းပင် သူ့ခန္ဓာကိုယ်သည် အဆမတန် ကြီးမားလာတော့သည်။ သူကား စစ်နတ်ဘုရားတစ်ပါး ဖြစ်လိုခဲ့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset