အပိုင်း(၁၂၆၁)

လိုဏ်ဂူဆရာသခင်များ

ကျူးခုံးက မျက်မှောင်ကြုတ်လိုက်ကာ ဖရိုဖရဲ ဖြစ်နေသော စစ်မြေပြင်အား ကြည့်ပြီး အေးစက်စွာ ပြောသည်။

“သွား”

သူ၏အသံကို ကြားသည်နှင့် ပင်မကလန်များမှ တန်ခိုးရှင်များ အားလုံး ရှေ့သို့ တစ်ဖန် တက်လာကြပြန်၏။ မြန်ဆန်စွာပင် ပိုမိုများပြားသော ရှန့်ထိုများ စစ်မြေပြင်သို့ ရောက်လာကြ၏။

ရှားရှင်းယွန် မျက်မှောင်ကြုတ်လိုက်သည်။ သူတို့တွင်လည်း နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်များ ရှိသော်လည်း မျိုးနွယ်စု ကိုးခုလောက် မများပေ။

လေထဲသို့ များစွာသော တန်ခိုးရှင်များ ဖြတ်သန်း ရောက်လာခဲ့ပြီး ရှန့်ထို ပထမအဆင့်များ လှုပ်ရှားလျှင် စစ်ထိုရန်သည်လည်း စစ်မြေပြင်သို့ ဝင်ရောက်လာခဲ့သည်။

“ မင်းလည်း သွား ” ဆန်းထျန်ကျန့်က ဆန်းဇွန်ကို ပြောသည်တွင် ဆန်းဇွန်က ခေါင်းညိတ်ကာ စစ်မြေပြင်သို့ ဝင်၏။

ရီဖူရှင်းထံမှ ရင့်သီးသော အရောင်အဝါများ ထွက်ပေါ်လာကာ သူကိုယ်တိုင် တိုက်ခိုက်မည်ပြုစဉ် ရှားရှင်းယွန်က ပြောသည်။ “ ငါသွားမယ် ”

သူမက ပြောပြီးသည်နှင့် စစ်မြေပြင် အတွင်းသို့ ပြေးဝင်သွား၏။

ရီဖူရှင်းကား ချင်ယဲ့မြို့စား ဖြစ်ရာ ပဋိပက္ခ အတွင်း၌ အလွယ်တကူ ကိုယ်ထင်ပြ၍ မဖြစ်ပေ။

ရှားရှင်းယွန်သည်ပင် ဝင်ရောက်တိုက်ခိုက်၏။ ဤတွင် အင်ပါယာရှားဘုံမှ ရှန့်ထို ပထမအဆင့်များမှာလည်း သည်အတိုင်း ရပ်ကြည့် မနေနိုင်ကြတော့ပေ။ သူတို့အားလုံး ပါဝင်တိုက်ခိုက် ကြတော့သည်။

တစ်ခဏအတွင်းတွင် ကျယ်ပြောသော နေရာကြီး တစ်ခုလုံးမှာ လူအများကြားမှ စစ်မြေပြင် ဖြစ်သွားသည်။ တိုက်ပွဲမှာ အချိန်ကြာလေလေ ပိုမိုပြင်းထန်လေ ဖြစ်သည်။

အဝေးတွင် တခြားသော တန်ခိုးရှင်များမှာလည်း အဆက်မပြတ် ရောက်လာနေကြဆဲ ဖြစ်သည်။

ကျန့်မုမြို့မှ ကျိုယန်ရှန့်ထို သခင်သည်လည်း ကိုယ်တိုင်ရောက်လာခဲ့ကာ ရှီချန် သည်လည်း စစ်မြေပြင်ကို ကြည့်နေသည်။

သူတို့ဘေးတွင်ကား ကျန့်မုမြို့မှ ချန်ကလန်၏ချန်ဟွိုက်လည်း ရှိနေသည်။

သူ၏မျက်လုံးက ရီဖူရှင်းထံသို့ ရောက်နေသည်။ သူ၏မျက်လုံးများထဲ၌ အေးစက်သော အငွေ့အသက် အချို့ရှိ၏။

ရီဖူရှင်းက ပြန်ကြည့်လျှင် ကျိုယန်ရှန့်ထို သခင်ကို သာမက ရှင်းမြို့မှ တန်ခိုးရှင်များကိုလည်း တွေ့သည်။ ရှင်းနန်သည်လည်း ရောက်နေ၏။

နှစ်သစ်၏ ပထမနေ့တွင်ပင် ချန်ယဲ့မြို့ကား လွန်စွာ စည်ကားနေပြီး အထင်ကရပုဂ္ဂိုလ်များ အားလုံး ရောက်လာနေကြသည်။

ထိုပုဂ္ဂိုလ်များ အားလုံးမှာ စစ်မြေပြင်ကို လှမ်းကြည့်နေကြပြီး အများအပြားမှာ အဆင့်တူကာ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။

“ကိုင်ရှန့်ထိုဘုရင်လည်း ရောက်နေတာပဲ” ကျိုယန်ရှန့်ထိုက အရိပ်သဏ္ဌာန် တစ်ဖွဲ့ ဆင်းသက်လာရာ နေရာကို ကြည့်ပြီး ပြောသည်။

ဦးဆောင်လာသူကား ရွှေရောင်ဝတ်စုံကို ခန့်ညားစွာ ဝတ်ဆင်ထားသူ ဖြစ်သည်။ သူကား ပုံမှန်အတိုင်း ရပ်နေလျက်ဖြင့်ပင် လောကကို အုပ်စိုးနိုင်သော အာဏာအား ပိုင်ဆိုင်ထားဟန် ရှိသည်။

နက်မှောင်သော မျက်တောင်များသည် ဓားများအလား ကွေးကောက်နေပြီး ထက်ရှကာ ပြင်းထန်သော အာဏာ၏ အငွေ့အသက်များ ရှိနေပြီး သူသည် လက်နှစ်ဖက်ကို နောက်တွင်ပိုက်ကာ စစ်မြေပြင်အား ကြည့်၏။ လူအများအပြားက သူ့အား ကြည့်ကာ ကြီးစွာ စိတ်လှုပ်ရှားကြသည်။

ကိုင်ရှန့်ထိုဘုရင် က သည်နေရာသို့ ရောက်လာမည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

လူအများအပြားက ကိုင်ရှန့်ထိုဘုရင် ဘေးမှ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါဖြင့် လူငယ်ကား ကြည့်ကြသည်။ သူ့တွင် ရှန့်ထိုတစ်ပါး၏ အငွေ့အသက်များ ရှိနေပြီး သူသည်လည်း ထင်ရှားသော သူတစ်ဦးဖြစ်၏။

လူတစ်ယောက်က ဒေသနန်းတော်သို့ ဝင်လာပြီးနောက်မှသာ သူ့နာမည်ကို မှေးမှိန်စေခဲ့၏။

သူကား ရှေးဟောင်းအင်ပါယာမြို့မှ ရှင်းချိုး ဖြစ်သည်။

သွေးနဂါးမြစ်တိုက်ပွဲအတွင်း လူတိုင်းက ရှင်းချိုးသည် သူ့အစ်ကိုကဲ့သို့ လူတိုင်းကို အနိုင်ယူကာ ဒေသနန်းတော်သို့ ဝင်ရောက်နိုင်မည်ဟု ထင်ကြေးပေးခဲ့ကြသည်။

သို့သော်လည်း တိုက်ပွဲတွင် ယူချင်းက အားလုံးကို ကျော်ဖြတ်ကာ တစ်ကိုယ်တော် စွမ်းရည်ဖြင့် ဒေသနန်းတော်သို့ ဝင်သွားခဲ့၏။

ကောလာဟလများ အရ ယူချင်းက ဒေသနန်းတော်သို့ ဝင်ပြီးနောက် ကြိုဆိုခြင်းအခန်းအနားတွင် သူ့အား ပါရမီရှင်အများအပြားက စမ်းသပ်ဖိနှိပ်လိုခဲ့ကြ၏။ သို့သော်လည်း ယူချင်းက ဒေသနန်းတော်တွင် အချိန်ခဏ အတွင်း၌ ပြိုင်ဘက်ကင်း အသွင်အပြင်ဖြင့် ဒေသနန်းတော် အဆင့်ဇယားသို့ တက်လှမ်းပြခဲ့သည်။

ကိုင်ရှန့်ထိုဘုရင်နှင့် ရှင်းချိုးတို့ အတူတူ ရောက်လာကြသည်။ ကိုင်ရှန့်ထိုဘုရင် သည် ရှေးဟောင်းအင်ပါယာမြို့မှ မဟုတ်သော်လည်း လူတိုင်း၏ စိတ်ထဲတွင်ကား ကိုင်ရှန့် ထိုဘုရင်နှင့် ရှေးဟောင်းအင်ပါယာမြို့တို့ အကြား ပတ်သက်မှုကို ရှင်းရှင်းလင်းလင်း သိကြပေသည်။

ထိုပြိုင်စံရှင်း ရှန့်ထိုဘုရင်၏ လေးစားမှုကို ခံယူထိုက်သောသူမှာ အလွန် နည်းပါးပေသည်။ သူကား အမြင့်ဆုံးသော အဆင့်အတန်း၌ ရှိပေသည်။

တစ်ခုတည်းသော ခြွင်းချက်မှာ ရန်ဟောင်အဆင့် အောက်တွင် နံပါတ်တစ်ဟု အများက သတ်မှတ်ရသော နဝမမြောက် အစေခံသည်လည်း ကိုင်ရှန့်ထို ဘုရင်ကဲ့သို့ စွမ်းအားကြီးမားသူ ဖြစ်ကြောင်း လေးစားကြရပေသည်။

ကောလာဟလများအရ ကိုင်ရှန့်ထို ဘုရင်သည် တစ်ချိန်တစ်ခါက နဝမမြောက် အစေခံ၏ ကျေးဇူးပြုမှုကို ရရှိခဲ့သည်။ လောလာဟလ အချို့အရ ကိုင်ရှန့်ထို ဘုရင်သည် နဝမမြောက် အစေခံထံသို့ သွားရောက် တွေ့ဆုံဖူး၏။

ယခု ကိုင်ရှန့်ထို ဘုရင်ကိုယ်တိုင်က ရှင်းချိုးနှင့်အတူ ချင်ယဲ့မြို့သို့ ကိုယ်တိုင် ရောက်လာခဲ့ကာ သူက သည်နေရာသို့ အပျော်အနေဖြင့် လာခြင်းလား၊ အစီအစဉ် တစ်ခုခု ရှိသလားကို မည်သူမှ မသဲကွဲတော့။

ချင်ယဲ့မြို့ကို မူတည်၍ ကိစ္စကြီးသေးများ ဖြစ်လာရန် ရှိလေသည်။

ကျူးခုန်ကလည်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့အနီးတွင် များစွာသော ပြန်လည်မွေးဖွားခြင်း အဆင့်များ ရှိသည်ကို သူက ကောင်းကောင်း သတိထားမိပေသည်။ အင်ပါယာခွာ၏ အမွေအနှစ်များ အတွက် ထိုလူများက ယှဉ်ပြိုင် တိုက်ခိုက်လိုသည် ဆိုပါက အခြေအနေမှာ ရှုပ်ထွေးလာနိုင်ပေသည်။

“ ရီဖူရှင်း၊ မင်းက ချင်ယဲ့မြို့ အင်အားလောက်နဲ့ မျိုးနွယ်စုကိုးခုကို အံတုမလို့လား ” လေထဲတွင် ကျူးခုန်က နေမင်းရထားလုံး ပေါ်တွင် ထိုင်ရင်းဖြင့် လှမ်းပြောသည်။ နေမင်းအလင်းရောင်များ ကျဆင်းလာကာ ကောင်းကင်နှင့် မြေပြင်ကို ဖိနှိပ်၏။

“တခြားလူတွေ ကိစ္စမှာ ဝင်မပါနဲ့ ”

“ခင်ဗျားတို့ အခု နောက်ဆုတ်ရင် ဒီနေ့ ဖြစ်ခဲ့တာတွေကို ကျုပ်ဗွေမယူဘူး” ရီဖူရှင်းက တစ်ဖက်လူများကို ကြည့်ကာ ပြန်ပြောသည်။

ကျူးခုန်၊ ကျုံးလော်နှင့် တခြားလူများက မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့၏ ကြီးမြတ်သော ဟန်ပန်တို့မှာ ပိုမိုအေးစက် လာခဲ့သည်။ သည်အကောင်ကား မည်သည့်အချိန်တွင် တိတ်ဆိတ်ငြိမ်သက် နေရမည်ကို သိနားလည်ခြင်း ရှိပုံမရပေ။

“မင်းက ဘာလို့ ဒီလောက် သေချာနေတာလဲ” ကျူးခုန်က ပြောသည်။ နေမင်း အလင်းရောင်များက ရီဖူရှင်းထံသို့ တိုက်ရိုက်ကျဆင်း လာခဲ့သည်။ ဝူယုံးက ရီဖူရှင်းရှေ့သို့ မီးတောက်ခန္ဓာကိုယ် နှင့်အတူ ရောက်လာခဲ့သည်။ နေမင်း အလင်းရောင်များက သူ့အပေါ်ကို ကျဆင်းလာခဲ့လျှင် နတ်ဘုရား အလင်းကဲ့သို့ ထွန်းလင်း၏။

“ခင်ဗျားတို့ကရော” ရီဖူရှင်းက ကျူးခုန်နှင့် ကျုံးလော်တို့ အပြင် တခြားလူများကိုပါ မေးသည်။ “သေသေချာချာ စဉ်းစား။ ခင်ဗျားတို့ ဒီနေ့ ဒီကိစ္စမှာ အတင်းဝင်ပါမယ် ဆိုရင်တော့ ခင်ဗျားတို့က ကျုပ်အနိုင်မယူ နိုင်ခဲ့ရင် နောက်ဆက်တွဲတွေက ခင်ဗျားတို့တာဝန် ဖြစ်သွားလိမ့်မယ်။ ဒီကိစ္စကြောင့် ချင်ယဲ့မြို့က တစ်ယောက်ယောက် ထိခိုက်သေဆုံးခဲ့ရင် ခင်ဗျားတို့ဟာ ဒီအကျိုးဆက်ကို သေချာပေါက် သိရလိမ့်မယ် ”

အားလုံးက ရီဖူရှင်းအား ကြည့်ကြသည်။ သူကား အတင့်ရဲလွန်း လှပေသည်။

အနောက်ဘက်မှ မျိုးနွယ်စုကိုးခုတွင် ဝူမျိုးနွယ်စုနှင့် ပေ့လိမျိုးနွယ်စု တို့မှ လွဲ၍ ကျန်သော မျိုးနွယ်စု ခုနစ်ခုတို့က သူ့အား လာရောက် သတ်ဖြတ်သည်ကို ရီဖူရှင်းက ဤသို့ အတင့်ရဲစွာ ပြောရဲသည်။

သူ့တွင် ဝှက်ဖဲတစ်ခုခု ရှိနေသည်လား။

ပြန်လည်မွေးဖွားခြင်း အဆင့်၇ယောက် ရှိရာ နောက်ဆုံးတစ်ကြိမ်က အင်ပါယာရှားဘုံ၏ ပြန်လည်မွေးဖွားခြင်း အဆင့်၃ယောက်တို့ ရောက်လာပြီး ဆန်းထျန်ကျန့်နှင့် ဝူယုံးတို့ ပူးပေါင်း ပါဝင်လျှင်ပင် မလုံလောက်သေးပါချေ။

ထို့အပြင် မြို့စားအိမ်တော်တွင် တခြားသော ပြန်လည်မွေးဖွားခြင်း အဆင့်တို့၏ အငွေ့အသက်များကို သူတို့ မခံစားမိကြပေ။

တာလီပြည်နှင့် အင်ပါယာရှားဘုံတို့ အကြား စစ်ပွဲတွင် ရန်ဟောင်ဘုံ နှစ်ခုအကြား သဘောထား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

ရီဖူရှင်း၏ ယုံကြည်မှုက မည်သည့်နေရာမှ ရောက်လာသနည်း။

နေမင်း ရထားလုံးပေါ်မှ အလင်းများသည် တဖြည်းဖြည်း ပိုမိုလင်းလက် လာခဲ့ကာ ထိုနေရာ တစ်ခုလုံးကို ပူပြင်းလာစေခဲ့သည်။ ကျူးခုန်က သူ့အား ကိုယ်တိုင် တိုက်ခိုက်လိုဟန်ရ၏။

သူက တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ အားကောင်းသော အငွေ့အသက် တစ်ခုအား ရ၏။

ကျူးခုန်က မျက်မှောင်ကြုတ်လိုက်ကာ အဝေးကို လှမ်းကြည့်သည်။ လေထဲမှ လူတစ်စု ဆင်းသက်လာသည်ကို သူမြင်သည်။ သူတို့က ထိုနေရာသို့ ချက်ချင်း ရောက်လာကြ၏။

သူက ရင်းနှီးသော လူတစ်ယောက်အား မြင်သည်။ ထိုသူကား ကျူးမျိုးနွယ်စုတို့နှင့် ပူးပေါင်းခဲ့သော ရင်ထျန်းကျောက် ဖြစ်သည်။

သို့သော်လည်း နောက်ပိုင်းတွင် ရင်ထျန်းကျောက်က ရီဖူရှင်းကို ကူညီပေးခဲ့၏။

ယနေ့တွင် ရင်ထျန်းကျောက် တစ်ယောက်တည်း မဟုတ်ဘဲ သူမနှင့်အတူ လူအများအပြား ပါလာသည်။

ထိုအုပ်စုကို ဦးဆောင်လာသူကား အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါအား ပိုင်ဆိုင်ထားကာ မီးတောက်ဝတ်စုံအား ဝတ်ထားသော အကြီးအကဲ တစ်ယောက်ဖြစ်၏။

ထိုလူအား လူအများအပြားက သိကြဟန်ရသည်။

ဒေသနန်းတော်မှ အဆင့်မြင့်ပိုင်း လူများပင် သည်နေရာသို့ ရောက်လာသည်။

သို့သော် သူနှင့်အတူ လူငယ်များစွာ ပါလာ၏။

“ ယူချင်း  …”

လူအများအပြား၏ မျက်လုံးများက တစ်နေရာသို့ ရောက်လာသည်။ ဒေသနန်းတော် အဘိုးအို၏ ဘေးတွင် သန်မာထွားကျိုင်းသော လူငယ်တစ်ယောက် ရပ်နေ၏။ သူကား ထိုနေရာတွင် ရပ်နေလျှင် လူတိုင်းထက် ခေါင်းတစ်လုံးမြင့်ကာ သူ့တစ်ကိုယ်လုံးသည် ပေါက်ကွဲနိုင်စွမ်းသော ခွန်အားများဖြင့် ပြည့်နေဟန်ရသည်။

ချန်ယဲ့မြို့၊ ယူချင်း။

ရှင်းချိုး၏ မျက်လုံးများက ထိုနေရာသို့ ချက်ချင်း ရောက်သွားသည်။ ယူချင်းကို မြင်ပြီးနောက် သူက မျက်မှောင်ကွေးလိုက်ပြီးမှ သူ့ခန္ဓာကိုယ်က တိုက်ခိုက်ရန် ဆာလောင်သော အငွေ့အသက်များဖြင့် ပြည့်နှက်လာခဲ့သည်။

သွေးနဂါးမြစ် တိုက်ပွဲတွင် သူသည် ရှန့်ထိုအဆင့်သို့ တက်လှမ်းပြီးနောက်တွင်လည်း ယူချင်း၏ ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။

ရှင်းချိုး၏ နာမည်ကား သူ့အစ်ကို၏ နောက်တွင်သာ အမြဲရှိနေတော့မည်ဖြစ်ကာ သူ့အား မြင်လျှင် ယူချင်းကို သတိရကြမည် ဖြစ်သည်။

ရှင်းခိုင်က ထိုနေ့တွင် ကျင့်ကြံခြင်းလောက၏ သဘောတရားနှင့် နှိုင်းဆကာ နှစ်သိမ့်ခဲ့သော်လည်း ယူချင်း၏ နာမည်က ပိုမိုကျော်ကြားလာခြင်းက သူမည်သို့ခံစားရမည်ကို သိနိုင်ပေသည်။

“ဒေသနန်းတော်ထဲက လိုက်ဂူဆရာသခင်တွေ ထဲက တစ်ယောက်” ကိုင်ရှန့်ထိုဘုရင်က ယူချင်း၏ဘေးမှ အဘိုးအိုကို ကြည့်ကာ ပြောသည်။

ရှင်းချိုးက ဘာမှ မဖြစ်သလိုဟန်ပင် ရှိနေသော်လည်း သူ့စိတ်နှလုံးကား ကြီးစွာ လှုပ်ရှားနေပေသည်။

ယူချင်းက လိုဏ်ဂူ ဆရာသခင် တစ်ဦးနှင့် အဘယ်ကြောင့် သွားလာနေရသနည်း။

ဒေသနန်းတော်တွင် အထူးသီးသန့် နေရာများ ရှိပေသည်။ လိုဏ်ဂူဆရာသခင် တစ်ဦးစီတွင် သူတို့လက်အောက်၌ အလွန် စွမ်းအားကြီးသော တပည့်များအား ပိုင်ဆိုင်ပြီး ဒေသနန်းတော်မှ တပည့်များကို နေ့စဉ် သင်ကြားပေးရန် တာဝန်ပေးခံရသူများ ဖြစ်သည်။

တခြားတစ်ဖက်တွင် ဒေသနန်းတော်သို့ ဝင်ရောက်သူတိုင်းမှာ လိုဏ်ဂူ ဆရာသခင်တစ်ဦး၏ တိုက်ရိုက်ညွန်ကြား သင်ပြပေးခြင်း ခံရမည်ဟု မဆိုလိုပေ။

လိုဏ်ဂူ ဆရာသခင် တစ်ဦးစီသည် ရှန့်ထိုအဆင့်၏ အမြင့်ဆုံးစွမ်းအားကို ပိုင်ဆိုင်ကြသည်။

သို့သော်လည်း ယူချင်းအား လိုဏ်ဂူ ဆရာသခင် တစ်ဦးက သူ့လက်အောက်တွင် လေ့ကျင့်ရန် တိုက်ရိုက် လက်ခံခဲ့သည်။

ထိုသို့သော အခွင့်အရေးမျိုးအား သူလိုချင် တပ်မက်ခဲ့သော်လည်း ထိုအရာအား ယူချင်းက ယူသွားခဲ့သည်။

“ရှင်းချိုး၊ သူ့ကို လိုဏ်ဂူ ဆရာသခင် တစ်ယောက်က လမ်းညွှန် သင်ကြားပေးနေတယ် ဆိုပေမဲ့ မင်းမှာလည်း နဝမဆရာရဲ့ သင်ကြားပေးမှု ရှိနေတာပဲ။ သူ့ထက် နိမ့်ကျတယ်လို့ မတွေးနဲ့ ” ကိုင်ရှန့်ထို ဘုရင်က ရှင်းချိုး၏ စိတ်ကို ဖတ်နိုင်သည့်အလား လှမ်းပြောသည်။

“ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်” ရှင်းချိုးက ခေါင်းညိတ်သည်။ ထိုကိစ္စအား လုံးဝ လျစ်လျူရှုရန်တော့ မလွယ်ကူပေ။

“ရီဖူရှင်း ဘာရခဲ့လဲ ငါမသိပေမဲ့ မျိုးနွယ်စုခေါင်းဆောင် ခုနစ်ယောက် ကိုယ်တိုင်ရောက်လာပုံကို ထောက်ရင် ဒါက အရမ်း ထူးခြားတာ ဖြစ်ရမယ် ” ကိုင်ရှန့်ထို ဘုရင်က တီးတိုးပြောသည်။

သူတို့ ထိုသို့ ပြောနေကြစဉ်မှာပင် ယူချင်းက စစ်မြေပြင် ရှိရာသို့ လှမ်းသွားလိုက်သည်။

သူကား သူအနိုင်ယူဖူးသည့် ရှင်းချိုးနှင့် ရှင်းနန်တို့ကိုပင် မကြည့်ပေ။ သူ့မျက်လုံးများထဲတွင် ထိုသူများမှာ အရေးပါဟန်မတူ။

ကျူးခုန်နှင့် သူ့လူများကလည်း ဒေသနန်းတော်မှ လူများ ရောက်လာသည်ကို သတိထားမိကြသည်။ ယူချင်း ရှေ့သို့ ထွက်လာသည်ကို မြင်လျှင် သူက မျက်မှောင်ကြုတ်လိုက်ကာ လိုဏ်ဂူ ဆရာသခင်ကို ပြောသည်။

“ဒီနေ့ကိစ္စဟာ မျိုးနွယ်စုကိုးခုနဲ့ ရီဖူရှင်းကြားက ပြဿနာပဲ။ ဒေသနန်းတော်က ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးမလား ”

ဒေသနန်းတော်၏ ကျောထောက်နောက်ခံမှာ သွေးနဂါးအင်ပါယာ ဖြစ်သည်။ ပြောရမည်ဆိုပါက သွေးနဂါးအင်ပါယာသည် ပြင်ပကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက်လေ့မရှိပေ။

“ဟုတ်တယ်” လိုဏ်ဂူဆရာသခင်က ပြောလျှင် ကျူးခုန် စိတ်သက်သာရာ ရသွားသည်။ သို့သော် တစ်ဖက်လူက ဆက်ပြောသည်။ “ ဒါပေမဲ့ ယူချင်းက ချန်ယဲ့မြို့ကပဲ။ တိုက်ပွဲမှာ သူ ပါဝင်တိုက်ခိုက်တာကို ဒေသနန်းတော်က မကန့်သတ်ဘူး။ ခင်ဗျားတို့ကလည်း သူတို့ကို လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ သူ့ထက် တန်ခိုးအဆင့်မြင့်သူတွေက သူ့ကို အနိုင်စားတာမျိုး ဒေသနန်းတော်က ခွင့်ပြုမှာ မဟုတ်ဘူး ”

အားလုံးက ထူးဆန်းစွာ ကြည့်ကြသည်။ ယူချင်းကား ဒေသနန်းတော်၏ အဆင့်ဇယားသို့ အထိ တက်လှမ်းနိုင်သူ ဖြစ်သည်။ အဆင့်တူ အတွင်းသူကား ဘုရင်ဖြစ်သည်။

သို့သော်လည်း တစ်ဖက်လူ၏ စကားမှာလည်း မငြင်းဆန်သာပေ။ သူတို့က ပိုမြင့်မားသော အဆင့်ဖြင့် ယူချင်းကို တိုက်ခိုက်ပါကေ ဒေသနန်းတော်သည် လက်ပိုက် ကြည့်နေလိမ့်မည် မဟုတ်ပေ။

ကျူးခုန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးမှ ဘာမှ မပြောတော့ဘဲ ယူချင်းကို လှမ်းကြည့်သည်။

ယူချင်းက စစ်မြေပြင်ထဲသို့ ဝင်လာကာ တစ်နေရာသို့ ပြေးသွားသည်။

မျိုးနွယ်စုကိုးခုမှ ရှန့်ထိုတစ်ပါးက သူ့အား တိုက်ရိုက် တိုက်ခိုက်သည်။ မီးတောက်များမှာ ကောင်းကင်သို့အထိ တိုးတက်သွားပြီး ကြမ်းတမ်းသော လက်ဝါးတံဆိပ်များ ကျဆင်းလာခဲ့၏။

ယူချင်းက တစ်ဖက်လူအား ကြည့်ကာ လေထဲသို့ လှမ်းလိုက်သည်။ လောကြီးက တုန်ခါသွားကာ နတ်ဆိုးအရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။

ဝုန်း  …

ယူချင်းက တိုက်ခိုက်မှုကိုပင် ခုခံခြင်း မရှိသည်ကို အားလုံးက မြင်ကြသည်။ ထိုအစား သူက တစ်ဖက်လူ၏ လက်ဝါးကို သူ့ရင်ဘတ်ပေါ်သို့ သည်အတိုင်း ကျဆင်းစေ၏။ ကြောက်မက်ဖွယ် မီးတောက်များက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်း လာခဲ့ကြတော့သည်။

ဒီမွန်းနတ်ဘုရား၏ ချတ်ဝတ်များမှာ မီးများ လောင်မြိုက်လာခဲ့ပြီး ပိုမိုလင်းလက် လာခဲ့သည်။

ထိုလူကား ယူချင်းနှင့် တစ်ခါမှ ရင်မဆိုင်ဖူးရာ ယူချင်း မည်မျှ သန်မာသည်ကို မသိပေ။

သို့သော်လည်း သူက တစ်စုံတစ်ခု မှားယင်းနေသည်ကို သတိထား မိလိုက်သော်လည်း သူ့အသိမှာ နောက်ကျသွားချေပြီ။ ယူချင်းက လက်ဝါးကို ဆန့်တန်းလိုက်သည်။

ဘုန်း  …

ကျယ်လောင်သော အသံနှင့်အတူ သူ့ရင်ဘတ်မှာ လက်ဝါးစာတစ်ချက် မိသွားတော့၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset