အပိုင်း(၁၂၆၀)

တိုက်ပွဲဖြစ်လာခြင်း

ရီဖူရှင်း၏ ရန်လိုသော မေးခွန်းက မြို့စားရုံးတော် ဝန်းကျင် ကျယ်ပြောလှသည့် နေရာတစ်ခွင်ကို တိတ်ဆိတ်မှုဖြင့် ကြီးစိုးသွားစေသည်။

ထိုအခိုက်တွင် ကျူးခုန်သည် အဖြေ ပြန်မပေးခဲ့ပေ။

ရီဖူရှင်း ပြောလိုက်သည့်စကားမှာ အမှား မဟုတ်ပေ။ သူက အဓိက မျိုးနွယ်စုကိုးခုနှင့် အင်ပါယာခွာ၏ အသိအမှတ်ပြုမှုကို လိုချင်လျှင် သူသည် အင်ပါယာခွာ၏ နောက်ဆုံးဆန္ဒနှင့် စမ်းသပ်မှုကို အပြည့်အဝ လိုက်နာရမည် ဖြစ်သည်။

သိသာစွာပင် ဤစကားသည်က ရုတ်တရက် တိုက်ခိုက်မှု ဖြစ်သော်လည်း မမျှတမှု ရှိမနေခဲ့ပေ။

ထို့ကြောင့်ပင် ရီဖူရှင်း၏ ပြစ်မှုဆိုသည်မှာ သည်ထက်ပို၍ မလိုအပ်တော့ချေ။

“အင်ပါယာခွာရဲ့ ဆက်ခံသူ ဆိုရင်တောင် အဓိက မျိုးနွယ်စုကိုးခု အတွင်းက လူပဲ ဖြစ်ရမှာပေါ့။ မင်းလို အပြင်လူတစ်ယောက်နဲ့ ဘယ်လိုလုပ် ပတ်သက်နိုင်ပါ့မလဲ” ကျုံးမျိုးနွယ်စု၏ ခေါင်းဆောင် ကျုံးလော်က ရီဖူရှင်းကို စူးစူးဝါးဝါး ကြည့်ကာ ပြောသည်။

ရီဖူရှင်းသည် အခြားလူများကို ကြည့်ကာ ပြောလိုက်၏။ “ကျုံးမျိုးနွယ်ခေါင်းဆောင် ကျုံးလော်၊ ခင်ဗျားရဲ့ နာမည်က အင်ပါယာခွာ အမွေအနှစ်တွေထဲက ကျုံးလော်တိုက်ပွဲ သဏ္ဌာန်ကနေ ရလာတာမလား”

ကျုံးလော်က ရီဖူရှင်းကို စိုက်ကြည့်သည်။ အမှန်တကယ့်ကိုပင် သူသည် အင်ပါယာခွာ၏ ပြီးပြည့်စုံသည့် ကျင့်စဉ်တစ်ခုကို ဆက်ခံခဲ့ဖူးပြီး ကျုံးလော်တိုက်ပွဲ သဏ္ဌာန်ကိုလည်း သိရှိပေသည်။

“အပြင်လူနဲ့သာ မသက်ဆိုင်ဘူးဆိုရင် မျိုးနွယ်စု ကိုးခုက ဘာလို့များ ဘိုးဘေးနယ်မြေကို ဝင်ဖို့ အပြင်လူတွေကို ဖိတ်ခေါ်ရတာလဲ” ရီဖူရှင်းက မေးသည်။ “အဲဒါက မျိုးနွယ်စုကိုးခုမှာ ဘယ်သူကမှ မတတ်နိုင်လို့ အပြင်လူတွေကို ဖိတ်ခေါ်ပြီး သူတို့ရဲ့ စွမ်းအားကို အသုံးချမလို့ မလား။ ခင်ဗျားတို့အတွက် အမွေအနှစ်တွေကို ရအောင် ယူပေးနိုင်ဖို့လေ။ ပြီးတော့မှ သူတို့တွေကို ဉာဏ်ဆင်ပြီး ရှင်းပစ်မှာပေါ့”

ကျုံးလော်၏ မျက်ဆံများမှာ အနည်းငယ် ကျဉ်းမြောင်းသွားကာ အလွန်ပင် ဖိနှိပ်နိုင်စွမ်း ရှိသော စွမ်းအားများကို ဖော်ထုတ်သည်။ သူ၏ မျက်လုံးများ အဖွင့်အပိတ်ကြားတွင် ကြောက်မက်ဖွယ် မီးတောက် စစ်နတ်ဘုရား၏ အရိပ်ကြီးက ရီဖူရှင်း၏ မျက်လုံးများအတွင်း ပေါ်ပေါက်လာပြီး သူ့ကို ဖိနှိပ်ရန် ရည်ရွယ်နေသည်ဟု ထင်မှတ်ရသည်။

ရီဖူရှင်း၏ မျက်လုံးများမှာ မီးတောက်များနှင့် လောင်ကျွမ်း သွားသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူမှုနှုန်းက ပရမ်းပတာ ဖြစ်သွားခဲ့သည်။ သူတို့တွေထဲက မည်သူမှ မလှုပ်ရှားခဲ့သော်လည်း အကြည့်တစ်ချက်နှင့်ပင် အသက်ရှူရပင် ခက်အောင် အလွန် စွမ်းအား ကြီးမားလှသည့် ဖိနှိပ်မှု ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။

အဓိက မျိုးနွယ်စုကိုးခုမှ ရှန့်ထိုအဆင့် လူတစ်ယောက်သည် ရှေ့သို့ ထွက်လာပြီး ကြောက်မက်ဖွယ် စွမ်းအားများကို ရီဖူရှင်း အပေါ်သို့ လွှမ်းခြုံလိုက်ကာ စူးစိုက်ကြည့်နေသည်။ ကျုံးလော်၏ နောက်၌ အခြားသော တန်ခိုးရှင်များလည်း ရှေ့သို့ ထွက်လာကာ သူတို့ကို မီးတောက်များဖြင့် လွှမ်းခြုံထားသည်။

အဓိက မျိုးနွယ်စုကိုးခုတွင် မည်သည့် အစွမ်းထက်သူမှ မကျန်ရှိဟု ရီဖူရှင်းက ဆိုခဲ့သည်။

ရှေ့သို့ လျှောက်ထွက်လာသည့် သူကို မြင်လျှင် ရီဖူရှင်းသည် သူ့ထံသို့ အထင်သေးသည့်ပမာဖြင့် တစ်ချက်လှမ်းကြည့်သည်။

“အနောက်ဘက်ဒေသမှာ နှစ်ပေါင်းများစွာ အုပ်စိုးလာခဲ့တာ ဆိုတော့ ကြည့်ရတာ မဟာမျိုးနွယ်စုကိုးခုက သူတို့က ဘယ်သူတွေလဲ ဆိုတာကို မေ့သွားတယ် ထင်ပါရဲ့။ ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်တော့ဘဲ အင်ပါယာခွာရဲ့ နောက်ဆုံးဆန္ဒနဲ့ စမ်းသပ်မှုကိုတောင် မလိုက်နာ ချင်ကြတော့ဘူး” ရီဖူရှင်းက ပုံမှန်ပင် ပြောသည်။

“မင်း မရှိရင်တောင်မှ ငါတို့ အဓိက မျိုးနွယ်စုကိုးခုက အင်ပါယာခွာရဲ့ အမွေအနှစ်ကို အနှေးနဲ့အမြန် ရရှိလိမ့်မှာပဲ။ ငါ ကျုံးကလန်က ကျုံးလီ၊ အခု မင်းကို တစ်ခုလောက် မေးချင်တယ်။ အဲဒီယုံကြည်မှုတွေကို ဘယ်ကနေ ရလာတာလဲ” ထိုလူသည် ရီဖူရှင်း၏ အထင်အမြင်သေးသော အကြည့်ကို မြင်လျှင် သူ့ဆီသို့ လျှောက်လာခဲ့သည်။ သူသည် ကျုံးကလန်မှ တိုက်ပွဲစွမ်းရည် အလွန်မြင့်မားသည့် လူငယ်မျိုးဆက်များ ထဲမှ လူငယ်ခေါင်းဆောင် ဖြစ်သည်။

ဤတစ်ကြိမ်၌ ဘိုးဘေးနယ်မြေ ပွင့်သည့်အခါတွင် သူ မဝင်ရောက်ခဲ့ရပေ။ အဓိကမျိုးနွယ်စုကိုးခု အတွင်းရှိ လူများသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်များ လုံလောက်အောင် မြင့်မားသည့် အချိန်သို့ ရောက်လျှင် ဘိုးဘေးနယ်မြေသို့ ထပ်ကာ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်ပြီး အောင်မြင်နိုင်သည့် အခွင့်အရေးမှာလည်း ထို့ထက်ပို၍ မြင့်မားလာလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် အပြင်လူများကို ဖိတ်ခေါ်ပြီး ဘိုးဘေးနယ်မြေ၏ အခွင့်အရေးများကို ပြုလုပ်နိုင်စေရန် လုပ်ဆောင်စေခဲ့သည်။

ရီဖူရှင်း ပြောခဲ့သည့် မျိုးနွယ်စုကိုးခုမှ လူများကို ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ရန်အတွက် သူတို့ကို ဖိတ်ခေါ်ခဲ့သည်မှာ သူတို့အား အသုံးပြုရန် ဖြစ်သည်ဟု ဆိုခြင်းမှာ မမှားယွင်းပေ။

သို့ရာတွင် ဤတစ်ကြိမ်၌ ဘိုးဘေးနယ်မြေရှိ လမ်းစဉ်မီးတောက်များမှာ ခိုးယူခံလိုက်ရပြီး အင်ပါယာခွာ၏ အပျက်အစီး နယ်မြေမှာ ပျောက်ဆုံး သွားခဲ့ပေသည်။

ကျုံးလီ လိုချင်သည့်အရာမှာ အင်ပါယာခွာ၏ နယ်မြေသို့ ဝင်ရောက်ကာ အမွေအနှစ်များကို ဆက်ခံနိုင်ရန် ဖြစ်သည်။ သို့သော်လည်း သူ သွား၍ပင် မကြည့်နိုင်သေးခင် ဘိုးဘေးနယ်မြေက ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကျုံးကလန်သည် ကျုံးလီ၏ ရန်လိုသည့် အပြုအမူအား တားဆီးခြင်း မရှိပေ။ ကျုံးလီ၏ အရည်အချင်းမှာ ထိပ်တန်းတွင် ရှိကာ သူသည် ဘိုးဘေးနယ်မြေကို နယ်မြေကို ဖွင့်နိုင်ပြီး အင်ပါယာခွာ၏ အမွေအနှစ်များကို ဆက်ခံနိုင်မည့် ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။

ကျုံးကလန်သည် သူ့အပေါ်တွင် မြင့်မားသော မျှော်လင့်ချက်များ ထားရှိပေသည်။

သို့သော်လည်း အခုတွင် အရာအားလုံးကို ရီဖူရှင်း ယူငင်သွားခဲ့ပြီ ဖြစ်သည်။

ကျုံးလီသည် လေထဲသို့ ခြေချလိုက်ကာ နတ်ဘုရားလမ်းစဉ်၏ စွမ်းအားများက လွှမ်းခြုံလာပြီး ရီဖူရှင်းကို ဖိနှိပ်ခဲ့သည်။ သူ လှမ်းသည့် ခြေလှမ်းတိုင်းသည် ရီဖူရှင်းပေါ်သို့ ခြေနင်းချနေသည့် မီးတောက်စစ်နတ်ဘုရား တစ်ပါးအသွင် ဖြစ်နေသည်။

“ရှင်တို့ထဲက ဘယ်သူ လှုပ်ရှားမှာလဲ” ရှားရှင်းယွန်က သူမအနောက်မှ လူများကို ပြောသည်။

ကျုံးလီက ရီဖူရှင်းအား တိုက်ခိုက်လိုသည်လား။

မဟာမျိုးနွယ်စုကိုးခုက မရေတွက်နိုင်သော အစွမ်းထက် တန်ခိုးရှင်များကို ခေါ်ဆောင်ကာ ဤနေရာသို့ လာခဲ့သည်။ ကျုံးလီသည် ကျုံးလော်၏ ဂျူနီယာတစ်ဦး ဖြစ်တာကြောင့် သူသည် ချန်ယဲ့မြို့၏ မြို့စားနှင့် တိုက်ခိုက်လိုနေသည်။ သို့သော်လည်း သူက ထိုက်တန်ရဲ့လား။

“ကျုပ် သွားမယ်”

အသံတစ်ခုကို ကြားလိုက်ရသည်။ အသံထွက်ပေါ် လာသည်နှင့် ဓားရိုက်ချက်သည် ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီး ကဲ့သို့ လေထုကို ခွဲ၍ ထွက်ပေါ်လာသည်။

လူအုပ်ကြီးထဲမှ လူတစ်ယောက်က ရှေ့သို့ လျှောက်ထွက်လာသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ဓားစွမ်းအားများ ပြည့်နှက်နေပြီး အော်မြည်ကာ ရှေ့သို့ တိုးဝင်လာနေသည်။

ကျုံးလီ၏ မျက်လုံးများက ကောင်းကင် အောက်ဘက်သို့ သိမ်းကျုံးကြည့်လိုက်လျှင် မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ် မီးတောက်များက အောက်ဘက်သို့ လောင်ကျွမ်း ကျဆင်းလာသကဲ့သို့ နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။ အကြည့်တစ်ချက်နှင့်ပင် အခြားလူကို သတ်ဖြတ်နိုင်စွမ်း ရှိသကဲ့သို့ ထင်မှတ်ရပေသည်။ သို့သော်လည်း ရှေ့သို့ လျှောက်ထွက်လာသည့် ဓားနှင့်တူသော လူ၏ မျက်လုံးများသည် အရာအားလုံးကို ဆုတ်ဖြဲဖိနှိပ်နိုင်စွမ်း ရှိကာ ဓားစွမ်းအားများသည့် သူ့မျက်လုံးများသို့ ထိုးဖောက် ဝင်ရောက်လာသည်။

ဘုန်း …

တိုက်ခိုက်မှု စွမ်းအားများသည် အလွန် ကြောက်မက်ဖွယ် ဖြစ်ကာ ကျုံးလီ၏ ခန္ဓာမှာ မီးလျှံစစ်နတ်ဘုရား ကဲ့သို့ ပြောင်းလဲသွားပေသည်။ ခြေတစ်လှမ်းနှင့်ပင် လေထုသည် အော်မြည်ကာ တုန်ခါလာသည်။ ကြီးမားသည့် မီးလျှံခြေဖဝါး တစ်ဖက်သည် လေထုထဲတွင် ခြေချလိုက်ကာ တောင်များကို လောင်ကျွမ်း၍ ပင်လယ်ကိုပင် ဆူပွက်လာစေသည်။

ဓားသည် လျင်မြန်စွာ ရောက်ရှိလာပြီး ကြီးမားသည့် မီးလျှံခြေဖဝါးကြီးကို တိုက်ရိုက်ထိုးဖောက်သည်။ ကျယ်လောင်လှသည့် အသံနှင့်အတူ ဓားသည် ဖဝါးကြီးကို ထွင်းဖောက်ကာ အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန် ကြိုးစားလေသည်။

ယင်းပတ်ဝန်းကျင်သည်လည်း အစိတ်စိတ် အပိုင်းပိုင်း စုတ်ပြဲသွားသကဲ့သို့ ထင်မှတ်ရသည်။

ကျုံးလီသည် ရှေ့သို့ တစ်ဖန် ခြေလှမ်းသည်။ သူ့ခန္ဓာထက်မှ လမ်းစဉ်မီးတောက်များသည် ပို၍ပင် အစွမ်းထက်ကာ ရန်လိုသော အငွေ့အသက်များ ထူထဲလာသည်ဟု ထင်မှတ်ရကာ သူ့တစ်ကိုယ်လုံးသည် ပို၍ ကြီးမားလာသည်။ ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည့် ကြီးမားသော မီးလျှံခြေဖဝါးကြီးသည် ယခင်က တစ်ခုနှင့် ထပ်တူညီသည်ဟု ထင်မှတ်ရသည်။ ထိုအရာ၏ ခွန်အားသည် ဆထက်တိုး၍ ကြမ်းတမ်းစွာဖြင့် အခြားလူ၏ ဓားစွမ်းအားများကို ဖျက်ဆီးသည်။

ရှေ့သို့ တိုးလာသည့် လူသည် သူ၏ လက်ချောင်းကို ရှေ့သို့ ညွှန်ပြလိုက်ပြီး ဓားချီစွမ်းအားများကို ထုတ်လွှတ်လိုက်ကာ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု အဖြစ် ပြောင်းလဲသွားစေသည်။ သန်မာသည့် ဓားစွမ်းအားများနှင့် ပေါင်းစပ်ခဲ့ထားသည့် ဓားတစ်လက်၏ တိုက်ခိုက်မှုသည် ထိုစွမ်းအားများကို ဟက်တက်ခွဲ ထွက်သွားစေသည်။

ကျုံးလီသည် ရှေ့သို့ ဆက်လက် တိုးလာခဲ့ပြီး သူ၏ စွမ်းအားများသည် သန်မာသည်ထက် သန်မာလာကာ သူ့ခန္ဓာသည်လည်း ပို၍ ပို၍ အစွမ်းထက်လာသည်။ ကျုံးလော်တိုက်ပွဲ သဏ္ဌာန်တွင် သဏ္ဌာန်ဆယ့်သုံးမျိုး ရှိပြီး နောက်တစ်ခုသည် ပထမတစ်ခုထက် ပို၍ သန်မာလာပေသည်။

ကျုံးလီသည် သတ္တမမြောက် ခြေလှမ်းကို လှမ်းလိုက်ကာ သတ္တမမြောက် တိုက်ပွဲသဏ္ဌာန် ထွက်ပေါ်လာသည်။

သို့သော် သူ၏ ပြိုင်ဘက်က နောက်သို့ ဆုတ်မသွားခဲ့ပေ။ အလင်းရောင်များ တောက်ပနေပြီး ကြမ်းတမ်းစွာ အော်မြည်နေသော ကြီးမားသည့် စွမ်းအားများနှင့် သိပ်သည်းနေသည့် မီးတောက် ခြေဖဝါးကြီး၏ အလယ်သည် ဓားစွမ်းအားများဖြင့် လမ်းပွင့်သွားစေရန် ရှင်းလင်းခြင်းကို ခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဓားကြီးသည် ၎င်းကို တဖြည်းဖြည်း ထိုးဖောက်လာနေသည်။ စွမ်းအားနှစ်ခုလုံးသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ကျုံးကလန်မှ များပြားလှသော တန်ခိုးရှင်များသည် မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့ ကလန်အတွင်းမှ ကျုံးလီသည် အလွန်ပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသော သူအဖြစ် သတ်မှတ်နိုင်ပေသည်။ မျိုးနွယ်စုကိုးခုတွင် အတော်ဆုံး ပါရမီရှင်များမှာ စွမ်းအားများ မတိမ်းမယိမ်းတွင်သာ ရှိကြ၏။ ယခုတွင် အခြားတစ်ဖက်မှ ရီဖူရှင်းဖြစ်စေ ရှားရှင်းယွန်ဖြစ်စေ ထွက်မလာသေးသော်လည်း အခြားတစ်ယောက်ကပင်လျှင် ကျုံးလီနှင့် ရင်ဆိုင်နိုင်စွမ်း ရှိသည်လား။

ထိုအခိုက်အတန့်တွင် ဓားအလင်းရောင်များက တောက်ပလာသည်။ နောက်ဆုံး၌ ကျယ်လောင်လှသော အသံကြီးနှင့် အရာအားလုံးက ပျက်စီးသွားခဲ့သည်။ မီးတောက်များနှင့် ဓားချီစွမ်းအားများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဆက်လက်၍ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး နေရာတစ်ခုလုံးကို အပျက်အစီး မုန်တိုင်းများ ဖြစ်ပွားစေခဲ့သည်။

“အဲဒါ ဘယ်သူလဲ” တစ်ယောက်က မေးသည်။ ဤလူနှစ်ယောက်သည် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်သာ ရှိသေးသော်လည်း အလွန်ပင် အစွမ်းထက်လှသည်။

“အင်ပါယာရှားဘုံက တန်ခိုးရှင် တစ်ယောက်ယောက် ဖြစ်မယ်ထင်တယ်” တစ်ယောက်က တွေးလိုက်၏။

ရီဖူရှင်းသည် တည်ငြိမ်နေပုံ ပေါ်ကာ သူသည် လေထဲတွင် နေရာယူ၍ တိုက်ပွဲကို စောင့်ကြည့်နေသည်။ ကျုံးလီသည် အမှန်ပင် သန်မာလှသည်။

ကျုံးလီ၏ ပြိုင်ဘက်ကတော့ အခြားလူမဟုတ်ဘဲ အင်ပါယာရှားဘုံ လီဟန်ဓားနန်းတော်မှ ဓားသမား ဝမ်ချွန်း ဖြစ်သည်။

ထိုလူနှစ်ဦးသည် ကြမ်းတမ်းစွာ တိုက်ခိုက်နေပြီး ကျယ်ပြောလှသည့် နေရာ၏ အလယ်ရှိ များပြားလှသော တန်ခိုးရှင်များမှာ ထိုနှစ်ဦး၏ တိုက်ပွဲကို ကြည့်ကာ ပင့်သက်ရှိုက်လိုက်ကြသည်။

ကျူးခုန်နှင့် ကျုံးလော်သည် တိုက်ပွဲကို စိတ်ဝင်တစား ကြည့်နေကြသော်လည်း ထိုအချိန်၌ တခြား တန်ခိုးရှင်တစ်ဦးက ရှေ့သို့ ခြေလှမ်းလိုက်ကာ တိုက်ပွဲကွင်းပြင် အတွင်းသို့ ခုန်ဝင်လာလေသည်။ ထိုသည်မှာ ကျူးကလန်မှ ရှန့်ထိုအဆင့် ပါရမီရှင် ကျူးနန် ဖြစ်သည်။

သူသာလျှင် မဟုတ်ဘဲ အခြားမျိုးနွယ်စုများမှ တန်ခိုးရှင်များလည်း ရှေ့သို့ လှမ်းလိုက်ကြကာ တိုက်ပွဲကွင်းပြင်သို့ ဝင်ရောက်လာကြသည်။

ထိုလူများအားလုံးမှာ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်မှ လူများဖြစ်ကြသည်။ ကြည့်ရသည်မှာ သူတို့ အားလုံးသည် ရီဖူရှင်း ထွက်လာစေရန် ဖိအားပေးလိုနေခြင်း ဖြစ်ပေသည်။

သူတို့သာ ရီဖူရှင်းကို ဆွဲချနိုင်ခဲ့လျှင် မျိုးနွယ်စု တစ်ခုချင်းစီမှ ထိပ်တန်းပုဂ္ဂိုလ်များ၏ အကူအညီကို လိုအပ်တော့မည် မဟုတ်ပေ။ သူတို့အားလုံးသည် အခြားတစ်ဖက်မှ ထိပ်တန်းပုဂ္ဂိုလ်များကို တားဆီးရန် လိုအပ်ပေလိမ့်မည်။

တစ်လှမ်းချင်း ထိုတန်ခိုးရှင်များသည် ဝမ်ချွန်းရှိနေသည့် တိုက်ပွဲကွင်းပြင်သို့ ဦးတည်လိုက်ကြသည်။ ရီဖူရှင်း၏ မျက်ခုံးတန်းများ တွန့်ချိုးသွားပြီး သူ ဘာမှ မပြောရသေးခင်တွင် သူ့ဘေးမှ အရိပ်များက လေထဲသို့ တိုက်ရိုက်သွားခဲ့ကြသည်။

ဓားသခင်နှင့် ဂူတုံးလျှိုသည် ပထမဆုံး လှုပ်ရှားလိုက်ကာ တိုက်ပွဲကွင်းပြင်သို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့သည်။

ထို့နောက်တွင် ရီဝူချင်းနှင့် စုချီဟန်သည်လည်း တိုက်ပွဲကွင်းပြင်ဆီသို့ ပြေးဝင်သွားကြပေသည်။

ထို့အပြင် တခြားတစ်ဖက်မှ ပို့လိုက်သည့် လူအရေအတွက်နှင့် ညီစေရန် ချွင်ယွင်ကလန်နှင့် တိမ်တိုက် တောင်ကြားမှလည်း တန်ခိုးရှင်များ ထွက်လာခဲ့ကာ သူတို့၏ ပြိုင်ဘက်ကို ရှာဖွေလိုက်ကြသည်။

ချက်ချင်းပင် မဟာလမ်းစဉ် စွမ်းအားများက မြို့စားရုံးတော် အပြင်ဘက် ကျယ်ပြောလှသည့် တိုက်ပွဲကွင်းပြင် တစ်ခွင်ကို လွှမ်းခြုံသွားခဲ့သည်။

ဓားသခင်သည် မိစ္ဆာဓားကို ဆွဲထုတ်သည်။ ဤသည်က သိုင်းပညာဖလှယ်ပွဲ ကျင်းပနေခြင်း မဟုတ်ဘဲ အစစ်အမှန် တိုက်ပွဲ ဖြစ်သည်ကို သူ သိရှိ၏။

ယနေ့တွင် မျိုးနွယ်စုကိုးခုသည် ဤနေရာသို့ ရောက်ရှိလာသည်မှာ ပညာဖလှယ်ရန် မဟုတ်ဘဲ အနိုင်ယူ သိမ်းပိုက်၍ ဖမ်းဆီးလိုခြင်းသာ ဖြစ်သည်။

ခဏအတွင်းတွင် မိစ္ဆာစွမ်းအားများသည် ကောင်းကင်တွင် အော်မြည်လာပြီး ဓားစွမ်းအားများသည် ဓားသခင်၏ ခန္ဓာကိုယ်အတွင်းသို့ ရောသမမွှေသွားကာ မိစ္ဆာချပ်ဝတ် အလွှာတစ်ခု ဖုံးလွှမ်းထားသည်ဟု ထင်မှတ်ရပေသည်။

မိစ္ဆာဓားကြီးသည် ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအားများကို ထုတ်လွှတ်နေပြီး မတည်ငြိမ်သည့် လေစီးကြောင်းက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူသည် ဝူးမျိုးနွယ်မှ တန်ခိုးရှင်၏ ရှေ့တွင် ပေါ်ပေါက်လာသည်။ ဝူးမျိုးနွယ် တန်ခိုးရှင်၏ ခန္ဓာကိုယ်သည် တောက်ပနေပြီး ရွှေရောင်အလင်းများ လွှမ်းခြုံနေသော်လည်း ဓားသခင်က သူ၏ ဓားကို ဆန့်ထုတ်လိုက်သည့် အခါတွင် ကောင်းကင်ကိုပင် ခုတ်ပိုင်းနိုင်သည့် ခုတ်ချက်ကြောင့် ကြောက်မက်ဖွယ် အက်ကွဲရာများ ပေါ်လာသကဲ့သို့ ထင်မှတ်ရသည်။

သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ကြီးမားသည့် ရွှေကျီးတစ်ကောင် ထွက်ပေါ်လာပြီး တစ်ဟုန်ထိုး ပြေးထွက်သွားကာ ဓားအလင်းရောင်ကို တားဆီးရန် ကြိုးစားသည်။ သို့ရာတွင် မိစ္ဆာဓား၏ အောက်တွင် ရွှေရောင်ကျီးငှက်၏ ပုံရိပ်သည် နှစ်ပိုင်း ခုတ်ဖြတ်ခံလိုက်ရေလသည်။

ကြောက်မက်ဖွယ် မိစ္ဆာဓားက အောက်သို့ ဆက်လက်ကျဆင်းလာပြီး ဆူညံသံနှင့်အတူ သူ၏ နောက်တွင် ဖြစ်ပေါ်နေသည့် ရွှေကျီး၏ မီးတောက်ငှက်မွေးများသည် ခုတ်ဖြတ်ခံလိုက်ရကာ သူ့တစ်ကိုယ်လုံးသည် ချွေးစေးများ ရွှဲနစ်လာကာ ကတိုက်ကရိုက် အနောက်သို့ ခုန်ဆုတ်လိုက်ရလေသည်။

“ဒီမိစ္ဆာဓားက …” တန်ခိုးရှင်များသည် ဓားသခင်၏ လက်ထဲရှိ ဓားကို စူးစိုက် ကြည့်နေကြသည်။ ဓားစွမ်းအားများသည် ဓားသခင်၏ အဆင့်ထက်ပင် အလွန်သန်မာလှပြီး ဖိနှိပ်နိုင်စွမ်း ရှိကာ မိစ္ဆာအားလုံး၏ ဓားတစ်လက် သဖွယ် ထင်မှတ်ရပေသည်။ ဓားကို ဆန့်ထုတ်လိုက်သည့် အခါတွင် ကြမ်းကြုတ်ရက်စက်သည့် သဘာဝ အပြည့်ရှိသည်။

ဂူတုံးလျှို၏ ပြိုင်ဘက်သည် နန်လိမျိုးနွယ်မှ တန်ခိုးရှင်တစ်ဦး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် အထက်တွင် နတ်ဘုရားအလင်းများ မျောလွင့်နေပြီး ရှေးဟောင်းစာလုံးများ ဝန်းရံထားကာ မဟာလမ်းစဉ်နှင့် တစ်သားတည်း ဖြစ်နေသည်။ လေထုသည် ကြမ်းတမ်းစွာ ရွေ့လျားနေပြီး လက်ဝါးရိပ်ကို ထုတ်ဖော်လိုက်သည့် အခါတွင် ကောင်းကင်နှင့် မြေကြီးပင် ပေါက်ကွဲသွားတော့မည်ဟု ခံစားရပေသည်။ ထိုသည်မှာ အလွန်ပင် ကြမ်းတမ်း အားကောင်းလှသည်။

စုချီဟန်သည် ရှန်းမျိုးနွယ်စုမှ တန်ခိုးရှင်ဆီသို့ လျှောက်သွားခဲ့သည်။ သူ၏ ခန္ဓာသည် တစ်ဖက်လူဆီသို့ မျောလွင့်သွားပြီး သူ၏ စွမ်းအားမှာ သိပ်၍ အားကောင်းပုံ မပေါ်ပေ။ တစ်ဖက်လူသည် သူ နီးကပ်လာသည်ကို မြင်လျှင် သူ့မျက်လုံးထဲတွင် အထင်အမြင်သေးမှုများ ထင်ဟပ်လာပြီး သူ၏ လက်ဝါးတွင် တောက်ပသည့် ရွှေရောင်မီးတောက်များ စီးဆင်းလာသည်။

စုချီဟန် ရောက်ရှိသည့်အခါ သူသည် လက်ဝါး တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ကာ စုချီဟန်ကို လက်ဝါးနှင့် တိုက်ခိုက်သည်။

“မင်းက သေချင်နေတာပဲ” စုချီဟန်က လက်ဝါးချင်း တိုက်ခိုက်ရဲသည်ကို မြင်လျှင် သူက အထင်အမြင်သေးစွာနှင့် အေးစက်စက် ပြောသည်။ သူ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များမှာ ပို၍ ခိုင်မာလာသည်။

လက်ဝါးနှစ်ခု ထိတွေ့သွားသည့် အခါတွင် ကြောက်မက်ဖွယ် ပူပြင်းလှသည့် မီးတောက်လေပြင်းသည် ချက်ချင်းပင် စုချီဟန်၏ လက်မောင်းဆီသို့ အကြမ်းပတမ်း ဝင်ရောက်သွားကာ နည်းလမ်းမျိုးစုံ သုံး၍ စုချီဟန်၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ရန် ကြိုးစားလေသည်။

စုချီဟန်က ညည်းညူသည်။ ကြောက်မက်ဖွယ်  ရွှေရောင် လမ်းစဉ်မီးတောက်များသည် သူ၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ကာ အရာရာကို ဖျက်ဆီးပစ်ရန် လုပ်ဆောင်လေသည်။ ၎င်းသည် ကြမ်းတမ်းစွာဖြင့် သူ၏ အတွင်းကလီစာများကို ထိခိုက်စေပြီး သူ၏ ခန္ဓာကိုယ်သည် နောက်သို့ ဆုတ်ခွာသွားရကာ သူ၏ ပါးစပ်မှ သွေးများ စီးကျလာသည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် သူ၏ ပြိုင်ဘက်သည် သူ့လက်ဝါးကို ကြည့်ကာ တအံ့တသြ ရေရွတ်သည်။

သူ၏ မီးတောက်လက်ဝါးသည် အနက်ရောင်သို့ ပြောင်းလဲသွားကာ မကြာခင်မှာပင် သူ့ လက်တစ်လျှောက်လုံး တူညီစွာ ဖြစ်လာပြီး ရွှေရောင်မီးတောက်များသည် အနက်ရောင်များနှင့် ရောယှက်လာသည်။ ထိုသည်ကို ကြည့်ရသည်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းပုံပေါ်သည်။

“အဆိပ်ပညာ” သူ၏ မျက်နှာသည်လည်း တူညီစွာပင် နက်မှောင်လာပေသည်။ ရွှေရောင်မီးတောက်များသည် အနက်ရောင် လေစီးကြောင်းအတွင်း ပျော်ဝင်လာသည်။

သို့ရာတွင် ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က ထိုအဆိပ်သည် သူ၏ မီးတောက်စွမ်းအား အတွက် အထူးစီမံထားခြင်း ဖြစ်သည်ဟု ခံစားမိနေခြင်း ဖြစ်သည်။ ၎င်းတို့က မီးတောက်နှင့် တွေ့သည့်အခါ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းကာ အတွင်းကလီစာများ ဆီသို့ ကျူးကျော် ဝင်ရောက်လာသည်။

စုချီဟန် အတွက်လည်း သက်သာသည်တော့ မဟုတ်ပေ။ သူသည် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် တိုက်ပွဲကွင်းပြင်မှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ သူသည် သူ၏ အဆိပ်များကို ဆေးအဖြစ်သို့ ပြောင်းလဲကာ ကုသခြင်း အလင်းရောင်များက သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားပြီး ပျက်စီးသွားသည့် အစိတ်အပိုင်းများကို ပြန်လည် ကုသပေးနေသည်။

သူ၏ တိုက်ပွဲစွမ်းရည်က သွေးနဂါးဘုံမှ မျိုးနွယ်စုကိုးခု၏ ရွေးချယ်ခံ တန်ခိုးရှင်များ ကဲ့သို့ မကောင်းမွန်သည်မှာ သေချာသော်လည်း သူ့အဆိပ်စွမ်းရည်မှာတော့ မထင်မှတ်ထားလောက်အောင် တစ်ဖက်လူကို ဖိနှိပ်နိုင်စွမ်း ရှိပေသည်။

တိုက်ပွဲကွင်းပြင်မှ အခြေအနေသည် သိသာစွာပင် မျိုးနွယ်စုကိုးခုမှ လူများ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။

သူတို့သည် မည်သည့် အကျိုးအမြတ်မှ မရရှိခဲ့ကြပေ။

ထို့အပြင် ရီဖူရှင်းသည် နည်းနည်းလေးမျှပင် မလှုပ်ရှားခဲ့သေးပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset