အခန်း ( ၁၀၈ )

ကိုးလက်မဝိညာဥ်အမြစ်

ဝမ်ပေါင်လဲ့ ဒေါသတကြီး ဖြစ်နေဆဲအချိန်တွင် ငွေရောင်မြူခိုးမှာ ဝမ်ပေါင်လဲ့ထံ၌ ခန္ဓာအချုပ်အနှောင်၊ သို့မဟုတ် ဖွံ့ထွားသွေးကြောများ မရှိသည့်အလား သူ့ဗိုက်ထဲမှ ထွက်ကာ အဝေးသို့ လျင်မြန်စွာ လွင့်မျောသွားလေသည်။ နဂါးတစ်ကောင်အလား သူ့ခန္ဓာကိုယ်ထဲမှ အပြင်ဘက်သို့ တစ်ဝက်ထွက်လာသည်။

သာမန်အားဖြင့် ခန္ဓာအချုပ်အနှောင်ကို ပိုင်ဆိုင်ထားသည့် ပညာရှင်များမှာ သူတို့ ခန္ဓာကိုယ်ထဲမှ မည်သည့်အပေါက်ကိုမဆို လုံးဝ ပိတ်ဆို့ထားနိုင်ပြီး ချီကို ရှေ့ဆက်မသွားနိုင်အောင် တားဆီးထားသည်။ ဖွံ့ထွားသွေးကြောအဆင့် အထွတ်အထိပ် ပညာရှင်များသည် သူတို့ခန္ဓာကိုယ်ကို သံမဏိနံရံတစ်ခုအသွင် ပြောင်းလဲကာ အရာအားလုံးကို လုံးဝ ပိတ်ဆို့ထားနိုင်သည်။

ထိုသို့ ပိတ်ဆို့နိုင်သည့်တိုင် ကိုးလက်မဝိညာဉ်အမြစ်၏ ငွေရောင်မြူခိုးကို မထွက်အောင် ထိန်းထားရန် ခက်ခဲလှသည်။ အမှန်တကယ် ယခင်ကြိုးစားခဲ့သူများသည် ကိုးလက်မဝိညာဉ်အမြစ်ကို စုပ်ယူရာတွင် ဤအဆင့်၌ ကျရှုံးကြခြင်း ဖြစ်သည်။

ကိုးလက်မဝိညာဉ်အမြစ် ငွေရောင်မြူခိုးမှာ အပြင်ခန္ဓာအား အရေးမစိုက်ဘဲ နေနိုင်သည်။ ထို့ကြောင့် မည်သို့ပင် ချုပ်နှောင်ပါစေ ဖောက်ထွက်သွားနိုင်နေခြင်း ဖြစ်သည်။

သူ့မျက်စိရှေ့မှာပင် ငွေရောင်မြူခိုး အလွယ်တကူ ထွက်ခွာသွားသည်ကို တွေ့ပြီးနောက် ဝမ်ပေါင်လဲ့မှာ စိုးရိမ်ပူပန်လာသည်။

“ ပြန်လာခဲ့ ”
ဝမ်ပေါင်လဲ့က အော်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့က ရုတ်တရက် ပေါက်ကွဲထွက်လာကာ အလွန်အစွမ်းထက်သည့် စုပ်အားတစ်မျိုးကို ထုတ်လွှတ်ပြီး ပျံ့ထွက်နေသည့် ငွေရောင်မြူခိုးကို နောက်တစ်ကြိမ် ပြန်ဆွဲယူလိုက်သည်။

“ မြန်မြန် အစားထိုးပြီး ငါ့ရဲ့ ဝိညာဉ်အမြစ် ဖြစ်လိုက်စမ်း ”
ဝမ်ပေါင်လဲ့က လောဘတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

ထပ်မံ စုပ်ယူခံလိုက်ရသည့် ငွေရောင်မြူခိုးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ လှည့်ပတ်သွားပြီးနောက် ရှစ်လက်မ ဝိညာဉ်အမြစ်ရှိသည့်နေရာ၌ စုဝေးနေသည်။ ယခင်ကကဲ့သို့ပင် ၎င်းမှာ ဝမ်ပေါင်လဲ့ကို အထင်သေး နှိမ့်ချဆဲ ဖြစ်ကြောင်း သိသာလှသည်။ သုံးလေးပတ်မျှ လှည့်နေပြီးနောက် ထွက်သွားရန် ဟန်ပြင်လိုက်သည်။

ဝမ်ပေါင်လဲ့ကလည်း လုံးဝ အလွတ်ပေးမည် မဟုတ်ပေ။ သူသည် ငြိမ်ခံမနေနိုင်ဘဲ ငွေရောင်မြူခိုးကို နောက်တစ်ကြိမ် ထပ်စုပ်ရန် ဝါးမျိုခြင်းသစ်စေ့မှတဆင့် စုပ်အားထုတ်လွှတ်လိုက်ပြန်သည်။

“ ငါမင်းကို ဘယ်တော့မှ သွားခွင့်မပြုဘူးကွ။ ဒီဘဝမှာတော့ ငါ့လက်ထဲက မလွတ်စေရဘူး။ ဘိုးဘိုးဝမ်ရဲ့ တံခါးကနေ ဝင်လာပြီးရင် လွတ်လမ်း မရှိဘူး”
ဝမ်ပေါင်လဲ့က သူ့ဗိုက်ကို ဂုဏ်ယူစွာ ပုတ်လိုက်ရင်း ရေရွတ်လိုက်သည်။

သို့ရာတွင် သူပြောလိုက်သည့် တဒင်္ဂ၌ ငွေရောင်မြူခိုးမှာ သဘောမကျ ဖြစ်သွားဟန်တူသည်။ ယင်းက နဂါးပုံစံ စုဝေးမနေတော့ဘဲ ပျံ့နှံ့သွားသည်။ မြူခိုးပမာဏမှာလည်း များပြားလာပြီး ဝမ်ပေါင်လဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးမှ လူးလွန့်တိုးထွက်ရန် ကြိုးစားနေကြသည်။

“ ငါနဲ့ ကစားချင်နေတာလား ”
ဝမ်ပေါင်လဲ့က မျက်လုံးများ ပြူးကာ ကြည့်လိုက်ပြီး အံကို တင်းတင်းကြိတ်ကာ အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတစ်ခု တောက်ပလာပြီး အပေါ်ယံမျက်နှာပြင်ကို အချုပ်အနှောင်များဖြင့် အားဖြည့်ထားသည့်အလား အစိတ်အပိုင်းအားလုံးကို တင်းကြပ်စွာ ပိတ်ဆို့ထားသည်။

ပျံ့လွင့်လာသည့် ငွေရောင်မြူခိုးမှာ ချက်ချင်းပင် ဝမ်ပေါင်လဲ့၏ ရွှေရောင်ခန္ဓာနှင့် တိုက်မိသွားသည်။ ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်အတွင်းမှ ညည်းသံသဲ့သဲ့ ထွက်လာသည်။ ငွေရောင်မြူခိုးမှာ နောက်တစ်ကြိမ် ပိတ်ဆို့ခံလိုက်ရပြီး ဝမ်ပေါင်လဲ့၏ ရွှေရောင်ခန္ဓာမှ ဖောက်ထွက်မသွားနိုင်တော့ပေ။

ထိုအခြင်းအရာကို မြင်ပြီးနောက် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

“ မင်းကို ငါ့လက်ထဲ ရောက်လာဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာကွ။ မင်းက ထွက်‌ပြေးချင်သေးတာလား။ လုံးဝ မရဘူး။ ဒီနေ့ မင်းလက်ခံချင်နေ၊ လက်မခံချင်နေ င့ါကို အရှုံးပေးလိုက်ရမှာပဲ ”
ဝမ်ပေါင်လဲ့က ဗိုက်ကို ဖြောင်းခနဲ ရိုက်ချလိုက်သည်။ သူသည် စိတ်လှုပ်ရှားနေသော်လည်း တဖြည်းဖြည်းနှင့် ငွေရောင်မြူခိုးကို ပြောလိုက်သည့် စကားများနှင့် လေသံမှာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသည်.။

“ ဘာလို့ ငါက မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မပြုကျင့်နေသလို ခံစားနေရတာပါလိမ့်… မဟုတ်သေးပါဘူး။ ငါတွေးတာ မှားနေတယ်။ ငါ လုပ်နေတာက ဒင်း ငါ့အမိန့်ကို နာခံပြီး လမ်းမှန်ရောက်ဖို့ပဲ…. “
ဝမ်ပေါင်လဲ့က ထိုသို့ တွေးပြီးနောက် စိတ်သက်သာရာ ရသွားရုံမျှမက သူ့အပြုအမူမှာ သူရဲကောင်းဆန်လှသည်ဟု ထင်နေမိသည်။

ထို့ကြောင့် သူက ရွှေရောင်ခန္ဓာကို ဆက်လက် ပိတ်ဆို့ထားပြီး ဝါးမျိုခြင်းသစ်စေ့၏ စုပ်အားကို ဆက်လက် ဝှေ့ယမ်းနေလိုက်သည်။ ထိုသို့ဖြင့် ငွေရောင်မြူခိုးမှာ ဝမ်‌ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ ပိတ်မိနေပြီး ရှစ်လက်မဝိညာဉ်အမြစ် ဘေးတွင် လှည့်လည်နေစဉ် စုပ်အားဒဏ်ကိုလည်း ခံစားလိုက်ရသည်။

ဝိညာဉ်အမြစ်က ရှောင်ဖယ်ရန် ကြိုးစားသည့်အခါတိုင်း ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အမြစ်အပေါ်သို့ စုပ်အား ပိုမိုတိုးမြှင့်ကာ ဖိအားပေးပြီး နာခံစေသည်။

သို့ရာတွင် ငွေရောင်မြူခိုးမှာ ခေါင်းမာပြီး အလွယ်တကူ အရှုံးမပေးပေ။ ဝမ်ပေါင်လဲ့၏ ဖိအားဒဏ်ကို ခံစားနေရသော်လည်း ရှစ်လက်မဝိညာဉ်အမြစ်နှင့် အစားထိုးရန် ငြင်းဆန်နေဆဲ ဖြစ်ပြီး အဆက်မပြတ် လှည့်ပတ်နေကာ နာခံလိုခြင်း မရှိပေ။

၎င်းမှာ အလျှော့မပေးဘဲ ခေါင်းမာမာဖြင့် တွန်းလှန်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ ဒေါသကြီးလာသည်။

“ ကောင်းတယ်။ မင်းက လုပ်ရဲတယ်ပေ့ါ။ ဝိညာဉ်အမြစ်၊ မင်းကို ဦးချိုးဖို့ နည်းလမ်းမရှိဘူးများ ထင်နေတာလား”
ဝမ်ပေါင်လဲ့က စိတ်ပိုင်းဖြတ်ပြီးပုံဖြင့် မျက်လုံးများကို မှေးကာ ပြောလိုက်ပြီး ရုတ်တရက် လှည့်ကာ ဂူပေါက်ဝသို့ ထွက်သွားသည်။ သူက ကျောက်တုံးအကျိုးအပဲ့များကို အသုံးပြုကာ ဂူပေါက်ဝကို ပိတ်လိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။

“ ငါ အစားထိုးဖို့ မကြိုးစားတော့ဘူး။ အဲဒီအစား မင်းနဲ့ တိုက်ရိုက် ဆက်သွယ်လိုက်မယ်”
ဝမ်ပေါင်လဲ့က ရေရွတ်ကာ သွေးချီအားလုံးကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဤနည်းလမ်းမှာ လူတစ်ယောက်၏ သွေးချီကို ဖိနှိပ်ထားရသည့် သဘောမျိုးဖြစ်ကာ ထိုသို့ ဖိနှိပ်ထားစဉ်အတွင်း အချုပ်အနှောင်တစ်ခုကဲ့သို့ အလုပ်လုပ်ခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်မှ ရွှေရောင်အလင်း ချက်ချင်း ပျောက်ကွယ်သွားသည်။ သေသေချာချာကြည့်ပါက သူ့အရေပြားအောက်တွင် ရွှေရောင်အလင်း တဖြည်းဖြည်း မှိန်ဖျော့သွားကြောင်း တွေ့နိုင်သည်။

ဖိအားကြောင့် သူ့သွေးချီ၏ ရွှေရောင်အလင်းမှာ ဝိညာဉ်ချီကို ဆုံမှတ်အဖြစ်ထားကာ အဆက်မပြတ် ကျုံ့လာသည်။ တဖြည်းဖြည်း သေးငယ်လာပြီး နောက်ဆုံး ဝိညာဉ်အမြစ်၏ ဘေးတွင် စုဝေးသွားသည်။

အမြှေးပါးအလွှာတစ်ခုကဲ့သို့ ငွေရောင်မြူခိုးအား ရှစ်လက်မဝိညာဉ်အမြစ်၏ အဆုံးပိုင်းနှင့် တင်းကြပ်စွာ စည်းနှောင်ထားသည်။

ဤဖိနှိပ်အချုပ်အနှောင်မှာ အလွန်အစွမ်းထက်လှပြီး ရွှေရောင်အလင်းက ငွေရောင်မြူခိုးကို ထိန်းချုပ်ထားသောကြောင့် ၎င်းမှာ ပျံ့လွင့်ရန် မတတ်နိုင်ဘဲ အတင်းဆွဲချုပ်ခြင်း ခံလိုက်ရသည်။

ကိုးလက်မဝိညာဉ်အမြစ်ကို တင်းကြပ်စွာ ဖိကာ ရှစ်လက်မဝိညာဉ်အမြစ်နှင့် ဆက်သွယ်ခြင်းမှာ ၎င်းကို ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ယင်းမှာ အဆုံးသတ်အတွက် ရည်ရွယ်၍ ဝမ်ပေါင်လဲ့ သိမ်းထားခဲ့သော နည်းလမ်းဖြစ်သည်။ ဖိနှိပ်ခံထားရသောကြောင့် ငွေရောင်မြူခိုးမှာ ရွေးချယ်စရာ တစ်ခုတည်းသာ ကျန်တော့သည်။ ၎င်းမှာ ရှစ်လက်မဝိညာဉ်အမြစ်နှင့် ချည်နှောင်ကာ ပူး‌ပေါင်းသွားသည်။

ဤအခိုက်အတန့်၌ ဝမ်ပေါင်လဲ့က ရပ်တန့်မနေပေ။ ငွေရောင်မြူခိုးကို အာရုံစိုက်၍ အဆက်မပြတ် ဖိနှိပ်ထားသည်။ အချုပ်အနှောင်မှာ ကျုံ့ဝင်လာသည်တွင် ငွေရောင်မြူခိုးမှာ ဖိအားဒဏ်ကို ခံစားလိုက်ရပြီး အက်ကွဲသံသဲ့သဲ့ ထွက်လာသည်။

“ မင်း မပေါင်းသွားရင်တော့ ငါ မင်းကို အစိတ်စိတ် အမွှာမွှာ ဖျက်ဆီးပစ်လိုက်ရရင်တောင် ဘယ်တော့မှ အပြင်ထွက်ခွင့်မပေးဘူး ”
ဝမ်ပေါင်လဲ့မှာ အားကုန်ထုတ်သုံးကာ ကြုံးဝါးလိုက်ပြီး ဖိအားကို မြှင့်တင်လိုက်သည်။

အခြားသူများဆိုပါက ဤအခြေအနေထိ အောင်မြင်နိုင်မည် မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ရွှေရောင်ခန္ဓာပိုင်ဆိုင်ပြီး သွေးချီနှင့် ရွှေ‌ရောင်ခန္ဓာကို အချုပ်အနှောင်တစ်ခုအဖြစ် ပြောင်းလဲနိုင်သောကြောင့် အခြားသူများနှင့် ကွာခြားပေသည်။

နောက်ဆုံးတွင် ငွေရောင်မြူခိုးမှာ ထွက်‌ပေါက်လုံးဝ မရှိဘဲ ဖိအားဒဏ်ကို ပြင်းထန်စွာ ခံနေရသည်။ ခေတ္တမျှ ခုခံပြီးနောက် ဝမ်ပေါင်လဲ့၏ ရှစ်လက်မဝိညာဉ်အမြစ်နှင့် မာန်လျော့၍ ပေါင်းစည်းလိုက်ရသည်။

ငွေရောင်မြူခိုး အရှုံးပေးလိုက်သော‌ကြောင့် ဝမ်‌ပေါင်လဲ့မှာ ကျေနပ်သွားသည်။ တချိန်တည်းမှာပင် နဖူးမှ ချွေးတဒီးဒီးကျလာပြီး သက်ပြင်းချလိုက်သည်။ အမှန်ပင် ဤသို့နည်းလမ်းမျိုး သုံးရန်မှာ သူ့အတွက် အန္တရာယ်များလှသည်။ ဤနည်းသာ မအောင်မြင်ခဲ့လျှင် သူသည် လိုအပ်သည်များ လုပ်ဆောင်ရန် ပြင်ဆင်ထားခဲ့သည်။

အရာရာ အဆင်ပြေပြေ ဖြစ်သွားလျှင် ဝမ်ပေါင်လဲ့မှာ ယခင်က မည်သူမျှ မလုပ်နိုင်ခဲ့သည့် ကိုးလက်မဝိညာဉ်အမြစ်ကို ရအောင် ဖမ်းကာ အမိန့်နာခံအောင် စေခိုင်းနိုင်ခဲ့ပုံကို တွေးနေမိသည်။ သူသည် ဝမ်းသာပီတိဖြစ်နေပြီး ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီနေသည်။

“ ကိုးလက်မ… ငါ ဘယ်သူမှ မရခဲ့တဲ့ ကိုးလက်မဝိညာဉ်အမြစ် ရတော့မှာကွ … “

“ ငါ ဝမ်ပေါင်လဲ့က သူများထက် ထူးတာ သေချာတယ်။ ဟား…ဟား ကိုးလက်မဝိညာဉ်အမြစ်ကတောင် ငါ့‌နောက် လိုက်ချင်တာ မထူးဆန်းပါဘူး။ ငါ မင်းကို နားလည်ပါတယ်၊ ကိုးလက်မရေ။ တော်တယ်ဟေ့၊ ဆက်လုပ်ထား…. “

ဝမ်ပေါင်လဲ့မှာ ဝမ်းသာလုံးဆို့နေစဉ် ပြည်ထောင်စုဥက္ကဋ္ဌဖြစ်ရန် တစ်လှမ်းပိုနီးလာသည်ဟု ခံစားနေရသည်။ ငွေရောင်မြူခိုးက ရှစ်လက်မဝိညာဉ်အမြစ်နှင့် ပေါင်းစည်းသွားစဉ် သူ့မျက်လုံးမှာလည်း မျှော်လင့်ချက် ရောင်ခြည်များဖြင့် တဖျပ်ဖျပ်လက်နေသည်။ ထိုအခိုက်တွင် ရှစ်လက်မဝိညာဉ်အမြစ်မှာ အာဟာရဓါတ်များ လက်ခံရရှိသည့်အလား ဖြည်းဖြည်းချင်း ကြီးထွားစပြုလာသည်။

၈.၁လက်မ၊ ၈.၂လက်မ၊ ၈.၃လက်မ….

ငွေရောင်မြူခိုးမှာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်အမြစ်နှင့် လုံးဝ ပေါင်းစည်းသွားပြီးနောက် မူလ ရှစ်လက်မဝိညာဉ်အမြစ်မှာ ကိုးလက်မအရှည်ထိ ကြီးထွားလာခဲ့သည်။

ဝမ်ပေါင်လဲ့က အရူးတစ်ယောက်ကဲ့သို့ ရယ်မောကာ တင်ပျဉ်ခွေပြီး အမြန်တရားကျင့်ကြံတော့သည်။ သူသည် ရှေးဟောင်းသိုင်းအဆင့်မှ ဖောက်ထွက်ပြီး အာနာပါနအဆင့်သို့ တက်လှမ်းရန်အလို့ငှာ ကိုးလက်မ ဝိညာဉ်အမြစ်အား အုတ်မြစ်အဖြစ် အသုံးပြုရန် စဉ်းစားနေသောကြောင့် သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်သန်းလာသည်။

ဖောက်ထွက်နိုင်ရန်မှာ မခက်ခဲလှပေ။ ချီဆုံချက်ဖြစ်သည့် ဒန်တျန်အတွင်း ဝိညာဉ်အမြစ်ကို စိုက်ပျိုးကာ ၎င်း၏ အမြစ်များကို သွေးကြောများမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့စေကာ ဝိညာဉ်ကြောများအဖြစ် အစားထိုးရမည် ဖြစ်သည်။ ထိုသို့ဖြင့် ဝိညာဉ်ချီ စုပ်ယူနှုန်းမှာ ယခင်ကထက် သိသိသာသာ မြန်ဆန်သွားမည် ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ အပြည့်အဝ ပေါင်းစည်းပြီးဖြစ်သည့် ဝိညာဉ်ကြောများကို အသုံးပြု၍ ဝိညာဉ်ချီ အနေအထားကို လိုအပ်သလို ထိန်းချုပ်ကာ မန္တန်များ ဖန်တီးနိုင်ခြင်း ဖြစ်သည်။

ပျံ့နှံ့လာသော ဝိညာဉ်အမြစ် နှင့် သွေးကြောများ ပေါင်းစပ်လိုက်လျှင် မန္တန်များ ဖန်တီးနိုင်သည့် အရည်အချင်း ရှိလာမည် ဖြစ်သည်။

ထိုသို့ဖြင့် အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ် တက်လှမ်းရာတွင် အောင်မြင်နိုင်သည်။

တစ်လက်မမှ ရှစ်လက်မ ဝိညာဉ်အမြစ်များအတွက်မူ ၎င်းတို့၏အရှည်က ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများအားလုံးနေရာတွင် မည်သည့်အတိုင်းအတာအထိ အစားထိုးနိုင်သည်ကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။

တစ်လက်မဝိညာဉ်အမြစ်က ခန္ဓာကိုယ်ထဲရှိ သွေးကြောအားလုံး၏ တစ်ဆယ် ရာခိုင်နှုန်းကို ဝိညာဉ်ကြောများအဖြစ် ပြောင်းလဲနိုင်သည်။

ရှစ်လက်မဝိညာဉ်အမြစ်က သွေးကြောများ၏ ရှစ်ဆယ် ရာခိုင်နှုန်းအထိ ဝိညာဉ်ကြော အဖြစ် ပြောင်းပေးနိုင်သည်။

အခြားဝိညာဉ်အမြစ်များ အတွက်လည်း အလားတူပင် ဖြစ်သည်။

“ ကိုးဆယ်ရာခိုင်နှုန်း ဝိညာဉ်ကြော”
ဝမ်ပေါင်လဲ့မှာ အဆင့်တက်ခြင်း လုပ်ငန်းစဉ်ကို စတင်ရန် တက်ကြွစွာဖြင့် အစွမ်းကုန် အားထုတ်လိုက်သည်။

ထိုစဉ် ဝိညာဉ်အမြစ်ရွာ အလယ်ဗဟိုရှိ ကောင်းကင်ယံ၌ စကြဝဠာမှ ကျဆင်းလာသည့် အကြီးမားဆုံး အကျိုးအပဲ့ ဖြစ်သော တောင်ထိပ်ကြီးက ရုတ်ခြည်း တုန်ခါသွားသည်။


Comment

Leave a Reply

Options

not work with dark mode
Reset