Switch Mode

အပိုင်း(၁၂၅၇)

စတင်လှုပ်ခတ်လာခြင်း

ရီဖူရှင်းသည် ချန်ယဲ့မြို့သို့ ပြန်ရောက်ပြီးနောက်တွင် တံခါးပိတ် ကျင့်ကြံခဲ့သည်။

ဤအရာသည် နောက်ထပ် မုန်တိုင်းတစ်ခု အစပျိုး လာနိုင်သည်ကို သူ သိသည်။ မျိုးနွယ်စု ကိုးခုက သူ့ကို အလွတ် မပေးသည်ကို အသာထား၍ သွေးနဂါးဘုံ၏ များပြားလှသည့် ထိပ်သီးပုဂ္ဂိုလ်များ သည်လည်း ထိုအရာကို သူတို့၏ အပိုင်အဖြစ် လိုချင်ကြမည်သာ ဖြစ်သည်။

သူ ရရှိခဲ့သည့် အရာကို မည်သူကမှ မသိရှိကြသည့် အတွက် သူတို့က ထိုအကြောင်းကို ပို၍ သိရှိလိုကြပေသည်။

ထို့အပြင် ဘိုးဘေးနယ်မြေကို မဝင်ရောက်ခင်ကပင် အင်ပါယာခွာ၏ ကျင့်စဉ်နည်းလမ်းကို လက်ခံခဲ့ရသည့် အတွက် လူတိုင်းက ခန့်မှန်းနေကြသည်။

အင်ပါယာခွာက သူ၏ ကျင့်စဉ် နည်းလမ်းထက်ပို၍ အဖိုးတန်သည့် မည်သို့သော အရာကို ထားရှိခဲ့သနည်း။

တန်ခိုးရှင်များ၏ လောကသည် အမြဲ ရက်စက်လှသည်။ အချို့လူများကသာ ကူညီလိုစိတ် ရှိကြပြီး လူအများစုမှာ  အခြားလူ၏ ကံဆိုးမှုများမှ အမြတ်ထုတ်လိုကြီးပြီး ထိုလူကို ဆွဲချကာ ကန်ထုတ်ပစ်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်း နေကြသည်။ တစ်စုံတစ်ယောက်က သူ့အပေါ် ထိခိုက် စေလိုနေသည့် အချိန်တွင် မကြာခင်၌ အခြားလူများ သည်လည်း ထိုလုယက်မှုတွင် ပါဝင်လာကြမည် ဖြစ်သည်။

ရီဖူရှင်း၏ အတွေးက မမှားခဲ့ပေ။ ယခု အပြင်တွင် ပြောနေကြသည်မှာ အင်ပါယာရှားဘုံ ကဲ့သို့သော ရန်ဟောင်ဘုံက ရီဖူရှင်းကို ထောက်ပံ့ ပေးထားသော်လည်း သူတို့သည် သွေးနဂါးဘုံတွင် ကြီးမားသော လှုပ်ရှားမှုများ လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ ရှားရှင်းယွန် လုံခြုံနေသမျှ ကာလပတ်လုံး အင်ပါယာ ရှားဘုံက လှုပ်ရှားမှု မပြုဘဲ နေလိမ့်မည် ဖြစ်သည်။

အကယ်၍ လူအများကြီးက တစ်ချိန်တည်းတွင် ရီဖူရှင်းကို ထိခိုက် စေလိုလျှင်ပင် အင်ပါယာ ရှားဘုံက မည်သည့်အရာမှ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။

ထိုအကြောင်းကို ပြောနေကြသည့် လူများသည် မကောင်းသည့် ရည်ရွယ်ချက်များ ရှိမည်ဆိုသော်လည်း ထိုကဲ့သို့သော မှတ်ချက်မျိုးသည် အလွန်ပွင့်လင်း လှပေသည်။ ရီဖူရှင်းကို များပြားလှသည့် ထိပ်သီး ပုဂ္ဂိုလ်များက ရီဖူရှင်းကို ဝန်းရံထားလျှင် အင်ပါယာ ရှားဘုံက သွေးနဂါးဘုံ၏ စွမ်းအားကို လာရောက်၍ စိန်ခေါ်လိမ့်မည်လား။

ဤသည်မှာ မဖြစ်နိုင်ပေ။

***

အချိန်များ ဖြတ်ကျော်သွားပြီးနောက် မကြာခင်၌ ကောင်းကင်ပြက္ခဒိန် ၁၀၀၂၄ ခုနှစ် ကုန်ဆုံးလုနီးပါး ဖြစ်လာလေသည်။

ထိုအချိန်အတွင်းတွင် နေရာအနှံ့မှ လူအများအပြားသည် ချန်ယဲ့မြို့ကို ဝင်ရောက်လာကြသည်။ မြို့သည် ယခင်ကထက် ပို၍ သက်ဝင်လှုပ်ရှား နေပေသည်။

အသစ် ရောက်ရှိလာသူများ၏ အဆင့်သည် မတူညီကြပေ။ အချို့လူများက သန်မာ၍ အချို့လူများက အားနည်းကြသည်။ သူတို့လာရသည့် အကြောင်းပြချက် အတွက်ကတော့ လူတိုင်း အဖြေကို သိရှိကြပေသည်။

ထပ်ပြောရလျှင် သွေးနဂါးမြို့ကို အုတ်အော်သောင်းတင်း ဖြစ်စေသည့် ချန်ယဲ့မြို့နှင့် ပတ်သက်သော အခြားသတင်း  တစ်ခု ရှိနေပေသေး၏။

ထိုသတင်းသည် ရီဖူရှင်းကို ဖိအားပေး၍ ရတနာကို လိုချင်သော လူအများအပြားကို လက်လျှော့သွားစေရန် ခြိမ်းခြောက်နိုင်ခဲ့သည်။

ထိုသတင်းသည် ဒေသနန်းတော်နှင့် သက်ဆိုင်နေကာ ဤနှစ်တွင် ဒေသနန်းတော်၏ အဆင့် သတ်မှတ်ချက်၌ နာမည်အသစ် တစ်ခု ရောက်ရှိလာခြင်းကြောင့် ဖြစ်ပေသည်။

ထိုနာမည်သည် ဤနှစ်တွင် ဒေသနန်းတော်၌ ကျင့်ကြံရန် ဝင်ရောက်သွားခဲ့သော လူငယ်လေး၏ နာမည် ဖြစ်လေသည်။

ထိုသူသည် ချန်ယဲ့မြို့မှ ယူချင်းပင် ဖြစ်တော့၏။

သူသည် ဒေသနန်းတော်သို့ လွန်ခဲ့သည့် လအနည်းငယ်ကမှ ရောက်ရှိခဲ့ခြင်း ဖြစ်သော်လည်း ဒေသနန်းတော်၏ အဆင့် သတ်မှတ်ချက် စာရင်း၌ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

သွေးနဂါးမြို့မှ လူများ အားလုံးသည် ဒေသနန်းတော်၏ အဆင့်သတ်မှတ်ချက်စာရင်း တန်ဖိုးကို သိရှိကြပေသည်။

ဒေသနန်းတော်သည် သွေးနဂါးဘုံ၏ ကျင့်ကြံရေးအတွက် ထိပ်တန်း မြင့်မြတ်နယ်မြေ ဖြစ်ပြီး ဒေသဘုရင် အဆင့် သတ်မှတ်ချက်များသည် သွေးနဂါးဘုံရှိ ထိပ်သီးအဆင့်များဟု ပြောစမှတ် ပြုကြလေသည်။

ထို့အပြင် အဆင့် သတ်မှတ်ချက် ရွေးချယ်ခံများသည် ဒေသနန်းတော် တစ်ခုတည်းမှ တန်ခိုးရှင်များ အတွင်းတွင်သာ ကိုယ်စားပြုခြင်း မဟုတ်ဘဲ သွေးနဂါးဘုံရှိ တန်ခိုးရှင်များ အားလုံးအတွင်း ပါဝင်လေသည်။

အဆင့် သတ်မှတ်ချက်၌ ဝင်ရောက်ခဲ့သည့် ရွေးချယ်ခံတိုင်းသည် ကြီးမားသော အာရုံစိုက်ခံရမှုကို ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။

ဤအဆင့်သည် ရှန့်ထိုအဆင့် ရွေးချယ်ခံများကိုသာ စာရင်း ပြုစုထားခြင်း ဖြစ်ပေသည်။ ထိုသည်မှာ ရှန့်ထိုအဆင့် အတွင်း မည်သည့် အဆင့်မဆို ပါဝင်နိုင်ပြီး တစ်ဆင့်ချင်းစီ ခွဲခြား သတ်မှတ်ထားခြင်းမျိုး မဟုတ်ပေ။

ဒေသနန်းတော်သည် ဒေသဘုရင် အဆင့်သတ်မှတ်ချက်၏ အဆင့်အတန်းကို မည်သည့်အခါကမှ ရှင်းလင်းစွာ ပြောကြားခဲ့ခြင်း မရှိသည့်အတွက် အပျော်တမ်း အဆင့် သတ်မှတ်ချက်ဟု ထင်ဖွယ်ရာ ရှိပေသည်။

သို့ဆိုလျှင်ပင် ဒေသဘုရင် အဆင့်သတ်မှတ်ချက် အသစ် ပေါ်ထွက်လာတိုင်းတွင် အုတ်အော်သောင်းတင်း ဖြစ်သွားရစမြဲ ဖြစ်၏။

ယူချင်း မရှိခင်က ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် နာမည် ဆယ့်ခုနစ်ခုသာ ရှိ၍ ယူချင်း အပါအဝင်မှ ဆယ့်ရှစ်ယောက်သာလျှင် ရှိပေသည်။

ထိုလူများသည် ရှန့်ထိုအဆင့် လေးဆင့်မှ လူ အားလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။

ဒေသနန်းတော်သို့ ဝင်ရောက်ခွင့်ရရန် ယူချင်းနှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ရသည့် ရှေးဟောင်းတော်ဝင်မြို့မှ ရှင်းချိုး၏ အစ်ကိုဖြစ်သူ ရှင်းခိုင် သည်လည်း ဒေသဘုရင် အဆင့်သတ်မှတ်ချက်မှ တစ်ယောက် ဖြစ်သည်။

ဒေသနန်းတော်က ဒေသဘုရင်အဆင့် သတ်မှတ်ချက်က မည်သည်ကို ကိုယ်စားပြုသည်လည်း ဘယ်သောအခါကမှ မပြောဖူးခဲ့သော်လည်း သွေးနဂါးဘုံရှိ လူအားလုံးမှာ ဒေသဘုရင် အဆင့်သတ်မှတ်ချက်၌ ဝင်ရောက်လာသူများသည် သွေးနဂါးဘုံ၏ အနာဂတ် ရန်ဟောင်များ ဖြစ်လာလိမ့်မည်ဟု ဆိုကြလေသည်။

ဤသည်မှာ ဒေသဘုရင် အဆင့် သတ်မှတ်ချက်၌ ရှိနေသည့် တန်ခိုးရှင် ဆယ့်ရှစ်ယောက်မှာ ရန်ဟောင်အဆင့်သို့ ဝင်ရောက်နိုင်သည့် အလားအလာ ရှိလိမ့်မည် ဖြစ်သည်။

ယူချင်းက ဒေသဘုရင် အဆင့်သတ်မှတ်ချက်၌ ဝင်ရောက်သွားခြင်းမှာ မည်သည့် အဓိပ္ပာယ်မျိုး ဖြစ်သည်ကို ကောင်းကောင်း သိကြပေသည်။

၎င်းသည် ဒေသနန်းတော်သို့ ဝင်ရောက်ခွင့်ရရန် ထက်ပင် ခက်ခဲလှပေသည်။

ယူချင်း၏ တည်ရှိမှုကြောင့်ပင် ရီဖူရှင်းကို ထိလိုသော သူများသည် နှစ်ခါပြန်၍ စဉ်းစားရန် လိုအပ်ပေသည်။

သူတို့က ရီဖူရှင်းကို နင်းချေနိုင်လျှင်ပင် ဒေသနန်းတော်၌ ကျင့်ကြံနေပြီး ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ပါဝင်သည့် အနာဂတ်၏ ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့် လောင်းလျာလေးကို မည်သူက ရိုက်နှက်နိုင်မည်နည်း။

ယခုကာလတွင် ဒေသဘုရင် အဆင့်သတ်မှတ်ချက်မှ ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုများသည် သွေးနဂါးဘုံတွင် ပြိုင်ဘက်ကင်း လုနီးပါးပင် ဖြစ်၏။

ထို့အပြင် ဒေသနန်းတော်၏ ဤတန်ခိုးရှင်သည် ဒေသဘုရင် အဆင့် သတ်မှတ်ချက်တွင် ရှိနေသူ ဖြစ်၏။

သွေးနဂါးဘုံရှိ လူအချို့သာလျှင် ထိုအဆင့်ကို ရရှိနိုင်ပေသည်။

သွေးနဂါးအင်ပါယာသည် ဒေသနန်းတော်၏ နောက်တွင် ရပ်တည် ပေးနေသည့်သူ ဖြစ်သည်။

ရီဖူရှင်းနှင့် ယူချင်း နှစ်ယောက်လုံးသည် အလွန်ထူးကဲလှသည့် ပါရမီ အရည်အချင်း ရှိပြီး နှစ်ယောက်လုံးသည် အင်ပါယာ ရှားဘုံမှ ဖြစ်ကြသည်။

ထို့ကြောင့် လူအများသည် ထိုအချက်များကို ထည့်သွင်း စဉ်းစားမိပြီးနောက် ရီဖူရှင်းအား ဖိအားပေးမည့် ကိစ္စ၌ ပါဝင်ပတ်သက်ရန် အတွေးများကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့လေသည်။

သူတို့ ပါဝင်ခဲ့လျှင်ပင် သူတို့အတွက် အကျိုးရှိနိုင်မည့် အရာ မရှိသည့်အပြင် ရီဖူရှင်းနှင့် ယူချင်း၏ ရန်သူပင် ဖြစ်လာနိုင်သောကြောင့် သူတို့သည် တိတ်ဆိတ်စွာ ပွဲကြည့်ပရိသတ် ဖြစ်လာရန်ကိုသာ ရွေးချယ်လိုက်ခြင်းက ပိုကောင်းပေသည်။

တစ်နေ့တွင် မြို့စားအိမ်တော်သို့ ဧည့်သည်တစ်ဦး လာရောက် လည်ပတ်၍ ရီဖူရှင်းနှင့် တွေ့ဆုံရန် ခွင့်တောင်းခဲ့သည်။

ရီဖူရှင်းသည် သူနှင့် တွေ့ဆုံခဲ့ပြီး ထိုသူသည် မီးတောက်လှောင်အိမ်မြို့မှ တန်ခိုးရှင်တစ်ဦး ဖြစ်ပေသည်။

ဤတစ်ကြိမ်၌ မီးတောက်လှောင်အိမ်မြို့ သည်လည်း အင်ပါယာခွာ အပျက်အစီး နယ်မြေသို့ သွားရောက်ရာတွင် ပါဝင်ခဲ့ပေသည်။ သူတို့သည် လမ်းစဉ်မီးတောက်များကို လေ့လာခဲ့ပြီး   ဝင်ရောက်ရာတွင် ပေ့လိကလန်နှင့် ပူးပေါင်းခဲ့သည်။

မီးတောက် လှောင်အိမ်မြို့မှ တန်ခိုးရှင်သည် ဖြစ်ပျက်ခဲ့သည့် အကြောင်းကိစ္စများကို ရှင်းလင်းစွာ သိရှိပေသည်။

မြို့စားအိမ်တော်၏ ဧည့်ခန်းမတွင် ရီဖူရှင်းသည် အိမ်ရှင်ခုံတွင် ထိုင်နေသည်။ မီးတောက် လှောင်အိမ်မြို့မှ တန်ခိုးရှင်က ပြောသည်။ “မြို့စားရီ၊ ကျုပ်ကို တဲ့တိုးပဲ ပြောခွင့်ပြုပါ”

“ရပါတယ်၊ စီနီယာ လွတ်လွတ်လပ်လပ် ပြောပါ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။ သူသည်လည်း ကွေ့ဝိုက် ပြောဆိုနေသည်မျိုးကို သဘောမကျပေ။

“ဒီတစ်ကြိမ် အင်ပါယာခွာ အပျက်အစီး နယ်မြေကို သွားတဲ့ ခရီးစဉ်အတွင်းမှာ မြို့စားရီက ထူးကဲသာလွန်တဲ့ စွမ်းရည်တွေကို ပြသခဲ့ပြီးတော့ အမွေအနှစ် အများကြီးကိုလည်း ရရှိခဲ့တယ်။ ကျင့်စဉ် အမွေအနှစ်ဖြစ်ဖြစ် အင်ပါယာခွာ ချန်ရစ်ခဲ့တဲ့ တခြား လျှို့ဝှက်ချက်ဖြစ်ဖြစ် အဲဒီအရာတွေက သွေးနဂါးဘုံရဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိတယ်။ အခု ချန်ယဲ့မြို့မှာ အင်အားစု အများအပြား စုဝေးနေပြီးတော့ ထိပ်သီး ကိုယ်စားလှယ်တွေ အားလုံးလည်း ရောက်နေကြတယ်” မီးတောက်လှောင်အိမ်မြို့မှ တန်ခိုးရှင်က ပြောသည်။

ရီဖူရှင်းသည် သူ့စကားကို တိတ်ဆိတ်စွာ နားထောင်နေပြီး ဘာမှ ပြန်မပြောခဲ့ပေ။ မီးတောက်လှောင်အိမ်မြို့မှ တန်ခိုးရှင်သည် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ရီဖူရှင်းကို ကြည့်ကာ ဆက်ပြောသည်။ “ကျုပ် အကြံပေးချင်တာက အနောက်ဘက်ဒေသမှာ မြို့စားရီ ပြောခဲ့သလိုပဲ မျိုးနွယ်စုကိုးခုက လွယ်လွယ်လေး အလွတ်ပေးလိမ့်မှာ မဟုတ်ဘူးဆိုတော့ မြို့စားရီကလည်း စောင့်ဆိုင်း ထိန်းသိမ်းနေစရာ မလိုတော့ဘူးလို့ ကျုပ် အကြံပေးချင်တယ်။ အဲဒါကြောင့် အင်ပါယာခွာရဲ့ အမွေအနှစ်နဲ လျှို့ဝှက်ချက်တွေကို တခြားလူတွေနဲ့ အလဲအလှယ် လုပ်ရင်ရော ဘယ်လိုသဘောရလဲ။ အဲဒါဆိုရင် တခြား အင်အားစုတွေကလည်း စိတ်ကျေနပ်သွားမှာ ဖြစ်သလို မြို့စားရီကလည်း ကျင့်ကြံမှုအတွက် အရင်းအမြစ်တွေ အများအပြား ရရှိလိမ့်မယ်”

သူ၏ စကားလုံးများက ရီဖူရှင်း၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားနိုင်သည်။ ရီဖူရှင်းသည် ဤအခြေအနေမှ အကူအညီ ဖြစ်စေနိုင်မည့် ဖြေရှင်းချက်ကို စီစဉ်ပေးနိုင်သည့် မီးတောက်လှောင်အိမ်မြို့မှ တန်ခိုးရှင်ကို အသိအမှတ်ပြုသည်။ အကယ်၍ သူသာ ထိုသို့ လုပ်ဆောင်လိုက်လျှင် လတ်တလော အခြေအနေကို ဖြေရှင်းနိုင်လိမ့်မည်။

သိသာစွာပင် ဤတန်ခိုးရှင်က ထိုအကြောင်း ပြောဆိုဖို့ရာ အတွက်သာ ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။

ထိုတန်ခိုးရှင်က ဆက်ပြောသည်။ “မြို့စားရီက ကျုပ် ဒီကို ဘာအတွက် ရောက်လာခဲ့လဲ ဆိုတာ နားလည်မယ်လို့ ထင်ပါတယ်။ မီးတောက်လှောင်အိမ်မြို့က အင်ပါယာခွာရဲ့ အမွေအနှစ်တွေကို မြင့်မားတဲ့ တန်ဖိုးပေးပြီး လဲလှယ်ဖို့ ဆန္ဒရှိပါတယ်။ ဒါကြောင့် မီးတောက်လှောင်အိမ်မြို့ အနေနဲ့ မြို့စားရီ သတ်မှတ်တဲ့ တန်ဖိုးကို တတ်နိုင်ခြင်းမရှိဘူးလို့ ထင်ခဲ့ရင် ဒီတစ်ခေါက်အပါအဝင် အနာဂတ်မှာ မြို့စားရီအတွက် ခက်ခဲ အခြေအနေ ရှိလာခဲ့ရင် ကျုပ်တို့က ဘယ်အချိန်မဆို မြို့စားရီရဲ့ ဘက်တော်သား ဖြစ်ပေးနိုင်ပါတယ်”

ရီဖူရှင်းသည် သူ့ကို တစ်ချက်ကြည့်သည်။ ဤတစ်ကြိမ်၌ မီးတောက်လှောင်အိမ်မြို့သည် အတော်လေး စစ်မှန် ပွင့်လင်းလေသည်။

သူကသာ သဘောတူလိုက်လျှင် အခုချိန်ကစပြီး သူ့တွင် မိတ်ဆွေ တိုးလာလိမ့်မည် ဖြစ်၏။

ဆန့်ကျင်ဘက် အနေဖြင့် သူသာ တွန့်ဆုတ်နေခဲ့လျှင် မီးတောက် လှောင်အိမ်မြို့၏ အကူအညီကို တွန်းထုတ် လိုက်သလို ဖြစ်သွားကာ ၎င်းသည် သူတို့ကို အင်အားသုံး၍ သူ့ဆီမှ ရတနာ လုယူရန် ကြံစည်နေသည့် သူများ ဖြစ်လာစေရန် လုပ်ဆောင်လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

သူသည် လက်ချောင်းလေးများနှင့် ထိုင်ခုံလက်ရန်းကို ထိကာ ထိကာနှင့် စဉ်းစားနေပေသည်။ ဤသည်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည့် စိတ်ကူး ဖြစ်ပေသည်။

သူသည် သူ၏ သက်စောင့်ဟော်နန်းမှ ဝါးမျိုထားသည့် မီးတောက်လုံးကို ထုတ်ယူရန် မဖြစ်နိုင်သော်လည်း အင်ပါယာခွာ၏ အမွေအနှစ် ဖြစ်သော ကျင့်ကြံမှု လမ်းစဉ်သည် လဲလှယ်၍ ရနိုင်ပေသည်။ သို့သော်လည်း ကျင့်ဝတ်သိက္ခာပိုင်း အရဆိုလျှင် ထိုသို့ ပြုလုပ်ရန်မှာ မှန်ကန်သည့် လုပ်ရပ် ဖြစ်ပုံမပေါ်ချေ။

သူသာ ထိုသို့ လုပ်ဆောင်ခဲ့လျှင် အင်ပါယာခွာ၏ လက်အောက်ခံ မျိုးနွယ်စု ကိုးခုသည် သေချာပေါက် သူ့ကို စက်ဆုပ်သွားပြီး သူတို့ အားလုံး ပူးပေါင်းကာ အစွမ်းကုန် ကြိုးစား၍ သူ့ကို သုတ်သင်လိမ့်မည် ဖြစ်သည်။

ရီဖူရှင်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် ကစားနေသည့် လက်ချောင်းလေးများကို ရပ်တန့်လိုက်ကာ သူသည် အပြုံးနှင့် ပြောသည်။ “စီနီယာရဲ့ ကြင်နာမှုကို ကျွန်တော် နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်ပါတယ်။ အင်ပါယာခွာ နယ်မြေ မျိုးနွယ်စုတွေက မမျှမတ ပြုမူ ဆက်ဆံခဲ့ပေမယ့်လည်း ဒါက မျိုးနွယ်ဝင်တိုင်းရဲ့ သဘောထားတော့ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်။ ဘိုးဘေးနယ်မြေမှာ အင်ပါယာခွာ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်က သူ့ရဲ့ မျိုးဆက်တွေ အတွက်ပဲ ချန်ခဲ့တာ ဖြစ်ရမယ်။ မျိုးနွယ်စု ကိုးခုကလည်း ဒီလို တွေးကြမှာပဲ။ ကျွန်တော်က အဲဒါကို မမျှော်လင့်ဘဲ ရခဲ့ပေမယ့် အဲဒီအရာကို ဘယ်သူ့ဆီမဆို ထုတ်ရောင်းလိုက်ရင် အဲဒါက အင်ပါယာခွာနဲ့ သူ့ရဲ့ မျိုးနွယ်စုတွေ အပေါ်မှာ အတော်လေး မလေးစားရာ ကျလိမ့်မယ်။”

“အဲဒါကြောင့်” ရီဖူရှင်းက ပြုံးရင်း ပြောသည်။ “ကျေးဇူးပြု ပြီး နားလည်ပေးပါ စီနီယာ”

ရီဖူရှင်းက ငြင်းဆန်ရန်အတွက် မည်မျှ ဆုံးဖြတ်ချက် ခိုင်မာနေသည်ကို ကြည့်၍ ထိုတန်ခိုးရှင်က ခေတ္တမျှ မှင်တက်သွားခဲ့ပြီးနောက် မည်သည့်စကားမှ မပြောသော်လည်း အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ အပျက်အစီးနယ်မြေကို သွားခဲ့သည့် ခရီးစဉ်အတွင်းမှာ ရီဖူရှင်း၏ ပင်ကိုစရိုက်ကို ထင်ဟပ်စေခဲ့ပြီး ရီဖူရှင်းက ဆုံးဖြတ်ချက်ခိုင်မာ ပြတ်သားသူ ဖြစ်ကြောင်း သူ ခန့်မှန်းခဲ့မိသည် ဖြစ်ရာ ယခု ရီဖူရှင်းက ငြင်းဆန်လိုက်သဖြင့် ဖိအားပေးကာ နောက်ထပ် ကြိုးစားကြည့်နေရန် မလိုအပ်တော့ပေ။

“ဒီလိုဆိုမှတော့ ကျုပ်လည်း သွားသင့်ပြီ။ နှောင့်ယှက်မိတာ အားနာပါတယ် မြို့စားရီ” မီးတောက်လှောင်အိမ်မြို့မှ တန်ခိုးရှင်က ပြောသည်။ မကြာခင်မှာပင် သူသည် နှုတ်ဆက်ဟန် လက်သီးဆုပ်သည့် ပုံစံကို လုပ်ဆောင်လိုက်ပြီး ထွက်ခွာသွားတော့သည်။

ရီဖူရှင်းသည် သူတို့ ထွက်သွားသည့် အခုတွင် ခဏမျှ အတွေးပင်လယ်ထဲ နစ်မြောနေခဲ့သည်။ မီးတောက်လှောင်အိမ်မြို့ကလည်း သူ့ကို ဆန့်ကျင်တော့မည်ကို သူ မသိရှိပေ။

မီးတောက်လှောင်အိမ်မြို့က အစပင် ဖြစ်ပြီး နောက်ပိုင်းတွင် သွေးနဂါးမြို့၊ ယန်မြို့နှင့် မီးစွမ်းရည် အထူးပြုသည့် အခြား ထိပ်တန်း အင်အားစုများသည်လည်း လာရောက်လည်ပတ်ကာ သဘောတူညီချက် ရယူရန် ကြိုးစားကြသည်။

သို့ရာတွင် သူတို့၏ ရည်ရွယ်ချက်များသည် မီးတောက်လှောင်အိမ်မြို့နှင့် အတူတူပင် ဖြစ်၏။ သူတို့သည် အင်ပါယာခွာ၏ အမွေအနှစ်ကို အနုနည်းသုံး၍ ရယူလိုကြခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့အားလုံးကို ရီဖူရှင်းက ငြင်းပယ်လိုက်လေသည်။

အချို့လူများက ယဉ်ကျေးစွာပင် ပြုမူ၍ ထွက်ခွာသွားသော်လည်း အချို့လူများမှာ ရန်လိုသည့် အပြုအမူများ ပြုလုပ်ကာ ထွက်ခွာသွားကြသည်။

နှစ်တစ်နှစ်က ကုန်ဆုံးတော့မည် ဖြစ်ကာ မြို့စားအိမ်တော်မှ လူအများကို ငြင်းဆန်ခဲ့သည့် သတင်းမှာလည်း ဟိုးလေးတကျော် ပျံ့နှံ့သွားခဲ့သည်။ လူအများက ရီဖူရှင်း ဘာတွေ တွေးနေသည်ကို သိလိုနေကြ၏။

သူက ဘာကိုမှ စိတ်ပူပန်မှု မရှိခြင်းပေလော။

ချန်ယဲ့မြို့မှ သာမန် တန်ခိုးရှင်များပင် ထူးခြားမှု တစ်ခုခု ရှိနေသည်ကို လေ့လာစူးစမ်းနေကြသည်။ ချန်ယဲ့မြို့တွင် စွမ်းအားကြီး တန်ခိုးရှင်များ နေရာအနှံ့ ရောက်နေကြပေသည်။

နောက်ဆုံး၌ ကောင်းကင်ပြက္ခဒိန် ၁၀၀၂၄ ခုနှစ် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

ချန်ယဲ့မြို့ မြို့စားအိမ်တော်တွငိ ရီဖူရှင်းသည် သူ၏ အိမ်တော်ဝန်းအတွင်း၌ တိတ်ဆိတ်စွာ ထိုင်နေပြီး ကောင်းကင်သို့ မော့ကြည့်နေသည်။

တစ်နှစ်က ကုန်ဆုံးသွားပြန်ပြီ ဖြစ်ကာ သူ၏ ကျင့်ကြံဆင့်သည်လည်း အဆင့်တက်လာခဲ့ပြီ ဖြစ်၏။ ဤတစ်ကြိမ်၌ အချိန်ကူန်ဆုံးသည်မှာ ပို၍ပင် မြန်ဆန်လှသည်ဟု ထင်မြင်ရပေသည်။

တစ်ခါတစ်ရံ၌ သူသည် ကျင့်ကြံနေရင်း အချိန် မည်မျှ  ကြာသွားခဲ့သည်ကိုပင် သတိမပြုမိခဲ့သည်လည်း ရှိသည်။

ဤနှစ်၌ များပြားလှသည့် အရာများစွာ ဖြစ်ပျက်ခဲ့ပြီး သူ့အပေါ်တွင် များစွာ လွှမ်းမိုးမှု ရှိခဲ့ပေသည်။ တာလီနန်းတွင်း အကြံပေးသည် ကျင့်ကြံခြင်းအဆင့်များ ဖျက်ဆီးခံရပြီး တာလီနန်းတော်အတွင်း အကျဉ်းချ ခံခဲ့ရသည်။ ထို့ပြင် ဂျီယူသည်လည်း သေသည် ရှင်သည် မသိရပေ။ သူသည် သူမအား မည်သည့်အချိန်မှ သွားရောက် ရှာဖွေနိုင်မည်ကို မသိသေးပေ။

လက်ရှိတွင် သူသည် သွေးနဂါးဘုံ၌ အခြေခိုင်ရန်ပင် ခြေကုပ်ယူနိုင်စွမ်း မရှိသေးချေ။ အင်ပါယာခွာ၏ အမွေအနှစ်ကြောင့်နှင့် အကြီးအကျယ် အုတ်အော်သောင်းတင်းပင် ဖြစ်စေခဲ့သည်။

သို့သော်လည်း ထိုကိစ္စအတွက် သူ၏ တုံ့ပြန်ချက်မှာ အလွန်ပင် တည်ငြိမ်လှသည်။ ကြည့်ရသည်မှာ သူ ကျင့်သားရသွားသည်လည်း ဖြစ်နိုင်၏။

မုန်တိုင်း အများအပြား ကြုံဆုံပြီးနောက်၌ အခုတွင် သူသည် ကိစ္စရပ်များနှင့် ရင်ဆိုင်သည့်အခါ သူ၏ စိတ်အခြေအနေသည်   ရေသေကဲ့သို့ တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။

အချိန်က သူ့ကို အရာတော်တော်များများ ပြောင်းလဲသွားစေသည်။

သို့သော် မပြောင်းလဲသည့် တစ်ခုတည်းသော အရာမှာ သူ၏ စွမ်းရည် အစစ်အမှန်ကို တိုးတက်လာစေရန် အတွက် ပို၍ ပို၍ စိတ်ထက်သန်လာခြင်းပင် ဖြစ်သည်။

ပို၍ အစွမ်းထက်လာလေ အစစ်အမှန်ခွန်အား ကျင့်ကြံခြင်း၌ ပို၍ စိတ်ထက်သန်လာလေပင် ဖြစ်သည်။

အချိန်ခဏအကြာတွင်  ရှားရှင်းယွန်သည် ရီဖူရှင်း၏ ဘေး၌ ပေါ်လာကာ ပြောသည်။ “အခုဆိုရင် မုန်တိုင်းက ချန်ယဲ့မြို့မှာ ကျဖို့ စုစည်းနေခဲ့ပြီ။ အစွမ်းထက် တန်ခိုးရှင် အများကြီးက ဒီကို ရောက်နေကြပြီ။ နင် သူတို့နဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလား”

“မဖြစ်ဘူး” ရီဖူရှင်းက ပြန်ဖြေသည်။

“ ….” ရှားရှင်းယွန်က သူ့ကို ကြည့်သည်။

ရီဖူရှင်းသည် သူမဘက်သို့ လှည့်ကာ ပြုံးပြရင်း ပြောသည်။ “လာမယ့်လူက လာကို လာလိမ့်မယ်။ ငါတို့ရဲ့ ဗိုလ်ချုပ်တွေကို လွှတ်ပြီး သူတို့ရဲ့ စစ်သည်တွေကို ရင်ဆိုင်စေမယ်။ ငါတို့ရဲ့ မြေဆီလွှာကို သူတို့ရဲ့ သွေးတွေ စုပ်ယူခွင့်ပြုမယ်။ သူတို့က ဒီရေလို မမြင့်တက်နိုင်ပါဘူး”

***

Comment

Leave a Reply

Options

not work with dark mode
Reset