ရီဖူရှင်းသည် ကျူးကလန်မှ တန်ခိုးရှင်ကို မော့ကြည့်ကာ ရယ်မောရင်း ပြောသည်။ “ကျုပ်က ဘိုးဘေးနယ်မြေ ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့ပြီးတော့ ဝူကလန် တန်ခိုးရှင်တွေနဲ့ အတူ ဝင်ရောက်ခဲ့တယ်။ ဒါပေါ့။ ဘိုးဘေးနယ်မြေက ဘာအကြောင်းနဲ့ပဲ ပျောက်သွားပါစေ ကျုပ်နဲ့ ဆက်စပ်နေတာပေါ့”
“ဒါပေမဲ့ ကျုပ်နဲ့ ဘယ်ကနေ ဘယ်လို ဆက်စပ်သွားလဲ ဆိုတာတော့ ခုထိ တွေးမရဘူး။ ကျုပ်က အင်ပါယာခွာဆီက သင်ကြားပြသပေးမှုကို လက်ခံရရှိခဲ့ပြီး စီနီယာဝူယုံးဆီကို လွှဲပြောင်းပေးခဲ့တယ်။ ကျုပ် လုပ်ရမယ့် အလုပ်ကို လုပ်ခဲ့ပေမယ့် ခင်ဗျားတို့ မြင်လိုက်ရတာတွေ ဖြစ်လာတော့တာပဲ”
သူ၏ သက်စောင့်ဝိညာဉ်က နေမင်းကို ဝါးမျိုပစ်သည်ဟု ပြောရန်မှာ မဖြစ်နိုင်ပေ။
မဟုတ်လျှင် သူရင်ဆိုင်ရမည့် ပြဿနာမှာ မျိုးနွယ်စုကိုးခုပင် ဖြစ်လိမ့်မည် မဟုတ်တော့ပေ။
ယခုထိ တိုင်အောင် သူသည် နေမင်းအတွင်းမှ တောက်ပနေသည့် မီးဝိညာဉ်လုံးသည် မည်သည့်အရာ ဖြစ်သည်ကို တိတိကျကျ မသိရှိသေးပေ။
သို့ရာတွင် အနည်းဆုံးတော့ သူသည် ဘိုးဘေးနယ်မြေ တစ်ခုလုံးကို ဝါးမျိုခဲ့သည့် ထိုအရာက အင်ပါယာခွာ၏ အမွေအနှစ်ကို အခြေခံနေကြောင်း သေချာလှပေသည်။
ထိုသည်မှာ အင်ပါယာခွာက ရှန့်ထိုအဆင့်ကို ကျော်ဖြတ်ရန် ကျင့်ကြံခြင်း အတွက် အသုံးပြုခဲ့သည့် ရတနာဖြစ်နိုင်သည်။ ထိုကဲ့သို့သော ရတနာသာ ထွက်ပေါ်လာခဲ့လျှင် သွေးနဂါးဘုံရှိလူများက လိုချင်တပ်မက်စိတ် ပြင်းပြလာပေလိမ့်မည်။
“မြို့စားရီ ပြောတာ အမှန်ပါပဲ။ ကျုပ်က အင်ပါယာခွာရဲ့ အမွေအနှစ်ကို မြို့စားရီကနေ တစ်ဆင့် လက်ခံရရှိခဲ့တယ်။ အဲဒါကြောင့်ပဲ ပြန်လည်မွေးဖွားခြင်း အဆင့်ကို ရောက်သွားခဲ့တာ ကျေးဇူးတင်ရမယ်” ရီဖူရှင်း ဘေးတွင် ရပ်နေသည့် ဝူယုံးက ပြောသည်။
“အဲဒါဆို ဝူကလန်ရဲ့ ခေါင်းဆောင် သေဆုံးသွားတာကိုရော ဘယ်လိုရှင်းပြမှာလဲ။ မင်းရဲ့ ဆင်ခြေက အားလုံးကို လက်ခံလာအောင် မလုပ်နိုင်ဘူး” ကျူးကလန်မှ ထွားကြိုင်းသန်မာသည့် သက်လတ်ပိုင်းလူကြီးက ဒေါသများဖြင့် တောက်လောင်နေသော မျက်လုံးများနှင့် ကြည့်ကာ ပြောသည်။ ရီဖူရှင်းကို ဝူကလန်နှင့် ပူးပေါင်းရန် ဝူယုံးက ဖိတ်ခေါ်လာခဲ့ခြင်း ဖြစ်သော်လည်း ဝူကလန်က သူတို့၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည်။ ထိုအကြောင်းကို သူတို့က အခုထိ ဖြေရှင်းချက် မပေးကြသေးပေ။
သို့သော် အခုတွင် ဝူယုံးနှင့် ဝူကလန်သား အားလုံးသည် ရီဖူရှင်း၏ ဘက်တွင် ရှိနေကြပုံ ပေါ်သည်။
ထိုအရာများသည် တိုက်ဆိုင်လွန်းလှသည်။
ဤအကြောင်းအရာများ၏ နောက်ကွယ်၌ ဖုံးကွယ်ထားသည့် အမှန်တရားက ဘာတွေ ဖြစ်မည်နည်း။
ဝူကလန်၏ ခေါင်းဆောင်က မည်ကဲ့သို့ သေဆုံးခဲ့ရသနည်း။
ဝူယုံးသည် သူ့ကို စူးစိုက် ကြည့်သည်။ သူ၏ မျက်လုံးများ အနီရောင်သို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် စွမ်းအားများက သူ့မျက်လုံးများမှ တိုက်ရိုက်ထွက်ပေါ်လာကာ ကျူးကလန် တန်ခိုးရှင်၏ စိတ်အတွင်းသို့ တရကြမ်း တိုးဝင်သွားသည်။ သံသယကင်းစင်ခြင်း အဆင့် တန်ခိုးရှင်သည် ထိတ်လန့်ကာ ရုတ်တရက် ဖြူဖျော့သွားသည်။ သူသည် ခပ်တိုးတိုး ညည်းညူလိုက်ပြီး နောက်သို့ ဆုတ်လိုက်ရသည်။
“ခင်ဗျား သိချင်လား” ဝူယုံးက အေးစက်စွာ ပြောသည်။ “မြို့စားရီက နယ်မြေထဲကို ဝင်ခွင့်ရအောင် လုပ်ပေးခဲ့ပြီးတော့ အဲဒီထဲမှ ခေါင်းဆောင်က အင်ပါယာခွာရဲ့ အမွေအနှစ်ကို သူ့ကိုယ်ပိုင်အဖြစ် လိုချင်ခဲ့တယ်။ အဲဒါကြောင့် မြို့စားရီကို သတ်ဖို့ ကြိုးစားခဲ့ပေမယ့် မီးတောက်တွေက ဝါးမျိုလို့ သေဆုံးခဲ့ရတယ်။ အဲဒီအဖြေကို ကျေနပ်မှုရှိရဲ့လား”
ဝူယုံးက ပြောလိုက်ပြီးနောက် ထိုနေရာသည် ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။ သူက ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ် မပြောပြသော်လည်း ကလန်အားလုံးမှ ထိပ်သီးပုဂ္ဂိုလ်များမှာ မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို အကြမ်းဖျင်းတွက်ဆ နိုင်ခဲ့ကြပေသည်။
အထူးသဖြင့် ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ခဲ့ဖူးသူများမှာ သူဆိုလိုသည်ကို နားလည် သဘောပေါက်၍ တူညီစွာ တွေးတော နိုင်ခဲ့ကြပေသည်။
ရီဖူရှင်းသည် အလွန်ပင် ခေါင်းမာလှပြီး စာနာစိတ်လုံးဝ မရှိသည့် လူငယ်ပင် ဖြစ်တော့သည်။ သူသည် ရန်ဟောင်စွမ်းအားကို အသုံးပြု၍ ပြန်လည်မွေးဖွားခြင်းအဆင့်ကိုပင် သတ်ဖြတ်ခဲ့လေသည်။
“မင်းတို့ ကလန်ခေါင်းဆောင်က သူ့ကြောင့် သေသွားခဲ့တာတောင် မင်းတို့က အဲဒါကို ဂရုစိုက်ပုံမပေါ်ဘူး” အခုနက နောက်ဆုတ်သွားခဲ့ရသည့် ကျူးကလန်မှ တန်ခိုးရှင်က အေးစက်စက် ပြောသည်။
“လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင် ရွေးချယ်မှုအတွက် တာဝန်ယူဖို့ လိုအပ်တယ်။ ကျုပ်တို့ ခေါင်းဆောင်လည်း အဲဒီလိုပဲ။ ကျုပ်က မြို့စားရီကို ဝူကလန်နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဘိုးဘေးနယ်မြေ ပွင့်သွားပြီးတဲ့နောက်မှာ ခေါင်းဆောင်ရဲ့ စိတ်ထဲ သတ်ဖြတ်မယ့် အတွေးတွေပဲ ရှိနေခဲ့တယ်။ ကျုပ်က ဒီနေရာမှာ အမှန်နဲ့အမှားကို ဆုံးဖြတ်လိမ့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျား လိုချင်တဲ့ အဖြေတော့ ရမယ်လို့ ထင်တယ်” ဝူယုံးက တည်ငြိမ်စွာ ပြောသည်။ “ဝူကလန်အတွက်ကတော့ အခုချိန်ကစပြီး ကျုပ် ဝူယုံး ခေါင်းဆောင်အဖြစ် တာဝန်ယူမယ်”
“သိပ်ကောင်းတယ်” ကျုးကလန်၏ ခေါင်းဆောင်က လမ်းလျှောက်လာကာ ပြောသည်။ သူ့ ခန္ဓာကိုယ်မှ အသက်စွမ်းအားများသည် ခြိမ်းခြောက်လုနီးနီး ထွက်ပေါ်လာပြီး လူတိုင်းအပေါ်တွင် ကြီးမားသော ဖိအားဖြစ်စေရန် ကြိုးပမ်းခဲ့သည်။
သူသည် ဝူယုံးဆီသို့ ကြည့်ကာ ပြောသည်။ “အရင်ကလန်ခေါင်းဆောင် သေသွားတာကိုတော့ ကျုပ် ထားလိုက်တော့မယ်။ ဒါပေမဲ့ ဘိုးဘေးနယ်မြေက မျိုးနွယ်စု ကိုးခုအတွက် အဓိက အမွေအနှစ်အဖြစ် နှစ်ပေါင်းများစွာ ရှိလာခဲ့ပေမယ့် အခုတော့ ပျောက်ဆုံးသွားရပြီ။ ဝူယုံး မင်း အဲဒါကိုတော့ ကျုပ်တို့ဆီ ရှင်းပြပေးသင့်တယ် မထင်ဘူးလား”
“ဘိုးဘေးနယ်မြေက ဘာလို့ ပျောက်သွားသလဲ ဆိုတာ ကျုပ်လည်း သေချာမသိဘူး။ ဒါပေမဲ့ မြို့စားရီက အင်ပါယာခွာရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့ပြီး အင်ပါယာခွာရဲ့ အမွေဆက်ခံသူ ဖြစ်လာမှတော့ မျိုးနွယ်စုကိုးခုက အစဉ်အလာအရ ရီဖူရှင်းရဲ့ အမိန့်ကို နာခံလိုက်နာသင့်တယ် မဟုတ်ဘူးလား” ဝူယုံးက ပြောသည်။
ကျူးကလန် ခေါင်းဆောင်သည် ဝူယုံး မေးလိုက်သည့် မေးခွန်းကို ကြားပြီးနောက် သူ့ကို စူးစူးဝါးဝါး ကြည့်သည်။
မျိုးနွယ်စု ကိုးခုတွင် အမှန်တကယ်ပင် ထိုကဲ့သို့ လိုက်နာရမည့် အစဉ်အလာတချို့ ရှိလေသည်။
သို့သော်လည်း မျိုးနွယ်စုကိုးခုသည် အမှန်တကယ်ပင် သူတို့၏ လူများကို ရီဖူရှင်းထံ၌ မည်သို့ လက်အောက်ခံ ဖြစ်စေပြီး ကြိုက်သလို စေခိုင်းခွင့် ပေးနိုင်မည်နည်း။
မျိုးနွယ်စုကိုးခုမှ ခေါင်းဆောင်များ အားလုံးသည် ပြန်လည်မွေးဖွားခြင်း အဆင့်များ ဖြစ်ကြသည်။ သူတို့သည် သွေးနဂါးဘုံ၏ အနောက်ဘက် နယ်မြေကို အုပ်စိုးသည့် အရှင်သခင်များ ဖြစ်ကြသည်။
ရီဖူရှင်းက အင်ပါယာခွာ ချန်ရစ်ခဲ့သည့် ရတနာ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လျှင်ပင် သူတို့သည် ရီဖူရှင်းဆီမှ အတင်းအကျပ် ရယူရန်ဖြစ်စေ သူ့ကို သူတို့ထံ၌ အညံ့ခံလာစေရန် ဖြစ်စေ လုပ်ဆောင်သင့်သည် မဟုတ်ပါလား။
ထိုမျှ ရိုးရှင်းသည့် မေးခွန်းသည် လူတိုင်းတွင် အဖြေရှိပြီး ဖြစ်သင့်ပေသည်။
သူသည် ထိုအရာအတွက် အတွေးလွန်နေရန် မလိုအပ်ပေ။
“မြို့စားရီက တကယ်ပဲ အဲဒီလို လုပ်ခဲ့တယ်ဆိုရင် မျိုးနွယ်ကိုးခုက လက်အောက်ခံဖြစ်ဖို့ သဘောတူမလို့ မဟုတ်ဘူးလား။ မဟုတ်ဘူးဆိုရင် ဘာလို့ ဒီလောက် အများကြီး ဆက်မေးနေရတာလဲ” ဝူယုံးက ဆက်ပြောသည်။ “မျိုးနွယ်ကိုးခုက တန်ခိုးရှင်တွေ အားလုံးကို ဖိတ်ခေါ်ခဲ့ကတည်းက သူတို့က ကျုပ်တို့ကို ကူညီဖို့ ဒီနေရာကို ရောက်နေကြတာပဲ။ အခု နယ်မြေက ပျောက်ဆုံးသွားပြီးဆိုတော့ ကျုပ်တို့လည်း ဒီကိစ္စအားလုံးကို အဆုံးသတ်လိုက်သင့်ပြီ မဟုတ်ဘူးလား”
ဝူယုံးက ရီဖူရှင်းကို ထိုမျှထိ ကာကွယ်ပေးနေလိမ့်မည်ဟု မည်သည့် တန်ခိုးရှင်ကမှ မထင်မှတ်ထားခဲ့ကြပေ။
ရှားရှင်းယွန်နှင့် အခြားလူများသည် ဘာတွေ ဖြစ်ပျက်နေသည်ကို ရိပ်စားမိကြသည်။
ထိုသည်က ရိုးရှင်းပြီး သာမန်ဆန်လှသည်။
“အဲဒီတော့ မင်းဆိုလိုတာက ကျုပ်တို့ မျိုးနွယ်စု ကိုးခုက ဘိုးဘေးနယ်မြေ တစ်ခုလုံး ပျောက်ဆုံးသွားတာတောင် မေးခွင့်မရှိဘူးလား။ ဒီအတိုင်း လွှတ်ပေးလိုက်ရမှာလား” ကျုံးကလန်မှ တန်ခိုးရှင်က ရန်လိုသည့်အသံဖြင့် မေးသည်။
ဝူကလန်၏ ခေါင်းဆောင် သေဆုံးသည်မှာ ဝူကလန်၏ ကိစ္စသာ ဖြစ်၍ သူတို့ လျစ်လျူရှုနိုင်သည်။
သို့သော်လည်း အင်ပါယာခွာ ချန်ရစ်ခဲ့သည့် ဘိုးဘေးနယ်မြေ ပျောက်ဆုံးသွားခြင်းကို သူတို့ မည်ကဲ့သို့ အလွယ်တကူ လွှတ်ပေးနိုင်ပါမည်နည်း။
“ရှင်တို့က ဘာလုပ်ချင်လို့လဲ” ရီဖူရှင်း၏ ဘေးတွင် ရပ်နေသည့် ရှားရှင်းယွန်က အေးစက်သည့် အသံဖြင့် မေးသည်။
မျိုးနွယ်စုကိုးခု၏ အသံကို နားထောင်ရသည်မှာ ရီဖူရှင်းကို လွှတ်ပေးရန် စိတ်မပါကြောင်း သိသာလှပေသည်။
“မြို့စားရီ၊ ကျေးဇူးပြုပြီး အင်ပါယာခွာမြို့မှာ နေခဲ့ပြီးတော့ ဘိုးဘေးနယ်မြေမှာ ဘာတွေ ဖြစ်ခဲ့သလဲ ဖော်ထုတ်ဖို့ မျိုးနွယ်စု ကိုးခုနဲ့ ပူးပေါင်းပေးပါ။ တကယ်လို့ ကျုပ်တို့ စုံစမ်းကြည့်ပြီး ဒီကိစ္စက မြို့စားနဲ့ မသက်ဆိုင်ဘူးဆိုတာ အတည်ပြုပြီးရင် လွှတ်ပေးမယ်” တစ်ယောက်က ပြောသည်။
ရှားရှင်းယွန်သည် သူမ၏ ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်သည်။
ရီဖူရှင်းကို နေခဲ့ခိုင်းလိုသည်တဲ့လား။
ကလန်အားလုံးမှ လူများ သေချာသိနေသည့် အကြောင်းအရာ တစ်ခုခု ရှိနေပြီး ရီဖူရှင်းသည် တစ်စုံတစ်ရာကို ရရှိခဲ့သည်ဟု သူမ သေချာသိလေသည်။
သိသာစွာပင် သူတို့သည် ရီဖူရှင်း အင်ပါယာခွာ၏ နယ်မြေမှ ရလာသည်များကို လိမ်လည် ရယူလိုနေကြသည်။
သူတို့ ရရှိပြီးသည်နှင့် ရီဖူရှင်းကို ရှင်းထုတ် ပစ်ကြလိမ့်မည် ဖြစ်သည်။
ရီဖူရှင်းက ဤနေရာ၌ နေရစ်ခဲ့၍ မရနိုင်ပေ။
“ထွက်သွားစမ်း” ရှားရှင်းယွန်က အေးစက်စက် ပြောသည်။ သူမသည် အေးစက်သည့် စွမ်းအားများကို ထုတ်လွှတ်ကာ ပြောသည်။ “ကျွန်မတို့က ဖိတ်ကြားခံရတာမို့ ဘိုးဘေးနယ်မြေကို လာခဲ့ပြီး ရှင်တို့အတွက် ဝင်ပေါက်ကို ဖွင့်လှစ်ပေးခဲ့ရတယ်။ အဲဒါတောင် ရှင်တို့က ကျွန်မတို့ကို ဒီလိုဆက်ဆံတာလား”
‘သွားစမ်း’ ဟူသော စကားနှစ်ခွန်းက သူမ နှုတ်ဖျားမှ ထွက်ကျလာပြီးနောက်တွင် သူမ၏ စွမ်းအား အငွေ့အသက်များ ထွက်ပေါ်လာသည်။ ကလန်များမှ တန်ခိုးရှင်များ တွေးလိုက်ကြသည်မှာ အင်ပါယာရှားဘုံမှ မင်းသမီးလေးသည် အလွန်ပင် မောက်မာလှပေသည်ဟူ၍ ဖြစ်၏။
သို့သော်လည်း အင်ပါယာရှားဘုံမှ ပြန်လည်မွေးဖွားခြင်း အဆင့် ရှန့်ထိုများ ရောက်လာမည်ကို မကြောက်ရွံ့လျှင်ပင် သူတို့သည် ရှားရှင်းယွန်ကို ထိရဲခြင်း မရှိကြပေ။
အကယ်၍ သူတို့သာ ရန်ဟောင်တစ်ပါး၏ သမီးတော်ကို ထိရဲပါက အင်ပါယာရှားသည် လက်စားချေရန်အတွက် ရောက်ရှိလာခဲ့လျှင်ပင် သွေးနဂါးအင်ပါယာက ဘေးထွက်နေလိမ့်မည် ဖြစ်သည်။
ရီဖူရှင်းသည်လည်း အေးစက်စွာ ကြည့်သည်။ သူသည် ကလန်များအားလုံးက ဤနည်းလမ်းကို သုံးလိမ့်မည် ဆိုသည်အား ခန့်မှန်းခဲ့ပြီး ဖြစ်သည်။
သူတို့၏ ဘက်မှ အမြင်အနေနှင့် သူတို့သည် အင်ပါယာခွာ၏ အမွေအနှစ်ကို သူတို့အပိုင်အဖြစ် လိုချင်ကြသည်။ သူတို့ မယူဆောင်နိုင်ခြင်းကြောင့်သာ အပြင်လူများကို ဖိတ်ခေါ်ခဲ့ကြခြင်း ဖြစ်ပေသည်။
လေထုအခြေအနေက အတန်ငယ် စိတ်မချမ်းမြေ့ဖွယ် ဖြစ်လာသည်။ ဆန်းထျန်ကျန့်သည် ရီဖူရှင်း၏ ရှေ့တွင် ပေါ်လာပြီး ဝူယုံးနှင့်အတူ ရပ်သည်။ သူတို့နှစ်ယောက်လုံးသည် ပြန်လည်မွေးဖွားခြင်း အဆင့်များ ဖြစ်ကြသည်။
သို့သော်လည်း အခြားသော ကလန်ရှစ်ခုနှင့် ယှဉ်ရလျှင် သူတို့၏ စွမ်းအားမှာ ညွှန်းဆိုရန်ပင် ထိုက်တန်ခြင်း ရှိပုံမပေါ်ပေ။
“မြို့စားရီ၊ မင်းက ကျုပ်တို့ကို အခက်တွေ့အောင် လုပ်နေတာပဲ” ကျူးကလန်မှ တန်ခိုးရှင်က ဖြည်းညင်းစွာ ပြောသည်။
“ဒါက ခင်ဗျားတို့ ဧည့်သည်တွေကို ဆက်ဆံတဲ့ နည်းလမ်းလား”
ထိုအခိုက်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။ လူအများသည် အသံထွက်ပေါ်လာရာကို ကြည့်လိုက်ကြပြီး အသံရှင်ကို မြင်သည့်အခါ အံ့သြကုန်ကြ၏။
ထိုမေးခွန်းကို မေးလိုက်သည့်သူမှာ အင်ပါယာတုန်းနန်းတော်မှ မင်းသား သွမ့်ဝူကျီပင် ဖြစ်၏။
ကလန်များမှ လူတို့သည် သူက တစ်ခုခု ဝင်ရောက် ပြောဆိုလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ ကျုံးကလန်မှ တန်ခိုးရှင်က သွမ့်ဝူကျီကို ပြောသည်။ “အရှင်မင်းသား၊ ဒီကိစ္စက ကျုပ်တို့ မျိုးနွယ်စုကိုးခုရဲ့ ဘိုးဘေးနယ်မြေနဲ့ သက်ဆိုင်နေပါတယ်။ ကျုပ်တို့ ဒီကိစ္စအကြောင်းကို သတိထား စစ်ဆေးမှရမယ်”
ကျုံးကလန်သည် အင်ပါယာတုန်း နန်းတော်နှင့် ပူးပေါင်းခဲ့သော ကလန်ဖြစ်သည်။ ဤအချိန်၌ သူတို့သည် သွမ့်ဝူကျီအပေါ်တွင် အမှား မကျူးလွန်ချင်ကြပေ။
သွမ့်ဝူကျီ၏ အင်အားစုက အခြားဘုံမှ မဟုတ်ဘဲ သွေးနဂါးဘုံ အရှေ့ဘက်ကို အုပ်စိုးသည့် ရန်ဟောင် အင်အားစုပင် ဖြစ်သည်။
သွမ့်ဝူကျီသည် ဖျတ်ခနဲ ပြုံးကာ ပြောသည်။ “ကျုပ်တို့ကို အင်ပါယာခွာရဲ့ အမွေအနှစ် လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ခင်ဗျားတို့က ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ ကြည့်ရတာတော့ ကျုပ်တို့ထဲက တစ်ယောက်ယောက်က အောင်မြင်ခဲ့ရင်တောင် ခင်ဗျားတို့က အဲဒီလူကို အလွတ်ပေးဖို့ ဆန္ဒမရှိကြဘူးပဲ။ ဒါက ပူးပေါင်းတယ်ဆိုတဲ့ စကားနဲ့ မကိုက်ညီတော့ဘူး။ တကယ်လို့သာ ကျုပ်က ဒီနေ့ဖြစ်ပျက်သမျှကို လုပ်ဆောင်နိုင်ခဲ့တဲ့လူ ဖြစ်နေခဲ့ရင် အခုလို အခြေအနေမျိုးကို ရင်ဆိုင်ရမယ့်လူက ကျုပ် ဖြစ်နေမှာမလား”
သွမ့်ဝူကျီ၏ စကားများကို နားထောင်ပြီးနောက်တွင် ကျုံးကလန်မှ လူများသည် မည်သို့ ပြန်လည် ဖြေကြားရမည်ကို မသိရှိတော့ပေ။ အကယ်၍သာ သွမ့်ဝူကျီက ဘိုးဘေးနယ်မြေ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်သူ ဖြစ်ခဲ့လျှင် သူတို့က သူ့ကို ဖိအားပေးပြီး အတင်းနေခိုင်းခဲ့လိမ့်မလား။
“လူတိုင်းပဲ ဒီလောက်နဲ့ အဆုံးသတ်လိုက်ကြရအောင်” သွမ့်ဝူကျီက တည်ငြိမ်စွာ ပြောသည်။ ရီဖူရှင်းပင်လျှင် အံ့သြမှုများဖြင့် သူ့ကို လှမ်းကြည့်လိုက်မိလေသည်။ သွမ့်ဝူကျီက သူ့အတွက် ပြောပေးလိမ့်မည်ဟု သူ မျှော်လင့်မထားမိပေ။
ဘိုးဘေးနယ်မြေ တိုက်ပွဲအတွင်းတွင် သွမ့်ဝူကျီသည် ရီဖူရှင်းကြောင့် ရှုံးနိမ့်ခဲ့ရပြီး သူ၏ လမ်းစဉ်မီးတောက်ဖြင့်ပင် လောင်ကျွမ်းခံခဲ့ရသည်။
“အရှင်မင်းသား၊ ဒီကိစ္စက ကျုပ်တို့ မျိုးနွယ်စုကိုးခုရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေပါတယ်” ကျုံးကလန်မှ တန်ခိုးရှင်တစ်ဦးက ပြောသည်။ သိသာစွာပင် သူတို့သည် သွမ့်ဝူကျီက သူ၏ ရပ်တည်မှုကို ဖော်ပြခဲ့လျှင်ပင် ရီဖူရှင်းကို လွှတ်ပေးလိုခြင်း မရှိကြသေးပေ။
“ကျုပ် သိတာတော့ ဒီမှာ ပြင်ပအကူအညီသာ မပါရင် မျိုးနွယ်စုကိုးခုက ဘိုးဘေးနယ်မြေထဲကို ခြေတောင် ချနိုင်မှာ မဟုတ်ဘူးလားလို့” သွမ့်ဝူကျီက ပြောသည်။ “မျိုးနွယ်စုကိုးခုက တကယ့်ကိုပဲ စေတနာထက်သန်တယ် ဆိုရင် အင်ပါယာခွာရဲ့ အမွေအနှစ်ကို ကျုပ်တို့နဲ့ အတူ မျှဝေပေးလိုက်ရင်ရော ဘယ်လိုလဲ”
“အရှင်မင်းသား၊ ဒါက အင်ပါယာတုန်းနန်းတော် ပါဝင်ပတ်သက်ရမယ့် ကိစ္စမဟုတ်ဘူး” ကျူးကလန် ခေါင်းဆောင်က ပြောသည်။
“ကျုပ်က ဒီခရီးစဉ်ကို လာခဲ့မိမှတော့ ကျုပ်လည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတာပဲလေ” သွမ့်ဝူကျီက ပြောသည်။
“သူပြောတာ မှန်တယ်။ ကျွန်မတို့ကို ဘိုးဘေးနယ်မြေဆီ လာဖို့ ဖိတ်ကြားခံရမှတော့ ဒီကိစ္စက ကျွန်မတို့နဲ့ ပတ်သက်တယ်။ မျိုးနွယ်စုကိုးခုရဲ့ ဂုဏ်သိက္ခာကို မစွန်းထင်းစေချင်ရင် ဒီကိစ္စကို ထားခဲ့လိုက်သင့်ပြီ” နောက်ထပ် အသံတစ်ခုက ပြောသည်။ ကလန်များမှ လူအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။ အသံရှင်သည် နောက်ထပ် ရန်ဟောင်မျိုးဆက် ဖြစ်သော အင်ပါယာဝူမှ မင်းသမီး ရင်ထျန်းကျောက် ဖြစ်သည်။
ဤနှစ်ယောက်လုံးသည် ရီဖူရှင်းအတွက် အသန်မာဆုံး ပြိုင်ဘက်များ ဖြစ်ကြသော်လည်း ရီဖူရှင်းကြောင့် ရှုံးနိမ့်ခဲ့ကြရသည်။
ယခုတွင် ထိုနှစ်ယောက်လုံးက ရီဖူရှင်းအတွက် ပြောပေးနေသည်။
ဤသည်က လူစွမ်းကောင်းများ အကြားက အချင်းချင်း လေးစားမှု ဆိုသည်များလား။
မျိုးနွယ်စုများမှ လူများအတွက် စတင်၍ ခက်ခဲလာပုံ ရပေသည်။ အင်ပါယာရှားဘုံမှ လူများ၊ ချန်ယဲ့မြို့မှ တန်ခိုးရှင်များ၊ ဝူယုံးနှင့် ဝူကလန်မှ အခြားလူများအပြင် ရန်ဟောင်ဘုံမှ မျိုးဆက်နှစ်ဦးပင် ရှိနေသေး၏။ ထိုကဲ့သို့ အသင်းအဖွဲ့၏ အင်အားမှာ လုံလောက်သည်ထက်ပင် ပိုနေပြီ ဖြစ်သည်။
ရှားရှင်းယွန်သည် ရင်ထျန်းကျောက်က ဝင်၍ စကားကူ ပြောပေးသည်ကို မြင်လျှင် ရီဖူရှင်းကို တစ်ချက် လှမ်းကြည့်သည်။
ရီဖူရှင်း၏ မျက်နှာထက်တွင်လည်း ထူးဆန်းသော အမူအရာ ရှိနေသည်။
သိသာစွာပင် ဤအရာများမှာ သူ၏ ခန့်မှန်းချက်မှ ကျော်လွန်နေသည်။ ရင်ထျန်းကျောက်သည် ဘိုးဘေးနယ်မြေ တိုက်ပွဲအတွင်း၌ သူ့ကို မသက်ညှာခဲ့ပေ။
သို့သော်လည်း ယနေ့တွင် ထိုအစွမ်းထက် တန်ခိုးရှင်နှစ်ဦးက သူ့အတွက် ကူညီ၍ ပြောပေးလိမ့်မည်ဟု မည်သူက မျှော်လင့်မိနိုင်မည်နည်း။
***