“ဒါက …” လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ထိတ်လန့်နေကြသည်။ သူတို့ အကြားမှ သံသယကင်းစင်ခြင်း အဆင့် ရှန့်ထိုများပင်လျှင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မည်သည့်အခါကမှ မမြင်ဖူးခဲ့ပေ။
နေမင်းရဲတိုက် အထက်မှ နေမင်းကြီးသည် တွင်းနက်ကြီးကဲ့သို့ ပြောင်းလဲသွားပြီး ဘိုးဘေးနယ်မြေအတွင်းရှိ မီးတောက်စွမ်းအားများ အားလုံးကို ဝါးမျိုနေသည်။ သူတို့၏ ကိုယ်ပိုင် မီးတောက်စွမ်းအားများကိုပင်လျှင် ဆွဲထုတ်သွားပြီး စုပ်ယူ ခံနေရသကဲ့သို့ ထင်မှတ်ရသည်။
ကျင့်ကြံနေသည့် ဝူယုံးသည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး အဝေးမှ ထိုမြင်ကွင်းကို မော့ကြည့်သည်။ သူသည် အဆုံးမဲ့မီးလျှံများ အတွင်း လွှမ်းခြုံခံထားရသလို သူ့ဝတ်ရုံသည်လည်း လေထဲတွင် မျောလွင့်နေသည်။ သူ၏ မျက်လုံးများထဲတွင် ပြည့်နေသည့် မီးတောက်စွမ်းအားများသည် အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။
သူ အောင်မြင်သွားခဲ့သည်လား။
နှစ်များစွာ ကျော်လွန်ပြီး လူအများသည် ဘိုးဘေးနယ်မြေသို့ ဝင်ရောက်နိုင်စွမ်း ရှိသော်လည်း မည်သူကမှ ထိုနေရာ၌ ရှိနေသည့် လျှို့ဝှက်ချက်ကို အမှန်တကယ် ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း ဤတစ်ကြိမ်၌ သူတို့ ခေါ်ဆောင်လာခဲ့သည့် ချန်ယဲ့မြို့မှ ရီဖူရှင်းသည် ဘိုးဘေးနယ်မြေ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လိမ့်မည်လား။
နှိုင်းယှဉ်၍မရအောင် ပူပြင်းသည် နေရောင်ခြည်သည် သူ့ကို ရစ်ပတ်နေသည်။ ဝူယုံး၏ စိတ်ထဲတွင် များပြားလှသော အတွေးများ ဖြတ်ပြေးနေသည်။
ဘိုးဘေးနယ်မြေသို့ လာခဲ့သည့် ဤခရီးသည် အပြောင်းအလဲ လှည့်ကွက်များနှင့် ပြည့်နှက်နေသည်။ လူအများက အထင်သေးခြင်းကို ခံခဲ့ရသည့် ရီဖူရှင်းသည် အခြားသော တန်ခိုးရှင် ရှစ်ယောက်ကို အနိုင်တိုက်နိုင်ခဲ့ကာ ဘိုးဘေးနယ်မြေသို့ ဝင်ရောက်နိုင်ခဲ့ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ နောက်ပိုင်းတွင် မျိုးနွယ်ခေါင်းဆောင်သည် အမွေအနှစ်ကို သူကိုယ်တိုင် ဆက်ခံလိုသည့်အတွက် ရီဖူရှင်းကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း သူပင်လျှင် အသတ်ခံရသူ ဖြစ်ခဲ့သည်။
ထို့နောက် ဝူယုံးကို မျိုးနွယ်ခေါင်းဆောင် အဖြစ် တင်မြှောက်ပေးခဲ့ပြီး အမွေအနှစ်ကို ဆက်ခံစေခဲ့သည်။
ယခုတွင် ဘိုးဘေးနယ်မြေ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ကြိုးစားနေသည်။
ရီဖူရှင်းသည် အင်ပါယာရှားဘုံမှ လာသည်ဟု ပြောကြသည်။
မျိုးနွယ်စုကိုးခုသည် အားလုံး တစ်နေရာတည်းတွင် ရှိကြသည်။ သူတို့သည် တစ်ချိန်က အင်ပါယာခွာ၏ နောက်သို့ လိုက်ကာ အမှုထမ်းခဲ့သည်။ အင်ပါယာခွာ ကျဆုံးသွားခဲ့လျှင်ပင် သူတို့သည် သွေးနဂါးဘုံ၏ အနောက်ဘက်ပိုင်းကို လွှမ်းမိုးထားနိုင်ဆဲ ဖြစ်၏။
သို့ရာတွင် ကျယ်ပြောလှသည့် လောကတစ်ခွင်တွင် များပြားလှသော လူစွမ်းကောင်းပုဂ္ဂိုလ်များ ရှိကြသည်။ ချန်ယဲ့မြို့မှ ရီဖူရှင်းသည် သူ၏ ပြိုင်ဘက်အားလုံးကို ရှုံးနိမ့်စေခဲ့သည့်အပြင် ပြန်လည်မွေးဖွားခြင်း အဆင့် ပုဂ္ဂိုလ်တစ်ဦးကိုပင် သတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
ဝူယုံးသည် ဤမျှ မြင့်မားသောအဆင့်ထိ ကျင့်ကြံခဲ့ပြီးလျှင်ပင် ရီဖူရှင်းကို ကြောက်ရွံ့လေးစားမိနေဆဲ ဖြစ်သည်။ သူသည် နေရောင်ခြည်များ၏ အလယ်တွင် ရှိနေလျှင် အားလုံးကို လွယ်ကူစွာ ဝါးမျိုလိမ့်မည် ဖြစ်သည်။
ကမ္ဘာကြီးအား အမှောင်ထုက ပို၍ ကြီးစိုးလာသည်။ တွင်းနက်ကြီးသည် အဆုံးမရှိသကဲ့သို့ နေလုံးကြီးအတွင်းသို့ ကြမ်းတမ်းစွာ ဝါးမျိုနေသည်။
ရီဖူရှင်းသည် ထိုနေရာ၌ တင်ပျဉ်ခွေကာ ထိုင်နေသည်။ သူသည်လည်း နေမင်းအတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ ထင်မှတ်ရပေသည်။ ဤသည်မှာ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းဖြစ်၏။
ထိုအခိုက်တွင် သူ၏ အတွေးများ အားလုံးသည် မီးဝိညာဉ်လုံးတစ်ခု ပေါ်တွင်သာ စုစည်းထားလေသည်။ ထိုအချိန်တွင်တော့ သူသည် ဤအရာက မည်သည့်အရာ ဖြစ်သည်ကို သိရှိပြီး ဖေးရွှီ၏ ကိုယ်တွင်း၌ ရှိနေသည့် အရာနှင့် ဆင်တူသည်ကို သေချာသွားခဲ့သည်။ ၎င်းတွင် အမှန်တကယ်ပင် ကြောက်မက်ဖွယ် စွမ်းအား ပါဝင်နေပေသည်။
ထို့အပြင် သူ၏ သက်စောင့်ဝိညာဉ်သည် ထိုအရာနှင့် တစ်သားတည်း ဖြစ်နေခဲ့သည်။ မည်သူက ဤသက်စောင့်ဝိညာဉ်ကို လွှဲပြောင်း ပေးခဲ့သည်ကို သူ မသိရှိပေ။
အဆုံးမဲ့သစ်ရွက်များနှင့် အကိုင်းအခက်များက ရီဖူရှင်းထံမှ ထွက်ပေါ်လာကာ နေမင်းထံသို့ ဦးတည်လျက် အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ၎င်းတို့သည် နေမင်း၏ အလယ်ဗဟိုသို့ ရောက်အောင် ဆန့်ထွက်သွားပြီး ထိုအရာ၏ စိတ်ဝိညာဉ်စွမ်းအားများ အတွင်းသို့ ဝင်ရောက်သွားသည်။ သူတို့သည် အဆက်မပြတ် ပျက်စီးသွားလိုက် ပြန်လည်မွေးဖွားလာလိုက် ဖြစ်ပျက်နေသည်။ ယင်းတို့သည် အရှုံးမပေးဘဲ မီးဝိညာဉ်လုံးထံသို့ ဆက်လက် တိုးဝင်သွားပြီး ထိုအတွင်းမှ စွမ်းအားများကို တဖြည်းဖြည်းချင်း ဝါးမျိုနေသည်ဟု ထင်မှတ်ရသည်။ ၎င်းတို့သည် စွမ်းအားများကို အလိုအလျောက် သန့်စင်ပစ်နေသည်ဟု ထင်မြင်ရသည်။
သို့သော်လည်း မီးဝိညာဉ်လုံးနှင့် တူသော ထိုအရာသည် တစ်ချိန်တည်းမှာပင် နေရာတစ်ခုလုံးရှိ မီးတောက်များကို ဝါးမျိုပစ်နေသည်။ သူ သန့်စင်ခဲ့ပြီးသော စွမ်းအားများသည်ပင် စုပ်ယူခံနေရ၏။ သူသည် ထိုဖြစ်စဉ်ကို မရပ်တန့်နိုင်ပေ။
သူသည် နေမင်းအတွင်း၌ ထိုင်နေသည်ဟုသာလျှင် ခံစားမိနိုင်သော်လည်း သူ၏ ကမ္ဘာ့သစ်ပင် သက်စောင့်ဝိညာဉ်သည် မီးဝိညာဉ်လုံးကို သူ့ထံသို့ တဖြည်းဖြည်း လိမ့်လာစေရန် လုပ်ဆောင်နေသည်။ ရီဖူရှင်း၏ နှလုံးသားက ပြင်းထန်စွာ ခုန်လှုပ်နေသည်။ လောကရှိမီးတောက်များ အားလုံးက စုပ်ယူခံနေရသကဲ့သို့ပင် ဖြစ်သည်။ သူသည် တွင်းနက်ကြီးနှင့် တူနေပေသည်။
သို့သော်လည်း ဤအရာက သူ၏ စွမ်းအားနှင့် လုပ်ဆောင်နိုင်ခြင်း ရှိသည့် အရာမဟုတ်သည်ကို ရီဖူရှင်း နားလည်ပေသည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ အင်ပါယာခွာ၏ ပုံရိပ်သည်လည်း နေမင်း၏ ဝါးမျိုမှုကို ခံနေရသည်အား သူ ခံစားလိုက်နိုင်သောကြောင့် ဖြစ်ပေသည်။
ထိုအချိန်တွင် ပုံရိပ်သည် အလွန်ပင် ပြတ်သားလာသည်။ ၎င်းသည် အင်ပါယာခွာ၏ အစစ်အမှန် စွမ်းအားအဖြစ် ဖြစ်တည်လာပုံ ရလေသည်။ သို့သော်လည်း တစ်ချိန်တည်းတွင် ၎င်းသည် ကြောက်မက်ဖွယ် အဖျက်စွမ်းအားများ၏ တဖြည်းဖြည်း ဝါးမျိုမှုကို ခံနေရပေသည်။
အပြင်ဘက်လောကတွင် အလင်းရောင် တစ်စမျှ မရှိတော့သည်အထိ အရာအားလုံးသည် ပို၍ မှောင်မိုက်လာသည်။
အလင်းရောင်အားလုံးသည် တွင်းနက်ကြီး၏ ဝါးမျိုခြင်းကို ခံနေရပေသည်။
ဝူမျိုးနွယ်၏ တန်ခိုးရှင်များသည် ထိုနေရာတွင်ပင် မလှုပ်မယှက် ရပ်နေပြီး လေက သူတို့၏ အဝတ်များ တဖျပ်ဖျပ် လွင့်သည်ထိ တိုက်ခတ်နေသည်ကို ခွင့်ပြုထားပြီး အသံများလည်း တရှဲရှဲ မြည်နေပေသည်။ တိုက်ခတ်နေသည့် လေသည် လောင်ကျွမ်း ပူပြင်းနေသည်။
“ဝူယုံး” အမှောင်ထု အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။ မီးတောက်မီးလျှံများနှင့် တူသော ဝူယုံး၏ မျက်လုံးများသည် အမှောင်ထု အတွင်းသို့ ကြည့်သည်။ ယင်းအခြေအနေသည် နေကြတ်သွားသည်နှင့် တူပေသည်။
“ကျုပ် ဒီမှာရှိပါတယ်” ဝူယုံးက ပြန်ဖြေသည်။ ထွက်ပေါ်လာသည့် အသံသည် မုန်တိုင်းအလယ်ဗဟိုရှိ ရီဖူရှင်းထံမှ ဖြစ်ကြောင်း သူ ပြောနိုင်ပေသည်။
“ဖမ်းလိုက်” ရီဖူရှင်း၏ အသံက တစ်ဖန် ထွက်ပေါ်လာသည်။ တောက်ပသည့် အလင်းများက ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ ဝူယုံးသည် ထိုနေရာ၌ ရပ်နေသော ပုံရိပ်ကို ရေးရေးမျှ မြင်နိုင်ပြီး ၎င်းသည် အင်ပါယာခွာ၏ ပုံရိပ်နှင့် တူလှပေသည်။
ပုံရိပ်သည် သူ၏ ခန္ဓာကိုယ် အတွင်းသို့ အလင်းတန်း တစ်ခုသဖွယ် ဝင်ရောက်သွားခဲ့သည်။
ကြောက်မက်ဖွယ် လမ်းစဉ်မီးတောက်များက သူ့ခန္ဓာကိုယ်ကို ဖြတ်ကာ လောင်ကျွမ်းနေပြီး နတ်ဘုရားမီးတောက်များနှင့် တူပေသည်။ သူ့မျက်လုံးများကို ပိတ်ပစ်လိုက်ရသည် အထိ ယင်းသည် အလွန်ပင် တောက်ပနေသည်။ သူသည် မီးတောက်များ သူ့အား လောင်ကျွမ်းနေသည်ကို ခွင့်ပြုထားသည်။ သူ့ခန္ဓာကိုယ်မှာ ဘာမှမရှိတော့သည် အထိ လောင်ကျွမ်းသွားတော့မလိုပင် ခံစားလိုက်ရသည်။
သူ၏ အရှိန်အဝါသည် တဖြည်းဖြည်း အားနည်းသွားပြီး သာမန်လူကဲ့သို့ ဆုတ်ယုတ် သွားလေသည်။ ကြည့်ရသည်မှာ သူသည် မဟာလမ်းစဉ် မီးတောက်များနှင့် သေသည်အထိ လောင်ကျွမ်း ခံရတော့မလိုပင် ဖြစ်သည်။
သို့ရာတွင် သူ အားအနည်းဆုံး အခြေအနေသို့ ရောက်လာသည့် အခိုက်အတန့်တွင် ပို၍ အစွမ်းထက်သော မီးတောက်များသည် အလင်းတန်းများသဖွယ် ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။
အမှောင်ထုကို ဖြတ်ကာ ဝူယုံး၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်များ ထိုးထွက်လာ၍ တိမ်တိုက်များဆီသို့ ရောက်ရှိသွားသည်။ သူ့မျက်လုံးများက ပို၍ပင် တောက်ပလာပြီး မီးလျှံများ အဖြစ်သို့ ပြောင်းလဲသွားသည်။
“ပြန်လည် မွေးဖွားခြင်းအဆင့်” သူ့အနောက်မှ ဝူမျိုးနွယ် တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် သူတို့၏ နှလုံးသားမှာ တုန်ယင်လာသည်။
ယခုတွင် ဝူမျိုးနွယ်၏ ခေါင်းဆောင်က ကျဆုံးသွားခဲ့ပြီး ဝူယုံးက သူ့နေရာကို ဆက်ခံခဲ့သည်။
ရီဖူရှင်းသည် ပြန်လည် မွေးဖွားခြင်းအဆင့် တစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး အခြားတစ်ယောက်ကို ပြန်လည်မွေးဖွားခြင်း အဆင့် ဖြစ်စေရန် လုပ်ဆောင် ပေးခဲ့သည်လား။
ဤသည်မှာ ရီဖူရှင်း၏ စွမ်းအား တစ်ခုတည်းကြောင့် မဟုတ်ဘဲ ဝူယုံး၏ အဆင့်သည် ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်ရှိရန် အလွန်နီးကပ်နေပြီး သူ၏ စွမ်းအားနှင့် စိတ်ဝိညာဉ်ကို သန့်စင်ပေးခြင်း ခံလိုက်ရသည့်အခါ နောက်အဆင့်၏ အတားအဆီးကို ချိုးဖျက် ဝင်ရောက်သွားစေကာ မဟာလမ်းစဉ်၏ နောက်ဆုံး ခြေလှမ်းဖြစ်သော ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိခဲ့လေသည်။
“ကျေးဇူးပါ၊ မြို့စားရီ” ဝူယုံးက ရှင်းလင်းပြတ်သားစွာ ပြောသည်။ သူ၏ ပြန်လည်မွေးဖွားခြင်း အဆင့် အရှိန်အဝါ ထွက်ပေါ် ဖြန့်ကြက်လာပြီး ထိုအရှိန်အဝါသည် အသတ်ခံလိုက်ရသည့် ဝူမျိုးနွယ် ခေါင်းဆောင်ထက် အားနည်းခြင်း မရှိပေ။
သူသည် ရီဖူရှင်းရှိရာသို့ မော့ကြည့်လိုက်ပြီး သူသည် သူ့မျက်လုံးများကိုပင် စူးရှသွားစေသည့် စွမ်းအားကြီး အလင်းရောင်စဉ်တန်းကို မြင်လိုက်ရသည်။ သူတို့တွေသည် မည်သည့်အရာကိုမှ မြင်နိုင်စွမ်း မရှိကြပေ။ ခဏအကြာတွင် ကမ္ဘာကြီးသည် မှောင်မိုက်လာပြီး နေမင်းရဲတိုက်သည် အပြီးတိုင် ပျောက်ကွယ်လာသည်။
သို့သော် ထိုအခိုက်အတန့် ပြီးနောက်၌ အခြားသော စွမ်းအားပြည့် အလင်းရောင်စဉ်တန်းသည် နေမင်းထံမှ ကျဆင်းလာသည်။
လူတိုင်းသည် သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ပြီး သူတို့၏ အနီးတစ်ဝိုက်ကို ကြည့်သည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့သည် သူတို့၏ မျက်လုံးကိုပင် မယုံချင်ကြတော့ပေ။
နေမင်းရဲတိုက်သည် ပျောက်ဆုံးသွားခဲ့ပြီး ကောင်းကင်တွင် ချိတ်ဆွဲထားသည့် နေမင်းသည် နေမင်းရဲတိုက်၏ နေလုံးကြီး မဟုတ်တော့ဘဲ သွေးနဂါးဘုံ၏ နေမင်း ဖြစ်နေလေသည်။
တိုက်ခတ်နေသည့် လေသည် ပူလောင်နေဆဲ ဖြစ်သော်လည်း အစောပိုင်းကကဲ့သို့ မဟုတ်တော့ပေ။ သူတို့သည် နေမင်းရဲတိုက်က ပျောက်ဆုံးသွားခဲ့ပြီကို သိလိုက်ကြသည်။
ထို့ပြင် နေမင်းရဲတိုက် တစ်ခုတည်းသာမက ဘိုးဘေးနယ်မြေ၏ အပျက်အစီးနယ်မြေ အားလုံးသည်လည်း မည်သည့်အခါကမှ မတည်ရှိခဲ့ဖူး သကဲ့သို့ ပျောက်ကွယ် သွားခဲ့လေသည်။
ဖြစ်ပျက်သွားသမျှ အရာရာသည် အိပ်မက်နှင့် အလားသဏ္ဌာန် တူပေသည်။
ရှေ့တည့်တည့်မှ ပုံရိပ်တစ်ခုသည် သူတို့ထံသို့ လျှောက်လာနေသည်။ တန်ခိုးရှင်တို့သည် သူ့ကို ကြည့်လိုက်ပြီး သူတို့၏ မျက်နှာထက်တွင် ထိတ်လန့် တုန်လှုပ်သည့် အကြည့်များ ပေါ်ပေါက်လာသည်။
ရီဖူရှင်းသည် တစ်ခုခု ပြောင်းလဲသွားပုံ ပေါ်သော်လည်း ဘာတွေ ပြောင်းလဲသွားသည်ကို ရေရေရာရာ မပြောနိုင်ကြပေ။ အရာအားလုံးက တူညီနေသကဲ့သို့ ဖြစ်သည်။ သူတို့ ရှေ့မှ ဆံပင်ငွေဖြူရောင်နှင့် လူငယ်သည် နေကိုပင် ဝါးမျိုခဲ့သူ ဖြစ်ကြောင်း စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ပေ။
“မြို့စားရီ” ဝူယုံးက ခေါ်သည်။ သူနှင့် ဝူမျိုးနွယ် တန်ခိုးရှင်များ ရီဖူရှင်းကို ကြည့်သည်က၊ ယခင်ကနှင့် လုံးဝ ကွဲပြားလေသည်။
အပျက်အစီး နယ်မြေသို့ လာခဲ့သည့် ဤခရီးစဉ်သည် သူတို့ကို ပြင်းထန်စွာ လှုပ်ရှား စေနိုင်ခဲ့ပေသည်။
“ပြန်လည်မွေးဖွားခြင်း အဆင့်ကို ရောက်သွားလို့ ဂုဏ်ပြုပါတယ် မျိုးနွယ်ခေါင်းဆောင်” ရီဖူရှင်းက အပြုံးနှင့် ပြောသည်။
ဝူယုံးသည် ခေါင်းကို ခါယမ်းလိုက်ပြီး သူတစ်ခုခု ပြောချင်သော်လည်း ခံစားချက်များ များပြားနေသောကြောင့် သူ့ပါးစပ်ကို မဖွင့်ဟနိုင်ခဲ့ပေ။ ထို့အစား သူသည် လှည့်လိုက်ပြီး အဝေး ကောင်းကင်တစ်နေရာမှ လူတစ်စု သူတို့ဆီသို့ လာနေသည်ကို ကြည့်လိုက်၏။ သူတို့သည် မျိုးနွယ်စု ကိုးခုမှ တန်ခိုးရှင်များနှင့် ရီဖူရှင်းအား ရှုံးနိမ့်ခဲ့သည့် အခြားတန်ခိုးရှင် ရှစ်ယောက် ဖြစ်ပေသည်။
မျိုးနွယ်စုကိုးခုမှ တန်ခိုးရှင်များသည် သူတို့ကို စူးရှစွာ ကြည့်သည်။ သူတို့၏ အကြည့်များသည် ရီဖူရှင်းနှင့် အခြားလူများထံသို့ သိမ်းကျုံး ကျရောက်နေသည်။ ကျူးကလန်မှ တန်ခိုးရှင်က အရင်ဆုံး စကားပြောသည်။
“ဘယ်လိုဖြစ်ရတာလဲ ဝူယုံး”
ဤအချိန်တွင် သူတို့ထဲက မည်သူမှ တည်ငြိမ် မနေနိုင်ပေ။ ဘိုးဘေးနယ်မြေများ ပျောက်ဆုံးသွားခြင်း ဖြစ်ပေသည်။
နောက်ပိုင်းတွင် သူတို့ မည်ကဲ့သို့ ဝင်ပေါက်ကို ဖွင့်ရတော့မည်နည်း။
“မသေချာဘူး” ဝူယုံးက တိုက်ရိုက်ပင် ပြန်ဖြေသည်။
“မင်း မသိဘူးလား” ကျုးမျိုးနွယ် တန်ခိုးရှင်က မျက်မှောင်ကြုတ်သည်။ ဝူယုံးသည် ဘိုးဘေးနယ်မြေသို့ ဝင်ရောက်သွားခဲ့သော်လည်း သူသည် ထိုနေရာ၌ ဖြစ်ပျက်ခဲ့သည်များအား မသိဟု ဆိုနေသည်လား။
ရင်ထျန်းကျောက်နှင့် သွမ့်ဝူကျီသည် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ဤလူက ဘိုးဘေးနယ်မြေ အတွင်း၌ အင်ပါယာခွာ ချန်ရစ်ခဲ့သည့် အမွေအနှစ်ကို ရှာဖွေတွေ့ရှိ သွားသည်များ ဖြစ်နိုင်သလား။
သူတို့သည်သာ ဤသည်ကို အံ့အားသင့်နေခြင်း မဟုတ်ပေ။ မျိုးနွယ်စုရှစ်ခုမှ တန်ခိုးရှင်များ အပါအဝင် အခြားတန်ခိုးရှင်များ သည်လည်း ရီဖူရှင်းကို ကြည့်လိုက်ကြသည်။
ရီဖူရှင်းသည် ဘိုးဘေးနယ်မြေကို ဖွင့်လှစ်ပေးခဲ့သူ ဖြစ်သည်။ သူမှ မဟုတ်လျှင် မည်သူ ဖြစ်မည်နည်း။
ကျူးမျိုးနွယ်မှ တန်ခိုးရှင်သည် တစ်ခုခုကို သတိပြုမိသွားပုံ ရကာ ရုတ်တရက် မေးသည်။ “မင်းတို့ရဲ့ ခေါင်းဆောင် ဘယ်မှာလဲ” အခြားလူများလည်း သတိပြု မိသွားကြသည်။ ဝူမျိုးနွယ်တွင် ပျောက်ဆုံးနေသည့် အဖွဲ့ဝင် ရှိနေပေသည်။
ထို့ပြင် ထိုအဖွဲ့ဝင်သည် သူတို့၏ ခေါင်းဆောင် ဖြစ်သည်။ သူသည် လေထဲတွင် ပျောက်ကွယ် သွားသကဲ့သို့ ဖြစ်ပေသည်။
အဝေးတစ်နေရာမှ အခြားသောလူများ ပျံသန်းလာသည့် အသံကို ကြားလိုက်ကြရသည်။ ပို၍ များပြားသော တန်ခိုးရှင်များ လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာသည်။ ထိုလူအုပ်သည် အပြင်ဘက်၌ လပေါင်းများစွာ ကြာအောင် စောင့်နေခဲ့ရသည့် သူများ ဖြစ်သည်။
အခြားသော မျိုးနွယ်ရှစ်ခုမှ လူများနှင့် အခြား အင်အားစုများမှ တန်ခိုးရှင်များ အားလုံး ဆင်းသက်လာကြသည်။
ရှားရှင်းယွန်နှင့် ဆန်းထျန်ကျန့်သည်လည်း ရောက်လာကြသည်။ သူတို့သည် ရီဖူရှင်း၏ ဘေး၌ လျင်မြန်စွာ ဆင်းသက်လာခဲ့သည်။
သူတို့က အခြေအနေ တင်းမာနေသည်ကို သတိပြုမိကြ၏။
ဝူယုံးသည် လူစုနှင့် မျက်နှာချင်းဆိုင်ကာ ပြောလိုက်၏။ “ခေါင်းဆောင်က အလျင်စလို ပြုမူခဲ့တယ်။ သူက အပျက်အစီးနယ်မြေ အတွင်းက အင်ပါယာခွာရဲ့ အမွေအနှစ်ကို အတင်းအကျပ် ဆက်ခံဖို့ ကြိုးစားရင်းနဲ့ ဝါးမျိုခံလိုက်ရတယ်။ သူက အင်ပါယာခွာရဲ့ လမ်းစဉ်မီးတောက်တွေ လက်ချက်နဲ့ သေဆုံးခဲ့ရတယ်။ အဲဒါပြီးတဲ့နောက်မှာ လောကကြီးက ပြောင်းလဲသွားပြီး ခင်ဗျားတို့ အားလုံး မြင်ရသလိုမျိုး ပျောက်ကွယ် သွားတော့တာပဲ”
မျိုးနွယ်စု ကိုးခုသည် ဘိုးဘေးနယ်မြေကို ဖွင့်လှစ်ရန် အပြင်လူများကို မကြာခဏ ဖိတ်ခေါ်တတ်သော်လည်း သူတို့သည် အင်ပါယာခွာ ချန်ရစ်ခဲ့သော အမွေအနှစ်များကို ပေးပစ်ရန် စဉ်းစားခြင်း မရှိခဲ့ပေ။ အကယ်၍ ရီဖူရှင်းသာ လုံလောက်စွာ သန်မာခဲ့လျှင် သူသည် မည်သူ့ကိုမဆို ခြိမ်းခြောက် ဟန့်တားနိုင်မည် ဖြစ်ကာ မျိုးနွယ်စုကိုးခု၏ အုပ်ချုပ်သူပင် ဖြစ်လာနိုင်သည်။
သို့သော်လည်း ဤအခြေအနေ၌ ရီဖူရှင်း၏ အဆင့်သည် လုံလောက်အောင် မမြင့်မားသေးပေ။ မျိုးနွယ်စု ကိုးခုမှ လူများသည် ရီဖူရှင်းသာ အမွေအနှစ်များ ဆက်ခံခဲ့သည်ကို သိသွားခဲ့လျှင် သူတို့သည် သူ့ကို လွှတ်ပေးလိမ့်မည် မဟုတ်တော့ပေ။ သူတို့သည် သူ့ကို လက်လွှတ်ရစေရန် ပြုလုပ်ပြီး မည်သည့် အရာကိုမဆို သိမ်းယူလိမ့်မည် ဖြစ်သည်။
ထို့ပြင် ဤအခြေအနေ၌ မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို အချက်ကျကျ သိရှိခြင်း မရှိကြပေ။
ကျူးမျိုးနွယ်မှ တန်ခိုးရှင်သည် ဝူယုံးကို ကြည့်ကာ ပြောသည်။ “ဝူယုံး မင်းပြောတာကို ဘယ်သူမဆို ယုံမယ်များ ထင်နေလား”
ရီဖူရှင်းနှင့် ဝူမျိုးနွယ်သည် ဘိုးဘေးနယ်မြေကို ပထမဆုံး ဖွင့်လှစ်ခဲ့သူများ မဟုတ်ပေ။ သူသည်လည်း ထိုနေရာသို့ သွားရောက်ဖူးခဲ့ကာ အထဲတွင် မည်သည့် သဲလွန်စများ ရှိသည်ကို သူသိပေသည်။
ယခု ဘိုးဘေးနယ်မြေများသည် ပျောက်ဆုံးသွားခဲ့ပြီး မီးခိုးငွေ့များကဲ့သို့ လွင့်ပျယ်သွားသယောင် ထင်မှတ်ရသည်။ ဝူယုံးသည် ဤနယ်မြေ ပျောက်ဆုံးသွားခြင်းတွင် အကြောင်းပြချက်မရှိဟု ပြောဆိုနေသည်။ ဤသည်က ဖြစ်နိုင်ပါ့မလား။
“ဝူယုံး မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးဘူး” သူက ဝူယုံးကို စူးစိုက်ကြည့်လိုက်ပြီး စွမ်းအားကြီးမားသည့် ဖိအားများ သူ့ထံမှ ထွက်ပေါ်လာသည်။
သို့သော်လည်း ယခုအခါတွင် ဝူယုံးသည် ပြန်လည် မွေးဖွားခြင်းအဆင့် ဖြစ်သည်။
လူတိုင်းသည် ၎င်းအား ခံစားသိရှိနိုင်ကြသည်။ သူတို့၏ အကြည့်များသည် ရီဖူရှင်း အပေါ်သို့ ကျရောက်လာကြသည်။
“မြို့စားရီ၊ ဘိုးဘေးနယ်မြေ ပျောက်ဆုံးသွားတာ မင်းနဲ့ သက်ဆိုင်နေလား”
***