“ဒီကနေ တစ်ခုခုရလိုက်လား မြို့စားရီ” ဝူမျိုးနွယ်အကြီးအကဲက ရီဖူရှင်းကို မေးသည်။ သူ့မျက်နှာထက်တွင် အပြုံးရေးရေး ရှိနေပြီး သူ့တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိသည်ဟု မထင်ရပေ။
“ကျွန်တော်က မီးစွမ်းအား အသိအပိုင်းအစ အများကြီးကို သန့်စင်နိုင်ခဲ့ပြီးတော့ အင်ပါယာခွာရဲ့ ကြီးကျယ် ခမ်းနားမှုတွေကို ခံစားမိခဲ့ပါတယ်။ ကျွန်တော့်အတွက် အကျိုးအမြတ် အများကြီး ရခဲ့တယ်” ရီဖူရှင်းက အနည်းငယ် ပြုံးရင်း ပြောသည်။
ဝူမျိုးနွယ် အကြီးအကဲက အပြုံးနှင့် ခေါင်းညိတ်သည်။ “ကျုပ်တို့ကို ဘိုးဘေးနယ်မြေဆီ လာခွင့်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ မင်းသာ မရှိရင် ကျုပ်တို့ ဒီအခွင့်အရေးကို ဘယ်တော့မှ ရမှာ မဟုတ်ဘူး”
“အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး အကြီးအကဲ” ရီဖူရှင်းက အပြုံးနှင့် ပြန်ဖြေသည်။ “ကျွန်တော်လည်း ဒီကနေ အများကြီး ရခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်”
ဝူမျိုးနွယ် အကြီးအကဲက ပြုံးလိုက်ပြီးနောက် ရှေ့တည့်တည့်သို့ ကြည့်သည်။ ထိုအချိန်တွင် ဝူယုံး ရောက်ရှိလာ၏။ “အကြီးအကဲ၊ မြို့စားရီ” သူက ပြောသည်။ “သွားပြီး ကြည့်ကြရအောင်”
“ကောင်းပြီ” ဝူမျိုးနွယ် အကြီးအကဲသည် ရှေ့သို့ ကြည့်နေရင်း သူ့မျက်နှာထက်တွင် ခံစားမှု တစ်စုံတစ်ရာ ဖြတ်ပြေးသွားသည်။ သူ ဘာတွေးနေသည်ကို မည်သူမှ မပြောနိုင်ပေ။
ရီဖူရှင်းသည် ရှေ့သို့ လျှောက်ကာ စောင်းတန်းတစ်လျှောက် မြင့်သထက် မြင့်သည်အထိ တက်သွားခဲ့သည်။
သူ့ကို ကြည့်ရသည်မှာ နေမင်းထဲသို့ တည့်မတ်စွာ လျှောက်ဝင်သွားသည်နှင့် တူပေသည်။
“မြို့စားရီ ဝင်္ကပါကနေပြီး ဘိုးဘေးနယ်မြေ အကြောင်း တစ်ခုခုများ သိခဲ့သေးလား” ဝူမျိုးနွယ် အကြီးအကဲက စောင်းတန်းကို ကြည့်ရင်း မေးသည်။ “ကျုပ်က ဒီဒေသတစ်ခုလုံးကို ရင်းနှီးကျွမ်းဝင်ပြီး နားလည်ထားပေမယ့် အဲဒီထိပ်ဖျားထိတော့ မရှာဖွေနိုင်ဘူး”
“ကျွန်တော် သိတယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။
စူးရဲသည့် အကြည့်က ဝူမျိုးနွယ် အကြီးအကဲ၏ မျက်လုံးများထဲ ပေါ်ပေါက်လာသည်။ သို့သော်လည်း သူသည် ရီဖူရှင်း ဘက်သို့ လှည့်ကြည့်လိုက်သည့် အခါတွင် ပုံမှန်ကဲ့သို့ ပြန်ဖြစ်သွားသည်။ သူ့ မျက်လုံးများသည် နွေးထွေးကာ တည်ငြိမ်နေသည်။
“ဒါဆို အင်ပါယာခွာ ချန်ရစ်ထားခဲ့တာ ဘာများလဲ” သူက မေးသည်။
ရီဖူရှင်းက သူ့ခေါင်းကို ယမ်းကာ ပြောသည်။ “အဲဒါက အတော်လေး ထူးဆန်းတဲ့ ခံစားမှုပဲ။ အရင်က ဝင်္ကပါစွမ်းအားတွေ ကျွန်တော့် ခန္ဓာကိုယ်ထဲ ရောက်လာတော့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က ဘိုးဘေးနယ်မြေနဲ့ တစ်သားတည်း ဖြစ်သွားသလို ခံစားလိုက်ရတယ်။ အဲဒါက ဘိုးဘေးနယ်မြေကို ဖွင့်နိုင်တဲ့ နည်းလမ်းဖြစ်ပြီးတော့ အဲဒီအပေါ်ဘက်မှာ ရှာဖွေနိုင်မယ့် အခွင့်အရေး ဖြစ်မယ်လို့ ခံစားရတယ်။ အရင်ဆုံး သွားကြည့်ရအောင်”
ဝူမျိုးနွယ် အကြီးအကဲက ရီဖူရှင်းကို ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောသည်။ “သိပ်ကောင်းတယ်။ မြို့စားရီက ဒီမှာ ရှိနေတယ် ဆိုမှတော့ ဘိုးဘေးနယ်မြေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မှာပါ။ ကျုပ်ကတော့ စောင့်ပြီး ကြည့်နေရုံပဲ တတ်နိုင်တယ်။ ဝူမျိုးနွယ်က မြို့စားရီကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ပါတယ်။ တကယ်လို့ အနာဂတ်မှာ မင်း လိုအပ်တာ ရှိလာခဲ့ရင် ကျုပ်တို့ကို တောင်းဆိုနိုင်ပါတယ်”
“ကျေးဇူးတင်ပါတယ် အကြီးအကဲ” ရီဖူရှင်းက ပြုံးကာ ပြောသည်။
သူတို့ လူစုသည် ရှေ့သို့ ဆက်လျှောက်လာကြသည်။ “မင်းက အဲဒီ ကိုယ်စားပြုသူတွေ အားလုံးကို အနိုင်ယူ နိုင်ခဲ့တယ်။” ဝူယုံးက ရီဖူရှင်းကို ပြောသည်။ “မင်းရဲ့ အနာဂတ်က သေချာပေါက် တောက်ပနေမှာပဲ။ ကံမကောင်းစွာနဲ့ပဲ အင်ပါယာခွာရဲ့ မျိုးနွယ်စုကိုးခုမှာ မြို့စားရီလိုမျိုး အစွမ်းထက်တဲ့လူ ဘယ်သူမှ မရှိခဲ့ဘူး။ မြို့စားရီလိုမျိုး လမ်းစဉ်မီးတောက် သန့်စင်ရာမှာ ထူးချွန်မှုမျိုးနဲ့ ဆိုရင် အင်ပါယာခွာရဲ့ ဆက်ခံသူ ဖြစ်ဖို့ အခွင့်အရေး ရှိလာမှာပါ။”
“မြှောက်ပင့်လွန်းနေပါပြီ စီနီယာ” ရီဖူရှင်းက ပြုံးကာ ပြောသည်။ သူတို့သည် ရှေ့သို့ ဆက်လျှောက်လာကြသည်။
သူတို့သည် နောက်ဆုံးတွင် စောင်းတန်း၏ ထိပ်ဖျားသို့ ရောက်ရှိလာကြသည်။
လောင်ကျွမ်းနေသည့် စွမ်းအား အသိများက သူတို့ပေါ်သို့ ကျဆင်းလာသည်။ နေမင်းသည် သူတို့ ဦးခေါင်းတည့်တည့်တွင် ရှိနေပြီး သူတို့နှင့် အလွန် နီးကပ်နေသည်ဟု ထင်မှတ်ရသည်။
ဤသည်မှာ သွေးနဂါးဘုံ၌ ထွန်းလင်းသည့် နေမင်းမဟုတ်ဘဲ ဘိုးဘေးနယ်မြေတွင်သာ ရှိသည့် နေမင်းဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
“ဟိုကို ကြည့်လိုက်” ဝူယုံးသည် နေမင်း၏ အောက်တည့်တည့် နေရာကို ကြည့်နေသည်။ ထိုနေရာတွင် ပဉ္စလက်ဝင်္ကပါ အစီအရင် ရှိနေသကဲ့သို့ ထင်မှတ်ရသည်။
“ကျွန်တော် သွားပြီး ကြည့်လိုက်မယ်။ အဲဒီမှာ ကျွန်တော်တို့ ဘိုးဘေးနယ်မြေရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ရင် တွေ့နိုင်တယ်။” ရီဖူရှင်းက ပြောသည်။ သူသည် လျှပ်တစ်ပြက်အတွင်း ဝင်္ကပါအတွင်းသို့ ဆင်းသက်သွားသည်။ သူသည် ထိုအတွင်း၌ တင်ပျဉ်ခွေ၍ ထိုင်ချသည်။
ကောင်းကင်ထက်မှ နေရောင်ခြည်များ ဖြာဆင်းကျလာပြီး သူသည် ထိုအရာများကို ချက်ချင်းပင် ဝါးမျိုသည်။ နတ်ဘုရား အလင်းများသည် သူ့ကို လွှမ်းခြုံ၍ တောက်ပနေသည်။
သူ၏ ခန္ဓာကိုယ်သည် အဆုံးမဲ့ မီးတောက်များဖြင့် လွှမ်းခြုံခံထားရသည်။ မဟာလမ်းစဉ်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ဆွဲယူနေသည်။ ဝင်္ကပါသည် တဖြည်းဖြည်းချင်းနှင့် အလွန်ပင် တောက်ပလာခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရီဖူရှင်း၏ တစ်ကိုယ်လုံးသည် ဝင်္ကပါမှ နှိုင်းမယှဉ်သာသော အလင်းများဖြင့် ဖုံးလွှမ်းခံလိုက်ရ၏။
နေမင်းထံမှ ရောင်စဉ်များသည် ဆက်လက်၍ ကျဆင်းလာနေသည်။
ထိုအခိုက်တွင် များပြားလှသော အတွေးများက ရီဖူရှင်း၏ စိတ်ထဲသို့ ဖြတ်သန်း ပြေးဝင်လာသည်။
“ဘယ်လို ဖြစ်သွားပြီလဲ မြို့စားရီ” ဝူမျိုးနွယ် အကြီးအကဲက ခေါ်သည်။ ရီဖူရှင်းသည် ဘာမှ မကြားသကဲ့သို့ သူ့ မျက်လုံးများကို ဆက်လက်၍ စေ့ပိတ်ထားသည်။
“မြို့စားရီ” ဝူမျိုးနွယ် အကြီးအကဲ၏ အသံက အလွန်ပင် ကျယ်လောင်သွားကာ ရီဖူရှင်း၏ နားစည်ကို တုန်ခါသွားစေသည်။
ရီဖူရှင်းသည် သူ့မျက်လုံးများကို ဖွင့်လိုက်လျှင် ဝူမျိုးနွယ် အကြီးအကဲက မေးသည်။ “ဘယ်လိုဖြစ်သွားပြီလဲ”
“ဒီနေရာမှာ အင်ပါယာခွာ ချန်ရစ်ခဲ့တဲ့ အမွေအနှစ် ရှိနေတယ်။ ကျွန်တော့်ကို ခဏလောက် မနှောင့်ယှက်ဘဲ ဒီနေရာကို အေးအေးဆေးဆေး လေ့လာခွင့်ပေးပါ” ရီဖူရှင်းသည် ဝူမျိုးနွယ် အကြီးအကဲကို ပြောသည်။
ဝူမျိုးနွယ် အကြီးအကဲ၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူ့အကြည့်များက အလွန် စူးရဲ ထက်ရှလာသည်။
သည်နေရာမှာ အင်ပါယာခွာ ချန်ရစ်ခဲ့သည့် အမွေအနှစ် ရှိနေသည်တဲ့လား။
သူသည် ရီဖူရှင်းကို ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာသည်။ ဤအမွေအနှစ်က ဘာကြောင့် သူ့ကလန်အတွက် မဟုတ်ဘဲ အပြင်လူက ပိုင်ဆိုင်ရမည်နည်း။
အဆုံးတွင်တော့ ရီဖူရှင်းသည် သူတို့အတွက် ကူညီတိုက်ခိုက်ပေးရန် ဖိတ်ခေါ်ထားသည့် ဧည့်သည်သာဖြစ်၍ မျိုးနွယ်စုကိုးခုမှ တန်ခိုးရှင်မဟုတ်ပေ။
ထို့အပြင် သူသည် အင်ပါယာခွာ ချန်ရစ်ခဲ့သည့် အရာကို ခံစားမိသည်ဟု ဆိုသည်။ ဤသည်မှာ ဝူမျိုးနွယ် အကြီးအကဲအတွက် အလွန်စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သည်မှာ သံသယရှိရန်ပင် မလိုချေ။
ထိုသည်မှာ အမှန်တကယ့်ကို ကြီးမားသည့် သွေးဆောင်မှုပင် ဖြစ်သည်။
သူသည် ထိုသည်ကို တွေးလိုက်မိသည်နှင့် ဝူမျိုးနွယ် အကြီးအကဲက ရီဖူရှင်းထံသို့ လျှောက်သွားကာ ပြောသည်။ “မြို့စားရီ၊ ကျုပ်ရော အတူတူ အဲဒီအရာကို စမ်းသပ်ကြည့်လို့ ရမလား”
ရီဖူရှင်း ခေါင်းညိတ်သည်။ “ရတယ်။ အကြီးအကဲရဲ့ သဘောအတိုင်းပါပဲ”ဝူမျိုးနွယ် အကြီးအကဲသည် ဝင်္ကပါအတွင်းသို့ လျှောက်ဝင်လာပြီး ရုတ်တရက် ထိုအသိ အပိုင်းအစ၏ စွမ်းအားကို ရှင်းလင်းစွာ ခံစားလိုက်နိုင်သည်။ ကြည့်ရသည်မှာ အင်ပါယာခွာက အမှန်တကယ်ပင် နေမင်းအတွင်းတွင် သူ၏ လမ်းစဉ်မီးတောက်များကို ချန်ရစ်ခဲ့ပြီး ၎င်းတို့က ဤနေရာသို့ အဆက်မပြတ် ကျဆင်းနေပုံ ရလေသည်။
“ဒါက …” ဝူမျိုးနွယ် အကြီးအကဲက လမ်းစဉ်မီးတောက်များ အလယ်တွင် ရပ်နေသည်။ အသိစွမ်းအား စီးကြောင်းများက သူ့ပေါ်သို့ ကျဆင်းလာပြီး သူ့စိတ်အတွင်းသို့ တိုက်ရိုက်ထိုးဖောက် ဝင်ရောက်သွားသည်။ နတ်ဘုရား အလင်းများက သူ့ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းထားသည်။
ဤသည်မှာ အလွန်ပင် ဆန်းကြယ်လှသည့် အတွေ့အကြုံပင် ဖြစ်သည်။ ထိုသည်မှာ သူသည် မဟာလမ်းစဉ်၏ အမွေအနှစ်ကို ထိတွေ့နေသည်နှင့် တူပေသည်။
သို့သော်လည်း ရီဖူရှင်းသည် ဝင်္ကပါ၏ အလယ်ဗဟိုတွင် ရှိနေသောကြောင့် ဝူမျိုးနွယ် အကြီးအကဲထံသို့ ကျရောက်လာသည့် စွမ်းအားများသည် သိသာစွာ နည်းပါးလေသည်။
သူသည် ရီဖူရှင်းကို လှည့်ကြည့်လိုက်ပြီး သူ့အကြည့်များက အလွန်စူးရဲလာသည်။
သူ တွေးနေသည်မှာ မည်သည့် အခါတွင်မဆို မျိုးနွယ်စုကိုးခုမှ တစ်ဦးတစ်ယောက်သည် ဘိုးဘေးနယ်မြေသို့ ဝင်ရောက်သွားပါက သူတို့ ပြန်ရောက်လာသည့်အခါ စွမ်းအားများ အလွန်တိုးတက် လာပေသည်။ ထိုသည်မှာ သူတို့သည် ဤနေရာ၌ အင်ပါယာခွာ ချန်ရစ်ခဲ့သော စွမ်းအားအသိများကို ကိုယ်တိုင် ခံစားခဲ့ကြ၍ ဖြစ်နိုင်သည်လား။
ထိုသည်မှာ ဖြစ်နိုင်ချေ အမြင့်ဆုံး ဖြစ်သည်။
ရီဖူရှင်းနှင့် ဘိုးဘေးနယ်မြေသို့ ယခင်က လာခဲ့ဖူးသော သူများ အားလုံးသည် အပြင်လူများ ဖြစ်ကြသည်။ သူတို့သည် ကူညီရန်သာ လာရောက်ကြခြင်း ဖြစ်သည်။ အကယ်၍ ဤနေရာ၌ အသုံးဝင်သည့် အရာတစ်ခုခု ရှိပါက သူတို့သည် မျိုးနွယ်စုများကို ပေးအပ်သင့်ပေသည်။
ထို့အပြင် ဘိုးဘေးနယ်မြေ အတွင်း၌ အမှန်တကယ် လျှို့ဝှက်ချက် ရှိနေပါက မျိုးနွယ်စု ကိုးခုအတွက် အနာဂတ် အခွင့်အရေးများကို စွန့်ပစ်၍ အပြင်လူများထံသို့ ထုတ်ဖော်ရန် လိုအပ်ပါ၏လား။
မျိုးနွယ်စုကိုးခုသည် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသော်လည်း ထိုသည်က ပြဿနာ မရှိပေ။ အဆုံးမှာတော့ သူတို့သည် တူညီသည့် သွေးမျိုးဆက်မှ လူများပင် ဖြစ်ကြသည် မဟုတ်ပါလား။
ထိုသည်ကို တွေးလိုက်မိလျှင် သူက ပြောလိုက်၏။ “မင်း ထိုင်နေတဲ့ နေရာမှာ ကျုပ်ရော ထိုင်လို့ရမလား မြို့စားရီ။ အဲဒါဆို ပိုပြီး စမ်းသပ် ခံစားကြည့်နိုင်မယ် ထင်တယ်”
ရီဖူရှင်းက သူ့ကို မော့ကြည့်သည်။
ဝူမျိုးနွယ်မှ တန်ခိုးရှင်များသည်လည်း သူတို့၏ အကြီးအကဲကို ကြည့်ကာ မှင်တက်သွားကြသည်။ ဝူယုံး၏ အမူအရာက ပြောင်းလဲသွားသည်။ အကြီးအကဲထံတွင် သူ့ကိုယ်ပိုင် အကြံအစည် ရှိနေသည်။ သူသည် အမွေအနှစ်အား ရီဖူရှင်းကို ယူခွင့်မပြုလိုဘဲ သူကိုယ်တိုင် ဆက်ခံလိုနေသည်။
ဘာကြောင့် သူ မလုပ်သင့်ရမည်နည်။ ဤဘိုးဘေးနယ်မြေသည် အင်ပါယာခွာ ချန်ရစ်ထားခဲ့သော နေရာဖြစ်၍ မျိုးနွယ်စုကိုးခု၏ အပိုင်ပင် ဖြစ်ပေသည်။
အင်ပါယာခွာသည် ဤ ဘိုးဘေးနယ်မြေကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သူသည် အကြီးအကဲက မည်သည့်အတွက် အမွေအနှစ်ကို ဆက်ခံသည့်သူ ဖြစ်လိုသည်လည်း နားလည်ပေသည်။
ကိစ္စများက ထိုကဲ့သို့ ဖြစ်သွားခဲ့လျှင် သူတို့သည် ရီဖူရှင်းကို သစ္စာဖောက်ရလိမ့်မည်။
“အကြီးအကဲ၊ မြို့စားရီကို ခဏလောက် ထပ်ပြီး ကျင့်ကြံခွင့် ပေးလိုက်ပါဦး။ ဒီ ဘိုးဘေးနယ်မြေက မြို့စားရီ ဖွင့်ပေးခဲ့တာလေ” ဝူယုံးက ပြောသည်။
သူသည် ဝူမျိုးနွယ်ကို ကူညီရန် ရီဖူရှင်းကို ဖိတ်ခေါ်ခဲ့သည်။ သူ၏ ဆန္ဒမှာ ရီဖူရှင်းကို သစ္စာမဖောက်လိုပေ။
ထို့အပြင် ရီဖူရှင်းသည် အလွန်ထူးချွန်သည့် ပါရမီနှင့် သာမန်ထက် လွန်ကဲသည့် နောက်ခံရှိသည်။ သူနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်။ အကယ်၍ သူတို့သာ သူ့ကို သစ္စာဖောက်ခဲ့လျှင် ထိုအရာက နောက်ပိုင်း၌ သူတို့အတွက် ပြဿနာများ ယူဆောင် လာပေလိမ့်မည်။
ရီဖူရှင်းသည် အကန့်အသတ်မဲ့ စွမ်းရည်များကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။
မဟုတ်ပါလျှင် …
ဝူယုံး၏ နှလုံးသားသည် အပြင်းအထန် လှုပ်ရှားနေသည်။ သူသည် အကြီးအကဲကို ကြည့်လိုက်ပြီး သူ၏ အမူအရာက တစ်ဖန်ပြောင်းလဲသွားပြန်သည်။
အကြီးအကဲထံတွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ရှိနေတာ ဖြစ်နိုင်လား။ သူက ပြဿနာကို အမြစ်ကနေ ဖြတ်တောက် ပစ်လိုနေသည်လား။
ရီဖူရှင်းတွင် အကန့်အသတ်မဲ့ စွမ်းအားများ ရှိနေသော်လည်း အခုချိန်၌ သူသည် အလွန်အားနည်း နေသေးပေသည်။ သူတို့သာ အခုနေ သူ့ကို သတ်လိုက်လျှင် ထိုသည်မှာ အင်ပါယာရှားဘုံကို အတိအလင်း ဆန့်ကျင်လိုက်ခြင်း ဖြစ်သွားပေလိမ့်မည်။
ပြင်ပမှ အင်ပါယာများသည် သွေးနဂါးဘုံသို့ ဝင်ရောက် မလာနိုင်သော်လည်း သူတို့၏ အင်အားများကို စေလွှတ်နိုင်ပေသည်။
အင်ပါယာရှားဘုံမှ မျိုးနွယ်စုကိုးခုကို ရင်ဆိုင်ရန် ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်များနှင့် စစ်တပ်များ စေလွှတ်နိုင်ပေသည်။
သူတို့၏ တိုက်ပွဲနည်းဗျူဟာ ခင်းကျင်းမှုမှာ အင်ပါယာရှားဘုံထက် အလွန်နိမ့်ကျနေခြင်း မရှိပေ။ အကယ်၍ အင်ပါယာရှားဘုံက သူတို့ကို အနိုင်လိုချင်လျှင် အင်အားမည်မျှကို အသုံးချရန် လိုအပ်ပါသနည်း။
ထို့အပြင် အကြီးအကဲ တွေးနေခဲ့သည်မှာ သူသာ အမွေအနှစ်ကို ဆက်ခံနိုင်ခဲ့လျှင် သူ၏ ကိုယ်ပိုင်စွမ်းအားသည် မျိုးနွယ်စု ကိုးခုကြားတွင် ကြီးမားလာမည်ဟု ဆိုရမည့်အကြောင်းကို ဖြစ်နိုင်သည်။
ဝူယုံး၏ အတွေးက မှန်ကန်ပေသည်။ ထိုအချိန်တွင် ဝူမျိုးနွယ် အကြီးအကဲသည် သူ့နှလုံးသားအတွင်း၌ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များကို သိုလှောင်ထားပေသည်။
ရီဖူရှင်း၏ ပါရမီက သူနှင့် ဆိုးဝါးသည့် ဆက်ဆံရေးကို ပြုလုပ်ရန်မသင့်ဟု ပြသနေပြီး ထို ပြဿနာကို ထာဝရ အဆုံးသတ်သွားစေရန် သူ့ကို အဆုံးသတ်ပစ်သည်မှာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ပြန်လည်မွေးဖွားခြင်း အဆင့် ပုဂ္ဂိုလ်တစ်ယောက် အနေနှင့် သူ၏ စွမ်းအားမှာ ခိုင်မာလှသော်လည်း သူသည် အကြင်နာကင်းသော နှလုံးသားနှင့် ရည်မှန်းချက် နောက်သို့သာ လိုက်လေသည်။
ရီဖူရှင်းသည် ဝူယုံးကို ကြည့်သည်။ သူက အကြီးအကဲ၏ တောင်းဆိုမှုကြောင့် အနည်းငယ် အံ့အားသင့်နေသည်။ ထိုအကြီးအကဲက ဝူယုံး၏ စကားကို မကြားသကဲ့သို့ သူ့ဆီသို့ ဆက်လျှောက်လာနေသည်။ သူက ရီဖူရှင်းကို ပြောလိုက်၏။ “ဘယ်လိုထင်လဲ မြို့စားရီ”
ရီဖူရှင်းသည် သူ့အကြည့်ကို ထိုအကြီးအကဲထံသို့ ဝေ့ဝဲကြည့်လိုက်ကာ ဝင်္ကပါမှ အလင်းရောင်သည် ပို၍ပင် တောက်ပလာခဲ့သည်။
နေမင်းမှ နတ်ဘုရားမီးတောက်များ ကျဆင်းလာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် လောကပျက်သုဉ်းခြင်း၏ မီးတောက်များကဲ့သို့ ကျဆင်းလာတော့သည်။
ဘုန်း …
ရုတ်တရက် ဝူမျိုးနွယ် အကြီးအကဲ၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ ကျဆင်းလာသည့် မီးတောက်များက သူ့ကို ရိုက်ခတ်လိုက်ကာ နောက်သို့ လွင့်ပျံ ထွက်သွားပေသည်။ သူ့ခန္ဓာကိုယ်သည် စတင်၍ လောင်ကျွမ်းလာသည်။
သူ့အနီးမှ ဝင်္ကပါသည် လေထုထဲတွင် ပြည့်နှက်လာပြီး အရာရာသည် မီးတောက်များ ဖြစ်လာသည်။
“ရီဖူရှင်း” ဝူမျိုးနွယ် အကြီးအကဲသည် သူ့အကြည့်များကို ရီဖူရှင်းထံသို့ စူးရဲစွာ ပို့လွှတ်သည်။ သူက နေမင်း၏ မီးလျှံများကိုပင် ထိန်းချုပ်နိုင်သည်လား။
တိမ်တိုက်များ ရွေ့လျားမှုများ ဖြစ်လာကာ ထိုအတွင်းတွင် နေမင်းကြီးနှစ်ခုနှင့် တူသည့် မျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ခိုင်းနှိုင်းရန် မဖြစ်နိုင်အောင် အလွန်ကြီးမားလှပြီး အင်ပါယာခွာ၏ မျက်လုံးများနှင့် တူလှပေသည်။
သူတို့သည် ဝူမျိုးနွယ် အကြီးအကဲကို ကြည့်လိုက်ကြသည်။ သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်နိုင်ခြင်း မရှိလောက်အောင် လောင်ကျွမ်းနေသည်ဟု ခံစားရပေသည်။
သူသည် သူ့မျက်နှာတွင် အလွန်ကြောက်ရွံ့သည့် အမူအရာနှင့် အတူ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ ပေါက်ကွဲသည့် အသံတစ်ခု ထွက်ပေါ်လာပြီး မီးတောက်မီးလျှံများသည် အရာရာကို ဖုံးလွှမ်းသွားသည်။ ဖျက်ဆီးခြင်း နတ်ဘုရား မီးတောက်မီးလျှံများသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။
“မင်း ငါ့ကို လှည့်စားတယ် …” ဝူမျိုးနွယ် အကြီးအကဲသည် သူ့တစ်ကိုယ်လုံး လောင်ကျွမ်းမှုကို ခံစားနေရပြီး သနားစဖွယ် အော်ဟစ်သည်။
“အစကတည်းက ကျုပ် ခင်ဗျားကို မြင်စေချင်တာပဲ မြင်ခွင့်ပြုခဲ့တယ်” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ “အမွေအနှစ်က ဒီလိုမျိုး ဆိုရင်တောင် ကျုပ်တို့ ဒီနေရာကို ရောက်လာပြီးကတည်းက ကျုပ်က ဒီနေရာရဲ့ အရှင်သခင်ပဲ”
ဝူမျိုးနွယ် တန်ခိုးရှင်သည် ကောင်းကင်သို့ ပြေးတက်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း သူ၏ လက်မောင်းများက အစအနပင် မကျန်လောက်အောင် လောင်ကျွမ်းသွားလေသည်။ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သည့် အကြည့်များက သူ့မျက်လုံးအတွင်းတွင် ပေါ်ပေါက်လာသည်။ သူက ကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်တွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထည်ဝါသည့် မျက်နှာ တစ်ခုကိုသာ မြင်နိုင်လေသည်။
“ကျေးဇူးပြုပြီး ချမ်းသာပေးပါ၊ အရှင်သခင်ရီ” သူက အော်ဟစ်သည်။
“သူ့ကို သတ်” ရီဖူရှင်းသည် နှုတ်ကို ဖွင့်လိုက်ကာ ခံစားမဲ့သည့် အေးစက်စက် အသံတစ်သံကို ထုတ်လွှတ်သည်။ မဟာလမ်းစဉ်၏ မီးတောက်များက အဆက်မပြတ် ကျဆင်းလာသည်။ ဝူမျိုးနွယ် အကြီးအကဲ၏ အရှိန်အဝါသည် အစွမ်းကုန် အမြင့်ဆုံးထိ ထွက်ပေါ်လာသော်လည်း အသုံးမဝင်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်သည် ရန်ဟောင်မီးတောက်၏ အောက်တွင် မည်သည့် အစအနမှပင် မကျန်ရစ်တော့ဘဲ လောင်ကျွမ်းသွားခဲ့သည်။
ဝူမျိုးနွယ် တန်ခိုးရှင်များ အားလုံးသည် ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။ သူတို့သည် ထိုမြင်ကွင်းကို ကြည့်ရင်း သူတို့၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်ကာ တုန်ယင်နေကြသည်။
သူတို့သည် ဤမြန်ဆန်လှသည့် အဖြစ်အပျက်များကြောင့် တုန်လှုပ်နေကြပေသည်။
ရီဖူရှင်းသည် သာမန်အကြည့် တစ်ချက်နှင့် ကျန်နေခဲ့သည့် လူများထံသို့ ဝေ့ဝဲကြည့်သည်။ သူ၏ မျက်လုံးများထဲတွင် မည်သည့်ခံစားမှုမှ ရှိမနေပေ။
ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင် တစ်ယောက်သည် သူ့ကို လှည့်စားရန် ကြိုးစားခဲ့သော်လည်း သူ၏ ရည်ရွယ်ချက်ကြောင့် သူသာလျှင် ဒုက္ခရောက်ကာ ဖျက်ဆီး ခံလိုက်ရပေသည်။
***