Switch Mode

အပိုင်း(၁၂၅၁)

သတိထား စောင့်ကြည့်ခြင်း

နေမင်းရဲတိုက် ထိပ်ဖျား၌ ကြီးမားသော ဝင်္ကပါကြီး ပေါ်ပေါက်လာသကဲ့သို့ ထင်မှတ်ရပေသည်။

ထိုအခိုက်တွင် နေမင်း၏ မီးတောက်များသည် ရောင်စဉ်ကိုးခုအဖြစ် ကွဲပြားမနေဘဲ ထို့အစား ရီဖူရှင်းအပေါ်တွင်သာ အားလုံးစုရုံး ကျရောက်ကာ ဘိုးဘေးနယ်မြေ၏ ဝင်ပေါက်တံခါးကို သန့်စင်ရန် ကူညီပေးနေသည်။

နေမင်း၏ အလင်းမှ ဖြစ်ပေါ်လာသည့် မီးတောက်များသည် တောက်ပနေသည့် ဝင်္ကပါအောက်ခြေတွင် လောင်ကျွမ်းနေသည်။ သူတို့အနီးမှ လူတိုင်းသည် ထိုမီးတောက်များ၏ ကြောက်မက်ဖွယ် စွမ်းအားများကြောင့် နောက်သို့ ဆုတ်လိုက်ရပြီး အနီးသို့ တိုးကပ်ရန် မဝံ့ရဲကြပေ။

မျိုးနွယ်စုကိုးခုမှ တန်ခိုးရှင်များနှင့် သူတို့ ဖိတ်ခေါ်ထားသည့် အခြားသော ရှစ်ယောက်သည် ရီဖူရှင်းနှင့် ဝင်ပေါက်တံခါးကို စူးစိုက်ကြည့်နေကြသည်။

ဝူကလန်မှ တန်ခိုးရှင်များ အထူးသဖြင့် ဝူယုံးသည် အနီးကပ်ကြည့်ရှုနေပြီး သူ၏ နှလုံးသားက ဝုန်းဒိုင်းကြဲ ခုန်လှုပ်နေသည်။

ဝူယုံးသည် ရီဖူရှင်းကို နှစ်ခါထပ်ကာ ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း အမှန်တွင်တော့ သူသည် ချန်ယဲ့မြို့စားရီက လမ်းစဉ် မီးတောက်များကို သန့်စင်နိုင်ပြီး သူ၏ ပြိုင်ဘက်များကို အနိုင်ယူနိုင်မည်ဟု မည်သည့်အခါတွင်မှ တွေးမကြည့်ဖူးခဲ့ပေ။ အထူးသဖြင့် အင်ပါယာဝူ၏ သမီးတော် ရင်ထျန်းကျောက်နှင့် သွမ့်ဝူကျီကို အနိုင်ယူနိုင်မည်ဟု ပို၍ပင် မတွေးမိခဲ့ချေ။

သို့ပေမဲ့ အခုအခါတွင် သူသည် အောင်မြင်ခဲ့သည်။ သူသည် သဘာဝကျစွာပင် ထပ်၍ မျှော်လင့်မိသည်မှာ ရီဖူရှင်းသည် ဘိုးဘေးနယ်မြေ၏ ဝင်ပေါက်တံခါးကို ဖွင့်နိုင်စွမ်းရှိကာ သူတို့ကို ထိုနေရာသို့ ခြေချခွင့် ပေးနိုင်လိမ့်မည် ဟူ၍ ဖြစ်သည်။

ဤနှစ်များအတွင်းတွင် မည်သည့်မျိုးနွယ်စုကမှ ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ကာ သူတို့၏ စွမ်းအားများကို ခုန်ပေါက်ကာ အဆင့်တက်လျက် ပို၍ သန်မာလာစေရန် မလုပ်ဆောင်နိုင်ကြပေ။

သူတို့သည် အခွင့်အရေးကို လွဲချော် မသွားချင်ကြပေ။

ဝူမျိုးနွယ်က ကျူးမျိုးနွယ်နှင့် ပူးပေါင်းခဲ့ရခြင်း အကြောင်းရင်းမှာ မျိုးနွယ်စု နှစ်ခုလုံး၏ စွမ်းအားများ  ပို၍ တိုးတက်လာစေရန် ဖြစ်သည်။ ပြင်ပခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရသည့်အခါ မျိုးနွယ်စုကိုးခုသည် စည်းလုံးကြသော်လည်း သူတို့ အချင်းချင်းကြားတွင်တော့ ပဋိပက္ခများ ရှိကာ ဆန့်ကျင် ပြိုင်ဆိုင် နေတတ်ကြပေသည်။

မျိုးနွယ်စုကိုးခုမှ မည်သည့် မျိုးနွယ်စုမဆို ရည်မှန်းချက် ကြီးကြပေသည်။ သူတို့သည် မျိုးနွယ်စုကိုးခုကို ပေါင်းစည်း၍ အားလုံး၏ ခေါင်းဆောင်ဖြစ်လာရန် အလိုရှိကြသည်။

သို့သော်လည်း ရန်ဟောင်အဆင့်သို့ ဝင်ရောက်ခြင်းမရှိဘဲနှင့် အခြားမျိုးနွယ်စု ရှစ်ခုကို အမိန့်နာခံ၍ သစ္စာရှိရန် လုပ်ဆောင်ရန်မှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေသည်။

သို့ရာတွင် သူတို့သည် မျိုးနွယ်စုကိုးခုကို မပေါင်းစည်းနိုင်လျှင်ပင် ဘိုးဘေးနယ်မြေသို့ ဝင်ရောက်နိုင်ပါက သူတို့၏ စွမ်းအားများ တိုးတက်လာနိုင်ပေသည်။ ဝူမျိုးနွယ်သည် ထို့ထက်ပို၍ ကျူးမျိုးနွယ် တန်ခိုးရှင်များ၏ မျက်နှာကို ကြည့်နေစရာ မလိုတော့သလို အမိန့်နာခံရန်လည်း လိုတော့မည် မဟုတ်ပေ။

ဤသည်ကို တွေးလိုက်မိသည်နှင့် ဝူယုံးသည် အသေအချာကို စောင့်ကြည့်နေသည်။ သူသည် ရီဖူရှင်း လုပ်ဆောင်ပေးနိုင်ဖို့ရာ မျှော်လင့်မိလေသည်။

သွမ့်ဝူကျီနှင့် ရင်ထျန်းကျောက်သည်လည်း ရီဖူရှင်းကို ကြည့်နေကြသည်။ သူတို့အားလုံးသည် အင်ပါယာခွာ၏ အပျက်အစီးနယ်မြေအကြောင်း ကြားဖူးလေသည်။ ပြောကြသည်မှာ ထိုနယ်မြေပွင့်လာသည့် အချိန်တိုင်း လူများသည် စမ်းသပ်ချက်များကို ရင်ဆိုင်ရန် သွားကြလိမ့်မည်ဟူ၍ ဖြစ်သည်။ အကြောင်းရင်းတစ်ခုမှာ သူတို့ပို၍ သန်မာလာနိုင်သောကြောင့် ဖြစ်ပေသည်။ လမ်းစဉ်မီးတောက်များကို သန့်စင်နိုင်သူများအတွက် နောက်အဆင့် တိုက်ရိုက်တက်ရောက်ရန် လမ်းစဉ်မီးတောက်များကို သန့်စင်ခြင်းအား ခွင့်မပြုဘဲ သူတို့သည် အရင်ဆုံး မီးတောက်များကို နက်ရှိုင်းစွာ နားလည်စေရန် လုပ်ဆောင်ရမည် ဖြစ်သည်။

သို့သော်လည်း ပို၍ အရေးကြီးသည်မှာ အင်ပါယာခွာသည် ထိုနယ်မြေအတွင်းတွင် အမွေအနှစ်တစ်ခုခု ချန်ရစ်ခဲ့သည်ဟူသော ကောလာဟလများ ရှိပေသည်။ ထို့ကြောင့် ဘိုးဘေးနယ်မြေသို့ သွားရောက်သည့် သူများမှာ ထိုအရာကို ရှာဖွေ၍ အမွေဆက်ခံနိုင်ရန် အခွင့်အရေး ရှိလိမ့်မည် ဖြစ်သည်။

အတိတ်ကာလတွင် အနည်းသော လူအချို့သာ ထိုနေရာသို့ ဝင်ရောက်နိုင်စွမ်း ရှိခဲ့ပေသည်။ သို့ရာတွင် မည်သူကမှ အင်ပါယာခွာ ချန်ရစ်ခဲ့သည်ဟူသော အရာကို ရှာတွေ့ခဲ့သည်ဟု မကြားဖူးခဲ့ကြပေ။

ထို့ကြောင့်ပင် လူများက ယခုတိုင် လာရောက်နေကြခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူတို့ထဲက ဘယ်သူကမှ ရီဖူရှင်းက ဝင်ပေါက်ကို အောင်မြင်စွာ ဖွင့်နိုင်ပြီး သူတို့ကို ခေါ်ဆောင်သွားလိမ့်မည်ဟု မျှော်လင့်မထားကြပေ။

အခု သူတို့ လုပ်နိုင်သည်မှာ ဂရုတစိုက် စောင့်ကြည့်နေရုံသာ ဖြစ်၏။

သွမ့်ဝူကျီနှင့် ရင်ထျန်းကျောက်သည် ရီဖူရှင်း၏ အရည်အချင်းနှင့် သူ့တွင် ဝင်ပေါက်တံခါး ဖွင့်နိုင်မည့် အခွင့်အရေး ရှိလိမ့်မည်ဟု တွေးမိကြသည်။ အဆုံးမှာတော့ သူတို့သည် သူတို့ကိုသူတို့ ထူးချွန်လှပြီဟု ထင်နေသော်လည်း ရီဖူရှင်းသည် မီးတောက်ကို အသုံးပြု၍ သူတို့ကို အနိုင်တိုက်သွားနိုင်သည်။ ထို့ကြောင့် သူတို့သည် ရီဖူရှင်း၏ စွမ်းအားကို လေးစားမိကြလေသည်။

ထိုအချိန်တွင် နေမင်းရဲတိုက်ရှေ့တွင် နေရောင်ခြည်သည် နတ်ဘုရားဝင်္ကပါ သဏ္ဌာန် ဖြစ်တည်နေသည်။ နေရောင်ခြည်များသည် ရီဖူရှင်းကို ကူညီကာ မီးတောက်များကို သန့်စင်ပေးနေသည်။ သူ၏ အရှိန်အဝါသည် စတင်ကာ ကြမ်းတမ်းရုန့်ရင်းကာ အလွန်သန်မာလာသည်။ ကြည့်ရသည်မှာ သူ ပြိုင်ဘက်များထံမှ သိမ်းယူခဲ့သည့် မီးတောက်များ အားလုံးကို သန့်စင်လိုက်ခြင်းက သူ့ကို မဟာလမ်းစဉ် အထွတ်အထိပ်သို့ ရောက်စေရန် ကူညီပေးပုံရပေသည်။

ဝင်္ကပါတစ်ခုတည်းသာလျှင် သူ့ကို ကူညီနေခြင်းမဟုတ်ဘဲ ယခင်က သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည့် ပုဂ္ဂိုလ်သည်လည်း တောက်ပလှသော လမ်းစဉ်မီးတောက်အဖြစ် ပြောင်းလဲသွားကာ သူ့ကို တစ်ဖက်တစ်လမ်းမှ ကူညီပေးနေလေသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် သူ့စွမ်းအား၏ ကန့်သတ်ချက်ကို အဆုံးစွန်ထိ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သူသည် ပြန်လည်မွေးဖွားခြင်းအဆင့်မှ တစ်စုံတစ်ယောက်နှင့်ပင် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

စွမ်းအားအများစုသည် ပြင်ပမှ လာခြင်းဖြစ်ကာ ဝင်ပေါက်တံခါးကို ဖွင့်နိုင်ရန် သူ့ကို အကူအညီပေးနေလေသည်။

နေမင်း၏ မီးတောက်များသည် ဘိုးဘေးနယ်မြေ၏ ဝင်ပေါက်ဆီသို့ ပစ်လွှတ်လိုက်ကာ ၎င်းကို ဖုံးလွှမ်းထားလေသည်။

သို့သော်လည်း ဝင်ပေါက်တံခါးသည် တုတ်တုတ်ပင် မလှုပ်ချေ။ ၎င်းသည် ခိုင်မာစွာ ရပ်တည်နေဆဲဖြစ်ကာ မဟာလမ်းစဉ်မီးတောက်များသည်ပင် အရည်ဖျော်ပစ်နိုင်စွမ်း မရှိပေ။

ရီဖူရှင်းသည် သူ့ကိုယ်တွင်းမှ စွမ်းအားများကို အရူးအမူး သန့်စင်နေသည်။ သူသည် သူ့ကိုယ်တွင်းသို့ ဝင်ရောက်သွားသည့် ပြန်လည်မွေးဖွားခြင်းအဆင့် ပုံရိပ်သည် သူ့ကို ကူညီပြီး မီးတောက်များကို သန့်စင်ပေးနေသည်အား ခံစားမိနိုင်ပေသည်။

ထိုစဉ်တွင် သူသည် မဟာလမ်းစဉ် မီးတောက်များ အားလုံး၏ အလယ်ဗဟိုတွင် ရောက်နေသကဲ့သို့ ခံစားမိလေသည်။ သူသည် ကောင်းကင်နှင့် မြေကြီးမှ စွမ်းအားများအားလုံးကို ဆွဲယူ၍ ဝင်ပေါက်ကို ပျော်ကျစေရန် ကြိုးပမ်းနေသည်။

သို့ပေမဲ့ သူသည် ထိုသို့ လုပ်ဆောင်နိုင်စွမ်း မရှိသေးပေ။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး ရီဖူရှင်းသည် ဝင်္ကပါအလယ်တွင် ထိုင်နေဆဲ ဖြစ်ကာ သူ့တစ်ကိုယ်လုံးပေါ်တွင် နေမင်း၏ နတ်ဘုရားမီးလျှံများက လွှမ်းခြုံထားသည်။

မည်သူကမှ သူ့ကို အလောသုံးဆယ် တိုက်တွန်းခြင်း မရှိပေ။ မျိုးနွယ်စုကိုးခုမှ တန်ခိုးရှင်များသည် ထိုနေရာ၌ ရပ်ကာ စောင့်ကြည့်ရုံသာ ကြည့်နေကြပေသည်။ သူတို့ အားလုံးသည် ရှန့်ထိုအဆင့်များ ဖြစ်သောကြောင့် အလွန်ပင် စိတ်ရှည်ကြသည်။  ဤအခြေအနေမှာ အလျင်စလို လုပ်ရန် လိုအပ်ခြင်း မရှိပေ။

တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် တန်ခိုးရှင်များသည်လည်း ထွက်မသွားကြသေးပေ။ သူတို့သည်လည်း ထိုနေရာ၌ စောင့်ကြည့်နေကြသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ရက်ပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။

သို့သော်လည်း ပြောင်းလဲမှုမရှိပေ။ ရီဖူရှင်း၏ ကိုယ်တွင်းမှ မီးတောက်များသည် ပို၍ သန်မာလာသော်ငြား ဝင်ပေါက်တံခါးဆီသို့ အနည်းငယ်မျှပင် သက်ရောက်မှုမရှိပေ။ ကြည့်ရသည်မှာ မည်သည့်အခါမှ ပွင့်မလာမည့် ထာဝရတံခါးကြီး ကဲ့သို့ပင် ဖြစ်သည်။

ရီဖူရှင်း၏ မျက်လုံးများသည် တင်းကျပ်စွာ စေ့ပိတ်ထားသည်။ သူသည် မည်သို့သော ပြဿနာ ဖြစ်နိုင်သည်ကို စဉ်းစားနေသည်။

သူသည် ဝင်္ကပါမှ မီးတောက်များ အားလုံးကို ယူဆောင်ခဲ့သည်။ အကယ်၍ ထိုသည်များက ဝင်ပေါက်တံခါးကို ဖွင့်ဖို့ရာ လုံလောက်ခဲ့လျှင် အခုချက်ချင်း ပြီးမြောက်သွားမည် ဖြစ်သည်။

သို့သော် ဝင်ပေါက်တံခါးသည် ပွင့်ဟမလာခဲ့ပေ။ ပြဿနာသည် မည်သည့်နေရာတွင် ရှိနေသနည်း။

“အင်ပါယာခွာရဲ့ လမ်းစဉ်မီးတောက်” ရီဖူရှင်း ထိုသည်ကို တွေးမိသည့်အခါ မီးတောက်စီးကြောင်းများသည် သူ့ခန္ဓာကိုယ်မှ ပုံဖော်ထားသည့် မီးပြင်းဖိုသို့ ဝင်ရောက်၍ သူ့အသိများထဲသို့ပါ ဝင်ရောက်သွားပေသည်။

သူ၏ စိတ်ထဲတွင် မီးလျှံစစ်နတ်ဘုရား တစ်ပါးသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် မားမားမတ်မတ် ရပ်နေပြီး မီးတောက်များအားလုံးကို ဝါးမျိုနေသည်။

ရီဖူရှင်း၏ စွမ်းအားများသည် ရွေ့လျားနေပြီး ဝင်္ကပါ၏ စွမ်းအားများ အပေါ်သို့ ဆွဲယူကာ အင်ပါယာခွာ၏ လမ်းစဉ်မီးတောက်ကို စတင်သန့်စင်တော့သည်။

အချိန်သည် ဆက်လက်၍ ကုန်ဆုံးနေသည်။ တစ်စုံတစ်ယောက်သည် ရှန့်ထိုအဆင့်သို့ ရောက်သည့်အခါ ကျင့်ကြံခြင်းမှာ အချိန်ကြာမြင့်စွာ ယူရပေသည်။

ရီဖူရှင်းသည် ဆယ်ရက်ခန့်ကြာသည်ထိ ၎င်းကို သန့်စင်နေခဲ့သည်။

အချို့လူများမှာ ပြန်ရန် တွေးနေကြပြီ ဖြစ်သော်လည်း ပေတေ၍ နေနေဆဲ ဖြစ်ကာ နေရာတစ်ခုတွင် တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေကြသည်။

မျိုးနွယ်စုကိုးခုမှ တန်ခိုးရှင်များသည် ဤသည်ကို အသားကျနေပြီ ဖြစ်၏။ သူတို့သည် ဘိုးဘေးနယ်မြေ၏ ဝင်ပေါက်တံခါးက မည်သို့ ဖြစ်သည်ကို သိရှိပြီး ဖြစ်သည်။ ၎င်းသည် အလွယ်တကူ ပွင့်လာလိမ့်မည် မဟုတ်ပေ။

မျိုးနွယ်စုကိုးခုထဲမှ တစ်ဦးတစ်ယောက်မှ ဖွင့်နိုင်စွမ်းမရှိခဲ့ပေ။ ထို့ကြောင့်ပင် သူတို့သည် ဤနေရာသို့ အချိန်တိုင်းလာ၍ အပြင်လူများ၏ ခွန်အားကို အားကိုးကာ ၎င်းကို ဖွင့်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထိုသည်မှာ မည်မျှခက်ခဲသည်ကို ပြသနေပေသည်။

ရီဖူရှင်း၏ စွမ်းအားအပေါ် သိမြင်နားလည်ခြင်းမှာ သန်မာသထက် သန်မာလာသည်။ သူသည် အတော်လေး သန့်စင်ပြီးနေပြီ ဖြစ်၏။ သူ၏ သိမြင်နားလည်ခြင်းတွင် သူသည် မီးလျှံစစ်နတ်ဘုရား အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ထင်မှတ်ရပေသည်။ ပုံရိပ်တစ်ခုသည် မဟာလမ်းစဉ်၏ မီးပြင်းဖိုအတွင်းတွင် ပေါင်းစည်းနေပြီး တဖြည်းဖြည်း ကြီးမားလာနေသည်။

ထိုပုံရိပ်သည် ရီဖူရှင်းနှင့် တူလှသော်လည်း ၎င်းသည် မဟာလမ်းစဉ်၏ မီးတောက်များမှ သဏ္ဌာန်ပေါ်လာသည့် ပုံရိပ်ယောင်မျှသာ ဖြစ်သည်။

ထိုခန္ဓာသည် ကြီးမားသထက် ကြီးမားလာပြီး နေရာတစ်ဝိုက်မှ မီးတောက်များအားလုံးကို ဝါးမျိုနေသည်။ အထက်ကောင်းကင်တွင် နေရောင်ခြည်သည် ပြောင်းလဲကာ ယခင်ကထက် ပို၍ သန်မာလာသည်။ ကြည့်ရသည်မှာ နေမင်းမီးတောက်သည် ကောင်းကင်နှင့် မြေကြီး တစ်လျှောက်စီးဆင်းကာ မီးလျှံ စစ်နတ်ဘုရားဆီသို့ ရောက်ရှိပုံရပေသည်။

အချိန်များ ကုန်လွန်လာပြီး ကောင်းကင်တွင် မီးတောက်များ လောင်ကျွမ်းနေခဲ့သည်။ လမ်းစဉ်အသိ အပိုင်းအစမှ ဖြစ်တည်လာသည့် ပုံရိပ်၏ အထက်တွင် မီးတောက်အလင်းများသည် ကောင်းကင်သို့ ရောက်ရှိကာ ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်နေသကဲ့သို့ ထင်မှတ်ရပေသည်။

အစွမ်းထက်သော အသိစွမ်းအားများသည် တစ်လောကလုံးကို ဖုံးလွှမ်းသည်။ တဖြည်းဖြည်းနှင့် ရီဖူရှင်းသည် အပျက်အစီးနယ်မြေ တစ်ခုလုံးကို လေ့လာခံစားမိနိုင်စွမ်း ရှိလာသည်။

အချိန်ခဏကြာပြီးနောက် သူ၏ သိမြင်နားလည်ခြင်းများမှာ အရာရာ ပြောင်းလဲသွားသည်။ သူသည် နှိုင်း၍မယှဉ်သာသော ကြီးမားသည့် ပုံရိပ်ကြီးကို မြင်လာရသည်ဟု ထင်မှတ်မိသည်။

ဤသည်မှာ သူ အပျက်အစီးနယ်မြေကို စတင်ရောက်စဉ်က မြင်ရသည့်ပုံအတိုင်း ဖြစ်ကာ ယခုတွင်မူ ပို၍ ထင်ရှားပြတ်သားလာပေသည်။

ကောင်းကင်တွင် ကြီးမားသည့် မျက်နှာကြီး ရှိနေပြီး တောက်ပသည့် နေမင်းကြီးသည် ၎င်း၏ မျက်လုံး ဖြစ်သည်။

သွေးရောင်တိမ်တိုက်များသည် ထိုအရာကြီး၏ ဆံပင်များ ဖြစ်၏။

ထို့အပြင် ကျယ်ပြောလှသည့် အပျက်အစီးနယ်မြေမှာ ၎င်း၏ ကိုယ်ထည်အဖြစ် ထင်မှတ်ရပြီး မီးလျှံ ချော်ရည်ပူများသည် သူ့၏ သွေးများဖြစ်သည်။

ကြည့်ရသည်မှာ ဤအပျက်အစီးနယ်မြေသည် နတ်ဘုရား တစ်ပါးပါးနှင့် ပေါင်းစပ်ထားပုံရသည်။ ထိုသို့မဟုတ်လျှင် ဤနယ်မြေတစ်ခုလုံးသည် ထိုနတ်ဘုရား ကိုယ်တိုင်ပင် ဖြစ်လိမ့်မည်။

“အဲဒါက အင်ပါယာခွာများလား”

ရီဖူရှင်းသည် ဤသည်ကို အံ့သြနေသည်။ ကောင်းကင်နှင့် မြေကြီးသည် အနီရောင်စွန်းကာ အပျက်အစီး နယ်မြေတစ်ခုလုံးသည် အရောင်များ ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။ နေမင်းဝင်္ကပါသည် ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိကာ လမ်းစဉ်မီးတောက်များမှ ဖြစ်တည်လာသည့် စစ်နတ်ဘုရားပုံရိပ်သည် နေလုံးတစ်လုံးကိုပင် ဝါးမျိုပစ်တော့မယောင် ထင်မှတ်ရပေသည်။ အဆုံးမဲ့မီးတောက်များမှာ နေရာအနှံ့တွင် ရှိနေပြီး ထိုအရာအားလုံးသည် စစ်နတ်ဘုရား ပုံရိပ်၏ အစာအာဟာရများ အဖြစ်သို့ ပြောင်းလဲသွားရပေသည်။

နတ်ဘုရားအလင်း ရောင်စဉ်တန်းများသည် ဝင်ပေါက်တံခါးဆီသို့ ရိုက်ခတ်လိုက်ပြီး နောက်ဆုံးတွင် ဆန့်ကျင်ထိခတ်မိသည့် အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဝင်ပေါက်တံခါးသည် စတင်၍ တဖြည်းဖြည်း ပြောင်းလဲလာသည်။ ၎င်းသည် အရည်ပျော်လာသည်နှင့် တူပေသည်။

ဝင်ပေါက်တစ်ခုလုံးမှာ တဖြည်းဖြည်း ဖောက်ထွင်းမြင်ရတော့မတတ် ဖြစ်လာသည်။

“ဝင်ပေါက်ပွင့်ပြီ”

ဝူမျိုးနွယ်က တန်ခိုးရှင်များ၏ မျက်လုံးများသည် တောက်ပလာကြသည်။

ရီဖူရှင်းက လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် ဘိုးဘေးနယ်မြေ၏ ဝင်ပေါက်တံခါးကို ဖွင့်နိုင်ခဲ့ပြီ ဖြစ်သည်။

ဝူယုံးသည် လက်သီးကို ကျစ်ကျစ်ဆုပ်ထားသည်။ သူသည် သံသယကင်းစင်ခြင်းအဆင့် ရှန့်ထိုဖြစ်သော်လည်း ဤအတွေ့အကြုံက သူ့အား ကြီးစွာ စိတ်လှုပ်ရှားစေသည်။

သူ ဖိတ်ခေါ်ခဲ့သည့်သူက ဘိုးဘေးနယ်မြေ ဝင်ပေါက်တံခါးကို ဖွင့်လှစ်နိုင်သည်အထိ ကံကောင်းလိမ့်မည်ဟု သူ မမျှော်လင့်မိခဲ့ပေ။

သူသည် သွေးရောင်လွှမ်းနေသည့် ကောင်းကင်သို့ မော့ကြည့်လိုက်ကာ သူ၏ နှလုံးသားသည်တော့ ကဆုန်ပေါက်နေသလို ခံစားနေရပေသည်။

ဝူမျိုးနွယ်သည် နောက်ဆုံး၌ ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ရန် အခွင့်အရေးရရှိခဲ့ပြီ ဖြစ်သည်။

“မြို့စားရီ၊ ဘိုးဘေးနယ်မြေ ဝင်ပေါက်က ပွင့်သွားခဲ့ပြီ။ ကျေးဇူးပြု ပြီး ဝူကလန်က အဖွဲ့သားတွေကို ဝင်ခွင့်ပြုပေးပါ။ မြို့စားရီလည်း ဝင်ရောက်ရမှာဆိုပေမယ့် တခြားလူတွေကိုတော့ ဘယ်သူ့ကိုမှ ဝင်ခွင့် မပြုပါနဲ့” ဝူယုံးက ရီဖူရှင်းကို ပြောသည်။

“ကောင်းပါပြီ” ရီဖူရှင်းက ပြန်ဖြေသည်။ ဝူယုံးသည် အနီးတစ်ဝိုက်ရှိ အခြားသူများကို ဝေ့ဝဲကြည့်လိုက်ပြီး သူ့ဘေးတွင် ရပ်နေသော အစွမ်းထက်ပုဂ္ဂိုလ်များကို မြင်သည်။ သူတို့သည် ဝူမျိုးနွယ် အကြီးအကဲများ ဖြစ်ကြသည်။ သူသည် အခြားမျိုးနွယ်စုမှ လူများကို ကြည့်ကာ ပြောသည်။ “ဒီတစ်ကြိမ်မှာတော့ ဘိုးဘေးနယ်မြေကို ဝင်ခွင့်ရခဲ့တာ ဝူမျိုးနွယ်ပဲ ဖြစ်တယ်”

ထိုသည်ကို ပြောရင်းနှင့် ဝူမျိုးနွယ်တစ်ခုလုံးက ရှေ့သို့ စတင်လျှောက်လှမ်းလာကြသည်။

အခြားသော မျိုးနွယ်ရှစ်ခုမှာ မလှုပ်ရှားခဲ့ပေ။ ဤသည်မှာ မျိုးနွယ်စုကိုးခု လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရှိလာခဲ့သည့် သဘောတူညီချက် ဖြစ်ပြီး သူတို့သည်လည်း ဆက်လက်လိုက်နာရမည် ဖြစ်သည်။

ထို့အပြင် အခုချိန်၌ ရီဖူရှင်းသည် ဝင်္ကပါ၏ အကူအညီဖြင့် ဘိုးဘေးနယ်မြေကို ထိန်းချုပ်နေသည်။ ဤအချိန်၌ ရီဖူရှင်းသည် သူ၏ စွမ်းအား ကန့်သတ်ချက် အဆုံးစွန်ထိ ရောက်ရှိနေသည်ဟု ပြောနိုင်ပြီး သူသည် ပြန်လည်မွေးဖွားခြင်းအဆင့်မှ တစ်စုံတစ်ယောက်ကိုပင် သတ်ဖြစ်နိုင်စွမ်း ရှိပေသည်။

သူသည် ဝူမျိုးနွယ်မှ ဖိတ်ခေါ်ခဲ့သည့်သူ ဖြစ်သောကြောင့် ဝူမျိုးနွယ်သည် ဘိုးဘေးနယ်မြေသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကို ရရှိခဲ့သည်။

“ပွင့်  … ” ရီဖူရှင်းသည် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ကြောက်မက်ဖွယ် အလင်းများက အဆိုပါမျက်လုံးများထဲတွင် ဖြတ်ပြေးနေသည်။ ဘိုးဘေးနယ်မြေ၏ ဝင်ပေါက်တွင် မီးလျှံများဖြင့် ဝန်းရံထားသည့် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ ဝူမျိုးနွယ်သည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာကာ ထိုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

သူတို့အားလုံး ဝင်ရောက်သွားပြီးသည်နှင့် ရီဖူရှင်းသည် မီးလျှံအလင်းတန်းကဲ့သို့ ပြောင်းလဲသွားကာ ရိပ်ခနဲပင် အတွင်းသို့ ဝင်ရောက်သွားတော့သည်။

မကြာခင်တွင် နေမင်းရဲတိုက်ရှိ ဝင်္ကပါမှာ ပျောက်ကွယ်သွားသည်။ အရာအားလုံးသည် ယခင်ကအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ဘိုးဘေးနယ်မြေ၏ ဝင်ပေါက်သည်လည်း တစ်ဖန် ပြန်၍ ပိတ်သွားခဲ့ပြီ ဖြစ်သည်။

အရာရာသည် တစ်ဖန်ပြန်၍ ငြိမ်သက်သွားသည်။ ကျူးမျိုးနွယ် တန်ခိုးရှင်၏ မျက်နှာထက်တွင် အေးစက်သော အကြည့်တို့ ရှိနေသည်။ “ခွေးကောင်” ရုန့်ရင်းသည့် စကားကို ပြောသည်။

ဝူမျိုးနွယ်သည် သူတို့ကို သစ္စာဖောက်ခဲ့သည်။

ဝူမျိုးနွယ်သာ သူတို့၏ အမိန့်ကို နာခံခဲ့လျှင် ဘိုးဘေးနယ်မြေ ဝင်ပေါက်တံခါးကို ဖွင့်သူမှာ ရင်ထျန်းကျောက်သာ ဖြစ်ပေလိမ့်မည်။

“ကျုပ်တို့ ပြန်တော့မှာလား။ စောင့်ဦးမှာလား” သွမ့်ဝူကျီက မေးသည်။ သူ့အသံက တည်ငြိမ်နေ၏။ ထိုအသံတွင် ပျော်ရွှင်ဝမ်းမြောက်ခြင်းဖြစ်စေ ဝမ်းနည်းခြင်းဖြစ်စေ တစ်စွန်းတစ်စမျှ ရှိမနေပေ။ အရာအားလုံးမှာ အမှန်တကယ်ကို သာမန်ဆန်လွန်းနေပေသည်။

“ကျုပ်တို့တော့ ဒီမှာ နေလိုက်ဦးမယ်။ မင်းတို့ ပြန်ချင်ရင်တော့ ပြန်လို့ရတယ်” ကျုံးမျိုးနွယ် တန်ခိုးရှင်က ပြောသည်။

“ဒါဆို ကျွန်မတို့တွေ ဒီမှာနေပြီး စောင့်လို့ရမလား” ရင်ထျန်းကျောက်က မေးသည်။

ကျူးမျိုးနွယ်တန်ခိုးရှင်က ခေါင်းညိတ်လိုက်၏။ “ရပါတယ်”

သွမ့်ဝူကျီက ရင်ထျန်းကျောက်ကို ကြည့်လိုက်ပြီးနောက် ပြုံးသည်။ သူသည်လည်း ထွက်သွားရန် ရည်ရွယ်ချက် မရှိသောကြောင့် စောင့်နေရစ်ပေသည်။

ဘိုးဘေးနယ်မြေ ဝင်ပေါက်တံခါးက ပွင့်သွားခဲ့သည်။ ထိုနေရာ၌ ဘာတွေဖြစ်မည်ကို သူတို့ မည်သူမှ မသိရှိကြပေ။

ရီဖူရှင်းနှင့် အခြားလူများ ဝင်ရောက်သွားပြီးနောက် သူတို့သည် နယ်မြေအတွင်း၌ ရှေ့သို့ ကြည့်လိုက်ပြီး အဝေးတစ်နေရာမှ ကောင်းကင်သို့ ဆက်သွယ်ထားသည့် လှေကားစောင်းတန်းကို မြင်လေသည်။ စောင်းတန်းအဆုံး၌ နေမင်း၏ အနားယူရာ နေရာရှိသည်ဟု ထင်မှတ်ရပြီး အမြင့်ဆုံးနေရာမှာ နေမင်းရဲတိုက် ဖြစ်သည်။

ဝူကလန်တန်ခိုးရှင်များသည် ရီဖူရှင်းကို စောင့်နေကြသည်။ ရီဖူရှင်း လျှောက်လာသည်ကို အကြီးအကဲက မြင်သည်။ အတွေးအများကြီးသည် သူ့စိတ်ထဲတွင် ယောက်ယက်ခတ်နေသည်။

ထိုအခိုက်တွင် ရီဖူရှင်းသည် ဝင်္ကပါ၏ ကောင်းချီးပေးမှုကို ကြာရှည်စွာ မရရှိခဲ့ပေ။ သို့သော်လည်း အလွန်အားကောင်းသည့် အရှိန်အဝါက သူ့ကိုယ်ပေါ်တွင် စီးဆင်းနေဆဲ ဖြစ်သည်။

သူ ဘာရရှိလာသည်လဲ။

ဘိုးဘေးနယ်မြေ ဝင်ပေါက်တံခါး ပွင့်သွားပြီးနောက် အင်ပါယာခွာ ချန်ရစ်ထားခဲ့သည့် အမွေအနှစ်ကို ရရှိနိုင်သည့် သူမှာ သူသာလျှင် ဖြစ်နိုင်မည်လား။

ရီဖူရှင်းသည် အကြီးအကဲ၏ အကြည့်များကို ခံစားမိသော်လည်း သူ့မျက်လုံးများကို ရှေ့သို့သာ ဆက်ကြည့်နေပေသည်။ သူသည် အလွန်ပင် တည်ငြိမ်နေသော်လည်း ဆုံးဖြတ်ချက် ခိုင်မာမှုများကို သူ့မျက်လုံးများထဲ တစ်စွန်းတစ တွေ့နိုင်၏။

ဤဖြစ်စဉ် တစ်ခုလုံးက သူ့နှလုံးသားကို အနည်းငယ် တုန်ယင်နေစေကာ သူ့တွင် သတိထားရမည် ဟူသော ခံစားချက်များကို ပေးစွမ်းနေသည်။

ဝူကလန်၏ ဤခေါင်းဆောင်သည် သူ့ကို မည်သည့်အချိန်ကမှ စကားမပြောခဲ့ပေ။ မျိုးနွယ်စုခေါင်းဆောင်တွင် ကိုယ်ပိုင် အကြံအစည် ရှိနေခြင်း ဖြစ်နိုင်သလား။

သူ့အတွက်တော့ မြစ်ကိုကူးပြီးနောက် တံတားကို ဖျက်ဆီးခြင်း ဆိုသည်မှာ အထူးအဆန်း ဖြစ်လိမ့်မည် မဟုတ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset