Switch Mode

အပိုင်း(၁၂၄၈)

မဟာလမ်းစဉ်မီးတောက်သို့ အဆင့်မြှင့်ခြင်း

ရီဖူရှင်းသည် ယန်မီးပြင်းဖိုအဖြစ်သို့ လုံးဝပြောင်းလဲသွားခဲ့သည်။ သူသည် ကောင်းကင်တစ်ခွင်ကို ပြည့်သွားသည့် လက်သီးစွမ်းအားများနှင့် သူ့အရှေ့မှ လမ်းစဉ်မီးတောက်များကို တွန်းကာ ရှေ့သို့ ပစ်လွှတ်သည်။ သူ၏ စွမ်းအားများသည် ဝါးပင်ကို ဓားဖြင့် ခုတ်ပိုင်းလိုက်သကဲ့သို့ အရာအားလုံးကို ဖြတ်သန်းခုတ်ပိုင်းရန် လုံလောက်ပေသည်။

ကျယ်လောင်သည့် အသံနှင့်အတူ ချန်ဟွိုက်သည် အနောက်သို့ လွင့်စဉ်ထွက်သွားသည်။ သူသည် ထုတ်ချင်းပေါက်ကာ အပေါက်ကြီး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မီးတောက် ပေါက်ကွဲမှုသည် သူ့ထံသို့ တိုးဝင်လာပြီး သူ့ကို ရစ်ပတ်လိုက်သောကြောင့် သူ့မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားခဲ့သည်။

ရီဖူရှင်းသည် ခံစားချက်ကင်းမဲ့နေပြီး သာမန်အတိုင်း ထူးမခြားနားစွာဖြင့် တစ်လှမ်းချင်း ရှေ့သို့ လျှောက်လာခဲ့သည်။

သူက မီးတောက်အချို့ကိုသာ သန့်စင်ရသေးသော်လည်း သူ၏ လမ်းစဉ်မီးတောက်နှင့် တိုက်ခိုက်မှုကတော့ အလွန်သန်မာလှသည်။ သူ၏ ခုခံကာကွယ်မှုကလည်း ပြောင်းလဲခြင်းမရှိပေ။ ရီဖူရှင်း၏ ပေါက်ကွဲထွက်လာသော စွမ်းအားများသည် သူ့အတွက် တုံ့ပြန်ရန် အခွင့်အရေးပင် မရခဲ့သောကြောင့် ဆိုးဝါးစွာ ဒဏ်ရာရရှိခဲ့ရသည်။ တိုက်ပွဲမှာ တစ်ခဏအတွင်း အဆုံးသတ်ခဲ့၏။

ရီဖူရှင်းသည် ချန်ဟွိုက်၏ ရှေ့သို့ လျှောက်လာပြီး အေးစက်စက် အကြည့်နှင့် သိမ်းကျုံးကြည့်သည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး လမ်းစဉ်မီးတောက်များက သူ့လက်မှ ထွက်ပေါ်လာသည်။

ချန်ဟွိုက်သည် သူ့ရှေ့မှ ပုံရိပ်ကိုကြည့်ရင်း ဖြူဖျော့သွားသည်။

သူသည် တစ်ချိန်က ကျန့်မုမြို့၌ ရီဖူရှင်းက အမျိုးသမီး၏ နောက်ကွယ်တွင် နေကာ မှီခိုနေသည်ဟု ပျက်ရယ်ပြုခဲ့သည်။ သို့သော်လည်း ယခုတွင် သူသည် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရသည်။ ရီဖူရှင်းသည် သူ့ကို အသိမပေးဘဲ တိုက်ခိုက်ခဲ့သည်မှာ အမှန်ဖြစ်သော်လည်း သူ့ကို ပြင်ဆင်ခွင့် ပေးခဲ့လျှင်ပင် ကွာခြားချက် ရှိမည် မဟုတ်ပေ။

သူ၏ ရန်ဟောင်စွမ်းအားများသည် ရှီချန်ကဲ့သို့ပင် အတင်းအကျပ် ယူဆောင်သွားခြင်းကို ခံခဲ့ရသည်။

ရီဖူရှင်းသည် ရှေးဟောင်းသစ်ပင်မှ ပါရမီရှင်နှစ်ယောက်ကို ဖိနှိပ်ခဲ့သည်။

ရီဖူရှင်းသည် သူ၏ မူလနေရာသို့ ပြန်သွားခဲ့ပြီး ထိုင်ချသည်။ လူတိုင်းက သူ့ကို ကြည့်လိုက်ကြသည်။ သူတို့ကြားမှ ဤတိုက်ပွဲသည် ထူးထူးခြားခြား မရှိခဲ့ပေ။ ထို့ကြောင့် သူတို့သည် ပြိုင်ဘက်များကြားမှ အားနည်းချက်၊ အားသာချက်များကို မတွေ့မြင်ခဲ့ရပေ။ သို့သော်လည်း အနည်းဆုံးတော့ ချန်ယဲ့မြို့စားသည် သူတို့ ခန့်မှန်းထားသလို မဟုတ်သည်ကို သိရှိခဲ့ရသည်။ မဟုတ်လျှင် သူ့ကို ဖိတ်ခေါ်သည့် သူက မျိုးနွယ်စုနှစ်ခုတည်းသာ ရှိလိမ့်မည်မဟုတ်ပေ။

ချန်ဟွိုက် ရှုံးနိမ့်သွားပြီးနောက်၌ မျိုးနွယ်စုလေးခု၏ ကိုယ်စားပြုသူများသာ ကျန်တော့သည်။

ကျူးမျိူးနွယ်၏ ရင်ထျန်းကျောက်၊ ကျုံးမျိုးနွယ်အတွက် ရပ်တည်ပေးနေသော သွမ့်ဝူကျီ၊ ကျူးချွယ့်မျိုးနွယ်အတွက် ရှန့်ထိုကျိုယိုး၏ တပည့်နှင့် ရီဖူရှင်း သာ ကျန်ရစ်ပေသည်။

ထိုလေးယောက်လုံးသည် မီးတောက်သန့်စင်သည့် အရည်အချင်း၌ အလွန်ထူးချွန်လှပေသည်။ ယခုပင်လျှင် သူတို့သည် မျက်လုံးများမှိတ်ကာ ကျင့်ကြံနေကြပြီး သူတို့ ယူဆောင်ထားခဲ့သည့် လမ်းစဉ်မီးတောက်များကို သန့်စင်နေကြပေသည်။

အပျက်အစီးနယ်မြေအတွင်းမှ လမ်းစဉ်မီးတောက်များသည် အစွမ်းထက်လှသည်။ သူတို့ထဲက လမ်းစဉ်မီးတောက်များကို အများဆုံးသန့်စင်နိုင်သူသည် အသန်မာဆုံးသောသူ ဖြစ်လာပေလိမ့်မည်။

ထိုအခိုက်တွင် နေမင်းရဲတိုက်အပေါ်သို့ နေရောင်ခြည်များ ဖြာကျနေပြီး ရောင်စဉ်တန်း လေးခုသည်သာ ဆက်လက်တောက်ပနေသည်။ ရီဖူရှင်း ရှိနေရာ၌ အလင်းသည် အတောက်ပဆုံးပင် ဖြစ်၏။ သူသည် တန်ခိုးရှင်နှစ်ဦးကို အနိုင်ရခဲ့သောကြောင့် သူ့ထံတွင် လမ်းစဉ်မီးတောက်များ အနည်းငယ်ပို၍ များပေသည်။ အလင်းရောင်များသည် လျှို့ဝှက်ဆန်းကြယ်သည့် ဝင်္ကပါသဏ္ဌာန် ထင်မှတ်ရပေသည်။

သို့ပေမယ့် ဤသည်မှာ ရီဖူရှင်း၏ စွမ်းအားများ တိုးပွားလာခြင်း မဟုတ်ပေ။ သူသည် နေရောင်ခြည်များ သူ့အပေါ်သို့ ဖြာကျနေသည်ကို ခံစားနိုင်ပေသည်။

သူတို့ လေးယောက်လုံးက တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေသည်ကို မြင်ပြီး ကျူးမျိုးနွယ်မှ တန်ခိုးရှင်များသည် သူတို့၏ အကြည့်များကို တိုက်ပွဲကွင်းပြင်သို့ ပို့လွှတ်ကာ အကဲခတ်နေသည်။

ထိုအချိန်တွင် သူတို့ မျိုးနွယ်လေးခုသာ ကျန်ရှိပေသည်။ သူတို့နှင့် ဝူမျိုးနွယ်သည် အတူတူပင် ဖြစ်သည်ကို ကျုံးမျိုးနွယ်နှင့် ကျူးချွယ့်မျိုးနွယ်တို့လည်း သိထားလိမ့်မည်။ ထို့ကြောင့် သူတို့ မျိုးနွယ်နှစ်ခုမှာ အချင်းချင်း တိုက်ခိုက်မည်မဟုတ်ဘဲ ကျူးမျိုးနွယ်နှင့် ဝူမျိုးနွယ်သည် တိုက်ပွဲတွင် လက်တစ်ချောင်း မ,မရဘဲ အနိုင်ရရှိပေလိမ့်မည်။

ထို့ကြောင့် နှစ်ယောက်ချင်း ပွဲစဉ် ဖြစ်လာလိမ့်မည်။

သူသည် ကျုံးမျိုးနွယ်အတွက် တိုက်ခိုက်ပေးနေသည့် သွမ့်ဝူကျီကို ကြည့်သည်။ သူသည် ရှန့်ထိုကျိုယိုး၏ တပည့်ထက်ပို၍ ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။

ထိုသို့ တွေးမိလိုက်လျှင် ကျူးကလန်မှ တန်ခိုးရှင်သည် ဝူမျိုးနွယ်မှ တန်ခိုးရှင်ကို ခေါ်၍ ပြောသည်။ “မြို့စားရီကို သွမ့်ဝူကျီနဲ့ စိန်ခေါ်ခိုင်းလိုက်”

သူတို့က ခဏသာ တိုက်ခိုက်ရလိမ့်မည်ဖြစ်ကာ ထိုသည်က သွမ့်ဝူကျီ မည်မျှသန်မာသည်ကို သိမြင်နိုင်လိမ့်မည်။ သူတို့ ယခင်တိုက်ပွဲတွင် မြင်တွေခဲ့သည်မှာ သရုပ်ပြမှု တစ်ခုသာ ဖြစ်၏။ သွမ့်ဝူကျီသည် သူ့ပြိုင်ဘက်ကို အနိုင်ရရန် စွမ်းအားများစွာ အသုံးပြုရန် လိုအပ်ပေသည်။

ရီဖူရှင်း ပြသခဲ့သည့်စွမ်းရည်မှာ ထူးချွန်လှသောကြောင့် သွမ့်ဝူကျီက လမ်းစဉ်မီးတောက်များကို မည်မျှ အင်အားကြီးအောင် သန့်စင်နိုင်ကြောင်းနှင့် သူ၏ နတ်သက်ကြွေမီးတောက်မှာ မည်မျှ အစွမ်းထက်သည်ကို ရီဖူရှင်းက ပို၍ စမ်းသပ်နိုင်လိမ့်မည်။

ထိုနည်းလမ်းကသာ သူတို့ သွမ့်ဝူကျီ၏ အင်အားကို မြင်တွေ့နိုင်စွမ်း ရှိပေလိမ့်မည်။

ဝူမျိုးနွယ်မှ တန်ခိုးရှင်သည် ရီဖူရှင်းရှိရာသို့ ကြည့်သည်။ မီးခိုးရောင်ဝတ်ပုံရိပ်သည် သူ့ထံသို့ လျှောက်လာကာ ပြောသည်။ “မြို့စားရီ၊ ဒီတိုက်ပွဲမှာ ကျုံးမျိုးနွယ်က သွမ့်ဝူကျီနဲ့ မတိုက်ခိုက်ချင်ဘူးလား”

ရီဖူရှင်းသည် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး သွမ့်ဝူကျီထံ ကြည့်သည်။ သူက တကယ့်ကို အတော်လေး သန်မာလှသည်။ သူ၏ ယခင်တိုက်ပွဲတွင် သူ့ပြိုင်ဘက်ကို အမှုန့်ချေပစ်ရန် တည်းတည်းလေးသာ လိုသည်။ သူသည် မည်သည့် အားအင်မှ ဖြုန်းတီးရန် မလိုအပ်ခဲ့ပေ။ သူ၏ နတ်သက်ကြွေမီးတောက်သည် သူ့ပြိုင်ဘက်၏ လမ်းစဉ်မီးတောက်များကို ဝါးမျိုပြီး သူ၏ ကိုယ်ပိုင် နတ်သက်ကြွေမီးတောက်များထံ ပေါင်းစပ်ခဲ့သည်။ သူသည် အလွန်ပင် ခြိမ်းခြောက်နိုင်စွမ်း မြင့်မားပေသည်။

သို့သော်လည်း သူသာ အဆုံးသတ်ချင်လျှင် သွမ့်ဝူကျီသည် သူ အနှေးနှင့်အမြန် ရင်ဆိုင်ရမည့် ပြိုင်ဘက်ဖြစ်လာပေလိမ့်မည်။ သူက ဤသည်ကို ရှောင်လွှဲ၍ မရနိုင်ပေ။

မည်သည့်အချိန်တွင် ရင်ဆိုင်မည်လဲ၏ဟူသည့် ပြဿနာတစ်ခုသာ ဖြစ်ပေသည်။

ထို့ကြောင့် သူ တွေဝေမနေခဲ့ပေ။ သူသည် မတ်တတ်ထရပ်လိုက်ကာ တိုက်ပွဲကွင်းပြင်သို့ လျှောက်ထွက်သွားခဲ့သည်။ သူက ကျုံးမျိုးနွယ်နှင့် သွမ့်ဝူကျီဆီသို့ ကြည့်လိုက်၏။

ရီဖူရှင်း၏ အကြည့်တို့ကို ခံစားလိုက်ရလျှင် သွမ့်ဝူကျီသည် သူ့မျက်လုံးများ ဖွင့်လိုက်ပြီး ရီဖူရှင်းကို ပြန်ကြည့်သည်။ သူ၏ မျက်လုံးများအတွင်းတွင် စိမ်းပုပ်ရောင် မီးတောက်များဖြင့် လင်းလက်နေပြီး နတ်ဆိုးမီးတောက်များသဖွယ် ထင်မှတ်ရသည်။

သူသည်လည်း မတ်တတ်ရပ်လိုက်ပြီး တိုက်ပွဲကွင်းပြင်သို့ လျှောက်ဝင်လာသည်။

နေမင်းရဲတိုက်၏ ရှေ့တွင် အလွန်ပင် ပူပြင်းနေဆဲ ဖြစ်၏။ ထိုအချိန်တွင် အရာအားလုံးသည် သာမန်ထက်လွန်ကဲစွာ ငြိမ်သက်နေသည်။

သူတို့နှစ်ဦးသည် မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။ ရီဖူရှင်းသည် မဟာမီးပြင်းဖို အဖြစ်သို့ တစ်ဖန်ပြောင်းလဲ သွားပြန်ကာ မဟာလမ်းစဉ်၏ မီးတောက်များက သူ့ကို ဝန်းရံ၍ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။

စိမ်းပုပ်ရောင် မီးတောက်များက သွမ့်ဝူကျီ၏ အနီးတွင် စီးဆင်းနေပြီး သူခန္ဓာကို ရစ်ပတ်ထားသည်။ ၎င်းတို့သည် တဖြည်းဖြည်းနှင့် ဝဲကတော့သဏ္ဌာန် ပေါ်လာကာ အားကောင်းသထက် အားကောင်းလာ၏။ ယင်းသည် ရှေ့သို့ ရွေ့လျားလာပြီး မီးတောက်များအားလုံးကို ဝါးမျို၍ ကြီးမားသော မီးတောက်ဝဲကတော့ကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။

ကြမ်းကြုတ်သည့် ဝဲကတော့ကြီးသည် ရီဖူရှင်းရှိရာသို့ ပြေးဝင်သွားကာ ထိုဝန်းကျင်၌ ရှိသမျှ မီးစွမ်းအားများကို စုပ်ယူနေသည်။ ရီဖူရှင်းသည် ပညာရှိကျမ်းကို အသုံးပြုလိုက်ပြီး သူ၏ စွမ်းအားများ အားလုံးက နေမင်းကဲ့သို့ တောက်လောင်နေသည့် မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။

“သွားစမ်း”

သူသည် လေထဲသို့ လက်ညှိုးညွှန်လိုက်ပြီး မီးတောက်များသည် အထက်သို့ ထိုးတက်သွားကာ ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းသွားသည်။ ‘သွားစမ်း’ ဟူသော စကားလုံးသည် မီးတောက်များကြားတွင် ထွက်ပေါ်လာသည်။

ဝဲကတော့သည် ယန်မီးပြင်းဖိုနှင့် တိုက်မိကာ အဖျက်စွမ်းအား အလွန်ပင် ပြင်းထန်လှသည့် မုန်တိုင်းတစ်ခု ထွက်ပေါ်လာကာ လွှမ်းခြုံပစ်သည်။ စိမ်းပုပ်ရောင်မုန်တိုင်းသည် ယန်မီးပြင်းဖိုကို ဝါးမျိုရန် ကြိုးစားနေပြီး ယန်မီးပြင်းဖိုသည်လည်း ဝဲကတော့ကို ပြောင်းလဲပစ်ရန် ကြိုးစားနေသည်။ အင်အားနှစ်ခုသည် ရောယှက်နေပြီး ကြောက်မက်ဖွယ် လမ်းစဉ်မီးတောက်များသည် တစ်ခုကိုတစ်ခု ရစ်ပတ်နေကြသည်။

သွမ့်ဝူကျီနှင့် ရီဖူရှင်းသည် လေထဲတွင် မျောလွင့်နေပြီး သူတို့၏ စိတ်စွမ်းအားကို အသုံးချ၍ မီးတောက်များကို ထိန်းချုပ်နေကာ သူတို့၏ လက်သင်္ကေတများဖြင့် လမ်းပြနေသည်။

သူတို့သည် ထိုကြမ်းတမ်း ရက်စက်လှသည့် တိုက်ပွဲကို စောင့်ကြည့်နေကြပြီး သူတို့ တွေးမိလိုက်ကြသည်မှာ ရီဖူရှင်းနှင့် သွမ့်ဝူကျီတို့၏ စွမ်းအားများ အချင်းချင်း တိုက်မိသွားခဲ့လျှင် သူတို့ နှစ်ယောက်လုံး ဝါးမျိုခံရပေလိမ့်မည်။ ထိုအခြေအနေသာ ဖြစ်ခဲ့လျှင် ရင်ထျန်းကျောက်နှင့် ရှန့်ထိုကျိုယိုး၏ တပည့်သည် လက်တစ်ချောင်းပင် မ,ရန် မလိုအပ်ဘဲ အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်လိမ့်မည် ဖြစ်သည်။

ရီဖူရှင်း၏ မဟာလမ်းစဉ်မီးတောက်များ သွမ့်ဝူကျီနှင့် ရင်ဆိုင်နိုင်သည်ကို လူအများက အနည်းငယ် ထိတ်လန့်အံ့သြနေကြသည်။

မင်းသားတစ်ပါး အနေနှင့် သွမ့်ဝူကျီသည် အလွန်အစွမ်းထက်သော ကျင့်ကြံမှုများ ရှိသည်။ ထို့ကြောင့် အင်ပါယာရှားဘုံမှ ရီဖူရှင်း၏ အစွမ်းထက်နည်းစနစ်မှာ ရန်ဟောင်အဆင့် ဖြစ်ရမည်။

သူတို့နှစ်ဦးသည် မဟာလမ်းစဉ်၏ မီးတောက်များအကြား မျောလွင့်ပြီး သူတို့၏ လက်များကို အသုံးပြုကာ မီးတောက်များကို ဆက်လက်ထိန်းချုပ်နေသည်။ သူတို့သည် ထိုအထဲသို့ စွမ်းအားများ ပို၍ ထပ်ကာ ထပ်ကာ ပေါင်းထည့်နေပြီး အဆုံးမဲ့မီးလျှံများက ကောင်းကင်ထက်မှ ကျဆင်းလာသည်။ မီးတောက်တိုင်းတွင် ကြောက်မက်ဖွယ် အဖျက်စွမ်းအင်များနှင့် ပြည့်နှက်နေသည်။

သွမ့်ဝူကျီသည် ပြင်းထန်သည့် မီးတောက်များအောက်မှ ရီဖူရှင်းကို ကြည့်သည်။ စိမ်းပုပ်ရောင်မီးတောက်များက သူ့အနီးတွင် ရစ်ပတ်နေပြီး အင်အားကောင်းသည်ထက် ကောင်းလာသည်။

သူသည် ဝဲကတော့အတွင်းသို့ သူ့စွမ်းအားများကို အားလုံး ပေါင်းမထည့်ခဲ့သေးပေ။ သူသည် စွမ်းအားအချို့ကို သိမ်းဆည်းထားဆဲ ဖြစ်သည်။

သို့သော်လည်း မီးတောက်စွမ်းအားများသည် ရီဖူရှင်း၏ အနီးတွင်လည်း ပေါ်ပေါက်လာသည်။ မီးတောက်များသည် သန့်စင်၍ကြည်လင်နေပြီး တစ်ခုက အစစ်အမှန်လို ဖြစ်ကာ ထို့နောက် ပုံရိပ်ယောင်သဖွယ် ဖြစ်သွားပြန်သလို ထင်မှတ်ရသည်။  ၎င်းတို့သည် တစ်ခုခုက စိတ္တဇဆန်ဆန် ဖြစ်ပေါ်နေသည်။

“သွား” သွမ့်ဝူကျီသည် သူ့အင်္ကျီလက်များကို ခါထုတ်လိုက်ပြီး အဆုံးမဲ့ လမ်းစဉ်မီးလျှံများ ထွက်ပေါ်လာသည်။

သို့သော်လည်း ရီဖူရှင်းသည် ရှေ့သို့ ညွှန်ပြလိုက်ကာ သုံးထောင်သော လမ်းစဉ်မီးတောက်များက အော်မြည်ကာ ရှေ့သို့ တိုးထွက်လာပြီး သူ့ပြိုင်ဘက်၏ မီးတောက်များကို ရိုက်ခတ်သည်။ စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုသည် ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။

သွမ့်ဝူကျီသည် စွမ်းအားကြီးသည့် ခြေလှမ်းနှင့် ရှေ့သို့ လှမ်းလိုက်ပြီး ရီဖူရှင်း၏ ရှေ့သို့ ဆင်းသက်လာသည်။ သူ၏ လက်များကို ဆန့်ထုတ်လိုက်ကာ ရုတ်တရက် မီးတောက်ဝဲကတော့သည် ရီဖူရှင်းအနီးတွင် ပေါ်ပေါက်လာ၍ သူ့ကို ဝါးမျိုရန် ကြိုးစားလေသည်။

ရီဖူရှင်း၏ မျက်လုံးများသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူသည် သွမ့်ဝူကျီထံသို့ အကြည့်များ ပို့လွှတ်လိုက်ကာ သန့်စင်သည့် အဖြူရောင်မီးတောက်များက သူ့ဝန်းကျင်၌ ပေါ်ပေါက်လာ၍ ပါးလွှာသည့် လေထုထဲတွင် ကြီးထွားလာသည်ဟု ထင်မှတ်ရသည်။ ၎င်းတို့သည် သွမ့်ဝူကျီ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။

သူတို့ နှစ်ဦးလုံးသည် တစ်ယောက်နှင့် တစ်ယောက်အနီးသို့ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။ သွမ့်ဝူကျီသည် သူ့လက်သီးကို မြှောက်လိုက်ပြီး ရီဖူရှင်းဆီသို့ ထိုးနှက်သည်။ ကြီးမားလှသည့် စွမ်းအားများက သူ၏ နူးညံ့ပျော့ပျောင်းလှသော လက်အနီးတွင် ပေါ်ပေါက်လာသည်။

ရီဖူရှင်းသည် လက်ညှိုးတစ်ချောင်းသာ ဆန့်ထုတ်လိုက်သော်လည်း ၎င်းသည် ဓားတစ်လက်ထက်ပင် ထက်ရှနေသည်။ ၎င်းသည် အရှိန်နှင့် ဝင်လာနေသော လက်သီးထံသို့ ထိုးဖောက်သည်။

တိုက်ခိုက်မှုနှစ်ခုသည် ထိပ်တိုက်တွေ့ဆုံသွားခဲ့ပြီး ကြောက်မက်ဖွယ် ဝဲကတော့သည် သွမ့်ဝူကျီ၏ လက်သီးမှ ရီဖူရှင်းပေါ်သို့ ကျဆင်းလာသည်။ သူသည် သူ့ခန္ဓာကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ သကဲ့သို့ သူ့အရှိန်အဝါသည် သူ့ပြိုင်ဘက်၏ လက်သီးမှ စုပ်ယူခံလိုက်ရသည်ဟု ထင်မှတ်ရသည်။ ကြည့်ရသည်မှာ သူ၏ စိတ်ဝိညာဉ်ကိုပင် တိုက်ခိုက်ခံနေရပြီး အလုံးစုံ စုပ်ယူခံရတော့မည့် ပုံပေါ်လေသည်။

သို့သော်လည်း ရီဖူရှင်း၏ လက်ချောင်းတွင် ကြီးမားလှသည့် လေဟာနယ် ဖျက်ဆီးမှုစွမ်းအားများ ပါဝင်နေသည်။ ယင်းသည် လှံတစ်ချောင်းနှင့် ဆင်တူလှပေသည်။ လျှပ်တစ်ပြက်အတွင်းတွင် အဆုံးမဲ့ ဖျက်ဆီးမှုစွမ်းအားများက သူ၏ ပြိုင်ဘက်လက်သို့ ကျူးကျော်သွားပြီး ခန္ဓာကိုယ်ကို ရိုက်ခတ်သည်။

သွမ့်ဝူကျီ၏ သွေးများသည် သူ့ခန္ဓာကိုယ်တစ်လျှောက် အပေါ်သို့ ဆန်တက်လာသည်။ သူ့မျက်နှာပေါ်တွင် နားမလည်နိုင်သည့် အကြည့်များ ဖြစ်ပေါ်နေ၏။ ကြောက်မက်ဖွယ် မီးတောက်များသည် ရုတ်တရက် သူ့လက်ပေါ်တွင် ပေါ်ပေါက်လာပြီး ယင်းသည် စိမ်းပုပ်ရောင်အဖြစ်သို့ ပြောင်းကာ ရီဖူရှင်းဆီသို့ ဆက်လက်၍ ဖိနှိပ်သည်။ သူ၏ လက်သီးသည် ရီဖူရှင်း၏ စိတ်ဝိညာဉ်ကိုပါ လွှမ်းခြုံသွားနိုင်သည်ဟု ထင်မှတ်ရသည်။

ရီဖူရှင်းသည် သူ၏ လက်ချောင်းကို ရှေ့သို့ ဆက်တိုးလာပြီး မဟာလမ်းစဉ်၏ မီးတောက်များက အခြားလက်ချောင်းများဆီမှလည်း ထွက်ပေါ်လာသည်။ မကြာခင်မှာပင် သူ့လက်ချောင်းသည် ပြိုင်ဘက်၏ လက်ပေါ်တွင် နေရာယူလိုက်ပြီး မီးတောက်များဖြင့် စီးဆင်းစေ၏။

သူတို့နှစ်ယောက်လုံး၏ တိုက်ခိုက်မှုသည် ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိကာ တိုက်ကွက်တစ်ခု ပြီးသည့်နောက်တွင် သူတို့ လူကွဲသွားသည်။ ရီဖူရှင်း၏ အင်္ကျီလက်များက စုတ်ပြဲသွားပြီး စိမ်းပုပ်ရောင်အလင်းများက သူ့လက်ပေါ်တွင် ပေါ်ပေါက်လာသည်။ သွမ့်ဝူကျီသည်လည်း တူညီစွာပင် သူ၏ အင်္ကျီလက်များက အစအနမကျန်အောင် လောင်ကျွမ်းခံလိုက်ရကာ မငြိမ်းသက်နိုင်သည့် လမ်းစဉ်မီးတောက်များက သူ့ခန္ဓာကိုယ်တစ်လျှောက် တောက်လောင်နေပြီး သူ၏ ခံနိုင်ရည်ကို တိုက်စားသွားသည်။

သွမ့်ဝူကျီသည် နောက်သို့ ပြန်ဆုတ်ခွာရန် ကြိုးစားလိုက်သော်လည်း သူသည် ကြီးမားသည့် ချုပ်နှောင်စွမ်းအားကို  ခံစားလိုက်ရသည်။ ရီဖူရှင်းသည် လက်ချောင်းများကို ရှေ့သို့ ဆက်လက် တိုးဝင်လာပြီး သွမ့်ဝူကျီကို တစ်ဖန်တိုက်ခိုက်ရန် ကြိုးစားသည်။

သွမ့်ဝူကျီ မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးများထဲတွင် အေးစက်မှုများ ဖြတ်ပြေးသွားသည်။ တစ်စုံတစ်ယောက်က အမှန်တကယ်ပင် တက်ကြွစွာနှင့် သူ့ကို တိုက်ခိုက်ရန် ကြိုးပမ်းနေသည်။

သူသည် သူ၏လက်သီးကို တွေဝေခြင်းမရှိဘဲ တစ်ဖန်ထပ်ကာ အသုံးပြုသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်သည် နတ်ဆိုးနှစ်ဦးကဲ့သို့ တစ်ဖန်ထပ်ကာ ထိပ်တိုက်တွေ့ခဲ့ပြန်သည်။

ဘန်း …

ကျယ်လောင်လှသည့် ထိပ်တိုက်တွေ့သံကြီး ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်သည် တစ်ဖန် လူချင်း ကွဲသွားပြန်သည်။ နှစ်ယောက်လုံးသည် ညည်းညူလိုက်ကြသည်။

ထိုတိုက်ခိုက်မှုသည် သိသာစွာပင် တောင့်ခံနိုင်ရန် ခက်ခဲလှပေသည်။

သူတို့သည် ပြိုင်ဘက်ကို ထိုးနှက်နိုင်သည့် တစ်ချိန်တည်းမှာပင် သူသည် ပြိုင်ဘက်၏ ထိုးနှက်ခြင်းကို ခံရပေသည်။ လမ်းစဉ်မီးတောက်များ၏ ခြိမ်းခြောက်နိုင်စွမ်းသည် သူတို့ ကိုင်တွယ်နိုင်စွမ်းရှိသည့် အဆင့်ထက် သာလွန်သည်။ ၎င်းတို့၏ အဖျက်စွမ်းအားသည်လည်း သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်သည့်အခါ၌ ပို၍ သိသာလှပေသည်။

ရီဖူရှင်း၏ လက်မောင်းများသည် အစိမ်းရောင်အဖြစ် စတင်ပြောင်းလဲလာကာ ကြည့်ရသည်မှာ အလွန်ထူးဆန်းနေတော့သည်။ လူတိုင်း၏ မျက်လုံးများသည် သူ့အပေါ်တွင် ကျရောက်နေသည်။ သူက ဤသည်ကို ထပ်၍ တောင့်ခံထားနိုင်မည်လား။

သို့သော်လည်း ရီဖူရှင်းသည် စိမ်းပုပ်ရောင်မီးတောက်များက သူ့ကို ပြင်းထန်စွာ ဖြတ်သန်း၍ သူ၏ ခံနိုင်ရည်၊ သူ၏ စိတ်ဝိညာဉ် အပြင် သူ၏ အသက်ကိုပင် ဝါးမျိုရန် ကြိုးစားနေဆဲမှာပင် ထိုင်ချကာ တင်ပျဉ်ခွေသည်။

သူ၏ သွေးများက အော်မြည်လာပြီး သူ၏ နတ်ဘုရားစွမ်းရည်များက မီးတောက်များကို တွန်းထုတ်သည်။ သူ့ကို ကြည့်ရသည်မှာ အနည်းငယ် ပို၍ ကောင်းလာပုံပေါ်သည်။

သွမ့်ဝူကျီ၏ မီးတောက်စွမ်းအားများသည် သူ့ထက် နိမ့်ကျခြင်းမရှိဘဲ အနည်းငယ်ပင် သာလွန်နိုင်သေးသည်။ ထို့ကြောင့်ပင် သူတို့ ထိပ်တိုက်တွေ့ခဲ့စဉ်က သွမ့်ဝူကျီတွင် သက်ရောက်မှ မရှိခဲ့ခြင်း ဖြစ်သည်။

သို့ပေမယ့် ထိုအချိန်တွင် သွမ့်ဝူကျီသည်လည်း လေထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ ရန်ဟောင်အလင်းများက သူ့အနီးတွင် လင်းလက်နေသယောင် ထင်မှတ်ရပြီး  အခြားသော မီးစွမ်းအားများကို ဖိနှိပ်ငြှိမ်းသက်နေသည်။ အဖြူရောင် လေဟာနယ်မီးတောက်များသည် သူ့အတွင်းတွင် ပြင်းထန်စွာ လောင်ကျွမ်းနေသည်။ ၎င်းတို့သည် အသက်စွမ်းအား မကုန်ဆုံးမချင်း မငြိမ်းသက်နိုင်တော့ သကဲ့သို့ ဖြစ်သည်။

မီးတောက်များသည် သူ့ခန္ဓာကိုယ်အပြင်သို့ ရောက်သည့်တိုင်အောင် လောင်ကျွမ်းနေဆဲ ဖြစ်သည်။ သူ့မျက်နှာသည် ဖြူဖျော့နေ၏။ နောက်ဆုံးတွင် သူသည် ညည်းတွားလိုက်ကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset