ဝမ်ပေါင်လဲ့က ရွှေရောင်ခန္ဓာကို ရုပ်သိမ်းလိုက်ပြီး ညာလက်ကို မြှောက်လိုက်ရာ ကိုးလက်မဝိညာဉ်အမြစ်က လာနေရာမှ ရပ်တန့်သွားသည်။ အေးစက်စက် အငွေ့အသက်မှာလည်း လိုက်ရှာလျှင်ပင် မတွေ့တော့ချေ။ ယင်းက ဝမ်ပေါင်လဲ့ကို အရေးမစိုက်တော့ဘဲ တစ်ဖက်သို့ လှည့်ကာ ကောင်းကင်တွင် လွင့်မျောရင်း အဝေးမှ တောင်စဉ်တန်းဆီ ဦးတည်သွားသည်။
ဝမ်ပေါင်လဲ့မှာ ရုတ်တရက် ထွက်ခွာသွားသည့် ဝိညာဉ်အမြစ်ကို ကြည့်ကာ စိတ်ပူပန်သွားသည်။
“ သူသွားရင် ငါက နောက်ကျ ဘယ်နားသွားပြီး လိုက်ရှာရမှာတုန်း “
ဝမ်ပေါင်လဲ့က ဝိညာဉ်အမြစ်ကို မည်သို့ ချုပ်နှောင်ရမည်နည်းဟု စဉ်းစားနေစဉ် ၎င်းက တောင်ကုန်းကို တည့်တည့်တိုးဝင်ပြီး အခြားတစ်ဖက်မှ ထွက်လာကာ ကောင်းကင်ယံသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အလန့်တကြား ဖြစ်သွားပြီး ခါးသီးစွာ ရယ်မောကာ ဝိညာဉ်အမြစ်ကို ပိတ်လှောင်ထားမည့် အတွေးကို စွန့်လွှတ်လိုက်သည်။ ဝမ်ပေါင်လဲ့က တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သက်တံ့ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ကာ ကမ္ဗည်းစာ ရေးထိုးခြင်းကို စတင်လိုက်သည်။
ရှေးဟောင်းသိုင်းအဆင့်မှ ဖောက်ထွက်ရန် အတွက်ကိုမူ ဝမ်ပေါင်လဲ့မှာ စိတ်မပူတော့ပေ။ ကိုးလက်မဝိညာဉ်အမြစ်ကို အနိုင်ယူကာ စုပ်ယူရန် ကြိုးစားကြည့်သင့်သည်ဟု ဝမ်ပေါင်လဲ့ ထင်မိသည်။
“ အဲဒီလိုဆိုတော့ ကိုးလက်မဝိညာဉ်အမြစ်က အရမ်း အစွမ်းထက်နေတာပဲ။ အရင်လူတွေက ဘယ်လို စုပ်ယူဖို့ ကြိုးစားပြီး ဝိညာဉ်အမြစ်အဖြစ် မပြောင်းနိုင်ဘူးလို့ မှတ်ထားကြတာလဲ မသိဘူး “
စဉ်းစားကြည့်ပြီးနောက် ဝမ်ပေါင်လဲ့သည် အဖြေသုံးလေးမျိုးကို ခန့်မှန်းကြည့်လိုက်သည်။ အာနာပါနအဆင့်ကို ရရှိပြီးနောက် အာနာပါနကျင့်ကြံသူ တစ်ယောက်အနေဖြင့် ကိုးလက်မဝိညာဉ်အမြစ်ကို မစုပ်ယူမီ ခေတ္တမျှ ချိုးနှိမ်ထားနိုင်ကြောင်း တွေးမိသွားသည်။ အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်တည်းက ရင်ဆိုင် မတိုက်နိုင်သည့်တိုင် ကြိုတင်စီစဉ်ကာ အာနာပါနအဆင့် ကျင့်ကြံသူ သုံး၊လေးယောက်ခန့် စုပေါင်းပြီး တိုက်ပါက ကိုးလက်မဝိညာဉ်အမြစ်ကို အနိုင်ရနိုင်ခြေ ရှိသည်။
ဒီလိုဆို တာအိုကျောင်းလေးကျောင်းက အရင်တည်းက ဒီကိုးလက်မဝိညာဉ်အမြစ်နဲ့ တိုက်ခိုက်ပြီး သူ့ရဲ့ တိုက်ပွဲနည်းပညာရပ်တွေ အကြောင်း နားလည်နေလောက်ပြီ။ ဘာလို့ ငါ အဲဒီလိုအကြောင်း တစ်ခါမှ မကြားဖူးရတာလဲ…
သူ့စိတ်ထဲတွင် ထိုအတွေးဝင်လာပြီး ပင့်သက်ရှိုက်လိုက်မိသည်။ အခြားအကြောင်းအရာများကို မစဉ်းစားတော့ဘဲ သူ၏ ကမ္ဗည်းစာရေးထိုးခြင်းကိုသာ အပြည့်အဝ အာရုံစိုက်ထားလိုက်သည်။
“ ဝါးမျိုခြင်းသစ်စေ့ကို စုပ်ယူဖို့အတွက် သုံးလို့ရတယ်။ ဒါပေမဲ့ ပြန်ထုတ်ဖို့အတွက်တော့ ကမ္ဗည်းစာတွေကိုပဲ အားထားလို့ ရတယ် … “
ဝမ်ပေါင်လဲ့မှာ ပိုမိုနားလည်လာသောကြောင့် မျက်လုံးမှ အရောင်တဖျပ်ဖျပ်လက်ကာ စတင်ရေးထိုးတော့သည်။
မကြာမီ သုံးရက်တာ ကုန်ဆုံးသွားသည်။ ဝိညာဉ်အမြစ်ရွာအတွင်း၌ ခုနစ်လက်မ ဝိညာဉ်အမြစ်ကို ရရှိထားသူများ များပြားလာပြီး ရှစ်လက်မဝိညာဉ်အမြစ်ကို ရှာဖွေကြသည့် နေရာမှာ ပိုမိုကျယ်ဝန်းလာသည်။
ဝမ်ပေါင်လဲ့သည် ဆံပင်များ ရှုပ်ပွလျက် တောင်ကြားထဲ၌ ရပ်နေသည်။ သူ၏ ညာလက်မှ လက်အိတ်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
“ ဒါပဲကွ… ဒီလက်အိတ်ကို သက်တံ့ဝိညာဉ်ကျောက်တုံး အများကြီးကို ဝိညာဉ်အမြုတေအဖြစ်နဲ့ စွမ်းအားမြှင့်ထားတယ်။ ကမ္ဗည်းစာတွေကိုလည်း ပြန်ပြီး ချိန်ညှိထားပြီ “
ဝမ်ပေါင်လဲ့က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ သူ့ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့ကို ထုတ်လွှတ်လိုက်သည်။ တခဏအတွင်း စုပ်အားတစ်ခုက အမြန်ဆုံးနှုန်းဖြင့် အဘက်ဘက်မှနေ၍ ညာလက်ရှိ လက်အိတ်ထဲသို့ ဝင်လာသည်။ သူ့လက်ဖဝါးထဲ မရောက်မီ ဝမ်ပေါင်လဲ့က ကြုံးဝါးကာ ညာလက်ကို မြှောက်၍ လက်သီးဆုပ်ကာ သူ့ရှေ့ရှိ လေထုကို ထိုးလိုက်သည်။
လက်သီးချက်ကြောင့် လက်အိတ်မှာ တမုဟုတ်ချင်း အနက်ရောင် အလင်းတန်းတစ်ခု ထွက်လာသည်။ အသက်ရှူရပ်သွားစေသည့် ပြင်းအားတစ်ခု ထွက်ပေါ်လာပြီး မျက်စိဖြင့် မမြင်ရသည့် ဝိညာဉ်ချီပင်လယ်ကြီးကို ထိခိုက်သွားကာ ကိုးလက်မဝိညာဉ်အမြစ် ဖန်တီးခဲ့သည့် လေပွေသဏ္ဌာန် အသွင်ပြောင်းလဲသွားသည်။
မြည်ဟီးသံက ပဲ့တင်ထပ်နေစဉ် ဝမ်ပေါင်လဲ့ရှေ့ရှိ လေထုမှာ ပုံစံပျက်ယွင်းသွားပြီး မြေပြင်၌လည်း အက်ကွဲရာများ ထွက်ပေါ်လာသည်။ မြင်ကွင်းတစ်ခုလုံး အလွန်အမင်း ထိတ်လန့်စရာ ကောင်းနေသည်။
“ အောင်မြင်ပြီ ”
ဝမ်ပေါင်လဲ့က ရွှင်မြူးစွာဖြင့် ခေါင်းမော့ကာ အားပါးတရ ရယ်မောလိုက်သည်။
လက်အိတ်ပြောင်းလဲသွားသည့် အဓိက အချက်မှာ ၎င်းလက်အိတ်အတွင်း ဖြစ်လာသည့် ပြင်းအားမုန်တိုင်းကို အင်အားတိုးမြှင့်ကာ စုစည်းနေသည့် ဝိညာဉ်ချီနှင့် ထိတွေ့စေပြီး သက်ရောက်မှု အပြင်းဆုံး အားတစ်ခုအဖြစ် ပြောင်းလဲသွားစေခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ စွမ်းအားပြင်းကာ အမြန်နှုန်းမြင့်လေလေ လက်အိတ်က ထိုစွမ်းအားနှင့် အရှိန်ကို မြှင့်တင်ကာ ပိုမိုကြီးမားသည့် သက်ရောက်အားတစ်ခုကို ထုတ်ပေးနိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် ဝိညာဉ်ချီနှင့် ထိတွေ့ပြီးနောက် ထွက်လာသည့်အားမှာ မယုံနိုင်လောက်အောင် တိုးတက်လာမည် ဖြစ်သည်။
သို့ရာတွင် ဆိုးကျိုးများလည်း ရှိနေသည်။ လက်အိတ်မှာ ဝမ်ပေါင်လဲ့ လက်သီးမှ စုပ်ယူလိုက်သည့် ပြင်းအားဒဏ်ကို ခံရမည် ဖြစ်သောကြောင့် ပျက်စီးသွားနိုင်ခြေ များနေသည်။ သို့သော် ဝမ်ပေါင်လဲ့က ဤအချက်ကို ထည့်သွင်းစဉ်းစားပြီး ဖိအားဒဏ်ကို ခံနိုင်ရည်ရှိကာ သက်ရောက်အားကို အပြင်ဘက်သို့ ဖြန့်ကျက်ပေးနိုင်သည့် ကမ္ဗည်းစာများ အသုံးပြုထားသည်။ ထိုသို့ ဖြန့်ကျက်ရာတွင်လည်း လက်အိတ်၏ အစွမ်းကို အတိုင်းအတာတစ်ခုထိ တိုးမြှင့်ပေးနိုင်မည် ဖြစ်သည်။
အကန့်အသတ်များ ရှိသော်လည်း ယခုအခြေအနေတွင် လက်အိတ်မှာ အတော်လေး အစွမ်းထက်သည်ဟု ပြောနိုင်သည်။
“ ဒီတော့ ဒီလိုနားလည်ဖို့က အရာအားလုံးက သော့ချက် ဖြစ်နေတာ … “
ဝမ်ပေါင်လဲ့က တဟားဟား အော်ရယ်ကာ ဂုဏ်ယူမဆုံး ဖြစ်နေသည်။
“ ငါ ကိုးလက်မဝိညာဉ်အမြစ်ကို ထပ်ရှာပြီး တိုက်ခိုက်ရမယ်…. “
သူက လိုက်ရှာချင်သော်လည်း ခဏမျှ စဉ်းစားပြီးနောက် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ရွှေရောင်ခန္ဓာကို ထုတ်လွှတ်ကာ သွေးချီကို ပျံ့နှံ့စေသည်။
“ ဒီလိုနည်းနဲ့ အရင်ဆုံး မျှားခေါ်နိုင်မလား ကြည့်ရမယ်။ မရရင်တော့ ငါ လိုက်ရှာရမှာပေါ့… “
ဝမ်ပေါင်လဲ့က စောင့်ဆိုင်းနေလိုက်သည်။
စောင့်ဆိုင်းသည်မှာ တစ်နာရီကြာပြီးနောက် ဝိညာဉ်အမြစ်မှာ ပေါ်မလာသေးသောကြောင့် ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။ လက်လျှော့လိုက်ရန် စဉ်းစားလိုက်စဉ် ကောင်းကင်ထက်၌ ပုံရိပ်ယောင်တစ်ခု ပေါ်လာပြီး သူ့ဆီ ဦးတည်လာနေသောကြောင့် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ပတ်ဝန်းကျင်မှ ဝိညာဉ်ချီမှာလည်း လွှမ်းမိုးခံနေရပြီး ၎င်းပုံရိပ် နီးလာသည်နှင့် မုန်တိုင်းအသွင် ပြောင်းလဲကာ ဝမ်ပေါင်လဲ့အပေါ် ဖိအားပြင်းပြင်း တစ်ခု သက်ရောက်သွားသည်။
“ ငါ ရအောင် မျှားခေါ်နိုင်ခဲ့ပြီဟ… “
ဝမ်ပေါင်လဲ့မှာ အံ့ဩဝမ်းသာ ဖြစ်နေသည်။ ကိုးလက်မဝိညာဉ်အမြစ် ရောက်လာသည့် အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်း သစ်စေ့က ပေါက်ကွဲထွက်လာသည်။ ချက်ချင်းပင် ပတ်ဝန်းကျင်မှ ဝိညာဉ်ချီများမှာ ဆွဲစုပ်ခြင်း ခံလိုက်ရသည်။ ဝမ်ပေါင်လဲ့၏ညာဘက် လက်အိတ်ဝတ် နားသို့ ဝိညာဉ်ချီ နီးလာသည်နှင့် လက်အိတ်မှ အနက်ရောင် အလင်းထွက်လာပြီး ဝမ်ပေါင်လဲ့က လက်သီးချက် ပစ်သွင်းလိုက်သည်။
ဝုန်း …
မျက်စိတစ်မှိတ်အတွင်း စုပ်အားနှင့် သက်ရောက်အားကြောင့် ယခင် ကိုးလက်မဝိညာဉ်အမြစ်ဆီမှ ထွက်လာသည့် ဝိညာဉ်ချီစွမ်းအားမျိုး ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်လာသည်။
ဆူညံသံမှာ နားကွဲလောက်အောင် ကျယ်လောင်နေသည်။ နီးကပ်လာသည့် ဝိညာဉ်အမြစ်မှာ သိသိသာသာ လှုပ်ခါသွားပြီး ပေတစ်ရာခန့်အထိ နောက်ဆုတ်သွားသည်။ မြေပေါ်သို့ မလှုပ်မယှက် ကျလာလျှင် ဝမ်ပေါင်လဲ့က ကျယ်လောင်စွာ ရယ်မောကာ လေထဲသို့ ခုန်တက်လိုက်သည်။ သူက ခုခံရန် စောင့်ဆိုင်းမနေတော့ဘဲ ဦးစွာ တိုက်ခိုက်ရန် ကိုးလက်မဝိညာဉ်အမြစ်ဆီ တဟုန်ထိုး ပြေးဝင်သွားသည်။
ဝမ်ပေါင်လဲ့ အနားရောက်လာလျှင် ကိုးလက်မဝိညာဉ်အမြစ်က ညာခြေကို ရုတ်တရက် မြှောက်လိုက်ပြီး မြေပေါ်ကို ဆောင့်ချလိုက်သည်။ မြေကြီးက တုန်ဟီးသွားသော်လည်း ၎င်းက ထိုအားကို အသုံးပြုကာ ရှေ့သို့ တိုးမလာပေ။ ထိုအစား ၎င်းက ဗဟိုချက်အနေဖြင့် နေရာမှာပင် ရပ်နေပြီး တုန်ခါမှုကြောင့် ဖြစ်ပေါ်လာသော အားလှိုင်းများက ၎င်းကို ရစ်ပတ်လျက် ထွက်ပေါ်လာသည်။
တုန်ခါလှိုင်းက ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်မှ ဝိညာဉ်ချီများကို လွှမ်းမိုးသွားသည်။ ဖြစ်ပျက်သွားသည်မှာ သဲသဲကွဲကွဲ မဟုတ်ပါသော်လည်း ဝိညာဉ်ချီအားကို အသုံးပြုကာ တုန်ခါလှိုင်းများက လေထဲ ဆက်လက်လွင့်ပျံနေသည်။ လျှပ်စီးကူးခြင်း သီအိုရီနှင့် ဆင်တူစွာ တုန်ခါလှိုင်းက အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး ကျောက်တုံးများကို ကြေကွဲစေကာ အပင်များကို ပြိုလဲ ပျက်စီးသွားစေသည်။
ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ရီနေပြီး ကိုယ်တွင်းအင်္ဂါများမှာလည်း အသည်းခိုက်အောင် နာကျင်နေသည်။ သူက တုန်ခါလှိုင်း သက်ရောက်မှုအနည်းငယ် ခံစားရသော်လည်း ဤအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ညာဘက်လက်အိတ်ကို လက်သီးဆုပ်ကာ လက်အိတ်ဓမ္မအဆောင်နှင့်တကွ သူရေးထိုးထားသည့် ကမ္ဗည်းစာများကို အသက်သွင်းလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့နှင့် ပေါင်းစပ်ကာ မြေပြင်ကို လက်သီးချက်ပြင်းပြင်း ဆောင့်ထိုးလိုက်သည်။
လက်သီးချက်ထိသည့်အခိုက် မြေကြီး တုန်ခါသွားသည်။ ဝိညာဉ်ချီလှိုင်းများ တစ်ခုနှင့်တစ်ခု တိုက်မိသည့်အလား မြည်ဟီးသံများက မကျယ်သော်လည်း အဆက်မပြတ် ထွက်ပေါ်လာကာ ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။
“ ဟား… ဟား ငါနောက်ထပ် တိုက်ကွက်တစ်ခု သိလာခဲ့ပြီ။ ရှေးဟောင်းသိုင်းအဆင့်က လူတွေ တိုက်ခိုက်တာက ဒါမျိုး ဖြစ်နေသင့်တာ … “
“ ငါက မင်းလို အစွမ်းတွေ မရှိပေမဲ့ ငါ့မှာ ဓမ္မအဆောင်တွေ ရှိတယ်ကွ “
ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ ယခင်ကထက် သာလွန်သည့် တိုက်ခိုက်လိုစိတ်များ ဖုံးလွှမ်းနေသော မျက်ဝန်းအစုံဖြင့် ကြည့်လိုက်သည်။ သူက လှစ်ခနဲ ပြေးထွက်ကာ ကိုးလက်မဝိညာဉ်ချီဆီသို့ ချဉ်းကပ်သွားပြီး တိုက်ပွဲဆိုင်လိုက်သည်။
တအုန်းအုန်းမြည်သံများက အဆက်မပြတ် ထွက်ပေါ်နေသည်။ ဝမ်ပေါင်လဲ့နှင့် ကိုးလက်မဝိညာဉ်အမြစ်တို့ ပတ်ဝန်းကျင်မှ ဝိညာဉ်ချီကို အသုံးပြုကာ လက်သီးချက်ပေါင်း ရာကျော် အပြန်အလှန် ထိုးသတ်ပြီး ဖြစ်သည်။ သူတို့နှစ်ဦးက အပြင်အားအရ ရင်ဆိုင်နေသည်သာမက ဝိညာဉ်ချီကို ထိန်းချုပ်ကာ တစ်ဦးနှင့် တစ်ဦးတိုက်ခိုက်နေကြခြင်းလည်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ တိုက်ခိုက်နေစဉ်အတွင်း ပို၍ ယုံကြည်ချက် ရှိလာပြီး ဝိညာဉ်ချီ ထိန်းချုပ်နိုင်စွမ်းမှာလည်း လေ့ကျင့်လေ တိုးတက်လေ ဖြစ်လာသည်။
ဘေးပတ်ဝန်းကျင်တွင် တစ်ယောက်မှ မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်သာ ဤမြင်ကွင်းကို မြင်သွားပါက သေချာပေါက် ကြက်သေသေကာ ဆွံ့အသွားကြမည် ဖြစ်သည်။ ရှေးဟောင်းသိုင်းအဆင့် တိုက်ပွဲဟု ယုံကြမည် မဟုတ်ဘဲ အာနာပါနအဆင့် ပညာရှင်များ တိုက်ခိုက်နေကြသည်ဟု ထင်ကြမည် ဖြစ်သည်။
တိုက်ပွဲက အချိန်ကြာလာသည်နှင့် အမျှ ကိုးလက်မဝိညာဉ်အမြစ်မှာ ဖြည်းဖြည်းချင်း ဆုတ်ခွာနေပြီး ပုံရိပ်မှာလည်း မှုန်ဝါးလာသည်။ ဝမ်ပေါင်လဲ့မှာ မောပန်းစ ပြုလာသော်လည်း စိတ်အားတက်ကြွနေဆဲ ဖြစ်သည်။ သိုင်းပညာရပ်များကို သေချာစွာ ထိုးထွင်းသိမြင်နိုင်ခဲ့ရုံမျှမက တိုက်ရည်ခိုက်ရည်များလည်း တိုးတက်လာခဲ့သည်။ ကိုးလက်မဝိညာဉ်အမြစ်ကို လိုချင်နေသည့် စိတ်ဆန္ဒကြောင့်လည်း သူ ပို၍ စိတ်အားထက်သန်နေခြင်း ဖြစ်သည်။
ဝိညာဉ်အမြစ်ကို ရခြင်း၊ မရခြင်းထက် ကြိုးစားမကြည့်လိုက်ရလျှင် သူ မခံချိမခံသာ ခံစားနေရမည်ဖြစ်သည်။ အထူးသဖြင့် သူ၏ ရွှေရောင်ခန္ဓာက ကိုးလက်မဝိညာဉ်အမြစ်အပေါ် ပြင်းထန်သည့် ဆွဲအားတစ်ခုအဖြစ် သက်ရောက်မှုရှိနေကြောင်း ခံစားရသဖြင့် ဝိညာဉ်အမြစ်ကို စုပ်ယူနိုင်မည်ဟု သူ ခံစားနေရသည်။
ဝမ်ပေါင်လဲ့က စိတ်လှုပ်ရှားစွာ မျှော်လင့်နေရင်း အော်ဟစ်ကြိမ်းဝါးကာ နောက်တစ်ကြိမ် တိုးဝင်သွားပြန်သည်။ တဖြည်းဖြည်း ကိုးလက်မဝိညာဉ်အမြစ်၏ ခန္ဓာကိုယ်၌ အက်ကွဲရာများ ထင်လာပြီး တစတစ ပိုမိုနက်ရှိုင်း ကျယ်ပြန့်လာသည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ သွေးချီများ ပျံ့နှံ့လာပြီး ရွှေရောင်အလင်း ထွက်ပေါ်လာသည်။ လက်သီးချက်တစ်ချက်ဖြင့် ကိုးလက်မဝိညာဉ်အမြစ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ပျက်စီးသွားတော့သည်။
၎င်းမှာ အစိမ်းရောင်မြူမဟုတ်တော့ဘဲ ငွေရောင်မြူဖြစ်သွားသည်။
ငွေရောင်မြူခိုးမှာ ကျန်မြူများနှင့် သိသာစွာ ကွဲပြားသည်။ ပိုမိုထူထပ်သည့်အပြင် ဝိညာဉ်အငွေ့အသက်မျိုး ပါဝင်နေသည်။ ဤမြူခိုး ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့က စုပ်ယူလိုက်သည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဝင်သွားပြီး ရှစ်လက်မ ဝိညာဉ်အမြစ် ရှိခဲ့ဖူးသော ဝမ်းဗိုက်နေရာ၌ စုစည်းသွားသည်။
ဝမ်ပေါင်လဲ့မှာ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ငွေရောင်မြူခိုးမှာ ရှစ်လက်မဝိညာဉ်အမြစ် နေရာ၌ စုဝေးနေသော်လည်း အစားထိုး ပြောင်းလဲသွားခြင်း မရှိပေ။ ၎င်းမြူခိုးမှာ သူ့ကို အထင်သေးနေသည့်အလား ထင်ရသည်။ အတော်လေး ကြာအောင် လှည့်ပတ်နေပြီးနောက် ဝမ်ပေါင်လဲ့ကို အဖက်မလုပ်တော့ဘဲ ခန္ဓာကိုယ်ထဲမှ ပြန်ထွက်သွားသည်။
ဤမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မယုံနိုင်အောင် ဖြစ်သွားကာ မျက်လုံးပြူးကြည့်နေမိသည်။
“ မင်းဘကြီး … မင်းကို သူများ သုံးထားတယ်ဆိုတာ ငါ သိတာပေါ့ကွ။ ဒါတောင် မင်းက ငါ့ကိုများ အထင်သေးနေရသေးတယ် ”