စွမ်းအားကြီး တန်ခိုးရှင်ကိုးယောက်သည် လမ်းစဉ်စွမ်းအားများကို အလုံးစုံ သန့်စင်ခဲ့ကြသည်။ ယင်းသည် ပြင်ပစွမ်းအားများ ဖြစ်သည်။ ၎င်းနှင့် သူတို့သည် သူတို့ထက် မြင့်သောအဆင့်ရှိ အဖျက်စွမ်းအားများကို အသုံးပြုနိုင်သည်။
ရှီချန် ထုတ်ဖော်လိုက်သည့် နေမင်း၏ စွမ်းအားသည် သူမနှင့် ရှားရှင်းယွန် တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့သော စွမ်းအားများနှင့် လုံးဝကို ကွဲပြားခြားနား သွားလေသည်။
ရီဖူရှင်း ရှိနေသည့် နေရာသည် အမှန်တကယ် နေမင်း၏ အတွင်းသို့ ရောက်ရှိသွားသလို ထင်မှတ်ရသည်။ ဖျက်ဆီးမှု စွမ်းအား မီးတောက်၏ ရောင်စဉ်တန်းများသည် သူ့ထံ တည့်တည့် ပစ်ခတ်လိုက်၏။ သူ့ခန္ဓာကိုယ်သည် သုံးချောင်းထောက် မီးပြင်းဖိုကဲ့သို့ ပြောင်းလဲသွားပြီး သူသည် မီးတောက်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။ မီးတောက်စွမ်းအား၏ ရောင်စဉ်များ သူ့ထံ ရောက်ရှိလာသည့်အခါ ၎င်းတို့သည် သုံးချောင်းထောက် မီးပြင်းဖို၏ ဝါးမျိုခြင်းကို ခံလိုက်ရတာကြောင့် မီးတောက်များသည် သူ့ခန္ဓာကိုယ်ကိုပင် မထိနိုင်ခဲ့ချေ။
နေမင်းသည် ပေါက်ကွဲတော့မလို ထင်မှတ်လာရသည်။ အဖျက်အဆီး စွမ်းအားများက လေထုထဲတွင် ပြည့်နှက်နေပြီး ရီဖူရှင်းကို ၎င်း၏အတွင်း မြှုပ်နှံပစ်ရန် ကြိုးစားနေသည်။
ရီဖူရှင်းသည် ပညာရှိကျမ်းကို ထုတ်ဖော်သည်နှင့် ရှေးဟောင်းစာလုံးများက သူ့အနီးတွင် မျောလွင့်လာသည်။ သူ၏ စွမ်းအားများက မီးတောက်များ အတွင်း ရောယှက်သွား၏။ သူ့ခန္ဓာကိုယ်သည် ဖိုအိုးသဖွယ် ဖြစ်လာပြီး တစ်ခဏအတွင်း၌ပင် ရှီချန်၏ နေမင်းမီးတောက်များကို ဝါးမျိုပစ်သည်။ တိုက်ပွဲအပြင်ဘက်မှ လူများသည် ရီဖူရှင်းကို မြင်သာရုံမျှသာရှိပြီး သူတို့ အားလုံးသည် မီးတောက်များကိုသာ မြင်ကြရပေသည်။
လောင်ကျွမ်းနေသည့် မုန်တိုင်းက လွှမ်းခြုံလာသော်လည်း သူ့ဝန်းကျင်ရှိ လူများမှာ မယိမ်းမယိုင် ရပ်နေဆဲ ဖြစ်သည်။ ထိုနေရာရှိလူများတွင် အားနည်းသူ မည်သူမှ မရှိပေ။
ကြောက်မက်ဖွယ် မုန်တိုင်းက တဖြည်းဖြည်း လွင့်ပျယ်သွားခဲ့သည်။ ရှီချန်သည် ရှေ့သို့ စူးစိုက်ကြည့်လိုက်၏။
သုံးချောင်းထောက် မီးပြင်းဖိုက ထိုနေရာ၌ပင် ရှိနေသေးကာ ရီဖူရှင်း၏ ခန္ဓာကိုယ်သည် ထိုအရာ၏ အတွင်း၌ ရှိနေခဲ့သည်။ သူမ၏ မျက်နှာထက်တွင် ဒေါသစွက်သည့် အကြည့်တို့ ထွက်ပေါ်လာသည်။ သူမ တိုက်ခိုက်လိုက်သည့် စွမ်းအားများက သူ့ကို မထိခိုက်စေရုံမျှမက ထိုစွမ်းအားများသည် သူ၏ သန့်စင်ခြင်းကိုပင် ခံလိုက်ရသည်။
လူတိုင်း၏ အကြည့်များက ရီဖူရှင်း ထံသို့ ကျရောက်လာပြီး သူတို့သည် စိုးရိမ်ပူပန်မှုတို့ကို ခံစားလိုက်ရသည်။ ကြောက်စရာကောင်းလှသည့် သုံးချောင်းထောက် ဖိုအိုးသည် သူ့အနီးတွင် လှည့်ပတ်နေပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို သန့်စင်နေကာ လောကကြီး၏ စွမ်းအားများမှာ သူ အသုံးပြုနိုင်သည့် စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသည်မှာ ပြိုင်ဘက်ကင်း အားကောင်းလှသည့် နည်းစနစ်ပင် ဖြစ်၏။
သူ ဤနေရာသို့ ရောက်လာနိုင်ခြင်းမှာ အံ့သြစရာ မရှိတော့ပေ။ ကြည့်ရသည်မှာ သူ၏ ကျင့်စဉ်နည်းစနစ်က မီးတောက်များနှင့်လည်း အသုံးပြုနိုင်ပုံ ရလေသည်။ မီးတောက်များထဲမှ အရာများကို သန့်စင်နိုင်သည့် စွမ်းရည်မှာ အလွန်ပင် စွမ်းအား ကြီးမားလှပါသည်။
ဝူကလန် တန်ခိုးရှင်များ၏ မျက်နှာထက်တွင် အံ့သြမှုတို့ ပေါ်ပေါက်လာသည်။ ကျူးကလန်က လူများသည် သူတို့ သူ့ကို ရွေးချယ်စဉ်၌ လျော့တွက်ခဲ့ကြပုံ ရသည်။ မီးတောက်များ ကြားမှာပင် ရီဖူရှင်းသည် သန်မာနေဆဲ ဖြစ်၏။
ရှီချန်သည် နေကိုးစင်း၏ နတ်ဘုရား ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားကာ နတ်ဘုရား မီးတောက်များဖြင့် လွှမ်းခြုံထားသည့် နေနတ်ဘုရားမသဖွယ် ဖြစ်လာသည်။ သူမသည် ရီဖူရှင်းကို တိုက်ခိုက်သည်။ သူမ၏ မန္တာန်က ရီဖူရှင်းကို မလှုပ်ခတ်နိုင်သောကြောင့် တိုက်ရိုက်တိုက်ခိုက်ရန် ရွေးချယ်လိုက်ဟန်ရ၏။
သူမသည် စွမ်းအားများကို စုစည်းလိုက်ကာ သူ့ထံသို့ အကြမ်းပတမ်း ပြေးဝင်သွားသည်။ မရေတွက်နိုင်သည့် ယန်လက်သီးများသည် ကြီးမားသော မီးဘောလုံးများသဖွယ် လေထုကို ဖြတ်သန်းသွားခဲ့သည်။ ရီဖူရှင်းဆီသို့ ရိုက်ခတ်လာသည့် ထိုစွမ်းအားများမှာ ကြီးမားလှသော အဖျက်စွမ်းအားများနှင့် ပေါက်ကွဲနိုင်သည့် အစွမ်းသတ္တိများ ပါဝင်နေပေသည်။
ဘုန်း …
ရီဖူရှင်း ကိုယ်ပေါ်မှ မီးပြင်းဖိုမှာ အဆက်မပြတ် ခါယမ်းနေသည်။ သူ့ရှေ့တွင် မဟာလမ်းစဉ်၏ မီးတောက်များမှ ဖွဲ့စည်းထားသည့် ကြီးမားသော ကျားယဲ့ဓားအသွင် ဓားတစ်လက် ပေါ်ပေါက်လာသည်။ ၎င်းသည် မီးတောက်ရှန့်ထိုဓား ဖြစ်ပေသည်။
ဘန်း …
ကျယ်လောင်သည့် ဆူညံသံနှင့်အတူ ရီဖူရှင်းက လေထဲသို့ တက်သွားခဲ့ကာ ဓားကို ထုတ်လွှတ်သည်။ ၎င်းသည် ယန်လက်သီးများကို ထိုးခွဲဖြတ်သန်း သွားသည်။ ဤမဟာလမ်းစဉ်၏ ဓားသည် အတိုင်းမသိ တောက်ပလျက်ရှိသည်။ ထိုဓားသည် ကောင်းကင်မှ ဖြတ်သန်း ကျဆင်းလာပြီး လေထုကို အလွှာလိုက် လှီးဖြတ်ကာ ရှီချန်ထံသို့ တိုးဝင်သွားသည်။
ရှီချန်သည် သူမ၏ လက်ကို မြှောက်သည်။ နေကိုးစင်းသည် သူမကို ကာကွယ်ပေးထားပြီး သူမ၏ လက်များက ဓားနှင့် ကြမ်းတမ်းစွာ ထိခတ်မိသွားသည်။
ဓားက လက်သီးစွမ်းအားများကို ကြမ်းတမ်းစွာ ဖြတ်တောက်သွားခဲ့ပြီး ရှီချန်၏ လက်မောင်းများဆီသို့ ဦးတည်ထိုးဖောက်သည်။ ကြောက်မက်ဖွယ် မီးတောက်မီးလျှံများ ရုတ်တရက် ထွက်ပေါ်လာပြီး သူမကို လွှမ်းခြုံသွားကာ သူမအား သန့်စင်နေသည်ဟု ထင်မှတ်ရသည်။
သူမက ညည်းညူသံ တစ်ချက်ပေး၏။ သူမ၏ ခန္ဓာကိုယ်က မီးတောက်မီးလျှံများဖြင့် တိုက်စားခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ရှီချန်က နောက်ပြန်ဆုတ်လိုက်သော်လည်း ရီဖူရှင်းက ထိုသို့ အခွင့်အရေးကို မပေးပေ။ သူ့ဓားက ရှေ့သို့ ဆက်တိုးလာပြီး မီးတောက်များကို ထုတ်ဖော်သည်။ ရှီချန်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူမ၏ နူးညံ့သည့် ခန္ဓာကိုယ်လေးက မြေပြင်ပေါ်သို့ လဲပြိုကျသွားပြီး ပါးစပ်မှ သွေးတို့ အဆက်မပြတ် စီးကျလာသည်။
ရီဖူရှင်းသည် သူမ၏ ရှေ့ မြေပြင်ပေါ်သို့ ဆင်းသက်လာ၏။ ရှီချန်က သူ့ကို ကြည့်ကာ ပြောသည်။ “ငါ ရှုံးသွားပြီ”
သို့သော်လည်း ရီဖူရှင်းက သူမကို လျစ်လျူရှူလိုက်ကာ မဟာလမ်းစဉ်၏ မီးတောက်များသည် သူမကို လွှမ်းခြုံသွားသည်။ ရှီချန်က သူ့ကို အေးစက်စွာ ကြည့်လိုက်၏။
သို့ပေမဲ့ ရီဖူရှင်း၏ စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများကို ကြည့်ကာ သူမသည် နောက်ဆုံး၌ သက်ပြင်းချရင်း လမ်းစဉ်မီးတောက်များကို လက်လွှတ်လိုက်ပြီး ရီဖူရှင်းကို ထိုမီးတောက်များအား ထိန်းချုပ်ခွင့် ပြုလိုက်တော့သည်။
မကြာခင်မှာပင် ရှီချန်အနီးရှိ နတ်ဘုရားမီးတောက်များမှာ လွင့်ပြယ်သွားပြီး အရာအားလုံးက တစ်ဖန်ပြန်၍ ငြိမ်သက်သွားသည်။
“ပြီးတော့ရော …” ရီဖူရှင်းသည် လက်လျှော့မည့် အစီအစဉ် ရှိပုံမရပေ။
“နင် …” ဒေါသစွက်နေသည့် အကြည့်က ရှီချန်၏ မျက်နှာထက်တွင် ပေါ်လာသည်။ သူမသည် ရီဖူရှင်းကို စူးစူးရဲရဲ ကြည့်လိုက်သော်လည်း ရီဖူရှင်းက သူမကို လျစ်လျူရှု ထားလေသည်။
ကျန့်မုမြို့တွင် သူ ရန်ဟောင်လမ်းစဉ်မီးတောက် ရရှိခဲ့စဉ်က ရှီချန်သည် သူ့အပေါ်တွင် မယဉ်ကျေးခဲ့သလို ချက်ချင်းပင် တိုက်ခိုက်လာခဲ့သေးသည်။
သူမသည် စည်းမျဉ်းများကို ဂရုမစိုက်ဘဲ ခွန်အားတစ်ခုတည်းကိုသာ အရေးစိုက်မည်ဆိုလျှင် သူသည်လည်း သူမအပေါ်တွင် ယဉ်ကျေးနေလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်း၏ အေးစက်သော အကြည့်ကိုမြင်လျှင် ရှီချန်၏ မျက်နှာသည် ရေခဲကဲ့သို့ အေးခဲသွားသည်။ သို့သော်လည်း သူမသည် နောက်ဆုံး၌ သူမတွင် ကျန်ရှိနေသေးသော လမ်းစဉ်မီးတောက်များကို ပေးလိုက်ရလေသည်။ ရီဖူရှင်းက ထိုအရာများကို အကုန်သိမ်းပြီးသွားမှသာလျှင် သူမကို သွားခွင့်ပြုလိုက်၏။
ရှီချန်ရှုံးနိမ့်သွားပြီးနောက် သူမအပေါ်မှ ဆက်သွယ်ထားသော ကြိုးမျှင်လေးမှာလည်း မှေးမှိန်သွားခဲ့သည်။ ရဲတိုက်နံရံပေါ်ရှိ သူမနှင့် ဆက်နွှယ်ထားသည့် ပုံသဏ္ဌာန်သည်လည်း အားနည်းသွားဟန်ရသည်။ အရာအားလုံးသည် တစ်ခဏအတွင်း လွင့်စဉ်ကုန်၏။
ယင်းသည် ဝင်္ကပါတစ်ခုလုံးက အပိုင်းအစလေး တစ်ခု ပျောက်ဆုံးသွားရုံနှင့် မည်သည့်အလင်းမှ မကျန်ရှိအောင် မှေးမှိန်သွားသကဲ့သို့ပင် ဖြစ်သည်။
ရီဖူရှင်း၏ အလင်းရောင်သည် တောက်ပသည်ထက် တောက်ပလာသည်။ ဝူကလန်နှင့် ဆက်သွယ်ထားသည့် ရဲတိုက်နံရံပေါ်ရှိ ပုံရိပ်သည် အနည်းငယ် အားကောင်းလာ၏။
မျိုးနွယ်စုကိုးခုမှ ကျူးချွယ့်ကလန်သည် ဤကလန်အငြင်းပွားမှုမှ နုတ်ထွက်ခဲ့ရပြီ ဖြစ်သည်။
ရှီချန်သည် သူတို့ဘက်သို့ လှည့်ကြည့်လိုက်ကာ သူမ၏ မျက်နှာထက်တွင် တောင်းပန်သော အကြည့်တို့ တည်ရှိနေသည်။ ကျူးချွယ့်ကလန်သည် ထွေထွေထူးထူး ဘာမှ မပြောခဲ့ပေ။ သူတို့သည် စိတ်ထဲ၌သာ သက်ပြင်းချလိုက်ကြသည်။ ကျန့်မုမြို့ရှိ ရှေးဟောင်းသစ်ပင်မှ ရှီကလန်၏ မျိုးဆက်သည်ပင် မအောင်မြင်ခဲ့ပေ။
ရီဖူရှင်းသည် သူ၏ မူလနေရာသို့ ပြန်လာခဲ့ပြီး တင်ပျဉ်ခွေထိုင်လိုက်ကာ သူ အဓမ္မရယူထားသည့် စွမ်းအားများကို ဆက်လက် သန့်စင်သည်။
သို့သော်လည်း ဤစွမ်းအားများ သန့်စင်မှုမှာ အချိန်ယူရလိမ့်မည် ဖြစ်သည်။ သူ အသုံးပြုရန်အတွက် သန့်စင်ခဲ့သည့် လမ်းစဉ်မီးတောက်သည် အလွန်သန်မာသည်ဟု ဆိုရမည်ဖြစ်သော်ငြား သူသည် အခြားစွမ်းအားများကဲ့သို့ စိတ်ရှိသလို စေစားခိုင်းစေနိုင်စွမ်း မရှိပေ။
ကျူးကလန်မှ တန်ခိုးရှင်များသည် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူသည် သူတို့ မှန်းဆခဲ့သည်ထက် ပို၍ သန်မာပေသည်။ နောက်ပိုင်းတွင် သူတို့သည် ရီဖူရှင်းကို အသုံးချပြီး သွမ့်ဝူကျီနှင့် ရှန့်ထိုကျိုယိုး၏ တပည့်နှင့် ရင်ဆိုင်ခိုင်း၍ ရနိုင်သည်။ ထိုလူများသည် ရင်ဆိုင်ရ ခက်ခဲလိမ့်မည်ဆိုသည်ကို သူတို့ သိမြင်ကြပေသည်။
ထိုအချိန်တွင် သွမ့်ဝူကျီမှာ ရှေ့သို့ လှမ်းသွားကာ လူအုပ်၏ အလယ်သို့ လျှောက်သွားခဲ့သည်။ လူတိုင်းသည် ဤမင်းသားသည် သွေးနဂါးဘုံမှ ရန်ဟောင်တစ်ပါး၏ သားတော် ဖြစ်သည်ဟူသော အတွေးတစ်ခုကိုသာ တွေးမိလိုက်ကြ၏။ သူသည် ဘုံ၏ အရှေ့ဘက်ဒေသကို လွှမ်းမိုးနိုင်ပြီး သူ၏ လမ်းစဉ်မီးတောက်များမှာ အလွန်သန်မာလှသည်။ လူအများက ၎င်းမီးတောက်များကို နတ်သက်ကြွေမီးတောက်ဟု ခေါ်ကြသည်။
သူသည် ရှေ့သို့ လှမ်းလာပြီး သူ၏ အကြည့်များမှာ ပေ့လိမျိုးနွယ်နှင့် ပူးပေါင်းထားသော မီးတောက်လှောင်အိမ်မြို့မှ တန်ခိုးရှင်၏ ပေါ်သို့ ကျရောက်လာခဲ့သည်။ ထိုတန်ခိုးရှင်မှာ အနည်းငယ် မျက်မှောင်ကျုံ့သည်။ သူသည် သွမ့်ဝူကျီနှင့် အတိုက်အခံ မလုပ်လိုသော်လည်း ကြည့်ရသည်မှာ ရှောင်တိမ်းရန် နောက်ကျသွားပုံ ရလေသည်။ သူ၏ ခြေလှမ်းတိုင်းသည် လေထုကို တုန်ခါသွားစေသည်။
လောင်ကျွမ်းနေသည့် ငရဲမီးတောက်မီးလျှံများ စွမ်းအားများ ထွက်ပေါ်လာသည်။ စွမ်းအားကြီးသော မီးလျှံစစ်နတ်ဘုရားတစ်ပါးသည် မီးတောက်လှောင်အိမ်မြို့မှ တန်ခိုးရှင်၏ နောက်တွင် ပေါ်ထွက်လာပြီး သူနှင့် ပေါင်းစပ်သွားသည်။ သူ၏ ကိုယ်သည် ကြီးမားလာပြီး မီးလျှံစစ်နတ်ဘုရား ရှန့်ထိုတစ်ပါးအဖြစ် ပြောင်းလဲသွားပေသည်။
သွမ့်ဝူကျီသည် ထို မြင့်မားသည့် ပုံရိပ်ကို ကြည့်လိုက်သော်လည်း သူ၏ အမူအရာက ပြောင်းလဲမသွားပေ။ သူ့အနီးရှိ စိမ်းပုပ်ရောင်မီးတောက်များသည် လောင်ကျွမ်းကာ စီးဆင်းနေပြီး အဖျက်စွမ်းအား မုန်တိုင်းတစ်ခု သဏ္ဌာန်ဖြစ်ပေါ်လာသလို ထင်မှတ်ရပေသည်။ ၎င်းသည် ထိုနေရာအတွင်းရှိ မီးလျှံများ အားလုံးကို ဝါးမျိုလိုက်ပြီး ယင်းနှင့် အတူတကွ ပေါင်းစပ်သွားစေသည်။
ဘန်း …
မီးလျှံစစ်နတ်ဘုရားသည် ရှေ့သို့ လှမ်းလာခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဝါက လွှမ်းခြုံလာသည်။ သွမ့်ဝူကျီက မတုန်မလှုပ်ရပ်နေပြီး လေထဲသို့ ခြေချသည်။ သူ၏ လက်များကို ဆန့်ထုတ်လိုက်ပြီး ချက်ချင်းပင် စိမ်းပုပ်ရောင်မီးတောက်များက ကြောက်မက်ဖွယ် မုန်တိုင်းကြီးတစ်ခုအလား ဖြစ်လာကာ ကြီးမားသထက် ကြီးမားလာပေသည်။
မျက်စိတစ်မှိတ်အတွင်း သွမ့်ဝူကျီ၏ ခေါင်းအထက် လေထုထဲတွင် စိမ်းပုပ်ရောင် ဝဲကတော့ကြီး ပေါ်ပေါက်လာသည်။ ထပ်ပေါင်း၍ ထိုအရှိန်အဝါသည် ဤနေရာအတွင်းရှိ မီးတောက်မီးလျှံများကို ဝါးမျိုကာ ကြီးထွားလာပေသည်။
ကြောက်မက်ဖွယ် ဝဲကတော့ကြီးသည် ရှေ့တည့်တည့်မှ စစ်နတ်ဘုရားဆီသို့ ပစ်ဝင်သွားကာ သူ့ကို ဖုံးလွှမ်းထားခဲ့သည်။ မီးတောက်လှောင်အိမ်မြို့မှ တန်ခိုးရှင်သည် လက်သီးတစ်လုံးကို ပစ်သွင်းလိုက်ပြီး ရုတ်ခြည်းပင် သူ့ထံမှ ချော်ရည်ပူနှင့် မီးတောက်မီးလျှံများဖြင့် ပစ်ခတ်လိုက်သကဲ့သို့ ထင်မှတ်ရပေသည်။ မီးတောက်အလင်းများသည် ပတ်ဝန်းကျင်တစ်ခွင်တွင် တောက်ပနေပြီး သူ့ရှေ့မှ ဝဲကတော့ကြီးကို ပျော်ကျသွားရန် ခြိမ်းခြောက်နေသည်။
သို့သော်လည်း ဝဲကတော့ကြီးသည် ထိုချော်ရည်များကိုပင် အငမ်းမရ ဝါးမျိုသည်။ အဆုံးမဲ့ အစမ်းရောင်အလင်းများက ၎င်းထံမှ တောက်ပလာပြီး မီးလျှံစစ်နတ်ဘုရား၏ ခန္ဓာပေါ်သို့ ကျဆင်းလာကာ ၎င်း၏ အပေါ်မှ မီးတောက်များကို တဖြည်းဖြည်း စားသုံးသွားသည်။ ယင်းသည် သူ့ကို စိမ်းပုပ်ရောင်အဖြစ်သို့ ပြောင်းလဲသွားစေကာ နတ်ဆိုးမီးတောက်များအသွင် ထင်မှတ်ရစေရန် ပြုလုပ်နေသည်။
မီးတောက်လှောင်အိမ်မြို့မှ တန်ခိုးရှင်သည် ထိုကြောက်မက်ဖွယ် မီးတောက်များအတွင်း ပေါင်းစပ်သွားပြီး သူ၏ ဝိညာဉ်ပင်လျှင် လောင်ကျွမ်းသွားသည်ဟု ခံစားလိုက်ရပေသည်။ သူ၏ မျက်နှာမှာ မှောင်မည်းလာသည်။ သူ့တွင် ခုခံနိုင်ရန်ပင် စွမ်းအား မရှိသည်လား။
သူ့ပြိုင်ဘက်၏ လမ်းစဉ်မီးတောက်များက သူ၏ စွမ်းအားကို ဖိနှိပ်နေပေသည်။
မီးတောက်များသည် အမျက်ဒေါသပြင်းထန်စွာဖြင့် မီးလျှံစစ်နတ်ဘုရား၏ ခန္ဓာကိုယ်ကို စတင်ရှုံ့တွလာစေသည်။ မကြာမီမှာပင် ၎င်း၏ ပုံရိပ်မှာ ပေါက်ကွဲထွက်သွားပြီး မီးလျှံစစ်နတ်ဘုရား၏ လမ်းစဉ်မီးတောက်များအားလုံးသည် ဝါးမျိုခံလိုက်ရကာ ကြောက်မက်ဖွယ် ဝဲကတော့ကြီးမှာ သွမ့်ဝူကျီ၏ အထက်လေထုထဲသို့ ပြန်လည်ရောက်ရှိသွားသည်။ ၎င်းသည် သူ့အနီးတွင် ရစ်ပတ်နေပြီး စွမ်းအားများကို သူ့ထံသို့ နည်းနည်းချင်းစီ ပေးပို့လေသည်။
“လက်လျှော့လိုက်တော့” သွမ့်ဝူကျီက ပြောသည်။ ထို့နောက် သူသည် ရီဖူရှင်းကဲ့သို့ပင် နောက်သို့ ပြန်ဆုတ်ခွာသွားခဲ့၏။ ဤတိုက်ပွဲသည် မီးတောက်များ၏ ယှဉ်ပြိုင်ပွဲတစ်ခု ဖြစ်လေသည်။ ယင်းသည် မည်သူက မီးတောက်များကို ပို၍ သန့်စင်နိုင်ပြီး သူတို့၏ တိုက်ခိုက်မှုအတွက် မီးတောက်များ အသုံးပြုရာတွင် အကောင်းဆုံး ဖြစ်သည်ကို ပြသခြင်း ဖြစ်လိမ့်မည်။
မီးတောက်လှောင်အိမ်မြို့မှ တန်ခိုးရှင်နှင့် ရင်ဆိုင်ရာတွင် သွမ့်ဝူကျီသည် သူ၏ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းရည်များကို ပြည့်ဝစွာ ပြသခဲ့သည်။
ရှန့်ထိုကျိုယိုး၏ တပည့်သည် ရှေ့သို့ လှမ်းလာပြီး ရှန်းမျိုးနွယ်စု၏ မဟာမိတ်ဖြစ်သော သွေးတိမ်တိုက်မြို့မှ တန်ခိုးရှင်ကို စိန်ခေါ်ခဲ့သည်။ နောက်ထပ်ပြိုင်ပွဲတွင် သွေးတိမ်တိုက်မြို့မှ တန်ခိုးရှင်သည် ရန်ဟောင်တစ်ပါး၏ မျိုးဆက်ပင် ဖြစ်လင့်ကစား ရှန့်ထိုကျိုယိုး၏တပည့် လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ရှန့်ထိုကျိုယိုး၏ တပည့်သည် ကြာပန်းနက်ကံကြမ္မာမီးတောက်ကို ကျွမ်းကျင်ပြီး ၎င်းသည် ကြီးမားသော အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ သူသည် တစ်စုံတစ်ယောက်၏ ဝိညာဉ်ကိုပင် လောင်ကျွမ်းပစ်နိုင်စွမ်းရှိ၏။ သူ အဓမ္မရယူလိုက်သည့် လမ်းစဉ်မီးတောက်များ အားလုံးကို ပြိုင်ဘက်ကင်း အဖျက်စွမ်းအားကို ပေးစွမ်းသည့် ကြာပန်းနက်ကံကြမ္မာမီးတောက်များ အဖြစ်သို့ ပြောင်းလဲသန့်စင်လိုက်ကာ သူ၏ ပြိုင်ဘက်ကို အနိုင်ယူရန် အသုံးပြုခဲ့လေသည်။
တိုက်ပွဲသုံးခုပြီးသည့်နောက်တွင် မတိုက်ခိုက်ရသေးသည့်သူဟူ၍ သုံးယောက်သာ ကျန်ရှိလေသည်။ ရင်ထျန်းကျောက်သည် ရှေ့သို့ ခြေလှမ်းစလိုက်ကာ ရှန့်ထိုချီမင်၏ တပည့်ကို စိန်ခေါ်သည်။ သူတို့နှစ်ဦးလုံးသည် အလွန်သန်မာကြသဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြရသည်။
သို့သော်လည်း အဆုံးတွင် သူမသည် တိုက်ကွက် တစ်ကွက်အသာဖြင့် ရှန့်ထိုချီမင်၏ တပည့်ကို အနိုင်ရကာ တိုပ်ပွဲတွင် ရပ်ကျန်နိုင်စွမ်းရှိသူ ဖြစ်ခဲ့သည်။
နေရောင်ခြည်သည် နေမင်းရဲတိုက်၏ နံရံပေါ် လွှမ်းမိုးခဲ့သည်။ မဟာမျိုးနွယ်စုလေးခု၏ တန်ခိုးရှင်များပေါ်၌ တောက်ပနေသော အလင်းများသည် မှေးမှိန်သွားခဲ့ပေသည်။ သူတို့၏ ဘိုးဘေးပိုင်နယ်မြေများကို ပြန်လည်ရယူနိုင်မည့် အခွင့်အရေးက နောက်တစ်ကြိမ် လွဲချော်သွားခဲ့ရသည်။
တန်ခိုးရှင်ကိုးယောက်တွင် ရှစ်ယောက်မှာ တိုက်ခိုက်ပြီး ဖြစ်ကာ ချန်ဟွိုက် တစ်ယောက်သာလျှင် မတိုက်ခိုက်ရသေးပေ။ သူသည် မျက်မှောက်ကြုတ်ကာ တန်ခိုးရှင်လေးယောက်ကို ကြည့်သည်။
သွမ့်ဝူကျီ၊ ရင်ထျန်းကျောက်၊ ရှန့်ထိုကျိုယိုး၏ တပည့်နှင့် ရီဖူရှင်း။
ရွေးချယ်ရန်မှာ ခက်ခဲလှသည်။ သူသည် ထိုလေးယောက်ထဲမှ မည်သူ့ကိုမှ အနိုင်တိုက်နိုင်ရန် သေချာမှုမရှိပေ။
သူ ရှုံးနိမ့်ရန်မှာ သေချာသလောက် ရှိ၏။
သို့သော်လည်း တိုက်ခိုက်မှုကို ရှောင်လွှဲရန် မဖြစ်နိုင်ပေ။ ချန်ဟွိုက်၏ အကြည့်များသည် တင်ပျဉ်ခွေထိုင်၍ သူ၏ လမ်းစဉ်မီးတောက်များကို သန့်စင်ရင်း အလုပ်များနေသည့် ရီဖူရှင်းထံသို့ ကျရောက်သွားသည်။ “ကျန့်မုမြို့မှာတုန်းက အထင်လွဲစရာတွေ ရှိခဲ့တယ်” ချန်ဟွိုက်က ပြောသည်။ “ခင်ဗျားက မီးတောက်စွမ်းရည်မှာ ဒီလောက်ထိ ကျွမ်းကျင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး မြို့စားရီ။ အဲဒါကြောင့် ခင်ဗျားဘယ်လောက်ထိ တတ်နိုင်လဲ ကျုပ်ကို ပြသပေးဖို့ တောင်းဆိုပါတယ်”
ကျင့်ကြံနေသည့် ရီဖူရှင်းသည် မျက်လုံးဖွင့်လာပြီး ချန်ဟွိုက်ကို ကြည့်သည်။ ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်သည် အလွန်ကြီးမားသော မီးပြင်းဖိုကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် မတ်တတ်ထရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားသည်။ မီးပြင်းဖိုသည် နေမင်းကဲ့သို့ တောက်ပစွာ လောင်ကျွမ်းနေပြီး သူသည် ချန်ဟွိုက်၏ အရှေ့တွင် ပြန်လည် ပေါ်ထွက်လာခဲ့သည်။ သူက လက်သီးကို ပင့်မကာ ထိုးချလိုက်သည်တွင် စွမ်းအားပြည့်ဝလှသည့် ချီစွမ်းအင်လှိုင်းများ လွှမ်းခြုံလာကာ ချန်ဟွိုက်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိခိုက်သွား၏။
ချန်ဟွိုက်၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သော အကြည့်တို့ ထွက်ပေါ်လာသည်။ ပေါက်ကွဲထွက်လာသည့် လေဟာနယ်စွမ်းအားများက သူ့ခန္ဓာကိုယ်ကို နေရာတွင် ချိပ်ပိတ်ထားလိုက်ကာ လှုပ်ရှား၍ မဖြစ်နိုင်တော့သည်ကို ခံစားမိစေသည်။ သူ၏ မီးတောက်မန္တာန်များက စွမ်းအားကြီးမားလှလျှင်ပင် သူသည် အခြားသူ၏ စွမ်းအားများကို ရှောင်တိမ်းရန် မဖြစ်နိုင်ခဲ့ပေ။
ချန်ဟွိုက်သည် တိုက်ခိုက်ရန်အတွက် သူ၏ လက်ကို ကတိုက်ကရိုက် ပင့်မသည်။ ပြင်းထန်သည့် မီးတောက်များက ကောင်းကင်ကို လောင်ကျွမ်းသွားစေ၏။
***