Switch Mode

အပိုင်း(၁၂၄၄)

မီးဝိညာဉ်

လက်ရှိ ရောက်လာကြသည့် သူများမှာ မျိုးနွယ်စုကိုးခုကြားမှ အသန်မာဆုံးများ ဖြစ်ကြသည်။ ပြန်လည်မွေးဖွားခြင်း အဆင့်ဖြစ်သည့် မျိုးနွယ်စုကိုးခုမှ ခေါင်းဆောင်များ ကိုယ်တိုင် ပါဝင်ပေသည်။

အင်ပါယာခွာ နတ်ရွာစံခဲ့ပြီးနောက် မျိုးနွယ်စုကိုးခုသည် ဒေသများကို အုပ်စိုးနိုင်စွမ်း ရှိသေးသည့် အချက်ကို ကြည့်လျှင် သူတို့၏ အင်အားမှာ ငြင်းဆန်နိုင်ဖွယ် မရှိပေ။

ရီဖူရှင်း ရောက်လာသည့်အခါ မျက်လုံးအစုံ ပေါင်းများစွာက သူ့ထံသို့ လှည့်ကြည့်လာသည်။ သူတို့ကြားမှာ ထင်ရှားသူများမှာ ကျူးကလန်မှ တန်ခိုးရှင်များနှင့် အင်ပါယာဝူ၏ မင်းသမီး ရင်ထျန်းကျောက် ဖြစ်သည်။ ကျူးချွယ့်မျိုးနွယ်၊ ကျွယ်ကလန်တို့နှင့် ပူးပေါင်းခဲ့သည့် ရှီကလန်မှ ရှီချန်နှင့် ချန်ဟွိုက်သည်လည်း ထင်ရှားပေသည်။ (Note: ကျူးချွယ့်သည် မီးငှက်ကို ဆိုလိုခြင်းဖြစ်သည်။ ဖီးနစ်ဟူသော ဖုန့်ဟွမ် နှင့် အဝေါ်အဝေါ် မတူညီပေ။)

ကျူးချွယ့်မျိုးနွယ်သည် မိစ္ဆာသားရဲများတွင် ပါဝင်၍ ၎င်းတို့၏ ခေါင်းဆောင်သည် တစ်ချိန်က အင်ပါယာခွာ၏ စီးတော်အဖြစ် အမှုထမ်းခဲ့ဖူးသည်။

ရှန့်ထိုချီမင်၏ တပည့်သည် နန်လိမျိုးနွယ်နှင့် ပူးပေါင်းပြီး ရှန့်ထိုကျိုယိုး၏ တပည့်သည် ဝူးမျိုးနွယ်နှင့် လက်တွဲခဲ့သည်။ ဝူးမျိုးနွယ်တန်ခိုးရှင် များသည် ခြေသုံးချောင်းရွှေကျီး၏ သွေးမျိုးဆက်များ ဖြစ်ကြသည်။

ပေ့လိမျိုးနွယ်စုသည် ရီဖူရှင်းက သူတို့၏ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပြီးနောက် မီးတောက်လှောင်အိမ်မြို့မှ ဂုဏ်သိက္ခာရှိ ရှန့်ထိုငယ်လေးကို ရွေးချယ်သည်။ နောက်ဆုံးတွင် သွေးတိမ်တိုက်မြို့သည် ရှန်းမျိုးနွယ်စုနှင့်အတူ လက်တွဲလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

လမ်းစဉ်မီးတောက်များကို ယူဆောင်လာသည့် တန်ခိုးရှင် ကိုးယောက်လုံးမှာ နတ်ဘုရား ဆေးကြောသန့်စင်ခြင်းအဆင့်များ ဖြစ်ကြသည်။ သူတို့၏ မီးစွမ်းရည်သည် အဆင့်မြင့်မားသော်လည်း သူတို့သည် နတ်ဘုရားဆေးကြောသန့်စင်ခြင်း အဆင့်၌သာ ရှိကြသေး၏။ အကြောင်းရင်းမှာ နတ်ဘုရားဆေးကြောသန့်စင်ခြင်း အဆင့်များသာလျှင် အင်ပါယာခွာ အပျက်အစီးနယ်မြေသို့ ဝင်ရောက်နိုင်သောကြောင့် ဖြစ်၏။ ထိုစည်းမျဉ်းများသည် သူတို့၏ စွမ်းအားများမှာ ထို့ထက်ပိုသည့် စွမ်းအားများအပေါ် ထိန်းချုပ်နိုင်ခြင်း ရှိမရှိနှင့် သက်ဆိုင်နေခြင်း ဖြစ်နိုင်သည်။ အခြားအကြောင်းရင်းများလည်း ရှိနိုင်သော်လည်း မျိုးနွယ်စုကိုးခုသည်သာ ရှင်းလင်းစွာ သိရှိပေလိမ့်မည်။

“ကျုပ်တို့ လူအကုန်စုံပြီဆိုတော့ စထွက်ရအောင်” မီးလျှံနီဝတ်စုံနှင့် ကျူးကလန်အကြီးအကဲက ပြောသည်။ ကျူးကလန်၏ ခေါင်းဆောင်က သူ့ဘေးတွင် ရပ်နေပြီး သူ၏ အရှိန်အဝါမှာ ဘာမှမလုပ်ဘဲ ရိုးရှင်းစွာ ရပ်နေရုံနှင့်ပင် မီးနတ်ဘုရားအသွင် ထင်မှတ်ရပေသည်။

လူတိုင်းက ခေါင်းညိတ်လိုက်ပြီး စတင်လမ်းလျှောက်သည်။ မျိုးနွယ်စုကိုးခု၏ ခေါင်းဆောင်များက ဂိတ်တံခါးတစ်ခုသို့ လျှောက်သွားကြပြီး လက်သင်္ကေတများ ပုံဖော်လိုက်ကြသည်။ ရောင်စဉ်ကိုးပါး မီးတောက်များသည် သူတို့၏ လက်များမှ ထွက်ပေါ်လာပြီး ဝင်ပေါက်တံခါးဝသို့ ရိုက်ခတ်သွား၏။

ရောင်စဉ်ကိုးပါး အလင်းတန်းများ ကျဆင်းလာပြီး ဝင်ပေါက်တံခါးသည် တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရပေသည်။ ကြောက်မက်ဖွယ် မီးအရှိန်အဝါနှင့် လေစီးကြောင်းသည် ဝင်ပေါက်တံခါး တစ်ခုလုံးကို ရစ်ပတ်သွားကာ တစ်ခဏအတွင်း ကြီးမားသည့် အပေါက်ကြီးတစ်ခု  ဖြစ်ပေါ်လာသည်။

“အထဲ ဝင်ကြမယ်” အသံတစ်ခုက ပြောသည်။

လူတိုင်းသည် ဝင်ပေါက်တံခါးဆီသို့ သွားခဲ့ကြပြီး သူတို့၏ ခန္ဓာကိုယ်များသည် အတွင်းသို့ ခြေတစ်လှမ်းချသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားသည်။

“သွားကြစို့ မြို့စားရီ” မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲက ပြောသည်။

ရီဖူရှင်းသည် ခေါင်းညိတ်လိုက်ပြီး ရှားရှင်းယွန်နှင့် အခြားလူများကို ကြည့်သည်။ ထို့နောက် မင်းသမီးက ပြောလိုက်၏။ “ဂရုစိုက်”

“အင်း” ရီဖူရှင်းက ပြန်ဖြေလိုက်ပြီး ကြီးမားသည့် လူအုပ်နှင့်အတူ လှုပ်ရှားလိုက်ပြီး အတွင်းသို့ ခြေချကာ ပျောက်ကွယ်သွားတော့၏။

မျိုးနွယ်စုကိုးခုမှ တန်ခိုးရှင်များသည် နောက်မှ ဝင်ရောက်ခဲ့သည်။ လူတိုင်း ဝင်ပြီးသည့်အခါတွင် မျိုးနွယ်စုကိုးခုမှ ခေါင်းဆောင်များ ဝင်ရောက်သွားခဲ့၏။

မျိုးနွယ်စုကိုးခု၏ လူငယ်မျိုးဆက်သစ်လေးများနှင့် သွေးနဂါးဘုံတစ်ခုလုံးမှ အင်အားစုများ၏ တန်ခိုးရှင်များသာ ဝင်ပေါက်အပြင်ဘက်တွင် ကျန်ရစ်ခဲ့သည်။ သူတို့ အားလုံးသည် ရပ်ကာဖြင့် ကြီးမားကျယ်ပြန့်သည့်နယ်မြေကို စောင့်ကြပ်နေပြီး သူတို့၏ လူများ ပြန်အလာကို စောင့်နေကြသည်။

“ဘေးဘက်မှာ ကျင့်ကြံကြရအောင်” ရှားရှင်းယွန်က ပြောလိုက်ပြီး လူတိုင်းက ခေါင်းညိတ်သည်။ သူတို့အားလုံးသည် တစ်နေရာတွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ရီဖူရှင်းနှင့် အခြားလူများ ပြန်အလာကို စောင့်ဆိုင်းနေကြသည်။

***

ရီဖူရှင်းသည် ဝင်ပေါက်အတွင်းသို့ ခြေချလိုက်ပြီးသည်နှင့် အခြားနေရာသို့ ရောက်ရှိသွားသည်။ သူတို့ ရောက်ရှိသောအခါ သူတို့သည် နေရာတစ်ခွင်လုံးကို ဖုံးလွှမ်းထားသည့် ပူပြင်းတောက်လောင်နေသည့် စွမ်းအားများကို ခံစားမိသည်။ သူတို့ကို ထိုအထဲ ပစ်ထည့်၍ ချက်ပြုတ်လိုက်ခြင်းနှင့်ပင် တူနေတော့၏။ မြေပြင်နေရာအနှံ့သည် ရဲရဲနီကာ ပူလောင်နေပြီး မီးလျှံများပင် တောက်လောင်နေသည်။ မဟာလမ်းစဉ်၏ စွမ်းအားများသည် သူတို့ဝန်းကျင်တွင် ကျွမ်းလောင်နေ၏။

“မီးလျှံကမ္ဘာကြီး” ရီဖူရှင်းက ရေရွတ်သည်။ သူ မော့ကြည့်လိုက်လျှင် ကောင်းကင်ကြီးပင် ရဲရဲနီ လောင်ကျွမ်းနေပေသည်။ မီးကဲ့သို့ နီရဲနေသည့် ကောင်းကင်သည် ထူးခြားသော အစီအရင်တစ်ခုခုဖြင့် ပုံဖော်ထားခြင်း ဖြစ်ပုံရလေသည်။ ကြီးမားသည့် မီးလုံးကြီး နှစ်လုံးသည် ကောင်းကင်တွင် နေလုံးကြီးနှစ်လုံး ရှိနေသကဲ့သို့ ထင်ရသည်။ သို့သော် သူတို့၏ မျက်နှာပြင်သည် ခွက်ဝင်နေပြီး မီးတောက် တွင်းနက်ကြီးနှင့် တူလှပေသည်။ သူတို့၏ ပုံသဏ္ဌာန်များမှာ မျက်လုံးကြီးနှစ်လုံးနှင့် သဏ္ဌာန်တူသည်။

ရီဖူရှင်း၏ စိတ်သည် လှုပ်ခတ်နေသည်။ သူသည် ကောင်းကင်ကို အနီးကပ်ကြည့်လိုက်လျှင် မျက်လုံးသာမဟုတ်ဘဲ ထို့ထက်ပိုသည့်အရာများကို မြင်လိုက်ရသည်။ ထို့နောက်တွင် သူသည် အဆုံးကိုမသိနိုင်သည့် ကြီးမားလှသော မျက်နှာကြီးကို မြင်ကာ မီးလျှံနီနီ ဆံပင်များက ကောင်းကင်တွင် တောက်ပနေသည့် တိမ်တိုက်များကဲ့သို့ ဆံချည်မျှင်များက ကောင်းကင်တခွင်တွင် ပျံ့ကြဲနေ၏။ “လူသားသဏ္ဌာန်”

ရီဖူရှင်းတစ်ယောက်သာ ထိုသို့ တွေးမိသည်မဟုတ်ပေ။ အခြားသော မျိုးနွယ်စုကိုးခု အဖွဲ့ဝင်များမဟုတ်သည့် တန်ခိုးရှင် ရှစ်ယောက်သည်လည်း ကောင်းကင်သို့ မော့ကြည့်နေကြသည်။ သူတို့အားလုံးသည် တစ်ခုခုကို မြင်တွေ့လိုက်ရသကဲ့သို့ အံ့သြထိတ်လန့်စွာ ကြည့်နေကြသည်။

“သွားကြမယ်” တန်ခိုးရှင် တစ်ဦးက ပြောသည်။

ပူပြင်းသည့် လေများ တိုက်ခတ်နေပြီး ကြည့်ရသည်မှာ လေထုထဲမှာပင် မဟာလမ်းစဉ်၏ မီးစွမ်းအားများ ပေါင်းစပ်ပျော်ဝင်နေပုံ ရပေသည်။ တိုက်ခတ်လာသော ပူပြင်းလှသည့် လေသည် သူတို့ကို ရိုက်ခတ်နေသည်။ ဤနေရာသည် မီးတောက်လမ်းစဉ်ကို ကျင့်ကြံရန် သန့်စင်သော မြေတစ်ခုနှင့် တူလှပေသည်။

အင်ပါယာခွာက ဤနေရာမှာ ချန်ထားခဲ့သည်က မည်သို့သော ရည်ရွယ်ချက် ရှိသနည်း။ မျိုးနွယ်စုကိုးခုသည် သူတို့၏ နည်းဟန်အတိုင်း ဘုံအားလုံးမှ ပါရမီရှင်များအား ဖိတ်ခေါ်ခဲ့သည်။ တစ်ချိန်က အင်ပါယာခွာကို ခစားခဲ့ရသည့် မျိုးနွယ်စုကိုးခုက ကိုယ်တိုင် ယူဆောင်ဖို့ရာ မဖြစ်နိုင်သည့် အရာများ ဖြစ်နေမလား။ ထို့ကြောင့် သူတို့က အပြင်လူတွေကို ခေါ်ဆောင်ပြီး ကူညီစေတာများလား။

“ကျွန်တော်တို့ ဘာလုပ်ဖို့ လိုလဲ” ရီဖူရှင်းက သူ့ဘေးရှိ ဝူကလန်မှ တန်ခိုးရှင်ကို မေးသည်။

“ဒီအကြွင်းအကျန်နယ်မြေထဲမှာ မီးဝိညာဉ်တွေကို တွေ့ရတတ်တယ်။ မရေတွက်နိုင်တဲ့ မီးဝိညာဉ်တွေက ဒီနေရာထဲမှာ မတူကွဲပြားတဲ့ အင်အားတွေနဲ့ မွေးဖွားလာတယ်။ မီးဝိညာဉ်တွေ အားလုံးမှာ မဟာလမ်းစဉ်ရဲ့ မီးစွမ်းအားအသိ အနှစ်သာရတွေ ပါဝင်နေတယ်။ မင်း လုပ်စရာလိုတာက အဲဒါတွေကို ရှာဖွေယူဆောင်ပြီး မင်းအပိုင် ဖြစ်အောင် လုပ်ရမယ်” တန်ခိုးရှင်တစ်ဦးက ပြန်ဖြေသည်။

“အဲဒါအကုန်ပဲလား” ရီဖူရှင်းက မေးသည်။

“ဟုတ်တယ်။ အဆုံးမဲ့ မဟာလမ်းစဉ် အသိသညာတွေကို ပိုင်ဆိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ကတော့ မင်း အဲဒါတွေကို သန့်စင်ပြီး ဆက်လက် ရယူဖို့ လိုတယ်။ မင်းက လမ်းစဉ်မီးတောက်တွေကို သုံးပြီး စွမ်းအားတွေကို ထုတ်ယူနိုင်စွမ်း မရှိသရွေ့ ဖြစ်စဉ်က ပြီးပြည့်စုံမှာ မဟုတ်ဘူး”  တန်ခိုးရှင်က အသေးစိတ် ပြောပြသည်။

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ အခြားသော တန်ခိုးရှင်များက ရှေ့သို့ ဆက်လက် ချီတက်နေကြသည်။

ရီဖူရှင်းသည် ထိုလမ်းစဉ်မီးတောက်များကို အသုံးပြုခြင်းဖြင့် သူ့အဆင့်၏ ပြောင်မြောက်လှသော တိုက်ပွဲစွမ်းရည်များကို ထုတ်ဖော်ကာ အဆင့်သတ်မှတ်ချက်၌ ရှိနေသည့် အတားအဆီးများကို လျစ်လျူရှုထားနိုင်စွမ်း ရှိလိမ့်မည်လားဟု သိချင်နေမိသည်။

မျိုးနွယ်စုကိုးခုက တန်ခိုးရှင်များ၏ မီးစွမ်းရည် ကျွမ်းကျင်မှုကို ထိုမျှထိ အဓိကထားသည်မှာ အံ့သြစရာမရှိတော့ပေ။ ဖြစ်နိုင်သည်မှာ အကြွင်းအကျန်နယ်မြေ အတွင်း၌ တစ်ခုခု ပြုလုပ်ရန် ရှိသောကြောင့် ဖြစ်ပေမည်။ လမ်းစဉ်မီးတောက်များသည် ဤနေရာ၌ အလွန်ပင် အရေးကြီးလှသည်။ ထို့ကြောင့် မဟာလမ်းစဉ်၏ စွမ်းအားများကို သင်ယူနိုင်စွမ်းမရှိသည့် သူများကို ဝင်ရောက်ခွင့်ပြုရန် ဖြစ်နိုင်ခြင်း မရှိသည် ဖြစ်၏။

မျိုးနွယ်စုကိုးခု၏ တန်ခိုးရှင်များသည် ရှေ့သို့ ဆက်သွားနေရင်း ခွဲထွက်ကာ မတူညီသော နေရာများသို့ ဦးတည်လိုက်ကြသည်။ ဘိုးဘေးနယ်မြေ အတွင်းရှိ နေရာအနှံ့တွင် အန္တရာယ်များ ငုပ်လျှိုးနေတတ်သည်။ အကယ်၍ မျိုးနွယ်စုကိုးခု၏ အပြင်လူများ မိမိဘာသာ လျှောက်သွားမည်ဆိုပါက သေခြင်းတရားနှင့် အဆုံးသတ်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။

ထို့ကြောင့် မျိုးနွယ်တစ်ခုချင်းစီက လူတစ်ယောက်၏ လုံခြုံရေးကို တာဝန်ယူကြရပေသည်။ သို့သော်လည်း မျိုးနွယ်စုကိုးခုသည် ထိုသို့ လုပ်ဆောင်ပေးရန်အတွက် သူတို့တွင် အကြောင်းပြချက် ရှိပေသည်။ မဟုတ်လျှင် သူတို့၏ ရွေးချယ်မှု အစီအစဉ်သည် ဤမျှ အသေးစိတ်ကျနမည် မဟုတ်ပေ။ သူတို့သည် သူတို့ရွေးချယ်ထားသည့် သူများအပေါ်တွင် မြင့်မားသော မျှော်လင့်ချက်များ ထားရှိကြသည်။

ဝူကလန်သည် ရီဖူရှင်းနှင့်အတူ အလုပ်တွဲလုပ်ရန် ရွေးချယ်လိုက်သောကြောင့် သူတို့သည် သူ့အနောက်မှ လိုက်ပါလာကြသည်။ ကျူးကလန်သည်လည်း အတူတူပင် ဖြစ်သည်။ သူတို့၏ တာဝန်မှာ ရင်ထျန်းကျောက်ကို ကာကွယ်ရန် ဖြစ်၏။

မီးလျှံကန္တာရနယ်မြေသည် သူတို့၏ ရှေ့တွင် ရှိနေပြီး အဆုံးကို မမြင်နိုင်ပေ။

ရီဖူရှင်းသည် နောက်ဆုံး၌ မီးဝိညာဉ်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ မီးနဂါးတစ်ကောင်ပြီး တစ်ကောင်သည် မတူကွဲပြားသည့် နေရာများသို့ ပျံ့နှံ့သွားသည်။ ၎င်းတို့အားလုံးသည် ရွှေရောင်မီးတောက်များဖြင့် လောင်ကျွမ်းလျက် ရှိသည်။ ယင်းတို့တွင် မီးလျှံများဖြင့် တည်ဆောက်ထားသည့် လူသားသဏ္ဌာန်လည်း ရှိကြသည်။ သူတို့အားလုံးသည် လူတစ်စုလာနေသည်ကို မြင်သောအခါ တိုက်ခိုက်ရန် အသင့်အနေအထား ပြင်လိုက်ကြသည်။ ထိုမီးဝိညာဉ်များသည် အပြည့်အဝနိုးထခြင်း မရှိသေးသည့် ဝိညာဉ်များပင် ဖြစ်သော်လည်း သူတို့၏ ပင်ကိုဗီဇစရိုက်ပေါ်တွင် အခြေခံကာ လူသားများကို သားကောင်များကဲ့သို့ ရှုမြင်စေရန် ပြုမူခဲ့သည်။

“သွားကြမယ်” ကလန်နှစ်ခုလုံးမှ တန်ခိုးရှင်များက ရီဖူရှင်းနှင့် ရင်ထျန်းကျောက်တို့ကို လေးစားစွာ ပြောသည်။

သူတို့နှစ်ဖွဲ့လုံးသည် တခဏအတွင်းတွင် မတူညီသည့် ဦးတည်ချက်များဆီသို့ ထွက်ခွာလိုက်ကြသည်။

ဝူကလန်မှ တန်ခိုးရှင်က ရီဖူရှင်းကို အထူးအာရုံစိုက်ထားသည်။ ကျူးကလန်သည် ရီဖူရှင်းက ရင်ထျန်းကျောက်ကို ကူညီနိုင်စေရန် ဆန္ဒရှိကြသည်။ ယင်းသည် သူတို့နှစ်ဖက်လုံးအတွက် ကောင်းမွန်သော အခွင့်အရေးများ ဖြစ်လာနိုင်ပေလိမ့်မည်။

ဘုန်း  …

ရင်ထျန်းကျောက်သည် စွမ်းအားများကို ဖွင့်ထုတ်လိုက်ပြီး သူမ၏ တစ်ကိုယ်လုံးမှ အလွန်တောက်ပသော ရွှေရောင်မီးတောက်များ ပေါက်ကွဲထွက်လာသည်။ သန့်စင်သည့် အလင်းရောင်က သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီး သူမကို မဟာလမ်းစဉ်၏ မီးပြင်းဖို တစ်ခုသဖွယ် ပြုလုပ်ပေးနေသည်။ သူမသည် အလွန်လျင်မြန် ပြင်းထန်လှသည့် အရှိန်ဖြင့် ထွက်ခွာလိုက်ကာ မီးဝိညာဉ်များဆီသို့ ဦးတည်သည်။

မီးဝိညာဉ်များ၏ ဉာဏ်ရည်မှာ ထက်မြက်ခြင်း မရှိလှသော်လည်း သူတို့သည် လောကကြီးမှ အလိုအလျောက် မွေးဖွားပေးခဲ့သည့် လမ်းစဉ်မီးတောက်များ ဖြစ်သည့် အားလျော်စွာ ရှန့်ထိုအဆင့် အရှိန်အဝါများကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ရင်ထျန်းကျောက်သည် တွေဝေနေခြင်း မရှိပေ။ သူမသည် ရှေ့မှ မီးဝိညာဉ်များဆီသို့ ချက်ချင်း တိုးဝင်သွားပြီး တိုက်ခိုက်သည်။ ထိုမီးတောက်များသည် အော်မြည်ကာ သူမထံ တစ်ဟုန်ထိုးပြေးဝင် တိုက်ခိုက်လိုက်ပြီး အလျင်အမြန် လှောင်ပိတ်ထားသည်။

ကြောက်မက်ဖွယ် လေပွေသည် ရင်ထျန်းကျောက်ပေါ်တွင် ပေါ်ထွက်လာသည်ကို မြင်လိုက်ရကာ မီးဝိညာဉ်၏ ခန္ဓာကိုယ်ကို ဝါးမျိုသွားပြီး သူမအပိုင်အဖြစ် လုပ်ဆောင်သည်။ သူမသည် တွေဝေခြင်းအလျဉ်းမရှိဘဲ ထိုအဆင့်ရှိ မီးဝိညာဉ်ကို စုပ်ယူနိုင်စွမ်း ရှိပေသည်။

ကျူးကလန်မှ တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ အင်ပါယာဝူ၏ မင်းသမီး ရင်ထျန်းကျောက်သည် သူမဖခင်၏ အစစ်အမှန် စွမ်းအား အနှစ်သာရများကို ဆက်ခံခဲ့လေသည်။ သူမသည် မဟာလမ်းစဉ်မီးတောက်များကို သူမထံသို့ တိုက်ရိုက် ပေါင်းစည်းနိုင်စွမ်းရှိပြီး ထိုသို့သော စွမ်းအားမျိုးကို ကိုင်တွယ်နိုင်သည်က သူမကို အလွန်အစွမ်းထက်အောင် ပြုလုပ်ပေးနေသည်။

ရီဖူရှင်းသည်လည်း မီးဝိညာဉ်ကို တစ်ဟုန်ထိုး တိုက်ခိုက်သည်။ တောက်လောင်နေသည့် မီးတောက်များကို နေရာတစ်ခွင်လုံးတွင် ခံစားမိနိုင်သည်။

ဘုန်း …

မီးဝိညာဉ်သည် ရီဖူရှင်းထံသို့ တိုးဝင်လာပြီး သူ့ကို အရှင်လတ်လတ် ဝါးမျိုရန် ရည်ရွယ်လေသည်။ သို့သော်လည်း မဟာလမ်းစဉ်၏ စွမ်းအားများသည် သူ့ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်ကာ သန့်စင်သောအလင်းများ စီးဆင်းနေ၏။ မီးတောက်များသည် အလျင်အမြန်ပင် သန့်စင်ခြင်းကို ခံခဲ့ရသည်။ မီးဝိညာဉ်များသည် အော်မြည်နေပြီး သူ့ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုကြသော်လည်း ၎င်းတို့၏ ကိုယ်ခန္ဓာသဏ္ဌာန်သည် တစတစ ယိုယွင်းလာသည်။ လမ်းစဉ်မီးတောက်များသည် ဆက်လက်ကာ တဖြည်းဖြည်းချင်း ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ ခေါ်ဆောင်ခံရကာ သူ၏ သက်စောင့်ဟော်နန်းဆီသို့ တိုက်ရိုက် စုပ်ယူခြင်းကို ခံလိုက်ကြရ၏။

ကျူးကလန်နှင့် ဝူကလန်နှစ်ခုလုံးက ထိုမြင်ကွင်းကို မြင်သောအခါ ခေါင်းညိတ်လိုက်ကြသည်။ ချန်ယဲ့မြို့စားသည် မီးစွမ်းရည်တွင် အလွန်အမင်း မကျွမ်းကျင်သော်လည်း ဤသည်မှာ သူက အားနည်းသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ဤကဲ့သို့ စတင်အဆင့် မီးဝိညာဉ်လေးများမှာ သူ့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ရင်ထျန်းကျောက်နှင့် ရီဖူရှင်း နှစ်ယောက်လုံးသည် ရှေ့သို့ ဆက်လက်ရွေ့လျားနေပြီး ကန္တာရနယ်မြေမှ ထွက်ပေါ်လာနေသော မည်သည့် မီးဝိညာဉ်ကိုမဆို ဖျက်ဆီးကာ ၎င်းတို့၏ စွမ်းအားများကို စုပ်ယူဝါးမျိုနေကြသည်။

အချိန်များ ကုန်လွန်သွားပြီး သူတို့သည် ကန္တာရနယ်မြေကို ဖြတ်ကျော်လာကြပြီးချိန်၌ ရီဖူရှင်း၏ သက်စောင့်ဟော်နန်းအတွင်းတွင် ရာပေါင်းများစွာသော လမ်းစဉ်မီးတောက်များကို တွေ့ရှိနိုင်ပြီ ဖြစ်သည်။

သူတို့သည် ကန္တာရနယ်မြေကို ဖြတ်သန်းလာပြီးနောက်၌ ချော်ရည်ပူများ ပြည့်နှက်နေသည့် နေရာသို့ ရောက်ရှိလာသည်။ ချော်ရည်ပူများသည် နေရာအနှံ့တွင် ပန်းထွက်နေပြီး ဤနေရာ၌ ပိုမိုများပြားသော မီးဝိညာဉ်များကို တွေ့မြင်နိုင်သည်။ သို့သော်လည်း မီးတောက်များ၏ မဟာလမ်းစဉ် စွမ်းအားများမှာ ယခင်က တွေ့ခဲ့သည်များနှင့် ကွာခြားသွားပြီ ဖြစ်၏။ သို့သော်လည်း အရာအားလုံးမှာ တူညီစွာပင် အဆုံးသတ်မည်သာ ဖြစ်သည်။

သူတို့သည် ချော်ရည်ပူ မီးတောက်များအတွင်းသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကာ မီးဝိညာဉ်များကို ဆက်လက်သန့်စင်ရန် လုပ်ဆောင်လိုက်ကြသည်။ တန်ခိုးရှင်များမှာ သူတို့၏ အနောက်မှ နီးကပ်စွာ လိုက်ပါလာသည်။ ကျူးကလန်မှ တန်ခိုးရှင်သည် ရီဖူရှင်း အနည်းငယ်မျှ အထိအခိုက်မရှိဘဲ မီးတောက်များကို အလွယ်တကူ ဝါးမျိုနေသည်ကို တွေ့လိုက်ရလျှင် စိတ်သက်သာရာ ရသွားခဲ့သည်။ ကြည့်ရသည်မှာ ရီဖူရှင်းထံတွင် မီးတောက်များကို စုပ်ယူရန် နည်းလမ်း ရှိနေပုံ ရပေသည်။

ထိုအခိုက်တွင် ချော်ရည်ပူများက ဆူပွက်လာပြီး အော်မြည်သည့်အသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ ရီဖူရှင်းသည် ရှေ့သို့ ကြည့်လိုက်လျှင် ချော်ရည်များ ဆူပွက်လာပြီး ချော်ရည်မီးတောက် စစ်နတ်ဘုရား ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။ ယင်းအရာသည် မီးဝိညာဉ်များကဲ့သို့ မရိုးစင်းတော့ဘဲ သိပ်သည်းသည့် ခန္ဓာကိုယ် ထုထည်ရှိကာ ချော်ရည်ပူများ၏ ဘီလူးကြီးတစ်ကောင်အသွင် ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေသည်။

“မိမိကိုယ်ကိုယ်သိမြင်ခြင်း ရှန့်ထိုအဆင့်လား” ရီဖူရှင်းက တိုးတိတ်စွာ ရေရွတ်သည်။

ချော်ရည်ဘီလူးကြီးက ရင်ထျန်းကျောက်နှင့် ရီဖူရှင်းကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ လက်ကြီးနှစ်ဖက်ကို ဆန့်ထုတ်သည်။ ကြီးမားလှသည့် လက်ကြီးဆီမှ ထွက်ပေါ်လာသော ချော်ရည်များက မည်သည့်အရာကိုမဆို ပြင်းထန်စွာ ရိုက်ခတ်မိပြီး ချက်ချင်းပင် အရည်ပျော်ကျသွားစေနိုင်သည်။ သူတို့နှစ်ယောက်လုံးသည် အလွန်လျင်မြန်လှစွာ ရှောင်တိမ်းလိုက်ကြရ၏။ ရင်ထျန်းကျောက်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ “အတူတူ တိုက်မယ်”

သူမသည် ထိုဘီလူးကြီးက မိမိကိုယ်ကိုယ် သိမြင်ခြင်း အဆင့် ရှန့်ထို ဖြစ်နေလျှင်ပင် ရင်ဆိုင်တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံ ပေါ်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset