Switch Mode

အပိုင်း(၁၂၄၃)

ဘိုးဘေးပိုင်နယ်မြေ

မျိုးနွယ်စုကိုးခုသည် သူတို့အတွက် သင့်လျော်မည့်သူကို လိုက်လံရွေးချယ်နေပြီး စွမ်းအားကြီး တန်ခိုးရှင်များကို ဖိတ်ကြားချက်များ ကမ်းလှမ်းကြသည်။

ကျူးကလန်က သူတို့၏ ကိုယ်စားပြုသူကို ထုတ်ဖော်ပြသ ပြီးသည့်အခါ နန်လိမျိုးနွယ်သည်လည်း ချက်ချင်းပင် ရှန့်ထိုချီမင်၏ လူများနှင့် အလုပ်တွဲလုပ်ရန် ရွေးချယ်ခဲ့သည်။ အခြားမျိုးနွယ် ခုနစ်ခုသည်တော့ သူတို့၏ ကိုယ်စားပြုသူများကို ရွေးချယ်ရန် ရှာဖွေနေကြဆဲ ဖြစ်ပေသည်။

ကျုံးကလန်သည် သူတို့၏ ဖိတ်ကြားချက်ကို အင်ပါယာတုန်းနန်းတော်၏ ကိုယ်စားပြုသူသို့ ကမ်းလှမ်းခဲ့ပြီး နှစ်ဖက်လုံးက သဘောတူညီမှု ရရှိသွားခဲ့သည်။ ကျုံးကလန်သည် မျိုးနွယ်စု ကိုးခုကြားတွင် ထိပ်တန်းကလန်တစ်ခု ဖြစ်ပြီး အလွန်အင်အားကြီးသည်။ အင်ပါယာတုန်း နန်းတော်သည်လည်း အင်အားကြီးလှသည်ဖြစ်ရာ စွမ်းအားမြင့်သူများကြားမှ ပူးပေါင်းမှုတစ်ခု ဖြစ်ခဲ့သည်။ အင်ပါယာခွာမြို့မှ လူအများမှာ စကားပြောဆိုရင်း သူတို့၏ တွဲဖက်ကို ဆက်လက်ရှာဖွေနေကြသည်။ သူတို့သည် ဤပူးပေါင်းမှုက ကျူးကလန်နှင့် အင်ပါယာဝူမင်းသမီးတို့ကြားမှ ပူးပေါင်းမှုနှင့် ယှဉ်နိုင်ကြောင်း တွေ့မြင်ကြလေသည်။

နောက်ပိုင်းတွင် ဝူးမျိုးနွယ်သည် ရှန့်ထိုကျိုယိုးနှင့်အတူ တွဲဖက် လုပ်ဆောင်လိမ့်မည်ဟု စကားရှိသည်။

ရီဖူရှင်းသည် တည်းခိုဆောင်တွင် တစ်ချိန်လုံး ရှိနေ၏။ တဖြည်းဖြည်း ထွက်ပေါ်လာသည့် သတင်းများမှာ ရီဖူရှင်းကို မခံမရပ်ခံစားရစေသည်။ ဆန်းထျန်ကျန့်၏ စကားအရဆိုလျှင် မျိုးနွယ်စုကိုးခု၏ သန်မာသူများမှာ သူတို့အတွက် ကိုယ်စားပြုသူများကို စိတ်ထဲတွင် ရွေးချယ်ထားခဲ့ပြီး ဖြစ်ပုံပေါ်ကာ မည်သူကမှ သူ့ကို ရှာပြီး ဖိတ်ကြားချက် ကမ်းလှမ်းမည့်ပုံ မရှိချေ။ ကြည့်ရသည်မှာ သူသည် မျိုးနွယ်စုကိုးခု၏ ရွေးချယ်ညွှန်းဆိုရလောက်သည့် အထဲတွင် ပါဝင်ပုံမရပေ။

ဆန်းထျန်ကျန့်ထံမှ ကြားသည်မှာ မီးစွမ်းအားကို အဓိကကျင့်ကြံသည့် သူများကို ကိုယ်စားပြုသူအဖြစ် အလေးထား ရွေးချယ်ကြောင်းပင် ဖြစ်သည်။ ရီဖူရှင်း၏ စွမ်းရည်ကို သေချာ မသိရှိကြသော်လည်း အခြား ကိုယ်စားပြုသူများမှာ သွေးနဂါးဘုံ၏ မီးစွမ်းရည်ကို ကျွမ်းကျင်ကြပေသည်။ ထိုသည်ကပင် ရီဖူရှင်း လျစ်လျူရှုခံခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။

ဤနေရာသို့ မီးစွမ်းအားတွင် ထူးချွန်ကျွမ်းကျင်သည့် ရန်ဟောင်၏ မျိုးဆက်များပင် လာရောက်ကြသည်။ အင်ပါယာဝူ၏ မင်းသမီးနှင့် အင်ပါယာတုန်းနန်းတော်မှ မင်းသားတို့မှာ ဥပမာပင် ဖြစ်သည်။

အခြား ကိုယ်စားပြုသူများမှာလည်း မီးစွမ်းအား အခြေပြုသည့် အင်အားစုများမှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ သွေးတိမ်တိုက်ဘုံ၏ သွေးတိမ်တိုက်မြို့မှ ကိုယ်စားပြုသူမှာလည်း ရန်ဟောင်မျိုးဆက်ပင် ဖြစ်သည်။

ကျန့်မုမြို့မှ ရှီကလန်နှင့် ချန်ကလန်သည်လည်း မီးအခြေပြုကလန်မှ လူများ ဖြစ်ကြသည်။ မီးတောက်လှောင်အိမ်မြို့ကဲ့သို့ ငရဲမီးအထူးပြု ကျွမ်းကျင်သော သူများသည် အခြားသူများကြားတွင် အားနည်းသည့်ကလန်ဟု ဆုံးဖြတ်နိုင်သော်လည်း သူတို့သည် မီးစွမ်းအားတွင် အရည်အချင်း ရှိလေသည်။

သူသည် မီးစွမ်းရည်ကို အသုံးမပြုသည့် မည်သူ့ကိုမှ မမြင်ပေ။ ထို့ကြောင့်ပင် အင်အားကြီးမျိုးနွယ်စုများက သူ့အပေါ်တွင် လောင်းကြေးမထပ်ရဲခြင်းပင် ဖြစ်သည်။ မျိုးနွယ်စုများသည် သေချာနိုင်လောက်သည့် ကိုယ်စားပြုသူများပေါ်တွင်သာ လောင်းကြေးထပ်ပြီး သူသည်ကတော့ သူတို့၏ ဦးစားပေးရွေးချယ်မှု စာရင်းအတွင်း မပါဝင်ပေ။

အချိန်တချို့ကြာပြီးနောက်တွင် ရီဖူရှင်းသည် ဖိတ်ကြားချက် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့သည်။ ပထမဆုံး ရောက်လာခဲ့သည့် သူမှာ လျှို့ဝှက်ဆန်းကြယ်သည့်  အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပေ့လိမျိုးနွယ်စုမှ အကြီးအကဲတစ်ဦး ဖြစ်သည်။ မျိုးနွယ်စုများအတွင်း စွမ်းအားအဆင့်အတန်းအရ ကြည့်မည်ဆိုလျှင် အလယ်အလတ် အနေအထား၌ ရှိပေသည်။ အကြီးအကဲသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ့လက်ထဲတွင် နှင်တံတစ်ချောင်းကို ကိုင်ထားသည်။

“ကျုပ်တို့ ပေ့လိမျိုးနွယ်က မြို့စားရီကို ကျုပ်တို့နဲ့အတူ အပျက်အစီးနယ်မြေကို ဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကမ်းလှမ်းတာကို လက်ခံပါသလား” ပေ့လိမျိုးနွယ်မှ အကြီးအကဲသည် စကားကို ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်ပင် ဖိတ်ခေါ်လိုက်၏။

“ကျွန်တော့်ကို ဘာလို့ ရွေးချယ်ရတာလဲ စီနီယာ” ရီဖူရှင်းက ချက်ချင်း အဖြေပြန်မပေးဘဲ ပြုံးပြရင်း မေးခွန်းထုတ်သည်။

“အင်ပါယာခွာရဲ့ လမ်းစဉ်မီးတောက်တွေကို ရရှိခဲ့ကြတဲ့ လူတွေထဲမှာ မင်းရဲ့ စွမ်းရည်က လူသိအနည်းဆုံးဖြစ်နေတယ်။ အဲဒါကြောင့် မျိုးနွယ်စုကိုးခုက မင်းရဲ့ အကြောင်းကို ဝေခွဲမရ ဖြစ်နေကြတယ်။ အဲဒါကို မင်း နားလည်နိုင်မယ်လို့ ထင်ပါတယ်” အကြီးအကဲက ရှင်းပြသည်။ “အခု အင်ပါယာဝူက မင်းသမီးနဲ့ အင်ပါယာတုန်းနန်းတော်က မင်းသားက သူတို့ ဘယ်မျိုးနွယ်နဲ့ ပူးပေါင်းမယ်ဆိုတာ ဆုံးဖြတ်လိုက်ပြီ။ အဲဒါကြောင့် ကျုပ်တို့ ပေ့လိမျိုးနွယ်က မြို့စားယဲ့နဲ့အတူ ကြိုးစားကြည့်ချင်တယ်။ ကျုပ်တို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံမယ်ဆိုရင် အပျက်အစီးနယ်မြေအတွင်းမှာ ကျုပ်တို့ မင်းကို အကောင်းဆုံး ကူညီပေးပါ့မယ်”

ယခု ရီဖူရှင်း ခံစားမိသည်မှာ အကောင်းဆုံး ကိုယ်စားပြုသူများကို စွမ်းအားကြီးမားသည့် မျိုးနွယ်စုများက ရွေးချယ်သွားပြီဖြစ်သောကြောင့် ပေ့လိမျိုးနွယ်အနေဖြင့် အနည်းငယ် အကျပ်ရိုက်နေသည့် အနေအထားမျိုး ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့သည် သူ့အပေါ်တွင် လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ပေ့လိမျိုးနွယ်သည် သူ၏ လုပ်နိုင်စွမ်းကို ယုံကြည်ခြင်းကြောင့် မဟုတ်ဘဲ ကြိုးစားကြည့်ချင်ရုံသာ ဖြစ်သည်။

သို့သော်လည်း ရီဖူရှင်းသည် ထိုသည်ကို စိတ်ထဲမထားပေ။ မျိုးနွယ်စုကိုးခုသည် မည်သည့်မေးခွန်းမှ မရှိဘဲ သူ့စွမ်းအားကို ယုံကြည်သင့်သည်ဟု တွေ့ရလောက်သည်အထိ ရူးမိုက်နေသည် မဟုတ်ပေ။ အဆုံးတွင်တော့ ယုံကြည်မှုဆိုသည်မှာ စွမ်းအားပေါ်၌သာ အခြေခံတည်ဆောက်ခြင်း ဖြစ်လေသည်။ သူသည် သူ၏ လုပ်နိုင်စွမ်းကို ဘယ်တုန်းကမှ ထုတ်ဖော်မပြသဖူးသောကြောင့် အခြားလူများ သူ့ကို ယုံကြည်ဖို့ရာ တောင်းဆိုနိုင်ရန် နည်းလမ်းမရှိပေ။

ရီဖူရှင်း လက်ခံရန် ပြင်လိုက်သည့် အခိုက်အတန့်တွင် အသံတစ်ခု ထွက်ပေါ်လာ၏။

“မြို့စားရီ၊ ကျုပ်တို့ ဝူကလန်က အတူပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်” အင်ပါယာခွာရုပ်တုရှေ့တွင် သူ့ကို ဖိတ်ခေါ်ခဲ့သည့် မီးခိုးရောင် ဝတ်စုံနှင့် အကြီးအကဲ ပေါ်လာသည်။

ရီဖူရှင်းသည် ထိုသူ့ကို ကြည့်လိုက်ပြီးနောက် ပေ့လိမျိုးနွယ်မှ အကြီးအကဲကို ကြည့်ကာ အနည်းငယ် တွေဝေသွားသည်။

“မြို့စားရီ၊ ကျုပ်တို့က ဒီစူးစမ်းရှာဖွေရေးမှာ ကျူးကလန်နဲ့အတူ ပူးပေါင်းလုပ်ဆောင်မှာပါ။ ကျုပ်တို့ အချင်းချင်း ကူညီပြီး ရှာဖွေရင် ပိုကောင်းတဲ့ အခွင့်အရေးတွေ ရလိမ့်မယ်။ အမှန်တော့ ကျူးကလန်က အင်ပါယာ ဝူမင်းသမီးကို မြို့စားရီက ကူညီပေးစေချင်နေတယ်။ ဒါပေမဲ့လည်း မြို့စားရီရဲ့ စွမ်းအားက လုံလောက်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ရင် မင်းသမီးကို ကူညီဖို့အကြောင်း ပြောစရာလိုလိမ့်တော့မှာ မဟုတ်ပါဘူး။ တကယ်လို့ မြို့စားက သူတို့နဲ့ အလုပ်တွဲလုပ်မယ်ဆိုရင် အပျက်အစီးနယ်မြေအတွင်းမှာ မြို့စားဆန္ဒရှိသမျှကိုလည်း ရရှိနိုင်မှာပါ”

ဝူကလန်မှ မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲက စိတ်ချင်းဆက်သွယ်၍ ထပ်ပြောသည်။ “တကယ်လို့ မြို့စားက တစ်ခုခု ကြီးမားတာကို ရှာဖွေချင်တယ်ဆိုရင်လည်း ကျုပ်တို့ ဝူကလန်က အကောင်းဆုံး ထောက်ပံ့ကူညီပေးမှာပါ။ အဆုံးမှာ မြို့စားရီ ဘာမှမရခဲ့ဘူး ဆိုရင်တောင်မှ ကျုပ်တို့ စိတ်ထဲမထားပါဘူး။ အဲဒါကြောင့် ဘာကိုတော့ လုပ်ကို လုပ်ဆောင်ရမယ်ဆိုပြီး သတ်မှတ်ထားတဲ့ ခက်ခက်ခဲခဲ လိုအပ်ချက်တွေလည်း မရှိပါဘူး”

စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သော အကြီးအကဲ၏ စကားလုံးများကို ကြားပြီးနောက် ရီဖူရှင်း၏ အမူအရာက ပြောင်းလဲသွားသည်။ ဝူကလန်ကို ကြည့်ရသည်မှာ ကျူးကလန်ကို ပံ့ပိုးရန် ရည်ရွယ်ထားပုံရသည်။) သို့သော်လည်း ဝူကလန်ကို ကြည့်ရသည်မှာ မြင်ရသလောက် မရိုးရှင်းလှပေ။ သူတို့ထဲမှ တစ်ဦးသည် သူ့ဆီသို့ ဖိတ်ကြားချက် ကမ်းလှမ်းခဲ့ပြီး အမှန်ကို ဖွင့်ဟကာ စစ်မှန်၍ ရိုးသားပုံ ပြသခဲ့သည်။

ကလန်နှစ်ခုသည် အချင်းချင်း မဟာမိတ်ပြုထားခဲ့ပြီး သူက အလိုက်သင့် မျောလိုက်သွားမည်ဆိုလျှင် သူ့အတွက် ပို၍ အကျိုးရှိမည်မှာ အသေအချာပင် ဖြစ်သည်။ ထိပ်တန်းမျိုးနွယ်အချို့ ပူးပေါင်းခြင်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း ဆန်းထျန်ကျန့်က သူ့ကို သတိပေးခဲ့သည်။

ပေ့လိမျိုးနွယ်၏ အကြီးအကဲက ရီဖူရှင်း တွေဝေနေသည်ကို ကြည့်ကာ ပြောသည်။ “မြို့စားရီ၊ စိတ်ထဲရှိသလို ဆုံးဖြတ်ပါ။ ဘယ်ဘက်ကိုပဲ ရွေးရွေး အဆင်ပြေပါတယ်”

ပေ့လိမျိုးနွယ်သည် ရီဖူရှင်းကို ဖိတ်ခေါ်သည်မှာ ကြိုးစားကြည့်ရုံ ရည်ရွယ်ချက်နှင့် ဖြစ်သည်။ အကယ်၍ သူ ငြင်းလိုက်လျှင်ပင် သူတို့က အခြားလူကို ထပ်ရှာဖွေမည် ဖြစ်သည်။ အပျက်အစီးနယ်မြေသို့ မဝင်ခင်၌ မည်သည့်အရာကမှ အသေအချာ သတ်မှတ်ပြီးခြင်း မဟုတ်သေးပေ။

“ဒါဆို ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ “ဝူကလန်က ကျွန်တော့်ကို အစောကတည်းက ဖိတ်ကြားချက် ကမ်းလှမ်းခဲ့သေးသောကြောင့် ကျွန်တော်က သူတို့ကို ဦးစားပေးရမယ်”

“ရပါတယ်” ပေ့လိမျိုးနွယ်မှ တန်ခိုးရှင်က ပြတ်သားစွာ ခေါင်းညိတ်သည်။ “ဒါဆို အပျက်အစီးနယ်မြေ အတွင်းမှာ ထပ်တွေ့ကြတာပေါ့” ထို့နောက် သူသည် ပြန်လှည့်ကာ ထွက်သွားတော့သည်။

ပေ့လိမျိုးနွယ်မှ တန်ခိုးရှင် ထွက်သွားသည့်အခါ ရီဖူရှင်းသည် မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲကို ကြည့်သည်။ “ဘာအကြောင်းကြောင့် ကျွန်တော့်ကို နောက်တစ်ခါ ထပ်လာကမ်းလှမ်းတာလဲ စီနီယာ”

များပြားလှသည့် တန်ခိုးရှင်များကို ကမ်းလှမ်းပြီးနောက် ဝူကလန်၌ ရွေးစရာ မရှိတော့သည် မဖြစ်နိုင်ပေ။ ရီဖူရှင်းသည် မြင့်မားသည့် အာရုံစိုက်မှုကို ပိုင်ဆိုင်ထားခြင်း မရှိသေးရာ သူ့ကို နောက်တစ်ခါထပ်၍ ကမ်းလှမ်းလာမည်ဟု မမျှော်လင့်မိခဲ့ပေ။ သူ့ကို လျှို့ဝှက်ချက်အချို့ပင် ပြောပြခဲ့သေး၏။

“အင်ပါယာဝူမင်းသမီးက မြို့စားရီကို တောင်းဆိုခဲ့တာပါ” မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲက ပြုံးကာ ထပ်ပြောလိုက်သေး၏။ “ဒါပေမဲ့ ကျုပ် မြို့စားကို ပြောခဲ့တဲ့ အခွင့်အရေးတွေ အကြောင်းတော့ လျှို့ဝှက်ပေးထားမယ်လို့ မျှော်လင့်ပါတယ်”

“ကျွန်တော် နားလည်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက သူ့ဆီလာခဲ့သည့် သူအား ရောင်းစားသည်ထိ မသိမ်ဖျင်းသေးပေ။ သို့သော်လည်း မင်းသမီးက သူ့ကို ဘာကြောင့် ခေါ်ဆောင်လာစေချင်သည်ကို သူ သိချင်မိသည်။

သူသည် ယခင်က ဆန်းထျန်ကျန့်ကို မေးကြည့်ခဲ့ဖူးပြီး မင်းသမီး၏ မျိုးရိုးနာမည်က မတူညီသည်ကို တွေ့ရှိခဲ့သည်။ သူမ၏ ဖခင်အမည်မှာ ဝူ ဖြစ်သောကြောင့် သူအုပ်စိုးသည့် နယ်မြေကို အင်ပါယာဝူဘုံဟု သိကြခြင်း ဖြစ်သည်။ သို့သော်လည်း အမှန်တွင် မင်းသမီးက အမည်မှာ ရင်ထျန်းကျောက် ဟူ၍ ဖြစ်ကာ ပါရမီရှင်ဟု အဓိပ္ပာယ် ရပေသည်။ ၎င်းသည် သူမဖခင်မှ သူမအပေါ်ထားသည့် မျှော်လင့်ချက်များအတွက် သက်သေပင် ဖြစ်တော့သည်။

ရင်ထျန်းကျောက်သည် အမှန်တကယ်ပင် သူမ၏ အမည်နှင့် လိုက်ဖက်အောင် နေထိုင်ခဲ့သည်။ သူမ၏ ထိပ်တန်းပါရမီ အရည်အချင်းများနှင့် မီးစွမ်းရည် ထူးချွန်ကျွမ်းကျင်မှုတို့ကြောင့် သွေးနဂါးဘုံသို့ လာခဲ့ပေသည်။ သူမသည် ဒေသနန်းတော်တွင် ကျင့်ကြံခဲ့ပြီး သွေးနဂါးမြို့တွင် အတော်လေး ကျော်ကြားလာခဲ့သည်။ အချက်အလက်များအရဆိုလျှင် သူမက ရီဖူရှင်းကို ခေါ်ယူခဲ့သည်မှာ ယူချင်းကြောင့်များ ဖြစ်နေမလား သိချင်မိသည်။

ယူချင်းသည် ဒေသနန်းတော်တွင် ကျင့်ကြံနေပြီး ထိုနေရာရှိ တန်ခိုးရှင်များနှင့် ကျိန်းသေ ရင်းနှီးနေလိမ့်မည် ဖြစ်သည်။ သူက ယူချင်းတစ်ယောက် ရင်ထျန်းကျောက်ကို သူ့အကြောင်း ပြောဖူးသလားဟု အံ့သြနေမိသည်။

“ဒါဆို ကျုပ် သွားနှင့်တော့မယ်။ ကျုပ်တို့ ထွက်ခွာတော့မယ်ဆိုရင် မြို့စားရီကို လာခေါ်ဖို့ တစ်ယောက်ယောက် လွှတ်ပေးလိုက်မယ်” မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲက ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး အကြီးအကဲက ထွက်ခွာသွားလေသည်။

သူ၏ ဘေးသို့ လူတစ်စု ရောက်လာကြသည်။ ၎င်းတို့မှာ ရှားရှင်းယွန်၊ ဆန်းထျန်ကျန့်နှင့် အခြားလူများ ဖြစ်ကြပေသည်။

မျိုးနွယ်စုကိုးခုမှ လူများသည် သူတို့နှင့် ပူးပေါင်းမည့် ကိုယ်စားပြုသူများကို ရွေးချယ်နေခဲ့ကာ လူအများသည် ပူးပေါင်းမှုကို မျှော်လင့်ထားကြပေသည်။ အရာအားလုံး စီစဉ်ပြီးသည့်အခါတွင် စတင်ထွက်ခွာကြမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်၏။

မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲသည် ရီဖူရှင်းကို လာရောက် ခေါ်ဆောင်ခဲ့ပြီး အခြားလူများနှင့် အတူတကွ ထွက်ခွာခဲ့ကြသည်။ လူစုသည် တည်းခိုဆောင်မှ ထွက်ခွာကာ သူတို့၏ ရည်မှန်းထားရာဆီသို့ ဦးတည်လိုက်ကြသည်။ မျိုးနွယ်စု ကိုးခုသည်လည်း တစ်ချိန်တည်းတွင် လှုပ်ရှားကာ အင်ပါယာခွာမြို့မှ အနောက်ဘက်သို့ ဦးတည်လိုက်ကြသည်။

မျိုးနွယ်စုကိုးခုသည် ယင်းမြို့ထဲမှ မဟုတ်ကြပေ။ ထိုမြို့သည် တစ်ချိန်က အင်ပါယာခွာ၏ နယ်မြေဖြစ်ခဲ့ဖူးပေသည်။ အင်ပါယာခွာ နတ်ရွာစံခဲ့ပြီးနောက်မှသာ မျိုးနွယ်ကိုးခုသည် အင်ပါယာခွာမြို့ထဲသို့ စတင် ရွှေ့ပြောင်းခဲ့ကြသည်။ သို့သော်လည်း သူတို့၏ ဌာနချုပ်မှာ မြို့အနီးဝန်းကျင်တွင် ကျန်ရှိပြီး သူတို့သည် အနောက်ဘက်ဒေသများကို အုပ်စိုးကြပုံ ရသည်။

၎င်းသည် ရဲတိုက်များနှင့် သဲကန္တာရများ ရှိနေပြီး အဆုံးမဲ့ဖြစ်သည့် အပျက်အစီး နယ်မြေတစ်ခုပင် ဖြစ်၏။ မြေပြင်ပေါ်သို့ ပူပြင်းတောက်လောင်စွာ ကျရောက်နေသည့် နေရောင်သည် အပူလှိုင်းများသည် နေရာတစ်ခုလုံးကို ကျွမ်းလောင်တော့မယောင် ခြိမ်းခြောက်လျက် ရှိသည်။

သူတို့ ထပ်၍ သွားလေလေ ပူပြင်းလှသည့် ဒဏ်ကို ပိုခံရလေဖြစ်ကာ နေရာတစ်ခုလုံးကို မီးတောက်များဖြင့် ဖုံးလွှမ်းထားသကဲ့သို့ပင် ဖြစ်၏။ မြေပြင်သည် မီးလျှံများကဲ့သို့ပင် သူတို့၏ ခြေထောက်များကို လောင်ကျွမ်းနေသည်။

လူသူမရှိသော အပူတောက်လောင်နေသည့် အပျက်အစီးများ အလယ်တွင် ရုပ်တုများ ရှိသော နေရာတစ်ခု ရှိပေသည်။ အားလုံးထဲမှ အကြီးဆုံးသည် အင်ပါယာခွာ၏ ရုပ်တုဖြစ်ကာ အခြားရုပ်တုများက ၎င်းကို ဝန်းရံထားသည်။ ယင်းရုပ်တုများမှာ အင်ပါယာခွာကို ခစားရသည့် အင်အားကြီး တန်ခိုးရှင်များ ဖြစ်ပြီး မျိုးနွယ်စုကိုးခု၏ ဘိုးဘေးများ ဖြစ်ကြသည်။ ပြခန်းသည် ပျက်စီးနေသော်လည်း အလယ်တည့်တည့်တွင် ဝင်ပေါက်ရှိလေသည်။

သွေးနဂါးဘုံမှ လူများသည် ဤသည်မှာ အင်ပါယာခွာ၏ အကြွင်းအကျန်နယ်မြေ မဟုတ်ဘဲ မျိုးနွယ်စုကိုးခု၏ ဘိုးဘေးပိုင်နယ်မြေများ ဖြစ်ကြောင်း သိရှိကြသည်။ ထိုနေရာသည် သူတို့၏ မူလအစနေရာ ဖြစ်သည်။ ဤနေရာမှနေ၍ သူတို့သည် သွေးနဂါးဘုံရှိ အနောက်ဘက် ဒေသများ အားလုံးကို သိမ်းယူခဲ့ကြပြီး အလုံးစုံ လွှမ်းမိုး၍ အုပ်ချုပ်ခဲ့သည်။ အချိန်ကာလများ ဖြတ်သန်းကျော်လွန်ခဲ့ပေမယ့် ဘိုးဘေးပိုင်နယ်မြေက ဆက်လက် တည်တံ့နေဆဲ ဖြစ်သည်။

ယခု ရောက်ရှိလာသူအချို့မှာ မီးစွမ်းရည်ကို ကျွမ်းကျင်သည့် ထိပ်တန်းကလန်များမှ အဖွဲ့ဝင်များ ဖြစ်သော်လည်း လမ်းစဉ်မီးတောက်များကို သူတို့ကိုယ်တိုင် ပိုင်ဆိုင်ခဲ့ခြင်း မရှိပေ။ သို့ပေမယ့် သူတို့ထဲတွင် ဘိုးဘေးပိုင်နယ်မြေကို ယခင်က ဝင်ရောက်ခဲ့ဖူးသူများလည်း ရှိပေသည်။

သူတို့သည် ဦးတည်ချက်တစ်ခုတည်းသို့ တစိုက်မတ်မတ် လျှောက်လာကြသည်။ ကျူးကလန်မှ တန်ခိုးရှင်များနှင့် ရင်ထျန်းကျောက်တို့မှာ အတူတကွ လျှောက်လာကြပြီး အများ၏ အာရုံစိုက်မှုကို ဖမ်းစားထားသည်။ ရင်ထျန်းကျောက်သည် ဒေသနန်းတော်တွင် ကျင့်ကြံနေပြီး သွေးနဂါးမြို့၌ ကျော်ကြားလှသည်မို့ သူမသည် အာရုံအများဆုံး စိုက်ခံရလေသည်။ သူမသည် အလွန်တောက်ပနေသည်ဟု ပြောနိုင်ပေသည်။

ရင်ထျန်းကျောက်အပြင် အများဆုံး အာရုံစိုက်ခံရသူ တစ်ယောက်မှာ အင်ပါယာတုန်းနန်းတော်၏ မင်းသား ဖြစ်သည်။ ၎င်းသည် သွေးနဂါးဘုံ၏ ဒေသခံရန်ဟောင်အင်အားစု ဖြစ်ပေသည်။ သူတို့သည် ဘုံ၏ အရှေ့ဘက်ဒေသတွင် အကြွင်းမဲ့အာဏာ ရှိပြီး သွေးနဂါးအင်ပါယာပင်လျှင် သူတို့၏ အုပ်ချုပ်မှု၌ ဝင်ရောက်စွက်ဖက်နိုင်လိမ့်မည် မဟုတ်ပေ။

အင်ပါယာတုန်းနန်းတော်၏ ကျော်ကြားမှုသည် အင်ပါယာခွာခန်းမကဲ့သို့ ညီမျှသော ကျော်ကြားမှု ရှိပေသည်။ အင်ပါယာတုန်းနန်းတော် မင်းသားတစ်ပါးအနေနှင့် အင်ပါယာခွာ အကြွင်းအကျန်နယ်မြေသို့ ဝင်ရောက်ရန် ပြင်ဆင်ခဲ့ပြီး လူအများသည် နောက်ဘာဆက်ဖြစ်မည်လဲ ဆိုသည်ကို သိလိုပြီး အလွန် စိတ်လှုပ်ရှား နေကြပေသည်။

ကလန်အားလုံးထဲတွင် ကျုံးကလန်သည် အင်ပါယာတုန်းနန်းတော်မှ မင်းသားနှင့် ပူးပေါင်းခဲ့သည်။ သူတို့သည် ထိပ်တန်း အင်အားစုသုံးခုကြားတွင် အလွန်စွမ်းအားကြီးပေသည်။ ဤပူးပေါင်းမှုမှာ နှစ်ဖက်လုံးအတွက် သင့်လျော်လှပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset