အပိုင်း(၁၂၃၈)

သူခိုးတွေလား

ရီဖူရှင်းက ပျောက်ကွယ်သွားသည့် အဘိုးအိုကို ကြည့်နေစဉ်မှာပင် လူရိပ်များမှာလည်း သူ့ထံသို့ နီးကပ်လာလေသည်။ သို့သော်လည်း သူတို့ထဲမှ မည်သူကမှ ရီဖူရှင်းကို ဖိအားပေး လုယူရန် မကြိုးစားရဲကြပေ။

ရီဖူရှင်းသည် ချန်ယဲ့မြို့စားဖြစ်ကာ ရန်ဟောင်အင်အားစု နောက်ခံရှိသောကြောင့် သူသည် ကိုင်တွယ်ရ ခက်သည့်သူ ဖြစ်လာသည်။ ထို့အပြင် အင်ပါယာရှားဘုံမှ မင်းသမီးလေးက သူနှင့်အတူ ရှိနေပုံပေါ်သည်။

“ဒီလမ်းစဉ်မီးတောက်ကို ကျုပ် ခဏလောက်ယူကြည့်ရင် စိတ်မရှိဘူးမလား” မီးတောက်နက်ကလန်မှ ကျိုးရွှီက မေးသည်။

ရီဖူရှင်းက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မဖြေခဲ့ပေ။ ထိုမီးတောက်များကိုသာ သူတို့ ထုတ်ပြခဲ့လျှင် အုတ်အော်သောင်းတင်း ဖြစ်သွားပေလိမ့်မည်။ သူတို့ကို သည်အတိုင်း ထုတ်ပြရန် တောင်းဆိုခြင်းမှာ အလွန်ဆိုးဝါးလှသည့် အကြံဉာဏ်ဖြစ်ပေ၏။

သူတို့ လက်ထဲတွင် ထိန်းသိမ်းထားဖို့အတွက် ခက်ခဲမည်မှာ မလွဲမသွေဖြစ်သော်လည်း သူ့လက်ထဲသို့ ရောက်ရှိပြီးသား မီးတောက်များကို လက်လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။

“သွားကြမယ်” ရီဖူရှင်းက အသံကို နှိမ့်လျက် ပြောလိုက်ပြီး ထိုနေရာမှ ထွက်သွားရန် ဟန်ပြင်လိုက်၏။ ဤသည်ကပင် လူအများ၏ အာရုံကို ဆွဲဆောင်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း ထိုအချိန်တွင် စွမ်းအားကြီးမားသည့် အရှိန်အဝါ တစ်ခုက အဝေးတစ်နေရာမှ လွှမ်းခြုံလာသည်။ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင် မီးတောက်လမ်းသို့ ရောက်ရှိလာကာ သူတို့၏ မျက်လုံးများက ရီဖူရှင်း အပေါ်တွင် ကျရောက်လာ၏။

လူကြီးတစ်ဦးက ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်သည်တွင် ပူပြင်းလှသည့် စွမ်းအားများကို နေရာတစ်ခွင်လုံးသို့ လွှမ်းခြုံလာသည်။ သူက ရှေ့မှ လေဟာနယ်ကို ဆတ်ခနဲ ဖမ်းဆုပ်လိုက်ရာ မီးတောက် မဟာလမ်းစဉ်၏ စွမ်းအားများသည် အော်မြည်ကာ မဟာမီးတောက် နဂါးကြီးအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်းတို့ အဖွဲ့ဆီသို့ တိုးဝင်လာ၏။

ရာရာက ရှေ့သို့ တက်လိုက်ကာ အဖွဲ့မှ လူတိုင်း၏ ရှေ့၌ ပေါ်လာသည်။ သူမ၏ လက်များကို ဝှေ့ယမ်းလိုက်သည်တွင် ဓားအသိများသည် နေရာတစ်ခွင်လုံးကို ဖုံးလွှမ်းသွားစေသည်။ ကြောက်မက်ဖွယ် အော်မြည်သံများ ကြားလိုက်ရပြီး ဓားများ၏ မျက်နှာပြင်က ရာရာ၏အရှေ့တွင် ပေါ်ပေါက်လာသည်။ နဂါးကြီးသည် ဓားမျက်နှာပြင်နှင့် ပိတ်ဆို့ခြင်း ခံလိုက်ရသော်လည်း ၎င်းသည် ဟိန်းဟောက်ကာ ဓားကို ချိုးဖျက် ဖြတ်သန်းရန် ကြိုးစားနေသည်။

အနီးတစ်ဝိုက်မှ လူများမှာ အလျင်အမြန် နောက်သို့ ဆုတ်ပြီး လူစုကွဲသွားကြသည်။ ထိုလူကြီးသည် ရှေ့သို့ ဆက်လက် လှုပ်ရှားလာပြီး သူ့ ဝတ်စုံများက လေထဲတွင် လူးလွန့်နေသည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ကာ လေထဲသို့ နဂါးတစ်ကောင်ပြီးတစ်ကောင် စေလွှတ်သည်။ ၎င်းတို့ အားလုံးသည် ရီဖူရှင်းနှင့် သူ့အဖွဲ့ကို တိုက်ခိုက်ကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မီးတောက်များဖြင့် ဝါးမျိုရန် ကြိုးစားလာသည်။

ရာရာက လေထဲသို့ လှမ်းတက်လိုက်လျှင် ဓားစွမ်းအားများသည် ချက်ချင်းပင် ဝန်းရံလာသည်။ ယင်းသည် ခဏချင်းအတွင်း အလင်းများ  စီးဆင်းနေသည့် စီးကြောင်းများ  အဖြစ်သို့ ပြောင်းလဲသွားကာ နေရာကို ပိတ်ဆို့ကာဆီး၍ နဂါးကြီးဆီသို့ ဦးတည်  ဝင်ရောက်သွားသည်။

ကြောက်မက်ဖွယ် ထိပ်တိုက်တွေ့ဆုံသည့် အသံများက လေထဲမှ ဖြတ်၍ ထွက်ပေါ်လာသည်။ ပို၍ သန်မာအားကောင်းသည့် နဂါးများ ထွက်ပေါ်လာပြီး မဟာလမ်းစဉ်ကို တုန်ခါစေကာ အကုန်လုံးသည် ရီဖူရှင်းတို့အဖွဲ့ကို လွှမ်းခြုံရန် ကြိုးပမ်းလေသည်။ လူအများသည် တစ်ချိန်တည်းတွင် လှုပ်ရှားလာပြီး မီးတောက်များကို ကျွမ်းကျင်စွာဖြင့် ပို၍ များပြားသော ပမာဏများ သုံးကာ ရာရာ့ကို တိုက်ခိုက်လာသည်။

ဓားအရံအတားသည် လူတိုင်းကို ဖုံးလွှမ်းလိုက်ကာ ကောင်းကင်ကိုပင် ပိတ်ဆို့ထားလေသည်။ ရာရာသည် ဖိအားကြောင့် နောက်တစ်လှမ်း ဆုတ်လိုက်ရ၏။ သူမသည် ဓားကဲ့သို့ စူးရှထက်မြက်သည့် မျက်လုံးများဖြင့် ဝန်းကျင်မှ လူများကို အကဲခတ်သည်။

သူတို့၏ အထက်မှ လေဟာနယ်တွင် ဓားများနှင့် မီးတောက်များ၏ အပြည့်အဝ ဖုံးလွှမ်းခြင်းကို ခံထားရသည်။ ရီဖူရှင်းနှင့် သူ့အဖွဲ့သည် ပိတ်မိနေလေသည်။

ထိုလူစုသည် သူတို့နှင့် နီးကပ်လာခဲ့သည်။ သူတို့အားလုံးကို ကြည့်ရသည်မှာ ငယ်ရွယ်ပုံရကာ အထူးသဖြင့် ခေါင်းဆောင်လာသည့် လူက ပို၍ ငယ်ရွယ်ပုံ ပေါ်လေသည်။ သူတို့ကို ဦးဆောင်လာသူမှာ မီးတောက်နီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် အသက် နှစ်ဆယ့်ငါးနှစ်၊ နှစ်ဆယ့်ခြောက်နှစ်ခန့် ရှိကာ သူမထံမှ ထုတ်လွှတ်နေသည့် အရှိန်အဝါအရ ရှန့်ထိုတစ်ယောက် ဖြစ်သည်မှာ မှားနိုင်စရာမရှိပေ။ သူမသည် ကျော့ရှင်း၍ မှင်တက်ဖွယ် ကောင်းလောက်အောင် လှပပေသည်။

သူမ၏ မီးတောက်နီရောင် ဝတ်စုံမှာ လေတွင် ဝဲလွင့်နေပြီး သူမသည် ရီဖူရှင်းနှင့် အခြားလူများကို လှည့်ကြည့်သည်။ အားလုံး၏ မျက်လုံးများက သူမထံသို့ ရောက်ရှိလာကြသည်။ လူအများက ချက်ချင်းပင် သူမက မည်သူဖြစ်သည်ကို သိလိုက်ကြ၏။

သူမသည် သွေးနဂါးမြို့ကို အစောပိုင်း တည်ထောင်သူများထဲမှ ထိပ်တန်း ကလန်တစ်ခုဖြစ်သည့် ရှီကလန်၏ မိသားစုဝင်တစ်ယောက် ဖြစ်သည်။

ကျန့်မုမြို့တွင် ရှီကလန်မှ လူငယ်မျိုးဆက် အများအပြားရှိပြီး သူတို့သည် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားကြပေသည်။ သူတို့သည် အလွန်ပင် ကြွယ်ဝလှကာ ကျန့်မုမြို့မှ လုပ်ငန်း အများအပြားကို ထိန်းချုပ်ထားပေသည်။ ရှီကလန်၏ ခေါင်းဆောင်သည် သွေးနဂါးမြို့၏ ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည့် ကျိုယန်ရှန့်ထို ဟု ကျော်ကြားသူ ဖြစ်သည်။ သူ၏ စွမ်းအားမှာ မမှန်းဆနိုင်လောက်အောင် နက်ရှိုင်းလှပေသည်။

သူမ၏ အဖွဲ့တွင် ရှီကလန်မှ တန်ခိုးရှင်များ ပါဝင်ပေသည်။ သူတို့ကို ဦးဆောင်လာသည့် အမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ရှီကလန် တည်ထောင်သူ၏ တိုက်ရိုက်မျိုးဆက်တစ်ဦးဖြစ်သည့် ရှီချန် ဖြစ်ပေသည်။

ရှီချန်သည် ရီဖူရှင်းတို့ အဖွဲ့ကို အေးစက်သည့် အမူအရာနှင့် ကြည့်ကာ ပြောသည်.. “မီးတောက်ကို လက်လွှဲပေးလိုက်”

ရီဖူရှင်း မျက်မှောင်ကျုံ့သည်။ ပြဿနာသည် ဤမျှထိ မြန်ဆန်စွာ ရောက်လာမည်ဟု မျှော်လင့်မထား မိသကဲ့သို့ ဤလူများ စွမ်းအား ကြီးမားသည်မှာလည်း ငြင်းဆန်နိုင်ဖွယ် မရှိပေ။

သူတို့သည် ချက်ချင်းပင် မီးတောက်ကို လက်လွှဲပေးရန် သူ့ကို ဖိအားပေးနေလေသည်။

ထိုအချိန်၌ လေထဲမှာပင် ရှိနေသည့် ရာရာသည် နဂါးများအား အပိုင်းပိုင်း စုတ်ဖြဲပစ်ရန် ဓားအရှိန်အဝါများကို ထုတ်လွှတ်သည်။ မဟာလမ်းစဉ်၏ မီးတောက်များသည် အော်မြည်နေပြီး ဓားအသိများအတွင်း၌ ပျောက်ကွယ်သွားလေသည်။

သူတို့၏ ပြိုင်ဘက်များက ဆက်လက်၍ မတိုက်ခိုက်တော့ပေ။ ထို့အစား သူတို့သည် ရီဖူရှင်း အဖွဲ့ကို ဝန်းရံထားသည်။ ကောင်းကင်မီးတောက်လမ်းမှ လူအများသည် ဘေးကင်းရာသို့ ဆုတ်ခွာ၍ အတော်ဝေးဝေးမှ စောင့်ကြည့်နေကြသည်။

“ဘာအဓိပ္ပာယ်လဲ” ရီဖူရှင်းသည် သူတို့ကို ကြည့်လိုက်၏။ “မင်းက အရင်ဆုံး စကားပြောဖို့လေးတောင် အားမထုတ်ချင်ဘဲ ကျုပ်ရဲ့ ပစ္စည်းကို လိုချင်တယ်လား။ မင်းတို့က အတော် လွန်တာပဲ”

“မီးတောက်ကို လက်လွှဲပေးပြီးတဲ့ နောက်မှ စကားပြောမယ်” ရှီချန်က ပြောသည်။

“ရှီချန်၊ ကျုပ် ကြားတာတော့ လမ်းစဉ်မီးတောက်က အခိုးခံလိုက်ရတယ်တဲ့။ သူတို့က သူခိုးတွေရဲ့ နောက်ကွယ်က လူတွေလား” ရှီချန်၏ အဖွဲ့မှ တစ်ယောက်က မေးသည်။ လူငယ်တစ်ဦးသည် ရီဖူရှင်းတို့ အဖွဲ့ကို တစ်ချက်ကြည့်ကာ ပြောသည်။ “သူခိုးတွေနဲ့ ဘာစကားပြောနေစရာ လိုလို့လဲ။ ငါတို့ တစ်ခါတည်း သူတို့ဆီက ပြန်ယူလိုက်သင့်တယ်”

“သူခိုးတွေလား” ရီဖူရှင်း မျက်မှောင်ကျုံ့သည်။ ထိုလူငယ်၏ စကားအရဆိုလျှင် အဆိုပါမီးတောက်သည် သူ့ရှေ့ရှိ မိန်းကလေးထံမှ အခိုးခံလိုက်ရခြင်း ဖြစ်ပေသည်။ အဘိုးအိုသည် မီးတောက်ကို ခိုးယူလာပြီးနောက် ချက်ချင်းပင် သူတို့ကို ပေးပစ်ခဲ့ခြင်း ဖြစ်ရမည်။

“ကလန်ကို ငါတို့နဲ့အတူ လိုက်ခဲ့ရမယ်။ အကြောင်းရင်းကို လုံလောက်အောင် ရှင်းပြနိုင်တယ်ဆိုရင် အသက်ရှင်လျက် ထွက်သွားခွင့်ရမယ်”  ရှီချန်၏ ဘေးဘက်တွင် ရပ်နေသည့် လူကြီးက ပြောသည်။ ရီဖူရှင်းတို့ အဖွဲ့ကို ကြည့်နေသည့် သူ့မျက်လုံးများမှာ မီးတောက်များဖြင့် လောင်ကျွမ်းနေသကဲ့သို့ ဖြစ်သည်။ သူ၏ စကားလုံးများမှာ အလွန် စွမ်းအား ပြည့်ဝလှသည်။

ထိုလမ်းစဉ်မီးတောက်များသည် ရန်ဟောင်အဆင့် ရှိသောကြောင့် သူတို့အတွက် အလွန်ပင် အဖိုးတန်ပေသည်။

အမှန်တွင် ယင်းမီးတောက်များသည် အဖိုးတန်သည်ထက် ပို၍ ပြဿနာ များပြားစေမည် ဖြစ်သည်။ သွေးနဂါးဘုံ၏ စွမ်းအားကြီးမားသည့် အင်အားစုများသည် ၎င်းတို့ကို လိုချင်ကြပေသည်။

“အခု ဖြစ်ရပ်က အထင်လွဲတာ ဖြစ်နေမှာ စိုးမိပါတယ်” ရီဖူရှင်းက ပြောသည်။ “အစောပိုင်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲက ဒီမီးတောက်ကြောင့်လို့ ပြောတာဆိုရင် ဒါတွေက အခုနလေးကပဲ ကျုပ်ကို လူအိုကြီးတစ်ယောက် ပေးသွားခဲ့တာပါ။ လမ်းပေါ်က လူတွေအများကြီးလည်း အဖြစ်အပျက်တွေကို မြင်လိုက်တာမို့ အဲဒါက မျက်မြင်သက်သေ ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် ကျုပ်တို့ကို သူခိုးလို့ မခေါ်ခင် သေချာစဉ်းစား ဆုံးဖြတ်သင့်တယ်”

ရှီချန်၏ မျက်လုံးများက လက်တောက်သွားကာ သူမသည် သူတို့အနောက်မှာ ရှိနေသည့် လမ်းပေါ်မှ လူများကို လူများဘက်ကို လှည့်ကြည့်သည်။ တစ်စုံတစ်ယောက်က လှမ်းအော်ပြောလိုက်၏။ “သူ ပြောတဲ့အတိုင်းပဲ ဖြစ်ခဲ့တာ”

ထို့နောက်တွင် ရှီချန်၏ အမူအရာက ပြောင်းလဲသွားသည်။ သူမသည် ရီဖူရှင်းကို စိုက်ကြည့်ကာ မေးလိုက်၏။ “ဘာကြောင့် ကြယ်ဆွတ်လက်က ဘာလို့ နင့်ဆီကို မီးတောက်တွေ ပေးခဲ့ရတာလဲ။ သူနဲ့ နင်က ဘယ်လိုပတ်သက်တာလဲ”

ရှီချန်၏ စကားလုံးများကြောင့် လူအများသည် ပင့်သက်ရှိုက်လိုက်ကြ၏။ လမ်းတစ်လျှောက်တွင် တီးတိုး အတင်းအဖျင်း ပြောသံများ ထွက်ပေါ်လာသည်။

ရီဖူရှင်းအား မီးတောက်များ လက်ဆောင်ပေးခဲ့သည့် လူအိုကြီးမှာ ကြယ်ခူးဆွတ်သူ ရှန့်ထို ဖြစ်နေသည်လား။

ဆန်းဇွန်၏ အမူအရာသည်လည်း ပြောင်းလဲသွားသည်။ သူသည် ရီဖူရှင်းကို စိတ်ချင်းဆက်သွယ်၍ ရှင်းပြသည်။ “အဲဒီ အမျိုးသမီးက ကျန့်မုမြို့မှာ အင်အားအကြီးဆုံး ရှီကလန် အဖွဲ့ဝင်ပဲ။ ကြယ်ဆွတ်လက်ဆိုတာက အတော်လေး စွမ်းအားကြီးတဲ့ ကြယ်ခူးဆွတ်သူ ရှန့်ထိုရဲ့ နာမည်ပြောင်။ သူက ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့်ကို ရောက်နေပြီးတော့ ပြိုင်ဘက်ကင်း အမြန်နှုန်းကို ပိုင်ဆိုင်သလို ရုပ်ပြောင်းရုပ်လွှဲတွေလည်း အများကြီး လုပ်နိုင်တယ်။ ပြီးတော့ သူမတူအောင် ကြောက်ဖို့ကောင်းတဲ့ တိုက်ပွဲစွမ်းရည်တွေလည်း ရှိတယ်။ သူက သွေးနဂါးဘုံက စွမ်းအားအကြီးဆုံး အင်အားစုတွေကိုတောင် ဒုက္ခပေးရဲတဲ့ လူနည်းစုထဲက တစ်ယောက်။ သူ့ကို သွားရန်စရဲတဲ့ ဘယ်သူမဆို ကံဆိုးမိုးမှောင်ကျပြီသာ မှတ်တော့။ ပြီးတော့လည်း ကြယ်ခူးဆွတ်သူ ရှန့်ထိုက တော်တော်လေး ထူးဆန်းတဲ့လူ။ သူက တစ်ခါတလေဆို သွေးနဂါးဘုံမှာ ရှိတဲ့ အင်အားကြီးကလန်တွေဆီက အဖိုးတန်ဆုံး ရတနာတွေကို သွားခိုးတတ်တယ်။ ဒါပေမဲ့ ဘယ်သူကမှ သူ့ကို မဖမ်းနိုင်ကြဘူး”

သူသည် ဤကိစ္စက အလွန်ထူးဆန်းလှကြောင်း ခံစားမိသည်။ ကြယ်ခူးဆွတ်သူ ရှန့်ထိုသည် အပူအပင်မရှိ ရှီကလန်မှ ခိုးခဲ့သည့်အရာအား ရိုးရှင်းစွာ ယူဆောင်လာနိုင်သည်။ အလွန်စွမ်းအားကြီးသည့် ရှီကလန်၏ ရှန့်ထိုအရှင်ကျိုယန်သည်ပင် ကြယ်ခူးဆွတ်သူ ရှန့်ထိုကို ဖမ်းမိနိုင်ခြင်း မရှိပေ။ ထိုလူနှစ်ဦး၏ စွမ်းအားများမှာ ညီမျှနေပြီး အနည်းငယ်သာ ကွာခြားနိုင်ပေသည်။ သူတို့ နှစ်ယောက်ကြားတွင် မည်သူက ပို၍ သန်မာသလဲ ဆိုသည်ကို ဘယ်သူကမှ မပြောနိုင်ပေ။

ကြယ်ခူးဆွတ်သူ ရှန့်ထိုက ဖိအားပေးကာ ပစ္စည်းများကို ယူဆောင်သွားလျှင်ပင် ရှီကလန်မှ လုပ်နိုင်တာ ဘာမှ မရှိပေ။ ထိုရှန့်ထိုသည် တစ်ကိုယ်တော် ဖြစ်ကာ သူ့ကို သူတို့လက်နှင့် ဖမ်းဆီးနိုင်မည့် နည်းလမ်းမရှိပေ။ သူသည် ကောင်းကင်မီးတောက်လမ်း၌ လူတိုင်း၏ ရှေ့မှာက်တွင် မီးတောက်များအား အခြားလူကို ပေးခဲ့သော်ငြား သူ့ကို မည်သူကမှ သတိပြုမိခဲ့ကြပေ။ ၎င်းသည် သူ၏ ကြောက်မက်ဖွယ် ကောင်းလှသည့် စွမ်းရည်တစ်ခု ဖြစ်သည့် ရုပ်ပြောင်းရုပ်လွှဲ အတတ်ပညာကြောင့်ပင် ဖြစ်၏။

ကြည့်ရသည်မှာ ကြယ်ခူးဆွတ်သူ ရှန့်ထိုသည် သူ့ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲပစ်ရုံမက သူ၏ အရှိန်အဝါကိုလည်း ဖုံးကွယ်ထားပုံ ပေါ်သည်။

သူက ရီဖူရှင်းကို ဘာကြောင့် မီးတောက်များ ပေးခဲ့သလဲ ဆိုသည်အား ဆန်းဇွန် နားမလည်နိုင်ပေ။

“သူ ကျုပ်ကို မီးတောက်တွေ ဘာလို့ပေးလဲ ဘယ်လိုလုပ်သိမှာလဲ။ ဒါပေမဲ့ သူက ကျုပ်ကို ပေးပြီးပြီ ဆိုကတည်းက အဲဒီမီးတောက်တွေက ကျုပ် အပိုင်ပဲ။ ခင်ဗျားတို့ အားလုံးက ရောက်လာလာချင်း ကျုပ်တို့ကို တိုက်ခိုက်ခဲ့တဲ့အပြင် သူခိုးလို့လည်း စွပ်စွဲခဲ့တယ်။ ပြီးတော့လည်း လုံလောက်အောင် ရှင်းပြနိုင်မှာ အသက်နဲ့ခန္ဓာ မြဲနိုင်မယ်လို့လည်း ကြေညာခဲ့တယ်။ ခင်ဗျားတို့ ကိုယ်တိုင်က သူခိုးလောက်တောင် ကောင်းပါ့မလား ကျုပ် စိုးရိမ်မိတယ်။” ရီဖူရှင်းက အေးစက်စွာ ပြောသည်။

ရှီချန်က မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။ “ဒီကိစ္စတွေက နင် ပြောသလိုသာဆိုရင် ဒါတကယ် အထင်လွဲတာဖြစ်မယ်။ ဒါပေမဲ့လည်း လမ်းစဉ်မီးတောက်တွေက ငါတို့ကလန်ကနေ ကြယ်ဆွတ်လက် ခိုးသွားတာက အမှန်ပဲ။ နင်သာ အဲဒါတွေကို ပြန်ပေးဖို့ စိတ်ကူးရှိရင် ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်မယ်”

“ပြန်ပေးဖို့ဆန္ဒရှိရင် ဒီကိစ္စ ဒီမှာတင် ရပ်လိုက်မယ် ဟုတ်လား” တစ်ဖက်လူ၏ စကားကို ကြားပြီးနောက်တွင် ရှားရှင်းယွန်၏ အမူအရာက အလွန်ပင် အေးစက်သွားလေသည်။ ထို့နောက် သူမက ဆက်ပြောသည်။ “နင်တို့ လူတွေက ငါတို့ကို တိုက်ခိုက်ခဲ့တဲ့အပြင် သူခိုးတွေလို့တောင် စွပ်စွဲခဲ့သေးတယ်။ နင့်အမြင်မှာရော ငါတို့က ဒီအတိုင်း ထားလိုက်နိုင်မယ် ထင်လား”

တစ်ဖက်လူက အမှန်ပြောသည် ဖြစ်စေ၊ မပြောသည်ဖြစ်စေ မီးတောက်များမှာ အဘိုးအိုက သူတို့ကို ပေးထားခဲ့ခြင်း ဖြစ်သည်။ သူတို့က ပြန်ပေးဖို့ ဆန္ဒရှိလျှင်ပင် တစ်ဖက်လူများက ကျေးဇူးတင်သင့်ပေသည်။

ထို့အပြင် သူတို့သည် မီးတောက်များကို ပြန်ပေးရန် ဆန္ဒရှိလျှင် ဤကိစ္စကို ဤနေရာ၌ ရပ်လိုက်မည်ဟု ပြောခဲ့သည်။ သူတို့သည် ရီဖူရှင်းတို့ အဖွဲ့ကို မည်သည့် အနှောင့်အယှက်မှ မပြုဘဲ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သလိုမျိုး ပြောဆိုနေသည်။

“ပြီးတော့လည်း ဒီမီးတောက်တွေရဲ့ အမျိုးအစားက ဘာလဲ။ ဒီမီးတောက်တွေက ခင်ဗျားတို့ဟာပါဆိုတာကို ဘယ်လို သက်သေပြမှာလဲ” ရီဖူရှင်းက ခွန်းတုံ့ပြန်သည်။ တစ်ဖက်လူများက ယဉ်ကျေးစွာ မပြုမူပါက သူတို့ဘက်ကလည်း ချိုသာနေစရာမလိုအပ်ပေ။

မီးတောက်များကို လက်ဝယ်ပိုင်ဆိုင်ထားရန်မှာ အလွန်ပင် ခက်ခဲလှသော်လည်း တစ်ဖက်လူများ ပြောခဲ့သည့် စကားကြောင့် လွယ်လွယ်နှင့် လက်လွှတ်လိုက်မည် မဟုတ်ပေ။

အနည်းဆုံးတော့ အခြားလူများသည် မီးတောက်များကို ပြန်ပေးရန် ယဉ်ကျေးစွာ တောင်းဆိုမှု ပြုသင့်ပေသည်။

ဘုန်း

ပြင်းထန်သည့် မီးတောက်များက နေရာအနှံ့ ပေါက်ကွဲထွက်လာသည်။ ရှီချန်၏ ကလန်မှ အကြီးအကဲ တစ်ဦးက ရီဖူရှင်းတို့ အဖွဲ့ဆီသို့ ရည်ရွယ်ကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေပေသည်။

အဲဒီတော့ သူတို့တွေက မီးတောက်တွေကို ဖိအားပေးပြီး ပြန်ယူသွားချင်သည်လား  …

“နင်တို့တွေက ဖိအားပေးပြီး မီးတောက်တွေကို ပြန်ယူသွားမယ်လို့ စဉ်းစားတယ်ဆိုရင် ပိုကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်ဆိုတာ ငါ အာမခံတယ်” ရှားရှင်းယွန်က သူမ၏ ရှေ့မှ လူများကို ကြည့်ရင်း ပြောသည်။

“ရှီချန်၊ သူတို့က ချန်ယဲ့မြို့က လူတွေ” ကျိုးရွှီက သူမကို သတိပေးသည်။ တိုက်ခိုက်ရန် ပြင်ဆင်နေသည့် လူစုမှ လူအားလုံးသည် မျက်မှောက်ကြုတ်လိုက်ကြ၏။

ဒေသနန်းတော်ကို ဝင်ရောက်နိုင်မည့် သွေးနဂါးမြစ်တိုက်ပွဲကို ရှီကလန်သည်လည်း အာရုံစိုက်ခဲ့ပေသည်။ သွေးနဂါးဘုံအပြင်ဘက်၌ ဖြစ်ပွားခဲ့သည့် ရန်ဟောင်ဘုံနှစ်ခုကြားမှ တိုက်ပွဲကိုပင်လျှင် သူတို့သည် သတင်းများ ကြားသိခဲ့ကြသေး၏။

ဤလူများသည် အင်ပါယာရှားဘုံမှ လူများ ဖြစ်သည်လား။

ထိုအဓိပ္ပာယ်မှာ ဤစွမ်းအားကြီးမားသည့် အမျိုးသမီးမှာ အင်ပါယာရှားဘုံမှ မင်းသမီး ဖြစ်ရပေမည်။

ရှီချန်၏ မျက်လုံးများက ရှားရှင်းယွန်ထံသို့ ရောက်ရှိသွားသည်။ သူမသည် သွေးနဂါးဘုံတွင် အလွန်ကျော်ကြားလှပြီး သူမ၏ ထူးကဲသာလွန်သည့် ပါရမီအရည်အချင်းများကြောင့် အတော်လေး ဒဏ္ဍာရီဆန်သည်ဟုပင် သတ်မှတ်နိုင်သည်။ မင်းသမီးဟူသော ဂုဏ်ပုဒ်ကို မုန်းတီးလှစွာဖြင့် ရှားရှင်းယွန်ကို စိုက်ကြည့်နေသည့် ရှီချန်၏ မျက်လုံးများမှာ ပူပြင်းလှသည့် မီးတောက်များနှင့် လောင်ကျွမ်းနေသည်။

သွေးနဂါးဘုံတွင် အခြားသောဘုံများမှ ရန်ဟောင်အင်အားစုများပင်လျှင် အမိန့်ပေးနိုင်သည့် အင်အားမှာ အကန့်အသတ် ရှိပေသည်။ အထူးသဖြင့် ထိပ်တန်းအင်အားစုများ ဖြစ်သော ရှီကလန်ကဲ့သို့ ဖြစ်၏။

သို့ပေမဲ့ တစ်ဖန် ထပ်ကာ သူတို့သည်လည်း လမ်းကြောင်းမှ သွေဖည်ကာ အခြားသောရန်ဟောင်ဘုံများကို သွား၍ ဆန့်ကျင်ရန်စလိမ့်မည် မဟုတ်ပေ။ ထိုသို့ပြုလုပ်ပါက သွေးနဂါးဘုံ၏ နယ်ခံအင်အားစုများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာပေလိမ့်မည်။

“ဒီမီးတောက်တွေက ရှီကလန် အပိုင်ပဲ။ နင်တို့တွေက တခြားရန်ဟောင်ဘုံက လူတွေ ဖြစ်နေပေမယ့် အဲဒီမီးတောက်တွေကို ယူဆောင်သွားဖို့တော့ မဖြစ်နိုင်သေးဘူး” ရှီချန်က ရှားရှင်းယွန်ကို စူးစူးရဲရဲ ကြည့်လိုက်ကာ အလွန်ပင် စွမ်းအားကြီးမားသည့် ပုံစံ ပေါ်ပေါက်လာသည်။

နယ်ခြားရန်ဟောင်ဘုံများမှ အင်အားစုများသည် အလွန်ပင် အင်အားပြည့်ဝလှသော်လည်း သူတို့၏ အဓိကအင်အားစုသည် သွေးနဂါးဘုံ၌ မရှိပေ။ အကယ်၍ ရှီကလန်ကသာ သူတို့ကို ဝန်းရံလျက် အတင်းအကျပ် ဖိအားပေးလျှင် သူတို့ လွယ်ကူစွာ လွတ်မြောက်ရန် အကြောင်း မရှိပေ။

ထိုမီးတောက်များနှင့် လွယ်လွယ်ကူကူ လမ်းလျှောက် ထွက်သွားရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

ရှီကလန်က ဖိအားပေးပြီး မီးတောက်များကို ပြန်ယူသွားခဲ့လျှင်ပင် ရီဖူရှင်းနှင့် အခြားလူများသည် အင်ပါယာရှားဘုံမှ အကူအညီကို တောင်းခံနိုင်ရန် နည်းလမ်းမရှိပေ။

အကယ်၍ ထိုသို့ ပြုလုပ်ဖြစ်ခဲ့သည် ဆိုပါက နောင်ပိုင်းတွင် ဤအပြုအမူကြောင့် ပဋိပက္ခများ ဖြစ်လာနိုင်လိမ့်မည်။

ရန်ဟောင်ဘုံများမှ ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်ရှိသည့် တန်ခိုးရှင် အရေအတွက်မှာ သွေးနဂါးဘုံထက် ပို၍ နည်းပေသည်။ ထိုသို့သော ရှန့်ထိုများနှင့် ဆက်သွယ် ပတ်သက်ရသည်မှာလည်း အမြင်ထက် ပို၍ ခက်ခဲ၏။

ထိုရှန့်ထိုများကို စည်းရုံးနိုင်ခဲ့လျှင်ပင် နယ်ခြားရန်ဟောင်ဘုံမှ အင်အားစုများသည် အကြောင်းရင်း ရေရေရာရာ မရှိဘဲ နယ်ခံအင်အားစုများကို ဆန့်ကျင်တိုက်ခိုက်ရန်မှာ လွယ်ကူစွာ မဖြစ်နိုင်ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset