အခန်း ( ၁၀၆ )

ခံနိုင်ရည်ရှိသော ကိုးလက်မဝိညာဥ်အမြစ်

ရေခဲတမျှ အေးစက်သည့် အရှိန်အဝါနှင့်အတူ ကိုးလက်မဝိညာဥ်အမြစ်က လျင်မြန်စွာ ချဉ်းကပ်လာသည်။ ဝမ်ပေါင်လဲ့မှာ သေချာမကြည့်ရသေးမီ ကိုးလက်မဝိညာဥ်အမြစ်က သူ့ရှေ့ရောက်လာပြီး ညာလက်ကို မြှောက်ကာ လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။

မြန်လိုက်တာ…

ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ တုန်ရီသွားစဉ် သူ့ဘေးမှ ရွှေရောင်သွေးချီပင်လယ်မှာ ပေါက်ကွဲသွားပြီး ကိုးလက်မဝိညာဥ်အမြစ်ကို တားဆီးနေသည့် ဒိုင်းတစ်ခု ဖြစ်သွားသည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ တုန်ရီကာ နောက်ဆုတ်သွားသည်။ သို့ရာတွင် သူက မရပ်လိုက်ဘဲ ဘေးဘက်သို့ အရှိန်အပြည့်ဖြင့် ရှောင်ထွက်လိုက်သည်။

ဝမ်ပေါင်လဲ့ ရှောင်လိုက်သည့်အခိုက် ကိုးလက်မဝိညာဥ်အမြစ်က သူ့ရှေ့ နောက်တစ်ခါ ထပ်ပေါ်လာပြန်သည်။ ၎င်းက ကျောက်တုံးတစ်တုံး‌ကို တက်နင်းပြီး ဖျက်ဆီးလိုက်ရာ အဘက်ဘက်သို့ အကျိုးအပဲ့များ လွင့်စင်သွားသည်။

“ ဒီလောက် မြန်တဲ့ အရှိန်နဲ့ဆို သူ့အစွမ်းက ဘာမှ မဟုတ်‌တောင် တော်တော်လေး မြှင့်တင်လို့ ရမှာ”
ဝမ်ပေါင်လဲ့က တွေးတောကာ အသက်ရှူသံများ မြန်လာသည်။ နောက်တစ်ကြိမ် သူက ထပ်ဆုတ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ လေးနက်စွာ အာရုံစိုက်ထားသည်။

“ အာနာပါနအဆင့်လည်း မဟုတ်ဘူး”

“ငါ့လိုပဲ သူကလည်း ဖွံ့ထွားသွေးကြောအဆင့်ပဲ ရှိသေးတာ။ ဒါပေမဲ့ ဖွံ့ထွားသွေးကြောအဆင့်မှာကို ဘာလို့ အဲဒီလောက် မြန်နေရတာလဲ”

ဝမ်ပေါင်လဲ့က အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ သူ့ကိုယ်သူ ဖွံ့ထွားသွေးကြောအဆင့်၏ ထိပ်ဆုံးတွင် ရောက်နေသည်ဟု ထင်ခဲ့သော်လည်း ကိုးလက်မဝိညာဥ်အမြစ်၏ တိုက်ကွက်ကို ကြည့်ပြီးနောက် သူ၏ ဖွံ့ထွားသွေးကြောအဆင့်မှာ အထွတ်အထိပ် မရောက်‌သေးကြောင်း နားလည်သွားသည်။

“ အဲဒီလောက် အမြန်နှုန်းနဲ့ ဒင်းကို တိုက်ဖို့ မဖြစ်နိုင်ဘူး။ ငါ သူ့ကို နှေးအောင် လုပ်နိုင်မဲ့နည်းလမ်း စဉ်းစားရမယ်”

ဝမ်ပေါင်လဲ့က နောက်ဆုတ်နေရင်း ချက်ချင်းပင် သူ၏ ရွှေရောင်ခန္ဓာအဆင့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ယခင် မြောက်များစွာသော ဝိညာဥ်အမြစ်များ၏ တကောက်ကောက် လိုက်နေခြင်းကို ခံစားရစဉ်က သူ့ရွှေရောင်ခန္ဓာကို ပြန်သိမ်းပြီး သူတို့၏ တက်ကြွမှုကို လျှော့ချနိုင်ခဲ့သည်။

ယခုလည်း အလားတူပင် ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ရွှေရောင်ခန္ဓာရုပ်သိမ်းလိုက်သည်နှင့် မူလက အေးစက်စက် အငွေ့အသက်များ ထုတ်လွှတ်နေသည့် ကိုးလက်မဝိညာဥ်အမြစ်မှာ ချက်ချင်း ငြိမ်ကျသွားသည်။ ဝမ်ပေါင်လဲ့ကို မကြည့်တော့ဘဲ လေထဲသို့ လွင့်မြောကာ ဖြည်းဖြည်းချင်း ဆက်သွားနေသည်။

ရွှေရောင်ခန္ဓာကို ထုတ်လွှတ်ခြင်း၊ သိမ်းဆည်းခြင်းတို့က ကိုးလက်မဝိညာဥ်အမြစ်ကို လွှမ်းမိုးနိုင်စွမ်းရှိကြောင်း သိလိုက်ရပြီးနောက် ဝမ်ပေါင်လဲ့က နေရာကို ချိန်ညှိကာ ရွှေရောင်ခန္ဓာကို ထုတ်လွှတ်ပြီး ရှေ့သို့ တိုးသွားပြန်သည်။

ရွှေရောင်ခန္ဓာ ထုတ်လိုက်သည့် အခိုက်အတန့်၌ ထွက်သွားနေသည့် ကိုးလက်မဝိညာဥ်အမြစ်က ချက်ချင်း ပြန်လှည့်လာပြီး ရေခဲတမျှ အေးစက်သည့် အရှိန်အဝါကို ထုတ်လွှတ်ပြန်သည်။ ထို့နောက် ယခင်ထက် ပိုမြန်သောနှုန်းဖြင့် ဝမ်ပေါင်လဲ့ဆီသို့ တဟုန်ထိုး ပြေးလာသည်။ ၎င်းက ဝမ်ပေါင်လဲ့နားသို့ ကပ်လာရင်း ညာလက်ကို မြှောက်လိုက်ကာ ဝမ်ပေါင်လဲ့လည်ပင်းသို့ ချိန်ရွယ်ကာ ဖမ်းဆုပ်ရန် ဟန်ပြင်လိုက်သည်။

၎င်း အနားကပ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများမှာလည်း စတင်လှုပ်ရှားလာပြီး ဝမ်ပေါင်လဲ့ကို နေရာတွင် ချုပ်နှောင်လိုက်သည့် လေပွေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုအရှိန်က ဝမ်ပေါင်လဲ့ကို တဒင်္ဂအတွင်း အဝေးသို့ ပစ်လွှတ်လိုက်သည်။ သို့ရာတွင် ဝမ်ပေါင်လဲ့မှာ ထိုတိုက်ကွက်အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့က ပြင်းထန်သည့် စုပ်အားတစ်မျိုး ထုတ်ကာ အနားကပ်လာသည့် ကိုးလက်မဝိညာဥ်အမြစ်၏ ညာလက်ကို ဆန့်ကျင်ဘက်သို့ လှည့်ကာ လိမ်ချိုးလိုက်သည်။ ကိုးလက်မဝိညာဥ်အမြစ်သည် ခေတ္တရပ်တန့်သွားသည်။ ၎င်း၏ညာလက်မှာ စုပ်အားဖြင့် ဆွဲချုပ်ထားခြင်း ခံနေရသည်ဖြစ်၍ လေဟာနယ်ကိုသာ ဆုပ်ထားမိသည်။ ထိုအခိုက် ဝမ်ပေါင်လဲ့က အညှာအတာကင်းမဲ့သည့် အကြည့်နှင့်အတူ ကိုးလက်မဝိညာဥ်အမြစ်ကို လက်အိတ်ဝတ်ထားသည့် လက်ဖြင့် ထိုးသတ်လိုက်သည်။

ကိုးလက်မဝိညာဥ်အမြစ်၏ လက်ဆစ်များကို လိမ်ချိုးနေရင်း ဝမ်ပေါင်လဲ့က ဘယ်ခြေထောက်ကို မြှောက်ကာ ကိုးလက်မဝိညာဥ်အမြစ်၏ ဗိုက်ကို အားနှင့် ဆောင့်ကန်လိုက်သည်။ ဝုန်းခနဲ အသံနှင့်အတူ ၎င်း၏ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားသည်။ ဤသည်ကို အခွင့်‌ကောင်းယူကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ သွေးချီများ ဖြန့်ကျက်လာပြီး ကန်ချက်၏ တွန်းကန်အားကို အသုံးချကာ ဝိညာဉ်ချီ လေပွေထဲမှ ရုန်းထွက်ပြီး နောက်သို့ ပေတစ်ရာကျော် ဆုတ်လိုက်သည်။ ကန်ချက်ကြောင့် နာကျင်နေသည့် ဘယ်ခြေကို အရေးမစိုက်အားဘဲ ဝမ်ပေါင်လဲ့မှာ ကိုးလက်မဝိညာဥ်အမြစ်ကို အံ့ဩတကြီး ကြည့်လိုက်သည်။

“ ခုနက ငါ့ကို ဆွဲဆုပ်ဖို့ ကြိုးစားတုန်းက ပတ်ပတ်လည်က ဝိညာဉ်ချီကို စုစည်းပြီး လေပွေအဖြစ်နဲ့ ငါ့ကို ချုပ်နှောင်လိုက်တာ။ အဲဒါ ကျောက်ယမုန့်ရဲ့ နည်းလမ်းနဲ့ ဆင်ဆင်ပဲ။ ဒါပေမဲ့ ကျောက်ယမုန့်က မန္တာန်အစီအရင်ကို မှီခိုပြီး လုပ်တာ။ ဒီဝိညာဥ်အမြစ်ကကျ သိုင်းပညာဌာနက နည်းလမ်းတွေဘက်ကို ပိုရောက်တာ သိသာတယ်။ ဒါပေမဲ့ ဒီလို သိုင်းပညာက ဖြစ်နိုင်လို့လား”

ဝမ်ပေါင်လဲ့မှာ သိချင်စိတ်ပြင်းပြစွာဖြင့် အခြေအနေကို လေ့လာဆန်းစစ်နေသည်။

‘ ပါမောက္ခ အရင်က ပြောဖူးတာ ရှိတယ်…. ဒီဝိညာဥ်အမြစ်တွေ အားလုံးက အမည်မသိ လူ့အဖွဲ့အစည်းကနေ အသက်ရှင်လွတ်မြောက်လာတဲ့ လူတွေကို ကိုယ်စားပြုတဲ့ သစ်‌စေ့လို အရာမျိုးတွေ ဖြစ်နိုင်တယ်တဲ့ ‘

‘ အဲဒီလို တွေးကြည့်မယ်ဆိုရင် အဲဒီလူအဖွဲ့အစည်းမှာ အားလုံးက ကျင့်ကြံသူတွေပဲလို့ ဆိုလိုချင်တာလား။ ဒါဆို လူအမျိုးမျိုးကနေ ဝင်စားလာတဲ့ မတူညီတဲ့ အရည်အသွေးတွေပေါ်မှာ အခြေခံပြီး အစွမ်းထက် ဝိညာဥ်အမြစ်နဲ့ အားနည်းတဲ့ ဝိညာဥ်အမြစ်တွေဆိုပြီး ကွဲပြားနိုင်ခြေ ရှိတာပဲ။ အဲဒါဆို ဝိညာဥ်အမြစ်တွေက ဘာလို့ တစ်လက်မနဲ့ ကိုးလက်မဆိုပြီး ကွဲပြားနေလဲဆိုတဲ့အချက်ကို သက်သေပြနိုင်သွားပြီ။

‘ တကယ်လို့ တစ်လက်မဝိညာဥ်အမြစ်က သာမန်ပဲဆို ကိုးလက်မဝိညာဥ်အမြစ်ဆိုတာ အဲဒီကျင့်ကြံသူ လူ့အဖွဲ့အစည်းရဲ့ ထိပ်သီးလက်ရွေးစင်တွေ ပြန်ဝင်စားတာ ဖြစ်နိုင်မလား။ ဒါပေမဲ့….. ဒီကိုးလက်မဝိညာဥ်အမြစ်ရဲ့ ပြဿနာက အမြန်နှုန်းနဲ့ ဝိညာဉ်ချီကို ကောင်းကောင်းထိန်းချုပ်နိုင်တာပဲ။ ဒါကိုသာ ငါ ရအောင် အဖြေရှာနိုင်ရင် ဒင်းကို ငါဖျက်ဆီးပစ်နိုင်လောက်တယ်… ‘

ဝမ်ပေါင်လဲ့ စိတ်ထဲ အတွေးများဝင်လာပြီး တိုက်ခိုက်လိုစိတ်များ တဖွားဖွား ပေါ်လာသည်။

သူ့ကန်ချက်ကြောင့် ဆယ်ပေခန့်အကွာသို့ လွင့်သွားသည့် ကိုးလက်မဝိညာဥ်အမြစ်မှာ ခေါင်းမော့ကာ ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။

ဝမ်ပေါင်လဲ့က လေးနက်မှုအပြည့်ဖြင့် ကြည့်နေစဉ် ကိုးလက်မဝိညာဥ်အမြစ်က ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး ဆတ်ခနဲ လှည့်လိုက်ကာ ဝိညာဉ်ချီများကို နောက်တစ်ကြိမ် ထိန်းချုပ်လိုက်ရာ တောင်ကြားတစ်ဝိုက်မှ ဝိညာဉ်ချီများ တစုတဝေးတည်း ဖြစ်သွားပြီး အုန်းခနဲ ပေါက်ကွဲသံနှင့်အတူ မျက်စိဖြင့် မမြင်ရသည့် လေပွေတစ်ခု ဖြစ်သွားသည်။

ဝမ်ပေါင်လဲ့သည် မြင်ကွင်းကို ကြည့်နေရင်း မျက်လုံးများ ကျဉ်း‌မြောင်းသွားသည်။ ယခင်က ဝိညာဉ်ချီသည် သူ့ကို ပိတ်လှောင်ထားသည့် လေပွေအသွင် ပြောင်းသွားပြီး ထိုအချက်ကြောင့် အံ့ဩသွားခဲ့ရသည်။ ယခု နောက်တစ်ကြိမ် ထပ်တွေ့ရသည့်အခါ ဝိညာဥ်အမြစ်က အမည်မသိ သွေးချီပညာရပ်တစ်မျိုးကို အသုံးပြုကာ ဝိညာဉ်ချီကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်း အနည်းငယ် နားလည်လာသည်။ သို့ရာတွင် အသေးစိတ်များကိုမူ မရှင်းလင်းသေးသောကြောင့် နောက်ဆုတ်ကာ သူတို့ကြားထဲမှ အကွာအဝေးကို ပိုခြားသွားစေသည်။

သို့ရာတွင် ဝမ်ပေါင်လဲ့ နောက်ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကိုးလက်မဝိညာဥ်အမြစ်က ညာလက်သီးကို မြှောက်ကာ လေထဲမှတဆင့် ဝမ်ပေါင်လဲ့ထံ လက်သီးချက်ထိုးသွင်းလိုက်သည်။ ပေတစ်ရာအကွာမှ လေထုကို ဖြတ်ကာ တိုက်ခိုက်လိုက်သော်လည်း ၎င်းလက်သီးချက်က ဝိညာဉ်လေပွေ၏ ဗဟိုချက်မကို ထိကာ စုစည်းထားသည့် ဝိညာဉ်ချီများကို တမုဟုတ်ချင်း ပေါက်ကွဲပျံ့နှံ့သွားစေပြီး ဝမ်ပေါင်လဲ့ဆီသို့ လှိုင်းလုံးကြီးအသွင်ဖြင့် လိမ့်တက်လာသည်။

“အဲဒီလိုနည်းလည်း ရှိသေးတာလား ”

ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ဓမ္မအဆောင်များဖြင့် သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားသော်လည်း ဝုန်းခနဲ မြည်ဟီးသံကြီးနှင့်အတူ လှိုင်းလုံးကြီး ဝင်ရိုက်သွားသည်ကိုသာ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ် နောက်သို့ လွင့်သွားပြီး သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးများ ပန်းထွက်လာသည်။ ကိုးလက်မဝိညာဥ်အမြစ်က ယခင်ထက် ပိုမိုပြင်းထန်သည့် လူသတ်ချင်စိတ်ဖြင့် ရုတ်တရက် ရှေ့တိုးလာသည်။ ၎င်းက ညာလက်ကို မြှောက်ကာ လှည့်လိုက်ပြီး ဝိညာဉ်ချီများကို ထပ်မံစုဝေး၍ ဝမ်ပေါင်လဲ့ဆီသို့ ဒီရေလှိုင်းအလား ပစ်လွှတ်လိုက်သည်။

ဝမ်ပေါင်လဲ့မှာ နောက်သို့ တုန်ရီစွာ ဆုတ်ခွာနေရင်း အသက်ရှူသံများပင် မြန်ဆန်လာသည်။ သို့ရာတွင် သူ့မျက်လုံးများမှာ သူ့ရှေ့မှ အရာအားလုံးကို မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။

ဝိညာဥ်အမြစ်က တိုက်ကွက် တစ်ကွက်တည်းကို သုံးကြိမ်တိုင်တိုင် သုံးခဲ့ပြီး ဖြစ်သည်။ ပထမတစ်ကြိမ်၌ ဝမ်ပေါင်လဲ့ အံ့ဩသွားခဲ့ရသည်။ ဒုတိယတစ်ကြိမ်တွင် တိုက်ကွက်အကြောင်း အရိပ်အမြွက် နားလည်လာသည်။

တတိယအကြိမ်၌မူ ဝမ်ပေါင်လဲ့သည် မျက်တောင်မခတ်တမ်း ကြည့်နေခဲ့သော်လည်း ဝိညာဥ်အမြစ်၏ ပညာရပ်ကို လုံးလုံးလျားလျား နားလည်ခြင်း မရှိသေးပေ။ သို့ရာတွင် သူ၏ ဝိညာဉ်ချီ အာရုံခံနိုင်စွမ်းမှာ စူးရှသောကြောင့် ဖြစ်စဉ်ကို ပိုမို နားလည်လာသည်။

‘ မုန်တိုင်းကို ဖန်တီးပြီးတော့ မုန်တိုင်းဗဟိုချက်တည့်တည့်ကို စွမ်းအားမြှင့်တင်တာက မမြင်ရတဲ့ ဝိညာဉ်ချီကို ပြိုကွဲသွားစေတယ်။ ဒီနည်းလမ်းက ဝိညာဉ်ချီကို ပင်လယ်ရေလို့ သဘောထားပြီးတော့ ဒီရေလှိုင်းတွေ ဖန်တီးရတာပဲ … ‘

ဝိညာဥ်အမြစ်၏ အမြန်နှုန်းကို ဂရုတစိုက် ကြည့်ကာ တိုက်ကွက်အကြောင်း နားလည်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားလာပြီး တဒိတ်ဒိတ် ရင်ခုန်လာသည်။

အမြန်နှုန်းကလည်း ဝိညာဉ်ချီနဲ့ ဆက်စပ်နေတာပဲ …

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ရှင်းလင်းလာပြီး ချက်ချင်းပင် ကျေနပ်လာသည်။ သူ၏ စိတ်အားထက်သန်မှုများ တောက်လောင်လာသည်။ ဝိညာဥ်အမြစ်၏ ဝိညာဉ်ချီ ထိန်းချုပ်ပုံမှာ ဝမ်‌ပေါင်လဲ့အတွက် တံခါးတစ်ချက် ဖွင့်ပေးလိုက်သည့်အလား သိုင်းပညာနှင့် ပတ်သက်၍ ပိုမို ထိုးထွင်းသိမြင်လာစေသည်။

ဤသို့ ကောက်ချက်ချနိုင်သည့်တိုင် ဝိညာဥ်အမြစ် အသုံးပြုသည့် ပညာရပ်များကို အတိအကျ အဖြေရှာရန်မှာ ခက်ခဲနေဆဲ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့အတွက် ဤပညာရပ်မှာ သဘောပေါက်နားလည်ခြင်းကဲ့သို့ အရေးမကြီးပေ။

အပြည့်အဝ မတုပနိုင်သည့်တိုင် သူသည် အခြားနည်းလမ်းသုံးပြီး ပုံစံတူ တိုက်ကွက်ထုတ်နိုင်သည်။

ကိုးလက်မဝိညာဥ်အမြစ်က သူ့ဆီ တိုးလာချိန်၌ ဝမ်ပေါင်လဲ့၏ အကြည့်များ တောက်ပသွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့က ညာလက်ကို စွမ်းအားမြှင့်ပေးကာ ပေါက်ကွဲထွက်တော့မည့် တွင်းနက်တစ်ခုအလား လုပ်ဆောင်စေသည်။ မမြင်ရသည့် သမုဒ္ဒရာတစ်စင်းအလား ပတ်ဝန်းကျင်မှ ချီများက သူ၏ ညာလက်ထဲသို့ စီးဝင်လာသည်။

ဝမ်ပေါင်လဲ့က ဝိညာဉ်ချီများ စီးဝင်လာလျှင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ညာလက်ကို မြှောက်ကာ အပေါ်ဘက်သို့ ရိုက်လိုက်သည်။

ထိုလှုပ်ရှားမှုကြောင့် သူစုဆောင်းထားသည့် ဝိညာဉ်ချီများမှာ ပစ်လွှတ်ခြင်း ခံလိုက်ရပြီး ဝိညာဉ်ချီ နံရံတစ်ချပ် ဖြစ်သွားကာ ဝမ်ပေါင်လဲ့ဆီသို့ ဝင်လာနေသည့် ကိုးလက်မဝိညာဥ်အမြစ်ကို တားဆီးလိုက်သည်။

ကျယ်လောင်စွာ မြည်ဟီးသံနှင့်အတူ ကိုးလက်မဝိညာဥ်အမြစ်၏ လက်သီးချက်မှာ တားဆီးခံလိုက်ရပြီး ဝိညာဉ်ချီနံရံပေါ်သို့ ကျရောက်သွားသည်။ ပြန်ကန်အားကြောင့် ၎င်း၏ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်သွားသည်။ ဝမ်ပေါင်လဲ့သည် နောက်မှ လိုက်ဖမ်းချင်သော်လည်း ၎င်းအရှိန်မှာ မြန်ဆန်လွန်းသဖြင့် သူတို့ကြားမှ အကွာအဝေးက ပေရာပေါင်းများစွာ ဖြစ်သွားသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့ခြေလှမ်းများကို စိတ်လှုပ်ရှားစွာ ရပ်တန့်လိုက်သည်။ ဤတိုက်ပွဲမှာ သူ့အတွက် များစွာ အရေးပါသည်။

“ ဒီတော့ ရှေးဟောင်းသိုင်းပညာက ဒီလို ကျင့်ကြံရတာပေါ့… “

“ ငါ့ရဲ့ ဝါးမျိုခြင်းသစ်စေ့က စုပ်ယူလို့ပဲ ရတယ်။ ငါက ပြန်ထုတ်ချင်ရင် ငါ့ရဲ့ ဓမ္မအဆောင်တွေကိုပဲ အားကိုးလို့ ရတယ်။ အခု ကိုးလက်မဝိညာဥ်အမြစ် သုံးသွားတဲ့နည်းလမ်းကို ငါ အတိုင်းအတာ တစ်ခုထိတော့ လိုက်မှီသွားပြီ “

ဝမ်ပေါင်လဲ့က စိတ်လှုပ်ရှားနေစဉ် ကိုးလက်မဝိညာဥ်အမြစ်မှာ သူ့ထံ နောက်တစ်ကြိမ် ထပ်လာချင်နေသည်။ သို့ရာတွင် သူက ချက်ချင်းပင် ညာလက်ကို မြှောက်ကာ သူ့ရှေ့ရှိ လေဟာပြင်ကို ဖိနှိပ်၍ ၎င်းကို တားဆီးပြီး ရွှေရောင်ခန္ဓာကို ပြန်ရုတ်သိမ်းလိုက်သည်။

“ နေပါဦးကွ။ ငါတို့ ဆက်မတိုက်ခင် အကုန်လုံးကို သေချာနားလည်အောင် လုပ်ပါရစေဦး ”


Comment

Leave a Reply

Options

not work with dark mode
Reset