လျိုဖန်းက ရီဖူရှင်း၏စကားကို ကြားကာ ပြုံးလျက်ပြောသည် … “ငါတို့က မိသားစုတွေပဲမလား။ အစ်မ၂အတွက် ငါတို့ ကြိုးစားသင့်တယ်”
“တကယ်လား …” ကျူးကော့မင်းယွီက လျိုဖန်းကို ပြုံးလျက်ကြည့်လျှင် လျိုဖန်းတစ်ယောက် ကျောချမ်းသွားသည်။ သို့သော်လည်း သူက ရင်ကော့ကာ ပြောသည် … “တကယ် …”
“သူ့ကို ဂရုမစိုက်နဲ့ မောင်ငယ်လေး …” ကျူးကော့မင်းယွီက မီးတောက်ကို ကြည့်ကာ ပြောသည်။ ရီဖူရှင်းက လတ်တလောတွင် ချမ်းသာလာခဲ့သော်လည်း ထိုမျှ မီးတောက်ကို ဝယ်ယူရန်ကိုတော့ မလွယ်ကူပေ။
“အစ်မ၂က အရမ်းဘက်လိုက်တာပဲ” လျိုဖန်းက မည်းနက်သော မျက်နှာဖြင့် ပြောသည်။
“နင် အခုမှ သိတာလား” ကျူးကော့မင်းယွီက လျိုဖန်း၏ စိတ်ဓာတ်ကျနေသော အမူအရာကို ကြည့်ကာ ပြုံးလျက်ပြောသည်။ သို့သော်လည်း ရီဖူရှင်းက ပြုံးလျက် လှမ်းမေးလိုက်သည် … “ဒီမီးတောက်တွေက ဘယ်လိုစျေးနှုန်း ရှိပါသလဲ စီနီယာ …”
“ဒါက သလင်းကျောက်တွေနဲ့ ဝယ်လို့မရနိုင်ဘူး။ ဒါကို တူညီတဲ့ တန်ဖိုးရှိတဲ့ရတနာ၊ ဒါမှမဟုတ် ပြန်လည်မွေးဖွားခြင်းအဆင့် ပညာရပ်တစ်ခုခုနဲ့ပဲ အလဲအလှယ် လုပ်နိုင်တယ်” မီးတောက်ကို ရောင်းနေသော အဘိုးအိုက ပြောသည်။ ရီဖူရှင်းက ပြုံးလိုက်ကာ သည်ကိစ္စက လွယ်ကူသည်ဟု တွေးလိုက်သည်။ သလင်းကျောက်များဖြင့် ပေးရမည်ဆိုပါက သူ့အနေဖြင့် တတ်နိုင်မည် မဟုတ်ပေ။
“ဒီဓားပညာကို ဘယ်လိုထင်ပါသလဲ” ရီဖူရှင်းက တော်ဝင်အသိတစ်ခုကို အဘိုးအိုထံသို့ စေလွှတ်လျက်မေးသည်။ ကျားယဲ့ဓားပုံရိပ်များသည် အဘိုးအို၏စိတ်တွင်းသို့ ဝင်ရောက်သွားသည်။ အဘိုးအိုက ဓားပညာကို ဆန်းစစ်ကာ ပြောသည် … “ဒီပညာက အဆင်ပြေတယ်။ ဒါပေမဲ့ အရမ်း ထူးခြားတာတော့ မဟုတ်ဘူး။ မင်းက ဒါကို မကြာမကြာ ရောင်းဝယ်ခဲ့ပြီးပြီလို့ ထင်တယ်။ ငါလက်မခံနိုင်ဘူး”
ကျားယဲ့ဓားကား တာလီတွင် တွေ့နိုင်သော အကောင်းဆုံး ဓားပညာဖြစ်သည်။ သည်ဓားပညာမှာ သွေးနဂါးဘုံတွင်ပင် အတန်းအစား အလွန်မြင့်သည်ဟု ဆိုနိုင်သည်။ တန်ဖိုးမှာလည်း သာမန်မဟုတ်ပေ။
“စီနီယာက မှားနေပြီ ထင်ပါတယ်။ ဒီဓားပညာက ပြန်လည်မွေးဖွားခြင်း အဆင့် ဓားပညာပါ။ ဒါက နေရာတိုင်းမှာ တွေ့နိုင်တဲ့ပညာလည်း မဟုတ်ဘူး။ ဒါပေမဲ့ စီနီယာရဲ့မီးတောက်ကတော့ ဆက်တိုက် ဖန်တီးလို့ရတဲ့အရာဆိုတာ ကျွန်တော် ပြောနိုင်တယ်” ရီဖူရှင်းက ပြောသည်။
“မင်းက မီးတောက်ရဲ့အတန်းအစားကို မြင်တာပဲ။ ဒါကို ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင်တစ်ပါးက သူ့စိတ်စွမ်းအားများစွာကို အကုန်ခံပြီး ပြလုပ်ထားတာပဲ။ သာမန်လူတစ်ယောက်က ဒါကို ဘယ်လိုဖန်တီးနိုင်မှလဲ” အဘိုးအိုက ဆက်ပြောသည်… “မီးတောက်တွေက အဆင့်မြင့်လေလေ ရှာရခက်လေလေပဲ”
ရီဖူရှင်းက အဘိုးအိုကို ကြည့်ကာ ဆွံ့အရသည်။ အဘိုးအိုကို ကြည့်ရသည်မှာ မီးတောက်အား ရောင်းရန် အလျင်လိုပုံမရပေ။ ထို့ကြောင့် သူက တန်ဖိုးကို ညှိနှိုင်း ရောင်းချခြင်း မပြုခြင်းဖြစ်သည်။
“ကောင်းပြီ။ ငါတို့ တခြားတစ်နေရာကို သွားကြမယ်” လျိုဖန်းက စိတ်ပျက်ဟန်ဖြင့် ပြောသည်။
“ဒီပညာကို ဘယ်လိုထင်ပါသလဲ စီနီယာ” ရှားရှင်းယွန်က ဘေးမှ ဝင်ပြောသည်။ သူမကလည်း တော်ဝင် အသိတစ်ခုကို အဘိုးအို၏ စိတ်အတွင်းသို့ ပို့ဆောင်၏။ အဘိုးအိုက ခေါင်းညိတ်ကာ ပြောသည် … “မင်းက ဒီပညာရပ်နှစ်ခုနဲ့ မီးတောက်ကို ဝယ်နိုင်တယ်”
“ကောင်းပြီ …” ရှားရှင်းယွန်က အတည်ပြုလျှင် သူမ၏ပညာရပ်နှင့် ရီဖူရှင်းထံမှ ပညာရပ်တို့အား သူတို့က အဘိုးအိုထံသို့ ကမ်းပေးသည်။ အဘိုးအိုက ပညာရပ်စာလိပ်အား စမ်းသပ်စစ်ဆေးကာ ခေါင်းညိတ်ပြီး ဖိုအိုးအား ရီဖူရှင်းသို့ ပေးကာ ပြောသည် … “ဒီမီးတောက်က တော်တော် တန်ဖိုးကြီးတယ်။ မင်းတို့က စျေးသက်သက်သာသာနဲ့ ရတာပဲ”
ရီဖူရှင်းက ဖိုအိုးကို ယူကာ လျိုဖန်းထံသို့ ကမ်းပေးပြီး ရှားရှင်းယွန်ကို ပြောသည် … “ကျေးဇူးတင်ပါတယ် မင်းသမီး။ ကျုပ်ဆီမှာ တခြားပညာရပ်တွေ ရှိသေးတယ်”
အင်ပါယာရှား နန်းတော်တွင် ထိပ်သီးပညာရပ်များအား ရွှေကြာပန်းနန်းတော်၏ သီးသန့်အလွှာ၌ သိမ်းဆည်းထားသည်။ ထိုပညာရပ်များကို ရီဖူရှင်းက ကြည့်ခွင့်ရှိသော်လည်း ရောင်းဝယ်ခွင့်မူကား မရှိပေ။ သို့သော် ရှားရှင်းယွန်ကတော့ မတူပေ။
“ရပါတယ်။ ဒါက သိပ်မကွာပါဘူး” ရှားရှင်းယွန်က သူတို့အား ကြည့်သည်။ မင်းသမီးတဲ့လား။ သို့သော်လည်း သွေးနဂါးဘုံတွင် လူမျိုးစုံ တွေ့နိုင်ပေသည်။
လျိုဖန်းက ရီဖူရှင်းအား အထင်ကြီးလေးစားစွာ ကြည့်သည်။ သူကား ရီဖူရှင်းကို မည်သို့မှ မယှဉ်နိုင်။
“ရီဖူရှင်း …” တစ်စုံတစ်ယောက်က ခေါ်သည်။ ရီဖူရှင်းက နောက်လှည့်ကြည့်လျှင် ရင်းနှီးသော တစ်စုံတစ်ယောက်အား မြင်၏။
ထိုသူကား သွေးနဂါးမြစ်ကမ်းတိုက်ပွဲ၌ ယူချင်း၊ ရီဝူချင်းတို့နှင့် တိုက်ခိုက်ခဲ့သော မီးတောက်နက်ကလန်မှ ကျိုးရွှီဖြစ်သည်။ သူကား သွေးနဂါးဘုံမှ ဒေသခံလည်းဖြစ်၏။
ကျိုးရွှီက ရီဝူချင်းကို ကြည့်သည်။ သူသည် သွေးနဂါးမြစ်ကမ်း တိုက်ပွဲ၌ ရီဝူချင်းကို ရှုံးနိမ့်ခဲ့၏။
ရီဖူရှင်းက ပြုံးလျက်ခေါင်းညိတ်၏။ သို့သော်လည်း စကားပြောဆိုလိုခြင်းတော့ မရှိပေ။ ကျိုးရွှီက လျိုဖန်း သိမ်းဆည်းလိုက်သော မီတောက်ကို မြင်သည်။ သူသည် ထိုမီးတောက်ကို ယခင်ကတည်းက လိုချင်ခဲ့၏။ သို့သော်လည်း သူ့ကလန်က ထိုမီးတောက်အား ရယူရန် လိုအပ်သော ပညာရပ်များအား မပေးနိုင်ပေ။
“ရီဖူရှင်း … ချင်ယဲ့မြို့စား” လူအများအပြားက ရီဖူရှင်းအား စိတ်ဝင်တစား လှမ်းကြည့်ကြသည်။ လီမြို့နှင့် ချင်ယဲ့မြို့တိုက်ပွဲအပြီးတွင် သူသည်လည်း နာမည် ကျော်ကြားလာခဲ့၏။ မှန်သည်၊ ယူချင်းနှင့်ယှဉ်လျှင်တော့ သူ၏နာမည်ကျော်ကြားမှုက မပြောပလောက်ပေ။
“ငါတို့ နောက်တစ်နေရာ သွားကြည့်ကြမယ်” ရီဖူရှင်းက ကောင်းကင်မီးတောက် မျှော်စင်မှ ထွက်ကာ ပြောသည်။
သို့သော်လည်း သူတို့အား တကူးတက လာရောက် ကြည့်ကြသော လူအများအပြား ရှိနေဆဲဖြစ်သည်။ အချို့က ပြောသည် … “ရီဖူရှင်းက ရှင်းခိုင်နဲ့ သွေးနဂါးမြစ်မှာ စကားများခဲ့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် မတိုက်ခိုက်ခဲ့ကြတာတော့ သိပ်ပျော်စရာ မကောင်းဘူး”
“ယူချင်းရဲ့ပါရမီက ပြိုင်ဘက်ကင်းတယ်။ ယူချင်းက သူ့စကားကို နားထောင်ပုံရတယ်။ ရီဖူရှင်းက ယူချင်းလို့ပါရမီရှင်နဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ” လူအများအပြားက ပြောကြသည်။ ကောင်းကင် မီးတောက်လမ်းမှ လူအများအပြားကလည်း ရီဖူရှင်းတို့ကို လှမ်းကြည့်ကြသည်။
ရှေးဟောင်း အင်ပါယာမြို့မှ ရှင်းခိုင်သည် သွေးနဂါးဘုံတွင် လွန်စွာ နာမည် ကျော်ကြားပေသည်။
ထို့အပြင် ရှေးဟောင်းအင်ပါယာမြို့မှ နဝမအစေခံသည်လည်း ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်ဖြစ်၏။ သူကား သွေးနဂါးဘုံတွင် နံပါတ်တစ်မြို့စား ဖြစ်သည်။
ရီဖူရှင်းက ထိုလူများကို ဂရုမစိုက်ပေ။
“မိတ်ဆွေလေးက မီးတောက်တွေကို လိုက်ရှာနေတာလား …” ထိုအခိုက်တွင် တစ်စုံတစ်ယောက်က ရီဖူရှင်းကို လှမ်းမေးလိုက်ရာ သူက လှည့်ကြည့်သည်။ အဘိုးအို တစ်ယောက်သည် လမ်းဘေးဆိုင်လေး တစ်ဆိုင်ကို ပြုလုပ်ထား၏။
အဘိုးအို၏ ကိုယ်ရောင်ကိုယ်ဝါမှာ အားနည်းကာ သူရောင်းချနေသော မီးတောက်များမှာလည်း အတန်းအစားနိမ့်ပေသည်။ မည်သူကမှ သူ့အား အလေးမထားကြ။
ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည် … “ကျုပ်က တကယ်ပဲ မီးတောက်တွေကို လိုက်ရှာနေတာပါ။ အဘမှာ ဘာတွေ ရှိလဲ”
“ငါ့မှာ နည်းနည်း ရှိတယ်” အဘိုးအိုက ပြောကာ ရီဖူရှင်းတို့အုပ်စုကို သူ၏ဆိုင်ထဲသို့ ခေါ်သည်။
ရီဖူရှင်းက အဘိုးအို ခင်းကျင်းထားသော မီးတောက်များအား ကြည့်သည်။ မီးတောက်များမှာ အရည်အသွေးနိမ့်ပေ၏။
သို့သော်လည်း ရီဖူရှင်က အဘိုးအိုထံသို့ လျှောက်သွားကာ ပြောသည် … “ဒီမီးတောက်တွေက အရည်အသွေးနိမ့်တယ်။ ကျုပ်မိတ်ဆွေတွေရဲ့ ကျင့်ကြံမှုမှာ အကူအညီဖြစ်မှာ မဟုတ်ဘူး”
“ငါ့မှာ အရည်အသွေးမြင့် မီးတောက်ရှိတယ်။ ဒါပေမဲ့ မင်းက အဲဒါကို ယူရဲမလား ငါမသိဘူး” အဘိုးအိုက ရီဖူရှင်းကို ပြုံးလျက်ပြောသည်။
ရီဖူရှင်းက အဘိုးအို၏ မျက်လုံးများမှာ သတိအပြည့်ဖြင့် ရှိနေသည်ကို သတိထားမိသည်။ အဘိုးအိုသည် စွမ်းရည်များကို ထိမ်ချန် သိုဝှက်ထားနိုင်စွမ်း ရှိကြောင်းလည်း ရီဖူရှင်း သတိထားမိ၏။
“စျေးနှုန်းမျှတရင် ကျုပ်က သေချာပေါက် ယူမယ်” ရီဖူရှင်းက ပြောသည်။
“မင်း အဲဒါကို အလကား ရမယ်” အဘိုးအိုက ပြုံးသည်။ သူ၏သွားများမှာ ဝါကြင့်ကြင့်ဖြစ်ပြီး အနည်းငယ် ညစ်ပတ်သည်။
ရီဖူရှင်းက နားမလည်ပေ။
အလကားလား …
“အဘမှာ ဘာတောင်းဆိုချက်တွေ ရှိလဲ” ရီဖူရှင်းက မေးသည်။
“ဘာမှ မရှိဘူး” အဘိုးအိုက ခေါင်းယမ်းသည်။
ရီဖူရှင်း လုံးဝ နားမလည်တော့။
“ဒါကြောင့်ပဲ မင်းကို ရယူရဲသလားလို့ မေးတာ” အဘိုးအိုက ပြောသည်။
“ကျုပ်က မသိတဲ့အရာတစ်ခုကို အတင့်ရဲပြီး မယူနိုင်ဘူး” ရီဖူရှင်းက အဘိုးအိုကို ဦးညွှတ်ကာ ပြောသည်…”ကျုပ် သွားလိုက်ပါဦးမယ်”
အဘိုးအို၏အကြည့်က လျှို့ဝှက်သည်။ ရီဖူရှင်းက ကျန့်မုလိုနေရာတွင် သတိထားရန် လိုသည်ဟု တွေး၏။
“မင်း မလိုချင်ဘူးဆိုတာ သေချာလား” ဝမ်းခေါင်းသံကဲ့သို့ အသံတစ်သံနှင့်အတူ ရုတ်တရက် ကောင်းကင်မီးတောက်လမ်း တစ်ခုလုံးကို ပူပြင်းသော အငွေ့အသက်များ လွှမ်းမိုးသွားသည်။
ရီဖူရှင်းလည်း ထူးမခြားနားပေ။ အဘိုးအိုက စူးရှလင်းလက်နေသော မီးတောက်တစ်ခုကို ကိုင်ထားသည်အား မြင်ရသည်။ မီးတောက်မှ နေမင်းရောင်စဉ်များပင် ဖြာထွက်နေဟန်ရ၏။ ကျန့်မုမြို့အပေါ်မှ ခြေသုံးချောင်းမီးငှက်က အော်ဟစ်သည်။
အဘိုးအိုက မီးတောက်ကို ချက်ချင်း သိမ်းဆည်းလိုက်ကာ ရီဖူရှင်းကို ပြုံးလျက်ပြောသည် … “ငါ ဒီမီးတောက်ကို မင်းကို ပေးမလို့။ မင်း ယူရဲလား”
“ရန်ဟောင်မီးတောက် …” ရီဖူရှင်းက ရေရွက်သည်။ မရေမတွက်နိုင်သော မျက်လုံးများသည်လည်း သူတို့ထံသို့ ရောက်လာသည်။ မည်သူမှ အလေးမထားသော အဘိုးအိုမှာ ချက်ချင်း လူတိုင်း၏အာရုံစိုက်မှုကို ရယူသွားသည်။
ရန်ဟောင်မီးတောက်ကို အဘိုးအိုက အလကား ပေးနေသည်။
လူတိုင်း၏မျက်လုံးများက တလက်လက် ထလာသည်။ ရီဖူရှင်းလည်း ထိုနည်းတူဖြစ်သည်။
အဘိုးအိုက မီးတောက်အား ယူရဲသလား မေးခြင်းမှာ မထူးဆန်းတော့။
သို့သော်လည်း အဘိုးအိုက မီးတောက်အား အလကား အဘယ်ကြောင့် ပေးသည်ကို ရီဖူရှင်း နားမလည်။
သူတို့ အချင်းချင်းလည်း လုံးဝ သိကျွမ်းခြင်း မရှိပေ။
“ကျုပ် ယူမယ်” ရီဖူရှင်းက ပြောသည်။ အဘိုးအိုက ရီဖူရှင်းအား ရန်ဟောင်မီးတောက်ကို ယူရဲသလား မေးသည်။ ရီဖူရှင်းက မီးတောက်ကို ယူခဲ့ပါက သူ့အနေဖြင့် မည်သို့စီမံမည်ကို သူ့ဘာသာ ရွေးချယ်ခွင့်ရှိသည်။ သူ့အနေဖြင့် မထိန်းသိမ်းနိုင်လျှင် သည်အတိုင်း ရောင်းချနိုင်ပေသည်။
သူက ရှေ့သို့ တိုးသွားလျှင် သူ့နောက်မှ လူများကလည်း ရီဖူရှင်းအတွက် စိုးရိမ်ဟန်ဖြင့် ရှေ့သို့ တိုးလာကြသည်။
သို့သော်လည်း အဘိုးအိုက တစ်ချက်ရယ်လျက် မီးတောက်ဖိုအိုးကို ရီဖူရှင်းထံသို့ ကမ်းပေးသည်။ ရီဖူရှင်းကလည်း မီးတောက်ကို မြန်ဆန်စွာ သိမ်းဆည်းကာ အဘိုးအိုအား မေးသည် … “အဘက ကျုပ်ကို ဒီမီးတောက်ကို အလကားပေမှတော့ ကျုပ်က ကြိုက်သလို လုပ်ခွင့်ရှိတယ် … ဟုတ်တယ်မလား”
“မှန်တာပေါ့ … မင်းက တခြားတစ်ယောက်ကို ပေးလိုက်လို့လည်း ရတယ်” အဘိုးအိုက ပြုံးလျက်ပြောသည်။
အဘိုးအိုက လက်ဝှေ့ယမ်းလိုက်လျှင် သူ့စျေးဆိုင်သည် မြန်ဆန်စွာပင် ပျောက်ကွယ်သွား၏။
အဘိုးအို ထွက်သွားပြီးသည်နှင့် ကြီးမားသော ကိုယ်ရောင်ကိုယ်ဝါများ ရီဖူရှင်းရှိရာအရိပ်သို့ ဦးတည်လာနေ၏။ ရီဖူရှင်းက မျက်မှောင်ကြုတ်ကာ သည်မီးတောက်မှာ အမှန်ပင် ထိန်းသိမ်းရန်ခက်သည်ဟု တွေးလိုက်သည်။
***