ရီဖူရှင်းက ပြုံးလိုက်သည်။ ခွန်ရွှမ်က သဘောတူလိုက်ပြီ ဆိုကတည်းက သူမသည် အတိတ်မှ ရန်ငြိုးများကို လက်လွှတ်ရန်အတွက် စိတ်ဆုံးဖြတ်ပြီး ဖြစ်ရမည်။
ထိုနည်းလမ်းကသာ အနာဂတ်တွင် အင်အားကြီးရန်သူတစ်ဦး လျော့နည်း နိုင်လိမ့်မည်။
သွေးနဂါးဘုံကဲ့သို့ ပြဿနာများမြောင်လှသည့် နေရာတွင် တစ်စုံတစ်ယောက်က ထူးကဲသာလွန်လှသည့် စွမ်းရည်နှင့် ပြည့်စုံနေလျှင်ပင် ဤနေရာ၌ အခြား ရန်ဟောင်ဘုံများမှ သန်မာလှသော တန်ခိုးရှင် အများအပြား ရှိနေပေသည်။ သို့ဖြစ်ရာ ရန်ငြိုးဟောင်းများကို မကျေအေးလျှင်ပင် ရန်သူပွားများလာအောင် လုပ်ရန် မလိုအပ်ပေ။
ပြောရလျှင် ရီဖူရှင်းနှင့် ခွန်ရွှမ်ကြားမှ အခဲမကျေမှုများသည် သူက သူမအပေါ် အမြဲ အနိုင်ကျင့်ခဲ့မိခြင်းမှ ဖြစ်လာတာကြောင့် သူက ရန်ငြိုးများကို လက်လွှတ်ပြီး ငြိမ်းချမ်းရေး ရယူရန်မှာ သိပ်မခက်ခဲပေ။
“သွေးနဂါးဘုံမှာ နောက်ပိုင်းဆို မင်းသမီးခွန်ရွှမ်က ကျုပ်တို့ကို ကြည့်ရှုစောင့်ရှောက် ပေးမယ်လို့ မျှော်လင့်ပါတယ်” ရီဖူရှင်းက ဦးညွှတ်လိုက်ပြီး သူ့ပုံစံကို ကြည့်ရသည်မှာ အတော်လေး ယဉ်ကျေးနေသည်။
ခွန်ရွှမ်က သူ့ကို ကြည့်ကာ မေးသည်… “ရှင့်မှာ အချိန်ရှိသေးလား”
ရီဖူရှင်းက ခေတ္တမျှ မင်သက်သွားပြီး ခွန်ရွှမ်ကို ကြည့်ရသည်မှာ အနည်းငယ် စိတ်လှုပ်ရှားဟန် ရှိနေကြောင်း သတိပြုမိ၏။
“အရှင်မင်းသမီး တစ်ခုခု လိုအပ်တာများ ရှိလို့လား” ရီဖူရှင်းက မေးသည်။
“ငါနဲ့ တိုက်ခိုက်ပါ” ခွန်ရွှမ်က ပြန်ဖြေသည်။ ရီဖူရှင်းကို စိုက်ကြည့်နေသည့် သူမ၏ မျက်လုံးက စိတ်ဓာတ်ပြင်းပြမှုဖြင့် တောက်ပနေသည်။ သူမ သွေးနဂါးမြစ်တိုက်ပွဲ၌ ရှန့်ထိုအဆင့်သို့ ဝင်ရောက်စဉ်က နောက်ဆုတ်ရန် ဆုံးဖြတ်ခဲ့ပြီး ရှန့်ထိုအဆင့်သို့ ဝင်ရောက်ခဲ့ပြီးသည့် ယူချင်းနှင့် မတိုက်ခိုက်ခဲ့ပေ။ ထိုကိစ္စက သူမကို နောင်တအချို့ ခံစားရစေခဲ့သည်။
ယခု သူမ ရှန့်ထိုအဆင့်သို့ ရောက်ပြီးသည်မှာ လပေါင်းအတော်လေး ကြာမြင့်ပြီ ဖြစ်ရာ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အခြေခိုင်နေပြီ ဖြစ်သည့်အတွက် သူမ၏ တိုက်ခိုက်မှုစွမ်းရည် တိုးတက်လာစေရန် ကူညီပေးနိုင်မည့် ပြိုင်ဘက်ကောင်းကောင်း လိုအပ်နေပေသည်။ သူမ၏ တိုက်ခိုက်မှုစွမ်းအား အဆင့်သည် မည်သည့်အနေအထား ရောက်ရှိနေသလဲ သူမ သိရှိလိုပေသည်။
ရီဖူရှင်းထံတွင် ထူးဆန်းသည့် အကြည့်တို့ ထွက်ပေါ်လာ၏။ သူက သူမ၏ အေးစက်သော မျက်နှာကို ကြည့်ကာ မေးသည်… “ဒါက သိပ်ပြီးတော့ မသင့်တော်ဘူးလားလို့”
သူတို့က ငြိမ်းချမ်းရေး ပြုလုပ်ရန်သာ ဖြစ်ပြီး အဘယ်ကြောင့် တိုက်ခိုက်ရမည်နည်း။
ခွန်ရွှမ်သည် ဥဒေါင်းအင်ပါယာမျိုးနွယ်မှ မွေးရာပါ တိုက်ခိုက်မှုစွမ်းရည် ပြည့်ဝလှသော တန်ခိုးရှင်တစ်ဦးဖြစ်သည်။
“ငါ့ရဲ့ အိမ်တော်မှာ တိုက်ပွဲကွင်းပြင် ရှိတယ်” ခွန်ရွှမ်က စိတ်အားထက်သန်စွာ ပြောသည်။
“ကောင်းပြီလေ” ရီဖူရှင်းက စိတ်မသက်မသာဖြင့် တွန့်ဆုတ်ဆုတ် ပြောသည်… “ကျုပ်က ရေကုန်ရေခန်း တိုက်ခိုက်ရမှာလား”
သူသည် အနိုင်ယူသင့် မယူသင့် ချိန်ဆနေသည်။ သူ့ကိုယ်သူ အနစ်နာခံလိုက်တာက ပိုများကောင်းလိမ့်မလား။
အကယ်၍ သူက ခွန်ရွှမ်ကို ကြမ်းတမ်းစွာ ရိုက်နှက်မိခဲ့လျှင် ကြွေးဟောင်းပေါ်တွင် ကြွေးသစ် ထပ်လောင်း သွားချေတော့မည်။
“ဒါပေါ့” ခွန်ရွှမ်သည် ရီဖူရှင်းကို အေးစက်စွာ ကြည့်လိုက်ပြီး နှစ်ယောက်သား တိုက်ပွဲကွင်းပြင်သို့ လျှောက်သွားကြသည်။ မကြာခင်မှာပင် ဥဒေါင်းမြို့မှ မြို့စားရုံးတော်၌ ကမ္ဘာတုန်လှုပ်စေသည့် အသံများ စတင်ထွက်ပေါ်လာတော့သည်။ များပြားလှသည့် အဆောက်အဦများ ပြိုကျကုန်ပြီး လေထဲတွင် ဖုန်မှုန့်များဖြင့် ပြည့်နှက်နေပေသည်။
ထူထဲလှသည့် ဖုန်မှုန့်များကြားမှ ငွေဖြူရောင်ဆံနွယ်များနှင့် ချောမောလှသည့် လူငယ်လေး ထွက်ပေါ်လာသည်။ သူသည် တိုက်ပွဲကွင်းပြင်မှ အဝေးသို့ လျှောက်သွားကာ သူ့ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါချနေသည်။
ထိုဖုန်မှုန့်များ အတွင်းမှ ခွန်ရွှမ်လည်း ထွက်လာလေသည်။ သူမသည် ထွက်သွားသည့် ပုံရိပ်ကို ခက်ထန်စွာ ကြည့်နေပြီး သူမ၏ ပါးစပ်ထောင့်တွင် သွေးစသွေးနတို့ ရှိနေ၏။
သိမ်းငှက်လေးသည် ဖြစ်ပျက်သွားသည့် ထိုမြင်ကွင်းကို ဘေးမှ ကြည့်နေရင်း တုန်ယင်လာသည်။
“သူက ရုပ်ခန္ဓာသန်စွမ်းအောင် ဘယ်လိုများ ကျင့်ကြံခဲ့တာလဲ” ခွန်ရွှမ်သည် သိမ်းငှက်လေးကို ရေခဲရိုက်အကြည့်နှင့် စူးစိုက်ကြည့်ကာ မေးသည်။ ဤအကောင်သည် ရီဖူရှင်း၏ မိစ္ဆာသားရဲဖြစ်သောကြောင့် ရီဖူရှင်း၏ စိတ်နှင့် တစ်သားတည်း ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ဤသိမ်းငှက်သည် ရီဖူရှင်း မည်ကဲ့သို့ ကျင့်ကြံသလဲ သိရှိပေလိမ့်မည်။
“အတိအကျတော့ မသိဘူး” သိမ်းငှက်လေးက သူ့သခင်ကို သစ္စာမဖောက်လိုသောကြောင့် ခေါင်းကို ပြတ်သားစွာ ခါယမ်းသည်။
ခွန်ရွှမ်သည် သူမ၏ ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်ကာ တုန်ယင်နေသည့် သိမ်းငှက်လေးဆီသို့ လျှောက်လာသည်။ သိမ်းငှက်လေးသည် သူမကို ကြည့်ကာ ပြောသည်။ “ရှားရှင်းယွန်က သူ့ကို ကျင့်စဉ်တစ်ခု ပေးခဲ့တာ။ ကြည့်ရတာ အဲဒီဟာက အင်ပါယာရှားရဲ့ ကျင့်စဉ်ဖြစ်မယ် ထင်တယ်”
“ရှားရှင်းယွန်လား” ခွန်ရွှမ် ရပ်တန့်သွားသည်။ ၎င်းက ဖြစ်နိုင်ပေသည်။
ရှားရှင်းယွန်၌ ကျင့်စဉ်မျိုးစုံ ရှိနေရန် အခွင့်အလမ်း ရှိပေသည်။ သူမ၏ အကူအညီနှင့်ဆိုလျှင် သူသည် ခန္ဓာကိုယ်သန်စွမ်းမှုကို တိုးမြှင့်ပေးနိုင်သည့် ကျင့်စဉ်များကို လေ့ကျင့်ပြီး သန်မာ လာနိုင်ပေသည်။
“ဟုတ်တယ်” သိမ်းငှက်လေးက အဆောတလျင် ခေါင်းညိတ်သည်… “ဒါပေမဲ့ ရှားရှင်းယွန်က အမြဲတမ်း အမျိုးသားဝတ်စုံတွေပဲ ဝတ်တယ်။ သူမက မင်းသမီးခွန်ရွှမ်လိုမျိုး ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်လည်း မရှိဘူး။ အဲဒါအပြင် သူမရဲ့ စရိုက်ကလည်း ကြမ်းတမ်း ရက်စက်ပြီးတော့ မင်းသမီးခွန်ရွှမ်လိုမျိုး နူးညံ့ညင်သာမှု မရှိဘူး။ မင်းသမီးကတော့ ကောင်းကင်ဘုံက နတ်ဘုရားမလေး တစ်ပါးအလားပါပဲ။ နောက်အနာဂတ်မှာ ကျုပ်ရဲ့ သခင်မဖြစ်လာဖို့ဆို ဘယ်လိုသဘောရလဲ”
“မင်းရဲ့ သခင်မလား” ခွန်ရွှမ်က သူ့ကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်သည်။
“အင်း” သိမ်းငှက်လေးက အလေးအနက် ခေါင်းညိတ်လိုက်သည်… “မင်းသမီးနဲ့ ကျုပ်သခင်က နတ်ဖက်တဲ့စုံတွဲ ဖြစ်မှာ သေချာပါတယ်”
“မင်းသမီး၊ အဲဒီသိမ်းငှက်စုတ်ကို အသေသာရိုက်ပစ်။ ညှာတာ ထောက်ထားနေစရာ မလိုဘူး” ရီဖူရှင်း၏ အသံက အဝေးတစ်နေမှ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ သူက သိမ်းငှက်နက် ပြောနေသည်များအား အကုန်သိနေပုံ ရလေသည်။
“အာ…” သိမ်းငှက်နက်က အော်ဟစ်သည်။ ခွန်ရွှမ်က သူ့ဆီသို့ လျှောက်လာသည်ကို မြင်သောအခါ သိမ်းငှက်ကလေးမှာ မျက်ရည်များ ဘူးသီးလုံးလောက် ကျဆင်းလာတော့သည်။
ထို့နောက်တွင် စူးစူးဝါးဝါး အော်ဝစ်ငိုကြွေးသံ၊ အသနားခံသည့်အသံ၊ မြှောက်ပင့်ပြောဆိုသံများ အမျိုးစုံစွာ တစ်စုတစ်စည်းတည်း ထွက်ပေါ်လာတော့သည်။
ထိုအချိန်အတွင်းမှာပင် သိမ်းငှက်ကလေးသည် ရှားရှင်းယွန်ကမှ အလွန် နူးညံ့သိမ်မွေ့သေးသည် ဆိုခြင်းအား သတိပြုမိသွားတော့သည်။
ရီဖူရှင်းသည် သိမ်းငှက်ကလေးကို ဥဒေါင်းမြို့တွင် ထားခဲ့ပြီး ရာရာနှင့်အတူ ထွက်ခွာလာခဲ့သည်။
သိမ်းငှက်ကလေးကို ဥဒေါင်းမြို့သို့ ပို့ထားခဲ့ခြင်းအားဖြင့် ခွန်ရွှမ်နှင့် သူ့အကြားမှ အာဃာတကို ဖြေရှင်းနိုင်ရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ ထိုသည်က သိမ်းငှက်ကလေး၏ အကျိုးအတွက်လည်း ပါပေသည်။ သားရိုင်းမျိုးနွယ်စုတွင် နေခြင်းဖြင့် သူတို့၏ စရိုက်သဘာဝကို နားလည်လာနိုင်မည် ဖြစ်သည်။ သူ မျှော်လင့်သည်က ကံကောင်းထောက်မစွာဖြင့် ခွန်ရွှမ်သည် သိမ်းငှက်ကလေးကို ဥဒေါင်းအင်ပါယာဘုံသို့ ပို့ဆောင်ကာ အသွင်ပြောင်း နည်းလမ်းနှင့် ကျင့်စဉ်များ သင်ကြားပေးရန် ဖြစ်ပေသည်။
ရီဖူရှင်း ချန်ယဲ့မြို့မှ မြို့စားရုံးတော်သို့ ပြန်ရောက်သည့်အခါ ကျင့်ကြံရေး ကျောင်းဆောင်ကို အသစ်တည်ဆောက်ပြီး သွားခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံရေး ကျောင်းဆောင်တွင် သူ ထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်၍ ကောင်းကင်နှင့် မြေကြီး၏ အဓိပ္ပာယ်ကို သဘောပေါက် နားလည်ရန် ကြိုးစားတော့သည်။
သူ့အပေါ်တွင် သန့်စင်သော ရောင်စဉ်များ တောက်ပနေသည်။ တောက်ပ၍ လင်းလက်နေသည့် အလင်းရောင်များသည် ဝင်္ကပါတစ်ခုအဖြစ် သူ့အနီးတွင် ရှေးဟောင်းစာလုံးများဖြင့် ဝန်းရံခံထားရသည်။ သူ့ခန္ဓာသည် ဝင်္ကပါ အလယ်ဗဟိုတွင် ရှိနေသည်။ ကောင်းကင်နှင့် မြေကြီးကြားမှ အာဏာစက် ပြင်းထန်လှသည့် စွမ်းအားများသည် နေရာအနှံ့တွင် ဖြစ်တည်လာသကဲ့သို့ ထင်မှတ်ရသည်။ ဓားစွမ်းရည်၏ မတူကွဲပြားသည့် ရောင်စဉ်များ ထွက်ပေါ်လာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ဝန်းကျင်တွင် လှည့်လည်နေသည်။
အရောင်တစ်ခုချင်းစီက မတူကွဲပြားသည့် ဓားစွမ်းရည်တစ်မျိုးကို ကိုယ်စားပြုသည်။
သူ့ခန္ဓာကိုယ်အတွင်းမှ သက်စောင့်ဟော်နန်းရှိ ရှေးဟောင်းသစ်ပင်သည် တရှဲရှဲ အော်မြည်သံများ ထွက်ပေါ်လာနေစေ၏။ ရှေးဟောင်းသစ်ပင်၏ အထက်၌ အရောင်များသည် တစ်ခုတည်း ပေါင်းစည်းသွားသည်အထိ ပြောင်းလဲသွားကာ ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းတွင် ရုန့်ရင်းကြမ်းတမ်းစွာ စီးဆင်းနေသည်။ တစ်ချိန်တည်းမှာပင် ခမ်းနားစွာ တောက်ပနေမှုများသည် အရောင်တစ်ခုတည်း အဖြစ်သို့ ပြောင်းလဲသွားကာ သန့်စင်ရန်အတွက် ဆေးပြင်းဖိုသဖွယ် ဖြစ်နေသည့် ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားသည်။
သူ၏ ခန္ဓာကိုယ်သည် အော်မြည်ကာ ပေါက်ကွဲသံသဲ့သဲ့ ထွက်ပေါ်လာစေသည်။ မဟာလမ်းစဉ်၏ ဒြပ်စင်ငါးပါးမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။ ဖြစ်တည်နေသည့် အရာအားလုံးက တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲသွားကာ မဟာလမ်းစဉ်၏ လောင်ကျွမ်းခြင်းနှင့် ပို၍ သန်မာလာအောင် ပြုလုပ်၍ တစ်ခုတည်းအဖြစ်သို့ သန့်စင်လိုက်ခြင်းကို ခံရပေသည်။ သူ၏ ဓားစွမ်းရည်များသည် ပြောင်းလဲခြင်းနှင့် သန့်စင်ခြင်းများ ဖြစ်ပေါ်လာခဲ့သည်။
ထို့အပြင် ဤပြည့်ဝလှသော ဓားစွမ်းရည်များမှာ သန့်စင်သည့် ခန္ဓာကိုယ်အတွင်း ပဲ့တင်ရိုက်ခတ် နေခြင်းဖြစ်၏။ လက်ဝါးတစ်ချက်ကို ထုတ်ဖော်သည်နှင့် ထွက်ပေါ်လာသည့် စွမ်းအားများက အလွန်ပင် ပြင်းထန်လှပေသည်။ တစ်ယောက်ယောက်သာ ၎င်းကို ရင်ဆိုင်ခဲ့ရလျှင် အသက်ရှူရန်ပင် ခက်ခဲသွားလိမ့်မည်မှာ အသေအချာပင် ဖြစ်သည်။
ပညာရှိကျမ်း၏ စွမ်းအားက သူ့ကျင့်စဉ်နည်းလမ်းနှင့် အလွန်ပင် ကိုက်ညီမှု ရှိလှပေသည်။ သူ့ဆရာ၏ အမြင်သည် အလွန်ကြောက်စရာ ကောင်းလှသည်ဟု ဖော်ပြနိုင်ပေသည်။ ရှေးဟောင်း ကမ္ဘာ့သစ်ပင်သည် အရာအားလုံးကို ထိန်းချုပ်နိုင်ပုံရကာ ပညာရှိကျမ်းသည် ဓားစွမ်းရည်များကို တည်ငြိမ်စေ၍ ပြောင်းလဲ သန့်စင်နိုင်စေရန် ရည်ရွယ်ပေသည်။ နှစ်ခုလုံး၏ ပေါင်းစပ်မှုသည် များပြားလှသည့် ဓားစွမ်းရည်များကို တစ်ခုတည်း အဖြစ်သို့ ပြောင်းလဲသန့်စင်ရန် ခွင့်ပြုလိုက်ပြီးနောက် ပို၍ပင် စွမ်းအား ပြည့်ဝလာပေသည်။ ပညာရှိကျမ်းကို အသုံးပြုခြင်းအားဖြင့် ပြည့်ဝလှသော ခွန်အားကို သယ်ဆောင်လာကာ အမှန်တကယ် အံ့သြဖွယ် စွမ်းအားကို ပိုင်ဆိုင်နိုင်ပေသည်။
ထို့အပြင် သူသည် ထုတ်လွှတ်လိုသည့် ဓားစွမ်းရည် ပမာဏကို အမြဲ ချိန်ညှိနိုင်ပေသည်။
ရီဖူရှင်းသည် ထရပ်လိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် လက်သီးဆုပ်သည်။ လှုပ်ရှားမှုတိုင်းသည် ပြီးပြည့်စွာဖြင့် သဘာဝကျလှကာ မဟာလမ်းစဉ်နှင့် ရောယှက်၍ လောကကြီးနှင့် တသားတည်း ဖြစ်နေသကဲ့သို့ ခံစားရပေသည်။
သန့်စင်သည့် အလင်းများက သူ့ခန္ဓာကိုယ်မှ လျှံကျနေကာ နတ်ဘုရားရောင်စဉ်များဖြင့် လွှမ်းမိုးထားသကဲ့သို့ ဖြစ်နေသည်။ ထုန်လွှတ်လိုက်သည့် ရိုက်ချက်တိုင်းသည် အားမပြင်းဟု ထင်မှတ်ရသော်လည်း ၎င်းတွင် ထူးဆန်းသည့် စွမ်းအားများ ပါဝင်ပြီး လေတိုးသံကဲ့သို့ အသံသဲ့သဲ့ ထွက်ပေါ်နေကာ တွင်းနက်ကြီးကဲ့သို့ ဝါးမျိုလိုက်သဖြင့် ခဏချင်း ပျောက်ကွယ် သွားလေသည်။
သွေးနဂါးဘုံတွင် သူ နောင်အနာဂတ်တွင် တွေ့ရမည့် ပြိုင်ဘက်များမှာ ပို၍ သန်မာကြလိမ့်မည် ဖြစ်သည်။ သွေးနဂါးမြစ်ပြိုင်ပွဲတွင် သူ တွေ့ရှိခဲ့သည်မှာ အချို့သော ပါရမီရှင်များ၏ ခွန်အားမှာ အလွန်ပင် သန်မာလှပြီး သွေးနဂါးဘုံအတွင်းတွင် ရေခဲတောင်စွန်းသဖွယ် တည်ရှိနေကြသည်။ နှစ်စဉ် ထိုသို့ တန်ခိုးရှင်များကို မွေးထုတ်ပေး နေလိမ့်မည်။
နောင်အနာဂတ်တွင် သူသည် ရမ်ဟောင် မျိုးဆက်များစွာနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ထိုလူများနှင့် သူ့အကြားမှ ကွာဟချက်ကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားရပေမည်။ သို့မှသာ နောက်ပိုင်း၌ သူသည် ထိုသို့သော စွမ်းအားပြည့်ဝသူများနှင့် တွေ့ဆုံခဲ့ရပါက ခွန်အား နည်းပါးမနေတော့မည် ဖြစ်၏။
ထို့ကြောင့် အဆင့်ပို၍ မြင့်မားလာလေ သူ ပို၍ ကြိုးကြိုးစားစား ကျင့်ကြံရန် လိုအပ်လေ ဖြစ်ပေသည်။
ရီဖူရှင်းသည် ကျင့်ကြံရေး ကျောင်းဆောင်မှ ထွက်ခွာလာပြီး ယူချင်းနှင့် တွေ့ဆုံခဲ့သည်။ ဤအချိန်ကာလမှာ ယူချင်းကို ဒေသနန်းတော်၌ ကျင့်ကြံရန် စေလွှတ်ရတော့မည့် အချိန်ဖြစ်ပေသည်။
မကြာခင်မှာပင် လူတစ်စုသည် သွေးနဂါးမြစ်ကမ်းပါးသို့ ရောက်ရှိလာသည်။
ကတ္တီပါရောင် လွှမ်းနေသော ကောင်းကင်သည် မဟာလမ်းစဉ်၏ ဖိအားအရှိန်အဝါများ ပျော်ဝင်နေပုံရပေသည်။ သွေးနဂါးမြစ်သည် ချော်ရည်ပူများဖြင့် ပြည့်နှက်နေသကဲ့သို့ ထင်မှတ်ရပေသည်။ ကျင့်ကြံခြင်း၌ အားနည်းသော မည်သူမဆို ခြေချမိပါက သူတို့သည် ချက်ချင်းပင် လောင်ကျွမ်း သေဆုံးရပေလိမ့်မည်။
“ယူချင်း၊ သွားတော့” ရီဖူရှင်းက ပြောသည်။ ယူချင်းသည် မကြာခင်တွင် ဤကျင့်ကြံခြင်းအတွက် စွမ်းအားပြည့်ဝလှသည့် ဝိညာဉ်နတ်ဘုရား နယ်မြေသို့ ဝင်ရောက်တော့မည် ဖြစ်သည်။ သူသည် သွေးနဂါးဘုံ၏ ပင်မထောက်တိုင် ဖြစ်လာနိုင်သည့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်လိမ့်မည် ဖြစ်ကာ သွေးနဂါး အင်ပါယာစွမ်းအား၏ တိုက်ရိုက် အရင်းအမြစ်များကို ရရှိနိုင်လိမ့်မည်။
ယူချင်းက ခေါင်းညိတ်လိုက်ပြီး လေထဲသို့ ခြေချလိုက်ကာ သွေးနဂါးမြစ်အထက်မှ တိုက်ရိုက်ပင် သွေးနဂါးမြစ်လယ်မှ နန်းတော်ဆီသို့ သွားရောက်သည်။
ရီဖူရှင်းက သူ့ကို လုပ်စေချင်သည့် အရာအား သူ သိပေသည်။ သူသည် ဒေသနန်းတော်သို့ ခြေချသည်နှင့် သူ၏ တာဝန်ကို ပြီးမြောက်စေရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်၏။ ဤနေရာ၌ သူသည် သွေးနဂါးဘုံ၏ အဓိက အင်အားစုများနှင့် အဆက်အသွယ် ပြုလာနိုင်လိမ့်မည် ဖြစ်သည်။
သူက ရှေ့သို့ ဆက်လျှောက်နေပြီး သွေးနီရောင်ရဲတိုက်ကြီးက သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ တစ်စုံတစ်ယောက်က ထိုနေရာတွင် စောင့်ကြပ်နေပြီး ယူချင်းက သူ ယူဆောင်လာသည့် တံဆိပ်ပြားကို ထိုလူ့ထံသို့ ကမ်း ပေးသည်။ သူသည် မြင့်မားလှသည့် ကောင်းကင်တံခါးဂိတ်ကို ဖြတ်ကာ ကောင်းကင်ထဲသို့ ခြေချသည်နှင့် ဒေသနန်းတော်သို့ တရားဝင် ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။
အဝေးမှ ဒေသနန်းတော်သည် ရဲတိုက်တစ်ခုခုနှင့် တူလှပေသည်။ သို့သော်လည်း အတွင်းတွင် အလွန်ပင် ခန့်ညားထည်ဝါလှပြီး သွေးနဂါးမြစ် အထက်တွင် တည်ထားသည့် ရေပေါ်မြို့တစ်ခုနှင့် အလားတူပေသည်။
သူ့အရှေ့ လေထုထဲတွင် ပုံရိပ်များ ရပ်နေပြီး ယူချင်း ရောက်လာသည်ကို စောင့်ကြည့်နေကာ သူတို့သည် သူ ရောက်အလာကို စောင့်နေကြပုံ ရပေသည်။
သူတို့ထဲမှ တစ်ယောက်ချင်းစီသည် အလွန် ထူးကဲသာလွန်သော အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။ သူတို့သည် သဘာဝ၏ အစိတ်အပိုင်း တစ်ခုအလား ရပ်နေကြပြီး ယူချင်း၏ ရှေ့မှ လမ်းကို ပိတ်ဆို့ထားကြသည်။
ထိုတန်ခိုးရှင်များ အားလုံးသည် ဒေသနန်းတော်မှ ဖြစ်ကြ၏။ ယူချင်းကဲ့သို့ပင် သူတို့သည်လည်း သွေးနဂါးမြစ်တိုက်ပွဲတွင် ပြိုင်ဘက်များ အားလုံးကို အလဲထိုးကာ ကြီးမားလှသည့် အောင်မြင်မှုများဖြင့် ဒေသနန်းတော်သို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။
“ငါ ကြားတာတော့ အခု အသစ်ဝင်လာတဲ့လူက အရမ်းစွမ်းအားကြီးပြီး သူ့ရဲ့ ခွန်အားသက်သက်နဲ့ ရှင်းခိုင်ရဲ့ ညီလေးအပါအဝင် တခြားစွမ်းအားကြီး ပြိုင်ဘက်တွေကို အလဲထိုးနိုင်ခဲ့တယ်တဲ့” တစ်ယောက်က ပြောသည်။ ဒေသနန်းတော်မှ ကြိုဆိုမှု အထိမ်းအမှတ်မှာ အမြဲတမ်း အနည်းငယ် တစ်မူ ထူးခြားတတ်ပေသည်။
“သူ ရင်ဆိုင်ခဲ့ရတဲ့ လူတွေက အရမ်း အားနည်းနေတာလည်း ဖြစ်နိုင်တာပဲလေ” အရှေ့တွင် လက်ပိုက်ကာ ရပ်နေသည့် အမျိုးသမီးက အပြုံးနှင့် ပြောသည်။ သူမ၏ အမူအရာမှာ အလွန်ပင် တင့်တယ်ကာ ကျက်သရေ ရှိပေသည်။ ပထမဆုံး အကြည့်တစ်ချက်နှင့်ပင် သူမသည် သာမန်မဟုတ်သော တော်ဝင်မျိုးနွယ်ဖြစ်ကြောင်း ပြောနိုင်ပေသည်။
ရဲတိုက်အထက်တွင် ရှင်းခိုင်သည် တိတ်ဆိတ်စွာ ရပ်၍ ကြည့်နေပေသည်။
ယူချင်းသည် တစ်ယောက်ထံသို့ လျှောက်သွားကာ ပြောသည်… “ဖယ်ပေး”
“ဒေသနန်းတော်ရဲ့ စည်းမျဉ်းအရဆိုရင် နန်းတော်ကို ဝင်လာတဲ့ အသစ်ကလေးတွေက စီနီယာအစ်ကို၊ အစ်မတွေကို လေးစားမှုအပြည့် ရှိရမယ်။ အဲဒါမှပဲ အစ်ကိုတွေ အစ်မတွေက လမ်းဖယ်ပေးလိမ့်မယ်” အမျိုးသားက ပြုံးကာ ပြောသည်။
နန်းတော်တွင် စည်းမျဉ်းဆိုသည်မှာ မရှိဘဲ အသန်မာဆုံး လက်သီးသည်သာ နန်းတော်၏ စည်းမျဉ်း ဖြစ်ပေသည်။
ယူချင်းသည် သူ့ရှေ့တွင် ရပ်နေသောသူများမှာ သူကဲ့သို့ပင် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်မှ ဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ဖြစ်သည်။
ယူချင်းသည် သူ၏ လက်သီးနှစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဟစ်ကြွေးလိုက်ကာ အလွန် ပြင်းထန်သည့် စွမ်းအားများက ခဏချင်းပင် လေထဲတွင် လွှမ်းခြုံသွား၏။ သူ့အနောက်တွင် ကမ္ဘာဖျက်ဆီး နတ်ဆိုးဘုရင် ပေါ်ပေါက်လာသည်။ မိုးကောင်းကင်အထက်တွင် မှော်စွမ်းအင်များသည် တုန်ခါနေကာ မိစ္ဆာနတ်ဘုရားကဲ့သို့ အော်မြည်နေသည်။
သူ့ရှေ့ရှိ လူများထံမှ အံ့အားသင့်သော အကြည့်များ ထွက်ပေါ်လာသည်။ နန်းတော်သို့ အသစ်ဝင်လာသည့် လူများမှာ တိုက်ခိုက်ရန် ရွေးချယ်ကြသော်လည်း ဤကဲ့သို့ တိုက်ရိုက်ဆန်ပြီး စွမ်းအား ပြည့်ဝလှသည့် လူသစ်များမှာ အနည်းစုသာ ရှိပေသည်။
ယခု သူတို့သည် များပြားလှသည့် အတားအဆီးများကို သူ မည်ကဲ့သို့ ဖြတ်ကျော်မည်လဲ ဆိုသည်အား မြင်တွေ့လိုကြပေသည်။
ယူချင်းသည် အတားအဆီးများကို ဖြတ်ကျော်နိုင်ခြင်း ရှိမရှိမှာ နန်းတော်သို့ ဝင်ရောက်သည့် သူ၏ ပထမဆုံး စစ်ဆေးချက် ဖြစ်သည်။ ထိုစစ်ဆေးချက်မှတစ်ဆင့် သူသည် ဒေသနန်းတော်တွင် မည်မျှ တန်ဖိုးရှိမည်ကို ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။
ယင်းသည် ဒေသနန်းတော်၏ ကြိုဆိုပွဲ ဖြစ်ပေသည်။
ဘုန်း
ယူချင်းသည် ဟစ်ကြွေးသံ တစ်ချက်နှင့်အတူ လေထဲသို့ ခြေတစ်လှမ်း လှမ်းသည်။ သွေးနဂါးမြစ်သည် ပွက်ပွက်ထ လှုပ်ရှားလာသည်။ ရဲတိုက်တစ်ခုလုံးသည် မိုးကြိုးပစ်ချသကဲ့သို့ အသံများဖြင့် ညံဟည်းနေ၏။
သွေးနဂါးမြစ်ကမ်းပါးတွင် ရီဖူရှင်းသည် ယူချင်းသွားသည့် ဘက်သို့ ကြည့်လိုက်ပြီးနောက် လှည့်ထွက် သွားတော့သည်။
ဒေသနန်းတော်မှ ခရီးလမ်းကို ယူချင်းတစ်ယောက်တည်းသာ လျှောက်လှမ်းရမည် ဖြစ်ပေသည်။
***