Switch Mode

အပိုင်း(၁၂၃၄)

စီစဉ်ခြင်း

သွေးနဂါးဘုံ၊ ချန်ယဲ့မြို့တွင် ရီဖူရှင်းနှင့် သူ့အဖွဲ့သည် ချန်ယဲ့မြို့၏ မြို့စားအိမ်တော် အတွင်းသို့ တိုက်ရိုက် ဆင်းသက်ခဲ့ကြသည်။

ပြီးခဲ့သည့် တိုက်ပွဲအပြီးတွင် မြို့စားအိမ်တော်သည် အပျက်အစီးပုံကြီး ဖြစ်နေဆဲပင် ဖြစ်သည်။

အပျက်အစီးများသည် အလွန်များပြားလှသည်။ ပြိုကျပျက်စီး ကျန်ရစ်သည့် မြို့စားအိမ်တော်မှ အသက်ရှူသံတစ်ခု ထုတ်လွှတ်နေသည်။ ထို့နောက်တွင် ကောင်းကင်သို့ ပျံတက်လာသည့် ပုံရိပ်တစ်ခုကို ရီဖူရှင်း မြင်လိုက်ရသည်။ ထိုသူသည် ယခင်မြို့စားဟောင်း ဆန်းထျန်ကျန့်ပင် ဖြစ်၏။

မြို့စားရုံးတော်တွင် ဆန်းထျန်ကျန့်သာလျှင် ကျန်ရှိတော့သည်။ အခြားလူများ အားလုံးမှာ ထွက်ခွာသွားကြပြီ ဖြစ်၏။

“မြို့တော်အရှင် ပြန်လာပြီ” ဆန်းထျန်ကျန့်က ရီဖူရှင်းကို ပြောသည်။ ရီဖူရှင်းက အနှေးနဲ့အမြန် ပြန်လာမည် ဆိုသည်ကို သူ သိသည်။

ဤတစ်ကြိမ်၌ ရီဖူရှင်းသည် သူနှင့်အတူ လူများစွာတို့ကို ခေါ်ဆောင်လာသည်။ အင်ပါယာရှားဘုံမှ မင်းသမီးရှားရှင်းယွန်လည်း သူတို့ထဲတွင် ပါလာပေသည်။ ထပ်ပေါင်းပြောရလျှင် သူတို့တွင် ကျင့်ကြံခြင်းအဆင့်ပေါင်းစုံမှ တန်ခိုးရှင်များ ပါဝင်နေပြီး အဖွဲ့၏ ဖွဲ့စည်းပုံသည် ယခင်တစ်ကြိမ်ကထက် ပို၍ ရှုပ်ထွေးကာ ရောနှောနေလေသည်။

“စီနီယာ၊ ဘယ်လိုဖြစ်ရတာလဲ” ရီဖူရှင်းသည် အပျက်အစီးပုံကြီးကို ကြည့်၍ မေးသည်။ ဆန်းထျန်ကျန့်က သူ့ကို စောင့်နေသည် ဆိုကတည်းက သူသည် ရီဖူရှင်းကို ချန်ယဲ့မြို့အရှင်အဖြစ် အသိအမှတ်ပြုသေးသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ သို့သော်လည်း မည်သည့် အကြောင်းရင်းကြောင့် ဆန်းထျန်ကျန့်က မြို့စားရုံးတော်ကို ပြန်ပြင်ဖို့ အမိန့်မပေးရသည်လဲ။ ထို့အပြင် အခြားလူများသည်လည်း ပျောက်ဆုံးနေသည်။

ကြည့်ရသည်မှာ မြို့စားရုံးတော်၌ ဆန်းထျန်ကျန့်တစ်ယောက်သာ ကျန်တော့သည့် ပုံပေါ်လေသည်။

“လွန်ခဲ့တဲ့ လအနည်းငယ်က တိုက်ပွဲအပြီးမှာ အင်ပါယာရှားဘုံနဲ့ အင်ပါယာလီဘုံက တန်ခိုးရှင်တွေ အားလုံး ဆုတ်ခွာသွားကြတယ်။ ချန်ယဲ့မြို့မှာ ဘယ်သူမှ မရှိတော့တာကို မြင်တော့ ရှန်းနန်က ချန်ယဲ့မြို့ကို အင်ပါယာရှန်းဘုံအတွက် သိမ်းပိုက်ချင်ခဲ့တယ်။ သူက ကျုပ်ကို သတ်ဖို့ အမိန့်ပေးပြီး တိုက်ခိုက်စေခဲ့တယ်။ ကျုပ်တစ်ယောက်တည်း မဟုတ်ဘဲ ချန်ယဲ့မြို့က အုပ်ချုပ်သူတွေ အများကြီးက ရှန်းမြို့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ စစ်ထိုကလန် ခေါင်းဆောင် စစ်ထိုကျုံးက အဲဒီတိုက်ပွဲထဲမှာ ထိခိုက် ဒဏ်ရာရခဲ့ပြီး လူအတော်များများလည်း သေဆုံးခဲ့ရတယ်။ အဲဒါကြောင့် သူတို့တွေ ဒုက္ခတောထဲ ကျရောက်မှာကို တားဆီးတဲ့အနေနဲ့ မြို့စားရုံးတော်ကနေ အကုန်လုံး ထွက်သွားခိုင်း လိုက်တယ်” ဆန်းထျန်ကျန့်က ပြောသည်။

ရီဖူရှင်းသည် ဆန်းထျန်ကျန့် ပြောသည်ကို ကြားလျှင် သူ့အမူအရာက မည်းမှောင်သွားသည်။ ယခင်က ရန်ဟောင်ဘုံနှစ်ခုကြား တိုက်ပွဲအတွင်း ရှန်းနန်သည် စစ်ပွဲတွင် မပါဝင်ဘဲ အကျိုးအမြတ် အားလုံး ရနိုင်မည့် အခွင့်အရေးကို လိုချင်ခဲ့သည်။ သူတို့၏ အရင်းအမြစ်များကိုပင် ခြိမ်းခြောက်၍ ရယူသွားခဲ့သေးသည်။ သူသည် ရှန်းနန်ကို အရင်းအမြစ်တချို့ ပေးခဲ့သေးသော်လည်း ရှန်းနန်၏ စိတ်ကို ကျေနပ်စေနိုင်ခြင်း မရှိခဲ့ပေ။

စစ်ပွဲဖြစ်ပွားသည့် နေ့တွင်ပင် သူ့လူများ ခေါ်လာ၍ သူတို့ကို ခြိမ်းခြောက်ရန် ကြိုးပမ်းခဲ့သည်။

သို့သော်လည်း ရှားရုန်၏ သံမဏိအလား ဆုံးဖြတ်ချက်က ရှန်းနန်ကို ဟန့်တားနိုင်ခဲ့သည်။ သူသာ လှုပ်ရှားခဲ့လျှင် ရန်ဟောင်ဘုံနှစ်ခုကြားက စစ်ပွဲအတွင်းမှာ ကြားညပ်ကာ အင်ပါယာရှားဘုံမှ တန်ခိုးရှင်များက မည်သည့် အဖိုးအခမဆို ပေးဆပ်၍ သတ်ပစ်လိမ့်မည် ဖြစ်သည်။

ရှန်းနန်သည် သူ၏ လှုပ်ရှားမှုကို ပြုရန် မဝံ့ရဲခဲ့ပေ။ ဆိုရလျှင် သူ၏ နောက်လိုက်များသည် ရန်ဟောင်ဘုံ နှစ်ကြား တိုက်ပွဲတွင် ဝင်ရောက် စွက်ဖက်ရန်အထိ မရူးမိုက်ကြခြင်း ဖြစ်ပေသည်။

သို့ပေမဲ့ ရန်ဟောင်ဘုံနှစ်ခု အကြားမှ စစ်ပွဲပြီးနောက်တွင် သူတို့သည် သက်ဆိုင်ရာ နယ်မြေသို့ ပြန်သွားခဲ့ကြသည်။ ရှန်းနန်သည် ထိုတိုက်ပွဲ၏ အကျိုးဆက်အဖြစ် ရန်ဟောင်ဘုံနှစ်ခုအတွင်း မုန်တိုင်းထန်လိမ့်မည်ဟု ခန့်မှန်းခဲ့သောကြောင့် သူသည် ချန်ယဲ့မြို့ကို တိုက်ခိုက်ရန် တွေးခဲ့ခြင်း ဖြစ်သည်။

အင်ပါယာရှန်းဘုံသည် သူတို့ သိမ်းပိုက်ထားသည့် မြို့တစ်မြို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် တန်ခိုးရှင် အရေအတွက် များစွာ လိုအပ်ပေသည်။ သူတို့သည် သွေးနဂါးဘုံမှ မြို့နှစ်မြို့ကို ကာလရှည်ကြာ စောင့်ရှောက်ရန် တန်ခိုးရှင်များ စေလွှတ်ဖို့ရာ လူအင်အား လုံလောက်မှုမရှိပေ။ အင်ပါယာရှားဘုံနှင့် အင်ပါယာလီဘုံကဲ့သို့ သူတို့တွင် ပြန်လည် မွေးဖွားခြင်းအဆင့် များစွာ မရှိပေ။ သူတို့သည် သွေးနဂါးဘုံမှ မြို့ကို စောင့်ကြပ်ရန် အားလုံးကို စေလွှတ်နိုင်ခြင်း မရှိပေ။

ထို့ကြောင့် ရှန်းနန်သည် သွေးနဂါးမြစ်ပြိုင်ပွဲအတွင်း ခံစားခဲ့ရသည့် အရှက်ကွဲမှုများအတွက် ထွက်ပေါက်တစ်ခု လိုချင်ခဲ့သည်။ သူသည် စစ်ပွဲအတွင်း၌ ရှားရုန်၏ ခြောက်လှန့်ခံခဲ့ရတာကြောင့် မတိုက်ခိုက်ခဲ့ရဘဲ သူ၏ မခံမရပ်နိုင်ဖြစ်မှုကို ပို၍ များပြားလာစေခဲ့သည်။

ရလဒ်အနေဖြင့် သူသည် လူများ စေလွှတ်ကာ ဆန်းထျန်ကျန့်ကို အနှောင့်အယှက်ပေးခဲ့ပြီး အင်ပါယာရှန်းဘုံထံ၌ အညံ့ခံစေချင်ကာ ချန်ယဲ့မြို့ကို သူတို့အတွက် ကာကွယ် စောင့်ရှောက်ပေးရန် သဘောတူညီချက် ရယူလိုခဲ့သည်။

သို့သော်လည်း ဆန်းထျန်ကျန့်သည် ရှန်းနန်ကို အတော်လေး သဘောမကျသောကြောင့် ခေါင်းမာစွာဖြင့် ခုခံနေခဲ့သည်။ ဆန်းထျန်ကျန့်သည် ရီဖူရှင်းခံ၌ အညံ့ခံခဲ့သော်လည်း အင်ပါယာရှန်းဘုံသို့ လက်နက်ချရန် တွေဝေနေခဲ့ခြင်းကြောင့် ရှန်းနန် မည်သို့ ခံစားရမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ ထို့ကြောင့် သူသည် ချန်ယဲ့မြို့စားအိမ်တော်သို့ လူများ ထပ်ကာ ထပ်ကာ စေလွှတ်၍ ဖျက်ဆီးစေခဲ့သည်။

ရီဖူရှင်းက ဖြစ်ပျက်ခဲ့သည်များကို ကြားသိပြီးနောက် သူက ဆန်းထျန်ကျန့်ကို ပြောသည် … “စီနီယာအတွက် ခက်ခဲခဲ့ရပြီ။ အခုကတော့ မြို့စားရုံးတော်ကို ပြန်တည်ဆောက်ဖို့ အချိန်ပဲ”

“ကောင်းပြီ” ဆန်းထျန်ကျန့်က ခေါင်းညိတ်သည်။ ယခင်က သူသည် ရှုံးနိမ့်သွားခဲ့သောကြောင့် လက်ထောက်မြို့စားအဖြစ် နေပေးမည်ဟု ကတိပေးခဲ့သော်လည်း စစ်မှန်စွာ အညံ့ခံခဲ့ခြင်း မဟုတ်ပေ။

သို့သော် နောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေက သူ့ကို သတိပြုမိစေခဲ့သည်မှာ ရီဖူရှင်းဘက်မှာ ရပ်တည်ခြင်းအားဖြင့် မတူကွဲပြားသော အရာများကို မြင်တွေ့နိုင်လိမ့်မည်ဟူ၍ ဖြစ်သည်။

ဆန့်ကျင်ဘက်အနေနှင့် အင်ပါယာရှန်းဘုံ၏ မင်းသား ရှန်းနန်သည် သွေးနဂါးမြစ်မှ ရှုံးနိမ့်မှုကြောင့် မကျေမချမ်း ဖြစ်နေခဲ့သည်။ သူသည် ခြိမ်းခြောက်ကာ ငွေတောင်းပြီး လက်စားချေရန် ကြိုးပမ်းခဲ့သည်။ သူ၏ ယုတ်မာသော အပြုအမူများသည် ရီဖူရှင်း လုပ်ခဲ့သည်များထက် ဆိုးဝါးလှပေသည်။ ဆန်းထျန်ကျန့်သည် ထိုသို့သော လူမျိုး၏ နောက်ကို လိုက်၍ အမိန့်နာခံဖို့ ဝေးစွ၊ အဆက်အသွယ် ပြုရန်ပင် စက်ဆုပ်လှပေသည်။

မည်သို့ပင်ဖြစ်စေ သူသည် မဟာလမ်းစဉ်၏ နောက်ဆုံးအလွှာဖြစ်သည့် ပြန်လည် မွေးဖွားခြင်းအဆင့်မှ သူပင် ဖြစ်သည်။

ရုတ်ခြည်းပင် လေက လျင်မြန်စွာ လှုပ်ရှားလာသည်။ အဝေးတစ်နေရာမှ လေထဲတွင် လူတစ်စု လာနေသည်ကို မြင်လိုက်ရသည်။ သူတို့သည် ရီဖူရှင်းနှင့် အခြားလူများကို ကြည့်၍ လမ်းတစ်ဝက်၌ ရပ်တန့်သည်။

ရီဖူရှင်းနှင့် ဆန်းထျန်ကျန့်သည်လည်း သူတို့ကို ကြည့်နေသည်။ သူတို့သည် ထိုလူစု၏ ခေါင်းဆောင်မှ ပြောသည်ကို ကြားရသည်… “ဆန်းထျန်ကျန့်၊ ကျုပ်တို့ ခင်ဗျားကို အခွင့်အရေး အများကြီး ပေးပြီးသွားပြီ။ ကျုပ်တို့ရဲ့ အရှင်မင်းသား သဘောကောင်းတယ် ဆိုတာ အတိုင်းအတာရှိတယ်”

“ကျုပ်တို့ လျှောက်ကြမယ့်လမ်းက မတူဘူး။ အတူတူ အလုပ်တွဲလုပ်ဖို့ မဖြစ်နိုင်ဘူး” ဆန်းထျန်ကျန့်က လေထဲမှ လူများအား ပြောသည်။

ရီဖူရှင်းသည် သူတို့ကို လှည့်ကြည့်ကာ ပြောလိုက်သည် … “ပြန်သွားပြီး ရှန်းနန်ကို ပြောလိုက်။ သူ ချန်ယဲ့မြို့ကို လိုချင်ရင် ကျုပ်နဲ့ တိုက်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်။ သူ မလုပ်ရဲရင် ရှန်းမြို့မှာပဲ တစ်ချိန်လုံး တိတ်တိတ်လေး နေနေလိုက်တော့”

သတင်းပို့သူက ရီဖူရှင်းကို စိုက်ကြည့်သည်။ ခဏအကြာ၌ သူတို့ ပြန်သွားခဲ့ပြီး အင်ပါယာရှားဘုံမှ လူများ ပြန်ရောက်လာသည်မှာ အလွန်မြန်လှသည်ဟု တွေးနေကြသည်။

ယခင်က အင်ပါယာရှားဘုံအတွင်းတွင် မည်သည့်ကိစ္စမှ ဖြစ်ပျက်ခဲ့သည့်ပုံ မပေါ်ပေ။

ထိုနေ့တွင် အိမ်ရှေ့စံရှားရုန်၊ ရှားရှင်းယွန်နှင့် ရီဖူရှင်းတို့သည် ရှင်းလင်းစွာပင် အဖွဲ့နှစ်ဖွဲ့ခွဲကာ ပြန်သွားခဲ့ခြင်း ဖြစ်သည်။

သို့ပေမဲ့ ယခုအခါတွင် ရီဖူရှင်းနှင့် ရှားရှင်းယွန်သည် စစ်ကူများပင် ခေါ်၍ အတူတကွ ပြန်ရောက်လာကြသည်။

ထိုအဓိပ္ပာယ်မှာ ချန်ယဲ့မြို့သည် အနာဂတ်၌ ရီဖူရှင်း၏ လက်ထဲသို့ အလုံးစုံ ကျရောက်သွားတော့မည် ဖြစ်သည်။

ရှန်းမြို့မှလူများ ထွက်ခွာသွားသော်လည်း ရီဖူရှင်း၏ မျက်လုံးများမှာ အေးစက်လျက် ကျန်ရစ်နေဆဲ ဖြစ်သည်။ ရှန်းနန်သည် အခြားလူများ၏ ကံမကောင်းမှုမှ အကျိုးအမြတ် ရလိုသည့် လှည့်ကွက်ဟောင်းကို ထပ်သုံးရန် ကြိုးစားနေခဲ့သည်။ သူသည် အသိစိတ်မရှိဘဲ ထိုသို့ လုပ်ဆောင်ခြင်းကို ကြောက်ရွံ့ခြင်း မရှိပေ။

ရီဖူရှင်း ပြန်ရောက်နေပြီဟူသည့် သတင်းနှင့် ချန်ယဲ့မြို့၏ ထိပ်တန်း အင်အားစုများ ပြန်ရောက်လာပြီဟူသည့် သတင်းက မကြာခင်တွင် ပျံ့နှံ့သွားခဲ့သည်။ စစ်ထိုရန်နှင့် စစ်ထိုကျုံး နှစ်ယောက်လုံးလည်း ရောက်လာခဲ့သည်။

“စီနီယာ၊ ကျွန်တော် ရှန်းနန်အကြောင်း သိပြီးပါပြီ။ အဲဒီအကြွေးကို စီနီယာ့အစား ကျွန်တော် ပြန်ယူပေးပါ့မယ်” ရီဖူရှင်းက စစ်ထိုကျုံးကို နှုတ်ဆက်ကာ ပြောသည်။

“မင်း ပြောတာ ကြားရတော့ ကျုပ် စိတ်သက်သာရာ ရသွားပါပြီ အရှင်ရီ” စစ်ထိုကျုံးက ပြန်တုံ့ပြန်သည်… “ကျုပ်တို့ အကူအညီ ဖြစ်နိုင်အောင် အကူနည်းနည်း ခေါ်ဆောင်လာပါတယ်”

သူက ပြောလိုက်ပြီး စစ်ထိုကျုံးသည် သူ့လူများကို ဆော်သြသည်။ ချန်ယဲ့မြို့မှ ထိပ်တန်းအင်အားစု အချို့သည် မြို့စားအိမ်တော်အသစ် တည်ဆောက်ရန် အတူတကွ စတင် လုပ်ဆောင်ကြသည်။

တန်ခိုးရှင်များ၏ လောကတွင် အဆောက်အဦ တည်ဆောက်ခြင်းအတွက် အချိန်အသုံးပြုမှုမှာ အလွန်ပင် မြန်ဆန်လှသည်။ အချိန်တိုလေး အတွင်းမှာပင် မြို့စားအိမ်တော် အသစ်တစ်ခုက မြေပေါ်မှ ထွက်ပေါ်လာပြီ ဖြစ်၏။

“ကိုယ် ကျင့်ကြံမယ့် နေရာကို ကိုယ် ရွေးလိုက်ပါ” ရီဖူရှင်းသည် ပြောလိုက်ပြီး မြို့စားအိမ်တော်၏ အဓိကခန်းမဆောင်သို့ လျှောက်သွားခဲ့သည်။

ရှားရှင်းယွန်သည် သူ့ဘေးနားမှ နေရာကို ရွေးချယ်သည်။ ယောင်းချီသည်လည်း သူမနှင့် ရည်ရွယ်ချက်ရှိရှိ ယှဉ်ပြိုင်ကာ တူညီစွာပင် လုပ်ဆောင်ခဲ့သည်။

အခြား တန်ခိုးရှင်များသည်လည်း မြို့စားရုံးတော်အတွင်းမှ သူတို့ ကျင့်ကြံမည့် နေရာကို အသီးသီး ရွေးချယ်လိုက်ကြသည်။

အင်ပါယာရှားဘုံ၏ ထိပ်တန်း အင်အားစုများရှိ တစ်ဖွဲ့တစ်ခုတည်းမှ လာသည့်သူများမှာ နေရာတစ်ခု ရွေးချယ်၍ တစ်စုတည်း နေထိုင်ကြသည်။

ရီဖူရှင်းသည် သူ့ ဘေးမှ လူများနှင့် မျက်နှာချင်းဆိုင်ပြီး ပြောသည် … “လိပ်ပြာလေး၊ မင်းက ဆေးရေကန်နဲ့ ဆေးဥယျာဉ်နားက နေရာကို ရွေးသင့်တယ်။ အဲဒါက မင်းအတွက် အသုံးဝင်လိမ့်မယ်”

လိပ်ပြာလေး၏ ဘေးမှ သူသည် ရှန့်ထိုကျန့်၏ အကြီးဆုံးတပည့် စုချီဟန် ဖြစ်ပေသည်။

မကြာသေးခင်က ရီဖူရှင်း အောက်ဘုံသို့ သွားရောက်စဉ်တွင် သူသည် သူ၏ အဆက်အနွယ်များကိုသာ ခေါ်ဆောင်လာခြင်း မဟုတ်ခဲ့ပေ။ ရှန့်ထိုကျန့်သည် ရှန့်ထိုအဆင့် ဝင်ရောက်သွားပြီးဖြစ်သည့် စုချီဟန်ကိုပါ ရီဖူရှင်းနှင့်အတူ လိုက်ပါရန် အမိန့်ပေးခဲ့သည်။ လိပ်ပြာလေးတို့ ဇနီးမောင်နှံသည် ရီဖူရှင်း၏ နောက်သို့ လိုက်ပါ၍ အတူတကွ ကျင့်ကြံကြမည် ဖြစ်၏။

နန်းတော်ကို ဆန့်ကျင်၍ တော်ဝင်စစ်ပွဲများ ဖြစ်ပွားခဲ့သည့် ရက်များတွင် စုချီဟန်သည် မဟာလမ်းစဉ်ကို အပြည့်အဝနားလည် သဘောပေါက်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် ကိုယ်ပိုင် ကြိုးစားအားထုတ်မှုဖြင့် မဟာလမ်းစဉ်သို့ ဝင်ရောက်ခဲ့သည့်အခါ ရှန့်ထိုကျန့်သည် သူသိသမျှအားလုံးကို သင်ကြားပေးခဲ့၏။

ရီဖူရှင်းသည် ပြည်နယ်ကိုးခုမှ လူများကို နေရာတစ်ခုထဲတွင် အခြေချစေသည်။ ယူချင်း၊ ယိချိန်ချန်၊ ဝူချင်းနှင့် လျူချန်းယွီ၊ ဂူတုန်းလျှို၊ အစ်မ၂နှင့် ကျန်လူများမှာ ရီဖူရှင်းနှင့်အတူ အဓိကအိမ်တော်တွင် နေထိုင်ကြမည်ဖြစ်သည်။

နောက်ဆုံးတွင် စီစဉ်မှုအားလုံး ပြုလုပ်ပြီးသွားခဲ့ကာ ရီဖူရှင်းသည် ရာရာထံသို့ သွားကာ ပြောသည် … “ရာရာ ငါနဲ့ လိုက်ခဲ့”

ရာရာက ခေါင်းညိတ်လိုက်ပြီး ရီဖူရှင်း၊ သိမ်းငှက်နက်နှင့်အတူ အဝေးသို့ လျှောက်သွားကြသည်။

သွေးနဂါးဘုံ၏ ဥဒေါင်းမြို့တွင် ရီဖူရှင်းသည် ခွန်ရွှမ်ကို ရှာတွေ့ခဲ့သည်။

ရီဖူရှင်း ရောက်ရှိလာမှုကြောင့် ခွန်ရွှမ်သည် အနည်းငယ် အံ့အားသင့်သွားသည်။ သူမက မေးလိုက်သည် … “ရှင် ကျွန်မကို ရှာနေတာလား”

“ဟုတ်တယ်” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်… “မင်းသမီးခွန်ရွှမ်ရဲ့ အကူအညီကို လိုနေတဲ့ ကိစ္စလေး ရှိလို့ပါ”

“ဘာကိစ္စလဲ” ခွန်ရွှမ်က သံသယနှင့် မေးသည်။ သူမ ဘေးမှ ကျားလို့ဖုန်း၏ မျက်လုံးများမှာ အလွန်အေးစက်နေပြီး ရီဖူရှင်းကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။

နောက်ဆုံးတစ်ခေါက်က သွေးနဂါးမြစ်တိုက်ပွဲတွင် သူ၏ နတ်ငှက်မွေးများမှာ ယူချင်း၏ ဆွဲနုတ်ခြင်းကို ခံခဲ့ရသည်။

“ကျုပ်ရဲ့ မိစ္ဆာသားရဲက ကျင့်ကြံခြင်းမှာ ပါရမီနည်းနည်းရှိပေမဲ့ သူက မဟာလမ်းစဉ်ကို မဝင်ရောက်နိုင်သေးဘူး။ ကျုပ်က မိစ္ဆာသားရဲကျင့်ကြံခြင်း နည်းလမ်းနဲ့ သိပ်ပြီး မရင်းနှီးတာမို့ ဒီသိမ်းငှက်လေးကို ဥဒေါင်းအင်ပါယာဘုံမှာ ကျင့်ကြံစေဖို့ ပို့ထားချင်တာမို့ မင်းသမီးရဲ့ အကူအညီကို လာတောင်းတာပါ” ရီဖူရှင်းက ပြောသည်။

သိမ်းငှက်နက်သည် ရီဖူရှင်း၏ ရည်ရွယ်ချက်ကို သိပြီး ဖြစ်ကာ ထိုစကားများကို ကြားလိုက်ရသောအခါ သိမ်းငှက်နက်သည် မတတ်သာစွာနှင့် သူ့ဇက်ကို ပုထားလိုက်မိပြီး မထိန်းချုပ်နိုင်အောင် တုန်ရီနေလျက် ခွန်ရွှမ်ကို ချောင်းကြည့်သည်။

ထိုရူးသွပ်လှသည့် အကြံအစည်ကြောင့် သိမ်းငှက်ကလေးမှာ သူ့အသက်ကိုပင် အဖိုးအခ ပေးလိုက်ရနိုင်ပေသည်။

ခွန်ရွှမ်ပင်လျှင် ခေတ္တမျှ ကြက်သေသေ သွားခဲ့သည်။ သူမ၏ အေးစက်၍ ထက်ရှသည့် မျက်လုံးများက သိမ်းငှက်နက်ထံသို့ ဝေ့ဝဲကျလာသည်။

သူတို့ နတ္ထိဘုံ၌ ရှိစဉ်က သိမ်းငှက်နက်သည် သူမအပေါ်၌ ထောက်ထား ညှာတာခြင်းမရှိ အရှက်ခွဲခဲ့ပေသည်။ ထိုစကားလုံးများသည် သူမ၏ ခေါင်းထဲတွင် ယနေ့ထိ ပဲ့တင်ရိုက်ခတ်နေဆဲ ဖြစ်သည်။

“ခွန်ရွှမ်၊ မြန်မြန်လေး ငါ့ သခင်ကို လာခစားလှည့်…”

ထိုအချိန်က သူမ နှလုံးသားထဲတွင် အမုန်းတရားများ တောက်လောင်လျက် သိမ်းငှက်နက်ကို အပိုင်းတစ်ထောင်မျှ ခုတ်ပိုင်းပစ်ရန်ပင် မစောင့်နိုင်တော့ပေ။

သို့သော်လည်း သူမ ရှန့်ထိုအဆင့်သို့ ဝင်ရောက်သွားပြီးနောက်တွင် သူမ၏ စိတ်အခြေအနေသည် အပြောင်းအလဲအချို့ ဖြစ်ပေါ်ခဲ့သည်။ သူမ၏ အမုန်းတရားများမှာလည်း ယခင်ကကဲ့သို့ မနက်ရှိုင်းတော့ပေ။ ထိုသည်ကပင် သူမ သိမ်းငှက်နက်ကို ပထမဆုံး ပြန်မြင်တွေ့ချိန်၌ ချက်ချင်း ပေါက်ကွဲမသွားခြင်းပင် ဖြစ်၏။

သူမသည် ရီဖူရှင်းကို ကြည့်ကာ အေးစက်စက် ပြောသည် … “ရီဖူရှင်း၊ ရှင် ဘာကို မေးနေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိရောသိရဲ့လား”

သူမကို ဤသိမ်းငှက်နက်အား ကျင့်ကြံမှု လမ်းညွှန်ပေးစေချင်သည်လား။

ထိုသိမ်းငှက်နက်၏ ပါးစပ်မှ ညစ်ပတ်သောစကားမှ လွဲ၍ အခြားမည်သည့် စကားမျိုးမှ ထွက်မလာခဲ့ဖူးပေ။

“ဒီ ငတုံးသားရဲက အဆင့်မီလို့လား” ကျားလို့ဖုန်းက သရော်ကာ မေးသည်။ သိမ်းငှက်နက်၏ နှုတ်ဖျားမှ စူးရှသည့် မြည်သံတစ်ခု ထွက်ပေါ်လာသည်။ ရုတ်ခြည်းပင် လေပြင်းတစ်ခု ထွက်ပေါ်လာသည်။ သိမ်းငှက်နက်၏ မျက်လုံးများသည် သူ့ကို သရော်သည့် ကျားလို့ဖုန်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီး မဟူရာရွှေရောင် လျှပ်စီးကဲ့သို့ အလင်းတန်းသည် သူ့ထံသို့ အကြမ်းပတမ်း တိုးဝင်သွားသည်။

ကျားလို့ဖုန်း၏ နတ်ငှက် အမွေးအတောင်များသည် ရွှေရောင်ဓားများကဲ့သို့ ထက်ရှကာ အလွန်တောက်ပနေပြီး သိမ်းငှက်နက်၏ အလင်းတန်းများကို ဖြတ်ခွဲသွားသည်။ သိမ်းငှက်နက်သည် နောက်သို့ ဆုတ်ခွာမသွားပေ။ အလင်းတန်းတို့သည် ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးများအဖြစ် ပြောင်းလဲသွားပြီး သိမ်းငှက်နက်သည် အတောင်များကို ဖြန့်ကားလိုက်ကာ လေထုကို ပိုင်းဖြတ်သည်။

ဘုန်း။

ကျယ်လောင်သည့် အသံနှင့်အတူ ကျားလို့ဖုန်း၏ ခန္ဓာကိုယ်မှာ နောက်သို့ ပစ်ကျသွားခဲ့သည်။ အလင်းများ ဝန်းရံနေသည့် သိမ်းငှက်နက်သည် ရီဖူရှင်း၏ ဘေးသို့ ပြန်လာပြီး ကျားလို့ဖုန်းကို အထင်သေးစွာ ကြည့်သည်။

“သိမ်းငှက်လေးက ကျုပ်ရဲ့ ကျင့်ကြံမှုတွေ အားလုံးကို ဆက်ခံပြီး နားလည် သဘောပေါက်ထားတယ်။ သူက အရမ်းအရည်အချင်း ရှိပေမဲ့ ရှန့်ထိုအဆင့်ကိုတော့ မဝင်နိုင်ဘဲ နှောင့်နှေးနေတယ်။ ကျုပ်က နောက်ထပ် ဘာဆက်လုပ်ရမလဲ မသိတာကြောင့် ဥဒေါင်းအင်ပါယာဘုံကို စေလွှတ်ဖို့ တွေးမိလိုက်တာပဲ” ရီဖူရှင်းက ပြောသည် … “အတိတ်မှာတုန်းက မရေတွက်နိုင်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာ ကျုပ်သိပေမဲ့ အဲဒါတွေက ရှောင်လွှဲမရတဲ့ စစ်ပွဲမှာ ဖြစ်ခဲ့တာတွေပါ။ ကျုပ်တို့က အဲဒီကိစ္စရပ်တွေ အားလုံးမှာ မင်းသမီးရဲ့ နစ်နာခဲ့ရမှုအတွက် တောင်းပန်ပါတယ်။ ကျုပ်က သိမ်းငှက်လေးကို ဥဒေါင်းအင်ပါယာဘုံကို ပို့ချင်တယ် ဆိုတာကလည်း ပြိုင်ဘက်မဟုတ်တဲ့ မိတ်ဆွေဆက်ဆံရေးကို တည်ဆောက်ဖို့ မျှော်လင့်မိလို့ပါ”

ခွန်ရွှမ်က ရီဖူရှင်းကို စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်သည် … “ကောင်းပြီလေ”

ခွန်ရွှမ် သဘောတူလိုက်တာကို ကြည့်၍ သိမ်းငှက်နက်သည် သူမ၏ လှပသော မျက်နှာကို ခိုးကြည့်လိုက်ကာ တစ်ဖန်ထပ်၍ တုန်ယင်လာတော့သည်။

သိမ်းငှက်လေးက ကံမကောင်းပေ။ သူသည် နတ်ဆိုးမ လက်မှ လွတ်မြောက်ကာစပင် ရှိသေးသော်လည်း နောက်ထပ် အန္တရာယ်တွင်းထဲ ကျရောက်ရပြန်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset