အပိုင်း(၁၂၃၃)

အတူတကွ ခရီးသွားခြင်း

သိပ်မကြာခင် ရီဖူရှင်းသည် ကော့တေးသို့ ပြန်ကာ လေ့ကျင့်၏။

သူတစ်ယောက်တည်းသာ မဟုတ်ပေ၊ ကော့တေးမှ တခြားလူများမှာလည်း ခရီးစဉ်အတွင်း၌ အနည်းနှင့်အများ နားလည် သိမြင်မှုများ ရှိကာ အအတော်များများမှာ ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့ကြသည်။ သူတို့က ရှန့်ထိုအဆင့်၏ သဘောတရားများနှင့် ရင်းနှီးရန် လိုနေ၏။

ဂူတုံးလျိုက နတ်ဘုရားလမ်းစဉ်သို့ ဝင်ရောက်သွားသောအခါ သူသည် ကြီးမားသော ပြောင်းလဲခြင်းများ ရှိခဲ့၏။ သူ့သက်စောင့်ဝိညာဉ်သည် တစ်ဖန်ထပ်မံ၍ နိုးထပြောင်းလဲလာခဲ့ကာ သူ့ကိုယ်ရည် ကိုယ်သွေးသည်လည်း ပိုမို ထက်မြက် ကောင်းမွန်လာ၏။

ယူချင်းလည်း ထိုနည်းတူဖြစ်သည်။ သူကား လမ်းစဉ်ဖြင့် မွေးဖွားလာသူဖြစ်ကာ သူ့အပြောင်းအလဲမှာ ပိုမို၍ အတွင်းကျ၏။ တိုက်ပွဲကတည်းက သူ့အလားအလာမှာ အပြည့်အဝ ပေါက်ကွဲ ထွက်လာခဲ့ကာ သူသည် ယခင်ကနှင့် လုံးဝ ကွဲပြား သွားတော့သည်။ သွေးနဂါးဘုံမှ လူများမှာ သူ၏တိုက်ခိုက်ခြင်း နည်းစနစ်ကို တွေ့ကြုံခဲ့ကြပြီး ဖြစ်သည်။

ရီဝူချင်းက ရှန့်ထိုအဆင့်သို့ တက်လှမ်းပြီးသောအခါ သူသည် ရန်ဟောင်ဓားအသိအား သူ၏အသိနှင့် ပေါင်းစပ်ခဲ့ပြီး သူ့တိုးတက်နှုန်းမှာလည်း ပိုမိုမြန်ဆန်ခဲ့သည်။

ဟောင်ကျူဂီသည်လည်း ရှန်ထိုအဆင့်သို့ တက်လှမ်းရန် လွန်စွာ နီးကပ်လာခဲ့၏။

မှန်နန်းတော်သခင်မသည်သာ သူမပိတ်လှောင်ခံထားရသော စိတ်နှလုံးကန့်သတ်မှုမှ လွန်မြောက်ခြင်း မရှိသေးပေ။ ထိုအဖြစ်က သူမအား ကျင့်ကြံခြင်းတွင် တိုးတက်စေခြင်း မရှိခဲ့။ သူမက ရာရာနှင့် ရံဖန်ရံဖန် ကျင့်ကြံသော်လည်း သူမသည် အတွင်းစိတ်ရိုင်း၏ ပိတ်ဆို့ခြင်းကို ခံနေရဆဲဖြစ်ကာ သူမက မည်သည့်အလိုဆန္ဒမှ မရှိတော့သည်လား မရှိလိုတော့သည်လားကိုတော့ မည်သူမှ မပြောတတ်ပေ။

ရက်သတ္တပတ်များစွာ ကြာသောအခါ အင်ပါယာရှားနန်းတော်မှ လာသောသတင်းများအရ မင်းသမီးရှားရှင်းယွန်သည် ရှန့်ထိုအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။

ထိုသတင်းက အင်ပါယာရှားဘုံတစ်ခွင်ကို ပျံ့နှံ့သွား၏။ မင်းသမီးလေးကား ထူးခြား ဆန်းကြယ်စွာ ပါရမီမြင့်မားပြီး ငယ်ရွယ်၏။ အင်ပါယာရှားဘုံ၏ ပါရမီရှင်များထဲတွင် သူမသည် ရှန့်ထိုအဆင့်သို့ အမြန်ဆုံး တက်လှမ်းသူဟုလည်း ဆိုနိုင်သည်။ သူမ၏တခြားသော အစ်ကိုများသည် ရှန့်ထိုအဆင့်သို့ တက်လှမ်းသောအခါ သူမ အသက်အရွယ်ထက် ကြီးရင့်ကြသည်။

အနာဂတ်တွင် မင်းသမီးလေးသည် အင်ပါယာရှားခြေရာကို နင်းကာ ရန်ဟောင်အဆင့်သို့ ရောက်နိုင်သည်ဟု ခန့်မှန်း တွက်ဆကြသည်။

မှန်သည် … ထိုနေ့ ထိုရက်ကား အလှမ်းဝေးနေသေး၏။ ဤသည်နှင့်ယှဉ်လျှင် အင်ပါယာရှားဘုံမှ လူများမှာ မင်းသမီးလေး၏ လက်ထပ်မှုနှင့်ပတ်သက်၍ ပိုမိုစိတ်ပူပန်ကြသည်။ များစွာသော လူတို့က မင်းသမီးနှင့် ထိုက်တန်မည့်သူများကို တွေးတော စဉ်းစားကြသည်။

ဤတွင် အင်ပါယာရှားဘုံတစ်ခွင်၌ မင်းသမီးလေးဘေး၌ ရပ်နိုင်သူမှာ ရှီအဆင့်မျှဖြင့် ရှန့်ထိုအဆင့်အား အနိုင်ယူနိုင်သူ ထိုလူငယ် တစ်ဦးတည်းသာ ထိုက်တန်သည်ဟု တွေးမိကြ၏။

မင်းသမီးရှားရှင်းယွန်သည် ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့ရာ အင်ပါယာရှားက နန်းတော်၌ ဂုဏ်ပြုပွဲကျင်းပခဲ့၏။ မရေမတွက်နိုင်သော လူများသည် အင်ပါယာရှားက သူ့သမီးတော်အပေါ်တွင် ထားသော ချစ်ခြင်းအား ခံစားမိကြသည်။

ယနေ့တွင် အင်ပါယာရှားနန်းတော်၌ အင်ပါယာရှားဘုံ၏ ပုဂ္ဂိုလ်ကြီးများအားလုံး လာရောက် စုဝေးကြသည်။ သည်စုဝေးမှုက ရှောင်အဘိုးအို၏ မွေးနေ့ပွဲထက် များစွာ ကြီးကျယ်ခမ်းနားပေ၏။

သည်အရာက ရှားရှင်းယွန်၏ ရှန့်ထိုအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခြင်းအတွက် ဂုဏ်ပြုပွဲဖြစ်သည်။ သည်ပွဲ၏နောက်ကွယ်၌ ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်များလည်း ရှိကောင်း ရှိနိုင်ပေသည်။

မှန်ပေသည်၊ အင်ပါယာရှား၏ ရည်ရွယ်ချက်ကို မည်သူမှ အတိအကျ မသိပေ။

ယနေ့တွင် ထိပ်သီးပုဂ္ဂိုလ်များအားလုံး ထိုနေရာတွင် ရှိပြီး ထိုအထဲတွင် လီဟန်ဓားသမား၊ ရွှမ်ယွင်နန်းတော်သခင်၊ ကျူးထန်နန်းတော်သခင်၊ ထန်ကျိစံအိမ်သခင်နှင့် တိမ်တိုက်တောင်ကြား သခင်တို့ ပါဝင်သည်။

ဂုဏ်ပြုပွဲတွင် အင်ပါယာရှားသည် ပလ္လင်တွင် ထိုင်ကာ သူ့ဘေး၌ ဧကရီရှောင်နှင့် ရှားရှင်းယွန်တို့ ရှိနေကြသည်။ တခြားသော မင်းသားများမှာ ရှားရှင်းယွန်ထက် အနည်းငယ် နိမ့်သော နေရာများ၌ ထိုင်နေကြ၏။ သည်ပွဲမှာ ရှားရှင်းယွန်အတွက် ဖြစ်ပေသည်။

ထိပ်သီး ပုဂ္ဂိုလ်များအားလုံး ထိုနေရာကို ရောက်လာပြီ ဖြစ်သော်လည်း ရှားရှင်းယွန်၏ အကြည့်က တည်ငြိမ်နေပြီး သိပ်စိတ်ဝင်စားဟန်လည်း မရှိပေ။ သူမ၏မျက်လုံးများက အဝေးတစ်နေရာသို့ မျှော်နေဟန်ရသည်။

ယနေ့ ဂုဏ်ပြုပွဲကို လူတိုင်း တက်ရောက် လာသော်လည်း တစ်စုံတစ်ယောက်ကတော့ ပျောက်ဆုံးနေပေသည်။

လူအများအပြားက ရှားရှင်းယွန်၏အကြည့်ကို သတိထားမိကြကာ ထိုပုဂ္ဂိုလ်များအားလုံး သဘောပေါက်ကြသည်။ မည်သူကမှ ဂုဏ်ပြုပွဲတွင် မင်းသမီး၏ လက်ထပ်ခြင်းနှင့် ပတ်သက်၍ မပြောကြပေ။

အင်ပါယာရှားဘုံမှ လူတိုင်း တန်ဖိုးထား ချစ်ခင်ရသော မင်းသမီးလေးကား အရွယ် ရောက်လာခဲ့ပြီဖြစ်ကာ သူမ၏နှလုံးသားကို တစ်စုံတစ်ယောက်က အပိုင်စိုးရယူခဲ့ပြီးဟန်ရှိသည်။

သို့သော် ထိုလူကား သည်နေ့ရက်တွင် သည်နေရာသို့ ရောက်မလာခဲ့။

ဖြစ်နိုင်သည်က သွေးနဂါးဘုံကိစ္စနှင့် ပတ်သက် နေနိုင်ပေသည်။

အင်ပါယာရှားက သူ့အား ချင်ယဲ့မြို့စားအဖြစ် သတ်မှတ်ခဲ့ပြီဖြစ်၏။ မကြာခင် သူသည် သွေးနဂါးဘုံသို့ သွားရောက်တော့မည့်ပုံ ရှိသည်။ ထို့နောက်တွင် သူက အင်ပါယာရှားဘုံသို့ ပြန်မလာရန် အလားအလာ များပေသည်။

ဂုဏ်ပြုပွဲပြီးသောအခါ အင်ပါယာရှားသည် လီဟန်ဓားသမား၊ ရွှမ်ယွင်နန်းတော်သခင်နှင့် တခြားသော ပုဂ္ဂိုလ်တို့ဖြင့် တွေ့ဆုံကာ သီးသန့် ဆွေးနွေးခဲ့သည်။

သူတို့ ပြောဆိုခဲ့သည်များအား မည်သူမှ မသိကြပေ။ မကြာခင် လူအများက တစ်စုံတစ်ခုကို ကောက်ချက်ချနိုင်ကာ အင်ပါယာရှားဘုံမှ လူများစွာတို့အား ထိတ်လန့်စေ၏။ သူတို့က အင်ပါယာရှား၏ သဘောကို ဆက်လက် ခန့်မှန်းကြသည်။

အင်ပါယာရှားက ဂုဏ်ပြုပွဲကျင်းပနေသော အချိန်တွင် ရီဖူရှင်းသည် အောက်ဘုံ၊ ပြည်နယ်ကိုးခုသို့ ရောက်ရှိနေကာ လူအချို့အား အထက်ဘုံသို့ ခေါ်ဆောင်သည်။

ရက်အနည်းငယ် ကြာပြီးနောက် ရီဖူရှင်းတို့သည် ကော့တေး၌ စုစည်းကြသည်။

အောက်ဘုံ၊ ပြည်နယ်ကိုးခုမှ လူများအားလုံး ထိုနေရာတွင် ရှိနေကြသည်။

ရီဖူရှင်းက မိန်းကလေးငယ် တစ်ယောက်၏လက်ကို ဆွဲကာ ရှေ့ဆုံးတွင် ရပ်နေသည်။ သူမကား အစ်ကို၄ ရွှီယွီနှင့် သူ့ဇနီးယူစီတို့၏သမီး မြက်ကလေးဖြစ်သည်။ လင်းအာက ဘေးတွင် ရပ်ကာ မြက်ကလေး၏ တခြားလက်တစ်ဖက်ကို ဆွဲထားသည်။

လို့လန်ရွှီက သူတို့၏နောက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ ဓားသခင်၊ ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့လည်း ထိုနေရာတွင် ရှိသည်။ မှန်သည်၊ ရီဝူချင်း၊ ဟောင်ကျူဂီ၊ စုချွဲနှင့် ယန်ကျန်းတို့လည်း ရှိနေ၏။

ရာရာနှင့် မှန်နန်းတော်သခင်မတို့သည်လည်း နောက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သိသာစွာပင် သူတို့က ခရီးရှည်တစ်ခုထွက်ရန် ပြင်နေကြခြင်းဖြစ်သည်။ မဟုတ်လျှင် သည်မျှ လူများမည် မဟုတ်ပေ။

ရီဖူရှင်းက လေထဲသို့ တက်ကာ နောက်သို့ ကြည့်သည်။ သူတို့က သည်နေရာတွင် နှစ်အနည်းငယ် နေထိုင်ခဲ့ကြ၏။ ယနေ့ ထွက်သွားပြီးနောက်တွင် သူတို့ ပြန်လာဖြစ်ရန် မသေချာတော့ပေ။ ယနေ့ သူတို့ သွေးနဂါးဘုံသို့ သွားကြမည်ဖြစ်သည်။

“သွားကြမယ်” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူတို့အုပ်စုက နန်းတော်ရှိရာဘက်သို့ ဦးတည်လိုက်ကြသည်။ ချက်ချင်းပင် ထိုနေရာတစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်ကျန်ရစ်ခဲ့၏။

အင်ပါယာရှားနန်းတော်တွင် လူအများအပြား စောင့်ဆိုင်းနေကြသည်။ ရီဖူရှင်းတို့ ရောက်လာသောအခါ သူတို့အား လူတစ်စု လာရောက်တွေ့ဆုံ၏။ ဦးဆောင်လာသူမှာ ရှားရှင်းယွန်ဖြစ်သည်။

ရှားရှင်းယွန်သည်လည်း သွေးနဂါးဘုံသို့ လိုက်ပါမည်ဖြစ်၏။

ရှားရှင်းယွန်အပြင် ရီဖူရှင်းက ရင်းနှီးသော လူများကိုလည်း တွေ့သည်။ ဥပမာ လီဟန်ဓားနန်းတော်မှ ဝမ်ချွန်း၊ ရွှမ်ယွင်နန်းတော် သခင်လေး ရွှမ်ယွင်အော့နှင့် တိမ်တိုက်တောင်ကြားမှ ကုန်းစွန်းကျောင်းတို့ ဖြစ်ကြသည်။

ရီဖူရှင်းက ပြည်နယ်ကိုးခုမှ ပိုင်လွေလီတို့ကိုလည်း မြင်သည်။

သူတို့မှာ ရှားရှင်းယွန်၏အမိန့်ဖြင့် အထက်ဘုံသို့ ရောက်လာကြသူများ ဖြစ်ကြသည်။ သူတို့သည်လည်း မင်းသမီးနှင့်အတူ ခရီးထွက်ကြမည်ဖြစ်သည်။

“ဘာလို့ ဒီကို ရောက်လာတာလဲ” ရီဖူရှင်း၏နောက်မှ လျိုဖန်းက လူတစ်ယောက်ကို မေးသည်။ ရီဖူရှင်းက လှမ်းကြည့်လျှင် ကုန်းစွန်းကျောင်းဘေးမှ ကုန်းစွန်းနီနှင့် ကုန်းစွန်းရွှမ်တို့အား မြင်သည်။

“ငါ ဘာလို့ မလာရမှာလဲ” ကုန်းစွန်းရွှမ်က ပြန်ပြောသည်။

“အာ …” တစ်ဖက်မှ ဒေါသစွက်သော အသံလေးအား ကြားကာ လျိုဖန်းမှာ ဆွံ့အရသည်။

ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးသည်။ သိသာစွာပင် တစ်စုံတစ်ယောက်က သူတို့၏အစ်ကို၅အား ထိန်းချုပ်နိုင်လေပြီ။

လျိုဖန်းကား အမြဲတမ်းအားဖြင့် လွတ်လပ်သူ ဖြစ်သော်လည်း အနာဂတ် သူ့အချစ်ရေးတွင် ထိုမျှ လွတ်လပ်မည့်ဟန် မရှိပေ။

ရီဖူရှင်းက ရောက်လာသူများအား ကြည့်ကာ အင်ပါယာရှားက ထိုအင်အားစုများနှင့် ပြောဆို ဆွေးနွေးပြီးဖြစ်ကြောင်း ခန့်မှန်းမိသည်။

များစွာသော ထိပ်သီးအင်အားစုများက သူတို့၏ လူငယ်မျိုးဆက်များကို သွေးနဂါးဘုံသို့ စေလွှတ်ကြသည်။

“မင်းသမီးလည်း သွေးနဂါးဘုံမှာ အချိန်ကြာကြာနေဖို့ စဉ်းစားထားတာလား” ရီဖူရှင်းကလည်း မေးသည်။ ထိုလူငယ်မျိုးဆက်များ လိုက်ပါသည်နှင့်အတူ သူတို့အင်အားစုများမှ စွမ်းအားမြင့် တန်ခိုးရှင်များလည်း လိုက်ပါကြမည် ဖြစ်သည်။

ဤသည်ကပင် ဂုဏ်ပြုပွဲအပြီး ဆွေးနွေးပွဲရလဒ် ဖြစ်သည်။

“ဒီခရီးလမ်းက ပြင်ပလောက စမ်းသပ်မှုတွေကို ရင်ဆိုင်ခြင်းပဲ။ အဖေက နင့်ကို မြို့စားအဖြစ် ခန့်အပ်လိုက်မှတော့ သူတို့အားလုံးက နင့်အမိန့်ကို နာခံကြမှာပဲ။ ငါအပါအဝင်ပေါ့” ရှားရှင်းယွန်က ရီဖူရှင်းကို ပြောသည်။

“ကျုပ် မရဲပါဘူး” ရီဖူရှင်းက တီးတိုးပြောသည်။ သို့သော်လည်း ရှားရှင်းယွန်က သူ့အား ဆက်လက်၍ ကြည့်နေသည်ကို မြင်လျှင် ရီဖူရှင်းက ပြောသည် … “ဒါပေမဲ့ ကျေးဇူးတင်ပါတယ် … အရှင်မင်းသမီး”

သိသာစွာပင် အင်ပါယာရှားက နောက်ဆုံးတစ်ကြိမ် မတော်တဆမှုကြောင့် ဤသို့ စီစဉ်ပေးခဲ့ဟန်ရသည်။

သူက ပိုမိုဝေးကွာသော အရိပ်များသို့ ခရီးထွက်လိုသည်။ ထို့ကြောင့် အင်ပါယာရှားက ချင်ယဲ့မြို့အား ပိုမိုခိုင်မာအောင် အခြေတည် ပေးခဲ့ခြင်းဖြစ်သည်။ သူ့အား ချင်ယဲ့မြို့စားအဖြစ် ခွင့်ပြုခြင်းက သူ့အပေါ် ယုံကြည်ခြင်း တစ်မျိုးလည်းဖြစ်သည်။

“ရှင်းယွန် … ငါတို့ဘယ်အချိန် သွားမလဲ” ထိုအခိုက်တွင် သာယာနာပျော်ဖွယ် အသံတစ်သံကို ကြားကြရကာ လူတစ်စု လာနေသည်ကို ရီဖူရှင်းတို့ မြင်ကြ၏။ ယောင်းချီကလည်း သူမ၏လူများကို ခေါ်ဆောင်လာခဲ့သည်။

ရှားရှင်းယွန်က ထူးမခြားနားစွာ ကြည့်သည်။ သူမက ယောင်းချီအား တစ်ချက်မျှကြည့်ကာ ဘာမှ ပြန်မပြောပေ။

“သခင်လေးရီ … မတွေ့တာကြာပြီ” ယောင်းချီကလည်း ရှားရှင်းယွန်၏ အပြုအမူကို အလေးထားဟန်မရှိဘဲ ရီဖူရှင်းကို ပြုံးကာ မေးသည်။ ယောင်းချီကား တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ထားကာ အလွန်လှပနေ၏။

“မင်းသမီးယောင်းချီလည်း ချင်ယဲ့မြို့ကို လိုက်မှာလား” ရီဖူရှင်းက ပြောသည်။

“ဟုတ်တယ် …” ယောင်းချီက ပြောသည် … “ယောင်းချီက အမြဲတမ်း လောကကြီးကို တွေ့မြင်လိုခဲ့တယ်။ အခု အခွင့်အရေးရတုန်း ယောင်းချီလည်း လိုက်ခဲ့မယ်”

ရီဖူရှင်းက ဘာမှ သိပ်မပြောတော့။ ယောင်းချီကား အင်ပါယာရှားဘုံ၏ မင်းသမီးတစ်ပါး ဖြစ်နေလေပြီ။ သူမလုပ်လိုသည်များကို သူ မကန့်သတ်နိုင်ပေ။

“ဒါဆိုလည်း သွားရအောင် …” ရီဖူရှင်းက ပြောလျှင် ရှားရှင်းယွန်က ခေါင်းညိတ်သည်။ သူတို့အုပ်စုက အာကာသခရီးသွား ဝင်္ကပါသို့ ဦးတည်လိုက်ကြသည်။

ကုန်းစွန်းရွမ်သည် သူတို့နှင့်အတူ လိုက်ပါလာရင်း မသိလိုက်မီတွင်ပင် လျိုဖန်းအနီးသို့ ရောက်လာသည်။

ရွှမ်ယွင်နန်းတော်မှ ရွှမ်ယွင်အော့သည် ယူချင်းဘေးနားတွင် လျှောက်လာကာ ပြောသည် … “မင်းက သွေးနဂါးမြစ်ကမ်းတိုက်ပွဲမှာ အနိုင်ရပြီးတော့ ဒေသနန်းတော်သို့ ဝင်ပြီး လေ့ကျင့်မယ်လို့ ကြားတယ်”

ရွှမ်ယွင်နန်းတော်၏ မျိုးဆက်တစ်ယောက် အနေဖြင့် သူက သွေးနဂါးဘုံနှင့် ပတ်သက်သည်များကို အနည်းငယ် သိပေသည်။

ထိုနေရာကား သွေးနဂါးဘုံတွင် နံပါတ်တစ် ကျင့်ကြံခြင်း နေရာအဖြစ် ကျော်ကြား၏။

“ဘာဖြစ်လို့လဲ” ယူချင်းက ရွှမ်ယွင်အော့ကို ကြည့်ကာ မေးသည်။

ရွှမ်ယွင်အော့သည်လည်း သန်မာထွားကျိုင်းသူဖြစ်ကာ ယူချင်းနှင့် ယှဉ်ရပ်လျှင်ပင် သူသည်လည်း သိမ်ငယ်ဟန်မရှိပေ။ သူက ယူချင်းကို ကြည့်ကာ ပြောသည် … “မင်း သွေးနဂါးဘုံကို ရောက်တဲ့အခါ ငါ မင်းနဲ့အတူ လေ့ကျင့်လို့ ရမလား”

ရွှမ်ယွင်အော့၏စကားကို ကြားလျှင် လူအများက သူတို့ကို လှမ်းကြည့်ကြသည်။ ရွှမ်ယွင်နန်းတော်မှ မာနကြီးသော သည်လူငယ်သည် ဤသို့သော စကားကို အမှန် ပြောထွက်သည်လား။

ထိုအဖြစ်က လူအများကို ထူးဆန်းစေသည်။

“မရဘူး” ယူချင်းက ပြောသည်။ ထိုစကားက တွေဝေခြင်းမရှိသော ငြင်းပယ်မှုဖြစ်၏။ သူက ထိတ်လန့်နေသော လူအုပ်ကြီးကို ချန်ထားခဲ့ကာ ရှေ့သို့ ဆက်လက် လျှောက်သွားခဲ့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset