အပိုင်း(၁၂၃၂)

အင်ပါယာရှား၏သဘောထား

နန်းတော်၏ အတွင်းပိုင်းတွင် သွေးနဂါးဘုံသို့ သွားနိုင်သော အာကာသခရီးသွားဝင်္ကပါ ရှိပေသည်။

ရီဖူရှင်းက ရန်ယွင်တို့အား လာရောက် လိုက်ပါပို့ဆောင်၏။ ဖေးရွှီသည် ရီဖူရှင်း၏ဘေး၌ ရပ်နေသည်။ သူမက ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည် … “အဖေ ကြုံခဲ့တဲ့အရာတွေက ငါတို့အားလုံး မြင်ချင်တဲ့အရာ မဟုတ်ဘူး။ ရှင်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့”

ရီဖူရှင်းက အပြစ်ရှိသလို ခံစားနေရသည်ကို သူမသိသည်။ သူသည် တစ်ချိန်လုံး သူ့ကိုယ်သူ အပြစ်တင်နေဟန် ရ၏။

ရီဖူရှင်းက သူ၏ရှေ့မှ မိန်းကလေးအား ကြည့်ကာ အပြင်းထန်ဆုံး နာကျင်ရသူမှာ သူမသာ ဖြစ်ပေမည်ဟု တွေးမိ၏။

ယခုတွင် သူမသည် မိမိအား လာရောက် အားပေး တိုက်တွန်းနေ၏။

သူ့မျက်နှာတွင် ခါးသက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာကာ ပြောသည် … “စိတ်ချပါ။ ငါက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်။ မင်းလည်း စီနီယာတွေနဲ့အတူ သွေးနဂါးဘုံသို့ သွားတဲ့အခါ ဂရုစိုက်ပါ”

“ငါသတိထားပါ့မယ်” ဖေးရွှီက ညင်သာစွာ ခေါင်းညိတ်သည် … “နင်လည်း သွေးနဂါးဘုံကို သွားမှာလား”

“အင်း … သွေးနဂါးဘုံက ချင်ယဲ့မြို့ကို ဖြစ်လိမ့်မယ်” ရီဖူရှင်းက ပြန်ပြောသည်။

“ကောင်းပြီ။ ငါတို့ သွေးနဂါးဘုံမှာ ပြန်တွေ့ကြတာပေါ့” ဖေးရွှီက တီးတိုးပြောသည်။ ထို့နောက် သူမကလည်း ရန်ယွင်တို့နှင့်အတူ ဝင်္ကပါ အစီအရင်ထဲသို့ ဝင်၏။

“အားလုံး ဂရုစိုက်ကြပါ” ရီဖူရှင်းက ရန်ယွင်နှင့် တခြားလူများကို ပြောသည်။

“မင်းလည်း ဂရုစိုက်ပါ” ရန်ယွင်က ရီဖူရှင်းကို ခေါင်းညိတ်သည်။ လင်းလက်သော ရောင်စဉ်များက ဝင်္ကပါတစ်ခုလုံး၌ ဖြစ်ပေါ်လာခဲ့ကာ ထိုခဏအတွင်း၌ပင် သူတို့အုပ်စုမှာ ထိုနေရာမှ ပျောက်ကွယ် သွားကြတော့သည်။

ရန်ယွင်က ကောင်းကင်ထက်ကို ကြည့်သည်။ သူဘာတွေး နေသည်ကို မည်သူမှ မသိပေ။

ရှားရှင်းယွန်က ရီဖူရှင်း၏ဘေး၌ ရပ်သည်။ သူမ၏မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်လာသည်။

သည်ကိစ္စက ရီဖူရှင်းအား များစွာ စိတ်ထိခိုက် စေပေလိမ့်မည်။

“နင် သွေးနဂါးဘုံကို သွားတော့မှာလား” ရှားရှင်းယွန်က အတန်ကြာ တိတ်ဆိတ်နေပြီးမှ မေးသည်။

“အင်း …” ရီဖူရှင်းက ခေါင်းညိတ်သည် … “ငါက သွေးနဂါးဘုံမှာ အခြေချပြီးတော့ လီယောင်ကို တိုက်ခိုက်ဖို့ မြှူဆွယ်ခဲ့တယ်။ ဒါပေမဲ့ နန်းတွင်းအကြံပေးက သွေးနဂါးဘုံသို့ ရောက်လာခဲ့တယ်။ ဖြစ်ပျက်ခဲ့တာကို မင်းသမီးလည်း သိတာပဲ”

ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သိနားလည်သူကို ပြပါဆိုလျှင် ရှားရှင်းယွန်သာ ဖြစ်ပေမည်။ ရီဖူရှင်းက သွေးနဂါးဘုံကို အသုံးပြုကာ လီယောင်အား သတ်ဖြတ်လိုခဲ့သည်။ သို့သော်လည်း နန်းတွင်းအကြံပေး ရောက်လာခြင်းက သူ၏အစီအစဉ်များ အားလုံးကို ကမောက်ကမ ဖြစ်စေခဲ့၏။

ယခု ရီဖူရှင်းသည် ကြီးစွာ စိတ်ပျက် နေရပေမည်။ သူ ထွက်သွားလိုခြင်းမှာလည်း သိပ်တော့ မထူးဆန်းပေ။

“ငါပြောခဲ့တဲ့အတိုင်း နင့်ကို ချင်ယဲ့မြို့ရဲ့ မြို့စားအဖြစ် သတ်မှတ်ဖို့ အဖေနဲ့ပြောလိုက်မယ်။ အခုကစပြီး နင်က ချင်ယဲ့မြို့ရဲ့အလုံးစုံ အုပ်ချုပ်သူဖြစ်ပြီး အင်ပါယာရှားဘုံက ဘယ်သူမှ လွှမ်းမိုးလို့ မရဘူး”

ရီဖူရှင်းသည် အင်ပါယာရှားဘုံမှ အနှေးနှင့်အမြန် ထွက်သွားမည်ကို သူမသိသည်။ ချင်ယဲ့မြို့စားအဖြစ် သူ့ကို သတ်မှတ်ခြင်းက သူ့အား မြို့ကို လက်ဆောင်အဖြစ် ပေးအပ်သည်နှင့်လည်း တူညီပေသည်။ တစ်ဖက်တွင် ရီဖူရှင်းအား ကာကွယ်ရန် တန်ခိုးရှင်များလည်း စေလွှတ်နိုင်၏။

မည်သို့ဆိုစေ ရီဖူရှင်း၏ စွမ်းရည်မှာ မြို့အား ထိန်းချုပ်ရန် အားနည်း နေပေသေးသည်။

သွေးနဂါးဘုံမှာ မြို့ကို ထိန်းချုပ်သူများ အားလုံးသည် အနိမ့်ဆုံး ပြန်လည် မွေးဖွားခြင်းအဆင့် ရှန့်ထိုများဖြစ်ကြ၏။

“မင်းသမီးကို ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ငြင်းဆန်ခြင်း မပြုပေ။

“ကျုပ် ကော့တေးကို အရင်ပြန်လိုက်ဦးမယ်” ရီဖူရှင်းက ပြောသည်။ ရှာရှင်းယွန်က ခေါင်းညိတ်သည် … “ငါ လိုက်ပို့မယ်”

ထို့နောက် သူတို့နှစ်ဦး ထွက်သွားကြသည်။

ရီဖူရှင်းက အင်ပါယာရှားကို သွားတွေ့ကာ ရှားရုန်ကို အပြစ်ပေးရန် မတောင်းဆိုခဲ့ပေ။

ရှားရုန်က သည်တစ်ကြိမ်တွင် သူ့အား ထိခိုက်စေခဲ့သော်လည်း သူသည် အင်ပါယာရှား၏ သားတော်ဖြစ်သည်။ ရှားရုန်၏ ရပ်တည်ချက်အရ ဆိုပါက သူ့အနေဖြင့် တာလီမှ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးအား ရှင်းလင်းရန် ကြံစည်ခြင်းမှာ မှားယွင်းခြင်း မရှိပေ။

သူအသုံးပြုသည့်နည်းလမ်းက ညစ်ပတ်သော်လည်း ရန်ဟောင်ဘုံနှစ်ခုအကြား တိုက်ပွဲတွင် ရိုးသားမှုကို ပြောဆိုနေ၍ မရပေ။

တစ်ဖက်တွင် ရီဖူရှင်းကား အပြင်လူဖြစ်ကာ အင်ပါဘာရှားနှင့် ရှားရှင်းယွန်တို့ကလည်း သူ့အပေါ် အလွန် ကောင်းပေသည်။

အင်ပါယာရှားနှင့် ရှားရှင်းယွန်တို့က ရီဖူရှင်းအပေါ် ကောင်းသော်လည်း သူ့အနေဖြင့် ရှားရုန်ကို အပြစ်ပေးရန် တောင်းဆိုရန်တော့ မဖြစ်နိုင်ပေ။

ရှားရုန်သည် ရှောင်ရှမ်း မဟုတ်ပေ။

တစ်နေ့ သူ့တွင် ရှားရုန်နှင့် ရင်ဆိုင်နိုင်သော စွမ်းရည်မရှိလျှင် တခြားသော နည်းလမ်း အကြံအစည်များမှာ အရာရောက်မည် မဟုတ်ပေ။ သူ့တွင် အင်ပါယာရှားအား ဖြေရှင်းပေးရန် တောင်းဆိုခွင့် မရှိပေ။

မှန်သည် … ရှားရုန်၏ လုပ်ဆောင်မှုများကြောင့် အင်ပါယာရှားအပေါ် ရီဖူရှင်းက အမြင်စောင်းမည်တော့ မဟုတ်ပေ။

အင်ပါယာရှားက အင်ပါယာရှားဖြစ်ကာ ရှားရုန်ကား ရှားရုန်ဖြစ်သည်။

သူတို့က မိသားစုများ ဖြစ်သော်လည်း လူတိုင်းက တစ်သီးပုဂ္ဂလ ဖြစ်၏။

ထိုအရများက လီဟန်ဓားသမားနှင့် နန်းတွင်းအကြံပေးတို့၏ စိတ်သဘောထားများထံမှ သူသင်ယူရရှိခဲ့ခြင်း ဖြစ်သည်။

မှန်သည် … ဤသို့သော စည်းမျဉ်းများမှာ မကောင်းသော လူများနှင့်တော့ မသက်ဆိုင်ပေ။

***

ရီဖူရှင်း ထွက်ခွာသွားပြီးနောက် ရှားရှင်းယွန်က အင်ပါယာရှား နန်းတော်သို့ ရောက်လာခဲ့သည်။

ရှားရှင်းယွန် ရောက်လာသည်ကို အင်ပါယာရှားမြင်လျှင် သူက ပြုံးလျက်ပြောသည် … “သမီးအစ်ကိုကြောင့် ရောက်လာတာလား”

“အဖေ … နောက်ဆုံးတစ်ခေါက် မတော်တဆဖြစ်ရပ်က ဒီတစ်ခေါက်နဲ့ သက်ဆိုင်နေမလား” ရှားရှင်းယွန်ဆိုလိုသည်က တာလီတွင် ရီဖူရှင်း၏မူလသရုပ်မှန် ပေါက်ကြားသွားခြင်း ဖြစ်သည်။

“နောက်ဆုံးတစ်ခေါက်က ရှားရုန် နန်းတော်မှာ မဟုတ်ဘူး” အင်ပါဘာရှားက ရှားရှင်းယွန်ကို ကြည့်ကာ ပြောသည်။

ရှားရှင်းယွန်က သူမ၏အဖေကို ကြည့်သည်။ သူမ၏အစ်ကို ရှားရုန်သည် စစ်တပ်တွင်သာ အနေများသည်ကို သိ၏။

“မှန်တယ် … နန်းတော်မှာ မရှိဘူးဆိုပေမဲ့ သူမလုပ်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ဘူး။ သူလုပ်ခဲ့တာလည်း ဖြစ်နိုင်တယ်။ သမီးရဲ့ အစ်ကို၂လည်း ဖြစ်နိုင်တယ်။ သမီးရဲ့ အစ်ကို၃လည်း ဖြစ်နိုင်တယ်။ အားလုံးက သံသယရှိဖို့ ကောင်းတယ်” အင်ပါယာရှားက ဆက်ပြောသည်။

“ဒါပေမဲ့ အဖေက ဘာလို့ မစုံစမ်းတာလဲ” ရှားရှင်းယွန်က မေးသည်။

“အဖေက ဘာလို့ အစ်ကိုကို အပြစ်မပေးတာလဲ”

သွေးနဂါးဘုံတွင် ရှားရုန်က နန်းတွင်းအကြံပေးကို သတ်ဖြတ်ရန် ကြံစည်ခဲ့သော်လည်း သူက ရီဖူရှင်း၏အသက်ဖြင့် လောင်းကြေး ထပ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ရီဖူရှင်း အသက်သေသွားရန် အနည်းငယ်မျှသာ လိုခဲ့၏။

“တာလီက ငါတို့နဲ့ ရန်မီးပွားခဲ့ပြီးတော့ သွေးနဂါးဘုံမှာ ပြဿနာ ဖြစ်ခဲ့တယ်။ ရီဖူရှင်းက လီယောင်ကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ တာလီနန်းတွင်း အကြံပေးကြောင့် လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ ဘာလုပ်ခဲ့တယ်လို့ ထင်လဲ” အင်ပါယာရှားက မေးသည်။

ရှားရှင်းယွန်က သူမ၏အမေကို ကြည့်ကာ ဆွံ့အရသည်။

တစ်ဖက်တွင် နန်းတွင်းအကြံပေးသည် သူတို့၏ရန်သူ ဖြစ်နေ၏။

“ဒီတိုက်ပွဲမှာ အင်ပါယာရှားဘုံက ထိပ်တန်းပုဂ္ဂိုလ်တွေ အကုန်လုံး သွေးနဂါးဘုံသို့ သွားရောက် တိုက်ခိုက်ခဲ့ကြတယ်။ ရီဖူရှင်းက လီယောင်ကို ဖမ်းဆီးခဲ့တယ် ဆိုပေမဲ့ သူ့ဘက်က အမြင်ကိုသာ ဖယ်ထာလိုက်ရင် သမီးရဲ့အစ်ကို လုပ်ခဲ့တာ မမှားဘူး” အင်ပါယာရှားက ပြောသည်။

ရှားရှင်းယွန်က တိတ်ဆိတ်စွာ နားထောင်နေ၏။ သူမကလည်း သူမအဖေ ပြောသည်ကို နားထောင်လို၏။

“သမီးရဲ့အစ်ကိုဖြစ်စေ၊ ရီဖူရှင်းဖြစ်စေ၊ သူတို့အားလုံးက ရင့်ကျက် လာကြတာပဲ။ သူတို့အားလုံးက ရှန့်ထိုအဆင့်သို့ ရောက်နေကြပြီ။ သူတို့က တိုက်ခိုက်လိုတယ် ဆိုရင်လည်း ငါကတော့ တားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအတွက် အကျိုးဆက်ကိုတော့ ခံနိုင်ဖို့ လိုလိမ့်မယ်။ ထီးနန်းအတွက် တိုက်ခိုက်တယ် ဆိုရင်တောင်မှပေါ့”

အင်ပါယာရှား၏အသံက တည်ငြိမ်နေသည်။ သူက ပြောသည် … “သူတို့လုပ်ချင်တာတွေ အများကြီးကို ငါက ထောက်ခံအားပေးတယ်။ ဒါပေမဲ့ အဲဒါတွေကို သူတို့ကိုယ်တိုင်ရဲ့ စွမ်းရည်နဲ့ပဲ လုပ်ဆောင်ရမှာဖြစ်ပြီး ဒီအတွက် အကျိုးအပြစ်ကိုလည်း ခံနိုင်ဖို့လိုတယ်။ သွေးနဂါးဘုံမှာ နန်းတွင်းအကြံပေးက ရီဖူရှင်းကို ပြောတဲ့စကားကို ငါကြားတယ်။ ပညာရှိတဲ့သူက ပြိုကျလုတံတိုင်းအောက်မှာ မရပ်ဘူး။ သူပြောတာမှန်တယ်။ သူတို့ လုပ်ဆောင်သမျှအတွက် အကျိုးအပြစ်တွေကို သေသေချာချာ စဉ်းစားဖို့လိုတယ်”

“ဒီနေ့ သူတို့ အာဏာနဲ့စွမ်းအား အတွက် လျှို့ဝှက် တိုက်ခိုက်နေကြတာကို မတားဘူး။ သမီးအစ်ကိုကိုလည်း အပြစ်ပေးမှာ မဟုတ်ဘူး။ အနာဂတ်မှာ သူတို့လုပ်ခဲ့တဲ့ အကျိုးအပြစ်ကို သူတို့ခံစားရမှာပဲ။ ဒါက သူတို့ရဲ့ လမ်းစဉ်ပဲ။ ကျင့်ကြံသူတိုင်းက သူတို့ ကြီးထွားဖို့အတွက် ဒါတွေကို ကျော်ဖြတ်ဖို့လိုတယ်”

အင်ပါယာရှားက ဖြည်းညင်းစွာ ပြောသည် … “သမီးလည်း အတူတူပါပဲ ရှင်းယွန်၊ သမီးက ရှန့်ထိုအဆင့်သို့ တက်လှမ်းတော့မယ်။ တစ်နေ့ သမီးလည်း တစ်ကိုယ်တော် ပျံသန်းရမှာပဲ”

“သမီး နားလည်ပါပြီ” ရှားရှင်းယွန်က ခေါင်းညိတ်ကာ စကားတစ်လုံးမှ မဆိုဘဲ တစ်ဖက်သို့ လှည့်ထွက်သွားသည်။

ရှားရှင်းယွန် ထွက်သွားသည်ကို ကြည့်ကာ အင်ပါယာရှားက ဘာမှ မပြောပေ။

သည်အရာကပင် သူတို့၏ကျင့်ကြံခြင်း ဖြစ်သည်။ မုန်တိုင်းများ၊ အခက်အခဲများနှင့် ဒုက္ခများ အားလုံးသည် သူတို့နှင့်သက်ဆိုင်သော ခေတ်စနစ်တစ်ခုအား ဖန်တီး သွားပေလိမ့်မည်။

***

ရက်အနည်းငယ် ကြာသောအခါ အင်ပါယာရှားဘုံနှင့် အင်ပါယာလီဘုံတို့ စွမ်းအင် အထောက်အပံ့ နေရာများအတွက် ထိပ်တိုက် ရင်ဆိုင်မှုများ ရှိလာခဲ့သည်။

ထို့အတူ ခိုက်ရန် ဖြစ်ပွားမှုများလည်း ပိုမိုများပြားလာ၏။ ရန်ဟောင်ဘုံနှစ်ခုသည် စစ်မြေပြင်တွင် ဆက်လက်၍ တိုက်ခိုက်ခဲ့ကြ၏။ ဘုရင်ထန်တောက်နှင့် ဗိုလ်ချုပ်ထန်တို့သည် သူတို့၏ စစ်တပ်များဖြင့် အချင်းချင်း ရင်ဆိုင် တိုက်ခိုက်နေကြသည်။

ထိုဖြစ်ရပ်များက ဘုံနှစ်ခုအကြား မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့ပြီး ထိုအရာများမှာ သွေးနဂါးဘုံမှ အကျိုးဆက်များ ဖြစ်ကြောင်း သိလိုက်ကြသည်။

ထိုဖြစ်ရပ်များ၏ ရင်းမြစ်မှာလည်း ရီဖူရှင်းနှင့် တာလီမင်းသား လီယောင်တို့၏ ရန်မီးမှ အစပျိုးခဲ့ခြင်း ဖြစ်သည်။

တစ်ကြိမ်တစ်ခါက လီယောင်သည် ပြည်နယ်ကိုးခုတွင် ရီဖူရှင်း၏ဇနီးအား သတ်ဖြတ်ရာခဲ့၏။ ယခု ရီဖူရှင်းက သူ့အား သွေးနဂါးဘုံတွင် သတ်ဖြတ်နိုင်ခဲ့သည်။

မှန်သည်… နယ်စပ်မှ တိုက်ပွဲမှာ အင်ပါယာဘုံများကို သိပ်သက်ရောက်ခြင်းတော့ မရှိပေ။ ဘုံနှစ်ခုလုံးက အလုံးအရင်းဖြင့် တိုက်ခိုက်ရန်တော့ သဘောဆန္ဒမရှိကြပေ။

အင်ပါယာရှားနန်းတော်မှ ရီဖူရှင်းအား သွေးနဂါးဘုံ၊ ချင်ယဲ့မြို့၏မြို့စားအဖြစ် တရားဝင်ခန့်အပ်သော အမိန့်တော်ကို အင်ပါယာရှားက ကိုယ်တိုင် ထုတ်ပြန်ခဲ့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset