စာစဥ် (၂၅) အပိုင်း (၃၄၀)

ဇူယွမ်ရဲ့ခွန်အား

ချန်းယွင်သည် ဇူယွမ်၏ရှေ့၌ မတ်တပ်ရပ်လျက်ရှိပြီးတောင်ကုန်းပေါ်၌ရှိနေသော ပွဲကြည့်နေသူများမှာမျက်တောင်ပင်မခတ်ပဲ သူတို့နှစ်ဦးအား စောင့်ကြည့်နေလျက် ရှိသည်။

ယခုနတွင် ဖန်းယုသည် မျက်စိတစ်မှိတ်စာမျှသော အချိန်လေးအတွင်း၌ ဘာမှန်းမသိလိုက်ရခင်မှာပင် အရိုက်ခံလိုက်ရသောကြောင့်ဖြစ်သည်။သည်တစ်ချိန်တွင်တော့ လူတိုင်းသည် မျက်လုံးများကို ပြူးကျယ်စွာဖွင့်ကာ စောင့်ကြည့်နေကြပေသည်။

သူတို့အားလုံးမှာ ဇူယွမ်၏ခွန်အားသည် ခဏတာအတွက်လား။သို့မဟုတ်ပါက တကယ်ပင်သန်မာသည့်သူလားဆိုသည်ကို သိချင်စိတ်ပြင်းပြလျက် ရှိသည်။ချန်းယွင်သည် ဤအဖြေကို သဲကွဲစေပေလိမ့်မည်။

လေထုမှာ တင်းမာလျက်ရှိနေပြီး ချန်းယွင်သည်ဇူယွမ့်အား မျက်စိဒေါက်ထောက်မတက် ကြည့်နေလျက်ရှိသည်။

သူသည် ခေတ္တမျှ တွေဝေတုန့်ဆိုင်းနေခြင်းပင် မရှိတော့ပဲ အသက်ရှူသွင်းလိုက်၏။ သူ၏ ချီသိုလှောင်ခန်းအတွင်းတွင်ရှိနေသော ချီကြယ်ပွင့်များမှာစတင်၍ လင်းလက်တောက်ပလာခဲ့သည်။ချီစွမ်းအင်များသည် သူ၏သွေးကြောများကို ဖြတ်သန်းသွားပြီးရိုးတွင်းချဥ်ဆီတိုင်အောင် ပျံ့နှံ့သွားကာ ဦးခေါင်းထက်သို့ ထွက်ပေါ်လာပြီး ကိုယ်ခန္ဓာအား ရစ်ခွေထားလေသည်။သန့်စင်သောချီစွမ်းအင်များသည် ပြင်းထန်လှသော ဖိအားများကို ထုတ်လွှတ်လျက်ရှိသည်။

ချန်းယွင်သည် မူလစဦးပဥ္စမအဆင့်များအကြားတွင်လက်ရွေးစင်အဆင့် ရှိသူဖြစ်ကာ ဖန်းယုထက်အနည်းငယ်မျှပင် အားနည်းခြင်း မရှိပေ။ယခုနပြိုင်ပွဲတွင် ဖန်းယုမည်သို့ ရှူံးနိမ့်သွားရသည်ကိုမြင်တွေ့ခဲ့ရသည့်အတွက် သူသည် ဇူယွမ်အားအနည်းငယ်မျှပင် အထင်အ​မြင်သေးရဲခြင်း မရှိတော့ပဲ သူ၏စွမ်းအင် အလုံးစုံအား ထုတ်ဖော်ပြသလျက် ရှိသည်။

ချန်းယွင်၏ချီစွမ်းအားများအား ခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဇူယွမ်၏မျက်ဝန်းများသည် လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေဟန်ရှိပြီး အမူအရာ အနည်းငယ်မျှ ပြောင်းလဲသွားသည်။

ဝုန်း…

များစွာသော အကြည့်များ၏အောက်၌ပင် ချန်းယွင်သည် စတင်၍ တိုက်ခိုက်လိုက်ပြီး ဇူယွမ့်အား အခွင့်အရေး အနည်းငယ်မျှပင် မပေးမည့်သဘောတွင် ရှိသည်။

ချန်းယွင်၏ကိုယ်ခန္ဓာမှာ လေထုများကိုပင် ဆုတ်ဖြဲသွားကာ သူ၏လက်နှစ်ဖက်မှ ပြင်းထန်သော ချီစွမ်းအင်များ ထုတ်လွှတ်လျက်ရှိသည်။

“အရိပ်ဇီးကွက် သတ်ဖြတ်ခြင်း”

ဒါဇင်မျှသော ပြင်းထန်သည့်ချီစွမ်းအင်များမှာကောင်းကင်ထက်တွင် ကြီးမားသော ဇီးကွက်အရိပ်ပုံသဏ္ဍာန်သို့ ပြောင်းလဲသွားပြီး ဇူယွမ့်အား လျင်မြန်စွာဖြင့် ထိုးသုတ်လိုက်သည်။

ချန်းယွင်သည် ပွဲအစ၌ပင် သူ၏ဝှက်ဖဲအား ထုတ်ဖော်ပြသလိုက်ပေသည်။ ထိုချီစွမ်းအင်၏ ကြမ်းတမ်းပြင်းထန်မှုကို ကြည့်ခြင်းအားဖြင့် သာမန်ကောင်းကင်ဘုံငယ်ကျင့်စဥ်တစ်ခု မဖြစ်နိုင်ပေ။

ကြောက်မက်ဖွယ်ရာကောင်းသော အရိပ်ဇီးကွက်၏စူးရှကျယ်လောင်သော အော်ဟစ်သံသည် လေထုများကိုပင် ဆုတ်ဖြဲသွားစေပြီး ပွဲအစမှစ၍ တစ်လက်မပင်မရွေ့လျားသေးသော ဇူယွမ့်ထံသို့ တည့်တည့်တိုးဝင်သွားသည်။

ဘန်း…

မြေပြင်များသည်ပင် ကွဲအက်သွားရကာ လေထုသည်ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားခဲ့သည်။ချန်းယွင်သည် သူတိုက်ခိုက်လိုက်သော နေရာအား ကြည့်လိုက်ပြီးနောက်တွင် သူ၏မျက်ဝန်းများ၌ရက်စက်သောအငွေ့အသက်များ ဖြတ်သန်းသွားသည်။

သူသည် တွေဝေတုန့်ဆိုင်းခြင်း အနည်းငယ်မျှပင် မရှိနေပဲ လက်နှစ်ဖက်အား ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ကာ သူ၏လက်တွင် ရစ်ခွေလျက်ရှိသော ချီစွမ်းအင်များအား ဒါဇင်မျှသော ငှက်မွှေးသဏ္ဍာန် ဓားသွားများအဖြစ်သို့ ပြောင်းလဲစေလိုက်သည်။

“နူးညံ့သိမ်မွေ့သော ငှက်မွှေးသဏ္ဍာန် မူလလက်နက် ဓားသွား”

ထူးခြားသည့်အသွင်သဏ္ဍာန်ရှိသော ဓားသွားများသည် နှလုံးအိမ်ကိုပင် ထိုးဖောက်မတက် ထက်မြမှုအား ပေးစွမ်းနေပေသည်။

ချပ်…

သူ၏လက်အား လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက်ဓားသွားများသည် ဖုန်မှုန့်များဖြင့် ပြည့်နှက်နေသောလေထုအားထိုးဖောက်ဝင်ရောက်သွားကာမြေပြင်များကို ပို၍ပင် အက်ကွဲသွားစေခဲ့သည်။

ဝုန်း…

ချန်းယွင်သည် အနည်းငယ်မျှပင် သက်ညှာခြင်းအလျင်းမရှိပဲ မိုးစက်မိုးပေါက်များ ရွာချနေသကဲ့သို့တိုက်ခိုက်မှုများကို တရစပ် ပြုလုပ်လျက်ရှိသည်။ငှက်မွှေးသဏ္ဍာန် ဓားသွားများသည် လေထုများကိုဆုတ်ဖြဲလျက်ရှိပြီး ဖုန်မှုန့်များဖြင့်ပြည့်နှက်နေသောလေထုအား ဓားသွားများဖြင့် လျင်မြန်စွာ ဖြည့်တင်းလျက်ရှိသည်။

တောင်ကုန်းပေါ်မှ စောင့်ကြည့်လျက်ရှိသော တပည့်များ၏ မျက်နှာအမူအရာသည် အနည်းငယ်မျှအံ့အားသင့်သွားဟန် ရှိသည်။ ချန်းယု၏ တိကျ၍ ပြင်းထန်သောတိုက်ခိုက်မှုသည် သူတို့အား အထင်ကြီးသွားစေ၏။

ချန်းယွင်သည် တိုက်ပွဲအား အနည်းငယ်မျှပင်တုန့်ဆိုင်းမထားစေပဲ ပွဲအစထဲမှစ၍ သူ၏စွမ်းအင်များ အကုန်အစင်အသုံးပြုကာ တိုက်ခိုက်နေလျက် ရှိသည်။ချီစွမ်းအင်များသည် ဆက်တိုက်ဆိုသလို ဓားသွားများသဏ္ဍာန် ပြောင်းလဲလျက်ရှိပြီးကောင်းကင်ကိုပင် ပြည့်နှက်သွားစေတော့မတက်အဖက်ဖက်မှ ဇူယွမ်အား တိုက်ခိုက်နေလျက်ရှိသည်။

ထိုသို့ ဆက်တိုက် တိုက်ခိုက်နေမှုသည် မူလစဦး ပဥ္စမအဆင့်တပည့်များကိုတောင် ရှုံးနိမ့်သွားစေရန် လုံလောက်ပေသည်။

သို့သော်လည်း ဇူယွမ်သည် ယခင်နေရာ၌ပင် ရပ်လျက်ရှိနေကာ တိုက်ခိုက်လာသော ချီစွမ်းအင်များကိုခံယူလျက်ရှိနေခြင်းက လူတိုင်းအားအံ့အားတကြီး ဖြစ်စေလေသည်။တပည့်တစ်ယော​က်သည် ကူကယ်ရာမဲ့စွာဖြင့်ပင် အံ့အားသင့်နေသောလေသံဖြင့် စကားဆိုလိုက်သည်။

“ဇူယွမ်က နည်းနည်းတော့ သွေးကြီးနေတယ်လို့ မထင်ဘူးလား။သူကတစ်စက်ကလေးတောင် မရှောင်ပဲနေနေတာကိုငါတောင် မယုံနိုင်ဘူး။”

“ကျွတ်..ကျွတ်….. ချန်းယွင်တိုက်ခိုက်နေတာကို ဒီတိုင်းကြီး မရှောင်ပဲ ခံနေရအောင် သူကဘာကောင်မို့လို့လဲ။”

ကျောက်တုံးပွဲကြည့်စင်ထက်တွင် ရှိနေသော လုရွှမ်းယင်မှာ အံကိုတင်းတင်းကြိတ်ကာ ရေရွတ်လိုက်သည်။

“စိတ်ကြီးဝင်နေတဲ့ အရူးကောင်။”

သူမသည် ဖုန်လုံးများ တအိအိလှိုင်းထနေသောကျောက်တုံးစင်မြင့်သို့ မျက်တောင်ပင်မခတ်ပဲ စောင့်ကြည်လျက်ရှိသည်။ ချန်းယွင်၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို ခံယူရပြီးသည့်နောက်တွင် ဇူယွမ်သည် အခြေအနေမကောင်းနိုင်ပေ။

တခြားသောတပည့်များမှာလည်း ကျောက်တုံးစင်မြင့်ထံမှ အကြည့်ပင်မခွာနိုင်ပဲ ဖြစ်နေရသည်။ချန်းယွင်သည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး သူ၏မျက်နှာမှာ ဖြူရော်နေ​ပေသည်။

ခုနကလျင်မြန်သော တရစပ်တိုက်ခိုက်မှုများတွင် သူ၏ချီစွမ်းအင် ကိုးဆယ်ရာခိုင်နှုန်းခန့်အား အသုံးပြုခဲ့ရ၏။သူသည် ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် ဖုန်မှုန့်များဖြင့် ပြည့်နှက်နေသောအပျက်အစီးပုံထဲသို့ လှမ်း၍ကြည့်လိုက်သည်။

ဇူယွမ် မင်းငါ့ကို မင်းထက်ပိုပြီး ရက်စက်လိမ့်မယ်လို့မထင်ထားခဲ့ဘူးမလား…

ချန်းယွင်သည် သူ၏စွမ်းအင်များ အကုန်အစင်အသုံးပြုကာ ဇူယွမ်အားရှောင်ရှားဖို့ပင် အခွင့်အရေးမပေးပဲ အဖက်ဖက်မှတိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်သည့်တိုင် ဇူယွမ်အားမရှုံးနိမ့်စေဘူးဆိုလျှင် သူလည်းထပ်၍ တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။

တောင်ကုန်းများဆီမှ တိုက်ခိုက်လာသောလေပြင်လေညှင်းများသည် ကျောက်တုံးစင်မြင့်ထက်မှ ဖုန်မှုန့်များအား အကုန်အစင် လွင့်စင်သွားစေခဲ့သည်။အပျက်အစီးပုံများအကြားမှ မြင်ကွင်းသည်တစ်စတစ်စဖြင့် ပို၍ထင်ရှားလာခဲ့၏။

လူတိုင်း၏အကြည့်များသည် အံ့အားသင့်မှုများနှင့်ပြည့်နှက်သွားရကာ မျက်ဝန်းများပင် ကျဥ်းမြောင်းကုန်ရသည်။

အပျက်အစီးပုံများအကြားတွင်ဇူယွမ်သည် မတ်တပ်ရပ်လျက်ပင် ရှိနေကာ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်မူလချီစွမ်းအင်များသည်ကြီးမားသော ရွှေရောင်စပါးအုံးအသွင်ဖြင့် သူ့အားရစ်ခွေလျက် ကာကွယ်ထားဟန် ရှိသည်။သူ၏မျက်နှာအမူအရာသည်လည်း ယခင်ကအတိုင်းပင်တည်ငြိမ်နေလျက်ရှိသည်။

တပည့်များ၏ အံ့အားသင့်စွာ ဆူညံအော်ဟစ်သံများသည် တောင်ကုန်းအား လွှမ်းခြုံသွားခဲ့၏။ဇူယွမ်သည် ချန်းယွင်၏တရစပ် တိုက်ခိုက်မှုကိုပင်ခံနိုင်ရည် ရှိခဲ့သည်။တပည့်တစ်ဦးမှ တုန်လှုပ်စွာဖြင့်အော်ဟစ်ပြောဆိုလိုက်သည်။

“ချန်းယွင်ရဲ့တိုက်ခိုက်မှုတွေအကုန်လုံးကို သူ့ရဲ့ချီစွမ်းအင်နဲ့ ဟန့်တားနိုင်ခဲ့တာပဲ။”

“သူ့ရဲ့ချီစွမ်းအင်က အဲ့လောက်တောင် သန်မာ​တာလား။”

ဇူယွမ်၏ချီစွမ်းအင်သည် မူလစဦး ပဥ္စမအဆင့်ထက်ပင် ကျော်လွန်နေမှသာ ထိုတိုက်ခိုက်မှုများအားလုံးကိုဖယ်ရှားနိုင်မည်ဖြစ်ကြောင်း သူတို့သေချာ သိထားကြလေသည်။

လူတိုင်းက အံ့အားသင့်နေသော အချိန်တွင် ချန်းယွင်၏အမူအရာသည်လည်း ပြောင်းလဲသွားရသည်။အဘယ့်ကြောင့်ဆိုသော် ဇူယွမ်၏ကိုယ်မှ ထုတ်လွှတ်လျက်ရှိသော ချီစွမ်းအင်မှာ သူ့အား ထိတ်လန့်ပြင်းထန်သော ဖိအားကို ပေးစွမ်းလျက် ရှိနေသောကြောင့် ဖြစ်သည်။ ထိုဖိအားသည် သူ့အားမူလစဦး ဆဋ္ဌမအဆင့်တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ခံစားချက်အား ပေးစွမ်းနေလေသည်။

ချန်းယွင်သည် ကြောက်လန့်တကြားဖြင့် လျင်မြန်စွာ တွေးတောလိုက်သည်။ “သူ့ရဲ့ ချီကျင့်ကြံခြင်းက ဆဋ္ဌမအဆင့်မှ မရောက်သေးတာပဲ။”

ဇူယွမ်၏ကျင့်ကြံခြင်းအဆင့်သည် မူလစဦး တတိယအဆင့်မျှသာ ရှိသေးသည်ကို သူကောင်းစွာ သိရှိပေသည်။သို့သော် အဘယ့်ကြောင့် မူလစဦး ဆဋ္ဌမအဆင့်မျှသန်မာနေရပါသနည်း။ချန်းယွင် ကြောက်လန့်တကြား တွေးတောနေစဥ်၌ပင်ဇူယွမ်သည် ခေါင်းအားမော့လိုက်ကာ ချန်းယွင်အားစူးရှစွာ ကြည့်လိုက်သည်။

ချန်းယွင်မှာ ​ကြောက်လန့်လွန်းလှသဖြင့် အနောက်သို့ ဆုတ်ပြေးလေတော့၏။

ဝုန်း…

သို့သော်လည်း ဇူယွမ်၏ကိုယ်ခန္ဓာသည် ဒြပ်မဲ့အသွင်သို့ ပြောင်းလဲသွားကာ အခိုးအငွေ့အလား လျင်မြန်စွာဖြင့် ချန်းယွင်၏ရှေ့၌ ပေါ်လာလေသည်။

ချန်းယွင်မှာ ကြောက်လန့်တုန်လှုပ်စွာဖြင့် စကားဆိုလိုက်သည်။ “ငါ…အရှုံးပေးပါပြီ။”

သူသည် မည်သို့မျှအနိုင်မရတော့မှန်း သေချာသိရှိပေသည်။ ဇူယွမ်မှာသူခန့်မှန်းထားသည်ထက် များစွာပို၍ပင် သန်မာလွန်းနေ၏။သို့သော်လည်း ဇူယွမ်၏ လျင်မြန်လှသော လက်သီးတစ်လုံးက ချန်းယွင်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ချီစွမ်းအင်များပေါက်ကွဲသွားသည်နှင့်အတူ ချန်းယွင်၏ကိုယ်ခန္ဓာမှာ အဝတ်တစ်စအလားလေပေါ်မြောက်တက်သွားရကာ တောင်ကုန်းတစ်ခုနှင့် ရိုက်ခတ်မိသွား၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးအတိပြီးနေပြီး အလွန်ပင်သနားစရာ ကောင်းနေပေသည်။

တောင်ကုန်းသည် နောက်ထပ်တစ်ခါ တိတ်ဆိတ်သွားရပြန်သည်။လူတိုင်းသည် ဇူယွမ့်အား မွန်းစတားတစ်ကောင်အလား ထူးဆန်းအံ့သြစွာဖြင့် ကြည့်​နေကြလေသည်။သူတို့သည် ဇူယွမ်က ဖန်းယုအား အခွင့်အရေးယူကာအနိုင်ရခဲ့ခြင်းဖြစ်သည်ဟု ထင်ခဲ့ကြသော်လည်းယခုတစ်ခါတွင် ဦးစွာစတင်၍ တိုက်ခိုက်သူကချန်းယွင် ဖြစ်လေသည်။

သူသည် စွမ်းအင်အလုံးစုံအသုံးပြုကာ တိုက်ခိုက်ခဲ့သည်မှာ ထင်ရှားသော်လည်း အဆုံးတွင် ဇူယွမ်၏ မူလစဦး ချီစွမ်းအင်များကိုပင် မဖြိုခွဲနိုင်ခဲ့ချေ။ထို့ကြောင့် ဇူယွမ်သည် ကံကောင်းသဖြင့် အနိုင်ရရှိနေခြင်း မဟုတ်ပဲ အမှန်တကယ်ပင် စွမ်းအင်ပြည့်ဝကာခွန်အားရှိသူဖြစ်ကြောင်း နားလည်သိရှိလိုက်​​ကြသည်။

ယခုတွင် မည်သည့် မူလစဦး ပဥ္စမအဆင့်ကမှ သူနှင့် တစ်ဦးချင်း ယှဥ်တိုက်ရန် မဝံ့ရဲတော့ပေ။

လုစုန့်၏ပွဲကြည့်စင်ထက်တွင် လုယန်းသည် ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ မည်မျှပင် သူမသဘောမကျပါစေ၊ ဤအချိန်တိုလေးအတွင်းမှာပင်ဇူယွမ်၏စွမ်းအင်သည် မယုံကြည်နိုင်လောက်အောင်တိုးတက်လာကာ လူတိုင်းအား အံ့အားသင့်စေခဲ့သည်ဆိုတာကိုတော့ ဝန်ခံရပေမည်။

လုစုန့်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။

“တောင်ထွတ်ရွေးချယ်ခြင်း အခမ်းအနားတုန်းကမူလစဦး စတုတ္ထအဆင့်ရှိတဲ့ လုဖန်းကို သူအနိုင်ယူနိုင်ခဲ့တယ်။ အခုတစ်လလောက်ပဲရှိသေးတာကိုသူ့ရဲ့စွမ်းအားတွေက မူလစဦး ဆဋ္ဌမအဆင့်နီးပါးလောက်ကို ဖြစ်နေပါပေါ့လား။”

သူက လုယန်းအားကြည့်ကာ ဆက်၍ ပြောလိုက်သည်။

“ချူးချင်တုန်းက ခရမ်းရောင်ခါးစည်း တပည့်တစ်ယောက် ဖြစ်လာဖို့အတွက် နှစ်ဝက်ကြာခဲ့တယ်။ဇူယွမ်ကတော့ တစ်လလေးပဲရှိသေးတာကို ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲကို ဝင်ဖို့အဆင့်မှီနေပြီ။”

“သူ့ရဲ့တိုးတက်နှုန်းက ကြောက်စရာပဲ။”

လုယန်းသည် ပြန်လည်ချေပစရာ စကားမရှိတော့ပဲဒေါသထွက်စွာ မြေပြင်အား ဆောင့်နင်းချလိုက်သည်။သူမ စိတ်တိုဒေါသထွက်နေသော်လည်း ဒီတပည့်အသစ်အား လျှော့တွက်ထားခဲ့မိသည်ကိုတော့ဝန်ခံရပေမည်။

လုစုန့်သည် စိန်းထိုက်ယွမ်ဖက်သို့ ကြည့်ရင်း သက်ပြင်းချကာ စကားဆိုလိုက်သည်။ “အဖိုးကြီးစိန်းရဲ့ ကံကတော့ မသေးဘူးပဲ။ ဒီလိုအရည်အချင်းရှိတဲ့ပင်ပျိုလေးကို ရထားလိမ့််ယ်လို့ တစ်ခါမှမထင်ခဲ့ဖူးဘူး။”

အခြားသော ကျောက်တုံးပွဲကြည့်စင်ထက်မှ တပည့်များသည် ပထမပွဲလောက်တော့ အံ့သြတကြီးမဖြစ်မိတော့ပေ။ သူတို့သည် ဇူယွမ်မှ သုံးယောက်လုံးအား အနိုင်ယူလိုက်ခြင်းလည်း ဖြစ်လျှင်ဖြစ်လာလိမ့်မည်ဟု တွေးထားကြသောကြောင့် ဖြစ်၏။

သူတို့သည် ဇူယွမ် အရှက်တကွဲ ရှုံးနိမ့်မည့်ဖြစ်ခြင်းအား ကြည့်ရန်လာခဲ့ကြခြင်း ဖြစ်သော်လည်း ယခုဇူယွမ်၏ တိုက်ပွဲစွမ်းဆောင်ရည်သည် ကလန်တစ်ခုလုံးတွင် ကျော်ကြားစေရန်ပင် လုံလောက်နေပြီ ဖြစ်သည်။

ခွမ်း…

လုဟုန်း၏ လက်ထဲမှ လက်ဖက်ရည်ခွက်မှာ ကျကွဲသွားပြီး လက်ဖက်ရည်များ ပြန့်ကျဲကုန်ရ၏။

လုဟုန်းသည် အေးစက်စွာဖြင့် ဇူယွမ့်အား စောင့်ကြည့်နေလျက် ရှိသည်။သူသည် လက်ဖက်ရည်များအား ဖယ်ရှားလိုက်ပြီးဝေယိုရွှမ်းအားကြည့်၍ ပြောလိုက်သည်။

“ဝေယိုရွှမ်းမင်းအလှည့်ပဲ။”

သူ၏လေသံမှာ ဒေါသများဖြင့်ပြည့်နှက်နေပြီး တပည့်များကိုပင် ကြောက်လန့်တုန်လှုပ် သွားစေသည်။

ဝေယိုရွှမ်းသည် အသက်ရှူသွင်းလိုက်ကာ ကျောက်တုံးစင်မြင့်ပေါ်သို့ ပျံသန်းသွားလိုက်သည်။ ထို့နောက်ဇူယွမ်အားကြည့်လိုက်ပြီး တောင်ကုန်းတစ်ခုအားလက်ညှိုးထိုး၍ ပြောလိုက်သည်။

“အဲ့နေရာက မင်းအတွက်ပဲ။”

ဝေယိုရွှမ်း၏ စကားကြောင့် စောင့်ကြည့်လျက်ရှိသော တပည့်များမှာ တံထွေးများပင် မြိုချမိရသည်။ဂူနန်းယှဥ်ပြိုင်ပွဲအစစ်သည် ယခုမှ စတင်ခြင်း ဖြစ်သည်။


Comment

Leave a Reply


Options

not work with dark mode
Reset